ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)
Chapter (8)
သင်္ဘောပျက်
သင်္ဘောနှင့် လသာဆောင်သည် ဤအတိုင်းအတာအထိ မပျက်စီးခဲ့ပါက ရေအောက်မြင်ကွင်းသည် ခရစ္စတယ် နန်းတော်ကဲ့သို့ ကြီးကျယ်ခမ်းနား နေပေလိမ့်မည်။ သို့သော် ယခုအခါတွင် အပျက်အစီး တစ်ခုလုံးကို ထူထဲသော ပင်လယ်သံချေးများ၊ ဖုန်မှုန့်များဖြင့် ဖုံးအုပ်ထားလေရာ အသက်မရှိပုံ ပေါက်လေသည်။ လသာဆောင်က လေးဆယ်ဒီဂရီအထိ စောင်းနေပြီး တစ်ချက် ကန်ထည့်လိုက်ပါက လုံးဝ ပြိုကျသွားတော့မလိုပင်။
ဒါတောင်မှ ဦးလေးသုံးတို့မှာ အသက်ရှူမဝသလို အရမ်းတုန်လှုပ်သွားကြသည်။ ဒီလို အခြေအနေမျိုးမှာ ပင်လယ်ထဲမှာ နေနေသာသာ ကုန်းပေါ်မှာတောင် ဘယ်သူကမှ သင်္ဘောပျက် ဂူသင်္ချိုင်းက တကယ်နစ်မြုပ်သွားခဲ့တယ် ဆိုတာ မြင်ဖို့ အခွင့်အလမ်း မရှိနိုင်ပေ။
အနီးကပ် ကြည့်လိုက်တော့ သန္တာကျောက်တန်းမှာ မြှုပ်ထားတဲ့ ကျောက်စိမ်းတံခါးကြီးက တကယ့်ကို ကြီးမားနေတာကို သတိပြုမိလိုက်သည်။ ၎င်းက လူနှစ်ယောက် အရပ်လောက် မြင့်ပြီး အကျယ်က လက်၄ဖက်စာလောက် ရှိ၏။ ကျောက်တံခါး၏ ဘယ်ညာ ၂ဖက်တွင် တံခါးနတ်ဘုရား နှစ်ကောင်ကို ယောင်ဝါးဝါး မြင်တွေ့နိုင်ကာ ၎င်းတို့က ကျားတစ်ကောင်စီကို လက်ထဲတွင် ကိုင်ဆောင်ထားသည်။
ကြောက်မက်ဖွယ် ကောင်းသော ကျားတစ်ကောင်ကို ကိုင်ဆောင်ထားသည့် ရုပ်လုံးကို ဦးလေးသုံးမှာ သိနေသယောင် ရှိသော်လည်း အမည် မဖော်နိုင်ပေ။ ကျောက်တုံးများတွင် မြှုပ်မထားသော လသာဆောင်၏ အပိုင်းသည် တံဆက်မြိတ်များနှင့် ကြွေပြားအမိုးများ ပါရှိသည်။
ကျောက်စိမ်းတံခါးက တစ်ဝက်ပွင့်ထားပြီး အလယ်မှာတော့ လူနှစ်ယောက် ဝင်နိုင်တဲ့ ကွာဟချက်တစ်ခု ရှိသည်။ အတွင်းထဲမှာ အလွန်နက်ရှိုင်းပြီး ဘယ်ကို ဦးတည်သွားလဲတော့ မသိပေ။ တစ်ဖက်ရှိ "ရှေးဟောင်းအလောင်း" များသည် ချောက်ထဲသို့ နစ်မြုပ်သွားပြီး လုံးဝ မမြင်နိုင်တော့ပါ။
ရှဲ့လျန်းဟွမ်က မရပ်တန့်ဘဲ ကျောက်စိမ်းတံခါးဆီသို့ ကူးခတ်သွားခဲ့သည်။ ဦးလေးသုံးသည်လည်း သွားများကို အံကြိတ်ကာ ခြေထောက်ကို ပြင်းပြင်းထန်ထန် လှုပ်ခါရင်း အရှိန်မြှင့်၍ အမြန်နောက်က လိုက်သွားခဲ့သည်။
ဝင်သွားပြီးနောက်တွင် လူခြောက်ဦး သို့မဟုတ် ခုနစ်ယောက် ဘေးချင်းကပ် သွားလာနိုင်သည့် ရှည်လျားသော စင်္ကြံတစ်ခု ရှိနေတာ တွေ့လိုက်ရတော့သည်။
