အပိုင်း 272
Viewers 25k

Chapter 272
ကလေးများ


အချိန်က ညအချိန်ဖြစ်သည်။

လတစ်လ၏ ဒုတိယလဝက်ဖြစ်၍ လက ညဉ့်လယ်ခေါင်‌မရောက်သေးသောကြောင့် တိမ်များကြားထဲမှ ထွက်မလာသေးချေ။ ထိုအချိန်၌ တောအုပ်ထဲမှ အိမ်တစ်အိမ်တွင်တော့ မီးများ ထိန်ထိန်ညီးနေသည်။ ထိုနန်းတော်တမျှ ခမ်းနားသောအိမ်မှ အလင်းရောင်များကြောင့် တောင်ပေါ်၌ လပေါင်းများစွာ သာနေသကဲ့သို့ ဖြစ်နေလေသည်။

ရှဲ့ဝမ်နှင့် မင်းသမီးဝမ်တို့သည် ညောင်စောင်းပေါ်၌ထိုင်၍ လထွက်လာမည်ကိုစောင့်နေကြသည်။ ညဉ့်လေပြေနှင့် တောက်ပသော လမင်း၊ တောင်တန်းများနှင့် တောတောင်များ၊ အဖြူရောင်ဝတ်စုံနှင့် လှပသောလူတစ်ယောက်၊ ဗျပ်စောင်းတီးခတ်သံတို့ ပေါင်းဆုံလျှင် ဤလောကကြီးသည် တကယ်ပင် သာယာလှပတော့မည်ဟု ထိုလူများ ထင်နေကြသည်။

သို့သော် သူတို့သည် စောင့်ရင်းနှင့်သာ အချိန်များကုန်သွားသည်။ လမင်းက တိမ်များကြားမှ မထွက်လာသည့်အပြင် အဖြူရောင်ဝတ်စုံနှင့် လူသည်လည်း ဤအိမ်သို့ ရောက်မလာသကဲ့သို့ ပေါ်မလာပေ။

သို့သော် ကံကောင်းစွာပင် ရာသီက နွေဦးရာသီဖြစ်သောကြောင့် တောအုပ်က ထူ၍ သစ်ပင်များက ကြီးမားသော်လည်း ခြင်နှင့်ယင်များ မရှိချေ။ တောထဲမှ တစ်ခါတစ်ရံ ကျားဟိန်းသံများ ကြားရသော်လည်း ခပ်လှမ်းလှမ်း၌ ရှိနေကြသော အစောင့်များကြောင့် ကြောက်စိတ်မပေါ်ကြပေ။

မင်းသမီးဝမ်က ရှဲ့ဝမ်ကို ကြည့်၍ ရှဲ့ဝမ်တစ်ယောက် စိတ်ဓာတ်ကျနေသည့်ပုံကိုမြင်သောအခါ အနားသို့တိုး၍ တိုးတိုးလေးပြောလိုက်သည်။
"အားဝမ် ငါ့ရဲ့ ဦးလေးတွေက တော်ပေမယ့် ချန်ရုံကိုလည်း ပေါ့သေးသေးတော့ ထင်လို့မရဘူး...သူတို့ငြိမ်းချမ်းရေးဆုံးရှုံးသွားတယ်ဆိုတာ တကယ်များလား..."

မင်းသမီးဝမ်က ဆက်ပြောလိုက်သည်။
"နင်လက်လျှော့လိုက်ပါတော့..."

ရှဲ့ဝမ်က ခေါင်းကိုငုံ့လိုက်သည်။ သူမသည် ရေပူစမ်း၌ ရေချိုးပြီးသောအခါ အဖြူရောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားသည်။ သေချာအနီးကပ်ကြည့်လျှင် ထိုဝတ်စုံက အမျိုးသမီးဝတ်စုံဖြစ်သော်လည်း ဝမ်ဟုန်၏ အဖြူရောင်ဝတ်စုံပုံစံနှင့် ခပ်ဆင်ဆင်တူနေလေသည်။

ရှဲ့ဝမ်ကဲ့သို့ မိန်းမငယ်လေးက ဝမ်ဟုန်ကဲ့သို့ ဇနီးရှိသည့်အမျိုးသားအား ပွင့်လင်းစွာ စကားသွားပြော၍မရပေ။ ထို့ကြောင့် ဝမ်ဟုန်၏ဝတ်စုံနှင့် ဆင်တူသည့် အဝတ်အစားကိုဝတ်၍ ဝမ်ဟုန့်အပေါ် သစ္စာရှိကြောင်း ပြသထားခြင်းဖြစ်ပေလိမ့်မည်။

