Chapter - 2
Viewers 471

Volume - 1 CHAPTER - ( 2)



{ စွဲလမ်းခြင်းကစွန့်လွှတ်ဖို့ဘယ်တော့မှမလွယ်ကူခဲ့ဘူးအရှင် }





ထည်ဝါခမ်းနားသောအရှင်မင်းမြတ်၏နန်းတော်ဆောင်ဝယ်သံဃာတော်အရှင်သူမြတ်တို့သည်တရားဒေသနာတော်များကိုဟောကြားတော်မူနေသောကြောင့်နံနက်ခင်းသည်ကုသိုလ်တရားများနှင့်လွန်စွာမှကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံနေလေပေသည်။


ရေစက်ချအမျှအတန်းဝေအပြီးဝယ် လူအပေါင်းသည်သာဓုအနုမောဒနာခေါ်ဆိုသံသည်အထက်ဘဝဂ်တိုင်အောင်မြည်ဟီးလေပေ၏။


လင်္ကာသည်တရားတော်နာကြားရာတွင်လည်းစိတ်မရောက်နိုင်အတိတ်ကအဖြစ်အပျက်များကသာသူ့ရင်ထဲ၌ဆို့တစ်နေလျှက်ရှိနေလေသည်။


သူ၏အရှင်သည်လူအပေါင်း၏ရှေ့၌တရားတော်နာယူနေပေလေ၏။အရှင့်၏စိတ်ထဲဝယ်မည်သည့်အကြောင်းအရာတို့တွေးတောကြံစည်နေမှန်းဘယ်တုန်းကမျှသူမသိရှိခဲ့ရချေ။


အရှင်နှင့်ညောင်စောင်းတစ်ခုတည်းတူယှဉ်တွဲပျော်ပါးခဲ့စဉ်ကပင်၊ သူ့အသက်အားအရှင့်လက်အပ်နှင်း၍သွေးစွန်းခံစဉ်ကပင်အရှင်သည်သူ့အားဘယ်တော့မှမရိုးသားခဲ့ပါချေ။


တကယ်ဆိုလျှင်သူသိသာအထင်အမြင်လွဲမှားနေခဲ့ခြင်းဖြစ်နေခဲ့လေသည်။


တိုင်းပြည်၏စစ်အာဏာတစ်ခုလုံးအားချုပ်ကိုင်ထားရသောမိသားစုနောက်ခံသည်အကြောင်းပြချက်တစ်ခုတည်းနှင့်ပင်အရှင့်၏အမျက်တော်သည်သူ့အတွက်ဖြစ်လာခဲ့ချေသည်။


မိမိ၏အိမ်တော်မှတယုတယပိုးမွေးသလိုမွေးမြူခြင်းခံလာရပြီး လူလောကအကြောင်းစိုးစဉ်းမျှမသိသော လင်္ကာငယ်လေးသည်။


အရှင့်၏စကားတို့အားအမြဲတစေတန်ဖိုးထားခဲ့လေသည်။


အရှင်စေရာသေဆိုသေရှင်ဆိုရှင်ဖြစ်ခဲ့လေသည်။အရှင်မြတ်နိုးရာသည်သူမြတ်နိုးရာဖြစ်သကဲ့သို့အရှင်၏ရန်သူသည်သူ၏ရန်သူပမာမှတ်ယူထားခဲ့လေသည်။


သို့ရာတွင်မထင်မှတ်ထားခဲ့သည်က အရှင်အမြဲတစေမုန်းတီးရွံရှာခဲ့ရသူမည်မှာအမြဲတမ်းသူဖြစ်နေခဲ့ခြင်းပါပေ။


ဟုတ်ပါသည်လေ မည်သည့်ယောက်ျားက ယောက်ျားတစ်ယောက်ရဲ့တွယ်ကပ်ချစ်ရေးဆိုသည့်ဒဏ်ကိုခံနိုင်ပါမည်နည်း။


ရာဇမာန်ပြင်းထန်သည့်အရှင်သခင်တစ်ပါးဆိုသည်သာ၍ပင်ဆိုးလိမ့်မယ်ပေါ့။


အာဏာသည်အမြဲတစေပင်လူအပေါင်းအားရူးသွပ်စွာပြုမူတတ်စေပေ၏။မည်သည့်သူမှချွင်းချက်ဖြစ်မနေပေ။