အပြင်မှာ ခံစားရတဲ့ အေးစက်မှု၊ စိတ်ပျက်အားငယ်မှုနဲ့ ကြောက်ရွံ့မှုတွေက ဒီကိုရောက်တော့ နည်းနည်း လျော့ပါးသွားခဲ့သည်။ နောက်ဆုံးတော့ သူရင်းနှီးတဲ့ အရာတစ်ခုကို တွေ့လိုက်ရတာကြောင့် ဦးလေးသုံးလည်း နည်းနည်း ငြိမ်သက်သွားလေသည်။
စင်္ကြံလမ်းတစ်လျှောက် ခိုးကြောင်ခိုးဝှက် လျှောက်ရတဲ့ သူကျွမ်းကျင်သော အလေ့အထကြောင့် ဦးလေးသုံးသည် ပတ်ဝန်းကျင်က အလှဆင်မှုများကို အကြမ်းဖျင်း ကြည့်လိုက်ရာ မြေအပါအဝင် နေရာတိုင်း၏ တူညီသော အကွာအဝေးတိုင်းတွင် မသေမျိုးရုပ်တုများ ထွင်းထုထားတာ တွေ့ရှိခဲ့ရသည်။
ဆက်ဝင်သွားပြီးနောက် လှေကားထစ် တစ်ခုသည် စင်္ကြံ၏ အဆုံးတွင် ပေါ်လာပြီး တောက်လျှောက် တက်သွားသော ဦးလေးသုံးသည် ရုတ်တရက် နောက်ပြန် လှည့်ကြည့်လိုက်တော့ မိမိမှာ ပက်လက်အိပ် အနေအထားဖြင့် ကူးခတ်သွားတာကို တွေ့လိုက်ရသောကြောင့် အံ့သြတုန်လှုပ်သွားသည်။
ထိုအချိန်တွင် သူ့ဘာသာလည်း လန့်ဖျပ်သွားသည်။ ဒါက တကယ်ကို အံ့အားသင့်စရာ ကောင်းသည်လေ။ မိနစ်လေးဆယ်နီးပါး ရေစိမ်ပြီးတဲ့ နောက်မှာတော့ ဦးလေးသုံးဟာ ရှေးခေတ်သင်္ချိုင်း အတွင်းမှာ လေရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ သူသည် လျင်မြန်စွာ လှည့်၍ လှေကားထစ်များ အောက်တွင် လှဲလျောင်းပြီးနောက် အပေါ်သို့ ခြေလေးချောင်း ပုံသဏ္ဌာန်ဖြင့် တက်သွားလိုက်သည်။
ရေထဲမှာ အကြာကြီး ရေငုပ်နေခဲ့ရသူ တစ်ယောက်ဟာ ကမ်းပေါ်ရောက်တာနဲ့ သံတုံးတစ်တုံးကို ထမ်းထားရသလို လေးလံနေလိမ့်မည်။ အလေးချိန်ကလည်း ခဲတုံးတွေနဲ့ အောက်ဆီဂျင်ဘူးတွေ ပါနေတာ ဆိုတော့ ပြောစရာမလိုအောင် လေးလံနေပြီလေ။ ဦးလေးသုံးမှာ တက်လာပြီးနောက် ပြိုကျလုမတတ် ဖြစ်သွား၏။ အံကြိတ်ကာ တောင့်ခံထား၍ ရေထဲပြန်ကျသွားခြင်းမှ ကာကွယ်နိုင်ခဲ့သည်။
လှေကားထစ်ကို ထိမိလိုက်ချိန် ရှဲ့လျန်းဟွမ်သည် သူ၏ ရေငုပ်ကိရိယာများကို ချွတ်ထားတာ တွေ့လိုက်ရသည်။ သူသည်လည်း အပြင်းအထန် မောဟိုက်နေပြီး အနီးနားရှိ သင်္ချိုင်းခန်းကို ထွန်းလင်းရန် သူ၏ ဓာတ်မီးကို အသုံးပြုထားသည်။
