Ch 5
Viewers 2k

(5)

 

ထိုအချိန် ဝေးကွာတဲ့နဂါးငွေ့တန်းမှာရှိနေတဲ့ ဗိုလ်မှူးကြီးယန်က သားရဲလူသားအင်ပါယာရဲ့ သံတမန်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ရင်းနှီးကျွမ်းဝင်စွာစကားပြောနေခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့တွေ ပထမဆုံးအစည်းအဝေးကို သားရဲလူသားအင်ပါယာမှာရှိတဲ့ ဂြိုလ်တစ်ခုပေါ်မှာ  လုပ်ဖို့အတွက် သဘောတူခဲ့တယ်။

 

သံတမန်ရေးရာဆက်ဆံရေး ထူထောင်မှုက အလွန်ကိုမှချောမွေ့ခဲ့ပြီး ထိန်းချုပ်ခန်းထဲမှ ဝန်ထမ်းများစွာကို စိတ်သက်သာရာ ရစေခဲ့တယ်။ သူတို့ဘက်မှအရာရှိ(ဗိုလ်ချုပ်ကြီး)က သံတမန်ရေးရာဆက်ဆံရေးရဲ့အရေးပါမှုကို အလေးထားပုံရတယ်။ ဒါကြောင့်လည်း သူတို့ဘက်မှလူတွေက ဒီကိစ္စကို အလေးအနက်ဆောင်ရွက်ခဲ့ကြတယ်။

 

သို့ပေမယ့် သူတို့တွေက ဗိုလ်ချုပ်ကြီး ရုတ်တရက် မျက်မှောင်ကြုပ်လိုက်တာကို တွေ့ရမယ်လို့ သူတို့မထင်မိခဲ့ကြဘူး။ တကယ်တမ်းမှာ သူတို့ဗိုလ်ချုပ်ကြီးရဲ့မျက်နှာက ဘာအမူအရာမှမရှိတတ်ဘဲ အမြဲတမ်းအေးစက်နေတတ်တယ်။

 

ဒါပေမဲ့လည်း သူတို့တွေ သူတို့ရဲ့ဘော့စ်နဲ့ အချိန်အတော်ကြာအတူရှိခဲ့ဖူးတာကြောင့် သူတို့ဆီမှာ သေးငယ်တဲ့အမူအရာလေးတွေကအစ ဂရုပြုတတ်တဲ့စွမ်းရည်တွေ ရှိနေပြီလေ။ ဒါကြောင့် သူတို့ရဲ့ဘော့စ် မျက်မှောင်ကြုပ်လိုက်တာက လူတိုင်းကို သတိရှိသွားစေခဲ့တယ်။ မတိုင်ခင်တုန်းက ဖုန်းခေါ်ဆိုမှုကတော့ သာမန်ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်ခဲ့တာ သေချာပါတယ်...

 

သားရဲအင်ပါယာနဲ့ပတ်သက်ပြီး သူတို့သိခဲ့တာကို အကဲဖြတ်ရရင် နည်းပညာတိုးတက်မှုက သူတို့နဲ့တန်းတူနီးပါးရှိနေတယ်။ ပဋိပက္ခတွေတစ်ခုခုရှိလာခဲ့မယ်ဆိုရင် အကူအညီရယူဖို့အတွက် နဂါးငွေ့တန်းတွေများစွာကို ဖြတ်သန်းပြီးလာရမှာဖြစ်တဲ့အတွက် အဆင်ပြေမှာမဟုတ်ဘူး။

 

ဒါကြောင့် ဗိုလ်ချုပ်ကြီးနဲ့အတူလိုက်ပါလာခဲ့ကြတဲ့ များစွာသော ဝန်ထမ်းများက သူတို့ရဲ့ဗိုလ်ချုပ်ကြီး တစ်စုံတစ်ခုကိုအမိန်းပေးလမ်းညွှန်ချက် ထုတ်ပြန်မှာကို တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေခဲ့ကြတယ်။

 

အဖွဲ့ခေါင်းဆောင်က အရင် အရှေ့သို့တိုးလာခဲ့တယ်။

 

" ဗိုလ်ချုပ်?"

