ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)
Chapter (7)
ရေပေါ်အလောင်း
ရေနက်နက်ထဲမှာ အဖြူပိတ်ကျဲစနဲ့ ရစ်ပတ်ထားတဲ့ ရှေးဟောင်း အလောင်းတစ်လောင်း ရှိနေသည်။ အလောင်းကို ရေထဲမှာ နှစ်ဘယ်လောက်ကြာကြာ စိမ်ထားလဲဆိုတာ ဘယ်သူက သိမှာလဲ။ ပိတ်ကျဲဖြူဖြူက ယိုယွင်းနေတာ ကြာပါပြီ။ ယောက်ျားလား မိန်းမလား ဆိုတာကလည်း ပြောဖို့ခက်သလို ဝေးကွာနေသေးသောကြောင့် အလောင်းပုံသဏ္ဌာန်မှာလည်း မှုန်ဝါးနေ၍ အခြေအနေကို သေချာ မမြင်နိုင်ပေ။
ဦးလေးသုံးသည် ချွေးအေးအေးများ ထွက်လာသော်လည်း ချက်ချင်းပင် ငြိမ်သက်သွားခဲ့သည်။ ထင်ရှားသည်မှာ ယခုနေရာသည် နစ်မြုပ်နေသော သင်္ဘောပျက် ဂူသင်္ချိုင်း ဖြစ်သောကြောင့် ဤနေရာတွင် လွင့်မျောနေသော အလောင်းတစ်လောင်း ရှိနေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
သို့သော် ဦးလေးသုံး ရှာဖွေရေးမီး၏ အလင်းရောင်ကို ဖုံးအုပ်ထားသည့် လက်ကို တဖြည်းဖြည်း လွှတ်လိုက်သောအခါ အဖြူရောင် အလင်းရောင်အောက်တွင် ရှေးဟောင်းအလောင်း တစ်လောင်း၏ နံဘေးက အမှောင်ထဲတွင် နောက်ထပ် အလောင်းတစ်လောင်း ထပ်ပေါ်လာတာကို တွေ့လိုက်ရသည်။ ထိုအလောင်းသည် အမှောင်ထဲတွင် အုံ့မှိုင်းစွာ ပုန်းနေခဲ့ပုံရသည်။
ဦးလေးသုံးမှာ ထူးဆန်းသော ခံစားချက်တစ်ခုနဲ့ အတူ ကြိုတင်သတိပေးချက် တစ်ခုကို ရလိုက်သလို ခံစားလိုက်ရသည်။ သူက ရှာဖွေရေးမီး၏ အလင်းရောင်ကို အကြိမ်ကြိမ် အုပ်လိုက်ဖွင့်လိုက် လုပ်လိုက်ရာ ရွှေ့လိုက်ရာ အမှောင်ထုအတွင်း မျောနေသည့် ရှေးဟောင်း အဖြူရောင် ပိတ်စရုပ်အလောင်းတွေ အများအပြားကို တွေ့လိုက်သည်။ မရေမတွက်နိုင်သော အဖြူရောင်ပိတ်ကျဲစ ပန်းပွင့်များသည် လူတို့အား နှလုံးနှင့် အဆုတ်ထဲအထိ ဖောက်ဝင်နိုင်သော အေးမြမှုကို အမှန်တကယ် ပေးစွမ်းနိုင်လေသည်။
ရှာဖွေရေးမီးများကြောင့် ဤရှေးဟောင်း အလောင်းများမှ ပေါ်လာရာ စိမ်းလန်းပြီး အားနည်းသော အလင်းရောင် အစက်ကလေးတွေ ဘယ်နေရာက ထွက်လာတာလဲ ဆိုတာကို စဥ်းစားနိုင်စွမ်း မရှိတော့ပေ။ အအေးစက်ဆုံးအချက်မှာ ရှေးဟောင်း အလောင်းများသည် တည်ငြိမ် တောင့်တင်းသော အလောင်းများ မဟုတ်ဘဲ ဖြည်းဖြည်းချင်း ရွေ့နေကြ၏။
