အပိုင်း 275
Viewers 25k

Chapter 275
ကျန့်ခန်းမှ ဆယ်ကျော်သက်လူငယ်


ရှဲ့ဝမ်နှင့် မင်းသမီးဝမ်တို့သည် တောင်အောက်၌ နှစ်ရက် သုံးရက်ခန့်နေ၍ ခရီးဆက်လာကြသည်။ ရထားလုံးကလည်း ဟောင်းနွမ်းနေသည့်အပြင် အားနွဲ့သည့် မိန်းကလေးနှစ်ယောက်ဖြစ်သောကြောင့် ခရီးတော့ သိပ်မတွင်ချေ။

သူတို့ ကျန့်ခန်းသို့ပြန်ရောက်ချိန်တွင် အချိန်‌လေးလ ကုန်ဆုံးခဲ့ပြီဖြစ်သည်။

ရှဲ့ဝမ်တို့ မြို့မှထွက်လာကာစက နွေဦးရာသီဖြစ်သည်။ ယခုတွင်တော့ နွေရာသီပီပီသသဖြစ်၍ သစ်ရွက်များပင် ခြောက်နေကြပေပြီ။

ဘေးပတ်ဝန်းကျင်ကိုကြည့်၍ ရှဲ့ဝမ်က ခပ်တိုးတိုးပြောလိုက်သည်။
"နှစ်ကူးကိုရောက်သွားသလိုပဲ..."

မင်းသမီးဝမ်က ခေါင်းကိုခါ၍ပြောလိုက်သည်။
"ဘာနှစ်သစ်လဲ...အခုမှလေးလပိုင်းပဲရှိသေးတာကို..."
အိမ်သို့ပြန်ရောက်လာပြီဖြစ်သောကြောင့် မင်းသမီးဝမ်၏အသံက ရွှင်ပျနေသည်။

ရထားလုံးက အရှိန်မြှင့်၍ မောင်းနှင်လိုက်သည်။

ကျန့်ခန်းမြို့ထဲသို့ ဝင်သောအခါ ညနေစောင်းနေပြီဖြစ်၍ ရွှေရောင်နေလုံးက အနောက်ဘက်ဆီသို့ ဝင်နေပြီဖြစ်သည်။ လေတစ်ချက်ဝှေ့လိုက်သောအခါ ဖုန်လုံးများ ထလာကြသည်။

သွားနေရင်းဖြင့် မင်းသမီးဝမ်က ရုတ်တရက် ထပြောလိုက်သည်။
"သူတို့ဘာတွေကြည့်နေကြတာလဲ..."

ရှဲ့ဝမ်က ဝမ်ဟုန့်အကြောင်းစဉ်းစားနေရင်းက မော့ကြည့်လိုက်သည်။

‌ပတ်ဝန်းကျင်သို့ကြည့်လိုက်သောအခါ လမ်း၏ဘေးတစ်ဖက်တစ်ချက်မှ မြောက်များစွာသော မျက်လုံးများက ရှဲ့ဝမ်တို့အား စပ်စုစွာကြည့်နေကြသည်ကို မြင်လိုက်ရလေသည်။

ရှဲ့ဝမ်၏နှုတ်ခမ်းများက တဖြည်းဖြည်း တွန့်ကွေး၍ ပြုံးလိုက်သည်။ သူမ၏ အမူအယာများက ပြန်၍ အိန္ဒြေရှိလာကာ ရှုပ်ပွနေသောဆံပင်များကို သပ်ရပ်အောင် ပြုပြင်လိုက်သည်။

သို့သော် ရှဲ့ဝမ်သည် အနည်းငယ်ရှိုးတိုးရှန့်တန့်တော့ဖြစ်နေသည်။ လေးလကြာမောင်းနှင်ခဲ့ရသော ရထားလုံးသည် အလွန်ယိုယွင်းနေ၍ သူမ သည်လည်း စိတ်ဓာတ်ကျနေမိသောကြောင့် ဆံပင်များက ရှုပ်ပွကာ ဖြူဖွေးသောအသားအရည်ကလည်း အနည်းငယ်မွဲခြောက်နေသည်။ သို့သော် ယခုကဲ့သို့ လူအများ၏ကြည့်ခြင်းကို ခံရသောအခါ လက်ရှိခံစားနေရသော မောပန်းမှုနှင့် ဝမ်းနည်းမှုများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှဲ့ဝမ်သည် မနေနိုင်ပဲ ရှုပ်နေသောဆံပင်များကိုသပ်ကာ နားရွက်နောက်သို့ ပို့လိုက်သည်။