 

ဗိုလ်မှူးကြီးယန်က တည်ငြိမ်တဲ့ အသံဖြင့်ပြောလာတယ်။

 

" သားရဲလူသားသံတမန်တွေကို စီစဥ်ပေးထားတဲ့ ဂြိုလ်ကိုသွားမယ်..  နှစ်ဖက် သဘောတူညီမှုကို လက်မှတ်ထိုးဖို့အတွက် အဆင်သင့် ပြင်ထားလိုက်"

 

လူအုပ်စုက ရုတ်တရက်ပဲ စိတ်အေးသွားခဲ့ရတယ်။ ဗိုလ်ချုပ်ကြီးကတော့ အမိန့်ပေးပြီးနောက် ထိန်းချုပ်ထဲကနေ ခြေလှမ်းကျဲကျဲနဲ့ထွက်သွားပြီး သူ့ရဲ့ကိုယ်ပိုင်နားနေခန်းဆီသို့ ဦးတည်သွားခဲ့တယ်။

 

သူအခန်းထဲကို ဝင်တဲ့အချိန်မှာ ပထမဆုံးလုပ်တဲ့အရာကတော့ မှန်ရှေ့ကိုသွားပြီး ဦးထုပ်ကိုချွတ်လိုက်ကာ သူ့ရဲ့ဆံပင်တွေကိုစိုက်ကြည့်လိုက်တာပဲ။ ကုယန်ကျန်းရဲ့မျက်ခုံးတွေက အနည်းငယ်တွန်းချိုးနေခဲ့တယ်။

 

ကမ္ဘာဦးသစ်ပင်ရဲ့သစ်ရွက်တွေက ဆောင်းရာသီမှာသာ ကြွေကျလေ့ရှိတယ်။ ဒါက ပုံမှန်ပဲဖြစ်ပြီး ဘာပြဿနာမှမရှိပါဘူး။

 

ဒါပေမဲ့ သူတိုက်ခိုက်ခံရတဲ့အချိန်မှာ ကြွေကျလာတဲ့သစ်ရွက်တွေကတော့ သူ့ရဲ့ ဆံပင်တွေလိုပဲဖြစ်ပြီး နာကျင်မှုအနည်းငယ်ကို ဖြစ်ပေါ်တယ်။ ခုနတုန်းက  သူ့ရဲ့ဦးရေပြားတစ်ခုလုံး နာကျင်နေခဲ့တာ။

 

ဆိုလိုတာကတော့ ကမ္ဘာဦးသစ်ပင်ကြီးဆီမှာ သစ်ရွက်တွေအားလုံး ကြွေသွားပြီဆိုတဲ့ သဘောပဲ!

 

သူ့ မိသားစုရဲ့ အကြမ်းဖက်တတ်တဲ့ ခြင်္သေ့လေးက သစ်ရွက်တွေအရှားပါးဆုံးဖြစ်တဲ့ဆောင်းရာသီမှာတောင် ရွှေရောင်သစ်ရွက်တွေပြည့်နေတဲ့သစ်ပင်ကြီးကို မြင်တွေ့ရဖို့ စိတ်အားထက်သန်နေတတ်တယ်။

 

သူက ရွှေရောင်သစ်ရွက်တွေနဲ့ကစားရတာကို အလွန်သဘောကျလေ့ရှိတယ်။ တစ်နည်းပြောရရင် ရွှေရောင်သစ်ရွက်တွေအားလုံး ကြွေကျသွားတဲ့အချိန်တွေမှာ အကြမ်းဖက်တတ်တဲ့ ခြင်္သေ့လေးဟာ ဘာမှမရှိတဲ့သစ်ကိုင်းတွေကို ကြည့်ရင်း သက်ပြင်းတွေချနေလိမ့်မယ်။

 

ပြီးရင် သစ်ပင်ကိုပွတ်သပ်နေတတ်တဲ့ သူ့ရဲ့ကြိမ်နှုန်းတွေကလည်း လျော့ကျသွားလိမ့်မယ်။ ကံကောင်းတာတစ်ခုက သစ်ရွက်ကြွေတာက သူ့ဆံပင်တွေကိုတော့ မဆုံးရှုံးခဲ့ဘူး...

