Chapter 278
ကလေးသုံးယောက်ကို ကျန့်ခန်းဆီလား။
နန်ရှန်သို့ ဝမ်ရွှမ်ပြန်ရောက်လာချိန်တွင် ဆောင်းဦးအချိန်ဖြစ်သည်။ သူ၏အငယ်ဆုံးညီမလေး မွေးဖွားလာခဲ့သည်မှာ လဝက်ကျော်ပြီဖြစ်သည်။
သူ၏ညီမလေးကို ချောင်းကြည့်လိုက်ပြီးနောက်တွင် ဝမ်ရွှမ်က သူသည် ထိုတွန့်ရှူံ့နေသော မျောက်နီနီလေးအား သဝန်မတိုသည်ကို တွေ့လိုက်ရသည်။
ခန်းမဆီသို့ အမြန်ဆုံးအရှိန်ဖြင့် ပြန်လာခဲ့ပြီးနောက်တွင် ဝမ်ရွှမ်ကရိုးသားစွာပင် ခေါင်းငုံ့ကာ သူ့အဖေထွက်လာသည်ကို စောင့်နေလိုက်သည်။
ညင်သာသော ခြေသံကထွက်ပေါ်လာ၏။
ခနကြာပြီးနောက်တွင် အဖြူရောင်ဝတ်ရုံစသည် သူ၏မျက်စိရှေ့တွင်ပေါ်လာသည်။
မတ်တပ်ရပ်နေပြီး ဘာမှမပြောသော သူ၏သားကိုကြည့်ကာ ဝမ်ဟုန်၏အသံက အေးစက်ပြီး ငြိမ်သက်နေ၏။
“ဘာအပြစ်လဲသိလား”
ကောင်လေးက ပြန်ဖြေ၏။
“သိပါတယ်”
"ပြောပါဦး"
“ဒီကလေးက ရှဲ့ဟယ်ထင်းနဲ့တွေ့ခဲ့ရတဲ့အချိန်မှာ အဖေပြောပြထားတဲ့ သူ့ရဲ့ပုံစံ၊ပြုမူပုံတွေကို ဂရုတစိုက်ပြန်တွေးခဲ့သင့်ပါတယ်၊ တကယ်လို့ ကျွန်တော်သာ စိတ်ရှင်းရှင်းလင်းလင်းရှိနေခဲ့မယ်ဆိုရင် အဖေက အသရေဖျက်ခံရမှာမဟုတ်ပါဘူး”
(Tn:ဒီကလေး-သူ့ကိုယ်သူရည်ညွှန်းတာပါ)
“ဘာရှိသေးလဲ”
“ဒီကလေးက ကိုယ့်ကိုကိုယ် အထင်မကြီးသင့်ပါဘူး၊ အသေးစိတ်အချက်လေးတွေကို ပိုပြီးဂရုစိုက်ခဲ့သင့်ပါတယ်၊ ကျန့်ခန်းမှာ လူတွေအများကြီးဝိုင်းတာကို မခံလိုက်ရခင်အထိဂရုမစိုက်ခဲ့မိဘူး ဒါကအမှားတစ်ခုပါ”
ဘာကြောင့်မှန်းမသိ သူ့သား၏လေသံတွင် အမြဲလိုလို အငြိုးထားမှုတစ်ခုရှိနေ၏။
ဝမ်ဟုန်က အေးစက်စွာပြုံးလိုက်သည်။
“မင်းအပေါ်လှည့်စားလိုက်လို့ဆိုပြီး မင်းအမေကို အပြစ်တင်နေတုန်းဘဲလား”
ဆယ်ကျော်သက်လေးက ခေါင်းခါပြကာ ရေရွတ်လာသည်။
“အမေက ဉာဏ်ထက်တာမဟုတ်ဘူး၊ သူမအမှားမဟုတ်ပါဘူး”
“အိုးး ဒါဆိုဘယ်သူ့အမှားလဲ”
ဆယ်ကျော်သက်သည် သူအင်အားများစွာသုံးခဲ့ရသော်လည်း ဘာကိုမှမပြောင်းလဲနိုင်သည်ကိုသိလိုက်ရသည်။ သူကသက်ပြင်းချကာ ဖြေလိုက်သည်။
“မှားယွင်းနေတဲ့အဖေပါ”
ဝမ်ဟုန်က ဖျော့တော့စွာပြောလိုက်သည်။
