Ch 14
Viewers 2k

(14)

 

ချန်ရှုပြောလာတဲ့ အမှန်တရားကိုကြားတော့ ချီကျွင့်ရဲ့ သတ္တိတွေက အတော်လေးလျော့ကျသွားတယ်။

 

တကယ်လို့ သူသာ ချန်ရှုကို သူ့ဝယ်ချင်တဲ့နေရာက အမှန်တကယ်တော့ ဗိုလ်ချုပ်ကြီး ပိုင်ဆိုင်တာဖြစ်ကြောင်းပြောလိုက်မယ်ဆိုရင် ချန်ရှုက သူ့ကို စိတ်ကူးယဥ်မနေနဲ့တော့လို့တောင် တိုက်ရိုက်ပြောနိုင်ချေရှိတယ်။

 

ချီကျွင့် သူ့ကတ်ထဲမှ မီလီယံနှင့်ချီနေပြီဖြစ်တဲ့ ကြယ်ဒင်္ဂါးပြားတွေကို ကြည့်ကာ စိတ်ရှုပ်သွားရတယ်။

 

အထောက်အထားမရှိတဲ့ အနက်ရောင်အိမ်ထောင်စုတစ်ခုအနေနှင့် သူ့ဆီမှာ အချိန်တိုအတွင်း ပိုက်ဆံပိုရနိုင်မဲ့နည်းလမ်းမျိုး တကယ်ကို မရှိနေခဲ့ဘူး။ သူသာ အိမ်မဝယ်နိုင်သေးရင် သူ့ရဲ့ သစ်ပင်ကို ရွေ့ဖို့ နည်းလမ်းတစ်ခု သေချာပေါက်ရှာရတော့မယ်။

 

သူ သူ့ရဲ့ပခုံးပေါ်ရှိ စိမ်းစိုလှပတဲ့ဘွန်ဆိုင်းပင်ကို လှည့်ကြည့်လိုက်တယ်။ သူ့ဆီမှာ လက်ဖဝါးတွေရှိနေပြီး သူဘယ်ကိုပဲသွားသွား ဒီဘွန်ဆိုင်းပင်ကို လက်တစ်ဖက်ထဲနှင့် ကိုင်သွားနိုင်တယ်။ ကံမကောင်းစွာနှင့် ဒါက သူ့ရဲ့သစ်ပင်ကြီးမဟုတ်ဘဲ ခန္ဓာကိုယ်ထည်မှ ခွဲထွက်လာတဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်နေခဲ့တယ်။

 

ဗိုလ်ချုပ်ကြီးရဲ့ အိမ်နောက်ဘက်မှာရှိတဲ့ရှိ မူလသစ်ပင်ကြီးက ရှင်းရှင်းလင်းလင်းကို တောင့်ခဲနေဆဲဖြစ်ကာ သူ ကမ္ဘာပျက်ကပ်အတွင်းမှာ လုပ်ခဲ့သလိုမျိုး သစ်ပင်ကြီးရဲ့အမြစ်တွေကို ကိုယ်တိုင်ဆွဲထုတ်ပြီး ဗိုလ်ချုပ်ကြီးရဲ့ အိမ်နောက်ဘက်မှ ဆွဲခေါ်လာတာမျိုး လုပ်ဖို့ မဖြစ်နိုင်ဘူး။

 

ဒီတော့ သစ်ပင်ကြီးကို ဘယ်လိုမျိုးတိတ်တဆိတ် တူးရမလဲဆိုတာက ပြဿနာတစ်ခုဖြစ်လာပြီ။ သူ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ ဘယ်အမြစ်ကိုမှ မနာကျင်စေချင်ဘူး။ သို့ပေမဲ့ သစ်ပင်ကြီးက အလွန်ကြီးမားနေပြီဖြစ်လို့ သူ့ရဲ့ မြေ‌အောက်အမြစ်ဖွဲ့စည်းပုံတွေကလည်း အလွန်အမင်း ကျယ်ပြန့်နေလောက်ပြီ။

 

သူ နှုတ်ရမဲ့အပင်ကြီးရဲ့ ကြီးမားသောအရွယ်အစားကို တွေးတောမိတော့ ချီကျွင့်တစ်ယောက် ခေါင်းကိုက်လာရတယ်။ သေချာတာကတော့ သစ်ပင်ကို ရွေ့ဖို့ မဖြစ်နိုင်သေးဘူး။

 

ဗိုလ်ချုပ်ကြီးရဲ့အိမ်မှာ အသိဥာဏ်ထည့်သွင်းထားတဲ့ စနစ်တွေရှိနေတာမဟုတ်ဘဲ ဥယျာမှူးတွေများရှိနေတာလား။

 

သူ့ရဲ့ပခုံးပေါ်မှာ အသိုက်ဖွဲ့ထားတဲ့ ဘွန်ဆိုင်းပင်ကတော့ သူ့ခြင်္သေ့လေးရဲ့အတွေးတွေသွားလာနေတဲ့ ဦးတည်ရာကို လုံးဝမသိခဲ့ဘူး။