လူတိုင်း၏အကြည့်များက အလွန်စူးရဲ၍ မျက်စိမလွှဲတမ်းကြည့်နေကြသောကြောင့် ရှဲ့ဝမ်သည်ပင် အနည်းငယ် ရင်တုန်လာမိသည်။

ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ရှဲ့ဝမ် တစ်ခါမျှ မကြုံရဖူးပေ။

ဤခေတ်အခါသည် ထူးဆန်းသောခေတ်ဖြစ်သည်။ ဟန်နှင့်သုံးပြည်ထောင်တွင် ချောမောလှပသော မိန်းမပျိုလေးတစ်ဦး အပြင်သို့ထွက်ပါက လမ်းပေါ်၌ မည်သူမျှ မရှိချေ။ ဤခေတ်၌ လှပသော မိန်းကလေးကို မည်သူကမှ စိတ်မဝင်စားကြချေ။

ပြည်သူများ စိတ်ဝင်စားရူးသွပ်ကြသည်က ချောမောသော လူငယ်များဖြစ်သည်။

လူငယ်တစ်ဦး၌ အခြားလူနှင့် နှိုင်းယှဉ်၍မရသော ရုပ်ရှည်ရှိ၍ စိတ်နေစိတ်ထားကလည်း မြင့်မြတ်ကာ ကောင်းမွန်သောနောက်ခံမျိုးရိုးရှိပါက လူတိုင်း လေးစားအားကျရသော လူတစ်ဦး ဖြစ်လာမည်သာဖြစ်သည်။


ထို့ကြောင့် ရှဲ့ဝမ်သည်ပင် ကျန့်ခန်း၌ ထင်ရှားကျော်ကြားသည့် အလှလေးတစ်ဦးဖြစ်သော်လည်း သူမ ဝတ်စားပြင်ဆင်ပြီး လမ်းပေါ်သို့ထွက်လျှင်ပင် သူမကို ကြည့်မည့်လူက အနည်းသာရှိသည်။ ယခုတွင်တော့ ရာထောင်ချီသော မျက်လုံးများက သူမကို ကြည့်နေကြပေပြီ။

ရှဲ့ဝမ်က အလွန်ကြိုးစား၍ အိန္ဒြေရှိသည့်အပြုံးလေးကိုပြုံးကာ ကိုယ်ဟန်အနေအထား လှပအောင်ကြိုးစားနေချိန်တွင် ဝမ်မင်းသမီး၏ပြောသံကြားလိုက်ရသည်။

"အဲဒါသူလား...သူက ဘာဖြစ်လို့ ဒီလောက်မြန်မြန်ရောက်လာရတာလဲ..."

ဝမ်မင်းသမီးက ရှဲ့ဝမ်၏ လှပစေရန်ကြိုးစားနေမှုများကိုပင် သတိမပြုမိပဲ ဆက်ပြောလိုက်သည်။
"အားဝမ် ဟိုကောင်လေးရောက်လာပြီပဲ...ပြီးတော့ သူဝတ်စားထားတဲ့ပုံကိုလည်းကြည့်ပါဦး...လူတွေအများကြီးက သူ့ကို စိတ်ဝင်စားလာအောင် လုပ်နေသလိုပဲ..."