“သေချာရှင်းရှင်းလင်းလင်းပြော”
ကောင်လေးက တည်ငြိမ်နေသောအသံဖြင့် ပြောလာ၏။
“အမေက ကလေးရဲ့အသွင်အပြင်နဲ့ ပတ်သက်ပြီး ငယ်ငယ်တည်းက အပြစ်တင်နေခဲ့တာပါ၊ အဖေက အဲ့ဒါကိုကြားပေမယ့်လည်း ဘယ်တုန်းကမှ အမှန်မပြင်ခဲ့ပေးဘူးလေ”
ဝမ်ဟုန်က သလွန်ပေါ်တွင် ဖြေးညှင်းစွာထိုင်ချလိုက်သည်။
“ဝမ်အိမ်တော်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ပထမဆုံးလုပ်တတ်ရမှာက အခြားသူတွေရဲ့ ပြောစကားက အမှားလား၊အမှန်လားဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်တတ်ဖို့ဘဲ၊ ဖခင်ဖြစ်သူက အမှန်လိုက်ပြင်ပေးနေစရာမလိုဘူး အဲ့ဒါဟုတ်တယ်မလား”
ကောင်ငယ်လေးသည် ဆရာပြောနေသကဲ့သို့ပင် နားထောင်နေလိုက်သည်။
ဝမ်ဟုန်က မေးလိုက်သည်။
“မြို့သားတွေရဲ့ ငါးနာရီကြာ အဝိုင်းခံထားမှုကို ခံစားရတာဘယ်လိုနေလဲ”
ဆယ်ကျော်သက်လေးက ခေါင်းငုံ့ကာပြန်ဖြေ၏။
“သေတော့မလို ခံစားချက်မျိုး”
“သေတော့မလို ခံစားချက်မျိုးလား၊ ပုံပန်းသွင်ပြင်ကို မိုးကောင်းကင်က ဖန်တီးပေးတာ အခြားသူတွေက အဲ့ဒါကိုနှစ်သက်ကြတယ်၊ မင်းကရောဘာလုပ်နေခဲ့တာလဲ၊ တောင်အောက်မှာ ခရီးတစ်ဝက်လောက်နေခဲ့ပြီး ဘာကိုမှကောင်းကောင်းမလေ့လာခဲ့ရသေးပါလား”
တင်းကြပ်သောလေသံဖြင့် ဝမ်ဟုန်က သူ့ကိုဝေဖန်လိုက်သည်။
ငယ်ရွယ်စဉ်ကတည်းက ဆယ်ကျော်သက်လေး၏အသွင်အပြင်သည် ထင်းထွက်နေ၏။ ဝမ်ဟုန်က သူ့ကိုပြုစုပျိုးေထာင်ရန် အားသိပ်မစိုက်ခဲ့ရသော်လည်း ယခုထိတိုင်အောင် သူက ဝမ်ဟုန်စိတ်ကျေနပ်အောင် မစွမ်းဆောင်နိုင်သေးပေ။
သူ၏သားကို စိုက်ကြည့်ကာ ဝမ်ဟုန်က မေးလိုက်သည်။
“အိမ်ကနေထွက်သွားပြီးရင် ရှဲ့ကျားလန်(ရှဲ့ဟယ်ထင်း)ကို ပြန်ပေးဆပ်ခိုင်းဖို့စဉ်းစားထားလား”
ဝမ်ရွှမ်ကပြန်ဖြေ၏။
“အခုက အချိန်မကျသေးဘူး”
“အိုး အဲ့လိုလား”
“သူက ကျန့်ခန်းကို ကျွန်တော်တို့နဲ့ တစ်နေ့တည်းမှာဘဲပြန်သွားတာ၊ ကျွန်တော်သာ သူ့နောက်လိုက်သွားမယ်ဆိုရင် အာရုံစိုက်ခံရလိမ့်မယ်၊ ဒီကိစ္စက နည်းနည်းကြာကြာတော့ စောင့်ရလိမ့်မယ်”
“သွားတော့”
"ဟုတ်ကဲ့"