သို့သော် ရှဲ့ဝမ်အတွက် ကံမကောင်းစွာပင် ဝမ်ဟုန်က ပေါ်မလာခဲ့ချေ။ ရှဲ့ဝမ်၏အားထုတ်မှုများက အလဟဿ ဖြစ်ခဲ့ရပေပြီ။

ရှဲ့ဝမ်တစ်ယောက် ပို၍ဝမ်းနည်းရသည်က မင်းသမီးဝမ်၏စကားများက မှန်နေခြင်းကို သူမကိုယ်တိုင်က သိနေခြင်းဖြစ်သည်။ ဤအချိန်၌ ရှဲ့ဝမ်အတွက် အကောင်းဆုံးရွေးချယ်မှုမှာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရန်ဖြစ်သည်။

ချီလန်ရယ်...ကျွန်မ အရှင့်ကို နှစ်တွေအကြာကြီး သဘောကျလာရတာ...ဘယ်လိုများ ရှင့်ကို ကျွန်မ စွန့်လွှတ်နိုင်မှာလဲ...

ရှဲ့ဝမ်က သာယာနူးညံ့သောအသံဖြင့်ပြောလိုက်သည်။
"သူက ကျွန်မကို တစ်ခါမှတောင် မမြင်ဖူးခဲ့ဘူး..."

ဝမ်ဟုန်သာ သူမ၏မျက်နှာကိုမြင်၍ သူမ၏အလှတရားများကို မြင်ခဲ့လျှင် သူ၏ အပြုအမူများပြောင်းလဲသွားလိမ့်မည်ဟု ရှဲ့ဝမ်ယုံကြည်ထားသည်။

မင်းသမီးဝမ်က ရှဲ့ဝမ်၏စကားကိုကြားသောအခါ သက်ပြင်းချလိုက်သည်။

ထိုအချိန်မှာပင် ထောင့်တစ်နေရာမှ ခေါင်းသေးသေးလေးတစ်လုံးထွက်လာ၍ ပြူးကျယ်သောမျက်လုံးလေးတစ်စုံက ရှဲ့ဝမ်နှင့် ဝမ်ဝမ့်အား ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထိုမျက်လုံးပိုင်ရှင်က တုံးတိတိပင်ပြောလိုက်သည်။
"ဆယ့်ကိုးယောက်မြောက်အစ်မ...ကျွန်တော်တို့ကို ခေါ်လိုက်တာလား..."

မင်းသမီးဝမ်က အလွန်အံ့အားသင့်သွားမိသည်။ သူမသည် အနောက်သို့လှည့်ကြည့်၍ ပါးစပ်ဟောင်းလောင်းပွင့်သွားမိသည်။
ဘယ်ကနေ ဒီကလေးက ရောက်လာတာလဲ...

ကလေးက ရယ်၍ သူတို့နားသို့ပြေးလာသည်။ ထို့နောက် ဝမ်ဝမ့်ရှေ့၌ ရပ်၍ ရှည်လျားသော မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အပြစ်ကင်းစင်၍ စပ်စုတတ်သော မျက်နှာလေးဖြင့် မေးလိုက်သည်။

"အစ်မတို့...ဘာဖြစ်လို့ ကျွန်တော်တို့ကို ကလေးဆိုးလေးတွေလို ခေါ်နေတာလဲ...ကျွန်တော်တို့ကို သဘောမကျဘူးလား..."

"မဟုတ်ဘူး မဟုတ်ဘူး အဲဒီလိုမဟုတ်ပါဘူး..."
မင်းသမီးဝမ်က ရယ်၍ပြောလိုက်သည်။

ကလေးက မင်းသမီးဝမ့်ကို လျစ်လျူရှု၍ ရှဲ့ဝမ်ဘက်သို့ လှည့်လိုက်သည်။

ရှဲ့ဝမ်ကလည်း ပြန်ကြည့်လိုက်သောအခါ ဝမ်ဟောင်က ‌မျက်နှာကိုမော့၍ ပြောလိုက်သည်။
"ဒီမမက သူ့ကိုယ်သူ ကျွန်တော့်မေမေထက်ပိုလှတယ်လို့ပြောနေတာကို ကျွန်တော်ကြားခဲ့တယ်...မမက အထက်တန်းလွှာမျိုးရိုး မဟုတ်ပါလား...ဘာဖြစ်လို့ သူ့ကိုယ်သူ ကျွန်တော့်မေမေနဲ့ နှိုင်းနေရတာပါလဲ..."

