Chapter 269
ထိုအချိန်တွင် သူတို့အားလုံး ဝမ်ဟုန့်အား တွေ့ရှိသွားခဲ့ကြသည်။
ဝမ်ဟုန်မှာ လှော်တက်တစ်ခုအား ကိုင်ဆောင်ထားခဲ့ပြီး ရေကန်ထဲမှ ကနူးလှေကိုလှော်ခတ်ကာ မြားတစ်စင်းအဟုန်ဖြင့် သူတို့ထံသို့ ဦးတည်လာနေခဲ့လေ၏။
တောင်လေညင်း ကူးလူတိုက်ခတ်နေခဲ့ချိန်တွင်ကနူးလှေပေါ်မှနှစ်ဦးသားမှာ အားလုံးနှင့် တစ်စတစ်စပိုမိုနီးကပ်လာတော့သည်။
ယခုအချိန်၌ တောင်တက်လမ်းပေါ်ရှိ လူအားလုံးမှာ မင်သေကြလျက်ရှိပြီး ထိုနှစ်ဦးနီးကပ်လာလေလေ ၊ အကြည့်မလွှဲနိုင်ကြလေလေပင်။
အနှီအမျိုးသား၏ရုပ်သွင်မှာ လက်တွေ့ဟု မထင်ရလောက်အောင်ပင် အံ့ဩဖွယ်ရာတောက်ပနေသည်။သူ့ထံတွင် ဆက်ကျော်သက်အရွယ် သားကြီးတစ်ယောက်ရှိသော်လည်း ရုပ်ရည်သွင်ပြင်က နှစ်ဆယ်ကျော်လူငယ်လေးသဖွယ် နုပျိုနေလေသည်။
ရှဲ့ဝမ်မှာ မူလက အေးစက်နေခဲ့သော်လည်း ဝမ်ဟုန့်အားတွေ့လိုက်ရချိန်တွင် နှလုံးခုန်မြန်ဆန်လာသည်။
သူမက ထိုနေရာမှ အကြည့်မလွှဲနိုင်ဖြစ်နေလေ၏။
ဝမ်ဟုန်၏နံဘေးတွင်မူ အနီရောင်ဝတ်စုံဝတ်ထားသောအမျိုးသမီးတစ်ဦးရှိသည်။ထိုအမျိုးသမီးတွင်လည်း ကြည်နူးဆွတ်ပျံ့ဖွယ်ရာရုပ်ရည်နှင့် အလွန်စွဲမက်စရာကောင်းသောသွင်ပြင်ရှိပေ၏။
ဤသို့ဖြစ်နေသည့်ကြားထဲမှ ဝမ်ဟုန်၏နံဘေး၌ရပ်လိုက်သောအခါတွင်မူ တစ်လောကလုံး အားကျ၍မနာလိုဝန်တိုဖြစ်စေလောက်သည်အထိ လိုက်ဖက်ညီသွားကြသည်။
ဝမ်ဟုန်က အပြုံးတစ်ခုဖြင့် လူတိုင်းကို ကြည့်နေခဲ့သည်။သားသုံးယောက်ထံမှ အကြည့်လွှဲပြီးသောအခါ သူက ဧကရီ့အား မလှမ်းမကမ်းမှ အသေအချာစူးစိုက်ကြည့်ပြီး " အဓိကမျိုးနွယ်စုက လာတာလား ... " ဟု ခပ်တိုးတိုးမေးလေသည်။
ဧကရီတစ်ယောက် ဝမ်ဟုန်၏ကိုယ်ရောင်ကိုယ်ဝါများအား ခံစားသွားရရှာပြီး လျင်မြန်စွာပင် အရိုအသေပြုလိုက်သည်။
" ၇ယောက်မြောက်ဦးလေးကို လာတွေ့တာပါ ... "
ဧကရီ၏ရွေ့လျားမှုတိုင်းက ပြေပြစ်လှပြီး အကြီးကျယ်ဆုံးမျိုးနွယ်စုမှ ဆင်းသက်လာသူပီသလှသည်။
သူမသည် ဝမ်ဟုန့်အား နှစ်လိုဖွယ်ကောင်းစွာကြည့်ရှုနေခဲ့သည်။
သို့သော်လည်း ဝမ်ဟုန်ကတော့ အနီးသို့ချဥ်းကပ်လာခြင်းမျိုးမရှိဘဲ လှေပေါ်တွင်သာ ရပ်နေခဲ့ပြီး ဆက်လက်မေးမြန်းသည်။
" ဘာအတွက်လာတာလဲ ... "
မိုင်ထောင်ချီခရီးနှင်၍ မည်သည့်နေရာကိုမှ ကြားဖြတ်ဝင်ရောက်ခြင်းမရှိခဲ့သော်လည်း ဤသို့မေးမြန်းလာလေသည်။၇ယောက်မြောက်ဦးလေး၏မေးခွန်းက အားလုံးအား အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားစေ၏။
