(9)
ချီကျွင့် သူ့ရဲ့ လက်ဖဝါးကို မြှောက်လိုက်ပေမယ့် ကမ္ဘာဦးပျိုးပင်လေးကတော့ ကြောက်လန့်မနေခဲ့ဘူး။ သူ့ရဲ့ လက်ဖဝါး ရွေ့လျားလာတာနှင့်လိုက်ပြီး အပင်ပေါက်လေးရဲ့အမြစ်တွေကလည်း သစ်ရွက်လေးနှစ်ရွက်ကိုသယ်ရင်း လိုက်ပါ လှုပ်ရှားနေခဲ့တယ်။
ထို့နောက် အရွက်လေးတွေက ချီကျွင့်ရဲ့ လက်ဖဝါးကို တွယ်ကပ်ကာ ရွှင်မြူးစွာဆော့ကစားတော့တယ်။
ခြင်္သေ့လေးက အသက်ပြင်းပြင်းရှူလိုက်တယ်။
“စက်ရုပ်အိုကြီး! စက်ရုပ်အိုကြီး!"
စက်ရုပ်အိမ်တော်ထိန်းက တာဝန်ကျေပွန်စွာနဲ့ ပြေးလာခဲ့တယ်။
"ရောက်ပါပြီ သခင်လေး!"
ချီကျွင့် သူ့ရဲ့ လက်ဖဝါးကို ပြန်ဆုတ်လိုက်တယ်။
"ပန်းအိုးတစ်လုံးရှာပြီး မြေလွှာဖြည့်လိုက် .. ပြီးရင် ဒါလေးကိုစိုက်ရအောင်"
စက်ရုပ်အိုကြီးက ကမ္ဘာဦးပျိုးပင်လေးကို ကောက်ယူလိုက်တယ်။ သို့သော်လည်း ကမ္ဘာဦးပျိုးပင်ငယ်လေးက ငြင်းဆန်နေခဲ့လေတယ်။
သူ့ရဲ့ အမြစ်လေးတွေက စက်ရုပ်အိုကြီးဆီကိုရောက်နေပြီဖြစ်ပေမဲ့ သွယ်လျတဲ့ အကိုင်းအခက်လေးကို ဆန့်ထုတ်ရင်း ခြင်္သေ့ရဲ့ခြေသည်းလေးတွေကို ကြိုးလိုမျိုးချည်နှောင်ထားက်ပြီး ခြင်္သေ့လေးရဲ့ ဘေးကနေ ထွက်ခွာသွားလိုစိတ်မရှိကြောင်း ပြသနေခဲ့တယ်။
ခြင်္သေ့လေးက သူ့ရဲ့အရှေ့မှ ကမ္ဘာဦးပျိုးပင်လေးကိုကြည့်ကာ ခြံအပြင်ဘက်မှ တောင့်တင်းပြီး(?) အမူအရာကိုဖော်ပြနေတဲ့ ကမ္ဘာဦးသစ်ဘင်ကြီးကို နောက်တစ်ဖန်ပြန်ကြည့်လိုက်တယ်။
သူ ဒီအကြောင်းကို ပြန်လည်တွေးတောလိုက်မိတယ်။ ကုယန်ကျန်းက ဒါကို သူ့ရဲ့သစ်ပင်အဆင့်မှာ ရောက်နေတုန်းက ပြုလုပ်ခဲ့မိတာဖြစ်ကောင်းဖြစ်နိုင်တယ်...
လွန်ခဲ့တဲ့ ခုနှစ်နှစ်အတွင်းမှာ ဒီနှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီး ကုယန်ကျန်းရဲ့ ပန်းတွေပွင့်နေတဲ့မြင်ကွင်းကို တစ်ခါမှ မမြင်တွေ့ခဲ့ဘူး။ သူက သူ့ရဲ့ ဝတ်မှုန်တွေ မကွဲသွားစေဖို့အတွက် အလွန်အမင်းကြိုးစားပြီး တောင့်ခံခဲ့တယ်။
နှစ်တစ်ရာသက်တမ်းရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးတစ်ပင်က မိုင်အနည်းငယ်အတွင်းမှာရှိတဲ့ အပင်တွေအားလုံးဆီကို ဝတ်မှုန်ကူးနိုင်တယ်လို့ ပြောကြတယ်။
အခုလိုမျိုးအခြေအနေမှာ ကုယန်ကျန်းက တခြားသော ကမ္ဘာဦးသစ်ပင်တစ်ပင်တည်းဆီမှ အသီးလေးတစ်လုံးသာ ရရှိခဲ့တယ်။ တစ်ဖက်မှ လှည့်ပြီးပြောရရင် ကုယန်ကျန်းက အကောင်းဆုံးလုပ်ဆောင်ခဲ့လို့ ပြောလို့ရတယ်။
ဒါပေမဲ့ အဲလိုဆိုရင်တောင် သူကတော့ နည်းနည်းလောက် မပျော်မရှင်ဖြစ်နေခဲ့တုန်းပဲ.....