 

ဒီလိုဆိုရင်တောင် နှစ်တွေအတော်ကြာပြီးနောက်မှာ သူ အကျင့်တစ်ခု ရရှိလာခဲ့တယ်။

 

သူ့ရဲ့သစ်ရွက်တွေ ရွှေရောင်ဖြစ်လာတာနဲ့ ဒီသစ်ရွက်တွေကို ဓားသွားလိုသုံးပြီးတိုက်ခိုက်တတ်တာကို လျှော့ချလာလေ့ရှိပြီး သစ်ရွက်တွေကို သစ်ပင်ပေါ်မှာ အချိန်ကြာမြင့်စွာ တည်ရှိနိုင်စေဖို့ဂရုစိုက်လာလိမ့်မယ်။

 

အခုက ဘယ်လိုရန်စမှုတွေများဖြစ်ခဲ့လို့ သူ့ရဲ့အဖော်ဖြစ်တဲ့သစ်ပင်ကြီးက ဒီလောက်ကြီးမားတဲ့ ပြန်လည်တိုက်ခိုက်မှုမျိုးကို ဖြစ်စေခဲ့တာလဲ? သူ့အနေနဲ့ ဒီကနေ ဘယ်လိုဘေးအန္တရာယ်မျိုးကိုမှလည်း မခံစားခဲ့ရပါဘူး?

 

ဗိုလ်မှူးကြီးယန်က သူ့ရဲ့စစ်တပ်ဦးထုပ်ကို လှမ်းယူပြီး တဲ့မတ်စွာ ပြန်ဆောင်းလိုက်တယ်။  အဲဒီနေရာမှာ ဘာတွေပဲဖြစ်နေပါစေ သူ့ရဲ့ပထမဦးစားပေးက သားရဲလူသားအင်ပါယာနဲ့ သံတမန်ရေးရာဆက်ဆံရေးထူထောင်ဖို့ပဲ။ ဒါမှ သူ ခြင်္သေ့လေးကို ပြန်ရှာတွေ့မှာ။

 

ပြောင်ရှင်းနေတဲ့ ကမ္ဘာဦးသစ်ပင်အဖြစ်နဲ့ သူ့မိသားစုရဲ့ခြင်္သေ့လေး ရှာတွေ့သွားမှာကို ရှောင်ဖို့အတွက် ကုယန်ကျန်းတစ်ယောက် သူ့ရဲ့ခန္ဓာကိုယ်ထဲမှ သစ်သားစွမ်းရည်တွေအားလုံးကို စုရုံးပြင်ဆင်ခဲ့ပြီး ကမ္ဘာဦးသစ်ပင်ကြီး နောက်တစ်ကြိမ် အရွက်ဖူးတွေထွက်လာဖို့ ဆန္ဒပြင်းပြစွာ ဆောင်ရွက်ခဲ့တယ်။

တစ်ဖက်မှာတော့ ခြင်္သေ့လေးက ငိုနေတာကိုရပ်တန့်လိုက်ပြီး ကမ္ဘာဦးသစ်ပင်ကြီးရဲ့ဘေးကို လျှောက်သွားခဲ့တယ်။

 

ချီကျွင့်က သူ့ရဲ့မျက်ရည်တွေနဲ့စိုရွှဲနေတဲ့ ခြင်္သေ့လက်ဖဝါးလေးတွေကို ခါလိုက်ပြီး မြေပြင်ပေါ်မှ ရွှေရောင်အရွက်ကြီးနှစ်ရွက်ကို ဆွဲယူလိုက်တယ်။ ထို့နောက် ပြောင်ရှင်းနေပြီဖြစ်တဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို နောက်တစ်ခေါက် သူပြန်ကြည့်လိုက်ပြန်တယ်။

 

သေစမ်း! သူအရမ်းကို စိတ်ဆင်းရဲနေရတုန်းပဲသူ့ရဲ့စိတ်ခံစားချက်တွေဟာ ဆက်တိုက်နိမ့်ဆင်းနေခဲ့ပြီး မချင့်မရဲခံစားချက်တွေလည်း ရှိနေခဲ့တယ်...