ရှင်ဘုရင်သည်အာဏာအလုံးစုံပိုင်စိုးရမည့်အစား မင်းမူထမ်းမျိုးရိုးအားခွဲဝေပေးရသည်ဆိုလျှင် မည်သို့သောသူမျိုးမှကြည်ကြည်ဖြူဖြူရှိလိမ့်မည်မဟုတ်ချေ။


ရှင်ဘုရင်အသစ်နန်းတက်သည့်အခါဦးစွာသော‌ဖြိုဖျက်ရာသည်ထိုမျိုးရိုးဖြစ်ပေလိမ့်မည်။ ကျူပင်ခုတ်၍ကျူငုတ်ပင်ကျန်နေစေခဲ့လိမ့်မည်မဟုတ်။


အတွေးတို့သည်ထိန်းမရလွန်လေပြီသတိဝင်သောအခါ နန်းတော်ဆောင်တွင်း၌လူတချို့သာကျန်ရှိလေတော့သည်။


လင်္ကာသည်သက်ပြင်းသာချလိုက်ပြီးထပြန်ရန်အပြင်ရင်နှီးနေသောခေါ်သံသည်နားထဲတိုးဝင်လာပေ၏။


" လင်္ကာ "


" မိန့်တော်မူပါအရှင် "


"ယမန်အပတ်ကအပူရှပ်ပြီးအပြင်းဖျားသေးတယ်ကိုယ်တော်ကြားတယ် အခုရောသက်သာပလား "


" အရှင့်ရဲ့ဘုန်းတော်ကြောင့်သက်သာပါတယ်အရှင် "


" ဒီကိစ္စဘယ်ကစတယ်ကိုယ်တော်သိပါတယ် 


ညီတော်ဝမ်းကွဲအချို့ကအလိုလိုက်ခံရလို့ဆိုးနွဲ့နေကြတာပါ လင်္ကာဗွေမယူပါနဲ့ "


" မဝံ့ရဲပါဘူးအရှင် "


အရှင်သည်သေချာပေါက်ကိုအပြစ်တင်မည်မဟုတ်မှန်းကြိုသိခဲ့နေချေသည်။အရာအားလုံး၏မြစ်ဖျားခံသည်အာဏာပိုင်ဆိုင်မူတစ်ခုတည်းသာ။


အရှင်အလိုရှိတဲ့အရာကိုသာအသာတကြည်အပ်ခဲ့ပြီးရင်သူနှင့်သူ့မိသားစုအေးအေးချမ်းချမ်းနေရပါလိမ့်မလား။


လင်္ကာသည်သူ၏ခံစားချက်တို့အားဖုံးကွယ်ရာတွင်လုံးလုံးပင်မကျွမ်းကျင်ခဲ့ချေ။


မအီမသာဖြစ်နေသောမျက်နှာအားတွေ့မြင်သောအရှင်က


" မကျေနပ်‌ဘူးဆိုရင်လည်းရပါတယ် ကိုယ်တော်သူတို့ကိုသုံးလလောက်အိမ်ပြင်မထွက်ဖို့အပြစ်ပေးလိုက်မယ် "


အပြစ်ပေးမည်ဟုဆိုသော်လည်း လင်္ကာအားအပြစ်မတင်စေလိုသောအရှင်၏သဘောထားမှာအတိုင်းသားပေါ်လွင်နေလေ၏။


" မဟုတ်ရပါဘူးအရှင် ဒီကျွန်ကကျန်းမာရေးသိပ်မကောင်းသေးတာမို့ပါ တခြားအကြောင်းကြောင့်မဟုတ်ရပါဘူး "


" လင်္ကာက အရမ်းရိုကျိုးနေပြန်ပါပြီ ကိုယ်တော့ရှေ့မှာဒီကျွန်ဆိုတဲ့နှိမ့်ချစကားမျိုးဆိုစကာမလိုပါဘူး။ ကိုယ်သာမင်းသားကြီးဆိုတဲ့ဘွဲ့သာမရှိရင် မောင်မင်းလောက်မှတောင်အဆင့်အတန်းမရှိဘဲ "


အရှင်သည်သွယ်ဝှက်ထားသောဓားသွားပါးပါးဖြင့်စကားဆိုလေသည်။ အတိတ်တုန်းကဆိုရင်အရှင်ထိုသို့စကားများပြောလျှင်