" တောင်ပိုင်း တောင်တန်းရဲ့ ရှုခင်းအလှကိုရှုစားနေရင်း ဦးလေး ဒီမှာရှိတာကိုသိလိုက်ရလို့ တွေ့ချင်ခဲ့ကြတာပါ "
ဧကရီက တည်ငြိမ်စွာ ပြန်လည်ဖြေကြားသည်။
" ချက်ကျလက်ကျပြောတတ်တာပဲ ... "
ဝမ်ဟုန်က ခပ်တိုးတိုး မှတ်ချက်ပြုလေ၏။
သူမက မည်သည်အတွက် လာခဲ့ခြင်းဖြစ်မည်နည်း။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တော်ဝင်အာဏာ သို့မဟုတ် မိသားစုကြီးများ၏သြဇာအာဏာအရာတွင် ချဲ့ထွင်မှုတစ်ခုရှိခဲ့သည်။သို့သော်လည်း ဧကရီမှာ ဤအရေးအားထိန်းကျောင်းရန်အတွက် မတတ်သာခဲ့ပေ။
ဤနေရာသို့လာရောက်ခဲ့သည်မှာ ၇ယောက်မြောက်ဦးလေးနှင့်တွေ့လိုသောကြောင့်ဖြစ်သည်။သို့သော်လည်း အကယ်၍သာ ၇ယောက်မြောက်ဦးလေးအား ရှဲ့ဝမ်နှင့်အတူ ပြန်ခေါ်သွားနိုင်ခဲ့လျှင် အောင်မြင်ခြင်းအရာမြောက်ပေမည်။
ဝမ်ဟုန်က ဧကရီ့အား စူးစိုက်ကြည့်နေခဲ့ပြီး တစ်ဖက်မှ စကားဆုံးသွားသောအခါတွင် မျက်ခုံးမသိမသာတွန့်ကာ ရှဲ့ဝမ်ထံ အကြည့်လွှဲလေသည်။
ယင်းအခိုက်အတန့်တွင် ရှဲ့ဝမ်တစ်ယောက် ရင်ခုန်သံများ ဒုန်းစိုင်းလာတော့သည်။သူမသည် ဝမ်ဟုန့်အား ချစ်မြတ်နိုးနေနှင့်ပြီဖြစ်လေ၏။သူနှင့်အတူရှိချင်ပြီး အချိန်တိုင်းတွေ့နေချင်သည်။သူနှင့်အတူ ဤလောကကြီးထံမှ ကြည်ညိုလေးစားမှုကို ခံယူလိုသည်။
ထို့ကြောင့်ပင် ဝမ်ဟုန်လှမ်းလာနေခဲ့စဉ်က ရှဲ့ဝမ်မှာ သူမ၏မျက်နှာကို ကွယ်ထားသည့် ဇာပါးလွှာအား ရည်ရွယ်ချက်ရှိရှိဖြင့် ဖယ်ရှားထားခဲ့သည်။
လတ်တလောတွင် သူမက အလှတရားများအား ထုတ်ဖော်ပြသထားပေ၏။
" ရှဲ့ဝမ် ... ချီလန့်ကိုတွေ့လိုက်ရပါပြီ ... "
ရှဲ့ဝမ်က ကလူသလိုလိုမြူသလိုလိုလေသံဖြင့် ပြောကြားသည်။သူမသည် ဝမ်ဟုန့်အား အခြားနာမ်စားဖြင့်မသုံးနှုန်းဘဲ လွန်စွာပင် တရင်းတနှီးခေါ်ဆိုလိုက်ခြင်းပင်။
ထိုအခါ ရှဲ့ဝမ်၏မျက်ဝန်းများအား အကဲခတ်လျက်ရှိသည့်ဝမ်ဟုန်က တစ်ချက်ပြုံးလေသည်။ယင်းနောက်တွင်သူက နံဘေးမှ ချန်ရုံ့ထံသို့ ကိုယ်ကိုကိုင်းညွှတ်ကာ ခပ်တိုးတိုးကျီစယ်တော့၏။
" အချစ်လေး ... ကိုယ့်ကို စွဲလမ်းနေတဲ့ မိန်းမတစ်ယောက်ရှိနေသေးတယ် ... ဘယ်လောက်ကောင်းလိုက်လဲ ... "
သူ၏လေသံမှာ ချိုမြိန်သော်လည်း ချန်ရုံ့အား သဝန်တိုစေရန်သပ်သပ်နှင့် အနည်းငယ်ဂုဏ်ဆာပြနေသောအငွေ့အသက်မျိုးရသည်။
ထိုအခါ ချန်ရုံက ပြုံးပြလျက် တစ်ချက်လှည့်ကြည့်လာခဲ့လေသည်။
" ဘာပဲဖြစ်ဖြစ် ရွှမ်အာက ကြည့်ကြပ်ထိန်းလိမ့်မယ် ..."
