Chapter - 3
Viewers 470




Volume - 1 CHAPTER - ( 3) 








{ အလိုလိုက်လွန်းသောမျက်နှာတည်အစ်ကိုတော် }






စစ်သူကြီးအိမ်တော်၏ကိုယ်ပိုင်စစ်ရေးလေ့ကျင့်ကွင်းဝယ်ဒီပသည်မိမိ၏တပ်သားသစ်တို့အားကိုယ်တိုင်ကိုယ်ကျပင်ကိုယ်ခံပညာအားသင်ကြားပေးနေလေသည်။


ဒီပသည်လင်္ကာကဲ့သို့မဟုတ်ဘဲနေလောင်ကာကြေးနီရောင်သမ်းနေသောကျန်းမာသည့်အသားအသာအရေနှင့် ကိုယ်ခံပညာလိုက်စား၍တောင့်တင်းကျစ်လစ်သောခန္ဓာကိုယ် ဩဇာဂုဏ်အပြည့်ရှိသောမျက်ခုံးတန်းတို့နှင့်သေသပ်သောမေးရိုး တို့ဖြင့်အမှန်ပင်စစ်သူကြီးတစ်ယောက်၏ဂုဏ်တို့နှင့်ပြည့်စုံပေသည်။


နိူင်းယှဉ်ကြည့်ပါလျှင် လင်္ကာနှင့်ဒီပတို့မှာမိဘတစ်ဦးတည်းကပင်ဖွားမြင်သည်ဟူ၍မည်သို့မျှယုံနိုင်စရာမရှိချေ။


မိမိတို့စစ်သူကြီးကိုယ်တိုင်သင်ကြားပေးသည်ဖြစ်၍တပ်သားအသစ်လေးတို့မှာမည်မျှပင်သေချင်စော်နံနေပါသော်လည်းမခိုမကပ်လေ့ကျင့်နေရလေသည်။


ထိုအခိုက်တွင်အိမ်တော်မှကိုယ်ရံတော်ခေါင်းဆောင်သည်ကြောက်ကြောက်လန့်လန့်ဖြင့်သတင်းပို့လာလေသည်။


" စစ်သူကြီး သခင်လေးကစစ်သူကြီးကိုနားနေဆောင်မှာတွေ့ဖို့ရောက်နေပါတယ် အဲ့ဒါ "


" ခဏစောင့်ခိုင်းလိုက် " 


သတင်းပို့သောကိုယ်ရံတော်ခေါင်းဆောင်မှာယခုမှမိမိမျက်နှာမှချွေးစက်များအားသုတ်လိုက်ရချေသည်။မိမိတို့၏စစ်သူကြီးသည်စစ်ရေးလေ့ကျင့်ပေးနေချိန်၌မည်မျှပင်အရေးကြီးသည့်ကိစ္စဖြစ်ပါစေဂရုမစိုက်တတ်ချေ။တချို့သောလာတွေ့သည့်အမတ်များဆိုလျှင်တစ်နေကုန်ထိုင်စောင့်ပါသော်လည်းမတွေ့ရဘဲရှိခဲ့သည်ကများလေသည်။


နားနေဆောင်၌လင်္ကာသည်အေးအေးလူလူပင်စောင့်ဆိုင်းနေလေသည်။ပြန်ရှင်သန်လာပြီးကတည်းကနေမကောင်းဖြစ်တာနဲ့ဘဲယခုထိအိမ်တော်အပြင်တောင်သေသေချာချာမထွက်ရသေးသောသူ့အဖို့ယနေ့တွင်တော့အကိုတော့်‌ဆီကနေခွင့်တောင်းပြီးနေရာစုံလျှောက်လည်ရန်တွေးထားလေသည်။


ဒီပသည်မိမိ၏ချစ်ညီငယ်လေးအားအဝေးမှတွေ့လိုက်ရချိန်၌အမှန်ပင်စိတ်မကောင်းဖြစ်မိလေသည်။ပိန်ပါးကာဖြူဖပ်နေသောအသွင်လေးမှာကျန်းမာရေးမကောင်းသည်မှာသိသာလှ၏။