 

ဒီအချိန်မှာ ဗိုလ်ချုပ်ကြီးက ရောက်ရှိလာပြီဖြစ်တဲ့ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ သံတမာန်တွေနဲ့ အလုပ်ကိစ္စကိုင်တွယ် ဖယ်ရှားပေးနေခဲ့တယ်။

 

ဒီအလုပ်ကိစ္စတွေ ပြီးဆုံးသွားတာနှင့် နှစ်ရက်ကြာအောင် ခရီးနှင်ပြီးချိန်မှာ သူ့ရဲ့ခြင်္သေ့လေးကို ပွေ့ဖက်နိုင်ဖို့အတွက် ပြန်လာနိုင်လိမ့်မယ်။

 

တစ်ဖက်မှာတော့ ချီကျွင့်စိတ်သောကရောက်နေတာကို မြင်တော့ ချန်ရှုက သူ့ကို နှစ်သိမ့်ပေးလာတယ်။

 

မြေရော စျေးရော သင့်တင့်တဲ့ အိမ်ရာနယ်မြေတချို့ကို ငါသိထားတယ်.. မင်းရှာနေတဲ့နေရာထက်တော့ သေးငယ်နိုင်လောက်ပေမဲ့ အဲဒီနေရာကလည်း ကျယ်ဝန်းတဲ့အထဲမှာပါပြီး သက်သောင့်သက်သာရှိစေလိမ့်မယ်..

 

မင်း အဲဒီနေရာကို အရင်ဝယ်ထားပြီး နောက်ပိုင်း ပိုက်ဆံတွေ ပိုပြီးစုဆောင်းနိုင်တဲ့အချိန်ကျမှ ပိုကြီးတဲ့နေရာတစ်ခုကို ပြောင်းရွှေ့ဖို့ စဥ်းစားကြည့်လေ.. ငါ ဒီနေ့ နေ့လည်ခင်းအားတယ်.. မင်းအတွက် လိုက်ပြရမလား

 

ချီကျွင့် ခေါင်းကိုခါရမ်းလိုက်တယ်။

 

ကျေးဇူးတင်ပါတယ် ချန်ကော.. ဒါပေမယ့် ကျွန်တော် အဲဒီနေရာကလွဲရင် တခြား ဘယ်နေရာကိုမှ မဝယ်ချင်ဘူး

 

ချန်ရှု ...

 

လက်ရှိ သူ့ရဲ့အလုပ်မှ ဝင်ငွေတွေအရဆိုရင် နောက်ထပ် ဆယ်နှစ် ၊ နှစ်နှစ်ဆယ်လောက်ကြာသွားရင်တောင် အင်ပါယာနန်းတော်အနီးမှာရှိတဲ့ ဖျင်(3000)အကျယ် အိမ်ကိုဝယ်ဖို့ မလုံလောက်နိုင်ဘူး။

 

ချီကျွင့် ကြယ်ဒင်္ဂါးကဒ်ကို ပြန်သိမ်းလိုက်တယ်။

 

အိမ်ဝယ်ဖို့အကြောင်းကို နောက်မှ ပြောကြတာပေါ့

 

ထို့နောက် ချီကျွင့် အသစ်ပြင်ဆင်ထားတဲ့သတ္ထုစပ်ကတ်တွေကို ကောက်ကိုင်လိုက်ကာ မေးမြန်းလိုက်တယ်။

 

ချန်ကော ဒီထက်ကောင်းတဲ့ ကတ်တွေ ရှိသေးလား.. ဒီကဒ်တွေက အဆင့်နိမ့်ခံနိုင်ရည်အားပဲရှိတယ်.. ပြီးတော့ အချို့လိုင်းတွေကိုလည်း ထွင်းလို့မရဘူး

 

ချန်ရှု ပြန်ဖြေလိုက်တယ်။

 

ကောင်းပြီ ..ခဏစောင့်

 

သတ္ထုစပ်ကတ်အလွတ်တွေက ထိုကတ်တွေရဲ့ အရည်အသွေးအရ အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ကတ်တွေ ဆိုပြီး အဆင့်ခွဲထားတယ်။ အဆင့်နိမ့်ကတ်တွေက အစုလိုက်ထုတ်လုပ်မှုဖြစ်ကာ ကတ်ပြုလုပ်သူတွေက ထိုကတ်တွေကို အသိဥာဏ်ရှိ စက်ပစ္စည်းအကူအညီနှင့် အတွဲလိုက် ထုတ်လုပ်နိုင်တယ်။

 

အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ကတ်တွေကိုတော့ ကုန်ကြမ်းပစ္စည်းတွေ ပိုလို့ လိုအပ်ပြီး သူ့ရဲ့ အရည်အသွေး ပိုပြီးကောင်းမွန်ကြံ့ခိုင်စေရန်အတွက် ကုန်ကြမ်းပစ္စည်းတွေ ကို ပိုလို့ ပေါင်းစပ်ရလိမ့်မယ်။