သစ်ပင်တစ်ပင်က တကယ်ကို ဒုက္ခပေးနိုင်တာပဲ။ ပန်းပွင့်နိုင်တဲ့ သစ်ပင်တစ်ပင်က ပိုလို့တောင် ဒုက္ခပေးသေးတယ်။
ခြင်္သေ့ငယ်လေးက ပျိုးပင်ငယ်ကို ငုံ့ကြည့်လိုက်တယ်။ ထိုအရာလေးက သူ့ရဲ့ လက်ဖဝါးကို ပွေ့ဖက်ထားခဲ့ကာ စက်ရုပ်အိမ်တော်ထိန်းကိုတော့ သူ့ရဲ့အမြစ်တွေနဲ့ ကန်ကျောက်နေခဲ့တယ်။
ချီကျွင့်နဲ့ ရင်းနှီးချင်တဲ့ ဆန္ဒရှိနေတာ ထင်ရှားပါတယ်။
ချီကျွင့် သူရဲ့ချွန်ထက်တဲ့သွားတွေကို လျှာနဲ့လျက်လိုက်ပြီး မှောက်လျားမျ ဝပ်လိုက်ကာ သူ့ရဲ့နောက်ထပ် လက်တစ်ဖက်ကတတာ့ သူ့ရဲ့ခြေသည်းပေါ်မှာ ရစ်ပတ်ထားတဲ့ ပျိုးပင်ရဲ့အကိုင်းအလက်လေးကို ညင်သာစွာ ဖယ်ထုတ်လိုက်တယ်။
"ဟေး ..ပျိုးပင်လေးတစ်ပင်အနေနဲ့ မြေကြီးက မင်းရဲ့အမေဖြစ်ပြီး နေက မင်းရဲ့အဖေဆိုတာကို သိထားရမယ်.. ငါ့အပေါ် မှီခိုနေတာက ဘာအကျိုးမှ မရှိဘူး"
စက်ရုပ်အိုကြီး: “…”
အလယ်မှာရှိနေတဲ့ ကမ္ဘာဦးသစ်ပင်ပေါက်လေးက သူ့ရဲ့အရွက်လေးတွေကိုကွေးကာ ချီကျွင့်ရဲ့ခြေဖဝါးကို ကုတ်တွယ်နေဆဲပဲ။ သူ နားမလည်တာလား ဒါမှမဟုတ် နားလည်ပေမဲ့လည်း သူ့ရဲ့ ကောင်းမွန်တဲ့ အမြစ်တွေက စက်ရုပ်အိုကြီးရဲ့လက်ထဲကိုလိုက်ပါဖို့ကို ငြင်းဆန်နေတာလားဆိုတာကို မသိနိုင်ဘူး။
ချီကျွင့် ဆက်ပြောလိုက်တယ်။
“မင်းမှာ ပန်းအိုးတစ်လုံးရှိရုံနဲ့ မြေဆီလွှာထဲ အာဟာရတွေကို စုပ်ယူနိုင်တယ်.. မင်း အပြင်မှာနေမှ နေရောင်ခြည်ကို အပြည့်အဝ အစာချက်နိုင်လိမ့်မယ်.. ဟေး မင်းရဲ့ ပါးပါးနဲ့ မားမားက မင်းကို အရမ်းလွမ်းနေလောက်ပြီနော်"
စက်ရုပ်အိုကြီး: “…”
ဒီသခင်လေးရဲ့စကားတွေကို သူဘာလို့ နားမလည်နိုင်တာပါလိမ့်? ဘာပဲဖြစ်ဖြစ် ဒါတွေကို မှတ်တမ်းတင်ပြီး ဗိုလ်ချုပ်ဆီကို ပို့ပေးရမယ်!