ဦးလေးသုံးရဲ့ နှလုံးမှာ လည်ချောင်းထဲက ခုန်ထွက်တော့မလို ဖြစ်လာသည်။ လေလုံတဲ့ဦးထုပ်မှာ ခေါင်းက ချွေးအေးတွေနဲ့ ဖုံးလွှမ်းနေပြီ။ သူအစောတုန်းက ရှဲ့လျန်းဟွမ်ကို ဖမ်းမိလိုက်လို့ ကံကောင်းတယ်လို့ သူ့ဘာသာသူ တွေးလိုက်မိသည်။
မဟုတ်ဘဲ ဆက်ကူးသွားပြီး ဒီရှေးဟောင်းအလောင်းတွေနဲ့ နီးကပ်သွားမှ မီးထဖွင့်မိရင် ကိုယ့်ဘာသာကိုယ် သေတဲ့အထိ မကြောက်သွားရင်ကို ထူးဆန်းနေလိမ့်မယ်။ ဒီအလောင်းတွေကို ဒီမှာ နှစ်ထောင်နီးပါး ရေစိမ်ထားမှတော့ အရည်တွေ ဖြစ်သွားရတော့မှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ရေထဲမှာ လွင့်မျောနေရတာလဲ။ ဧကန္တ ဖုတ်ကောင်တွေ ဖြစ်သွားလို့များလား။
ဆင်းလာချိန်မှာတုန်းက အမှန်တကယ် အဆင်သင့် မဖြစ်သေးပါဘူး။ ဒီလောက်အန္တရာယ်ကြီးတဲ့ အခြေအနေမျိုး ကြုံရလိမ့်မယ်လို့ တစ်ခါမှလည်း မထင်ထားမိဘူးလေ။ သူနဲ့အတူ မြည်းနက်ခွာတောင် မယူလာခဲ့မိပါဘူး။ ဒါဟာ အလွန်တရာကို မတရားတော့ပေ။ ဒီမိုက်မဲတဲ့ ရှဲ့လျန်းဟွမ်ကို ဖြုတ်ချဖို့အတွက်နဲ့ ဦးလေးသုံးမှာ ဒါတွေအားလုံးကို မေ့ထားပြီး ကိုယ့်ကိုကိုယ် နှိပ်စက်မိသွားကြောင့် သဘောပေါက်လိုက်၏။
ရှဲ့လျန်းဟွမ်ကို ပြန်ကြည့်တော့လည်း ထိုကောင်လေးက ထိတ်လန့်တကြား ဖြစ်နေပြီ။ သူ့ရဲ့ဂရုမစိုက်ခဲ့တဲ့ အမူအရာက တကယ့်အခြေအနေ မှန်ကိုမသိလို့ ဖြစ်သွားတာ ဖြစ်နိုင်၏။ နိုင်ငံခြားသားက သူမြင်ရမယ့် အရာတွေကို မပြောပြဘဲ ချန်ထားခဲ့ပုံရသည်။
ဦးလေးသုံး၏ အတွေးများသည် လျှပ်စီးလက်သလို အခြေအနေများစွာကို လျှပ်တစ်ပြက်အတွင်း ကြိုမြင်နိုင်ခဲ့သည်။ ဤအချိန်တွင် အဝေးမှ ရှေးဟောင်းအလောင်း အုပ်စုသည် တဖြည်းဖြည်း နီးကပ်လာပြီ။ အဆောတလျင် နီးကပ်လာသည်နှင့်အမျှ ပိတ်စလေးဖြူသည် ဖြည်းညှင်းစွာ လွင့်မျောနေတာကို တွေ့လာရသည်။