 

ထိုကတ်တွေရဲ့ ထုတ်လုပ်မှု လုပ်ငန်းစဥ်နှင့် စွမ်းအားတို့ကတော့ အသိဥာဏ်ရှိ စက်ပစ္စည်းတွေမှ တိကျအောင်မလုပ်ဆောင်နိုင်တာကြောင့် ထိုစက်တွေရဲ့ အကူအညီ မရရှိနိုင်ဘူး။

 

ဒီကတ်တွေကို ကတ်ထုတ်လုပ်သူတွေကိုယ်တိုင် လက်နှင့် ထုတ်လုပ်ရတယ်။ ဒါကြောင့်ပဲ ထိုအဆင်မြင့်ကတ်တွေရဲ့ စျေးက အလွန်မြင့်မားကာ ကြယ်ငါးပွင့်ကတ်ရဲ့ တန်ဖိုးနှင့် တူညီလုနီးပါးဖြစ်နေခဲ့တယ်။

 

အလယ်အလတ်နှင့် အဆင့်မြင့်သတ္ထုကျ်အလွတ်တွေကို တိုက်ခိုက်ရေးကတ်တွေအဖြစ် ထုတ်လုပ်ရာမှာ အများဆုံး အသုံးပြုကြတယ်။တိုက်ခိုက်ရေးကတ်တွေရဲ့ စွမ်းရည်နှင့် တန်ဖိုးက သာမာန်သားရဲကတ်တွေထက် အဆပေါင်းဒါဇင်ကျော်အောင် ကွာခြားတယ်။

 

သားရဲလိုင်းတွေကို ရေးထွင်းတဲ့အချိန်တွေမှာ အလယ်အလတ်သတ္တုကတ်နှင့် အဆင့်မြင့်သတ္ထုကတ်တွေက သားရဲကတ်ရေးထွင်းသူတွေအတွက် လိုအပ်ချက်တွေ အလွန် မြင့်မားလိမ့်မယ်။

 

ကြယ်ငါးပွင့်အောက်နိမ့်တဲ့ သားရဲကတ်ရေးထွင်းသူတွေအနေနဲ့ထိုကတ်ရဲ့မျက်နှာပြင်ပေါ်မှာ ခြစ်ရာလေးတစ်ခု ချန်ထားဖို့ကိုတောင် အလွန် ခဲယင်းလိမ့်မယ်။ သားရဲပုံစံရေးထွင်းနိုင်ဖို့ကိုတော့ ပြောစရာတောင်မလိုတော့ဘူး။

 

ဒါကြောင့်ပဲ ချန်ရှု အံ့သြသွားရတာပဲ။

 

ချီကျွင့်က သူ့ကို သားရဲကတ်တွေအများကြီး ပေးလာခဲ့ပေမဲ့လည်း သားရဲခန္ဓာကိုယ်တွေ ပိုပြီးပွားများလာစေတာကလွဲရင် တခြားသော အခြားအဆင့်မြင့်ပုံစံလိုင်းတွေကို မမြင်ဖူးဘူး။

 

တကယ်လို့ ချီကျွင့်သာ တိုက်ခိုက်ရေးကတ်တွေ လုပ်နိုင်ခဲ့မယ်ဆိုရင်...

 

ချန်ရှုက ခဏလောက်သာ တုံ့ဆိုင်းနေပုံပြခဲ့ပြီး သူ့ရဲ့အလယ်အလတ်အဆင့် သတ္ထုကတ်တွေ အကုန်လုံးကို ထုတ်ယူလာခဲ့တယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် ဒီအလယ်အလတ်အဆင့် သတ္ထုကတ်တွေက ဖုန်တွေကြားမှာပစ်ထားရတာပဲလေ။

ချီကျွင့်ကို ပေးလိုက်ခြင်းအားဖြင့် ခံစားချက်တွေ တိုးလာစေတာက ပိုမကောင်းဘူးလား။

 

ချန်ရှုက ကောင်းမွန်စွာ ပြုလုပ်ထားတဲ့ လေးထောင့်ပုံစံသေတ္တာလေးကို ချီကျွင့်ရဲ့ အရှေ့သို့ တွန်းပို့လိုက်တယ်။

 

ငါ့မှာ အခုနှစ်ဆယ်ပဲ ရှိတယ်.. မင်း အကုန်ယူသွားလိုက်လေ

 

ချီကျွင့် ခေါင်းညိတ်လိုက်တယ်။

 

ကျွန်တော် ဒါတွေကို ရေးထွင်းပြီးတာနဲ့ ခင်ဗျားရောင်းချလို့ရအောင် လာပေးလိုက်မယ်

 

ချန်ရှု ရယ်မောလိုက်တယ်။

 

