အပိုင်း 279
Viewers 26k

Chapter 279
-မိသားစု


ဝမ်ဟုန်က ဤကိစ္စရပ်များပေါ်တွင် တစ်ဦးချင်းအမြင်များရှိနေမည်ဟု ဆုံးဖြတ်လိုက်သည်။

သို့သော် ချန်ရုံအတွက်မူ သူမ၏သားကြီးကိုစောင့်မျှော်ရန်မှာ မလွယ်ကူခဲ့ပေ။ ဒီအချိန်မှာ ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ။ ရက်အနည်းငယ်စဉ်းစားခဲ့ပြီးနောက်တွင် သူတို့ဇနီးမောင်နှံက သားသုံးယောက်ကို ကျန့်ခန်းသို့လိုက်‌ပို့ပေးကာ ထိုနေရာ၌ရက်အနည်းငယ်လောက်နေရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့မိသားစုက ချက်ချင်းကြီးခွဲခွာနေစရာမလိုတော့ဘဲ၊ ချန်ရုံဖြစ်စေ အသေးလေးများဖြစ်စေ မည်သူကမှ ဝမ်းနည်းနေရတော့မည်မဟုတ်ပေ။

ချန်ရုံ၏သမီးက နေ့တိုင်းတွင်ကောင်းကောင်းကြီးပြင်းလာခဲ့သည်။

အသက်နှစ်လအရွယ်သို့ရောက်သောအခါ သူမ၏တွန့်ရှူံ့နေသောမျောက်နီလေးလိုအသားအရေများသည် လုံးဝပျောက်ကွယ်သွား၏။

စာကြည့်ခန်းထဲတွင် ချန်ရုံက သူမသမီးကိုစိုက်ကြည့်ကာ မနေနိုင်ဘဲ စာဖတ်နေသောဝမ်ဟုန်ကို သူမသမီးအားချီခိုင်းလိုက်သည်။

ဝမ်ဟုန်က ခနလောက်အလုပ်များနေပြီးနောက် သူ့ဇနီးက ထိုင်‌စရာနေရာပြင်နေသည်ကိုမြင်သောအခါ မျက်ခုံးပင့်ကာမေးလိုက်သည်။
“ဘာဖြစ်လို့လဲ”

ချန်ရုံက သူမ၏သမီးကိုအောက်ချကာ ဝမ်ဟုန်နှင့် မျက်နှာချင်းဆိုင်စေလိုက်ပြီး မလွယ်ကူစွာပြောလာသည်။
“အရှင် ဘယ်သူနဲ့တူတယ်လို့ထင်လဲ”

ဝမ်ဟုန်က ကြည်လင်နေသောမျက်လုံးများကိုကြည့်ကာ ဖြေလိုက်သည်။
“ကိုယ်နဲ့”

သူက မျက်မှောင်ကြုတ်ကာ ချန်ရုံကိုမေးလိုက်သည်။
“မင်းဘာတွေစဉ်းစားနေတာလဲ”

ချန်ရုံ၏အပြုံးက အနည်းငယ် တောင့်တင်းသွားသည်။ သူမက လက်ထဲမှကလေးကို ခေါင်းငုံ့ကြည့်ကာ ပြောလိုက်သည်။
“ဒီကလေးက အရမ်းငယ်သေးတယ်၊ မျက်ခုံးကတန်းနေပြီးထူထဲတယ်၊ မျက်လုံးကလည်း ကြည်လင်ပြီးအေးစက်နေရော၊ နှုတ်ခမ်းပါးပါးလည်းရှိတယ်၊ ကျွန်မတော့ ဘာမှမပြောချင်တော့ဘူး”

သူမကတံတွေးမြိုချလိုက်ပြီး အလွန်သက်တောင့်သက်သာရှိမနေလို ပြောလာသည်။
“အရှင်ဘဲပြောကြည့် ကျွန်မတို့သားသုံးယောက်ပြောသလိုဘဲ သမီးလေးကသူရဲကောင်းဆန်ဆန်ကြီးပြင်းလာမှာလား”
(Tn:ကလေးမလေးက ယောက်ျားလေးလိုမျက်ခုံးထူထူထဲထဲကိုမှ အေးစက်စက်နဲ့‌ဆိုတော့ ယောက်ျားလေးဆန်ဆန်ကြီးပြင်းလာမလား စိုးရိမ်နေတာပါ)