အပင်ပေါက်လေးက တွန့်ဆုတ်စွာနှင့်စက်ရုပ်ကြီးရဲ့လက်ချာင်းတွေကို သူ့ရဲ့အမြစ်တွေနှင့်ကန်နေတာကို ရပ်တန့်လိုက်ပြီဖြစ်ပေမဲ့ ခြေသည်းကိုဆုတ်ကိုင်ထားတဲ့ အကိုင်းအခက်တွေကိုတော့ မဖြေလျော့သွားသေးဘူး။
ခြင်္သေ့ချီက ပြုံးလိုက်ပြီး သူ့ရဲ့ချွန်ထက်တဲ့သွားတွေကို ပေါ်ထွက်လာစေတယ်။
"ပန်းအိုးထဲမှာဆိုရင် ရေသောက်လို့ရတယ်! ဒါမှမဟုတ်ရင် မင်းသေလိမ့်မယ်!"
သေခြင်းတရားဆိုတာက ကြောက်မက်ဖွယ်ကောင်းတဲ့ ခေါင်းစဥ်တစ်ခုအဖြစ် အမြဲတမ်းတည်ရှိနေတဲ့ပုံပဲ။
ကမ္ဘာဦးသစ်ပင်ပေါက်လေးရဲ့ အရွက်လေးတွေက မတတ်နိုင်စွာနှင့် လှုပ်ရမ်းသွားခဲ့ကာ စက်ရုပ်အိုကြီးရဲ့ လက်နှစ်ချောင်းဆီကို တွန်းထိုးကန်ကျောက်နေတဲ့ အမြစ်လေးတွေကလည်း ပြန့်ကျဲသွားခဲ့ရတယ်။
မသိစိတ်ထဲကနေ သေဖို့ကို ငြင်းဆန်နေခဲ့တယ်။ တကယ်တမ်းမှာ သူက သေခြင်းတရားကို မကြောက်ရွံ့ဘူး။ သို့ပေမဲ့လည်း ဖြည်းညှင်းစွာနှင့် သေဆုံးသွားရမှာကတော့ အထီးကျန်ဆန်လွန်းတယ်လို့သူခံစားမိတယ်။
ကမ္ဘာဦးပျိုးပင်ငယ်လေးက ညှိနှိုင်းမှုကို လက်ခံလာတာကိုမြင်တော့ ခြင်္သေ့ချီက သံစက်ရုပ်အိုကြီးဆီသို့ လက်ထဲက ပျိုးပင်လေးကို လှမ်းပေးကာ ပျိုးပင်ကို သွားစိုက်သင့်ပြီဖြစ်ကြောင်း ညွန်ပြလိုက်တယ်။
သို့သော်လည်း ပျိုးပင်ငယ်ကလေး ရုန်းကန်နေခဲ့ပြီး စက်ရုပ်အိုကြီးရဲ့ လက်ပေါ်ကိုလိုက်ပါသွားဖို့ ငြင်းပယ်ခဲ့ပြန်တယ်။
ခြင်္သေ့လေးက အံတင်းတင်းကြိတ်လိုက်တယ်။
"ကောင်းပြီ..
မြေဆီလွှာကို ငါထည့်ပေးမယ်!"