သူ့ပတ်ဝန်းကျင်က အမှောင်ထုနဲ့ မှုန်ဝါးနေတဲ့ မျက်နှာ အသွင်အပြင်ကြောင့် ဒီမြင်ကွင်းဟာ ကောင်းကင် နန်းတော်ထဲက တိမ်တွေပေါ်မှာ မသေနိုင်တဲ့ နတ်ဘုရားတွေ လမ်းလျှောက်နေတဲ့ မြင်ကွင်းနဲ့ တကယ်တူပါ၏။ ဦးလေးသုံးသည် ၎င်းကိုကြည့်ရင်း ရုတ်တရက် လှုံ့ဆော်မှုတစ်ခု ထွက်ပေါ်လာကာ တစ်ခုခုကို သတိပြုမိလိုက်သည်။
သူ့ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး မီတာအနည်းငယ် ခုန်ဆင်းကာ အနီးကပ်ကြည့်ဖို့ သူ့ကိုယ်သူ အားပေးလိုက်သည်။
ရှေးခေတ် ရုပ်အလောင်းသည် လုံးဝ ပြိုပြဲသွားပုံမပေါ်ပေ။ မျက်နှာသွင်ပြင်မှာ မှုန်ဝါးနေသော်လည်း လူ၏ အသွင်အပြင်ကို မြင်တွေ့နေရဆဲ ဖြစ်သည်။ အမျိုးမျိုးသော ကိုယ်ဟန်အမူအရာ ရှိကာ အချို့သည် လင်ဗန်းကိုင်ထားကဲ့သို့၊ အချို့မှာ ပုလွေမှုတ်နေကဲ့သို့ဖြစ်၍ အချို့မှာ စောင်း၊ ဒရမ် စတာတို့ကို တီးမှုတ်နေကြသည်။ တစ်ဒါဇင်ကျော်ရှိကာ အားလုံးက သံကဲ့သို့ တောင့်တင်းသော်လည်း ဦးလေးသုံးကတော့ သူမြင်ရတာကို နားလည်သွားခဲ့၏။
ရှေးခေတ် သင်္ချိုင်းအများအပြားရှိ ပန်းချီကားများတွင် အုတ်ဂူပိုင်ရှင်၏ အလောင်းသည် ကွဲအက်ကာ ကောင်းကင်ဘုံသို့ တက်သွားသည့် မြင်ကွင်းကို သရုပ်ဖော်ထားပြီး ကောင်းကင်တံခါးများ ကျယ်ကျယ်ဖွင့်ကာ ၎င်းတို့အား နှုတ်ဆက်ရန် မသေမျိုးများက စုဝေးနေကြသည်။
ကောင်းကင်ယံတွင် တိမ်တိုက်များ တုံ့ဆိုင်းနေကာ နတ်ငှက်များ ပျံဝဲနေကာ အလင်းတန်းတွေကလည်း ကောင်းကင်ယံတွင် တောက်ပစွာ ထွန်းလင်းနေသည်။ ထိုပန်းချီကားတွင် သင်္ချိုင်းပိုင်ရှင် လှမ်းတက်နေသော လှေခါးအထက်တွင် "ကောင်းကင်ဆရာ အကနှင့် တေးဂီတ" ဟူသည့် ပန်းချီကားတစ်ချပ် ရှိရပါမည်။
သို့သော် ဤနေရာမှ သင်္ချိုင်းပိုင်ရှင်သည် "ကောင်းကင်ဆရာ အကနှင့် တေးဂီတ" ၏ ပန်းချီကားတစ်ချပ်ကို ကျေနပ်အားရမှု မရှိဘူးဟု ခံစားမိသည်။ ဤဒါဇင်ပေါင်း များစွာသော ရှေးဟောင်းအလောင်းများဖြင့် ဖွဲ့စည်းထားသော မြင်ကွင်းသည် ဒရမ်နှင့်စောင်းတီးမှုတ်သည့် ကောင်းကင်ဆရာ အကနှင့် တေးဂီတ၏ တကယ့်ဗားရှင်း ဖြစ်ပေသည်။