လူအများ စိတ်ဝင်စားလာအောင် လုပ်နေသည်တဲ့လား။

ရှဲ့ဝမ် ရှိုးတိုးရှန့်တန့်ဖြစ်သွားရသည်။

ထိုအချိန်မှာပင် ရှဲ့ဝမ်၏မြင်ကွင်းထဲသို့ ရထားလုံးတစ်စီးဝင်ရောက်လာသည်။

ထိုရထားလုံးကိုမြင်လိုက်ရသောအခါ ရှဲ့ဝမ်သည် ပင့်သက်ရှိုက်လိုက်မိသည်။

ရထားလုံးထဲ၌ လူငယ်လေးတစ်ဦးထိုင်နေသည်။

ထိုလူငယ်သည် ကျောက်ဆစ်ထုထားသော ပန်းပုရုပ်ကဲ့သို့ ချောမောပြေပြစ်နေသည်။ လူငယ်ဝတ်ထားသော ရွှေရောင်ဝတ်ရုံကလည်း ပါးလွှာလွန်း၍ ပျိုမျစ်၍ တောင့်တင်းသောခန္ဓာကိုယ်ကို‌မြင်နေရ‌လေသည်။

ထို နုပျိုချောမောသော လူငယ်၏ခန္ဓာကိုယ်ကို ကြည့်ရင်းဖြင့် ရှဲ့ဝမ်၏နှလုံးသားက ပရမ်းပတာ ခုန်လာမိသည်။ သို့သော် ထိုရင်ခုန်ခြင်းမှာ အချစ်ကြောင့်မဟုတ်ပဲ ထိုလူငယ်၏ ချောမောလွန်းမှုကြောင့်သာဖြစ်ကြောင်းကို ရှဲ့ဝမ်သိသည်။

ထိုလူငယ်၏ ပါးလွှာသော ဝတ်ရုံကိုလည်း အပြစ်ပြော၍မရပေ။ ဘေးဘီသို့ကြည့်လိုက်ပါက အထက်တန်းလွှာအများစုသည်လည်း ထိုကဲ့သို့ ပါးလွှာသောအဝတ်များကို ဝတ်ဆင်ထားကြသည်သာဖြစ်သည်။

လူအများကြည့်နေကြခြင်းမှာ သူမကို မဟုတ်ပဲ ထိုလူငယ်သာဖြစ်သည်ကို ရှဲ့ဝမ်သဘောပေါက်သွားသည်။

လူငယ်ကတော့ ထိုသို့အကြည့်ခံရခြင်းကို အသားကျနေပုံပေါ်လေသည်။ သူသည် ဘေးဘီသို့ပင်လှမ်းမကြည့်ပဲ ဝါးပေစာတစ်ခုကိုသာ ပျင်းရိပျင်းတွဲပုံစံဖြင့် ဖတ်နေသည်။

လေတစ်ချက်တိုက်သွားသောအခါ လူငယ်၏ရထားလုံးရှိလိုက်ကာက လွင့်သွားသောကြောင့် လူငယ်လေး၏ချောမောသောမျက်နှာက်ုမြင်လိုက်ရသည်။ လေညှင်းက လူငယ်ကို ကလူကျီစယ်သွားသောအခါ လူတိုင်းက ထိုလေညှင်းသည် သူတို့၏လက်များဖြစ်ကာ ကောင်းကင်ဘုံမှ အချိုးကျနစွာထုဆစ်ပေးလိုက်သော မျက်နှာလေးကို ကိုင်လိုက်ရသည်ဟု ခံစားလိုက်ကြရသည်။

ရှဲ့ဝမ်လည်း ထိုအခါမှပင် အသိပြန်ဝင်လာကာ အံကိုကျိတ်၍ပြောလိုက်သည်။
"သူက ဘယ်လိုရောက်လာတာလဲ...ကျန့်ခန်းကို သူဘယ်လိုလာခဲ့တာလဲ..."

မင်းသမီးဝမ်ကတော့ လူငယ်ကိုသာ ငေးကြည့်နေ၍ ခပ်တိုးတိုးပြောလိုက်သည်။
"ဘယ်လိုလူငယ်က ဒီလောက်ပါးလွှာတဲ့ အဝတ်ကို ဝတ်မှာလဲ..."

လူငယ်ကို သေချာကြည့်ပြီးမှ မင်းသမီးဝမ်သည် ရှဲ့ဝမ်ကို လှည့်ကြည့်ကာ ခေါင်းခါလိုက်သည်။
"ဒါမဖြစ်သင့်ဘူး...
မင်းသမီးဝမ်က ခေါင်းကိုထပ်ခါကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒီကလေးက ၁၃ နှစ်ပဲရှိသေးတာပဲ...သူ့ကို တောင်ပေါ်မှာ တွေ့တုန်းက သူ ဒီ‌လောက်ချောမောမယ်မှန်းငါမသိခဲ့ဘူး..."

