အပိုင်း277
Viewers 26k

Chapter 277
ရှဲ့ဟယ်ထင်း



ရေတွက်ကြည့်ရလျှင် ဝမ်ရွှမ်က အိမ်နှင့်အဝေးသို့ရောက်နေသည်မှာ လေးလကျော်နေပြီဖြစ်သည်။ ပြီးခဲ့သည့် လေးလအတွင်းတွင် ရှဲ့ဝမ်နှင့် အခြားသူများသည် လမ်းပေါ်တွင်သာ အချိန်ကုန်ခဲ့ကြသည်။ သူက နန်ရှန်မှ ကျန့်ခန်းသို့ တစ်ခါသွားပြီးပြီဖြစ်သည်။

ဤအချိန်တွင် ကျန့်ခန်းကိုသွားရန် ကြောက်ရွံ့သွားသည်။ တောင်အောက်ဆင်းလာရသည့် ရည်ရွယ်ချက်မှာလည်း ပြည့်စုံ‌သွားပြီဖြစ်သည်။ နန်ရှန်သို့ပြန်ရောက်ပါက သူ့အမေတစ်ယောက် သူ့အတွက် ညီလေးတစ်ယောက် မွေးထား‌ေပးမည်မှာ အသေအချာပင်။

ထို့‌အကြောင်းတွေးလိုက်မိသောအခါ ဝမ်ရွှမ်က အနည်းငယ်လောလာပြီး ချက်ချင်းပြောလိုက်သည်။
“သွား အိမ်ကိုပြန်ကြမယ်”

ထိုသို့ပြောပြီးနောက် သူက အစောင့်များကို ပြောရန်လည်းမမေ့ပေ။
“ဒီနေ့ကိစ္စအကြောင်း အဖေကိုမပြောနဲ့”

အစောင့်များသည် သခင်၏အမိန့်ကိုနာခံသင့်ပေသည်။ သက်လတ်ပိုင်းအရွယ်အစောင့်က ပြုံးပြီးပြောလိုက်သည်။
“လန်ကျွင်းက နေရာတိုင်းမှာ မျက်လုံးနဲ့ နားတွေအပြည့်ရှိနေတာ ရှောင်လန်မသိစေချင်တာက ဘယ်အချိန်ထိများခံနိုင်မှာလဲ”

“မတတ်နိုင်ဘူး အဲ့ဒါကိုဖယ်ပစ်ရမှာဘဲ”
ဝမ်ရွှမ်က အသံကျယ်ကျယ်ဖြင့် ပြန်ပြောလာ၏။
“အစကနေအဆုံးအထိ ကိစ္စတွေအားလုံးက အမေ့ရဲ့လှည့်စားမှုတွေကြောင့်ဘဲ ၊ ‌အဖေကသာ ငါ့ကိုအပြစ်ပေးချင်တယ်ဆိုရင် အမေ့ကို ဖြေရှင်းခိုင်းရမယ်”

သူက အပြစ်ကင်းသည်ဟုပြောနေသော်လည်း သူ့ခေါင်းကမူ အပြစ်ရှိစိတ်ဖြင့် တဖြည်းဖြည်းငုံ့ကျလာ၏။ အစောင့်များကရယ်မောကာ ရထားလုံးကိုသာမောင်းနေလိုက်ကြသည်။

ပြောစရာမလိုစွာပင် ဧပြီလသာရှိသေးသော်လည်း အစောင့်များသည် အိမ်ပြန်ရမည့်အကြောင်း တွေးလိုက်မိသောအခါ ပျော်သွားကြသည်။

ဒီတစ်ကြိမ်တွင် ဖြတ်သန်းဖြတ်လာများနှင့် မတော်တဆတွေ့ဆုံခြင်းကို ရှောင်ကြဉ်ရန်အလို့ငှာ ဝမ်ရွှမ်က အလျင်အမြန်ခရီးနှင်လာခဲ့သည်။

လဝက်လောက် ခရီးနှင်ပြီးနောက်တွင် သူတို့က ရူမြို့‌ဟုအမည်ရှိသော မြို့တစ်မြို့ဆီရောက်လာကြသည်။ မြို့အမည်ကို မြို့နံရံပေါ်တွင် ထွင်းထုထား၏။ ‌အဝေးမှတောင် မြို့ထဲမှ သေရည်နံ့များနှင့် ပေါင်ဒါနံ့များကို ရနေပေသည်။