ရှဲ့လျန်းဟွမ် ဒီရှေးဟောင်း အလောင်းတွေကို ဘာကြောင့် ရှာခဲ့တာလဲဆိုတာ ဦးလေးသုံး ချက်ချင်း နားလည်သွားခဲ့သည်။ ကောင်းကင်ဆရာရဲ့ အကနဲ့ ဂီတလမ်းကြောင်းက အလောင်းဘုရားရဲ့ မသေမျိုး လမ်းကြောင်းဖြစ်ပြီး ကောင်းကင်ဘုံကို တက်ဖို့ အလောင်းကောင်တွေ လာရာအတိုင်း လိုက်သွားခဲ့မယ်ဆိုရင် သင်္ချိုင်းပိုင်ရှင်၏ နေရာကို သေချာပေါက် ရှာတွေ့ပါလိမ့်မည်။
တစ်ဖက်မှ ရှဲ့လျန်းဟွမ်သည် ခွန်အားများ ပြန်လည်ရရှိလာပြီး ဦးလေးသုံးနောက်သို့ လိုက်ရန် မိမိကိုယ်ကို လှုံ့ဆော်ပေးခဲ့ပါသည်။
ဦးလေးသုံးသည် သူ၏နှလုံးခုန်သံကို ငြိမ်သက်အောင် ကြိုးစားနေခဲ့သည်။ မယုံနိုင်လောက်အောင်ပင် ထူးဆန်းသော နေရာသို့ သူဝင်လာမိကြောင်း သိသော်လည်း ယခုအချိန်တွင် သူ မထိတ်လန့်တော့ပေ။ ဤနေရာကို သိလိုက်ရပြီ ဆိုကတည်းက ရှေးခေတ် ဂူသင်္ချိုင်းက ထွက်ပြေးတော့မှာ မဟုတ်ပေ။
အခုစဉ်းစားကြည့်တော့ သူတို့ရောက်နေတဲ့ နေရာက အဆုံးမရှိတဲ့ တွင်းနက်ကြီး တစ်ခုပါပဲ။ အဲဒီရှေးဟောင်း အလောင်းတွေ ဘယ်ကမျောလာလဲ၊ ဘယ်လောက်ကြာကြာ မျောပါမယ် ဆိုတာ ခန့်မှန်းလို့ မရပါဘူး။ အလဟသဖြစ်ကုန်ရင် ခက်ပြီ။ အခုက အောက်ဆီဂျင်လည်း မရှိတော့ဘူး။
ထိုအတွေးကြောင့် ဦးလေးသုံးသည် လုံးလုံးအသိစိတ် ဝင်လာပြီး ရှဲ့လျန်းဟွမ်ကို နားလည်မှုမပေးဘဲ ရပ်တန့်ခိုင်းလိုက်ပြီး နောက်ပြန်သွားရန် အချက်ပြလိုက်သည်။ လက်ရှိ အခြေအနေတွင် ဆက်သွားနေတာက အလွန် အန္တရာယ်များပြီး သူတို့အသက်က အရေးကြီးနေဆဲ ဖြစ်သည်။
သို့သော် ရှဲ့လျန်းဟွမ်ကတော့ ထိုအချိန်တွင် ရုတ်တရက် စိတ်ထဲထင့်သွားသည်။ ဤစိုးရိမ်မှုသည်က ဒုတိယမျိုးဆက် လူငယ်များကြားတွင် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်ပြီး ဝူရှဲ့သည် သူ့မှာလည်း ဤပြဿနာမျိုး ရှိပုံရကြောင်း သတိထားမိပါသည်။ ဦးလေးသုံး သူ့ကိုတားနေတာကိုတောင် ဂရုမစိုက်ဘဲ အမျိုးသမီးအလောင်းနောက်ကို လိုက်သွားတော့သည်။
ဦးလေးသုံးသည် အနောက်မှနေ၍ ရှာဖွေရေး အချက်ပြမီးကို ဝေ့ယမ်းကာ အနည်းငယ်လောက် စောင့်ခိုင်းရန် ကြိုးစားသော်လည်း ရှဲ့လျန်းဟွမ်က ဂရုမစိုက်ပေ။ ဦးလေးသုံးလည်း ၎င်းကိုကြည့်ကာ စိတ်ဆိုးသွား၏။ တစ်ဖက်လူက သူ့ကိုတောင် အရေးမစိုက်တော့ဘူးလား။