ရှဲ့ဝမ်က ဘာပြန်ပြောရမည်မသိပဲ ခပ်တောင့်တောင့် ပြုံးလိုက်သောအခါ ဝမ်လင်းက နှုတ်ခမ်းကိုစူ၍ မျက်လုံးထဲ၌ မျက်ရည်များ ပြည့်လာလေသည်။
"သူ အဲဒီလိုပြောတာ ကျွန်တော်မကြိုက်ဘူး..."

ရှဲ့ဝမ်က အမြန်ပြန်ပြောလိုက်သည်။
"အဲဒါ အဓိပ္ပာယ်မရှိတဲ့စကားတွေပါ...ပြီးတော့ ရှောင်လန်ကလည်း အဲဒါတွေကို ဂရုမစိုက်ပါဘူး..."

ရှဲ့ဝမ်က အသည်းအသန်ရှင်းပြနေချိန်တွင် ဝမ်ဟောင်က မျက်ရည်များဖြင့် ဆက်ပြောလိုက်သည်။
"အခုပဲ ကျွန်တော် ဖေဖေ့ကိုမေးလာတာ..."

ဘာဖြစ်တယ်?

အမျိုးသမီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရှဲ့ဝမ်၏မျက်နှာက သွေးဆုတ်ဖြူလျော်သွားကာ ဝမ်ဟောင်အား ကြောက်လန့်နေသည့်လေသံဖြင့် ဂရုတစိုက်မေးလိုက်သည်။
"မောင်လေးက မောင်လေးရဲ့အဖေကို ဘာမေးလိုက်တာလဲ..."

ဝမ်ဟောင်က ရှဲ့ဝမ်၏မျက်လုံးများကိုစိုက်ကြည့်၍ အပြစ်ကင်းစင်သည့်မျက်နှာလေးဖြင့် ပြောလိုက်သည်။
"ဒီအစ်မက ဘာဖြစ်လို့ သူ့ကိုယ်သူ မေမေနဲ့လိုက်ယှဉ်နေတာလဲလို့မေးလိုက်တာ...မေမေ့ကိုလည်း မကောင်းပြောတယ်လို့..."

ရှဲ့ဝမ်၏မျက်နှာက ဖြူလျော်သွားသောအခါ ဝမ်ဟောင်က မျက်လုံးများကို မှေးစင်း၍ ပြောလိုက်သည်။

"သူတို့ရုပ်တွေက ဆိုးနေလို့ တခြား ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အရူးတွေလည်း ကမ္ဘာပေါ်မှာ ရှိတာပဲလို့ ဖေဖေကပြောတယ်...ပြီးတော့ အဲဒီလိုလူတွေကို လျစ်လျူရှုဖို့လည်းပြောတယ်..."

ထို့နောက် ဝမ်ဟောင်က ခေါင်းကိုမော့၍ အူတူတူပုံစံဖြင့်ပြောလိုက်သည်။

"ဖေဖေပြောတာ မမကို ပြောတာထင်တယ်နော်...ဖေဖေက မမကိုကြိုက်ပုံမပေါ်ဘူး..."

ရှဲ့ဝမ်၏တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

မင်းသမီးဝမ်က အမြန်လှမ်းအော်လိုက်သည်။
"ဝမ်ဟောင် မဟုတ်ဘူး ဝမ်လင်း...ဒီလိုပြောတာ အရမ်းရိုင်းတယ်လေ..."

ဝမ်ဟောင်က ဝမ်ဝမ့်အားကြည့်၍ ပြန်အော်လိုက်သည်။

"ကျွန်တော်က အားလင်းမဟုတ်ဘူး...ခင်ဗျားမှားနေပြီ..."
ဝမ်ဝမ် ပါးစပ်မဖွင့်နိုင်ခင်မှာပင် ဝမ်ဟောင်က ဝမ်လင်းအား လက်ညှိုးထိုးကာ ဆက်အော်နေသည်။
"ခင်ဗျားကြီးမှာ နေစရာအိမ်တွေအများကြီးရှိတယ်မဟုတ်ဘူးလား...ဘာဖြစ်လို့ ဒီကို လာနေနေတာလဲ...ကျွန်တော်တို့ အမုန်းဆုံးက ခင်ဗျားပဲ...ခင်ဗျားကိုမုန်းတယ်..."