ကမ္ဘာဦးပျိုးပင်ငယ်လေးက ငြိမ်သက်သွားခဲ့ပြီး ခဏအကြာမှာ စက်ရုပ်အိုကြီးရဲ့ လုံးဝန်းတဲ့ခေါင်းပေါ်သို့ တက်သွားခဲ့တယ်။ သူက စက်ရုပ်လက်ကို ငြင်းဆန်နေတုန်းပဲ။
သူ ထိုအရာကို လုံးဝ မကြိုက်တဲ့ပုံပဲ။
ဒီလိုနဲ့ လူမဟုတ်တဲ့ သုံးယောက်သားက အိမ်ပြင်ကို ထွက်လာခဲ့ကြတယ်။
အခန်းအတွင်းပိုင်းက ချီကျွင့်ရဲ့စွမ်းရည်တွေနှင့် ဖျက်စီးခံထားခဲ့ရပြီး နေရာအနှံအပြားမှာလည်း ကမ္ဘာဦးသစ်ပင်ကြီးရဲ့အကိုင်းအခတ်တွေ ရှိနေခဲ့တယ်။ ဒါကြောင့် ဒီမှာထားဖို့က လုံးဝမဖြစ်နိုင်ဘူး။
ချီကျွင့်က အိမ်နောက်ဖေးမှမြေကိုရွေးချယ်ခဲ့ပြီး စက်ရုပ်အိုကြီးနှင့် ပျိုးပင်ငယ်လေးတို့ကိုတော့ ပန်းအိုးတစ်လုံးရှာဖွေခိုင်းထားခဲ့တယ်။
ခဏလောက်ကြာတော့ ချီကျွင့်တစ်ကောင် အိမ်နောက်ဖေးသို့ အမြန်ရွှေ့လျားပြီးရောက်ရှိလာတဲ့ ပန်းအိုးကြီးတစ်လုံးကို တွေ့လိုက်ရတယ်။
စက်ရုပ်အိုကြီးက အချင်းနှစ်မီတာလောက်ရှိတဲ့ ပန်းအိုးကြီးကို ချီကျွင့်ရဲ့အရှေ့မှာ ညင်သာစွာ ချထားလိုက်လေတယ် ။ သူက ပန်းအိုးကြီးကို ဘေးသို့စောင်းပြပြီး အိုးထဲမှာဝင်ကာ ချီကျွင့်မြေဆီလွှာဖြည့်ပေးလာမှာကို စောင့်နေတဲ့ ပန်အိုးအတွင်းပိုင်းမှ ကမ္ဘာဦးသစ်ပင်အသေးလေးကိုပါပြသလာခဲ့တယ်။
ချီကျွင့် : “…”
သေးငယ်တဲ့ ပျိုးပင်ငယ်လေးက သူ့ရဲ့ အမြစ်တွေအားလုံးကို ဖြန့်ထုတ်ထားတဲ့အချိန်မှာတောင် ပန်းကန်လုံးအရွယ်လောက်သာ မြင့်မားတယ်။
ဒီလောက် နက်ရှိုင်းပြီး ကြီးမားတဲ့ ပန်းအိုးကြီးထဲမှာ ဝင်နေတဲ့အချိန်မှာ သူ့ရဲ့တည်ရှိမှု မခံစားမိနိုင်လောက်အောင်ပဲ။
ခြင်္သေ့လေးက သူ့ရဲ့ရှေ့မှာရှိနေတဲ့ ဧရာမရေကန်ကြီးလို့တောင်ခေါ်နိုင်တဲ့ ပန်းအိုးကြီးကို ကြည့်လိုက်တယ်။
ပန်းအိုးရွေးချယ်ခြင်းက အိပ်ရာရွေးချယ်ခြင်းနှင့် အတူတူလောက်ပဲ ဖြစ်နိုင်တယ်။ သက်တောင့်သက်သာ အိပ်စက်နိုင်ဖို့ ကျယ်ကျယ်ဝန်းဝန်း ဖြစ်ဖို့ လိုတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက ပန်းပင်ရဲ့ ပျိုးပင်မဟုတ်ဘဲ သစ်ပင်ရဲ့ပျိုးပင်သာဖြစ်နေခဲ့တယ်လေ။ ဒီအပင်လေးက နှစ်အတော်ကြာအောင် ကြီးပြင်းလာပြီးမှသာ ဒီရေကန်ပန်းအိုးကြီးက သူနဲ့ ကိုက်ညီလိုက်မယ်လို့ ခန့်မှန်းရတယ်။
ထို့နောက်မှာတော့ စက်ရုပ်အိုကြီးက ဂေါ်ပြားအသေးလေးတစ်လက်ကို လှမ်းပေးလာပြန်တယ်။
ဒါက ဥယျာဉ်ခြံမြေကိရိယာအမျိုးအစားဖြစ်ပြီး ခြင်္သေ့ချီရဲ့လက်ဖဝါးနှစ်ဖက်က ထိုဂေါ်ပြားအသေးလေးကို ကိုင်ဆောင်နိုင်နေတုန်းပဲ။ သို့ပေမဲ့ သူ့ရဲ့ရှေ့မှာရှိနေတဲ့ ဧရာမရေကန်ကြီးနှင့်ကတော့ အလွန်အမင်း ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်.....