ချန်ရုံ့က သားကြီးဖြစ်သူနှင့်စပ်လျဉ်း၍ ပြောဆိုလာသောအခါတွင် ဝမ်ဟုန်၏မျက်နှာပေါ်တွင်ရှိနေခဲ့သောအပြုံးမှာ တောင့်တင်းသွားခဲ့သည်။
ချန်ရုံမှာ အလွန်အကင်းပါးပြီး ချက်ကောင်းကိုထိအောင် ပြောတတ်ဆိုတတ်သည်။ထို့နောက်တွင် သူမက မည်သည်ကိုမှ ဆက်မပြောတော့သော်လည်း ဝမ်ဟုန်ကတော့ ခပ်တိုးတိုးဆိုလာခဲ့ပြန်လေ၏။
" အားရုံ ... အချစ်လေးရဲ့သားက တကယ့်ကို စွဲမက်စရာပဲ ...အဖေတူတာလည်း ပါမှာပေါ့ ... ဒါပေမဲ့ သူက ဒီတိုင်းထွက်လာပြီး ကိုယ့်ကို အားနည်းချက်တွေများအောင်လုပ်နေသလိုပဲ ... အချစ်လေးကတောင် ကိုယ့်ကို ဒီလိုတွေပြောနေပြီ ... "
သူက ပြောပြောဆိုဆိုဖြင့် မျက်ခုံးစပ်များကို လက်ဖြင့်ထိကာ ခေါင်းကိုက်နေဟန်ပြုပြီး စကားဆက်သည်။
" ဗိုက်ထဲမှာကတည်းက သိခဲ့သင့်တာ ... "
ထိုစကားများမှာ သားဖြစ်သူဝမ်ရွှမ်က သူနှင့်တူ၍သာ ချောမောနေသည်ဖြစ်ကြောင်းအား သွယ်ဝိုက်သောနည်းလမ်းဖြင့် ပြောဆိုလိုက်ခြင်းပင်ဖြစ်လေ၏။
ချန်ရုံ့ခမျာလည်း သားအဖနှစ်ယောက်ကြားတွင် ခေါင်းကိုက်လာခဲ့သည်။
" ဇွတ်တရွတ်ဆန်တာကလည်း ရှင်နဲ့သွားတူတာလေ ...ကမ္ဘာပေါ်မှာ လူထောင်ပေါင်းများစွာရှိတယ်လို့ ရှင်ခဏခဏပြောတာပဲ ... အဲလူတွေနဲ့ယှဉ်ရင်တော့ ရှင်က အဆင့်တစ်ရာလောက်တောင် ရချင်မှရမှာ... အကယ်၍များ ရွှမ်အာက ရှင့်ကို နိုင်သွားရင်တောင်မှ သူလည်း အဆင့်တစ်ရာထဲ ဝင်ဖို့လွယ်ပါ့မလား ... "
နှစ်ဦးသားက တစ်တီတူးနေရင်း အနီးနားမှ ဧည့်သည်များအားလုံးကို ချောင်ထိုးထားကြသည်။
ထို့ကြောင့်ပင် ဧကရီ့ခမျာ မျက်ခုံးပင့်၍ ချောင်းဟန့်လိုက်ရတော့သည်။
ချောင်းဟန့်သံ ငြိမ်ကျသွားသောအခါ ဝမ်ရွှမ်က တည်ငြိမ်အေးဆေးစွာပြောကြားလာခဲ့လေ၏။
" ၁၉ယောက်မြောက်အစ်မတော်က ဘာလို့များ စိတ်မရှည်နိုင်ဖြစ်နေရတာပါလဲ ... ကျွန်တော်တို့မိဘတွေက အမြဲအဲလိုပဲလေ ... သူတို့ဘာသာသူတို့ ပျော်ပျော်ရွှင်ရွှင် နေကြတာ ... ကျွန်တော်တို့ကပဲ စောင့်ပေးရမှာပေါ့ ... "
ထိုစကားကိုကြားသောအခါ ရှဲ့ဝမ်တစ်ယောက် ဒေါကန်သွားလေသည်။
