Chapter 270
တောင်ပေါ်လမ်းအတိုင်း တစ်နာရီဝန်းကျင်ခန့် ခရီးနှင်လာခဲ့ကြပြီးနောက် တောင်စောင်းအနီးအနားရှိ အိမ်တော်ထံသို့ ရောက်ရှိခဲ့ကြသည်။
ဧကရီနှင့်ရှဲ့ဝမ်တို့နှစ်ဦးမှာ ထမ်းစင်များပေါ်၌ထိုင်လျက် လိုက်ပါလာခဲ့ကြပြီး လမ်းမလျှောက်ရသော်လည်း အပူဒဏ်ကြောင့်ချွေးအနည်းငယ်စို့နေခဲ့လေ၏။
ခမ်းနားထည်ဝါသည့် သစ်သားနှစ်ထပ်အဆောက်အဦးကို မြင်လိုက်ရချိန်တွင် ရှဲ့ဝမ်တို့နှစ်ဦးစလုံး တစ်ချိန်တည်း၌ စိတ်သက်သာရာ ရသွားကြသည်။
သို့သော်လည်း တွေးစရာများ ပေါ်ပေါက်လာပြန်လေ၏။လူ့ဘောင်နှင့်ဝေးကွာသောနေထိုင်မှုပုံစံမှာ အဘယ်မျှအထိ သက်တောင့်သက်သာဖြစ်နိုင်မည်နည်း။ဝမ်ဟုန်နှင့် သူ၏မိသားစုဝင်များမှာ ဤသို့ရှင်သန်နေထိုင်ရသည်အား နှစ်ခြိုက်ကြသည့်ပုံစံပင်။
တောင်ပေါ်သို့အတက်အဆင်းလုပ်ရုံဖြင့်ပင် ချွေးတမြိုက်မြိုက်ဖြစ်နေလိုက်မည့်ဖြစ်ခြင်းပင်။
အိမ်တော်၏အသွင်အပြင်က ရှေးဆန်ပြီးချောက်ကမ်းပါးပေါ်တွင် တည်ဆောက်ထားသည်။အိမ်တော်ဝင်းအတွင်း၌ ဆယ်နှစ်ကျော်သက်တမ်းရှိသည့်သစ်ပင်ကြီးတစ်ပင်က အုံ့မိုးလျက်ရှိပေ၏။
အိမ်တော်သို့ရောက်ရှိပြီးနောက် အမျိုးသမီးနှစ်ဦးမှာ ရေမိုးချိုးခြင်းကိစ္စရပ်အား စတင်လိုက်ကြတော့သည်။
ရေချိုးကန်ထဲသို့ ဝင်စိမ်လိုက်ချိန်တွင် အထဲမှရေက သဘာဝရေပူစမ်းရေဖြစ်နေကြောင်း အလိုလိုခံစားသိရှိသွားကြသည်။ကန်အောက်ခြေရှိ ကျောက်ပြားကြားထဲမှ ရေများတစိမ့်စိမ့်ထွက်နေလေ၏။
ရေချိုး၍ အဝတ်အစားလဲပြီးသည့်နောက်တွင် သူမတို့နှစ်ဦးမှာ နှစ်ရှည်သစ်ပင်ကြီး၏ အမြစ်များပေါ်တွင်ထိုင်ကာ အဝေးမှ တောင်စွယ်တန်းများ ၊ လှေများအားရှုစားရင်း လေကလေးတဖြူးဖြူးဖြင့် ခဏတာ စိတ်လွင့်နေခဲ့ကြလေသည်။
" အရမ်းအံ့ဩစရာကောင်းတာပဲ ... "
ဧကရီက ရေရွတ်သည်။
" ဟုတ်တယ် ... ညနေရောက်တဲ့အခါ ကောင်းကင်မှာ တိမ်တောက်ပြီးရင် လထွက်လာမယ် ... ပြီးတော့ အဖြူရောင်ဝတ်စုံနဲ့ချီလန်က ဗျပ်စောင်းတီးနေမယ်လေ ... မြင်ကွင်းက အရမ်းယစ်မူးစရာကောင်းမှာပဲ ... "
ရှဲ့ဝမ်မှာတော့ ဝမ်ဟုန့်အပေါ်ထားရှိသည့်ချစ်မြတ်နိုးမှုအား ကျေကျေနပ်နပ်ဖွင့်လှစ်ပြပြီး ထိုကဲ့သို့သောအလှတရားမြင်ကွင်းမျိုးကို စိတ်ကူးယဉ်ကြည့်နေလေသည်။
