Chapter 274
: ကောလဟလများ
ကောင်လေးနှစ်ယောက်က တောက်ပသော မျက်လုံးများဖြင့် စကားပြောနေကြသည်။ ထိုအချိန်မှာပင် ကြည်လင်သော လူငယ်တစ်ယောက်၏အသံထွက်ပေါ်လာသည်။
"မင်းတို့က ဒီမှာ ရှိနေကြတုန်းလား..."
ထိုအသံပိုင်ရှင်က ဝမ်ရွှမ်ဖြစ်သည်။
ကလေးနှစ်ယောက်က အလွန်ပျော်ရွှင်သွားကြသည်။ သူတို့သည် ခုန်ပေါက်ကာ ဝမ်ရွှမ့်နားသို့ရောက်သွားကြ၍ တစ်ယောက်က မြေကြီးပေါ်၌ထိုင်ကာပြောလိုက်သည်။
"အစ်ကိုကြီး...အစ်ကိုကြီးပြောတာကို ကျွန်တော်တို့ အခုပဲလုပ်လိုက်ပြီ..."
"ဟိုမိန်းမနှစ်ယောက် အရမ်းဒေါသထွက်ပြီး မေ့လဲမလိုတောင်ဖြစ်သွားကြတယ်..."
ပြိုင်တူလုပြောနေကြသော အသံသေးသေးလေးနှစ်ခုကို နားထောင်ရင်း ဝမ်ရွှမ် ခေါင်းငြှိမ့်လိုက်သည်။
"မဆိုးပါဘူး..."
သူတို့၏အစ်ကိုကြီးထံမှ ဤကဲ့သို့ ချီးကျူးသံကိုကြားရခဲသောကြောင့် ကလေးနှစ်ယောက်သည် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေကြတော့သည်။
ဝမ်ရွှမ်က လက်တစ်ဖက်ကို ဆန့်တန်း၍ ပြောလိုက်သည်။
"သွားကြမယ်..."
"ဟင့်အင်း မေမေ့ကိုသွားတွေ့ဦးမှာ..."
ကလေးနှစ်ယောက်က အမေနှင့်တွေ့မည်သာပြောနေကြသည်။ အမှောင်ထုထဲ၌ ဝမ်ရွှမ်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ အသံမာမာနှင့်ပြောလိုက်သည်။
"မရဘူး အဲဒီမှာ အဖေရှိနေတယ်လေ..."
ကလေးနှစ်ယောက်လုံးက ဝမ်ရွှမ့်အကြောင်းကိုသိပြီးသားဖြစ်သောကြောင့် ဝမ်ရွှမ်၏လေသံကို ကြားသည်နှင့် ပြိုင်တူပြောလိုက်ကြသည်။
"ဖေဖေ့ကို နှင်ထုတ်လိုက်မှာပေါ့..."
"ဖေဖေပြန်တဲ့အထိ စောင့်လည်းရတာပဲ..."
"အဖေက ပြန်မှာမဟုတ်ဘူး..."
ဝမ်ရွှမ်က ပြောလိုက်သည်။
"သူ့မိန်းမက ကိုယ်ဝန်ရှိနေတာလေ...အဲဒီတော့ အမေ့အနားကနေ သူခွာမှာမဟုတ်ဘူး..."
ကလေးနှစ်ယောက်က ဝမ်ရွှမ့်အား မျက်စောင်းထိုးလိုက်ကြသည်။ ထို့နောက် ကလေးတစ်ယောက်က တိုးတိုးလေးပြောလိုက်သည်။
"အစ်ကိုကြီးက စိတ်ပုတ်တယ်..."