ကောင်းပြီ.. ဒါဆို မင်းဆီက သတင်းကောင်းကို စောင့်နေမယ်

 

ပြောရရင် သူ မျှော်လင့်ချက်တွေ အများကြီး ထားမနေခဲ့ဘူး။ တကယ်လို့ တိုက်ခိုက်ရေးကတ်တွေသာ အမှန်တကယ်ကောင်းမွန်ခဲ့မယ်ဆိုရင်တော့ ထိုကတ်တွေကို လေလံပွဲတစ်ခုမှာ ရောင်းနိုင်လိမ့်မယ်။

 

ချန်ကော.. ကျွန်တော် ခင်ဗျားကို နောက်ထပ် ဒုက္ခပေးရဦးမယ်

 

ချန်ရှု ရယ်မောရင်းပြောလိုက်တယ်။

 

ယဥ်ကျေးနေစရာ မလိုပါဘူး

 

ကျွန်တော် အဆင့်မြင့်သားရဲပုံစံကို ဘယ်မှာ သင်လို့ရမလဲ

 

“...”

 

ချန်ရှုရဲ့ နှုတ်ခမ်းတွေက လှုပ်ခတ်သွားရတယ်။

 

ဒါဆို ဒီကလေးက သားရဲရေးထွင်းမှုကို စနစ်တကျ သင်ထားခဲ့တာမဟုတ်ဘူးလား။

 

ချီကျွင့်ရဲ့ အမူအရာတွေကတော့ အလွန်အမင်း လေးနက်နေခဲ့တယ်။

 

ခင်ဗျား သိလား

 

ချန်ရှု သက်ပြင်းချလိုက်ကာ စားပွဲခုံဆီသို့သွားကာ စာကြည့်တိုက်မှ အငှားကတ်ကို ရှာလိုက်ပြီး ချီကျွင့်ဆီကို ပေးလိုက်တယ်။

 

ပိုကောင်းမွန်တဲ့ အဆင့်မြင့်သားရဲပုံစံတွေက အများအားဖြင့် လျှို့ဝှက်ထားတတ်တယ်.. လူတိုင်းကြည့်ရှုနိုင်စေဖို့ ချပြထားတာတွေက စာအုပ်တွေပေါ်မှာ မှတ်တမ်းတင်ထားတာတွေပဲ ရှိမှာ.. စာကြည့်တိုက်မှာဆိုရင်တော့ အဲဒါတွေ ရှိနိုင်တယ်

 

ချီကျွင့် စာကြည့်တိုက် ငှားရမ်းကဒ်ကို လှမ်းယူလိုက်တယ်။

 

ကျေးဇူးတင်ပါတယ် ချန်ကော

 

ဒါက မင်းရဲ့လက်ထဲကို ငှားလိုက်ရုံပါပဲ.. ဒါပေမဲ့ ရိုးရိုး စာအုပ်တစ်အုပ်ကိုဖတ်လိုက်တာက နားလည်ဖို့ လွယ်ကူစေမှာမဟုတ်ဘူး .. ဒါတွေက အချိန်ဖြုန်းရာကျတယ်လို့ ငါ မပြောချင်ပေမဲ့ ဒါက အချည်းနှီးသက်သက်လောက်ပဲဖြစ်လောက်လိမ့်မယ်.. မင်း လေ့လာဖို့အတွက် ကျောင်းတစ်ကျောင်းရှာတာ ပိုကောင်းလောက်လိမ့်မယ်

 

ချီကျွင့် မထူးခြားနားစွာ ပြောလိုက်တယ်။

 

အဆင်ပြေပါတယ်.. ကျွန်တော် အရင် ကြိုးစားကြည့်လိုက်ဦးမယ်

 

ချန်ရှု ရယ်မောလိုက်တယ်။

 

မင်းသာ တိုက်ခိုက်ရေးကတ်တွေ ရေးထွင်းနိုင်တဲ့ ကြယ်ခြောက်ပွင့်သားရဲကတ်ရေးထွင်းသူတစ်ယောက်ဖြစ်လာရင် ငါ မင်းနောက်ကို လိုက်မယ်

 

ချီကျွင့် ခေါင်းညိတ်လိုက်တယ်။

 

ဒါဆို စောင့်နေလိုက်

 

ချန်ရှု သူ့ကို ဆိုင်အပြင်ဘက်အထိ လိုက်ပို့ပေးလိုက်ပြီး လင်းကျစ်မူကို ဧည့်ခံရန်အတွက် VIPခန်းထဲကို ဝင်သွားခဲ့တယ်။

 

ဒီကြားထဲကအချိန်တွေက သိပ်ပြီးမကြာမြင့်ခဲ့ပေမဲ့ လင်းကျစ်မူတစ်ယောက်ကတော့ စောင့်ရလွန်းလို့ ရူးတော့မလို ဖြစ်နေရပြီ။

 