အခုနတုန်းက ရှဲ့လျန်းဟွမ်က သူ့အား အတူတူ ဆင်းလာခိုင်းပေမယ့် စိတ်ထဲမှာတော့ ဒီလိုမလုပ်ချင်နေတာ ဖြစ်မယ်။ အခုတော့ သူလိုရာပန်းတိုင်ကို ရောက်ခါနီးပြီဆိုတော့ ရှဲ့လျန်းဟွမ်က သူ့ကို ဖယ်ထုတ်လိုက်နိုင်ပြီပေါ့။
သူ့အပေါ် ခံစားချက်ကောင်းတွေ မရှိတော့ရင်တောင် ရှဲ့လျန်းဟွမ်ဟာ သူ့ရဲ့ ဆွေမျိုးအဖြစ် ရှိနေဆဲ ဖြစ်ပြီး သူ့ကို အစ်ကိုကြီးလို့ ခေါ်ခဲ့သည်။ တရုတ်လူမျိုးတွေမှာ အမြဲတမ်း သွေးရှုပ်ထွေးပြီး ကလေးထိန်းရတဲ့ ရှုပ်ထွေးမှုတွေ ရှိနေသည်။ ဦးလေးသုံး အတွက်တော့ ဒီအချိန်မှာ ရှဲ့လျန်းဟွမ်ကို တစ်ယောက်တည်း ပစ်ထားခဲ့ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူ့ဗိုက်ထဲက ဒေါသတွေကို ထိန်းထားခဲ့ပြီး အလျင်စလို အမီလိုက်သွားခဲ့ရသည်။
(ဒါကိုပြောရင် ဦးလေးသုံးက သူ့ရဲ့ “နောက်ဆုံးအားကိုးရာ” နဲ့ “နည်းလမ်းမရှိဘူး” လို့ ပြောလိုက်တာလို့ ပြောရင်လည်း မှန်ပေလိမ့်မည်။ သူသည် ဝူရှဲ့ကို ပြောပြနေရင်း ထူးထူးဆန်းဆန်းတွေကို မြင်ရလွန်းလို့သာ မသိ ထပ်ခါထပ်ခါ ပြောနေသည်။ ဦးလေးသုံးရဲ့ ကိုယ်ရည်ကိုယ်သွေးကို နားလည်မှုအပေါ် အခြေခံရရင် သူက အဲဒီတုန်းက သူ့ရဲ့ သိချင်စိတ်ကို ထိန်းချုပ်နိုင်တဲ့ လူမျိုးဖြစ်မယ်လို့တော့ မထင်ရပေ။
ဒီနေရာမှာ ဝူရှဲ့ ခံစားမိသွားတာက နောက်ပိုင်း ရှဲ့လျန်းဟွမ် သေသွားတဲ့ ကိစ္စမှာ ဦးလေးသုံးက အဓိကနေရာမှာ ပါဝင်နေလိမ့်မယ် ဆိုတာပါပဲ။
ဒီလိုထင်ရတဲ့ အကြောင်းရင်းက ဦးလေးသုံးဟာ သူငယ်ငယ်က အပြင်ကို ခဏလောက် ခေါ်သွားလို့ပါပဲ။ အဲဒီတုန်းက တစ်ယောက်ယောက်က သူ့ကို မြေအောက်ကို ဆင်းသွားခိုင်းလို့ဟု ဆို၍ မိမိကို မထိန်းနိုင်သေးဘူး ဆိုကာ လမ်းဘေးမှာ ကြိုးနဲ့ချည်ပြီး နေပူထဲ ထားခဲ့တာ တစ်နေကုန် နေပူပူမှာ အပူလျှပ်လုနီးပါး ဖြစ်သွားတော့သည်။
