Chapter 268
ရှဲ့ဝမ်၏နှလုံးသားအား အေးစက်သွားစေသည့်အရာမှာ
" မင်းက ငါ့အဖေကို ဖြားယောင်းပြီး နေရာတစ်ခုလိုချင်နေတာလား ... " ဟူသောစကားမဟုတ်ပေ။
" ဒီတစ်ယောက်က ကျုပ်ညီကို အရမ်းကို စူးစိုက်ပြီးကြည့်နေတာပဲ ..." ဟူသည့်စကားသာဖြစ်သည်။
၎င်းစွပ်စွဲချက်က ရက်စက်လွန်းလှပြီး နောက်ပြန်ကြည့်စရာမလိုဘဲနှင့်ပင် ဧကရီနှင့် အခြားသောသူများထံမှ သံသယအကြည့်များအား ခံစား၍ရသည်။
ထိုလူငယ်မှာ ယုံကြည်ချက်အပြည့်ရှိနေပြီး မည်သူနှင့်ပင်ရင်ဆိုင်ရပါစေ သူ၏မျက်ဝန်းများ ၊ မျက်နှာအမူအရာများက ပြေပြစ်ပြီးအမှားအယွင်းမရှိပုံပေါ်သည်။သို့သော်လည်း အပြင်ပန်းကြည့်ရုံနှင့် လူတစ်ယောက်၏အတွင်းစိတ်အား မည်သို့မှန်းဆနိုင်လေမည်နည်း။သူ၏စွပ်စွဲချက်က အခြေအမြစ်ရှိမနေပေ။
ရှဲ့ဝမ်မှာ ၄င်းအတွေးဖြင့် ဒေါသထောင်းခနဲထွက်သွားခဲ့၏။သူမသည် စိတ်တိုလွန်းသဖြင့် တစ်ကိုယ်လုံးဖြူဖျော့နေသော်လည်း မည်သည့်နေရာမှ စတင်ပြောဆိုရမည်ကို မသိခဲ့ချေ။
ထိုအချိန်တွင် တောင်စောင်းပေါ်ရှိ ခပ်ချောချော ဆယ်ကျော်သက်လူငယ်က ရှဲ့ဝမ်အားကြည့်ပြီး ရယ်မောလေသည်။ယင်းနောက်တွင် သူက ညီအစ်ကိုနှစ်ယောက်အား ငုံ့ကြည့်၍ ပြောလိုက်သည်။
" ဧည့်သည်တွေပါကွ ... ၁၉ယောက်မြောက်အစ်မလေ ... "
သူ၏အမူအရာနှင့်လေသံက ပြေပြစ်ပြီး အထက်တန်းဆန်သည်။
ဤညီအစ်ကိုသုံးဦးထဲ၌ မည်သူက ဖီးနစ်ငှက်ဖြစ်ပြီး မည်သူက နဂါးဖြစ်နေပါစေ လက်ရှိအချိန်တွင် သူတို့က ကျောက်စိမ်းတုံးများအား စီတန်းထားသကဲ့သို့ ဘေးချင်းကပ်ရပ်လျက်သားရှိနေကြသည်။သူတို့၏အသွင်အပြင်များက တောက်ပနေလေ၏။
ဧကရီမှာ ကလေးနှစ်ဦး၏မလျော်မကန်မှုများအား ဂရုမထားဘဲ ညီနောင်သုံးဦးအား နှစ်လိုဖွယ်ကောင်းစွာကြည့်လိုက်ပြီး ပြုံးလျက်မေးမြန်းလေသည်။
" ခုနစ်ယောက်မြောက်ဦးလေးရှိလား ... "
ထိုအခါလူငယ်က ယဉ်ယဉ်ကျေးကျေးပြန်လည်ဖြေကြားသည်။
" အဖေနဲ့အမေက ထွက်သွားကြပါတယ် ... "
သူက ပြောဆိုဆိုဖြင့်နေကိုတစ်ချက်မော့ကြည့်လိုက်ပြီး ဆက်ပြောလေ၏။
" သွားတာတော့ ၂နာရီကြာပြီဗျ ... မကြာခင်ပြန်လာလောက်မှာပါ ... "