ချီကျွင့်: “…”
ထိုအချိန်မှာ စက်ရုပ်အိုကြီးက ဘေးကိုလှည့်ကာ သူ့ရဲ့ စက်ရုပ်လက်သံကိုသုံးပြီး အိမ်နောက်ဖေးမှ မြေကြီးအမြောက်အမြားကို တူးထုတ်နေခဲ့ပြီ။
ချီကျွင့် အသက်ပြင်းပြင်းရှူလိုက်ပြီး ဂေါ်ပြားကိုကောက်ယူကာ စက်ရုပ်အိုကြီးတူးဆွထားတဲ့ မြေဆီလွှာတောင်ကုန်းထဲမှ တစ်ဂေါ်ယူလိုက်ပြီး ပန်းအိုးကြီးထဲသို့ လောင်းထည့်လိုက်သည်။ မြေဆီလွှာက အိုးနက်ကြီးထဲကို ပြုတ်ကျသွားပြီး လုပ်ရမဲ့အလုပ်ရဲ့ တစ်ထောင်ပုံတစ်ပုံကို ပြီးမြောက်ခဲ့တယ်။ ဒါမှမဟုတ် တစ်သောင်းပုံတစ်ပုံလောက် ဖြစ်နေလောက်မလား?
ခြင်္သေ့လေးက စက်ရုပ်အိမ်တော်ထိန်းဘက်ကို လှည့်ကြည့်လိုက်တယ်။
"ဒါဆို
ကျန်တဲ့အလုပ်တွေကို မင်းလက်ထဲ အပ်လိုက်မယ်"
သူ့ရဲ့လုပ်နိုင်စွမ်းနဲ့ဆို ထပ်ဖြည့်မှုက လျှင်မြန်စွာပြီးဖို့ လုံလောက်တယ်။
သို့ပေမယ့် စက်ရုပ်အိုကြီးဆီမှ တုံ့ပြန်မှုကို မရနိုင်ခင်မှာပဲ အိုးကြီးအတွင်းမှာရှိနေတဲ့ ပျိုးပင်ငယ်လေးက အရင် ရွေ့လျားလာခဲ့လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
သူက သူ့ရဲ့အရွက်တွေကို ငြင်းဆန်လိုစွာလှုပ်ခါရင်းနဲ့ ပန်းအိုးရဲ့ အောက်ခြေကနေ တွယ်ချိတ်တက်လာပြီး ပန်းအိုးရဲ့အစွန်းမှာ မတ်တပ်ရပ်လာတယ်။ ထို့နောက် သူ့ရဲ့ ကမ္ဘာဦးသစ်ရွက်တွေကို ဖွင့်ဟကာ ပွေ့ဖက်ခံချင်တဲ့ပုံစံမျိုး ပြုလုပ်ထားခဲ့တယ်။
ဒီတစ်ခါတော့ ချီကျွင့်က သူ့ရဲ့ လက်ဖဝါးကို ဆန့်မထုတ်လာတော့ဘူး။
ဒီအပင်ပေါက်လေးက သူ့ရဲ့ အကိုင်းအခက်တွေကို ဆန့်တန်းနေချိန်မှာ အမြစ်တွေကတော့ ပန်းအိုးရဲ့ အစွန်းကို တွယ်ချိတ်ထားခဲ့တယ်။
သူက ချီကျွင့် ဖြည့်ထားတဲ့ မြေဆီလွှာမပါရင် ဝင်အိပ်မှာမဟုတ်ဘူးလို့ အခိုင်အမာပြောနေသလိုမျိုးပဲ!
ချီကျွင့်: "……"
'အပင်အိုကြီး! မင်းရဲ့ သားက ငါ့ကို အနိုင်ကျင့်နေတယ်နော်! ငါ သူ့ကို ရှင်းပစ်လိုက်ရမလား?!