ဒီကျွန်ကသာနိမ့်ကျသူပါဒီကျွန်ပိုင်သမျှအရာအားလုံးကအရှင့်ရဲ့ဘုန်းတော်ကြောင့်ပါဘာညာကိုယ့်ကိုယ်ကိုဖုန်မူန့်လောက်ပင်မတန်အောင်နှိမ့်ချပစ်မည်ဖြစ်သော်လည်းယခုတွင်မူအာစေးမိထားသကဲ့သို့ပြောမထွက်ပေ။


မည်သို့စကားပြန်ဆိုရမည်မသိသောကြောင့်နူတ်ခမ်းပါးလေးများတွန့်ချိုးရုံသာအသာပြုံးမိတော့သည်။


အရှင်သည်အတိတ်ကသူ၏စကားများကိုသာနှစ်သက်တော်မူပုံရလေသည် ။ယခုလိုသူ၏တိတ်ဆိတ်နေပုံအားမျှော်လင့်ထားလိမ့်မည်မဟုတ်ချေ။


အရှင်သည်အတိတ်ကအရှင်ဖြစ်၍မပြောင်းလဲခဲ့သော်လည်းသူသည်ကားအတိတ်ကသူမဟုတ်ခဲ့ချေပြီ။


သုနန်သည်သူ၏စကားတို့အားအပြုံးတစ်ချက်မျှသာပြန်ပေးလေသောလင်္ကာအားငေးမောမိ‌နေလေသည်။


နေမလောင်သောကြောင့်ဖြူဝင်းကာအနည်းငယ်မျှအားသုံးမိရုံဖြင့်အမှတ်အသားတို့ကျန်ရစ်နိုင်လေသောပိုးသားကဲ့သို့နူးညံ့သည့်အသားအရေ။ပုလဲတန်းကဲ့သို့သောထိုသူငယ်ပြုံးလိုက်တိုင်းတစ်ခဏမျှသာလှစ်ဟတတ်ရှာလေသောသွားတန်းဖြူဖြူနှင့်သွားစွယ်လေးနှစ်ချောင်း။ပုံမှန်ထက်ပင်ရှည်လျှားကလိပ်ပြာတောင်ပံကဲ့သို့ကော့ညွတ်နေသည့်မျက်တောင်ရှည်များ။


စူးစိုက်ကြည့်မိတိုင်းကြည်လင်ကာအေးချမ်းစေတတ်သောထိုသူငယ်၏မျက်ဝန်းညိုဖျော့ဖျာ့တစ်စုံ။


အဘယ့်ကြောင့်များယောက်ျားတစ်ယောက်အဖြစ်မှားယွင်းစွာမွေးဖွားလာခဲ့ရသနည်း။


အလှတရားသည်အမှန်ပင်စာချိုး၍အလင်္ကာတို့ဖွဲ့ဆိုရသည်အထိပင်စွဲလမ်းဖွယ်ကောင်းလေချေသည်။


ထိုသူများထဲတွင်သုနန်သည်လည်း အတိအကျကိုပင်ပါဝင်လေသည်။


" အရှင် အရှင် "


ကျွန်တော်မျိုး‌လေပြင်းဒဏ်မခံနိုင်တာကြောင့်ပြန်ပါဦးမယ်အရှင် "


" အင်း မောင်မင်းသွားနိုင်ပါပြီ "


အရိုအသေပြုကာကျောခိုင်းထွက်ခွာသွား‌သောထိုလုလင်ပျိုသည်ယခင်ကကဲ့သို့သူ့အားပြန်လည်လှည့်ကြည့်လာခဲ့ခြင်းမရှိခဲ့ချေ။


တကယ့်ကိုပြတ်သားစွာပင်ကျောခိုင်းခဲ့လေသည်။


________________



သုနန်သည်သူ၏အတွေးတို့အားမည်သို့မည်ပုံထိန်းချုပ်ရတော့မည်ကိုပင်မသိတော့ချေ။


သူသည်အသေအချာကိုထီးနန်းအားရည်ရွယ်သူဖြစ်လေသည်။အာဏာသည်တစ်ဦးတည်းလက်ဝယ်ပိုင်မှကျေနပ်အားရသည့်အရာမျိုးဖြစ်သလို ဘယ်တော့မှလည်းတပ်မက်မူအဆုံးသတ်မရှိခဲ့ချေ။


