အပိုင်း 273
Viewers 25k

Chapter 273
: တွေ့ဆုံခြင်း




ဝမ်ဟုန်က ညောင်စောင်းဆီသို့ လျှောက်သွားလိုက်သည်။

အနီးအနားမှ လူများက တီးတိုးပြောနေကြချိန်တွင် ဝမ်ဟုန်ကတော့ ဂရုမစိုက်ပဲ ပြုံး၍ ရှေ့သို့သာ ဆက်လျှောက်လာလိုက်သည်။

"လန်ကျွင်းကို ငါမြင်ဖူးခဲ့ရပြီပဲ..."

လန်ကျွင်း?

မင်းသမီးဝမ်နှင့် ရှဲ့ဝမ်တို့က ထိုစကားသံများကိုကြားသောအခါ အိန္ဒြေမထိန်းနိုင်ပဲ လှည့်ကြည့်လိုက်မိကြသည်။

သူတို့နားသို့ လျှောက်လာနေသူမှာ တကယ်ပင် ဝမ်ဟုန်ဖြစ်နေလေသည်။

အဖြူရောင်ဝတ်စုံနှင့် ချောမောသော ဝမ်ဟုန်သည် အမှောင်ထုထဲမှ လေပြေလေညှင်းကဲ့သို့ လျှောက်လာသည်။

ရှဲ့ဝမ်၏မျက်လုံးများက ပြူးကျယ်သွား၍ သူမ၏ နှလုံးသားသည်လည်း ရုတ်တရက် နိုးကြားလာသည်။

ဝမ်ဟုန် အနားရောက်လာသောအခါ အစေခံများက ရှေ့သို့တိုး၍ ညောင်စောင်းနား၌ မီးအိမ်ဆယ်ခုကို ချိတ်ဆွဲလိုက်သောကြောင့် ထိုနေရာလေးက ကွက်၍ မီးလင်းသွားသည်။

ဝမ်ဟုန့်မျက်လုံးထဲတွင် သူမ၏နုနယ်လှပသောမျက်နှာက ပို၍ပင် ကြည်လင်ချောမောနေမည်ဟု ရှဲ့ဝမ်ထင်နေမိသည်။ ထိုအချိန်၌ သူမ ကြည့်၍လှနေမှန်း ရှဲ့ဝမ်သိသည်။ ထို့ကြောင့် အဖြူရောင်ဝတ်စုံနှင့် ဆောင်းဦးရာသီ၏နေရောင်ခြည်ကဲ့သို့ တောက်ပစွာပြုံး၍ ရှက်စနိုးအ‌ကြည့်ဖြင့် ဝမ်ဟုန့်အားလှမ်းကြည့်လိုက်သည်။

ယခုဤအချိန်လေးသည် သူမရော ဝမ်ဟုန်ရောတို့၏ မှတ်ဉာဏ်ထဲ၌ အမြဲ စွဲထင်သွားတော့မည်ဟု ရှဲ့ဝမ် ယုံကြည်ထားမိသည်။

ဝမ်ဟုန်က ရှဲ့ဝမ်အား လှမ်းကြည့်လိုက်သည်။

ဝမ်ဟုန်၏မျက်လုံးများက တောက်ပ၍ အဆင့်အတန်းမြင့်ကာ ကြည်လင်နေသည်။

လှပလိုက်သည့် မြင်ကွင်းပါပေလား...