ကလေးနှစ်ယောက်သည် ဝမ်ရွှမ့်ရှေ့၌ စူပုတ်ကာ ပွစိပွစိ ဆက်ပြောနေကြသည်။ ဝမ်ရွှမ်က ရိုက်ပုတ်မည့်ပုံ လက်ရွယ်လိုက်သည့်အခါမှ ကလေးနှစ်ယောက်လည်း ယုန်များကဲ့သို့ မြန်ဆန်စွာ ထွက်ပြေးသွားကြတော့သည်။
အမျိုးသမီးနှစ်ယောက်သည် ချန်ရုံ ကိုယ်ဝန်ရှိနေသည် ဆိုသည်ကိုပင် မသိသွားကြချေ။ သူတို့နှစ်ယောက်သည် မနက်မိုးလင်းသည်နှင့် တပြိုင်နက် အစေခံများကိုခေါ်ကာ နန်ရှန့်မှ ထွက်ခွာလာကြတော့သည်။
တောင်အောက်သို့ရောက်သောအခါ စိမ်းစိုနေသော တောင်ထိပ်ကို ပြန်မော့ကြည့်လိုက်ကြငည်။
မင်းသမီးဝမ်သည် တောင်ထိပ်ကိုကြည့်၍ ရှဲ့ဝမ်ကို လှမ်းကြည့်လိုက်သည်။ ထိုအခိုက်တွင် မင်းသမီးဝမ်သည် အဘယ်ကြောင့်များ သူမ၏သူငယ်ချင်းကို ဤသို့ခေါ်လာမိမှန်း မသိတော့ချေ။
မင်းသမီးဝမ်က သက်ပြင်းချ၍ ပြောလိုက်သည်။
"ဦးလေးခုနစ်ရဲ့အကြောင်းတွေက တကယ်တော့ အဓိပ္ပာယ်မရှိတဲ့ ကောလဟာလတွေပဲနေမှာပါ..."
ကောလဟာလ?
ရှဲ့ဝမ်က ထိုအကြောင်း မကြားဖူးသောကြောင့် နှလုံးသားထဲမှ ဝမ်းနည်းမှုကို မြိုသိပ်ကာ တောင်များကို ကြည့်နေရင်းဖြင့် မေးလိုက်သည်။
"ဘာကောလဟာလလဲ..."
မင်းသမီးဝမ်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ပြုံး၍ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး..."
မင်းသမီးဝမ်က ဘာမှဆက်မပြောပဲနေနေသောအခါ စိတ်မတည်မငြိမ်ဖြစ်နေသော ရှဲ့ဝမ်က ပို၍ ဝမ်းနည်းလာမိသည်။ ထို့ကြောင့် သိချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။
"နင်ပြောတာ ဘာ ကောလဟလလဲ..."
မင်းသမီးဝမ်က ပြုံး၍ ပြောလိုက်သည်။
"ဪ ဘာမှမဟုတ်ပါဘူး...ဦးလေးခုနစ်က ချန်ရုံ့ကို ဧကရာဇ်နဲ့ မူရုံခယ်ဆီကနေ လုယူသွားပြီး အဖိုးတန်ရတနာလေးလို စောင့်ရှောက်ထားတာလို့ လူတွေက ပြောနေကြလို့ပါ..."
ရှဲ့ဝမ်က လှောင်ရယ်ရယ်လိုက်သည်။
"မဖြစ်နိုင်တာ..."
ထို့နောက် ပြောရင်း ဒေါသထွက်လာသောကြောင့် ထပ်ပြောလိုက်သည်။
"ချန်ရုံရဲ့ ရုပ်ရည်နဲ့ဆိုရင် ကမ္ဘာပေါ်မှာ သူ့ကိုကြိုက်မယ့်လူ ခုနစ်ယောက်တောင်ရှိပါ့မလား..."
ရှဲ့ဝမ်သည် ဝမ်ဟုန့်ကို အလွန်မုန်းတီးနေပြီဖြစ်၍ ချီလန်ဟု ခေါ်ရာမှ မင်းသမီးဝမ်၏ဦးလေးခုနစ်ဟုသာ ခေါ်လိုက်တော့သည်။
မင်းသမီးဝမ်သည်လည်း ဝမ်ဟုန့်ကို စိတ်တိုနေသောကြောင့် သက်ပြင်းချကာပြောလိုက်သည်။
"သွားကြရအောင်...ဒီနေရာက တကယ်ပျင်းစရာကောင်းတယ်..."