 

ချီကျွင့် သူ့ရဲ့စိတ်ဓာတ်ကျမှုတွေက အဆများစွာ ချဲ့ကားခံနေရသလို ခံစားမိတယ်။  ဒီခံစားချက်ကို ရှင်းပြလို့တော့မရဘူး။

 

သူ့အနေနဲ့ ကမ္ဘာပျက်ကိန်းကိုလည်းကြုံတွေ့ခဲ့ရပြီး ကုယန်ကျန်းရဲ့ကမ္ဘာဦးသစ်ပင်ကြီး အရွက်တွေပြောင်ရှင်းသွားတာကို မြင်ရတာကလည်း ဒါပထမဆုံးအကြိမ် မဟုတ်ခဲ့ဘူး။

 

သူ ကုယန်ကျန်းရဲ့အခြေအနေကို စိုးရိမ်ရင်တောင် လောကကြီးကိုစိတ်ကုန်ပြီး သေချင်တဲ့အတွေးလောက်အထိတော့ တွေးမနေသင့်ဘူး။

 

သူတစ်ခါ သေခဲ့ပြီးပြီ။ ခြင်္သေ့လေးဟာ  မြေပြင်ကို စိုက်ကြည့်လိုက်ပြီး သူ့ရဲ့ ပယင်းရောင် သားရဲမျက်လုံးလေးတွေကလည်း မချင့်မရဲစိတ်တွေ၊ ဇွဲလုံ့လဝီရိယနဲ့ ခေါင်းမာမှု၊ စတဲ့ခံစားချက်တွေနှင့် တလက်လက်တောက်ပနေခဲ့တယ်။

 

ထို့နောက် သူ့ရဲ့မျက်လုံးထောင့်ကနေ အရွက်တွေ ပြောင်ရှင်းသွားတဲ့ကမ္ဘာဦးသစ်ပင်ကြီးဆီမှာ အစိမ်းရောင်ဖျော့ဖျော့လေးတွေပေါ်လာတာကို မြင်လိုက်ရတယ်။ ထိုအရာတွေက အစပိုင်းမှာ သိပ်ပြီး မသိသာပေမဲ့ ဖြည်းဖြည်းချင်း သူ့ရဲ့မျှော်လင့်ချက်အတိုင်း ထွက်ပေါ်လာခဲ့တယ်။

 

ချီကျွင့်ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်မှုတွေကလည်း ပျောက်ကွယ်သွားခဲ့ပြီး  ကမ္ဘာဦးသစ်ပင်ကြီးအပေါ်ကို ခုန်တက်လိုက်မိတယ်။

 

သူ သစ်ပင်ကြီးပေါ်ကိုတက်လိုက်ပြီး ထွက်ပေါ်လာတဲ့ သစ်ရွက်စိမ်းလေးတွေကိုသေသေချာချာစူးစမ်းလေ့လာဖို့ ခေါင်းကို အနားသို့တိုးလိုက်တယ်။

 

အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့ ခြင်္သေ့လေးရဲ့စိတ်တွေက ပြန်လည်လန်းဆန်းလာခဲ့ပြီး သူ့ရဲ့ထိန်းချုပ်မှုလျော့နည်းခဲ့ခြင်းဟာလည်း အထင်မှားခြင်းသက်သက်သာဖြစ်ခဲ့တာများလားလို့ တွေးလိုက်မိလာရတယ်။

 

ချီကျွင့် သစ်ပင်ပေါ်မှာ ဆောင့်ကြောင့်လေးထိုင်လိုကာပြီး သစ်ပင်ပေါ်မှာ နောက်တစ်ကြိမ်ထွက်ပေါ်လာတဲ့ အရွက်ဖူးလေးတွေကို စိုက်ကြည့်နေခဲ့တယ်။

 

ပြီးတော့ သူက လေးနက်စွာပြောလိုက်မိတယ်။

 

" ယန်ကျန်းကျန်း.. ကျွန်တော်တော့ ကျွန်တော့်ဆီမှာ စိတ်အတက်အကျဖြစ်လွယ်တဲ့ ရောဂါဖြစ်နေပြီလို့ထင်တယ်"

 

ယခင်တုန်းက အခြေစိုက်စခန်း အေမှာ လူအများကြီး ထိုရောဂါကို ခံစားခဲ့ရတယ်။ အဆုံးမှာတော့ သူတို့တွေက ကမ္ဘာပျက်ကိန်းကို ရင်ဆိုင်ခံစားခဲ့ရတဲ့လူတွေပဲလေ။

 