ဦးလေးသုံးကတော့ သူတကယ် အရှုံးသမားပဲလို့ စိတ်ထဲကနေ ပြောလိုက်ပါ၏။ ထောင်ချောက်နဲ့တွေ့ရင် သေတာကြာပြီ။ ဒါပေမဲ့ အခုချက်ချင်း မသေသေးဘူးဆိုတော့ ဒီမှာ လေကောင်းလေသန့်တော့ ရှိရမည်။ ဒါနဲ့ လှေကားထစ်တွေပေါ်မှာ ထိုင်ပြီး ရေငုပ်ကိရိယာတွေ ချွတ်လိုက်သည်။ ကြွက်သားတွေကို ဖြေလျှော့ရင်း ပတ်ပတ်လည်ကို ကြည့်ဖို့ ဓာတ်မီးကိုလည်း ချွတ်လိုက်သည်။
လှေကားထစ်များ၏ အဆုံးတွင် အုတ်သင်္ချိုင်းတစ်ခု ရှိသည်။ ၎င်းသည် ပုံမှန် မင်မင်းဆက်၏ ပုံစံမျိုးဖြစ်သည်။ အမြင့်က မမြင့်သောကြောင့် ခေါင်းငုံ့၍သာ လမ်းလျှောက်နိုင်သည်။ ရတနာမျှော်စင်၏ ထိပ်မှာ ခုံးလျက်ရှိပြီး အုတ်ကြွတ်တွေကလည်း ကောင်းလေသည်။ အမိုးအုတ်များ၏ ချုပ်ရိုးများသည် သံအရောင်ရှိတာကြောင့် သံရည်များဖြင့် ပွတ်တိုက်ထားပုံရ၏။
သင်္ချိုင်းအလယ်တွင် အပြာရောင်နှင့် အဖြူ ရောင် ကြွေမီးလုံးများကို နှစ်တန်းစီ စီထားပြီး ၎င်းတို့က အုတ်ဂူ၏ အနက်ရှိုင်း အမှောင်ထုထဲသို့ တည့်တည့်တိုး၍ ဦးတည်သွားနေပါသည်။ ဓာတ်မီးကို တောက်ကြည့်လိုက်သော အခါတွင် သင်္ချိုင်းအလယ်မှာ အမည်မသိ အနက်ရောင် သံတိုင်ဂီကြီးကို တွေ့လိုက်ရ၏။ ဘာရည်ရွယ်ချက်အတွက် မြင်ကွင်းကို ပိတ်ဆို့ဖို့ သုံးထားတာလဲတော့ မပြောတတ်ပေ။
ဦးလေးသုံးလည်း ထိုအရာကြီးကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူသည် သင်္ချိုင်းများစွာကို လုယက်ခဲ့ဖူးပြီး တွေ့ဖူးသော သင်္ချိုင်းတိုင်ကြီးသည် ကြီးမားသော်လည်း အများစုမှာ သာမန်လူတစ်ယောက် ဖက်လိုက်လောက်တဲ့ အရွယ်သာ ရှိသည်။ အပြင်ဘက်က ကြည့်လျှင် ရှေးခေတ် ဂူသင်္ချိုင်းရဲ့ အရွယ်အစားက ကြီးမားလွန်းတာကြောင့် ဆယ်နှစ်ကြာအောင် သောင်းနဲ့ချီတဲ့ ကြိုးကြိုးစားစား ဆောက်လုပ်မှုတွေနဲ့ လုပ်ရင်တော့ မအောင်မြင်နိုင်ဘူးလို့ ဆိုဖို့ခက်သည်။
ဒါ့အပြင် တော်ဝင်မိသားစု၏ ဆွေမျိုးတစ်ယောက်ယောက် မဟုတ်ပါက သာမန်လူများသည် ဤမျှကြီးမားသော ကိစ္စမျိုးကို လုပ်နိုင်ဖို့ မဖြစ်နိုင်ပေ။ ဦးလေးသုံးသည် ထိုအချိန်က ချမ်းသာကြွယ်ဝသော ချန်ဝမ့်စန်းကို ချက်ချင်းပင် တွေးတောမိသွားသည်။
ဤနည်းအားဖြင့် ယခုအကြိမ်တွင် သူသည် ရှဲ့လျန်းဟွမ်နောက်က လိုက်ရင်း ဘဝပေါင်းများစွာတွင် မအောင်မြင်နိုင်ခဲ့သော ကောင်းချီးတစ်ခု ဖြစ်သည့် ချမ်းသာမှုနှင့် တွေ့ဆုံခဲ့သည်။ ဦးလေးသုံး စိတ်လှုပ်ရှားသွားပြီး ပတ်ပတ်လည် အုတ်ဂူနံရံတွေကို လင်းစေဖို့ သူ့ဓာတ်မီးကို ဝေ့ယမ်း ပြန်ဖွင့်လိုက်၏။