ထိုအခါ ဧကရီက ခေါင်းညိတ်ပြလိုက်ပြီး ညီအစ်ကိုသုံးဦးရှိရာ တောင်စောင်းဆီသို့ဦးတည်သည့်တောင်တက်လမ်းအတိုင်း ခပ်ဖြေးဖြေးလျှောက်လှမ်းသွားရင်း ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးမြန်းလေသည်။
" မင်းတို့မိဘတွေက ဘာလို့ထွက်သွားကြတာလဲ ... "
စကားမှာ အပေါ်ယံမျှသာဖြစ်သော်လည်း လူငယ်ကတော့ အနည်းငယ်စိတ်ခုသွားပုံရသည်။သူက မျက်မှောင်ကြုတ်ထားခဲ့ပြီး ပါးစပ်ကို တင်းတင်းစေ့၍မည်သည်ကိုမှ ပြန်မဖြေပေ။
ထိုအခါ နံဘေးမှ ညီငယ်များထဲမှ တစ်ဦးက ဝင်ရောက်ပြောကြားလာသည်။
" အဖေတို့က တောင်ပေါ်ကို အတူတူသွားကြတာ ... ရှုခင်းလည်းကြည့်ပြီး နောက်ထပ်ညီလေးတစ်ယောက်လောက် ထပ်မွေးမလို့နေမှာပေါ့ ... "
ထိုအချိန်တွင် လူငယ်က တစ်ချက်ငုံ့ကြည့်ပြီး လေသံခပ်မာမာဖြင့်ပြောကြားခဲ့လေ၏။
" ပါးစပ်ပိတ်ထား ... "
ညီငယ်ဖြစ်သူမှာ အစ်ကိုကြီးအား အလွန်ကြောက်သွားပြီး ပြောသည့်အတိုင်း ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေးသာ နေနေတော့သည်။
ကနဦးပိုင်း၌ လေထုက အဆင်ပြေနေခဲ့သော်လည်းမျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေက ပြောင်းလဲသွားသည်။
ဧကရီမှာ အံ့အားသင့်နေသောလေသံဖြင့် " မင်းတို့မိဘတွေက ကလေးထပ်လိုချင်သေးတယ်လား ... " ဟု အလိုလို မေးထွက်မိသွားတော့လေ၏။
၎င်းနိမ့်ကျသောဇနီးသည်အား ၇ယောက်မြောက်ဦးလေးဖြစ်သူက ယခုအချိန်ထိ စိတ်မကုန်သေးဟူသည့် အဓိပ္ပါယ်သက်ရောက်နေသည်မဟုတ်ပါလော။
ညီငယ်ဖြစ်သူမှာ ဧကရီ့အားကြည့်ရှုနေခဲ့သော်လည်း အစ်ကိုကြီးဖြစ်သူကြောင့် မည်သည်ကိုမှ ဆက်မပြောရဲပေ။သူက ပါးစပ်ကို တင်းတင်းစေ့ထားခဲ့ပြီး ငြိမ်ကုပ်နေခဲ့သည်။ကျန်တစ်ယောက်မှာလည်း အလားတူပင် ဖြစ်လေ၏။
ထိုအခါ ဧကရီသည်လည်း ခေါင်းပြန်ငုံ့ခဲ့ပြီး လိမ္မာပါးနပ်စွာဖြင့် မျက်နှာအမူအရာဆက်ထိန်းထားလိုက်သည်။
လူအုပ်ထဲတွင်ရှိသောရှဲ့ဝမ်မှာလည်း စကား အစအဆုံးကိုကြားသိခဲ့၏။ယခုအချိန်၌ သူမသည် ထိုဝမ်လူငယ်ထက်ပင် ပို၍စိတ်အနှောက်အယှက်ဖြစ်နေသေးသည်။
ဒေါသထွက်သော်လည်း မည်သည်ကိုမှပြန်ပြောနိုင်စွမ်းမရှိခဲ့သည်မှာ နှမျောစရာကောင်းလွန်းသည်။
ဤသို့ဖြင့် အတူတကွ ဆက်လက်ခရီးဆက်ခဲ့ကြပြီး အချိန်အနည်းငယ်အကြာတွင် ဧကရီအပါအဝင် အခြားသူများအားလုံး မောဟိုက်လာကြတော့သည်။