ထို့နောက် မင်းသမီးဝမ်တုံ့ပြန်လာမည်ကိုမစောင့်တော့ပဲ ဝမ်ဟောင်က ငိုယိုကာပြေးထွက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့မျက်စိအောက်မှ ဝမ်ဟောင် ပျောက်ကွယ်သွားလေသည်။

ပျောက်ကွယ်သွားသော ပုံသဏ္ဍာန်ကို ကြည့်၍ မင်းသမီးဝမ်သည် အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။
"အားဝမ် ငါတို့ပြန်ကြရအောင်...နောက် သုံးရက်အထိငါတို့စောင့်မယ်...ပြီးရင်တော့ ပြန်တော့မယ်..."

ရှက်သွေးဖြင့် မျက်နှာရဲနေသော ရှဲ့ဝမ်က ခေါင်းကိုငုံ့ကာ ဘာမှမပြောပဲ နှုတ်ခမ်းကိုသာ ကိုက်ထားသည်။ ခဏအကြာမှ အက်ကွဲသောအသံဖြင့်ပြောလိုက်သည်။
"သုံးရက်...ဒီ သုံးရက်အတွင်းမှာတော့ ကျွန်မ သူ့ကိုတွေ့ရမှာပါ...မတွေ့ရဘူးဆိုရင်လည်း ပြန်ကြတာပေါ့..."

မင်းသမီးဝမ်က ခေါင်းငြှိမ့်လိုက်သည်။

ဝမ်ဟောင်သည် ခြေလှမ်းသုံးဆယ်ခန့်သာ ပြေးပြီးသောအခါ ရပ်လိုက်သည်။ သူ့ရှေ့ရှိ အမှောင်ထုထဲမှ ကောင်ငယ်လေးနောက်တစ်ယောက်ထွက်လာကာ မေးလိုက်သည်။

"ဘယ်လိုလဲ..."

ဝမ်ဟောင်က နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာပြောလိုက်သည်။
"အစ်ကိုကြီးပြောတဲ့အတိုင်းပဲ..."

ထိုစကားကို‌ကြားသောအခါ ဝမ်လင်းက စိတ်ပျက်သွားကာ ထပ်မေးလိုက်သည်။
"ဒါဆို ဒီည ငါတို့တွေ ဝံပုလွေတွေလိုဝတ်ပြီး သူတို့တွေကို ခြောက်စရာလိုသေးတာလား..."

ဝမ်ဟောင်က ခဏစဉ်းစားပြီးကာမှ ခေါင်းငြှိမ့်လိုက်သည်။
"အင်း..."

ဝမ်လင်းက ခေါင်းကိုငုံ့ကာ အရေးကြီးသည့်မျက်နှာထားဖြင့်ပြောလိုက်သည်။
"ဒီကိစ္စတွေ ဖေဖေမသိစေနဲ့နော်..."

ထိုအချိန်၌ ကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာလေသည်။

"ငါ့ကို ဘာတွေ မသိစေချင်နေကြတာလဲ..."
ထိုအသံပိုင်ရှင်မှာ အစေခံတစ်ယောက်နှင့်အတူ ညဉ့်လေပြေထဲမှ ထွက်ပေါ်လာသော အဖြူရောင်ဝတ်စုံနှင့် ဝမ်ဟုန်ဖြစ်နေလေသည်။

ဝမ်ဟုန်က ခါးကိုကိုင်းကာ ကလေးနှစ်ယောက်၏ပြူးကျယ်နေသော မျက်လုံးများကိုစိုက်ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ လက်ကို ဝှေ့ယမ်း၍ လှမ်းမေးလိုက်သည်။

"သခင်လေးနှစ်ယောက် ဘယ်ကိုသွားခဲ့လဲ..."

အစေခံက ရိုသေစွာပြန်ဖြေလိုက်သည်။
"ဧည့်သည်နှစ်ယောက်ဆီသွားပါတယ် အရှင်..."

ဝမ်ဟုန်၏မျက်ခုံးများက ပို၍ တွန့်ကွေးသွားကြသည်။ သူသည် ကိုယ်ကိုကျုံ့၍ သေးကွေးသတိမထားမိအောင် လုပ်နေကြသော ကလေးနှစ်ဦးကိုကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။
"သူတို့ကိုခေါ်သွားတော့..."

ထို့နောက် ဝမ်ဟုန်သည် ဝမ်ဝမ်နှင့် ရှဲ့ဝမ်ရှိသည့်အဆောင်သို့ ဖြည်းညှင်းစွာ လျှောက်သွားလေသည်။