နှစ်စက္ကန့်အကြာမှာတော့ ချီကျွင့်က ဆုံးဖြတ်ချက်ကို ပြတ်သားစွာချလိုက်ပြီး စက်ရုပ်အိမ်တော်ထိန်းကို လှမ်းကြည့်လိုက်တယ်။
"စက်ရုပ်အိုကြီး… ဒီအရွယ်အစားလောက်ကြီးတဲ့ ပန်းအိုးရှိလား”
စက်ရုပ်အိုကြီးက ခေါင်းညိတ်ပြပြီး ပန်းအိုးအသေးလေး သွားရှာပြန်တယ်။
ချီကျွင့် ပျိုးပင်လေးကို စိုက်ကြည့်လိုက်ပြီး အဆုံးမှာတော့ သူ့ရဲ့လက်ဖဝါးကို ဆန့်ထုတ်ကာ အရွက်ကိုထိလိုက်တယ်။ ပျိုးပင်လေးရဲ့တွေက ပျော်ရွှင်စွာ တွန့်လိမ်သွားကြလေရဲ့။
ချီကျွင့်: "……"
နောက်ဆုံးမှာတော့ စက်ရုပ်အိုကြီးက ပန်းကန်လုံးနှင့်တူတဲ့ ပန်းအိုးလေးတစ်လုံးနှင့် ပြန်လာခဲ့တယ်။
ကမ္ဘာဦး ပျိုးပင်ငယ်လေးက ဒီတစ်ကြိမ် ဘယ်လိုတိုက်တွန်းမှုကိုမှ မလိုအပ်ပဲ သူ့ဘာသာသူ ခုန်ဆင်းသွားခဲ့တယ်။
သူက သူ့ရဲ့အမြစ်တွေကို ပန်းအိုးထဲမှာ နှစ်ထားပြီး အပြင်ဘက်မှာတော့ သူ့ရဲ့ အရွက်လေးတွေကို ဖော်ပြထားကာ သူဘယ်လောက်ထိ စောင့်မျှော်နေလဲဆိုတာကို ချီကျွင့်ကိုမြင်စေခဲ့တယ်။
ချီကျွင့် ဂေါ်ပြားလေးကို ကိုင်ပြီး မြေကြီးကို ခက်ခဲစွာတူးယူလိုက်တယ်။ ပျိုးပင်ငယ်က ဘယ်ကိုရွှေ့လိုက် ညာကိုရွှေ့လိုက်လုပ်ကာ အိုးပြည့်သွားတဲ့အထိ မြေဆီလွှာထည့်နိုင်စေဖို့ ရှောင်တိမ်းပေးနေခဲ့တယ်။
ပြီးသွားတဲ့နောက်မှာတော့ သူ့ရဲ့ဘေးမှာရှိနေတဲ့ စက်ရုပ်အိုကြီးက ရေတစ်ဘူးကို ပေးလာခဲ့တယ်။
ချီကျွင့် ထိုရေဘူးကိုလှမ်းယူပြီး အိုးထဲကို လောင်းထည့်ပေးလိုက်တယ်။
ပျိုးပင်ငယ်လေးက သူ့ရဲ့အကိုင်းအခက်လေးကို ဆန့်ထုတ်ကာ ပျော်ရွှင်စွာ စက်ဝိုင်းပုံလှည့်ပတ်နေခဲ့တယ်။
ထို့နောက် သစ်ရွက်လေးတွေကို ဖြန့်ကျက်ကာ ငြိမ်ငြိမ်လေးရှိနေခဲ့ကာ ထပ်ပြီး လှုပ်ရှားမလာတော့ဘူး။
ချီကျွင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။
သူ့အနေန ပျိုးပင်ငယ်လေးကို ဂရုစိုက်ပေးပြီးနောက် ဗိုက်ဆာလာပြီဖြစ်လို့ စက်ရုပ်အိုကြီးကို စားစရာတစ်ခုခုလုပ်ခိုင်းခဲ့တယ်။ ထို့နောက် ကမ္ဘာဦးသစ်ပင်ကြီးရဲ့အောက်သို့ ရွှေ့လျားသွားခဲ့တယ်။
သူက ဒီကမ္ဘာဦးသစ်ပင်ကြီးရဲ့ အများစုသော အကိုင်းအခက်တွေက သူ့အခန်းဆီသို့ ဆန့်ထုတ်ထားတာကို ကြည့်လိုက်ပြီး ရယ်မောလိုက်ကာ သစ်ပင်ကြီးဆီမှာ ကုတ်ခြစ်ရာတွေအများကြီးလုပ်ပေးလိုက်ပြန်တယ်။
“ခင်ဗျား တစ်ခါနိုးလာတာနဲ့ ဒီအကြွေးကို စာရှင်းရှင်းဖို့ ပြင်ထားလိုက်"