ရှဲ့ဝမ်သည် ဤမြင်ကွင်းကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့၍ အကြိမ်ပေါင်းမရေတွက်နိုင်အောင် အိပ်မက်မက်ခဲ့သော်လည်း ထိုအရာများက ယခု လက်ရှိမြင်ကွင်းကို မမှီပါချေ။

ဤမြင်ကွင်းသည် အလွန်ရှင်းလင်းပြတ်သား၍ ကျက်သရေရှိနေသည်။

ယခုကဲ့သို့ မှောင်မိုက်သောတောင်ပေါ်၌ လ၏အလင်းရောင်အောက်တွင် ဤမျှ ချောမောနေရခြင်းသည် ဝမ်ချီလန်တစ်ယောက် နတ်ဘုရားတစ်ဦး ဖြစ်နေသောကြောင့်ပင်ဖြစ်မည်ဟု ရှဲ့ဝမ်တွေးမိသည်။

သို့သော်လည်း ဝမ်ဟုန်က ရှဲ့ဝမ်ကို လှမ်းကြည့်နေသောအကြည့်များကတော့ တစ်မျိုးဖြစ်နေသည်။

ရှဲ့ဝမ်သည် အလွန်ရှားပါးသောအလှနှင့် မိန်းကလေးတစ်ဦးဖြစ်သည်။ ကျန့်ခန်း၌ ရှဲ့ဝမ်၏အလှကိုမှီသူဟူ၍ များများစားစားမရှိချေ။ ထို့ကြောင့် ဤမျှလှပသော မိန်းကလေးကိုကြည့်နေသော ဝမ်ဟုန်၏မျက်လုံးများက အဘယ်ကြောင့် တောတောင်ရေမြေကိုကြည့်နေသကဲ့သို့ တည်ငြိမ်နေရပါသနည်း။

ရှဲ့ဝမ်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

ရှဲ့ဝမ်၏တစ်ကိုယ်လုံး ခါးသီးမှုနှင့် အရှုံးတရားများဖြင့် လွှမ်းခြုံသွားသည်။ ဝမ်ဟုန်က သူမကို မကြည့်လျှင်တောင်မှ ဝမ်ဟုန််အလုပ်များနေ၍ သူမကို မကြည့်လိုက်နိုင်ဟု တွေး၍ရသေးသည်။

ယခုတွင်တော့ သူမကို ဝမ်ဟုန်မြင်သွားသည်မှာ သိသာသည်။ ဝမ်ဟုန်က သူမကို ကြည့်လိုက်သည့်အကြည့်မှာ မြေမှုန်တစ်မှုန်ကို ကြည့်လိုက်သည့်အကြည့်နှင့် ဘာမှမခြားပေ။

ရှဲ့ဝမ်၏တန်ဖိုးက ဤမျှပင် နိမ့်ကျသွားပြီလား။

ဝမ်ဟုန်ကဲ့သို့သော လူမျိုးက ချောမောလှပသည့် မိန်းကလေးများစွာ တွေ့ဖူးမည်ကတော့ သေချာပါသည်။ သို့သော ချန်ရုံ့ကဲ့သို့ မိန်းကလေးသည်ပင် ဝမ်ဟုန့်အား ချစ်ကြိုက်လာအောင်ဆွဲဆောင်နိုင်ရာ ရှဲ့ဝမ်က အဘယ်ကြောင့် မရနိုင်ရမည်နည်း။

ဝမ်ဟုန်က ရှဲ့ဝမ်အား အဘယ်ကြောင့် အနားမှ ဖြတ်သွားသူတစ်ယောက်ထက်မပိုသောအကြည့်ဖြင့် ကြည့်ရပါသနည်း။ ရှဲ့ဝမ်သည် အလွန်လှပသော မိန်းကလေးတစ်ယောက်မဟုတ်ပါလား။ ယောင်္ကျားများအားလုံး၏စိတ်ဝင်စားမှုကို သူမ ရသင့်သည်မဟုတ်ပါလား။

ရှဲ့ဝမ်တစ်ယောက် စိတ်အခြေအနေ တက်လိုက် ကျလိုက်ဖြစ်နေသည်ကို ဝမ်ဟုန်ကတော့ မသိချေ။ ဝမ်ဟုန်သည် ရှဲ့ဝမ်ထံမှအကြည့်ကို ရုတ်၍ ဝမ်ဝမ်ကိုကြည့်လိုက်သည်။

"မင်း ငါ့ကို ဘာပြောစရာရှိလို့လဲ..."