သူပိုင်ဆိုင်လိုသည့်အရာကိုရနိုင်ဖို့မည်သည့်အရာကိုမဆိုစတေးရမည်မှန်းသိနေခဲ့သော်လည်းထိုသူငယ်လေးအားမြင်ယောင်လာလျှင်သူသည်တွေဝေတုံ့ဆိုင်းနေခဲ့ရစမြဲပင်။


ထိုသူငယ်လေးအားသူစတင်တွေ့ဆုံခဲ့ချိန်သည်ထိုသူငယ်လေး၏အသက်ငါးနှစ်ပြည့်ရှင်ပြုပွဲ၌ပင်ဖြစ်သည်။ဖြူဖြူလုံးလုံးဂေါ်ဖီထုပ်လေးတစ်လုံးလိမ့်နေသည့်အလားလွန်စွာမှအသဲယားဖွယ်အတိဖြစ်လေသည်။


ငယ်စဉ်ကပင်မယ်တော်ဆုံးပါးသွား၍သွေးချင်းမရှိရှာသောသုနန်ငယ်လေးသည် ထိုဂေါ်ဖီထုပ်လေးအားညီတော်အရင်းပမာအပိုင်ပင်သိမ်းထားလိုက်ချင်လေသည်။


ထို့ကြောင့်ပင်ခမည်းတော်ဆီ၌ငါးနှစ်အရွယ်လင်္ကာလေးအားစာအံဖော်အဖြစ်တောင်းဆိုခဲ့လေသည်။


သုနန်၏လက်ချက်ကြောင့်ပင်လင်္ကာပိစိကွေးသေးသည် မိုးသောက်အမှီ ပုရောဟိတ်၏စာသင်ဆောင်သို့အိပ်ချင်မူးတူးဖြင့်အပို့ခံရလေသည်။


သုနန်နှင့်လင်္ကာတို့သည်ထိုအချိန်မှစ၍တူတွဲ၍ရှိခဲ့ကြလေသည်။


သို့သော်ဘယ်အရာကများသုနန်ကိုထိုသူငယ်လေးအပေါ်ပြောင်းလဲစေခဲ့ပါသနည်း။


နောင်တော်ဝမ်းကွဲများကလင်္ကာအားစနောက်သေရည်တိုက်ရာမှ လင်္ကာ၏ချစ်ခြင်းအားဝန်ခံခဲ့ရာမှလား။


ဒါမှမဟုတ်သူရူးမတတ်ရှာဖွေခဲ့ရလေသောအမှန်တရားအားသိလိုက်ခဲ့စဉ်ကလား မသဲကွဲပါတော့ချေ။


သုနန်ဆက်လည်းမစဉ်းစားချင်တော့ပေ။စဉ်းစား၍လည်းမဖြစ်ချေတော့ပြီ။


တစ်ခုကိုလိုချင်လျှင်တစ်ခုကိုစွန့်လွှတ်ရပေလိမ့်မည်။လောဘကြီးစွာပိုင်ဆိုင်လိုခြင်းဖြစ်၍မရပြီ။


သူသည်လည်းသူ့လိုချင်သောအရာအားပြတ်သားစွာသိနေလေသည်။


စွန့်လွှတ်ရမည့်အရာနှင့်ပိုင်ဆိုင်ရမည့်အရာတို့သည်ဆန့်ကျင်ဘက်လမ်းသို့သာဦးတည်သွားလေသည်။


ရွေးချယ်စရာသည်လည်းနှစ်မျိုးရှိပေသည် ကာကွယ်လိမ့်မလားသို့မဟုတ်သူ၏လက်ဖြင့်သူကိုယ်တိုင်ပင်ဖျက်ဆီးပစ်လိမ့်မလား။


ထိုသူငယ်လေးသည်ယခုမှ၁၅နှစ်မျသာရှိနေသေးလေသည်။ထို့အပြင်အမြဲတစေသူ့အားတွယ်ကပ်နေခဲ့သူသည်ယခုတွင်တော့သူ့အားမြင်ချင်စိတ်ပင်ရှိပုံမရ။


" အလင်္ကာ ကိုယ်တော်ပိုင်လို့မဖြစ်တဲ့ကိုယ်တော့်ရဲ့အလင်္ကာကိုယ်တော့်ရဲ့လမ်းကိုကိုယ်တော်ရွေးခဲ့သလို မင်းလည်းမင်းရဲ့လမ်းမှန်ကိုသာသေချာရွေးချယ်လျှောက်ပါ 