သူက ချန်ရှုဝင်လာတာကို မြင်တာနှင့် သူ့ရဲ့နောက်ကို ချက်ချင်းလှမ်းကြည့်လိုက်ပေမဲ့ ဆယ်ကျောက်သက်ကောင်လေးလိုက်လာတာကို မတွေ့လိုက်ရတာကြောင့် ပြန်မေးလိုက့တယ်။

 

လူရော

 

ချန်ရှု သူ့ကို ပြောလိုက်တယ်။

 

သူ သွားပြီ

 

လင်းကျစ်မူရဲ့ နှုတ်ခမ်းတွေက အနည်းငယ်ခတ်သွားရတယ်။

 

သူ နှစ်ရက်တောင်စောင့်ဆိုင်းခဲ့ပေမဲ့ တစ်ဖက်လူက ထွက်သွားပြီတဲ့လား?

 

မစ်စတာ.. ကျွန်တော်တို့ စကြတော့မလား

 

ချန်ရှုက သူ့ရဲ့လက်ကို မြှောက်ကာ လင်းကျစ်မူဆီကို လက်အမူအရာနှင့် ပြောလာတယ်။

 

လင်းကျစ်မူတစ်ယောက် ဆယ်ကျော်သက်လေးရဲ့ နောက်ကို လိုက်ချင်တဲ့ အကြံကို ဖိနှိပ်ရုံသာ တက်နိုင်ခဲ့ပြီး သားရဲကတ် ခင်းကျင်းပြသမှုကိုသာ ထိုင်ကြည့်လိုက်ရတယ်။

 

အရှေ့ဘက်မှ ကတ်အနည်းငယ်လောက်က သူတို့ရဲ့ခန္ဓာကိုယ်ကို ခွဲထွက်နိုင်ခဲ့ရုံသာရှိပြီး ဘာတစ်ခုမှ အထူးတလည်မရှိခဲ့ဘူး။

 

လင်းကျစ်မူ ထိုကတ်တွေကို သာမန်ကာလျှံကာ ကြည့်ရင်း ကတ်တွေကို ရေတွက်နေချိန်မှာ လိပ်ပြာဘုရင်မသားရဲကတ်ကို မြင်တွေ့လိုက်ရတယ်။

 

သူ ကတ်ကိုအသက်သွင်းလိုက်ပြီးနောက် အချိန်တိုအတွင်းမှာပဲ လိပ်ပြာဘုရင်မရာပေါင်းများစွာက VIP အခန်းထဲမှာ ပြည့်နှက်လာခဲ့တယ်။သူတို့တွေ ကြီးကျယ်ခန်းနားပြီး လှပတဲ့ပုံရိပ်တွေနဲ့ လှုပ်ရှား ကခုန်နေခဲ့ကြတယ်။

 

လင်းကျစ်မူတင်မကဘဲ ချန်ရှုသည်လည်း အံ့သြသွားခဲ့ရတယ်။

 

အရင်တုန်းက ဖြူကောင်တွေက ပုံစံလိုင်းရှုပ်ထွေးမှုတွေ ရိုးရှင်းအောင် ပြုလုပ်ခဲ့ရုံသာဖြစ်ခဲ့တယ်ဆိုရင် ဒီကတ်ကတော့ အကျိုးသက်ရောက်မှု တိုးပွားစေလိမ့်မယ်။

 

လင်းကျစ်မူရဲ့ နှလုံးသားက လုံးဝကို ပျော်ရွှင်သွားခဲ့ရပြီး ထိုကတ်ကို တုံ့ဆိုင်းမှုမရှိ ရွေးချယ်လိုက်တယ်။

 

သူက ကျန်ရှိနေတဲ့ သားရဲကတ်တွေကို ကြည့်ရှုရန်အတွက် အချိန်ဖြုန်းမနေတော့ဘဲ ချန်ရှုကို တိုက်ရိုက်ပြောလိုက်တယ်။

 

မန်နေဂျာ ဒီတစ်ကြိမ်လည်း ကျွန်တော် ကတ်တွေအကုန်လုံးကို တစ်ခါတည်း ဝယ်သွားလိုက်မယ်

 

သူ့အနေနဲ့ ဒီလိုမျိုး သားရဲကတ်တွေအပြင်ဘက်ကို ပေါက်ကြားသွားမှာကို လက်မခံနိုင်ဘူး!

 

သူ ဒါကို မူပိုင်ခွင့် ရအောင်လုပ်ရမယ်!