သူ၏သားထွက်သွားနေသည်ကိုကြည့်ကာ ဝမ်ဟုန်က ရေရွတ်လိုက်သည်။
“အခုက သူ့ကို မြို့တဝိုက်လှည့်လည်သွားလာပြီး မုန်တိုင်းဒဏ်ကို ဖြတ်ကျော်ခိုင်းရမယ့် အချိန်ကျပြီ”
အနက်ဝတ်လူက သူ့နောက်တွင်ပေါ်လာကာ ပြောလာ၏။
“ဘယ်လိုပုံစံများ ဖြစ်လာမလဲ”
ဝမ်ဟုန်က ဖျော့တော့စွာပြောလိုက်သည်။
“မင်းအတွက် အကာအကွယ်ဆိုတာမျိုးရှိလား”
အနက်ဝတ်လူက ပြန်မဖြေသည်ကို မြင်သောအခါ သူကဆက်ပြောသည်။
“ဒီပုံစံကလည်း အဆင်ပြေပါတယ်၊ အနည်းဆုံးတော့ သေရေးရှင်ရေးဆိုတာမျိုးမရှိတော့ဘူးပေါ့”
အနက်ဝတ်လူက ထပ်ခါတလဲလဲခေါင်းညိတ်ပြလာသည်။
အဆိပ်ရှိသော ဟူလူမျိုးများကြောင့်သာ မဟုတ်ပါက သူတို့သည် ထိုအကိုင်းအခက်အားမရှင်းလင်းနိုင်မှာကို စိုးရိမ်မိသည်။
ဝမ်ဟုန်က ဆက်ပြောသည်။
“အငယ်ဆုံးတွေအတွက် သည်းခံရအခက်ဆုံးအရာက အချစ်ဆိုတဲ့ စကားလုံးဘဲ၊ မှတ်ထား လိုအပ်လာရင် အသက်ကိုသတ်လို့ရတယ် ငါ့သားဝမ်ရွှမ်က တယောက်ထဲဆိုအဆင်ပြေမှာမဟုတ်ဘူး အဲ့ဒီကောင်စုတ်လေး စိတ်ဝိဉာဉ်ထိတောင် ဆွဲဆောင်နိုင်တယ်”
သူ၏သားသည် တောင်များထဲတွင်သာ ကြီးပြင်းလာခဲ့ကာ သက်တူရွယ်တူကစားဖော်ဟူ၍မရှိဘဲ ကာမဂုဏ်နဲ့ပတ်သက်သည့် ထိုနေရာမျိုးကိုလည်း မမြင်ခဲ့ဖူးပေ။ ထို့ကြောင့်သူက ထိုခန်းဆောင်နီမှ မိန်းကလေးများ၏အဓိပ္ပါယ်ကို နားလည်မည်မဟုတ်ပေ။
ဝမ်အိမ်တော်၏ဂုဏ်သရေတွင် အကြီးမားဆုံးသောအရှက်ရမှုသည် ဟူလူမျိူးများ၏လက်ထဲတွင် မကျဆုံးရန်သာဖြစ်သည်။ သို့သော် ယောက်ျားတစ်ယောက်လောက်သာ ကောင်းသည့် အဆင့်နိမ့်မိန်းမပျိုများ၏ ဆွဲဆောင်မှုကို မခံရရန်မှာလည်း အရေးကြီးပေသည်။
အနက်ဝတ်လူက ရိုသေစွာပြန်ဖြေ၏။
“ဟုတ်ကဲ့ပါ”
ဝမ်ဟုန်က ဆက်ပြောသည်။
“ရွှမ်အားက လူသစ်တွေအရမ်းစုချင်တာ၊ ဝင်ပါချင်တဲ့ယောက်ျားတစ်ယောက်ယောက်ရှိလာရင် သတ်လိုက်”
ဒီအသက်အရွယ်သည် ယောက်ျားများကြားတွင် နာမည်ကြီးကာ သူ့အနေဖြင့် သူ၏သားကို ယောက်ျားလေးများအား သဘောကျသွားတာမျိုး မဖြစ်စေချင်ပေ။
"ဟုတ်ကဲ့ပါ"
ဝမ်ဟုန်က ဆက်ပြော၏။
“အနီရောင်ဖုန်မှုန့်က အကျည်းတန်ပြီး သန်းဆယ်နဲ့ချီတယ်၊ သူ့ကိုခွင့်မပြု....”