အုတ်ဂူနံရံများပေါ်တွင် ပန်းချီကား အများအပြား ရေးဆွဲထားပြီး အလွန် ကြီးကျယ်ခမ်းနားလှသည်။ ဦးလေးသုံး သေချာ ကြည့်လိုက်တော့ နံရံဆေးရေး ပန်းချီများသည် အဆက်မပြတ် ကွဲအက်နေပြီး ဆိုးရွားစွာ မှေးမှိန်သွားတာကို တွေ့လိုက်ရသည်။
ဤနေရာတွင် ရေခိုးရေငွေ့ များစွာရှိသောကြောင့် ပန်းချီကားများကို ထိန်းသိမ်းထားရန်မှာ ခက်ခဲလှသည်။ သို့သော် မြောက်ပိုင်း စုန့်မင်းဆက်တွင် ဆီဖယောင်း သို့မဟုတ် ကြက်ဥအဖြူကို နံရံဆေးရေး ပန်းချီကားတွင် လိမ်းခြင်းဖြင့် ပန်းချီကားကို ကာကွယ်သည့် နည်းပညာမျိုး ရှိနေပြီ ဖြစ်သည်။ ဤနည်းပညာကို ဤနေရာတွင် အသုံးပြုခဲ့သောကြောင့် ယခု ပန်းချီကားများက အရောင်အနည်းငယ်သာ ပြယ်နေပုံရသည်။
ဦးလေးသုံးကတော့ နံရံဆေးရေး ပန်းချီတွေကို ဘယ်တော့မှ မကြည့်ဖူးပါဘူး။ အတော်ကြာ ကြည့်ပြီးနောက်မှာ အဖြေရှာမရတော့ပေ။ ထို့ကြောင့် သာမန်သင်္ချိုင်း နံရံဆေးရေးပန်းချီတွေနဲ့ မတူဘူးလို့ ခံစားမိတာကြောင့် ဓာတ်မီးအလင်းကို ရုပ်သိမ်းပြီး တစ်ဖက်က ရှဲ့လျန်းဟွမ်အား သူ ဘာဆေးတွေ မှားသောက်ထားမိလဲလို့ မေးချင်လာသည်။
ရှဲ့လျန်းဟွမ်သည် အလွန်မောပန်း နွမ်းနယ်နေသဖြင့် နွားတစ်ကောင်လို အော်ဟစ်ရင်း အံ့အားသင့်စွာ လှည့်ပတ်ကြည့်နေသည်။ သူ့ခွန်အားများ ကုန်ဆုံးသွားတာ သိသာထင်ရှားလှသည်။ ဦးလေးသုံးက အော်ဟစ်သော်လည်း သူက လျစ်လျူရှုထား၏။ သူ၏ အာရုံအားလုံးကို ဤသင်္ချိုင်းမှ စွဲဆောင်သွားခဲ့သည်။
မူလက သူသည် ဦးလေးသုံးအား စွန့်ပစ်ထားခဲ့မလို့ပင်။ ဦးလေးသုံး အတွက် သူ့နှလုံးသားထဲတွင် လျှို့ဝှက်မီးများ ရှိနေခဲ့သည်။ သို့သော် ဤနေရာသို့ သူရောက်နေပြီ ဖြစ်သောကြောင့် နောက်ထပ် တိုက်ခိုက်ရန် မသင့်လျော်သောကြောင့် ဦးလေးသုံးအား သည်းမခံလို့ မရတော့ပေ။
နှစ်ယောက်သား စကားမပြောဖြစ်ကြ။ ခဏ အနားယူပြီးနောက် ဦးလေးသုံး လုံးဝ ငြိမ်သက်သွားကာ နှလုံးခုန်သံများ ပိုမိုညင်သာလာခဲ့သည်။ သူသည် သင်္ချိုင်းတွင်းသို့ ဝင်ရန် ကိရိယာ တန်ဆာပလာများကို ပေါ့ပေါ့ပါးပါး ပြင်ဆင်နေတော့သည်။ ထို့နောက် သူနဲ့ ရှဲ့လျန်းဟွမ်ရဲ့ အောက်ဆီဂျင်ဘူးကို စစ်ဆေးသည်။