အစောင့်များက အပျော်လွန်သွားကြသည်။

ရူမြို့သည် အလယ်အလတ်အရွယ်ရှိသော မြို့ဖြစ်ကာ ကျန့်ခန်းနှင့်အနီးတွင်ရှိသောကြောင့် အဝင်အထွက်ပြုနေသော လူအများအပြားရှိ၏။ မြစ်၏နှစ်ဖက်လုံးတွင် တန်ဖိုးကြီးသစ်သားများဖြင့် အိမ်နှစ်လုံးကို တည်ဆောက်ထားသည်။ ခြေကျင်‌ရောက်လာသူများအတွက် လှေများရှိ၏။ ခေါင်းမော့ကြည့်လိုက်ပါက ဝတ်ရုံစများလွင့်ရမ်းနေကာ ပေါလောမျောနေသကဲ့သို့ ပုံရိပ်များစွာကို တွေ့ရပေလိမ့်မည်။

ဖြတ်သွားသော မိန်းမလှများကို ကြည့်ကာ အစောင့်များက ရထားလုံးနားကပ်လာပြီး ဝမ်ရွှမ်ကိုပြောလာကြသည်။
“ရှောင်လန် ဒီနေရာက လှနေရော၊ မဆင်းလာ‌ေတာ့ဘူးလား”

ခရီးပြင်းနှင်လာမှုအောက်တွင် ဝမ်ရွှမ်က အေးစက်စွာပြောလိုက်သည်။
“မင်းတော့ သောက်တာအရမ်းများနေပြီလို့ ငါထင်တယ်”

သူဤသို့ပြောလိုက်သောအခါ နောက်ထပ်ရယ်မောသံများထွက်လာ၏။

ထို့နောက် ၎င်း၏ရှေ့တွင်ပင် ဂယက်ထလာကြသည်။

လမ်းပေါ်တွင် ဖြတ်‌သွားဖြတ်လာများက ရှေ့သို့ပြေးလာကြကာ ခြေသံများကြားတွင် မိန်းကလေးများ၏ အော်ဟစ်အားပေးသံများလည်းရှိနေသည်။

လူတိုင်းက သိချင်သွားကြကာ ရထားလုံးကို ထိုနေရာသို့ဦးတည်လိုက်ကြသည်။

ခနလောက်ကြာပြီးနောက် သူတို့၏ရှေ့တွင် တရုတ်ရိုးရာဝတ်စုံများဖြင့် လူအုပ်တစ်ခုပေါ်လာသည်။ သူတို့က မြင်း၊ ရထားလုံး ဘာကိုမှအသုံးမပြုဘဲ ဖြေးဖြေးချင်းလာနေကြသည်။

အရှေ့ဆုံးမှ ‌သူသည် သွယ်လျသောခါးရှိကာ အလွန်ခန့်ညားသောလူငယ်တစ်ဦးဖြစ်သည်။ သူကမူ မြင်းစီးထားသော်လည်း ရိုးရာဝတ်စုံကိုမဝတ်ထားပေ။ ထိုအစား လက်ဝကျယ်ဝတ်ရုံကို ဝတ်ဆင်ထားရာ လေတစ်ချက်အဝေ့တွင် ဝတ်ရုံလက်များက လိပ်ပြာတောင်ပံများလို လှုပ်ခပ်သွားသည်။

မြင်းပေါ်ရှိ ထိုလူငယ်သည် ခါးတွင်ဓားကိုမဆင်ထားပေ။ ပျော်ရွှင်နေသောမျက်နှာဖြင့် ထိုလူငယ်ကိုတွေ့လိုက်ရသောအခါ ဝမ်ရွှမ်ကသိချင်စွာမေးလိုက်သည်။
“သူက ဘယ်သူလဲ၊ သူ့မှာအပြုအမူ‌ေကာင်းရှိတယ်”

အစောင့်က ပြန်ဖြေ၏။
“သူ့အမည်က ရှဲ့ဟယ်ထင်းပါ ပြီးတော့ သူက သခင်လေးရဲ့ဖခင်နဲ့ ရွယ်တူပါဘဲ”

အဖေနဲ့ ရွယ်တူတဲ့လား။

ဝမ်ရွှမ်က ပို၍သိချင်လာသည်။

ဤအချိန်တွင် ရှဲ့ဟယ်ထင်းနှင့် အခြားသူများက သူတို့နားရောက်လာ၏။ ဘေးနှစ်ဖက်ရှိ‌လူများက ရှဲ့ဟယ်ထင်းအား သဘောကျစွာဖြင့် ငြိမ်ငြိမ်ရပ်‌ကြည့်နေကြပြီး တိုးဝှေ့မလာသည်ကိုမြင်သောအခါ ဝမ်ရွှမ်က သုန်မှုန်စွာ ပြောလာသည်။
“မတရားဘူး”