ကိုယ်တော့်အနားမှာဆက်ကပ်တွယ်နေခဲ့မယ်ဆိုရင် ကာကွယ်ပေးရမဲ့အစားကိုယ်တော်ကိုယ်တိုင်ကဖျက်ဆီးပစ်နေရလိမ့်မယ်


ကိုယ်တော့်ရဲ့အဝေးဆုံးမှာသာနေပါ လင်္ကာရယ် "


ထိုအခိုက်၌သုနန်သည်မည်သူမှကြားမည်မဟုတ်သောသူ၏ရင်တွင်းစကားတို့အားကြွေလွင့်နေသောပိတောက်တို့အားတိုင်တည်ပြောဆိုခဲ့ပေသည်။


____________________________________________________________________________


{ အိပ်မက်ဆိုးတွေကနေဘယ်တော့မှမလွတ်မြောက်နိုင်ဘူး }


လင်္ကာသည်နန်းတော်မှပြန်လာပြီးသည့်အချိန်မှစကာသူ၏ဆုံးဖြတ်ချက်တို့သည်ပို၍ပြတ်သားလာခဲ့သည်။


သူသည်အတိတ်ကိုမမေ့ပစ်နိုင်ခဲ့သော်လည်းအနာဂတ်ကိုမူသေချာပေါက်ပင်ပြောင်းလဲရပေမည် ။


နန်းတော်အတွင်းရှိမည်သည့်လူမဆိုဖြူစင်ကြသည်ဟူ၍မရှိ တချို့ကဥစ္စာရရေးအတွက် တချို့ကနှောင်ကြိုးများအတွက်မိမိဖို့သာကြည့်ကြသောလူများသာစုဝေးရာအရပ်ဖြစ်သည်။


ယောက်ျားသားများကဘုန်းတန်ခိုးအာဏာအတွက်ယှဉ်ပြိုင်တိုက်ခိုက်ကြသည် ။ အနောက်နန်းဆောင်မှမိန်းမသားများကမျက်နှာသာပေးခံရရေးနှင့်မိမိ၏ရင်သွေးတို့အနာဂတ်အတွက်တိုက်ခိုက်ကြလေသည်။


မည်သည့်နေရာတစ်လက်မကမျှတရားမျှတမူနှင့်သန့်စင်မူဟူ၍မရှိပေ။ ပန်းမာလာများထုံသင်းနေသောပန်းခင်းသည်ပင်လျှင်လူသတ်အလောင်းဖျောက်ရာအကောင်းဆုံးနေရာဒေသကြီးပင်ဖြစ်နေနိုင်သည်။


နန်းတော်သည်လူ့အသွေးအသားအရိုးများပေါ်တွင်ထပ်၍တည်ဆောက်ထားသကဲ့သို့အသက်ပေါင်းမည်မျှဤနေရာကျဉ်းကျဉ်းဝယ်ဆုံးရူံးခဲ့ရသလဲမည်သူမျှမသိနိုင်ပေပြီ။


အတိတ်ကသူသည်လည်းထိုသို့သောအရူးများထဲမှတစ်ယောက်အပါအဝင်ဖြစ်လေသည်။သူတိုက်ခိုက်ရသည့်အကြောင်းအရင်းကားနှောင်ကြိုးလေးတစ်စအတွက် အရှင့်၏အပြုံးတစ်ပွင့်သူ့ထံသို့စွန့်ကြဲလာရန်သူသည်မည်သည့်အရာမျိုးမဆိုဆောင်ရွက်ပေးရန်အလိုရှိလေသည်။


သူသည်အရှင့်၏ဓားတစ်လက်ဖြစ်ခဲ့ဖူးပေ၏။


လင်္ကာသည်အတိတ်မှအကြောင်းတို့ကိုတွေးမိလေမိမိကိုယ်ကိုလှောင်ရီချင်လေပင်။အရှင့်အပေါ်ထားသည့်သူ၏အချစ်တို့သည်သာစစ်မှန်ခဲ့လေသည်။