ပြောစရာမလိုစွာပင် ဝမ်ဟုန်ကဂရုမစိုက်ခဲ့ပေ။ သို့သော်သူမပြောသည်ကို နားထောင်ကြည့်လိုက်သောအခါ ‌မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ခေါင်းငုံ့ကာ သူ့သမီးကို ဂရုတစိုက်ကြည့်လိုက်သည်။

ဤအချိန်ကလည်း ကလေးငယ်ကလည်း သူ့အဖေကိုစိုက်ကြည့်နေ၏။

ဆောင်းဦး၏ကောင်းကင်ကဲ့သို့ မျက်လုံးများက စူးရှမှုတစွန်းတစရှိနေကာ ထိုအရောင်အသွေးက သူမအားအလွန်သန့်စင်ပြီး အနည်းငယ်အေးစက်နေသယောင်ဖြစ်နေစေ၏။

မျက်နှာသေးသေးလေးက ဖြူဖွေးကာ မျက်ခုံးနှစ်ခုက တကယ်ကိုဖြောင့်တန်းနေပြီး အလွန်နက်မှောင်နေ၏။ သူ၏ကိုယ်ပေါ်တွင် ဆင်မြန်းထားသော အနက်ရောင်သားမွှေးအဝတ်အစားနှင့်ဆိုပါက ကလေးသည် အလွန်အမင်းကို လန်ကျွင်းအငယ်လေးကဲ့သို့ပင်ဖြစ်သည်။

တဖြေးဖြေးချင်း ဝမ်ဟုန်၏မျက်ခုံးများက ပိုပိုပြီးကျုံ့လာ၏။ ခနကြာပြီးနောက်တွင် သူကပြောလိုက်သည်။
“ဒီကလေးက သူ့အဖိုးနဲ့တူတယ်”

ဝမ်ဟုန်က သူ့သမီးကိုမကြည့်တော့ဘဲ ဖြေးဖြေးချင်းပြောလာသည်။
“အချိန်အကြာကြီး တစ်ပုံစံတည်းဘဲကြီးထွားလာမယ့် ကလေးမျိုးမရှိပါဘူး”
သူ့လေသံက အနည်းငယ်အားဖျော့နေ၏။

ချန်ရုံငြိမ်သွားသည့်နောက်တွင် ပေါ့ပါးပြီး ကသောင်းကနင်းဆန်နေသော ခြေသံများထွက်လာ၏။

ခြေသံအားလုံးကိုကြားလိုက်ရသောအခါ ဝမ်ဟုန်က နောက်ကိုမှီကာ သူ့လက်ထဲမှစာအုပ်ကိုချလိုက်သည်။

“ဟေးး”
ခြေသံများက ဒုန်းစိုင်းဝင်လာကာ လူမမြင်ရသေးသော်လည်း ထိုကလေးနှစ်ယောက်က တစ်ပုံစံတည်း အပြေးရောက်လာကြသည်။
“ငါပြောပါတယ် အမေကဒီမှာပါလို့”

“ဘယ်သူကဘာပြောနေလို့လဲ အမေရှိနေတဲ့အချိန်ကျရင် အဖေရဲ့စကားတွေက ပိုကောင်းပြီး အပြုံးကလည်းကျက်သရေရှိနေရော၊ ပြီးတော့အဖေရဲ့ အဖြူရောင်ဝတ်စုံကို လေတိုက်ခံလိုက်ရရင် အဲ့ဒါကလွင့်မျောနေရော”

ဒါက ချီးကျူးတာလား၊ လှောင်တာလား။ ဝမ်ဟုန်က အသက်ပြင်းပြင်းရှူလိုက်ရသည်။ ဤကောင်လေးနှစ်ယောက် စကားပြောတတ်သည့်အချိန်မှစ၍ အသက်ပြင်းပြင်းရှူရခြင်းသည် သူ၏ပုံမှန်အပြုအမူလိုပင်ဖြစ်လာ၏။

ကလစ်ခနဲမြည်သံတချို့နှင့်အတူ ကောင်လေးနှစ်ယောက်က အထဲဝင်လာကြသည်။ ချန်ရုံနှင့် သူမလက်ထဲမှကလေးကို တွေ့လိုက်ရသည်နှင့် သူတို့ကတချိန်တည်းတွင် အော်ဟစ်လာကြသည်။