ထိုအချိန်တွင် ကြည်လင်သော ပုလွေသံ ထွက်ပေါ်လာသည်။၄င်းပုလွေသံသည် တောအုပ်ထဲတွင် နိမ့်တစ်ချည်မြင့်တစ်လှည့်ဖြင့် လွင့်ပျံနေလျက်ရှိ၏။
" ချီလန် ပြန်ရောက်ပြီလား "
ရှဲ့ဝမ်က တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး အနီးတစ်ဝိုက်အား စူးစမ်းကြည့်နေသည်။
ဧကရီနှင့် အခြားသူများမှာလည်း ပုလွေသံအား အာရုံစိုက်၍ နားဆင်နေကြသည်။
ယင်းတေးသွားသံမှာ အရှေ့ဘက်တောအုပ်ထဲမှ ထွက်ပေါ်လာခြင်းပင်။
အသေအချာစူးစိုက်ကြည့်လိုက်သောအခါ ကောင်းကင်ပြာရောင်ဝတ်စုံအား ဝတ်ဆင်ထားလျက်ရှိသည့်ဝမ်ရွှမ်က ညောင်ပင်မြင့်ကြီးတစ်ပင်ပေါ်၌ ရပ်လျက်သား ပုလွေတီးမှုတ်လျက်ရှိနေသည်။
သူသည် အရွယ်မရောက်သေးသော်လည်း ထောင်မောင်းသောကိုယ်ခန္ဓာဖြင့် ထင်းထွက်နေလေ၏။ရှည်လျားကျယ်ဝန်းသည့်အင်္ကျီလက်များနှင့် ဆံနွယ်ရှည်များက လေထဲတွင် ကခုန်နေသည်။စကားလုံးဖြင့်ဖော်ပြ၍မရနိုင်သောကိုယ်ရောင်ကိုယ်ဝါက ဆွဲဆောင်မှုရှိပြီး စိတ်နှလုံးသားထဲသို့ စွဲလမ်းသွားစေသည်။သူတို့၏ရှေ့တွင်ရှိသောသစ်တောကြီးက ပိုမိုတောက်ပလာသည်ဟု ခံစားသွားရသည့်အထိပင်။
" နတ်သားလေးကျနေတာပဲ ... "
ဧကရီက ခပ်တိုးတိုးရေရွတ်ပြီး ရှဲ့ဝမ်ဘက်သို့လှည့်ကြည့်လိုက်သော်လည်း စိတ်အလိုမကျဖြစ်နေသည့်မျက်နှာထားကိုသာ မြင်လိုက်ရလေ၏။ရှဲ့ဝမ်မှာ အဘယ်ကြောင့် ဤမျှအထိတည်ငြိမ်နေနိုင်သည်ကို ဧကရီတစ်ယောက် နားမလည်နိုင်ဖြစ်နေရှာသည်။
"ဘာတွေတွေးနေတာလဲ ... "
ဧကရီ့ထံမှ မေးခွန်းကိုကြားသောအခါ ရှဲ့ဝမ်က ရုတ်တရက်စိုးထိတ်သွားခဲ့ပြီး " ဘာမှ မဟုတ်ပါဘူး " ဟု ပြာပြာသလဲပြန်ဖြေလေသည်။သို့သော်လည်း ဧကရီမှာ သူမအား စူးစိုက်ကြည့်နေဆဲဖြစ်သောကြောင့် နောက်ဆုံး၌ သက်ပြင်းချပြီး အမှန်တိုင်းဝန်ခံလိုက်ရတော့သည်။
" ချန်ရုံက အရမ်းကံကောင်းတာပဲလို့ပါ ... "
လမ်းခရီး၌ သူမသည် ချန်ရုံ့အား နိမ့်ကျသောမျိုးရိုးဖြင့်မွေးဖွားလာသူဟုသာ တွေးထင်ခဲ့သည်။ချန်ရုံ့ထံ၌ မည်သည့်အရာများရှိနေ၍ ဝမ်ဟုန်က ရွေးချယ်ရသနည်း။
လက်ရှိအချိန်၌သာ အနီးအနား၌ ဝမ်ဟုန်ရှိလျှင် သူမအား မြင်မြင်ချင်းမေတ္တာသက်ဝင်မိလာလိမ့်မည်။