 

လင်းကျစ်မူတစ်ယောက် သူ့ရဲ့ တောက်ပတဲ့ အနာဂတ်အား မြင်ယော်နေခဲ့ပြီ။

 

ငတုံးကောင်စုတ်လေး.. မင်းက ဒီသားရဲပုံစံလိုင်းတွေရဲ့ တန်ဖိုးကို နားမလည်နိုင်ဘူးဆိုမှတော့ ဒီအခွင့်အရေးကို ဆုံးရှုံးဖို့ ထိုက်တန်တယ်

 

လင်းကျစ်မူ စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

 

မန်နေဂျာ.. ဒီသားရဲကတ်တွေပဲ မဟုတ်ဘူး.. နောက်ပိုင်းရလာမဲ့ ကြယ်ငါးပွင့်သားရဲကတ်တွေ အားလုံးကိုလည်း ကျွန်တော် အကုန်ဝယ်မယ်

 

မစ်စတာ ဒီကတ်တွေရဲ့ စျေးနှုန်းက အရမ်းကြီးတယ်နော်

 

လင်းကျစ်မူ ခေါင်းညိတ်လိုက်တယ်။

 

ကျွန်တော် သိတယ်

 

ချန်ရှု ပြုံးလိုက်ပြီး နောက်ထပ်စရံငွေကို လက်ခံလိုက်တယ်။

 

လင်းကျစ်မူ သားရဲကတ်တွေကို ယူဆောင်ကာ ထွက်သွားပြီနောက် ချန်ရှုလည်း ချီကျွင့်ဆီသို့ ပိုက်ဆံတွေပို့ပေးလိုက်လေတယ်။

 

ထို့နောက် ခဏလောက်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး သူ့ရဲ့ကွမ်တမ်ကွန်ပျူတာကို ဖွင့်လိုက်ကာ သူ အချိန်အကြာကြီး အဆက်အသွယ်မလုပ်ခဲ့တဲ့လူတစ်ယောက်ဆီကို စာပို့လိုက်လေတယ်။

 

ငါ့ကို ကူပြီး လူတစ်ယောက်ကို ကာကွယ်ပေးဦး

 

တစ်ဖက်လူမှ စက္ကန့်ပိုင်းအတွင်း စာပြန်လာခဲ့တယ်။

 

ကောင်းပြီ

 

ချီကျွင့် သားရဲကတ်ဆိုင်ထဲမှ ထွက်လာပြီးနောက် ကွမ်တမ်ကွန်ပျူတာ တစ်လုံးလောက် ဝယ်ချင်ခဲ့တယ်။

 

သူ စျေးဝယ်စင်တာတစ်ခုမှာ လမ်းလျှောက်ကြည့်ရုံပဲရှိသေးချိန်မှာပဲ သူ့ရဲ့ကတ်ထဲသို့ ကြယ်ဒင်္ဂါးပြားတွေ မီလီယံနှင့်ချီပြီးဝင်လာခဲ့တယ်။

 

ချီကျွင့် တိတ်တဆိတ် တွက်ကြည့်လိုက်တော့ ပမာဏက သူပို့ပေးခဲ့တဲ့ သားရဲကတ်တွေရဲ့ တန်ဖိုးထက် သိသိသာသာကို ပိုမိုများပြားနေခဲ့တယ်။

 

ဒီမရိုးသားတဲ့ စီးပွားရေးသမားကတော့!

 

သူ ဒါကိုကြိုက်တယ်!

 

ကံမကောင်းစွာဖြင့် ချီကျွင့် ကွမ်တမ်ကွန်ပျူတာအားလုံးကို လှည့်ပတ်ကြည့်ရှိခဲ့ပေမဲ့ မျိုးရိုးဗီဇအိုင်ဒီနဲ့ ချိတ်ဆက်စရာမလိုတဲ့ ကွမ်တမ်ကွန်ပျူတာမျိုး မရှိတာကို ရှိမနေတာကို တွေ့လိုက်ရတယ်။

 

ဒါက ကမ္ဘာပျက်ကတ်ထဲမှ အသုံးပြုသူတွေရဲ့ အိုင်ဒီအထောက်အထားနဲ့တူညီတယ်။

 

ကွမ်တပ်ကွန်ပျူတာကိုအသုံးပြုတဲ့အချိန်မှာ မျိုးရိုဗီဇအိုင်ဒီစကင်ကိုအလိုအလျောက် လက်ခံဖို့လိုအပ်ပြီး  မျိုးရိုးဗီဇအချက်အလက်တွေကိုထည့်သွင်းရန်လိုအပ်တယ်။

 

ချီကျွင့်အနေနဲ့ သူ့ရဲ့ အထောက်အထား ပေါ်ထွက်သွားလို့မဖြစ်တာကြောင့် လက်လျော့လိုက်ပြီး စားသောက်ဆိုင်တစ်ဆိုင်ကိုသာ သွားလိုက်တော့တယ်။

 

ချီကျွင့် သီးသန့်ခန်းတစ်ခု တောင်းလိုက်ပြီး အထဲမှာ ဝင်ထိုင်လိုက်ကာ စားသောက်ဆိုင်ရဲ့ အဓိကဟင်းလျာအချို့မှာလိုက်တယ်။ ထို့နောက် သူ ဘွန်ဆိုင်းပင်ကို သူ့ရဲ့ပခုံးပေါ်မှ ချလိုက်ပြီး စားပွဲပေါ်မှာ တင်ကာ ဒီကမ္ဘာရဲ့ ဟင်းပွဲတွေကို အတူစောင့်ဆိုင်းနေခဲ့တယ်။