တစ်ချက်ကြည့်လိုက်တော့ တစ်ခုခု အဆင်မပြေတော့မှန်း သူသိလိုက်သည်။ သူ့ကိုယ်ပိုင် အောက်ဆီဂျင်က အဆင်ပြေပေမယ့် ရှဲ့လျန်းဟွမ်ရဲ့ အောက်ဆီဂျင် သုံးစွဲမှုက အရမ်းများနေပြီး ထက်ဝက်ကျော် လျော့သွားပါပြီ။
ရေငုပ်သမားဟာ အတွေ့အကြုံ ပိုရလေလေ ရေအောက်မှာ လှုပ်ရှားနိုင်လေပါပဲ။ ရေငုပ်ခါစ လူတွေဟာ မကြာခဏဆိုသလို သူတို့ကိုယ်သူတို့ မထိန်းနိုင်ဘဲ ရေထဲမှာ တစ်ခုခုကို တွေ့တာနဲ့ အပြင်းအထန် ရှူထုတ်လိုက်ကြသည်။ ပမာဏသည် ကွာခြားချက် နှစ်ဆကျော် ဖြစ်သည်။
ဦးလေးသုံးသည် ရေငုပ်သမားကောင်း မဟုတ်သော်လည်း သူ့အောက်ဆီဂျင် အကန့်ကို အမြဲခန့်မှန်းထားသောကြောင့် ရှဲ့လျန်းဟွမ်ထက် များစွာ ပိုသာသည်။ ဒီအခိုက်အတန့်မှာ ဒီသံကြိုးကနေ ရုန်းမထွက်နိုင်တော့ဘူး ဆိုတာ သူ ချက်ချင်း သဘောပေါက်သွား၏။
ဒါပေမဲ့ ဒီအကြောင်းကို တွေးပြီးတဲ့အခါမှာတော့ ဦးလေးသုံးဟာ စိတ်သက်သာရာ ရသွားသလိုလည်း ခံစားလိုက်ရပါသည်။ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့ဘူး ဆိုမှတော့ မိမိသည် သူ့ကိုပါ ခေါ်သွားရမယ်။ ဒါဆိုရင် အလျင်စလို ထွက်သွားစရာ မလိုတော့ဘူး မဟုတ်လား။
ထိုအချိန်တွင် ရှဲ့လျန်းဟွမ်သည် သင်္ချိုင်းတွင်းသို့ ပိုမိုနက်ရှိုင်းစွာ လျှောက်သွားခဲ့ပြီ။ သို့နှင့် ဦးလေးသုံးလည်း ထကာ နောက်မှလိုက်၍ ကြီးမားသော သံတိုင်ကြီးဆီသို့ လျှောက်သွားခဲ့သည်။ ဦးလေးသုံးသည် ခဏ ရပ်တန့်ကာ သံတိုင်ကို စစ်ဆေးရန် ချဉ်းကပ်သွားခဲ့သော်လည်း ရှဲ့လျန်းဟွမ်ကတော့ စိတ်မဝင်စားဘဲ လှည့်ပတ်သွားခဲ့သည်။
သံတိုင်သည် အလေးချိန် ငါးတန်ကျော်ရှိပြီး ၎င်းပေါ်တွင် ဖောင်းကြွနေသော ကမ္ပည်းစာအမြောက်အများ ပါရှိသည်။ ယခင်က ယဇ်ပူဇော်သော အိုးအဖြစ် သုံးခဲ့နိုင်သည်။ ၎င်းရဲ့ ခြေကို မြေပြင်ရှိ အပြာရောင်အုတ်များထဲသို့ ဖိချထားသည်။ အိုးအောက်ခြေမှာ ငါးကိုယ်ထည်နဲ့တူတဲ့ အပြူတစ်ခု ရှိနေတာ တွေ့ရ၏။ ဘာအတွက် သုံးလဲတော့ မပြောတတ်ချေ။
ဦးလေးသုံးသည် သူမှတ်မိသည့် အက္ခရာများ ရှိမရှိကို အနီးကပ်ကြည့်ရန် ဆန္ဒရှိသော်လည်း ရုတ်တရက် ရှဲ့လျန်းဟွမ်၏ အော်သံကို ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်တော့ ရှဲ့လျန်းဟွမ်သည် သင်္ချိုင်း၏ အဆုံးသို့ ရောက်ရှိသွားပြီ။ သူ့ရဲ့ ဓာတ်မီးသည် အဆင့် သုံးဆင့်ဖြင့် ထွင်းထုထားသော ခေါင်းတလား ကုတင်ကို ထိုးထား၏။ ထိုကြီးမားသော အနက်ရောင် ကုတင်ပေါ်၌ အနက်ရောင် ခေါင်းတလားကြီး ရှိလေသည်။