တစ်ယောက်ပြီးတစ်ယောက်က ချန်ရုံဆီ‌အပြေးလာကြကာ ကလေးနှစ်ယောက်က သူမခြေထောက်တစ်ဖက်စီကိုဖက်လိုက်ကြသည်။
“မေမေ သားရဲ့ညီမလေးကို တွေ့ချင်တယ်၊ ညီမလေးကို တွေ့ချင်တယ်လို့”

ချန်ရုံက ရယ်ကာ သူမသမီးအား ညောင်စောင်းပေါ်တွင် ဂရုတစိုက်ချပေးလိုက်သည်။

သူမက ကလေးကိုချပေးလိုက်သည်နှင့် ကောင်လေးနှစ်ယောက်က သူတို့ညီမလေးဆီအပြေးလာကြသည်။

ချန်ရုံက သူတို့ကိုကြည့်ကာ ညီမလေးအား‌ ကောင်းကောင်းဂရုစိုက်‌ရန် ပြောလိုက်သည်။ ထို့နောက် သူမက ဝမ်ဟုန်နောက်သို့ လျှောက်သွား၏။ သူမက ဝမ်ဟုန်ပုခုံးကို တချက်ပုတ်ကာ တီးတိုးဆိုလိုက်သည်။
“ဒီတစ်ကြိမ် ကျွန်မကျန့်ခန်းကို ပြန်တဲ့အချိန်ကျ အာရုံစိုက်လာမယ့် လူတွေအများကြီးရှိလာမှာ စိုးရိမ်မိတယ်”

ရုတ်တရက် သူမက သက်ပြင်းချလိုက်သည်။
“တခါတလေ အဲ့ဒီအကြောင်းတွေးလိုက်မိရင် ကျွန်မအတော်လေးကြောက်မိတယ်”

ဝမ်ဟုန်က သူမလက်ကို ညင်သာကာဆုပ်ကိုင်ကာ နှစ်သိမ့်ပေးတော့မည့် အချိန်တွင် ဝမ်ဟောင်က အော်ပြောလာ၏။
“အားလင်၊ အားလင် မင်းညီမလေးကိုတွေ့လား သူ့မျက်ခုံးတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်”

ခြောက်နှစ်အရွယ်ကောင်လေးက သူ့ညီမလေးကိုကြည့်ကာ သူ့ညီနှင့်ယှဉ်ကြည့်လိုက်၏။ ထို့နောက် သူက မျက်လုံးဝိုင်းဝိုင်းများဖြင့် ပြောလာသည်။
“အားလင် ငါတို့ညီမလေးရဲ့ မျက်ခုံးတွေက ဓားတစ်ချောင်းလိုဘဲ၊ ငါတို့လို မိုးမခရွက်ပုံစံမျက်ခုံးနဲ့မတူဘူး”

‌ကျန်သည့်ကောင်ငယ်လေးကလည်း အလေးအနက်နှိုင်းယှဉ်ကြည့်လာ၏။ အဆုံးတွင် သူက ဂရုဏာသက်သောလေသံဖြင့်ပြောလာသည်။
“ငါ့ညီမလေးရဲ့မျက်ခုံးတွေက အရမ်းရုပ်ဆိုးတာဘဲ၊ ငါတို့နဲ့မတူဘူး ငါတို့မျက်ခုံး‌ေတွက အမေ့ရဲ့မျက်ခုံးတွေလိုဘဲ ညီမလေးထက်ပိုကြည့်ကောင်းတယ်”

ကောင်လေး၏အသံထွက်သွားသည်နှင့် တဖက်တွင်ရှိနေသော ဝမ်ဟုန်က အသံနိမ့်နိမ့်ဖြင့် အမိန့်ပေးလိုက်သည်။
“နောက်ကျရင် ဒီလိုစကားလုံးမျိုးကိုမပြောရဘူး”

ကလေးနှစ်ယောက်က တညီတညွှတ်တည်းမေးလာကြသည်။
“ဘာလို့လဲ”

ဝမ်ဟုန်၏အသံက ပေါ့ပါးကာ အေးစက်နေ၏။
“အကြောင်းရင်းမရှိဘူး”

ဝမ်လင်းက ပြုံးဖြီးဖြီးလုပ်ကာ ‌ဆိုလိုက်သည်။
“အဖေပြောစရာမလိုတော့ဘူး သားသိသွားပြီ၊၊ အဖေက ဝမ်းနည်းနေတာဘဲ ရဲစွမ်းသတ္တိရှိတဲ့ကလေးတစ်ယောက်ကို ‌ရဖို့ခက်ခဲ‌ခဲ့ပေမယ့် တကယ်တမ်းရလာတော့လဲ မိန်းကလေးဖြစ်နေတယ်”