 

သီးသန့်ခန်းရဲ့ တည်နေရာက နေရောင်ခြည်ဖြာလင်းနေခဲ့ကာ ဆောင်းဦးရဲ့ နေရောင်ခြည်က ချီကျွင့်ရဲ့ဆံပင်ပေါ်ကို ကျဆင်းနေခဲ့တယ်။ ဒါက သူ့ရဲ့ခေါင်းပေါ်မှာ သန့်စင်တဲ့အလင်းကွင်းလေး ဖော်ဆောင်ပေးထားခဲ့တယ်။

 

ဒီအခြေအနေက ဘွန်ဆိုင်းပင်ရဲ့အကြည့်ထဲမှ မြင်တွေ့နေရတဲ့ပုံစံပဲ။

 

ဖြစ်နိုင်တာက ခြင်္သေ့လေးရဲ့ ရေချိုးပြီးကာစ ပွယောင်းယောင်းဖြစ်နေတဲ့ ဆံပင်တွေက ဗိုလ်ချုပ်ကြီးယန်ရဲ့ နှလုံးသားကို ယားယံစေတာဖြစ်နိုင်တယ်။

 

  သူ သတိလက်လွတ်နဲ့ သူ့ရဲ့အမြစ်တွေကို ချီကျွင့်ရဲ့အနီးဆီသို့ တိုးကပ်သွားလိုက်တယ်။

 

ထိုအချိန်အတွင်းမှာပဲ အလိုအလျောက် အစားအေသာက်ပို့စက်က ပထမဆုံးဟင်းပွဲကို လာရောက် ပို့ပေးလာကာ ဘွန်ဆိုင်းပင်နှင့် ချီကျွင့်တို့ရဲ့ကြားကို ပို့ဆောင်တည်ခင်းပေးလာတယ်။

 

ဗိုလ်ချုပ်ကြီးကတော့ ထိုကြယ်ပြည်ကြီးငါးအား ဖောက်ခွဲပစ်ချင်သွားပြီ!

 

ချီကျွင့် တုန့်ဆိုင်းသွားရတယ်။

 

ယန်ကျန်းကျန်း .. ခင်ဗျား ဒါကိုစားချင်တာ သေချာလား

 

ဘွန်ဆိုင်းကု ...

 

ဘွန်ဆိုင်းကု လှုပ်ရှားမှု ကင်းမဲ့တဲ့အခြေအနေနှင့် ရပ်ဆန့်နေတာကို မြင်လိုက်ရတော့ ချီကျွင့်က သဘောတူတယ်လို့ ယူဆလိုက်တော့တယ်။

 

ချီကျွင့်က စားပွဲပေါ်မှာတပ်ဆင်ထားတဲ့အလိုအလျောက်ထုပ်ပိုးရေးစနစ်ကို နှိပ်လိုက်တော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပထမဆုံးဟင်းပွဲကို ဘူးနဲ့ ထုပ်ပိုးပြီးသွားဖြစ်သွားခဲ့ကာ ချီကျွင့်ဘေးနားသို့ တွန်းပို့ပေးလာခဲ့တယ်။

 

ချီကျွင့်က လက်ကိုဆန့်ထုတ်လိုက်ပြီး ဘွန်ဆိုင်းပင်ရဲ့ခေါင်းနေရာလေးကို ထိလိုက်တယာ။နောက်ထပ် ခင်ဗျား ဘာစားချင်သေးလဲ ကျွန်တော့်ကို ပြောလေ..  ကျွန်တော် အိမ်ကို ပြန်ယူလာပေးမယ်..  ဒါကို မြေကြီးထဲကို ဒီအတိုင်းသွန်ထည့်လိုက်ရင်တော့ ကောင်းလောက်မှာ မဟုတ်ဘူး.. ကျွန်တော် အိမ်ပြန်ရောက်ရင် စက်ရုပ်အိုကြီးကို ဟင်းပွဲကနေ မြေသြဇာအဖြစ် ဘယ်လိုပြောင်းရမလဲဆိုတာ လေ့လာခိုင်းလိုက်မယ်

 

အလေးအနက်ပြောနေတဲ့ ခြင်္သေ့လေးချီက တကယ့်ကို ချစ်စရာကောင်းလွန်းတယ်။

 

သူ ခေါင်းငုံ့ကြည့်လာချိန်မှာ သူ့ရဲ့ထူထဲတဲ့ မျက်တောင်ရှည်တွေက  နေရောင်ကြောင့် အရိပ်စက်ဝိုင်းလေးတွေကို ဖြစ်ပေါ်လာစေတယ်။

 