ဟိုးအဝေးမှ တခြားသော နဂါးငွေ့တန်းရဲ့ကြယ်မှာရှိနေတဲ့ ဗိုလ်ချုပ်ကြီးယန်ကတော့ သူ့ရဲ့စက်ရုပ်အိမ်တော်ထိန်း သူ့ဆီကိုပို့ပေးလာတဲ့ 3D ဗီဒီယိုကို အကြိမ်ပေါင်းများစွာ ကြည့်နေခဲ့တယ်။
သူ အလွန်အမင်းအာရုံစိုက်နေခဲ့တာကြောင့် သူ့ရဲ့ဘေးနားမှာရှိနေတဲ့ အစောင့်တွေက သူတို့ရဲ့ဗိုလ်ချုပ်ဖြစ်သူ အရေးပေါ်စစ်ရေးသတိပေးချက်ကို ကြည့်ရှုနေတယ်လို့တောင် ထင်နေခဲ့ကြတယ်။
ချီကျွင့်ရဲ့ဘက်မှာတော့ စားသောက်ပြီးချိန်မှာ သူနဲ့ သူ့ရဲ့ သစ်ပင်ကြီးကြောင့် ပျက်စီးလုနီးပါးဖြစ်နေတဲ့အိမ်ကို ကြည့်လိုက်တယ်။
သူ အလေးအနက် တွေးတောပြီးနောက် ပြန်ပြင်ဖို့ မဖြစ်နိုင်လောက်တော့ဘူးလို့ ခန့်မှန်းလိုက်တယ်။
သူ့အနေနဲ့ အင်ပါယာရဲ့ စစ်ဗိုလ်ချုပ်ကြီးဆီမှာ အမြင်ကောင်းရရှိချင်ခဲ့ပေမဲ့ အခုကြည့်ရသလောက်တော့ အတော်လေး ခက်ခဲသွားတော့မဲ့ပုံပဲ။
ဗိုလ်ချုပ်ကြီး ပြန်ရောက်လာတာနဲ့ သူ့ကို တိုက်ရိုက်ပဲ ပစ်လွှင့်လိုက်တော့မှာ မဟုတ်ဘူးလား။
ဘာပဲဖြစ်ဖြစ် အဲဒါတွေ ဖြစ်လာတဲ့အချိန်ကျမှ စိတ်ပူကြတာပေါ့။ အခု သူ ပိုက်ဆံတွေရှာရမယ်!
ဗိုလ်ချုပ်ကြီး ဒေါသထွက်နေခဲ့မယ်ဆိုရင် သူ အဲဒီလူဆီကို ပိုက်ဆံနဲ့ ပစ်ပေါက်လိုက်ရမယ်။ ပိုက်ဆံသာ လုံလုံလောက်လောက်ပေးနိုင်ရင် ဒေါသ တွေကို မဖြေလျော့နိုင်ဘဲ မနေလောက်ဘူး။
ပြီးရင် သူ ဒီအိမ်ကြီးနဲ့ သစ်ပင်ကြီးကို ဝယ်ယူရမယ်...
စကားမစပ် သူဒီစက်ရုပ်အိုကြီးကိုလည်း ဝယ်ရမယ်။ ဒီငတုံးစက်ရုပ်အိုကြီးက နည်းနည်းလေးတော့ ချစ်စရာကောင်းတယ်။
ဒါကြောင့် ဗိုက်တင်းနေတဲ့ ခြင်္သေ့ချီက ကမ္ဘာဦးသစ်ပင်ကြီးဆီကိုပြေးသွားခဲ့ပြီး သူ့ရဲ့စွမ်းရည်တွေကို ပြန်လည်ဖြည့်တင်းဖို့အသင့်ပြင်လိုက်တယ်။
စွမ်းရည်ကိုပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် အခြေခံအားဖြင့် နည်းလမ်းသုံးမျိုးရှိတယ်။
ဇွန်ဘီအမြုတေကို စုတ်ယူတာက ကုသစွမ်းရည်တွေကို ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်တယ်။
ဒါမှမဟုတ် သူဘာသာသူ ပြန်လည် ဖြည့်တင်းပေးနိုင်တယ်။
ကံကောင်းထောက်မစွာနှင့် ချီကျွင့်ရဲ့ သတ္တုစွမ်းရည်က သဘာဝစွမ်းရည်တစ်ခုဖြစ်နေခဲ့တယ်။
ဒီစွမ်းရည်က ကိုယ်တိုင်ပြန်လည်ဖြည့်တင်းရာမှာ အလွန်လျှင်မြန်တယ်လို့ ဆိုနိုင်တယ်။ သဘာဝစွမ်းရည်တွေက သဘာဝကနေ စွမ်းအင်ကို တိုက်ရိုက်စုပ်ယူနိုင်ပြီး ပြန်လည်ဖြည့်တင်းနိုင်တဲ့ အရှိန်ကလည်း အတော်လေး မြန်ဆန်တယ်လေ။
***