သို့သော်လည်း ယခုချိန်အထိ ဝမ်ဟုန်၏အရိပ်ကိုပင်မတွေ့ရသေးပေ။
ဤသားသုံးယောက်သည် အလွန်ကွဲပြားကြပေ၏။
ချန်ရုံမှာ ထိုမျှလောက် အဆင့်အတန်းမမြင့်မားသော်လည်း သားများက သူမ၏နေရာအတွက် အကြီးမားဆုံး ထောက်တိုင်များဖြစ်လာကြသည်။
ရှဲ့ဝမ်ခမျာ အနည်းငယ်စိတ်အလိုမကျဖြစ်သွားခဲ့၏။တောတောင်ထဲတွင်ကြီးပြင်းလာသောကလေးများက ဤမျှလောက်အထိအရေးပါနေသည်။
အကယ်၍သာ ဤကလေးများက ဝမ်မိသားစုသို့မဟုတ် အခြားဂုဏ်သရေရှိအိမ်များမှ ကြီးပြင်းလာကြလျှင် အဖေဖြစ်သူအား ဂလန်ကဆန်လုပ်သည်အထိ ရောင့်တက်နိုင်မည်မဟုတ်ဟု သူမ ထင်မြင်မိသည်။
ရုတ်တရက်ဆိုသလိုပင် တောင်များနှင့် သစ်တောလမ်းဘက်မှ လေချွန်သံတစ်ခုထွက်ပေါ်လာပြန်သည်။ယင်းအသံမှာ ဟိုးအဝေးမှ တောင်လေများနှင့်အတူရောယှက်လာပြီး လှိုင်းပုတ်သံသဖွယ် တဝဲလည်လည်ဖြစ်နေလေ၏။
ရှဲ့ဝမ်က မှုန်ဝါးဝါးဖြင့် ဝန်းကျင်တစ်ခွင် စူးစမ်းကြည့်သည်။ထိုအချိန်တွင် ခြေသံအချို့ကိုကြားနေရပြီး လေချွန်သံခပ်တိုးတိုးကပါ တစ်ပါတည်းလိုက်ပါလာ၏။
ဧကရီနှင့်အခြားသူများမှာလည်း အလိုလိုပင် နားစွင့်နေမိကြတော့သည်။
ရှဲ့ဝမ်က တစ်ခုခုပြောတော့မည့်ဆဲဆဲတွင် တောင်တက်လမ်းကိုဖြတ်ကျော်၍ လူနှစ်ဦး ဖြည်းညင်းစွာ အတူတကွလျှောက်လှမ်းလာကြသည်ကို မြင်လိုက်ရသည်။
လွင့်ပျံလာသည့်အဖြူရောင်ဝတ်ရုံအား မျှော်ကြည့်လိုက်ရာ အမှန်တကယ်ပင် ဝမ်ဟုန် ဖြစ်နေလေသည်။
သူ၏နံဘေးတွင်မူ အနီရောင်ဝတ်ရုံ ၊ လက်တစ်ပွေ့စာသာရှိသောခါးသွယ်သွယ်နှင့် နီဆွေးဆွေးနှုတ်ခမ်းပါးများရှိသည့် လှတပတအမျိုးသမီးတစ်ဦးရှိသည်။ထိုမျှသာမက သူမ၏အသားအရည်မှာလည်း ကျောက်စိမ်းသဖွယ်ကြည်လင်နေသေးသည်။
ထိုအမျိုးသမီးကတော့ ချန်ရုံပင်။
အနီရောင်ဝတ်စုံဖြင့် စွဲမက်ဖွယ်ကောင်းသောချန်ရုံ၏သွင်ပြင်မှာ နေရောင်ခြည် ၊ သစ်ပင်များနှင့် လွန်စွာပနံသင့်နေသည်။
ရှဲ့ဝမ်မှာ သူမ၏ရင်ဘတ်ထဲ၌ အစိုင်အခဲတစ်ခုအား ခံစားလိုက်ရတော့လေ၏။စိတ်တည်ငြိမ်အောင် မနည်းထိန်းနေရသောအခြေအနေဖြစ်သော်လည်း နံဘေးမှ ဧကရီကတော့ စိတ်ခံစားချက်များအား မထိန်းချုပ်နိုင်ပေ။
" အရမ်းလှတာပဲ ... ချီလန်က ဘာလို့ဒီလောက်အထိစွဲလမ်းနေရလဲဆိုတာကို နားလည်သွားပြီ ... "