ဘွန်ဆိုင်းပင်လေးက နောက်ကို ပြန်မဆုတ်နိုင်တော့ဘဲ ရုတ်တရက် နှစ်မီတာကျော်မြင့်တဲ့ ဘွန်ဆိုင်းပင်ကြီးအဖြစ် ပြောင်းလဲလိုက်ကာ သူ့ရဲ့သစ်ကိုင်းကို ချီကျွင့်ထံသို့ ဆန့်ထုတ်လာခဲ့တယ်။ ချီကျွင့်ရဲ့ မျက်လုံးတွေက သစ်ပင်ကြီးကို စိုက်ကြည့်နေရင်းနှင့် ဝိုင်းစက်လာရတယ်။

 

ကမ္ဘာဦးသစ်ပင်ရွက်တွေရဲ့ ကြီးမားတဲ့အစိုက်အပိုင်းတွေကလွဲရင် သစ်သားလက်မောင်းတွေ၊ ရင်ဘတ်နှင့် ပေါင်တွေ.. အကုန်လုံးက ကုယန်ကျန်းကိုယ်တိုင်နှင့် ကွာခြားခြင်းမရှိဘူး!

 

ဒီခန္ဓာကိုယ်ကို သူ့ထက်ပိုပြီး ဘယ်သူမှ ပိုပြီးကောင်းကောင်းသိနိုင်မှာမဟုတ်ဘူး!

 

ချီကျွင့် ထိန်းမထားနိုင်စွာနှင့် ထိုင်ခုံပေါ်မှ အမြန်ထလိုက်တယ်။

 

အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေပြီးမှ ပြန်လည်ရရှိလာတဲ့ ပွေ့ဖက်မှုက အလွန်အမင်း ရင်းနှီးကျွမ်းဝင်လွန်းပြီး သူသည်လည်း ဒီလိုပွေ့ဖက်မှုကို အလွန်အမင်းလွမ်းဆွတ်နေခဲ့တာ။

 

ချီကျွင့် ထိုသစ်ပင်ရဲ့ လက်မောင်းတွေကြားထဲသို့ တိားဝင်ကာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်တယ်။

 

ဘွန်ဆိုင်းကုက ပိုလို့တောင်တင်းတင်းကျပ်ကျပ်ပွေ့ဖက်ခဲ့က်ာ တစ်ဖက်လူကို သူ့ရဲ့ပင်စည်ထဲသို့ မျိုချချင်နေသလိုမျိုးပဲ။

 

နှစ်မိနစ်လောက်ကြာတော့  ချီကျွင့်တစ်ယောက် သစ်ပင်လူသားကို ပွေ့ဖက်နေရင်းနှင့် အနည်းငယ် စိတ်ရှုပ်ထွေးသလို ခံစားလာရတယ်။

 

ဒီလူ အရမ်းကြီးလာပြီ။ သူ သူ့ကို ဘယ်လို ပြန်ခေါ်သွားရတော့မလဲ။ တကယ်လို့ လူပုံစံကမ္ဘာဦးသစ်ပင်ကြီးကိုသာ လမ်းပေါ်ကို ခေါ်သွားခဲ့မယ်ဆိုရင် သူ့ကို စမ်းသပ်ဖို့အတွက် ဖမ်းခေါ်သွားလောက်လား။

 

ကမ္ဘာဦးသစ်ပင်ကြီးက များစွာသော ကိစ္စတွေကို လုပ်ဆောင်နိုင်ကြောင်းကို ချီကျွင့်ထက် ဘယ်သူကမှ ပိုပြီး မသိနိုင်လောက်ဘူး။

 

သို့ပေမဲ့လည်း ထိုလူက မူလခန္ဓာကိုယ်ကိုဖြစ်စေ ခွဲထုတ်ထားတဲ့ ခန္ဓာကိုယ်ကိုဖြစ်စေ သူ့ကိုယ်သူ ပြန်သေးအောင် မပြုလုပ်နိုင်ဘူး။

 

နောက်ဆုံးမှာတော့ ထိုကြီးမားလာတဲ့ ဘွန်ဆိုင်းပင်ကြီးက သူ့ကိုယ်သူ ပြန်မသေးနိုင်ခဲ့ပေမဲ့ ကံကောင်းစွာနှင့် လက်မောင်းနှင့် ပေါင်တွေကိုတော့  သစ်ကိုင်းနှင့်ပင်စည်တွေအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့တယ်။

 

ဒီလိုနဲ့  စားသောက်ပြီးသွားချိန်မှာတော့ စားသောက်ဆိုင်ရဲ့ဝန်ထမ်းတွေက ချီကျွင့်တစ်ယောက် လက်တစ်ဖက်မှာ ပါဆယ်ဘူးကို  ကိုင်ထားပြီး တခြားတစ်ဖက်မှာတော် နှစ်မီတာလောက် မြင့်တဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို ကိုင်ကာ စားသောက်ဆိုင်ထဲမှ အမူအယာကင်းမဲ့စွာ ထွက်ခွာသွားတာကို ထူးဆန်းစွာ မြင်တွေ့လိုက်ရတော့တယ်။