သို့သော်လည်း ညီနောင်သုံးဦးမှာတော့ ပေါ့ပေါ့ပါးပါးပင် ဆက်လက်လျှောက်လှမ်းနေကြဆဲဖြစ်လေ၏။
" အမလေး ... ဘာလို့များ အဲလောက်ထိသွားလာနေနိုင်ကြတာလဲ "
ထိုအချိန်၌ လူအုပ်ကြီးထဲမှ အသံတစ်သံထွက်ပေါ်လာခဲ့သည်။ယင်းလေသံမှာ အပြစ်တင်နေသကဲ့သို့ဖြစ်သော််လည်း တစ်ဖက်ရှုထောင့်မှကြည့်လျှင် ဝမ်ညီနောင်သုံးဦး၏ခွန်အားသန်စွမ်းမှုအား ချီမွမ်းသည့်သဘောသက်ရောက်ပေ၏။
သို့သော်လည်း ထိုစကားအား မည်သူကမှ ထွေထွေထူးထူးဂရုမစိုက်ခဲ့ချေ။လူငယ်ကလည်း ခပ်ယဲ့ယဲ့တစ်ချက်ပြုံးပြီး မည်သည်ကိုမှ ပြန်လည်မတုံ့ပြန်ခဲ့ပါ။ယင်းနောက်တွင် သူက ဧကရီ့အား ကြည့်လျက် ဆိုလေသည်။
" ၁၉ယောက်မြောက်အစ်မတော်က ကျန့်ခန်းမှာနေခဲ့တာကြာလှပြီပဲ ... ဒီလိုတောတောင်ထဲကိုလာရတော့ အသားမကျဖြစ်နေမှာသေချာတယ် ... "
ထိုသို့ပြောလိုက်စဉ်တွင် လူငယ်မှာ ရှဲ့ဝမ်အား မသိမသာလှမ်းကြည့်လိုက်သေးလေ၏။
လက်ရှိအချိန်၌ ရှဲ့ဝမ်မှာ ချွေးသံတလုံးလုံးဖြင့် အလှအပပျက်နေရှာပြီဖြစ်သည်။သူမ၏မျက်နှာထားသည်လည်း အလွန်ပျက်ယွင်းနေခဲ့ပေ၏။
လူငယ်မှာ ခနဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ရှဲ့ဝမ်ထံမှ အကြည့်လွှဲခဲ့သည်။
ထိုအချိန်တွင် တောအုပ်အရှေ့ဘက်မှ သာယာငြိမ့်ညောင်းသောဗျပ်စောင်းသံတစ်ခု ပျံ့လွင့်လာသည်။ယင်းတေးသွားသံမှာ အလွန်သာယာနာပျော်ဖွယ်ရာဖြစ်ပြီး လေညင်းနဲ့အတူ ပေါ့ပါးစွာ လွင့်ပျံလာရုံမှတစ်ပါး အခြားမဖြစ်နိုင်ပေ။
ဧကရီအပါအဝင် အခြားသူများမှာ ဗျပ်စောင်းတေးဂီတဖြင့် ရင်းနှီးကျွမ်းဝင်ကြလေသည်။
၎င်းတေးသွားအား နားထောင်စဉ်တွင် အလွန်လက်ရာမြောက်ပြီး ရင်သပ်ရှုမောဖွယ် အရောင်အသွေးများဖြင့်ပြည့်စုံကြောင်း အားလုံးက တစ်ပြိုင်နက်တည်းသိရှိသွားကြတော့၏။
ဧကရီက တစ်စုံတစ်ရာမေးမြန်းရန် ဟန်ပြင်လိုက်ချိန်တွင် ဗျပ်စောင်းသံက ပိုမိုကျယ်လောင်လာခဲ့သည်။ယင်းနောက်တွင် ၎င်းဗျပ်စောင်းတေးသွားသံမှာ မြင့်တစ်ချည်နိမ့်တစ်လှည့်ဖြင့် ငြိမ့်ညောင်းကြည်လင်စွာ ဆက်လက်ပျံ့လွင့်နေခဲ့သည်။
တေးသွားပြီးဆုံးချိန်တွင် ရှဲ့ဝမ်က အသိစိတ်ပြန်ကပ်သွားခဲ့ပြီး " အဲဒါ ၇ယောက်မြောက်ဦးလေးရဲ့ ဗျပ်စောင်းသံမဟုတ်ဘူးလား ... အရမ်းနားထောင်လို့ကောင်းတာပဲ ... " ဟု ပြောလာသည်။