" တောင်ပေါ်မှာ နှစ်နည်းနည်းလေးနေလိုက်တာနဲ့ ဘယ်လိုလုပ်ပြီးတော့ ကျင့်ဝတ်တွေကို မေ့နိုင်သွားကြတာလဲ "
ထိုအခါ ဝမ်ရွှမ်က ခနဲ့ပြုံးတစ်ခုဖြင့် ရှဲ့ဝမ်အား ပြန်လည်ချေပပြောဆိုလာခဲ့သည်။
" မဟုတ်သေးဘူးနော် ... ကိုယ်ဖြစ်ချင်သလိုမဖြစ်ရတိုင်း ကျင့်ဝတ်နဲ့ပဲ ကိုင်ပေါက်မနေပါနဲ့ ... "
ဤစကားမှာ အဆိပ်ပြင်းလွန်းပြီး ဧကရီနှင့် ရှဲ့ဝမ်တို့နှစ်ဦးစလုံး ပူထူသွားကြတော့သည်။
ထိုအချိန်တွင် လှေပေါ်၌ရှိနေသော ဝမ်ဟုန်က "ရွှမ်အာ " ဟု ခပ်တိုးတိုးလှမ်းခေါ်သည်။
ဝမ်ဟုန့်ထံမှ ခေါ်သံကြောင့် ဝမ်ရွှမ့်ခမျာ အနည်းငယ်ငြိမ်သက်သွားလေ၏။ယခုအချိန်တွင် သူသည် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့်ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ပင်။
" နှစ်ရက်အတွင်း ကျန့်ခန်းက ဧည့်သည်တွေကို ကောင်းကောင်းဧည့်ခံထား ... "
ဝမ်ဟုန်က သားဖြစ်သူဝမ်ရွှမ့်အား တိုတိုတုတ်တုတ် မှာကြားပြီးနောက် လက်ထဲတွင်ရှိသောလှော်တက်ဖြင့် ပြန်လည်လှော်ခတ်ထွက်ခွာသွားတော့လေသည်။
ထိုအချိန်တွင် ညီငယ်ဝမ်ဟောင်က လူအုပ်ထဲမှ ရှေ့ထွက်လာခဲ့ပြီး မိဘနှစ်ပါးအား လှမ်းအော်ပြောသည်။
" အဖေနဲ့အမေတို့ ... သူတို့ကို ပြန်ပို့လိုက်ကြပါလား ... သား စိတ်ရှုပ်နေပြီ ... "
ယင်းလေသံနှင့် စကားလုံးများကြောင့် လှေပေါ်တွင်ရှိသည့်ဝမ်ဟုန်မှာ ထိတ်လန့်စိတ်ဖြင့် အနည်းငယ် ယိုင်ထိုးသွားခဲ့ပြီး ချန်ရုံက သူ့လက်အားဖမ်းဆွဲပေးထားခဲ့ရသည်။
ယင်းနောက်တွင်ချန်ရုံက ကုန်းလမ်းပေါ်ရှိဝမ်ဟောင့်အား လှည့်ကြည့်ပြီးပြောဆိုလိုက်လေ၏။
" ဘယ်လိုတောင်ပြောလိုက်တာလဲ ... ဝမ်မျိုးရိုးဖြစ်နေပြီးတော့ ... ဂျစ်ကန်ကန်လုပ်မနေနဲ့... "
ထို့နောက်တွင် ကနူးလှေမှာ ကမ်းစပ်အားကျော်လွန်၍ အဝေးတစ်နေရာသို့ကူးခတ်ထွက်ခွာသွားခဲ့သည်။
ကုန်းပေါ်တွင်ကျန်ခဲ့သောဝမ်ဟောင်၏နံဘေးသို့ ညီအစ်ကိုဖြစ်သူဝမ်လင်က တိုးကပ်လာခဲ့ပြီးမြှောက်ထိုးပင့်ကော်လုပ်သည်။
" သေချာလုပ်ရအောင် ... သူတို့ကို စိတ်မချမ်းသာစေချင်ဘူး ... "