သူတို့တွေက သူတို့ချစ်ရတဲ့သူတွေ အသိစိတ်ပျောက်ကွယ်သွားခဲ့ပြီး သွေးတွေစွန်းပေနေတဲ့ ပါးစပ်တွေကို ဖွင့်ဟကာ လူတွေအပါအဝင် သက်ရှိတွေအားလုံးကို ကိုက်ဖြတ်ခဲ့နေတာကို ကြည့်ခဲ့ရတယ်။

 

သူတို့တွေ အသက်ရှင်နေခဲ့ရင်တောင် နေ့စဥ်ရက်ဆက် ဇွန်ဘီတွေကိုသတ်ဖြတ်ရပြီး သေခြင်းရှင်ခြင်းရဲ့ အစွန်အဖျားမှာ နေထိုင်ခဲ့ကြရတယ်။

 

ဒါမျိုးက လူတိုင်း လက်ခံနိုင်လောက်တဲ့အရာ မဟုတ်ခဲ့ဘူး။ ဒါကြောင့်လည်း အခြေစိုက်စခန်းအေမှာ စိတ်ပညာကျွမ်းကျင်သူတွေအဖွဲ့ကို အထူးဖွဲ့စည်းပေးခဲ့တာပဲ။ အခြေစိုက်စခန်းအေရဲ့နာမည်အကြီးဆုံးသော စိတ်ပညာကျွမ်းကျင်သူကတော့ ကုယန်ကျန်းပဲဖြစ်ခဲ့တယ်။

 

ကုယန်ကျန်းက စိတ်ပညာကို မသင်ခဲ့ရပေမဲ့ သူ့ဆီမှာ မြင့်မားတဲ့ခွန်အားတွေနဲ့ အားကောင်းတဲ့ ကုသရေးစွမ်းရည်တွေကို ပိုင်ဆိုင်ထားခဲ့တယ်။ သူ သစ်ပင်ဖြစ်လာပြီးတဲ့နောက်မှာတော့ သူရဲ့စိတ်နေသဘောထားက ရွှေသစ်ပင်ကြီးနဲ့တောင် တူညီလာခဲ့တယ်။

 

ချီကျွင့်က သူ့နှာခေါင်းလေးနဲ့ သစ်ပင်ရဲ့သစ်ကိုင်းအသေးလေးကိုထိပြီး ပြောလိုက်ပြန်တယ်။

 

" မင်းအမြန်နိုးမှဖြစ်မယ်နော်.. မဟုတ်ရင် ငါ တစ်နေ့နေ့မှာ အသုံးမဝင်တော့တဲ့ခြင်္သေ့တစ်ကောင်ဖြစ်သွားလိမ့်မယ်"

 

ဒီအခြေအနေမှာ သူ့အနေနဲ့ တခြားစိတ်ရောဂါပညာရှင်တွေကို ရှာလို့မရဘူးဆိုတာ ခန့်မှန်းလို့ရတယ်။ သူသာ ဒေါသတွေထွက်လာရင် လူသားစိတ်ရောဂါပညာရှင်ကို တစ်စစီဆုတ်ဖြဲလိုက်နိုင်တယ်လေ။

 

ထိုအချိန်မှာပဲ ဗိုလ်မှူးကြီးရဲ့ စက်ရုပ်အိမ်တော်ထိန်းဟာ ရှားပါးတဲ့ ဒေတာရှုပ်ထွေးမှုကာလ ဖြစ်နေခဲ့တယ်။

 

ဒီအချိန်က ညစာစားတဲ့အချိန်ဆိုပေမဲ့ မိသားစုရဲ့ဒုတိယသခင်လေးက အခု ခြင်္သေ့ဖြစ်နေခဲ့တယ်လေ...

 

စက်ရုပ်အိမ်ထိန်းဟာ အိမ်နောက်ဖက်မှာရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးဆီသွားပြီး လေထဲသို့ပျံလိုက်တယ်။ ထို့နောက် လေထဲမှာ တန်းလန်းနေရင်းနဲ့ အပင်ပေါ်မှာရှိနေတဲ့  ခြင်္သေ့လေးဆီ တိုးသွားခဲ့တယ်။

 

" သခင်လေး၊ ညစာစားဖို့အချိန်ရောက်ပါပြီ"

 

ချီကျွင့် တိတ်ဆိတ်စွာပဲ အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ရဲ့လက်ဖဝါးလေးတွေကို  မြင်တွေ့လိုက်တယ်။ သူ အခု ခြင်္သေ့လေးဖြစ်နေတာပဲ။

 

စက်ရုပ်အိမ်ထိန်းကြီးက သူ့ကို သခင်လေးလို့ခေါ်တယ်။ ဒါဆို သူက အိမ်ထဲမှာရှိတဲ့သက်ရှိတွေအားလုံးကို သခင်လေးအဖြစ် ဆက်ဆံတာလား?