နောက်တော့ သူက ဝူရှဲ့ကို ဓာတ်ဆားဘူးတွေ အများကြီးပေးပြီး လာဘ်ထိုးလေရာ အဲဒီတုန်းက ဝူရှဲ့မှာ အသိဥာဏ် မရှိသေးတာကြောင့် ဘယ်သူ့ကိုမှ မပြောမိပေ။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စဥ်းစားကြည့်ရင် ဦးလေးသုံးသည် ငယ်ငယ်တုန်းကတော့ အလွန်မိုက်မဲတဲ့ အကျင့်စရိုက်နဲ့ သူ့ကိုယ်သူ ချုပ်တည်းနိုင်မှုက ညံ့ဖျင်းတာကို သိနိုင်သည်။
ဒါပေမဲ့ ရှေးဟောင်းသင်္ချိုင်းမှာ ထားခဲ့တဲ့ ရှဲ့လျန်းဟွမ်ရဲ့ သွေးထွက်သံယို စကားလုံးတွေကို တွေးကြည့်လိုက်ရင် သူ့ရဲ့ ဦးလေးသုံးဟာ ရှဲ့လျန်းဟွမ်ကို အန္တရာယ်ပြုဖို့ သွားလိမ့်မယ်လို့ ဝူရှဲ့ မယုံနိုင်သေးပါဘူး။ ဒါကိုကြားပြီးနောက် သိချင်စိတ်တွေကို မထိန်းနိုင်တော့ပေ။)
နောက်ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို အရမ်းမြန်မြန် သိချင်နေပြီ။
ဦးလေးသုံးသည် ရှဲ့လျန်းဟွမ်ကို အမီလိုက်ရန် ရုန်းကန်ရင်း အောက်ဆီဂျင် သုံးစွဲမှုနဲ့ ကိုယ်အလေးချိန်ကို ချိန်ဆနေပါသည်။ ထိုအချိန်မှာ တွေးလေလေ မှားလေလေ ဖြစ်လာသည်။ သူသည် ဤကဲ့သို့သော ရေအောက် ဂူသင်္ချိုင်းကို ယခင်က တစ်ခါမှ မရောက်ဖူးသောကြောင့် အမှန်တကယ်ပင် ယုံကြည်မှု မရှိတော့ပေ။
ဒါပေမဲ့ ရှဲ့လျန်းဟွမ်ကတော့ ဒီအချိန်မှာ အားသွန်ခွန်စိုက် ပြေးထွက်သွားနေသည်။ သူဟာ ရှေ့ကနေ အမြန်ရေငုပ်သွားနေ၏။ ဒါ့အပြင် ဦးလေးသုံးဟာ ရေငုပ်တာ သိပ်မတော်တဲ့အတွက် သူ့ကို လိုက်မမှီနိုင်ဘူးဆိုတာ သိသာပါသည်။
ရှေ့က အလင်းရောင်နောက်က အမှောင်ထဲမှာ ဆယ်မိနစ်ကျော်လောက် ရှေ့ကိုသာ ကူးခတ်နေမိသည်။ မသိလိုက်ဘဲ ဦးလေးသုံးရဲ့ အနီးအနားမှာ လွင့်မျောနေတဲ့ အရာတွေ အများကြီး ပေါ်လာလေသည်။ ဦးလေးသုံးလည်း အမြန်ကြည့်လိုက်တော့ သစ်သားဖြင့် ပြုလုပ်ထားသည့် ထောင်ပေါင်းများစွာသော ရုပ်တုများ၊ ထွင်းထုထားသော ပြတင်းပေါက်များနှင့် သစ်သားတန်းများကို တွေ့လိုက်ရသည်။ အားလုံးသည် အလွန်ဆွေးမြေ့နေပြီး ပင်လယ် သံချေးဖြူများဖြင့် ဖုံးအုပ်ထားလေသည်။
ထို့နောက် ထိုရေပေါ်နေသော အရာဝတ္ထုများ အလယ်တွင် မကောင်းဆိုးဝါး သားရဲနှင့်တူသော အနက်ရောင် အရိပ်ကြီး တစ်ခုကို တွေ့လိုက်ရသည်။