သူက နှာခေါင်းရှုံ့လိုက်သည်။

ဤအချိန်တွင် ရှဲ့ဟယ်ထင်းနှင့် အခြားသူများက သူတို့ရှေ့သို့ရောက်လာ၏။

ရှဲ့ဟယ်ထင်းက တစ်ချက်လှမ်းကြည့်လိုက်သောအခါ ရင်းနှီးနေသောအစောင့်အနည်းငယ်ကို မြင်သွား၏။ သူကသေချာကြည့်လိုက်သောအခါ ရထားလုံးထဲတွင် ဝှက်ထားသည့် မိသားစုအမှတ်အသားကို မှတ်မိသွားသည်။

သူက ရထားလုံးရှေ့သို့ သွားလိုက်သည်။

ဝမ်ရွှမ်၏ရထားလုံးရှေ့သို့ရောက်သောအခါ သူကမေးလိုက်၏။
“ဒါက ဘယ်သူများလဲ”

အစောင့်က ရှေ့တိုးကာ ပြန်ဖြေလာသည်။
“ရှဲ့ကျွင်းကို ပြန်ဖြေပါတယ်၊ ဒါကကျွန်တော်တို့အိမ်တော်က ရွှမ်ရှောင်လန်ပါ”

“ရွှမ်ရှောင်လန်၊ ဝမ်ဟုန်ရဲ့ သားအကြီးဆုံးလား”

“ဟုတ်ပါတယ်”

ရှဲ့ဟယ်ထင်းက ရေရွတ်လိုက်သည်။
“အချိန်တွေကြာပြီဆိုတော့ သူ့သားကဒီလောက်တောင် ကြီးနေပြီလား”

သူက လက်ဆန့်ကာ ကန့်လန့်ကာကိုဖွင့်လိုက်သည်။ ထို့နောက် မျက်နှာကာသည့်ခမောက်အောက်တွင်ရှိနေသော ဝမ်ရွှမ်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ကောင်လေး၊ ဘာလို့ခေါင်းမော့ပြီး မျက်နှာမပြတာလဲ”

ဤစကားလုံးများထွက်လာသောအခါ ဝမ်ရွှမ်က ဒေါသထွက်လာပြီး ပြန်‌ပြောတော့မည့်အချိန်တွင် အစောင့်က အလျင်အမြန်တားလာ၏။

သူက ရှဲ့ဟယ်ထင်းကို အရိုအသေပေးကာ ပြောပြလာသည်။
“ရှဲ့ကျွင်းက မသိလို့ပါ၊ ကျွန်တော်တို့ရဲ့ ရှောင်လန်က အမြဲဒီလိုပါဘဲ၊ ဒီလိုမှသာ ရှောင်လန်က လွတ်လွတ်လပ်လပ်လျှောက်သွားနိုင်မှာပါ”

မည်သည့်ဂျင်လူမျိုးမဆို ဤစကား၏အဓိပ္ပါယ်ကို နားလည်ပေသည်။

ရှဲ့ဟယ်ထင်းက အစောင့်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ဝမ်ရွှမ်ကို ကြည့်ကာ အံ့အားတကြီးမေးလာ၏။
“အမေနဲ့ တူတာလား”

အစောင့်ကပြန်ဖြေ၏။
“မိဘနှစ်ပါးလုံးနဲ့ပါ အဲ့ဒါထက်ပိုပါတယ်”

လတ်စသတ်တော့ ဒီလိုဖြစ်နေတာဘဲ။

ရှဲ့ဟယ်ထင်းက ပြုံးကာ ရေရွတ်လိုက်သည်။
“စိတ်ဝင်စားစရာဘဲ”

သူ့အသံက တိုးလျနေပြီး သူတစ်ယောက်တည်းသာကြားရ၏။

ထိုသို့ပြောပြီးနောက် သူက မျက်နှာကာအောက်မှ ဝမ်ရွှမ်၏ဖီးနစ်မျက်ဝန်းအစုံက သူ့ကိုစောင်းကြည့်လာသည်ကို မြင်လိုက်၏။ ရှဲ့ဟယ်ထင်းက မတတ်နိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။
“ဒီမျက်လုံးတွေကိုကြည့်စမ်း၊ ဒီကလေးကတော့ သူ့အမေလို နတ်ဆိုးဉာဉ်လေးပါသား”