ခြေသံတစ်ခုထွက်လာသည့်အတွက် ဤနေရာတွင်သာရပ်လိုက်သည်။
ခနအကြာတွင် အပြင်ဘက်မှ အစေခံတစ်ဦး၏အသံထွက်လာသည်။
“လန်ကျွင်း အိမ်တော်ကရောက်လာပါတယ်”
အိမ်တော်က ရောက်လာတာလား။
ဝမ်ဟုန်က မျက်မှောင်ကြုတ်လိုက်သည်။
အစေခံက ဆက်ပြောသည်။
“မိသားစုအကြီးအကဲက လန်ကျွင်းနဲ့ ဇနီးသည်ကို တောင်ပေါ်မှာဆက်နေနေလို့ရပါတယ်၊ ဒါပေမယ့် ကလေးသုံးယောက်က အရွယ်ရောက်လာပြီဖြစ်လို့ ဝမ်အိမ်တော်ရဲ့ သွေးမျိုးဆက်တွေကတော့ မိုးဒဏ်လေဒဏ်မခံနိုင်ဘဲ ဆက်နေနေလို့မရပါဘူးတဲ့”
အစေခံဆက်ပြောသည်။
“အကြီးအကဲက ထပ်ပြောလိုက်ပါသေးတယ်၊ ရှောင်လန်က ကျန့်ခန်းမှာနေ့တဝက်နီးပါးပါဘဲ၊ ကျန့်ခန်းမှာ အကျော်ဇေယျလူတွေက ရှိနေတုန်းပါဘဲ၊ တောင်ပေါ်ကဆင်းလာပြီဆိုမှတော့ ဘာလို့နောက်ပြန်ဆုတ်နေဦးမှာလဲ၊ အရှင်ရဲ့သားကို မြင်ရဖို့ရ ခက်ခဲလိုက်တာတဲ့”
“အရှင်မင်းမြတ်ကလည်း လန်ကျွင်းရဲ့သားက အပြင်မထွက်လာနိုင်ဘဲ မြေးတစ်ယောက်တည်းဘဲရှိေနမှာကို စိုးရိမ်နေပါတယ်”
ဤစကားလုံးက သံလိုခိုင်မာ၏။
ဝမ်ဟုန်က ခနလောက် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“ကောင်လေးသုံးယောက်ကို ခေါ်လိုက်”
"ဟုတ်ကဲ့ပါ"
ခနကြာပြီးနောက်တွင် ဒုန်းစိုင်းလာနေသော ခြေသံနှစ်ခုက ပေါ့ပါးကာအားကောင်းသောခြေသံနှင့် ရောယှက်ကာ ရောက်လာသည်ကို ကြားလိုက်ရသည်။
အနားသို့မရောက်သေးသော်လည်း ဝမ်ဟုန်၏သားများ၏အသံကို အပြင်ဘက်မှတောင်ကြားလိုက်ရသည်။
“အကိုကြီးတော့ အဖေ့ကိုရှက်နေရတော့မှာဘဲ၊ ကျွန်တော်တို့လည်း ရှက်ရွံ့သင့်တယ်”
သူ့အသံထွက်လာသောအခါ နောက်ထပ်အသံတစ်ခုထွက်လာသည်။
“အဖေက သားတို့ရဲ့သူရဲကောင်းဆန်ဆန်ညီမလေးကို မြင်တာက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တွေးကြည့်ရရင်နာကျင်ရပေမယ့် သားတို့ကတော့ ပိုပြီးစိတ်ကျေနပ်တယ်”
ဒီသားငယ်နှစ်ယောက်ကတော့၊ ဝမ်ဟုန်ကညသတိလက်လွတ်ပင် နဖူးကိုဖိလိုက်မိသည်။
သူက ရေရွတ်လိုက်သည်။
“ဒီကလေးတွေကို ဒီလောက်နှစ်တွေအများကြီးမှာ ငါဘယ်လိုသည်းခံနေခဲ့လည်းဆိုတာ မသိတော့ဘူး”
ဝမ်ဟုန်ပြောလိုက်သည်နှင့် သူ့နောက်တွင်ရပ်နေသော အနက်ဝတ်လူက ထပ်မံကာ ခေါင်းငြိမ့်ပြီးရင်း ခေါင်းငြိမ့်လာသည်။ ဝမ်ဟုန်မပြောနှင့် သူတို့တောင်အကြီးအကျယ် အံ့ဩခဲ့ရပေသည်။