ရေထဲတွင် မျောနေသော "ကခုန်နေသော အလောင်း" များသည် ဤအရာဆီသို့ တိုက်ရိုက် လွင့်မျောသွားသည်။ ဒါ့ထက် ရှဲ့လျန်းဟွမ်သည် ၎င်းတို့ကို ကျော်တက်သွားကာ အရိပ်မည်းကြီးနှင့် နီးကပ်နေပြီ ဖြစ်သည်။ ရှဲ့လျန်းဟွမ်ရဲ့ ဓာတ်မီး အလင်းရောင်ကြောင့် ထိုအရာ၏ မှန်ကန်သော မျက်နှာကို ထင်ရှားစွာ မြင်လာရ၏။
၎င်းသည် သန္တာကျောက်တန်းပေါ်တွင် ကပ်ညှိနေသော ရှေးခေတ်သင်္ဘောကြီး တစ်စင်း၏ ထိပ်ပိုင်း ဖြစ်လေသည်။ ဤနေရာမှာ ဧရာမလို့ ခေါ်တဲ့ စကားဟာ အလွန်အသုံးများတဲ့ စကားလုံးတစ်ခုမျှသာ ဖြစ်၏။ ဦးလေးသုံးကတော့ သူမြင်လိုက်ရတဲ့ သင်္ဘောရဲ့ အရွယ်အစားကို ဖော်ပြဖို့ စကားလုံးနဲ့တောင် မသုံးနိုင်ဘူးလို့ ဆိုလေသည်။
သင်္ဘောထိပ်ပိုင်း အပျက်အစီးသည် သန္တာကျောက်တန်းထဲမှ ထိုးထွက်လာပြီး ၎င်း၏ နှစ်ဖက်အကျယ်က မီတာ ၂၀၀ ကျော်လောက် ရှိပေ၏။ အပျက်အစီး ဆိုတဲ့အတိုင်း လုံးဝ ပုံပျက်နေပြီး အဖြူရောင် ပင်လယ်ဖုန်မှုန့်က အလွှာလိုက် သန္တာကျောက်တန်းများနှင့်အတူ ဖုံးအုပ်ထားသည်။ ၎င်း၏ထူးဆန်းသော ပုံသဏ္ဌာန်ကြောင့် မဟုတ်ပါက ကြီးမားသော ပင်လယ်သတ္တဝါ၏ ဦးခေါင်းခွံ ရုပ်ကြွင်းဖြစ်မည်ဟု ထင်ကောင်း ထင်မိကြပေလိမ့်မည်။
"ရှေးဟောင်းအလောင်း"များသည် အပျက်အစီးဆီသို့ မျောပါသွားကာ မကြာမီ နက်မှောင်သောပင်လယ်ရေထဲ၌ ပျောက်ကွယ်သွားခဲ့သည်။ ဦးလေးသုံးလည်း ရှဲ့လျန်းဟွမ် နောက်သို့ အနီးကပ် လိုက်လာခဲ့သည်။ ရှာဖွေရေး မီးနှစ်လုံး၏ အလင်းရောင်အောက်တွင် အပျက်အစီး၏ အခြေအနေက တဖြည်းဖြည်း ပိုမိုရှင်းလင်းလာသည်။
ကုန်းပတ်ပေါ် ရောက်တော့ ဦးလေးသုံးသည် သန္တာကျောက်တန်းများတွင် တစ်ဝက်စီ မြှုပ်နှံထားသော သစ်သားထွင်း မျှော်စင်တစ်ခုကို တွေ့လိုက်ရသည်။ ယင်းသည် ကြီးမားလှသော သစ်သားသင်္ဘောကြီး၏ ပင်မအဆောက်အအုံ ဖြစ်ပုံရသည်။
ယခုအခါ စောင်းနေပြီး ပြိုကျလုနီးပါး ဖြစ်နေပြီ။ လသာဆောင်၌လည်း ပုံပျက်ကာ ကွဲအက်နေသော အဖြူရောင် စကျင်ကျောက် တံခါးကြီးတစ်ခု ရှိနေပြီး သူတို့ကို ထောင်ချောက်ထဲသို့ ကျသွားစေရန် ကြံစည်နေတော့မည့် ပါးစပ်ကြီးတစ်ခုလို ဖွင့်ဟထားလေသည်။