ဗျပ်စောင်းသံက အလွန်ပြီးပြည့်စုံလွန်းပြီး အထက်တန်းဆန်လှသည်မှာ အားလုံး၏နှလုံးသားထဲတွင် စွဲကျန်ရစ်ခဲ့သည်အထိဖြစ်သည်။တောနက်တစ်နေရာမှ ထွက်ပေါ်လာသည့်တေးသွားသံမှာ ရှဲ့ဝမ်သာမက ဧကရီပင်လျှင် လေးစားအံ့ဩသွားစေလောက်၏။
ထိုအချိန်တွင် ညီငယ်တစ်ဦးက ရှင်းလင်းစွာပြောဆိုလာခဲ့သည်။
" အဲလိုမဟုတ်ဘူး .... အမေက ဗျပ်စောင်းတီးပြီး အဖေက ဗုံတီးနေတာ ... "
ရှဲ့ဝမ်၏နှုတ်ခမ်းများတုန်ယင်ကုန်သည်။
ဧကရီမှာလည်း ဝေခွဲမရဖြစ်သွားရှာတော့၏။လမ်းခရီး၌ ကောလဟာလပေါင်းများစွာကို ကြားသိခဲ့ရသော်လည်း စိတ်ကူးနှင့်လက်တွေ့က တက်တက်စင်အောင် လွဲနေသည်။
" အဲဒါက မင်းတို့အဖေနဲ့အမေ အတူတီးနေကြတာလား ... "
ဟန်ချက်ညီညီနှင့် ကြည်လင်လှပသောဤတေးသွားမျိုးအား တီးခတ်နိုင်ရန်မှာ တစ်ဦးနှင့်တစ်ဦးခြွင်းချက်မရှိ နက်နက်ရှိုင်းရှိုင်းနားလည်ကြပြီး ခံစားချက်ချင်းထပ်တူကျမှသာဖြစ်နိုင်ပေမည်။
ကနဦးက လူငယ်၏စကားက ရှဲ့ဝမ်အားစိတ်နှလုံးမသာယာဖြစ်စေခဲ့သည်ဆိုပါက ဤတစ်ကြိမ်မှာတော့ ဆောက်တည်ရာမရဖြစ်သည့်အဆင့်အထိ ရောက်သွားလေပြီ။
ရှဲ့ဝမ်က ဧကရီ့အား မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် လှမ်းကြည့်လိုက်သည်။ယင်းအချိန်၌ သူမ၏စိတ်ထဲတွင် အတွေးတစ်ခုသာရှိခဲ့သည်။အရာအားလုံးပြီးဆုံးသွားလေပြီ။
သူမသည် လက်ထပ်ထိမ်းမြားခြင်းမပြုရသေးသော မိန်းကလေးတစ်ဦးဖြစ်ပြီး ဧကရီ၏အနောက်သို့ စိတ်ဒုန်းဒုန်းချ၍လိုက်လာခဲ့သည်။ကျန့်ခန်းသို့ ဤအတိုင်းပြန်သွားလျှင် မည်မျှပင် သံသယဝင်ခံရ ၊ လှောင်ပြောင်ခံလိုက်ရလိမ့်မည်နည်း။
အကယ်၍သာ သူမသည် ချန်စီရင်စု၌အတွင်းရှိသောရှဲ့မျိုးနွယ်စု၏တူမတစ်ယောက်ဖြစ်ခဲ့လျှင် မည်သူမျှ ပြက်ရယ်ပြုဝံ့ကြမည်မဟုတ်ပေ။သို့ရာတွင် သူမ၏မျိုးရိုးအဆင့်အတန်းက ကွဲပြားနေလေသည်။
သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများမှာ မျိုးဂုဏ်ရိုးဂုဏ်ရှိသူများအတွက်သာအကျုံးဝင်ပြီး သူမလိုလူများအတွက်တော့ သုံးစား၍မရပါ။
တဖြည်းဖြည်းခရီးဆက်လာခဲ့ကြရာ လမ်း၏နံဘေး၌ သစ်ပင်များနှင့် ထောင်ထွတ်များဝန်းရံလျက်ရှိသောစိမ်းလန်းသည့်ရေကန်ကျယ်ကြီးကို မြင်လိုက်ရသည်။