အိမ်တော်သို့ပြန်ရောက်သည်နှင့်အကြောင်းသိအမတော်ကသမားတော်အသင့်ပင့်ထားလေသည် ။


လင်္ကာမှာမိမိအမတော်၏မိမိအကြောင်းသ်ပုံအားအံ့ဩပင်မနေတော့ပေ။


ငယ်စဉ်ကတည်းကအရိပ်တကြည့်ကြည့်ပြုစုစောင့်ရှောက်ခဲ့သူမဟုတ်ပါလား။


ရာသီဥတုပူသည်ဖြစ်စေအေးသည်ဖြစ်စေလင်္ကာသည်မည်သည့်အခါတွင်မျှချောင်းဆိုးမပြတ်ခဲ့ချေ တစ်ခါတစ်ရံနွေခေါင်ခေါင်‌တွင်ပင်ချမ်းနေတတ်သေး၏။


မိမိ၏ပိန်သွယ်ဖြူဖျော့နေသောခန္ဓာကို။ယ်အားတွေးမိကာသက်ပြင်းကြီးကြီးသာချမိတော့လေသည်။


သူကအရင်ကတည်းကဒီလိုပျော့ဖတ်ဖတ်ဖြစ်နေခဲ့တာလား ။


သမားတော်၏ရှည်လျှားစွာသောဆေးသောက်ရန်အချိန်စာရင်းအားနားထဲထိုးသွတ်ထည့်ပြီးသည့်နောက်တွင်တော့ သည်းသည်းလူပ်အမတော်၏ဆုံးမစကားတို့အားနားထောင်ရန်အသင့်ပြင်ထားလေချေသည်။


ဒီလိုအသံမျိုးလေးကိုလွမ်းနေတာအရမ်း 


အရမ်း ကိုမှကြာခဲ့လေပြီ။


သို့သော်ဤတစ်ကြိမ်တွင်မူကားအမတော်သည်သူသားဆုံးမစကားအရှည်ကြီးဆိုမလာခဲ့ချေ။ ထိုအစားသူ၏လက်တို့ကို‌ဆွဲကိုင်ကာအပြုံးဖွဖွဖြင့်သာမှာလေသည်။


" မောင်ငယ်ကအရှင့်သားကိုဘယ်လိုစိတ်မျိုးထားလဲဆိုတာအမတော်သိပါတယ် ဒါပေမဲ့မောင်ငယ်အတွက်အရှင့်သားကသူရဲ့နှလုံးသားတစ်ခုလုံးကိုပေးနိုင်မှာမဟုတ်သလို သူ့ပိုင်ဆိုင်မူထဲကဘယ်အရာကိုမှခွဲဝေပေးနိုင်မှာမဟုတ်ဘူးအမတော်ကမောင်ငယ့်ရဲ့မေတ္တာအရေးကိုဝင်စွပ်ဖက်တာမဟုတ်ပေမဲ့မောင်ငယ်ပျော်နေတာကိုဘဲမြင်ချင်တယ် မဟုတ်ရင်မောင်ငယ်စိတ်ဆင်းရဲရတိုင်း အမတော်နဲ့အကိုတော်တို့ကရင်ကွဲရလိမ့်မယ်ကောင်းကောင်းအနားယူပြီးအားမွေးပါမောင်ငယ့်အနားမှာဒီသွေးချင်းကြီးနှစ်ယောက်လုံးရှိပါသေးတယ် "


အမတော်သည်သူ့အားအလွန်ကိုမှသွေးထွက်အောင်မှန်သောစကားတို့အားမှာကြားခဲ့လေသည်။


ခံစားချက်တို့မိုးမွှန်နေခိုက်ဝယ်အမတော်သည်သူ့အားဆေးခါးခါးကြီးနှစ်ခွက်အားအကုန်အစင်သောက်ခိုင်းခဲ့လေသည်။


နားပူရမည့်အစားလည်ချောင်းပူခဲ့လေပြီ။လင်္ကာ၏ငိုမဲ့မဲ့ပုံစံလေးကိုတွေ့မှသဘောတကျတဟားဟားရီကာထွက်သွားလေသည်။


တကယ်ကိုပါပဲစစ်သူကြီးအိမ်တော်ကသမီးလို့ကိုမပြောရဘူးရီတာကြီးကအစရန်သူတွေလန့်သေလောက်တယ် ။


အချိန်မည်မျှပင်မကြာလိုက် ဆေးစွမ်းပြကာအမှန်ပင်အိပ်ချင်လာပေသည်။


ပိုးမွှေ့ယာထက်ဝယ်အလှလေးတစ်ပါးအိပ်မောကျနေသည်မှာစာဖွဲ့၍ပင်မမှီနိုင်လောက်ပေ။



____________________________________________________________________________



🐳