ဝမ်ဟုန်သည် ဤကဲ့သို့ မိန်းမငယ်လေးနှစ်ဦးနှင့် စကားပြောရန် စိတ်မပါချေ။ ထို့ကြောင့် လိုရင်းကိုသာ တန်းမေးလိုက်သည်။

မင်းသမီးဝမ်က ပြောလိုက်သည်။
"ဦးလေးခုနစ်ကို အိမ်တော်က ပြန်လာစေချင်နေပါတယ်...ဝမ်အိမ်တော်က မြောက်ပိုင်းမှာ ဟူလူမျိုးတွေကို နှစ်ခါတောင်ရှုံးနိမ့်နေရပါတယ်...နောက်တစ်ခါ ထပ်ရှုံးနိမ့်မယ်ဆိုရင် အိမ်တော်မှာ ဘာမှကျန်တော့မှာမဟုတ်ပါဘူး...ဒါပေမယ့် ဦးလေးခုနစ်သာ ပြန်လာမယ်ဆိုရင် ဝမ်အိမ်‌ေတာ်ကို ကူညီပေးမယ်လို့ပြောပါတယ်..."

ဝမ်ဟုန်က သဘောမတူသည့်ပုံဖြင့်ပြန်ပြောလိုက်သည်။
"ဧကရာဇ်ကရော ဘာပြောလိုက်လဲ..."

မင်းသမီးဝမ်က ဝမ်ဟုန်၏ အမူအယာကို တွေ့သောအခါ သက်ပြင်းချလိုက်မိသည်။ သူမသည် မိန်းကလေးငယ်လေးတစ်ယောက်သာဖြစ်၍ ထို့ထက်လည်းပို၍ မပြောနိုင်တော့ချေ။

"ဦးလေးခုနစ်က သမားတော်ကွမ်းလုကို လုယူသွားတယ်လို့ ဧကရာဇ်ကပြောတယ်...သမားတော်ကွမ်းလုကို ချက်ချင်းပြန်လွှတ်ချင်လွှတ် မလွှတ်ရင် ဖမ်းခေါ်ရလိမ့်မယ်လို့လည်းပြောပါတယ်..."

ဝမ်ဟုန်က အေးစက်စွာ ပြုံး၍ပြောလိုက်သည်။
"ငါ့ရဲ့မိန်းမကို ဖမ်းယူမယ်ဟုတ်လား...မင်း အားရုံကိုပဲ တိုက်ရိုက်သွားပြောလိုက်ပါတော့လား..."

မင်းသမီးဝမ်က ဘာမှပြန်မပြောနိုင်တော့ချေ။

ဝမ်ဟုန်က ခဏမျှစဉ်းစားလိုက်ပြီးမှ အမိန့်ပေးလိုက်သည်။
"နောက်နှစ်ရက်နေရင် ရွှမ်က တောင်အောက်ကိုဆင်းတော့မှာ...မင်းလည်း သူနဲ့ ပြန်လိုက်သွားပါ .."

မင်းသမီးဝမ်က ထိုစကားကိုကြားသောအခါ ရှဲ့ဝမ်ကို လှမ်းကြည့်လိုက်သည်။ ရှဲ့ဝမ်က ဘာမှကြားပုံမပေါ်ပဲ ဝမ်ဟုန့်ကိုသာ ငေးကြည့်နေသည်ကို မြင်သောအခါ မင်းသမီးဝမ်လည်း ခေါင်းသာခါလိုက်မိတော့သည်။

မင်းသမီးဝမ်က ဝမ်ဟုန့်ကို ပြန်လှည့်ကြည့်၍ နှုတ်ခမ်းကိုလျှာဖြင့် သပ်လိုက်သည်။
"ဦးလေးခုနစ်က မကောင်းတာပဲ..."