ခေါင်းတလားသည် ရှဲ့လျန်းဟွမ် ရင်ဘတ်နီးပါးလောက် မြင့်ပြီး မည်းမှောင်လွန်းသဖြင့် ဓာတ်မီးအလင်းကြောင့် အလွန် ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။ ခေါင်းတလား၏ မျက်နှာပြင်ကို ပွတ်တိုက်ကာ အရောင်တင်ထားပုံရပြီး သဘာဝအတိုင်း တောက်ပနေပုံပေါ်သည်။ ရှဲ့လျန်းဟွမ်မှာ ခေါင်းတလားကို ရုတ်တရက် မြင်လိုက်ရတာကြောင့် အနည်းငယ် ထိတ်လန့်သွားသဖြင့် အလိုလို နောက်ပြန်ဆုတ်သွားခဲ့သည်။
ဤအခေါင်းသည် အလွန်အစွမ်း ထက်မြက်ပုံရပြီး ကြီးစိုးပါသည်။ ဤသင်္ချိုင်းပိုင်ရှင်၏ ခေါင်းတလား ဖြစ်နိုင်ပေမယ့် အထဲမှာ ဘယ်သူ့ကို မြှုပ်ထားတယ် ဆိုတာတော့ မသိနိုင်ချေ။
ဦးလေးသုံးသည် သာမန်မဟော်ဂနီနှင့် စပါးကျီသစ်သား ခေါင်းတလားများကို မရေမတွက်နိုင်သော မြင်ဖူးသော်လည်း သစ်တုံးတစ်တုံးတည်းဖြင့် ပြုလုပ်ထားသော ခေါင်းတလားကို တွေ့ရခြင်းမှာပင် အလွန် ကံကောင်းလှသည်ဟု ထင်ခဲ့သည်။ သို့သော် ဤအနက်ရောင် ခေါင်းတလားကဲ့သို့ မည်သည့်ပစ္စည်းကို ပြုလုပ်ထားကြောင်းတော့ သူ မပြောနိုင်ပါ။
ရုတ်တရက် စူးစမ်းချင်စိတ် ဖြစ်လာတာကြောင့် သံဆလင်ဒါကို ကြည့်နေရာမှ ရှဲ့လျန်းဟွမ် နောက်သို့ လျှောက်သွားရာ ခေါင်းတလားကို အဝါရောင် အင်္ဂတေအုတ်များဖြင့် ပြုလုပ်ထားပြီး ကြာပန်းအချပ်ပုံစံဖြင့် တည်ဆောက်ထားကြောင်း ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရသည်။
ခေါင်းတလား ကုတင်နောက်ကွယ်မှာ စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့ မျက်နှာပြင် နံရံတစ်ခု ရှိသည်။ ဒါဟာ အုတ်ဂူတစ်ခုလို ဖြစ်ကောင်းဖြစ်နိုင်သလို သင်္ချိုင်းပိုင်ရှင်ရဲ့ အတ္ထုပတ္တိနဲ့လည်း သက်ဆိုင်ပါ၏။ ဒါပေမဲ့ ဦးလေးသုံးမှာ အဲဒါကို ကြည့်လိုက်ပြီးတဲ့ နောက်မှာတော့ သူ့နောက်ကျောက အေးတိအေးစက် ဖြစ်သွားသလို ခံစားလိုက်ရကာ အနက်ရောင် ခေါင်းတလားက သူ့အားရုံကို စွဲဆောင်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤကြီးမားသော အနက်ရောင် ခေါင်းတလားပေါ်တွင် "လူ" လဲလျောင်းနေသောကြောင့်ပင်။