 

ဘယ်သူမှန်းမသိရတဲ့ ဗိုလ်မှူးကြီးရေ.. ခင်ဗျားရဲ့စက်ရုပ်အိမ်တော်ထိန်းကြီးက တော်တော်လေးကို စိတ်မချရဘူးနော်!

 

ချီကျွင့် သက်ပြင်းချလိုက်ပြီး သူ့ကြောင့်ပျက်စီးသွားတဲ့ သတ္တုတွေနေရာတိုင်းမှာ ပျံ့ကျဲနေတဲ့ အိမ်ကိုကြည့်လိုက်တယ်။   ထို့နောက် သူ အပြစ်ရှိစိတ်အနည်းငယ်နဲ့ မေးလိုက်မိတယ်။

 

" စက်ရုပ်အိုကြီး၊ မင်းရဲ့ဗိုလ်ချုပ်ကြီးက ဘယ်တော့ပြန်လာမှာလဲ?"

 

သူက သူ့စွမ်းအင်တွေကို အသုံးပြုလိုက်တာကြောင့် ပြန်ကောင်းဖို့အတွက်အချိန်ယူရဦးမယ်။ ဒါကြောင့် လက်တလောမှာ ဒီအိမ်ကို သူ ပြန်မပြင်နိုင်မှာကို စိုးရိမ်မိတယ်။

 

စက်ရုပ်အိမ်တော်ထိန်းကတော့ တာဝန်ကျေစွာပဲပြန်ဖြေလာခဲ့တယ်။

 

" ပြန်လာဖို့ သတ်မှတ်ထားတဲ့ ရက်မတိုင်ခင် အချိန် တစ်လကျန်ပါသေးတယ်"

 

ဗိုလ်ချုပ်ကြီးရဲ့ ထည့်သွင်းပေးထားတဲ့  ကုတ်တွေအရ မိသားစုရဲ့ ဒုတိယသခင်လေးကလည်း ဗိုလ်ချုပ်ကြီးနဲ့ အာဏာတန်းတူရှိတယ်။

 

"..."

 

စက်ရုပ်အိမ်ထိန်းကြီးက အလွန်ကိုမှရိုးသားလွန်းတယ်။

 

ချီကျွင့် သူ့ရဲ့လုံးဝန်းတဲ့ခေါင်း လက်လှမ်းပြီးတော့တောင် ပုတ်ပေးလိုက်မိတယ်။  ချီကျွင့်အနေနဲ့ အချိန်တစ်ခုလောက်အထိတော့ ဒီမှာပဲ ဆက်နေဖို့ ရည်ရွယ်ထားခဲ့တယ်။

 

နောက်မှပဲ ဗိုလ်ချုပ်ကြီးကို အိမ်လခပေးတော့မယ်!

 

ချီကျွင့်ဟာ သစ်ပင်ပေါ်မှ ဆင်းလိုက်ပြီး စက်ရုပ်အိမ်ထိန်းနဲ့အတူ ဧည့်ခန်းထဲသို့ဝင်သွားလိုက်တယ်။ ထို့နောက်စက်ရုပ်အိုကြီးက အမဲသားလွှာအစိမ်းတစ်ပန်းကန်ကိုယူပြီး ပြန်ရောက်လာခဲ့တယ်။

 

ထိုအမဲသားတွေကို ကျွမ်းကျင်စွာလှီးထားပြီး ပါးလွှာသေသပ်ကာ သွေးအနည်းငယ်တောင်ရှိနေသေးတယ်။

 

ချီကျွင့် သူ့ရဲ့ပါးစပ်ကိုဟလိုက်ပြီး ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်တယ်...