ထိုအခိုက်တွင် လူငယ်လေးက ပေစာကို ဖြည်းညှင်းစွာ ပြန်ပိတ်၍ မော့ကြည့်လိုက်သည်။

လူငယ်လေးက ခေါင်းကိုမော့လိုက်ချိန်မှာပင် သူ၏အကြည့်များက မင်းသမီးဝမ်နှင့် ရှဲ့ဝမ်ဆီသို့ ရောက်လာသည်။ လူငယ်လေးက ပြုံး၍ လှမ်းပြောလိုက်သည်။
"ဖတ်လို့ကောင်းတယ်..."

သို့သော် သူ၏အသံကို ရှဲ့ဝမ်တို့ မကြားလိုက်ကြရပေ။

လူငယ်လေးပြုံးလိုက်ချိန်မှာပင် မိန်းကလေးများစွာ၏ အော်ဟစ်သံများ ထွက်ပေါ်လာ၍ လူငယ်လေး၏အသံကို ဖုံးအုပ်သွားလေသည်။ များစွာသောလူများက လူငယ်လေး၏ရထားလုံးဆီသို့ တိုးဝှေ့ရောက်လာကြရ။ ရှဲ့ဝမ်တို့၏ရထားလုံးသည်ပင် ဘေးသို့ရောက်သွားရသည်။

အသံများက တဖြည်းဖြည်းပို၍ ကျယ်လောင်လာကြသည်။ ရှဲ့ဝမ်၏ ဘယ်ဘက်မှ မိန်းကလေးတစ်ဦးဆိုလျှင် သူမ၏ခြင်းတောင်းထဲမှ ပန်းများနှင့် သစ်သီးများကို ရှာရင်း အလုပ်ရှုပ်နေသည်။

အချိန်အတော်ကြာ ရှာပြီးသည့်တိုင်အောင် ဘာမှမတွေ့သဖြင့် ထိုမိန်းကလေးသည် ခြင်းတောင်းထဲမှ ကြာပန်းတစ်ခိုင်ကိုသာထုတ်၍ လူအများဝိုင်းရံနေသော ရထားလုံးဆီသို့ ပစ်ပေးလိုက်သည်။

ခဏအကြာတွင် မရေတွက်နိုင်သောမိန်းကလေးများသည်လည်း သစ်သီးများနှင့် ပန်းပွင့်များကို လူငယ်လေး၏ရထားလုံးရှိရာသို့ ပစ်ပေးနေကြတော့သည်။ ထို့နောက် အချင်းချင်း လက်များချိတ်ကာ ရထားလုံးကို ဝန်းရံထားလိုက်တော့သည်။

မိန်းကလေးများ အချင်းချင်း လက်များချိတ်လိုက်သည်ကို မြင်သောအခါ မင်းသမီးဝမ်က စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။
"စိတ်ညစ်ပါတယ်...အိမ်ကို ဘယ်အချိန်မှပြန်ရောက်တော့မလဲမသိတော့ဘူး..."

ဤခေတ်တွင် လမ်းပေါ်၌ ချောမောလှပသော လူငယ်လေးတစ်ဦးကိုတွေ့ပါက လူတိုင်း၌ လမ်းကိုပိတ်၍ ကြည့်ခွင့်ရှိလေသည်။ ဖြတ်သွားဖြတ်လာလုပ်နေကြသော အထက်တန်းလွှာများကလည်း ထိုသို့ဖြစ်လျှင် ဘာမှမတတ်နိုင်ပဲ ထိုင်စောင့်နေရမည်သာဖြစ်သည်။

ယခုလည်း မိန်းမငယ်လေးများသည် လမ်းကိုပိတ်ကာ လူငယ်လေး၏အလှတရားကို ချီးမွမ်းသည့်သီချင်းများ အော်ဆိုနေကြတော့သည်။

မိန်းကလေးများသီချင်းဆိုရပ်သွားသောအခါ နွေဦးရာသီ၏လေညှင်းကဲ့သို့ သာယာသောရယ်သံများက ကောင်းကင်ဆီသို့ လွင့်ပျံတက်သွားလေတော့သည်။