သူက ဝမ်ရွှမ်ကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။
“ရွှမ်ရှောင်လန် မင်းက ဒီဦးလေးရဲ့ တူဆိုမှတော့ အိမ်လွမ်းနေလောက်မယ်ဆိုပေမယ့် ဒီအတိုင်းတော့ အလွှတ်မပေးနိုင်ဘူး၊ ”

ဝမ်ရွှမ်က ရှဲ့ဟယ်ထင်းကို မော့ကြည့်လိုက်သည်။ တစ်ဖက်လူက တန်းတူဆက်ဆံလာသည်ကို သူသဘောမကျပေ။ သို့သော် သူ့အနေဖြင့် ကွယ်ဝှက်ပြီး ပြောရုံသာ တတ်နိုင်ပေသည်။

ဤအချိန်တွင် ဝမ်ရွှမ်က ခမောက်ကိုချွတ်ကာ ရထားလုံးထဲလွင့်ပစ်လိုက်သည်။

သူ့မျက်နှာထွက်ပေါ်လာသောအခါ လူအုပ်ကြီး၏ အော်ဟစ်သံနှင့်ရယ်မောသံများက ရပ်တန့်သွားသည်။

ရှဲ့ဟယ်ထင်းကိုယ်တိုင်လည်း ရပ်တန့်သွားသည်။

ဤကလေးက သူ့မိဘများထက်ပိုသည်ဟု အစောင့်ပြောသည်ကို ကြားခဲ့ရစဉ်က သူမယုံခဲ့ပေ။

သို့သော် အခုတွင် သူယုံလိုက်ရ၏။

တစ်နေ့တွင် ဤကဲ့သို့လူမျိုးကို တွေ့နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သတိပြန်ဝင်လာသောအခါ ရှဲ့ဟယ်ထင်းက ချီးကျူးလိုက်သည်။
“အပြုအမူကောင်းဘဲ”

သည်းခံနိုင်စွမ်းသည် အလေ့အကျင့်ကောင်းထက် ပိုအရေးကြီးသော ဤခေတ်ကာလတွင် ရှဲ့ဟယ်ထင်းက အသိအမှတ်ပြုကာ ပြောလိုက်သည်။
“သေချာပေါက်ကို သူကလန်ကျွင်းရဲ့သားဘဲ ဝမ်ဟုန်‌ကတော့ အံ့မခန်းဖွယ်ဘဲ”

ဤကာလများတွင် လူများသည် အပြင်ဘက်တွင်ဖြစ်ပေါ်သော အငွေ့နှင့် သက်တောင့်သက်သာမရှိသောသူသည် သေချာပေါက်ပင် ကွဲပြားမှုရှိသောသူဖြစ်လိမ့်မည်ဟု ယုံကြည်ထားကြ၏။ ထို့ကြောင့် ရှဲ့ဟယ်ထင်းက ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

ရှဲ့ဟယ်ထင်းသည် လောကတခွင်သွားလာနေသော နာမည်ကြီးလူတသစ်ယောက်ဖြစ်သည်။ သူ၏စကားလုံးများသည် အဆင့်အတန်းတစ်ခုတွင်ရှိ၏။ ထို့ကြောင့် စကားတစ်လုံးထွက်သွားသည်နှင့် ဂရုမစိုက်မပြုရဲကြောင်းကို ဖော်ပြရန်အတွက် အစောင့်များသည် ပွဲအခမ်းအနားတစ်‌ခုတောင် ပြုလုပ်ပေးလိုက်ချင်နေ၏။

ကောင်လေးကိုကြည့်ကာ ရှဲ့ဟယ်ထင်းကမေးလိုက်သည်။
“မင်းအမေရော ဘယ်လိုနေလဲ”

“အကြီးအကဲမေးတာကို ပြန်ဖြေပါတယ်၊ ကျွန်တော့်အမေက အရမ်းကိုအဆင်‌ေပြနေပါတယ်”

ရှဲ့ဟယ်ထင်းက ထပ်မေးလိုက်သည်။
“ကျန့်ခန်းကရော ဘယ်လိုနေလဲ”

သူကျန့်ခန်းအကြောင်းပြောလိုက်သည်နှင့် ဝမ်ရွှမ်က မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။
“မကောင်းဘူး”

ရှဲ့ဟယ်ထင်း၏နားမလည်သောမျက်လုံးများကို ဝမ်ရွှမ်က ခါးသီးစွာပြုံးပြလိုက်သည်။
“ကျန့်ခန်းက ခွေးတစ်ကောင်လိုဘဲ၊ ဒေါ်လေးကကျ ဝံပုလွေတစ်ကောင်လိုဘဲ”