ထိုအခါ ရှဲ့ဝမ်ကလည်း ပြန်လည်တုံ့ပြန်ပြောကြားသည်။
" ချန်ရုံက လှတယ် ... ဆွဲဆောင်မှုရှိတယ် ... ပါးနပ်ပြီးတော့ ဉာဏ်ပညာလည်းကြီးတယ် ...သူ့အလှက သဘာဝဆန်လွန်းလို့ ဧကရာဇ်မင်းကိုတောင် စိတ်ရှုပ်ထွေးစေပေမဲ့ ဘယ်သူမှ သူ့လိုမိန်းကလေးကို မကြိုက်ကြဘူး "
" ဒါပေမဲ့ ၇ယောက်မြောက်ဦးလေး ကြိုက်တယ်လေ ... "
ဧကရီ့ထံမှ စကားကြောင့် ရှဲ့ဝမ်တစ်ယောက် ဖြူဖပ်ဖြူလျော်ဖြစ်ပြီး ပါးစပ်ပိတ်သွားတော့သည်။
သို့သော်လည်း ဧကရီမှာ ထိုအရာကို သတိမထားမိလေဘဲ ချန်ရုံ့ကိုသာ စူးစူစိုက်စိုက် လှမ်းကြည့်နေဆဲဖြစ်လေ၏။
" အားဝမ် နင်ကလည်း လှတယ်ဆိုပေမဲ့ သူ့ကိုတော့မယှဉ်နိုင်လောက်ဘူး ... ကြည့်ပါလား ... "
ရှဲ့ဝမ်မှာ ငြင်းဆိုချင်သော်လည်း ခွေးအကြီး လှည်းနင်းနေသည့်သဖွယ် မည်သည့်စကားလုံးကို စတင်ဖွင့်ဟရမှန်းမသိဖြစ်နေလေသည်။
ဝမ်ဟုန်နှင့်ချန်ရုံတို့က အမြင်တင့်တယ်အောင်လိုက်ဖက်ညီနေကြလွန်းပေ၏။
ထိုအချိန်မှာပင် ဝမ်ဟုန်တို့နှစ်ဦးသား၏အပေါ်တွင်ရှိသည့်သစ်ပင်ထက်မှ အော်ဟစ်သံများထွက်ပေါ်လာသည်။
" ဖယ်ကြပါ .....ဖယ်ကြပါ ... "
ရုတ်ချည်းထွက်ပေါ်လာသည့်အော်ဟစ်သံများက ဝမ်ဟုန့်အား ထိတ်လန့်သွားစေပြီး ချန်ရုံမှာလည်း အလားတူပင်တုံ့ပြန်ခဲ့လေ၏။ကနဦးက လေချွန်သံချိုချိုကလေးမှာတော့ အစအနရှာမရသည်အထိ ပျောက်ဆုံးသွားသည်။
သစ်ပင်ပေါ်သို့ မော့ကြည့်လိုက်ကြသောအခါ ကျောက်တုံးကျောက်ခဲကြီးများသဖွယ် တန်းတန်းမတ်မတ်ကြီး ကျဆင်းလာကြသည့် အနက်ရောင် အရိပ်နှစ်ခုအားတွေ့ရှိလိုက်ကြရ၏။
သူတို့ပြုတ်ကျလာသည့်ဦးတည်ရာမှာလည်း ဝမ်ဟုန်တို့ရှိနေသောနေရာနှင့် ပက်ပင်းတိုးမည့်အရေးပင်။
ဝမ်ဟုန်မှာလည်း အချိန်မီမတုံ့ပြန်နိုင်ရှာဘဲ ပြဿနာအိုး သားငယ်နှစ်ယောက်အား မျက်လုံးအပြူးသားဖြင့်သာ ကြောင်ကြည့်နေနိုင်ခဲ့သည်။
အမြင့်မှပြုတ်ကျသံနှစ်သံက တစ်ဆက်တည်းကျယ်လောင်စွာထွက်ပေါ်လာတော့၏။ကလေးနှစ်ယောက်က
ရှေ့ဆင့်နောက်ဆင့် သူတို့ထံသို့ပြုတ်ကျလာကြသည်။
ဧကရီနှင့် ရှဲ့ဝမ်တို့မှာ အလိုလိုပင်မတ်တပ်ထရပ်ပြီး အခင်းနေရာအား လှမ်းကြည့်မိသွားကြသည်။ကနဦးက နတ်ဘုရားများသဖွယ်ဖြစ်နေသောနှစ်ဦးသားက မြေပြင်ပေါ်၌ ကလေးများဖြင့် ပလုံးပထွေးဖြစ်နေကြလေ၏။