 

" ဒီမှာ အကင်စက်မရှိဘူးလား၊ ထည့်ပြီး ကင်ပေး"

 

အမဲသားကင်ကို စားပြီးနောက်မှာတော့ ချီကျွင့် သမ်းဝေလိုက်ပြီး ဧည့်ခန်းထဲကဆိုဖာပေါ်မှာပဲ အိပ်လိုက်လေတယ်။ စက်ရုပ်အိမ်တော်ထိန်းကြီးက စောင်အပါးလေးတစ်ထည်ကိုယူလာပြီး နူးညံ့တဲ့ခြင်္သေ့လေးကို ခြုံပေးလိုက်တယ်။

 

အိပ်ပျော်ပြီး ဟောက်နေခဲ့တဲ့ ခြင်္သေ့လေးကတော့ တစ်ချက် လှုပ်လိုက်ပြီးနောက် စောင်အောက်ကနေ ရှည်လျားပြီးဖြူဖွေးတဲ့ ခြေထောက်တစ်ချောင်းက ထွက်ပေါ်လာခဲ့တယ်။

 

စက်ရုပ်အိုကြီး:  "..."

 

ဒါက သူနဲ့မဆိုင်ဘူး။  သူက တိတ်တဆိတ်ပဲ ထွက်သွားတယ်။

 

နောက်တစ်နေ့မနက်မှာ ချီကျွင့်တစ်ယောက် အဝတ်အစားနောက်တစ်စုံကို ငှားလိုက်ရပြန်တယ်။

 

သူ ရထားတဲ့ ငွေသားတွေအားလုံးကို ဆိုဖာနောက်မှာပုံလိုက်ပြီး အိမ်ပိုင်ရှင်ဗိုလ်ချုပ်ကြီးကိုပေးဖို့အတွက် ဒါတွေကိုသိမ်းထားဖို့ ပြင်ဆင်ခဲ့တယ်။

 

နူးညံ့နွေးထွေးတဲ့ နံနက်ခင်းအလင်းရောင်လေးမှာ ချီကျွင့် ကမ္ဘာဦးသစ်ပင်ကြီးရဲ့ကိုင်းပေါ်ကို တက်သွားပြီး ထိုင်လိုက်တယ်။

 

ထို့နောက် သူ့ရဲ့မျက်လုံးတွေကို ပိတ်ထားရင်း သူ့ခြေထောက်တွေကိုလည်း လွှဲနေခဲ့တယ်။ သူ့လက်ထဲမှာတော့ သတ္တုစပ်ကတ်အလွတ်တွေကို ကိုင်ထားခဲ့တယ်။

 

သူ့အနေနဲ့ သားရဲကတ်အသစ်တွေလုပ်ဖို့ မရည်ရွယ်ထားပေမဲ့ မနေ့ကလုပ်ခဲ့တဲ့ ဖြူကောင်ကတ်ကို သူအဆင့်မြှင့်ရမယ်။

 

သားရဲကတ်ဆီ ခန္ဓာကိုယ်များစွာကို ခွဲနိုင်တဲ့စွမ်းရည်ရှိပြီး ရုတ်တရက်ပေါက်ထွက်သွားပေမဲ့ ထိရောက်မှုက ချီကျွင့်မျှော်လင့်ထားတာထက်ပိုကောင်းတယ်။

 

ခန္ဓာကိုယ်နဲ့ ဆူးချွန်အရေအတွက်ကတော့ သိပ်ပြီး စိတ်ကျေနပ်စရာမကောင်းသေးဘူး။ ပေါက်ထွက်ခြင်းရဲ့သက်ရောက်မှုက အဆင်ပြေပေမဲ့ အားပြင်းဖို့အတွက် လိုအပ်မှုတွေရှိနေသေးတယ်။

 

ထိုအချိန်မှာ ဗိုလ်မှူးကြီးကတော့ သားရဲလူသားအင်ပါယာရဲ့ဂြိုလ်ပေါ်မှာ ရောက်ရှိနေခဲ့ပြီး ခြင်္သေ့သားရဲလူသားကို လိုက်ရှာနေခဲ့တယ်။

 

သူက သားရဲလူသားအင်ပါယာမှာ သားရဲလူသားသန်းပေါင်းများစွာရှိတာကို သိရှိခဲ့ရပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး သူ့ရဲ့ပေါင်ပေါ်မှ သေးငယ်လွန်းတဲ့အလေးချိန်လေးကို လျစ်လျူရှုနေ

ခဲ့မိတယ်။

 

***