မင်းသမီးဝမ်သည် ဝမ်ဟုန့်နောက်၌ ပုန်းနေကြသော ကလေးနှစ်ယောက်ကိုကြည့်ကာပြောလိုက်သည်။
"ကျွန်မတို့နှစ်ယောက်က ဒီအထိရောက်လာကြတာကိုတောင် ဦးလေးခုနစ်က လျစ်လျူရှုရူံမကလို့ ဦးလေးရဲ့သားတွေက ကျွန်မတို့ကို အနိုင်ကျင့်တာကိုတောင် ထိုင်ကြည့်နေသေးတယ်..."

မင်းသမီးဝမ်ထံမှ ထိုစကားကိုကြားသောအခါ ဝမ်ဟုန်က သူ့အနောက်မှ ကလေးနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

ကလေးနှစ်ယောက်သည်လည်း အော်ဟစ်၍ အမှောင်ထုထဲသို့ ထွက်ပြေးသွားကြကာ အစောင့်များနောက်၌ ပုန်းကွယ်နေကြလေသည်။

ဝမ်ဟုန်သည်ပင် အနည်းငယ် ရယ်ချင်သွားမိသည်။

သို့သော် မျက်နှာရှိန်သတ်၍ မင်းသမီးဝမ်အား လှည့်ကြည့်ကာ ပြောလိုက်သည်။
"မင်းဘက်ကစပြီး မဟုတ်တာတွေ မလုပ်ရင် သူတို့ကလည်း ဘာမှလုပ်မှာမဟုတ်ဘူးလေ..."

ထို့နောက် ဝမ်ဟုန်သည် အင်္ကျီဝတ်ရုံလက်ကို လှုပ်ခတ်ကာပြောလိုက်သည်။
"မင်း ဒီကသွားတော့...နောက်လည်း ဘယ်တော့မှ ပြန်မလာနဲ့..."

ထိုသို့ပြောပြီးသောအခါ ဝမ်ဟုန်က နောက်သို့ တစ်ချက်မှပင်ပြန်မကြည့်တော့ပဲ လှည့်ထွက်သွားတော့သည်။

မင်းသမီးဝမ်လည်း ဝမ်းနည်းသွားကာ ဝမ်ဟုန့်နောက်သို့ အပြေးလိုက်၍ အော်ခေါ်လိုက်သည်။
"ဦးလေး ၇..."

မင်းသမီးဝမ်သည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေ၍ သူမ၏မျက်နှာကို အင်္ကျီဝတ်ရုံဖြင့်အုပ်ကာ ပြောလိုက်သည်။

"ကျွန်မ ကျန့်ခန်းမှာ ဦးလေးဆီကို လာဖို့ အိမ်နဲ့တောင် အတိုက်အခံလုပ်ခဲ့ရတာ...ဦးလေးက ဘာလို့များ ကျွန်မကို ဒီလိုလုပ်ရက်ရတာလဲ..."

ဝမ်ဟုန်က အနောက်သို့ ပြန်မလှည့်ပဲ ရှေ့သို့သာတစ်လှမ်းတိုး၍ ခပ်တိုးတိုးပြောလိုက်သည်။

"မင်းက ငါ့ကို အရမ်းကြည်ညိုနေတာကိုး...အဲဒါ မင်းအပြစ်ပဲလေ..."

ထိုစကားကိုကြားသောအခါ မင်းသမီးဝမ်လည်း မထိန်းနိုင်တော့ပဲ ငိုချလိုက်မိတော့သည်။

ရှိုက်ကြီးတငင်ငိုနေရင်းနှင့်မှ ဘေးနားမှ ငိုသံတိုးတိုးလေးကို ကြားလိုက်ရသည်။

မင်းသမီးဝမ်က မျက်ရည်ကိုသုတ်၍ ဘေးသို့ လှည့်ကာမေးလိုက်သည်။

"အားဝမ်...နင်ရော ငိုနေတာလား..."