ရထားလုံးကထွက်ခွာသွားသောအခါ မီးခိုးများက ကောင်းကင်ပေါ်သို့ လွင့်ပျံသွားကြသည်။
ရထားလုံးထဲ၌ထိုင်၍ စိမ်းစိုနေသော တောတောင်ရေမြေနှင့် တဖြည်းဖြည်းဝေးကွာသွားသော နန်ရှန့်ကိုကြည့်ရင်းဖြင့် ရှဲ့ဝမ်သည် ဤနေရာ၌ခံစားခဲ့ရသော အရှက်ရမှု၊ အဖြူရောင်ဝတ်စုံနှင့်စော်ကားခံခဲ့ရမှုများကိုစဉ်းစားရင်းဖြင့် ဝမ်းနည်းလာမိပြန်သည်။
မျက်ရည်များက စီးကျလာသောကြောင့် လက်ကိုင်ပုဝါကို ဆွဲထုတ်၍ မျက်နှာကိုသုတ်ကာ ပြောလိုက်မိသည်။
"သူတို့တွေက အရမ်းရက်စက်တာပဲ..."
သူမ၏စကားများက ဝမ်ဟုန်သာမက သူ၏သားသုံးယောက်ကိုပါ ပြောလိုက်ခြင်းဖြစ်သည်။
ရှဲ့ဝမ်သည် လက်ကိုင်ပုဝါဖြင့် မျက်နှာကိုနီသွားသည်အထိ သုတ်လိုက်ပြီးမှ ခါးသီးမုန်းတီးစွာပြောလိုက်သည်။
"နယ်စပ်မှာ တကယ်စစ်ပွဲတွေဖြစ်ပါစေလို့ငါဆုတောင်းတယ်...အဲဒါမှနင့်ရဲ့ ဦးလေးခုနစ်လည်း ဒီနေရာကနေထွက်ပြေးရမှာ...ဒီလိုနေရာမှာနေနေရတာတောင် ချန်ရုံဆိုတဲ့မိန်းမက မာနကြီးနေရဲသေးတယ်...သူ့ရဲ့သားတွေကလည်း ငါ့ကို လာပြီး လှောင်ပြောင်ရဲကြတယ်..."
"အချိန်ကျရင်တော့ သူတို့တွေ ပြန်ငိုကြရတော့မှာပါ..."
ရှဲ့ဝမ်၏စကားကိုကြားသောအခါ မင်းသမီးဝမ်က မော့ကြည့်လိုက်သည်။
သူမ ဤနေရာသို့ မလာခင်က မင်းသမီးဝမ်သည် ဝမ်အိမ်တော်ခေါင်းဆောင်နှင့် ဧကရာဇ်တို့နှင့်တွေ့ခဲ့ရသည်။ သူမ ကြီးပြင်းခဲ့ရသည့်တစ်လျှောက်တွင်လည်း သူမတို့မိသားစုနှင့် ပြင်ပကမ္ဘာဆက်သွယ်နေပုံတို့ကို သိလာရသည်။
သူမ၏ ဦလေးခုနစ်ကို လူအများက လေးစားအားကိုးကြမှန်းသိသည်။ ဟူလူမျိုးများကိုပင် ဦးလေးခုနစ်က ချေမှုန်းနိုင်သည်ဟု လူအများက ထင်နေကြသည်။
ထို့ကြောင့် တိုင်းပြည်၌ အခက်အခဲတစ်ခုခုကြုံပါက ဝမ်ဟုန်သည် တောင်ပေါ်မှ ဆင်းလာရမည်မှာ အသေအချာသာဖြစ်သည်။ သူ ဆင်းလာဖို့ငြင်းလျှင်လည်း အခြား နာမည်ကျော်ပညာရှိများက ဆင်းလာခိုင်းမည်သာဖြစ်သည်။
ထိုအကြောင်းကို ခဏစဉ်းစားလိုက်ပြီးမှ မင်းသမီးဝမ်ကပြောလိုက်သည်။
"သူတို့လည်း တစ်နေ့နေ့တော့ ပြန်ခံရမှာပါ..."
ထိုစကားသည် ရှဲ့ဝမ်အတွက် ကတိပေးလိုက်သော စကားဖြစ်သည်။