ငယ်စဉ်ကတည်းကအလိုလိုက်ခံ၍ကြီးပြင်းခဲ့ရသောလင်္ကာငယ်လေးသည်မိသားစုအပေါ်ဆိုးသကဲ့သို့သူ၏စကားအားလည်းဘယ်သောအခါမှနားထောင်ခဲ့ခြင်းမရှိချေ။ယခုလိုလင်္ကာသည်သူ့အားလာရှာသည်မှာအရေးကြီးကိစ္စပင်ဖြစ်ရချေမည်။


လင်္ကာသည်အစ်ကိုတော်အားလှမ်းတွေ့လိုက်ရချိန်၌လက်ပြ၍ပြုံးကာအမြန်လာခိုင်းလေသည်။


" မြန်မြန်လာပါအစ်ကိုတော်ရဲ့ နေပူကြီးထဲမှာရပ်ကြည့်မနေနဲ့လေ ဖျားနေပါ့မယ် "


တိုင်းပြည်တစ်ခွင်တည်တည်ကြည်ကြည်မျက်နှာပေးဖြင့်ကျော်ကြားသောစစ်သူကြီးဒီပမှာချစ်ညီငယ်လေး၏ချိုချိုသာသာစိတ်ပူပေးသေးစကား၌ အရည်ပျော်ကျမတတ်ဖြစ်ရချေပြီ။


‌ယခုအချိန်၌လင်္ကာတောင်းဆိုသမျှအားအလိုလိုက်လျောပေးရန်အမှန်ပင်ဆန္ဒရှိလေသည်။


လင်္ကာသည်မိမိ၏အစ်ကိုတော်အားခဏမျှခိုးကြည့်ကာစကားစလိုက်လေသည်။


" ဟို ဟိုလေအစ်ကိုတော်


ကျွန်တော့်ကိုလေကိုယ်ခံပညာလေးနည်းနည်းလောက်သင်ပေးလို့ရမလားဟင် "


မရှိမဲ့ရှိမဲ့မျက်ရည်အားညှစ်ထုတ်ကာမျက်လုံးအဝိုင်းသားဖြင့်တောင်းဆိုနေသောညီငယ်လေးကိုကြည့်ကာဒီပသည်အံ့ဩတကြီးဖြစ်နေလေသည်။


လင်္ကာကဘယ်တော့မှပင်ပင်ပန်းပန်းအလုပ်ဆိုမလုပ်ခဲ့ဖူးဘူးလေ...ကိုယ်ခံပညာသင်ဖို့ဆိုအဝေးကြီးဒီလိုသူ့ညီငယ်လေးကသင်ပေးဖို့ကိုယ်တိုင်တောင်းဆိုလာတယ်ဆိုတော့ အရှင့်နဲ့နောက်လိုက်တွေသူ့ကိုအနိုင်ကျင့်တာကိုပြန်ချမလို့နေမယ်...


ကောင်းလိုက်တာ အရင်တုန်းကဆိုရင်သူ့ညီလေးကဘယ်တော့မှသူ့ဆီအကူအညီတောင်းဆိုခဲ့တာမဟုတ်ဘူး။အခုသူကိုယ်တိုင်ပြောနေပြီဆိုတော့လည်းချစ်ညီလေးအတွက်သူတို့အကုန်လုံးကို အဖေအမေတောင်မမှတ်မိတော့တဲ့အထိရိုက်နိုင်အောင်ဒီအစ်ကိုကြီးကသင်ပေးမယ်...