ရှဲ့ဝမ်က ငိုနေသည်တောင်မှ လှပနေသေးသည်။ မျက်ရည်များက ရှဲ့ဝမ်၏မျက်လုံးများမှ ပုလဲလုံးများသဖွယ်စီးကျနေလေသည်။

မင်းသမီးဝမ်၏စကားများကိုကြားသောအခါ ရှဲ့ဝမ်က မျက်ရည်များပိုကျလာကာ အက်ကွဲသည့်အသံဖြင့်ပြောလိုက်သည်။
"ငါတို့ မနက်ဖြန်ပဲပြန်မယ်...မနက်ဖြန် ချက်ချင်းကိုပြန်မယ်..."

ခဏရပ်ပြီးသောအခါမှ ရှဲ့ဝမ်က ဆက်ပြောလိုက်သည်။
"ငါ နင့်ရဲ့ ဦးလေးခုနစ်ကို သဘောမကျတော့ဘူး..."

"ငါရောပဲ...ငါလည်း သူ့ကို အထင်မကြီးတော့ဘူး..."

ဝမ်မင်းသမီးသည် အမှောင်ထုထဲမှ ပုံသဏ္ဍာန်လေးနှစ်ခုကို လှမ်းကြည့်၍ အစေခံများအား အော်ပြောလိုက်သည်။

"နင်တို့က ဘာလုပ်နေကြတာလေ...ပစ္စည်းတွေ သွားထည့်ကြတော့လေ...ခုနပြောသွားတာ မကြားဘူးလား...ငါတို့ကို ပြန်ခိုင်းနေပြီ..."

ထို့နောက် မင်းသမီးဝမ်သည် ကလေးနှစ်ယောက်ဘက်သို့လှည့်၍ အံကြိတ်ကာအော်လိုက်သည်။

"နင်တို့တွေကရော ဒီမှာ ဘာရပ်လုပ်နေကြတာလဲ...ငါ့ကို လွယ်လွယ်နဲ့ ပထုတ်လို့ရမယ်မထင်နဲ့ လို့ နင်တို့အမေကိုသွားပြောလိုက်..."

ထိုအခါ ကလေးတစ်ဦးက ခေါင်းကိုခါကာပြောလိုက်သည်။

"အဲဒီလိုမပြောသင့်ဘူးနော်...မေမေက ဟူလူမျိုးတွေကိုတောင် သတ်ခဲ့တာ...ပြီးတော့ နတ်ဆရာမဖြစ်တုန်းကလည်း အသိပညာတွေ အများကြီးရပြီး ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုတို လက်တောင်တစ်ချက်မမြှောက်ပဲဖြေရှင်းနိုင်ခဲ့တာ..."

နောက် ကလေးတစ်ဦးကလည်း ဝင်ပြောလိုက်သည်။

"ကမ္ဘာပေါ်မှာ မေမေက အသန်မာဆုံးပဲ...ခင်ဗျားတို့လို ကော်ပတ်ရုပ်လိုလူမျိုးတွေကိုမေမေက ခေါင်းထဲထည့်မှာတောင်မဟုတ်ဘူး..."

ကလေးနှစ်ယောက်၏စကားကိုကြားပြီးသောအခါ မင်းသမီးဝမ်သည် ဒေါသထွက်လွန်း၍ သတိမေ့မျောမတတ်ပင်ဖြစ်သွားသည်။ ရှဲ့ဝမ်သည်လည်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေ၍ မြေကြီးပေါ်သို့ ပုံလျက်သား လဲကျသွားသည်။

ထိုအဖြစ်အပျက်ကိုမြင်သောအခါ ကလေးနှစ်ယောက်သည်လည်း တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်၍ ယုန်လေးများကဲ့သို့ပြေးထွက်သွားလေတော့သည်။