သူထိုသို့ပြောလိုက်ရာ အနားတစ်ဝိုက်မှရယ်မောသံများထွက်လာ၏။ ဝမ်ရွှမ်က ဆူပုပ်ပုပ်ဖြင့် ဆက်ပြောသည်။
“ဟွားဖုက မြင်းစီးနေတယ်ဆိုရင်တောင်မှ လူတိုင်းကမော့ကြည့်နေကြတာ၊ တကယ့်လွတ်လပ်မှုဆိုပြီး မရှိဘူး”

ထိုသို့ပြောနေရင်းက သူက ရှဲ့ဟယ်ထင်းအား ကိုယ်ချင်းစာစွာဖြင့် ကြည့်ကာ တီးတိုးပြောလာ၏။
“လူကြီးမင်းက ဒီနေ့ဒီမှာရောက်နေတာ၊ တကယ်ဘဲ စိုးရိမ်ပူပန်မှုကင်းရရဲ့လား”

ရှဲ့ဟယ်ထင်းသည် ဝမ်ရွှမ်မျက်နှာပေါ်မှ ကိုယ်ချင်းစာနေမှုကို ကြည့်ကာ မျက်ခုံးပင့်လိုက်မိသည်။

သူက ဝမ်ရွှမ်နားကပ်ကာ တီးတိုး‌ဆိုလာသည်။
“အဲ့ဒါကတကယ်ဘဲ ဝံပုလွေတစ်ကောင်လိုလား”

သူ့အသံထွက်လာသည်နှင့် ကောင်လေး၏နဖူးပေါ်တွင် ချွေးစေးများထွက်လာသည်ကို မြင်လိုက်ရသည်။

ရှဲ့ဟယ်ထင်းက တစ်ကြိမ်ထပ်မံကာ မျက်ခုံးပင့်လိုက်မိသည်။

ဝမ်ရွှမ်ကသူ့အား ဂရုဏာသက်စွာကြည့်နေကို ကြည့်ကာ ရှဲ့ဟယ်ထင်း၏နှုတ်ခမ်းပါးများက ဖြေးဖြေးချင်းမြင့်တက်လာပြီး တစ်လုံးချင်းစီပြောလာသည်။
“နှမြောစရာဘဲ မင်းအဲ့ဒါကိုသဘောကျသင့်တာ”

ထိုသို့ပြောပြီးနောက် သူ့ခါးမှပုလွေကိုရိုက်ချလိုက်ကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ အစောင့်များ၏ယောက်ယက်ခတ်မှုများကြားတွင် ရှဲ့ဟယ်ထင်းက ပုလွေကိုဓားကဲ့သို့သုံးကာ ရထားလုံးတဝိုက်ရှိ ကန့်လန့်ကာများကို ထိုးလိုက်သည်။

ထိုအချိန်တွင် ကန့်လန့်ကာစက သစ်ရွက်အိုတစ်ရွက်လိုပင်ဖြစ်သွားခဲ့သည်။ နတ်ဆိုးကဲ့သို့ လှပသောမျက်နှာဖြင့် ကြက်သေသေနေသော ဝမ်ရွှမ်သည် လူအုပ်ကြီး၏ရှေ့တွင် ရှင်းလင်းစွာ ထွက်ပေါ်လာ၏။

ရှဲ့ဟယ်ထင်းက နောက်ပြန်ဆုတ်လိုက်သည်။ သူကအဝေးမှနေ၍ ဝမ်ရွှမ်ကို လက်နှစ်ဖက်ဆုပ်ပြလာကာ သူ့ရယ်သံကကျယ်လောင်နေ၏။
“ငါက ငါ့ဘဝကို ဂရုဏာသက်ခံရတာမကြိုက်ဘူး ဝမ်ရွှမ်၊ ရှောင်လန်ကျွင်း မြို့ရဲ့အရသာကို ခံစားလိုက်ပါဦး”

သူ့အသံထွက်သွားသည်နှင့် အလှတရားကြောင့်မိန်းမောနေသော လူများသည် သတိပြန်ဝင်လာကြသည်။ သူတို့က အရိုင်းဆန်စွာအော်ဟစ်လာကြ၏။ လူများက စုပြုံတိုးလာကြကာ ရထားလုံးကို လုံးဝနစ်မြုပ်သွားစေခဲ့သည်။