ကောင်လေးနှစ်ယောက်က တံခါးကိုဒုန်းခနဲဖွင့်ကာ အထဲသို့ ဝင်လာကြသည်။
သူတို့၏နောက်တွင် ဝမ်ရွှမ်က အေးအေးဆေးဆေးခြေလှမ်းများဖြင့် လိုက်လာသည်။
သူတို့သုံးယောက်ရောက်လာသည်နှင့် ဝမ်ဟုန်ကထရပ်လိုက်သည်။ သူက အလျင်အမြန်ပင် ရှေ့သို့သွားကာ အပြစ်တင်လိုက်သည်။
“အပြင်မှာလေတွေပြင်းနေတာ၊ဘယ်လိုလုပ်ပြီးရောက်လာတာလဲ”
နဖူးတွင် ပုဝါချည်ကာ ကလေးနှင့်ရောက်လာသောသူသည် ချန်ရုံပင်။
ထိုအခါမှသာ ကလေးသုံးယောက်သည် သူတို့အမေရောက်လာသည်ကို သတိထားမိသွား၏။ သူတို့ပြုံးရွှင်စွာ သူမအနားတွင် ကပ်တွယ်လာကြသည်။
သူ့အမေကို ညောင်စောင်းပေါ်တွင် ထိုင်နိုင်ရန်ကူညီပြီးနောက် ဝမ်ရွှမ်ကအပြစ်ဆိုလာသည်။
“အမေကတော့ တကယ်ပါဘဲ၊ ကိုယ့်ကိုကိုယ် အသက်ဘယ်လောက်ရှိနေပြီဆိုတာရော သိသေးရဲ့လား”
ဤအရာက ပြောလို့ကောင်းသောအရာမဟုတ်ပေ။ ချန်ရုံက ဝမ်ရွှမ်ကိုတစ်ချက်ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်တွင် လက်သည်းရာတစ်ခုကို မြင်သွား၏။ သူ့မျက်နှာပေါ်ရှိ စိတ်ဆင်းရဲမှုက စိုးရိမ်မှုအဖြစ်ပြောင်းလဲသွားသည်။
ဝမ်ရွှမ်၏မျက်နှာကို ထိကြည့်ပြီးနောက် ချန်ရုံကမျက်မှောင်ကြုတ်လိုက်သည်။
“ဒီကလေးကတော့လေ မြို့ထဲမှာလူဝိုင်းတာခံရတဲ့အပြင် လက်သည်းနဲ့ကုတ်တာပါခံလာရတယ်ပေါ့၊ သားကကွန်ဖူးမသင်ထားဘူးလား၊ ရထားလုံးပေါ်ကနေခုန်ချလို့ရတဲ့ဟာကို အခုကဘာလဲ”
သူမက ဒီကိစ္စကိုမပြောလိုက်သင့်ပေ။ ဤအကြောင်းရောက်လာသောအခါ ဝမ်ရွှမ်၏ဒေါသက ပြန်ရောက်လာသည်။ သူက ဒေါသကိုထိန်းချုပ်ပြီး နှာခေါင်းရှုံ့လိုက်သည်။
“တကယ်လို့ သားသာ အမေ့စကားကိုနားထောင်ပြီး ရထားလုံးပေါ်ခုန်တက်လိုက်ရင် အောက်ကအဒေါ်ကြီးတွေက သားခါးပတ်ကို ဝိုင်းဆွဲကြမှာပေါ့”
ချန်ရုံက မသိလိုက်ဘဲ ပုံဖော်ကြည့်လိုက်မိသည်။ ခါးပတ်ကိုဆွဲခံလိုက်ရပြီး ဘောင်းဘီချွတ်ခံရကာ တင်ပါးဖြူဖြူနှစ်ခုက အလင်းရောင်ကဲ့သို့ ပြောင်လက်နေလိမ့်မည်။
ဝမ်ရွှမ်က အလျင်အမြန်ပင်ခေါင်းရမ်းကာ ကြောင်တောင်တောင်အတွေးများကို မောင်းထုတ်လိုက်သည်။ အခြားတစ်ဖက်တွင် ဝမ်လင်းနှင့် ဝမ်ဟောင်တို့က အလွန်အမင်းရယ်မောကာ ကြမ်းပြင်ပေါ်တွင် ဘောလုံးလေးများလို လူးလိမ့်နေကြသည်။