" ပင်ပန်းမှာလေ ပင်ပန်းတဲ့ဒဏ်ကိုသည်းခံနိုင်ပါ့မလား "


ဒီပသည်မျက်နှာထားတည်တည်ဖြင့်မေးလိုက်ရသော်လည်းသူ၏ပုံစံအားလင်္ကာလန့်၍ထွက်ပြေးမှာလည်းကြောက်ရသေးသည်။


" မဖြစ်ပါဘူးအကိုတော်ရယ် ဒီကညီတော်ကသေချာပေါက်ကို ကြိုးကြိုးစားစားသင်ယူပြီးတော့အစ်ကိုတော်ကြီးလိုမျိုး အရမ်းအရမ်းတော်ပြီးခန့်ညားချင်တာ "


ချစ်စရာကောင်းမူအဖုံဖုံဖြင့်ဒီပသည်အနိုင်ပိုင်းခံလိုက်ရလေသည်။လင်္ကာမတောင်းဆိုသော်လည်းတစ်ချိန်ချိန်တွင်သင်ကြားပေးရန်စိတ်ကူးထားပြီးဖြစ်သည်။


" မနက်ဖြန်မိုးမသောက်ခင်လေ့ကျင့်ရေးကွင်းကိုလာခဲ့ အပျင်းကျလို့မရဘူး အချောင်ခိုလို့မရဘူး တပ်သားအသစ်တွေနဲ့တန်းတူလေ့ကျင့်ရမယ် "


" ဟုတ်ကဲ့ အစ်ကိုတော် "


လိုချင်တာရသည့်အခါအမြဲတမ်းပျော်ရွှင်မြူးတူးနေတတ်သောလင်္ကာအားကြည့်ကာဒီပလည်းပြုံးမိချေသည်။ဒီညီငယ်လေးကအမြဲတမ်းသူချစ်ခင်ပေးပြီးကာကွယ်ပေးရမဲ့ကလေးလေးဖြစ်နေဦးမှာပါဘဲလေ။


" ဒါနဲ့လေနည်းနည်းလေးထပ်ပြောစရာရှိသေးတယ် ဒီနေ့တစ်နေကုန်လေအပြင်မှာလျှောက်လည်ချင်လို့ အဲ့တာအိမ်တော်ကိုညနေစာအချိန်မှိပြန်မရောက်လောက်ဘူးထင်တယ် အစ်မတော်ကိုကူပြောပေးပါဦးလားဟင် "


" ဟုတ်ပါပြီ ပြန်လာရင်သာနေမကောင်းမဖြစ်စေနဲ့ ပြီးတော့ဘယ်သူ့အနိုင်ကျင့်တာမှလဲမခံနဲ့နော် မင်းကိုအနိုင်ကျင့်တဲ့ဘယ်သူကိုမဆိုအစ်ကိုတော်ကဝက်ရုပ်ပေါက်တဲ့အထိရိုက်ပေးမယ် အစ်ကို့တော့်ကိုသာလာပြေးတိုင်ချည် ဟုတ်ပြီလား အသပြာမလောက်ရင်အိမ်တော်ထိန်းဆီမှာထုတ်လိုက်ချည် အစ်ကို‌တော်ကယူခိုင်းတာလို့ပြောလိုက် "


လင်္ကာသည်သက်ပြင်းဖွဖွချကာတွေးမိလေသည်။ဒီလောက်ထိအလိုလိုက်နေမှတော့လဲအရင်တုန်းကသူဆိုးသွမ်းချင်တိုင်းဆိုးသွမ်းနေခဲ့တာမဆန်းတော့ပါဘူးလေ ။


" ဟုတ်ကဲ့အစ်ကိုတော် အဲ့ဒါဆိုအစ်မတော်ကိုထိန်းပေးပါဦးနော် "


" မင်းအစ်ကိုတော်ကြီးကိုဘဲစိတ်ချထားလိုက်စမ်းပါ အိမ်ပြန်အရမ်းနောက်မကျစေနဲ့သွားတော့သွားတော့ "



ထိုတစ်နေ့၌လေ့ကျင့်ရေးကွင်းမှတပ်သားငယ်လေးတို့သည်ညီလေး၏ချီးကျူးစကားတို့အားပီတိဖြာကာတစ်နေကုန်ပြုံးလျှက်ကျန်ခဲ့ပါသောမိမိတို့စစ်သူကြီးအားမနည်းပင်သတိဝင်အောင်ပြောယူခဲ့ရပေသည်။


____________________________________________________________________________



🐳