ရေကန်ထဲတွင်မူ လှေတစ်စင်းရှိပြီး ၎င်းကနူးလှေထက်တွင်အသားဖြူဖြူလူငယ်တစ်ဦးနှင့် အနီရောင်ဆံပင်ရှိသောအမျိုးသမီးငယ်တစ်ဦးက ဘေးချင်းကပ်လျက်သား မတ်တပ်ရပ်ပြီး ပြုံးနေကြသည်။သူတို့က ဟိုဟိုဒီဒီလက်ညိုးထိုးလျက် စကားများ ပြောဆိုနေခဲ့ကြလေ၏။ယင်းနောက်တွင် ထိုနှစ်ယောက်က သူတို့အားလှည့်ကြည့်ပြီးပြုံးပြသည်။ထိုအပြုံးမှာ လွန်စွာအသက်ဝင်ပေ၏။
မမျှော်လင့်ထားစွာပင် ဧကရီ့ထံမှ ခပ်တိုးတိုးလေသံက ရှဲ့ဝမ်၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။
" နတ်ဘုရားစုံတွဲကျနေတာပဲနော် ... "
တစ်နာရီ၏လေးပုံတစ်ပုံခန့်အကြာတွင် အားလုံး မောပန်းနွမ်းနယ်နေခဲ့ကြပြီဖြစ်သည်။ဧကရီနှင့်အခြားသူများက အသင့်ပြင်ဆင်ထားစေခဲ့သောထမ်းစင်များကို နောက်လိုက်အမှုထမ်းများအား ယူဆောင်လာစေပြီး ထမ်းစင်ပေါ်တွင် လိုက်ပါစီးနင်းလျက် ဆက်လက်ခရီးဆက်ခဲ့ကြလေသည်။
သို့သော်လည်း နာရီဝက်ကျော်ကြာသွားသောအချိန်တွင်ပင်လျှင် လူတကာ၏မြင်လွှာ၌ တောင်တန်းစိမ်းစိမ်းများသာ ထင်ပေါ်နေဆဲဖြစ်သည်။လူပေါင်းများစွာ ဝန်းရံထားလျက်ရှိသောဧရာမသစ်ပင်ကြီးက မိုးထိုးမတတ်ဖြစ်နေပြီး ထူထဲသောသစ်ရွက်လွှာများကနေရောင်ခြည်နှင့် လေဝင်လေထွက်ကို ပိတ်ဆို့ထားကြလေ၏။ထို့ကြောင့်ပင် တောအုပ်မှာ အနည်းငယ်ကျဉ်းမြောင်းအုံ့မှိုင်းသလိုဖြစ်နေသည်။
ပင်ပန်းနေကြပြီဖြစ်သောဧည့်သည်များမှာ ချွေးသံတရဲရဲကြားမှ လှုပ်လှုပ်ရွရွဖြစ်လာကြတော့၏။
" တကယ်ပဲ ဒီတောထဲမှာနေတာလား ... "
ဧကရီက မယုံကြည်နိုင်စွာ မေးမြန်းလိုက်သောအခါအရှေ့မှလူငယ်က လှည့်ကြည့်လာသည်။သူ၏ဖြူဖွေးသည့်အသားအရည်ပေါ်၌ ချွေးသီးချွေးပေါက်အချို့က နေရာယူထားပြီး ဖီးနစ်မျက်ဝန်းများမှာလည်း အနည်းကျဉ်းမြောင်းနေသည်။
မိန်းကလေးငယ်အပေါင်း ရင်ခုန်သံများချုပ်ထိန်းမရဖြစ်နေစဉ်မှာပင် လူငယ်က အဆုံးသတ်ကိုမမြင်ရသောတောနက်ဆီသို့ညွှန်ပြကာ ပါးလွှာသည့်နှုတ်ခမ်းပါးတစ်စုံဖြင့် ခပ်တိုးတိုးဆိုလာခဲ့လေ၏။
" ကျွန်တော်တို့မိသားစုက ဟိုးဘက်မှာနေတာ ... အဖေနဲ့အမေက သက်လုံကောင်းတော့ တောင်တက်လမ်းကိုဖြတ်ပြီး ကျွန်တော်တို့ကို နေ့တိုင်း လာခေါ်နိုင်ကြတယ် ...မြန်မြန်သွားရင် ၃-၄နာရီ ... ဖြည်းဖြည်းသွားရင် တော့၅ နာရီလောက်ပါပဲ ... "