ညီငယ်နှစ်ယောက်၏ ရယ်မောသံနှင့် မိခင်ဖြစ်သူ၏နှုတ်ခမ်းကိုက်ကာ ထူးထူးဆန်းဆန်းကြည့်နေပုံကို မြင်လိုက်ရသောအခါ ဝမ်ရွှမ်က ရုတ်တရက်သတိပြန်ဝင်သွားသည်။ သူက ထိုသုံးယောက်ကို ကျောပေးပြီး ဝမ်ဟုန်ဘက်လှည့်ကာ ပြောလိုက်သည်။
“အဖေ ကျွန်တော် ကျန့်ခန်းကို ပြန်ချင်တယ်”
သူက ခေါင်းရမ်းပြီး အေးစက်စွာဆက်ပြောလိုက်သည်။
“တကယ်လို့မြို့တော်မှာအရှက်ရခဲ့ရတာကို ဒီကလေးက နှင်းလိုဖြူစင်အောင် ပြန်မဖြေရှင်းနိုင်ဘူးဆိုရင် တကယ်မုန်းတီးရလိမ့်မယ်”
သူဤသို့ပြောနေစဉ်တွင် မျက်လုံးထဲ၌ ရှဲ့ဟယ်ထင်း၏အေးအေးဆေးဆေးဖြစ်နေသော ပုံရိပ်က ပေါ်လာသည်။
ဝမ်ဟုန်က ဝမ်ရွှမ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“တိတ်ကြစမ်း”
စကားတစ်ခွန်းထဲဖြင့် ကောင်လေးနှစ်ယောက်က ချက်ချင်းပင် သူတို့ပါးစပ်များကို တင်းကြပ်စွာပိတ်လိုက်ကြသည်။
ဝမ်ဟုန်က သားသုံးယောက်ကိုကြည့်ပြီး ဖျော့တော့စွာပြောလာသည်။
“အကြီးအကဲက ဒီကိုလာဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်တယ်၊ သူပြောတာတော့ မင်းတို့ကိုကျန့်ခန်းဆီသွားဖို့ လာကြိုမယ်တဲ့”
ထိုစကားထွက်သွားသည်နှင့် ချန်ရုံက အံ့အားသင့်သွား၏။ ဝမ်ရွှမ်က ခေါင်းညိတ်ကာ အငယ်နှစ်ယောက်ကမူ တစ်ချိန်တည်းတွင် အော်ဟစ်လာကြသည်။
“အဖေ အကိုကြီးကို အဲ့လိုမျိုး ထည့်ပေးလိုက်လို့မရဘူးလေ အဲ့ဒါကမှားတယ် သားတို့ကိုအပြစ်တင်လို့မရဘူး”
“အဖေ၊ အဖေတစ်ယောက်တည်း နေခဲ့ပြီး အမေ့ကိုလက်ဝါးကြီးအုပ်လို့မရဘူးနော် ”
“အဖေ ညလယ်ကျရင် သားက အမေ့ဆီလာတိုးမအိပ်တော့ပါဘူး”
“အဖေ သားကြောင်လေးရဲ့ လက်ကိုသုံးပြီး အဖေ့ရဲ့ဝတ်စုံဖြူမှာ ဆိုးဆေးရာတွေ မချန်တော့ပါဘူး”
ဤကလေးနှစ်ယောက်က အမှားများဝန်ခံလာသည်ကိုကြည့်ကာ ဝမ်ဟုန်ကနှုတ်ခမ်းတွန့်လိုက်မိသည်။ အနောက်ရှိ အနက်ဝတ်သူကလည်း နားထောင်ကာ ကြောင်အနေ၏။သူက မနေနိုင်ဘဲ ဝမ်ဟုန်နားကပ်ကာ ပြောလိုက်သည်။
“လန်ကျွင်း၊ လန်ကျွင်းက ဒီကလေးတွေနဲ့ အခုထိတိုင်အောင် သည်းခံပြီးနေနိုင်တာ တကယ်ချီးကျူးပါတယ်”
ဤမြှောက်ပင့်မှုက ဝမ်ဟုန်အား သူ့နှုတ်ခမ်းကို ထပ်မံသပ်လိုက်မိစေ၏။