သူထိုသို့ပြောပြီးနောက် အခန်းကအေးစက်လာကာ အရိုးများတောင် အေးခဲသွားမလိုပင်။ ကောင်လေးနှစ်ယောက်က စိတ်ချင်းဆက်နေသလိုပင် တချိန်တည်း၌ စာကြည့်ခန်းထဲမှ ဖျတ်ခနဲပြေးထွက်သွားလေသည်။

ဤသို့နှင့် နှစ်လကုန်ဆုံးသွားသည်။

ချန်ရုံကမီးဖွားထားရသော်လည်း ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကောင်းမွန်သောကြောင့် အားပြန်ပြည့်လုနီးပါးပင်ဖြစ်သည်။

သူတို့မိသားစုက ထုပ်ပိုးပြင်ဆင်ကာ ရထားလုံးနှင့်အတူ အချောမောဆုံးသောအစောင့်များကို ခေါ်ယူသွားကြသည်။

ယန်ဇီမြစ်၏ တောင်ဘက်မြေမျက်နှာအသွင်အပြင်သည် အမြဲလိုလိုပင် ချောမွေ့ကာ အချိန်မယူရပေ။ သူတို့အဖွဲ့က အလျင်မလိုဘဲ နေရာတိုင်းတွင် ဝူယွီ၏နူးညံ့‌ေသာစကားလုံးများကိုနားထောင်ကာ တောတောင်ရူခင်းများကိုကြည့်ရင်း အေးအေးဆေးဆေးခရီးဆက်လာကြသည်။

သမီးဖြစ်သူက အလွန်ငယ်နေသေးသဖြင့် ချန်ရုံအတွက်မလွယ်ကူပေ။ သူမက နို့ထိန်းအားအတူခေါ်ခဲ့ကာ ကလေးအားစောင့်ကြည့်စေ၏။ သားနှစ်ယောက်ကအော်ဟစ်ပျော်ရွှင်နေကြကာ ပိုပိုနီးကပ်လာသော ချင်ရှန်းတောင်၏မြင်ကွင်းကိုကြည့်ပြီး ချန်ရုံကပြုံးကာ ရေရွတ်လိုက်သည်။
“ဒီတကြိမ်မှတော့ ငါတကယ်ကြောက်စရာမလိုတော့ပါဘူး”

ကောင်လေးနှစ်ယောက်က ကျန့်ခန်းရောက်ရန်မျှော်လင့်နေကြကာ လမ်းတွင်ငြင်းခုန်နေခဲ့ကြသည်။ သူတို့၏ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကလည်း‌ ကောင်းမွန်သဖြင့် ခရီးဝေးဒဏ်ကို ခံနိုင်ရည်ရှိ၏။ တလနှင့်တဝက်နီးပါးအချိန်တွင် မြို့သို့ရောက်ရှိလာကြသည်။

မြို့ကိုကျော်လွန်သောအခါ ကျန့်ခန်းသို့ရောက်ပြီဖြစ်သည်။

နေရာဟောင်းသို့ အလည်ပြန်ရောက်လာသောအခါ ဝမ်ရွှမ်၏မျက်လုံးများက တောက်ပနေသည်။

နေ့လယ်ခင်းတွင် သူ၏ညီနှစ်ယောက်က သောင်းကျန်းပြီးနောက် အိပ်ပျော်သွားသောအခါ အဖွဲ့တစ်ခုလုံးက ပို၍တိတ်ဆိတ်သွားသလိုပင်။

ဖြေးဖြေးချင်းဖြင့် သူတို့အုပ်စုသည် ဝမ်ရွှမ်တစ်ယောက် အကြီးအကျယ်ခံစားခဲ့ရသည့် နေရာသို့ရောက်ရှိလာကြသည်။

မျက်နှာကာခ‌ေမာက်ကိုဖိချကာ ကန့်လန့်ကာစကို ဆွဲချင်သော်လည်း သူ့အဖေသင်ထားပေးသည်ကို သတိရသွားသောအခါ ရပ်လိုက်မိသည်။

ထို့နောက် လက်ကိုပြန်ချကာ ဘေးနားရှိကျောက်စိမ်းပုလွေကို ‌ဖြေးညှင်းစွာကိုင်ကာ တင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်ပြီးနောက် ရုတ်တရက်ဆိုသလိုပင် ပုလွေကို လက်နက်တစ်ခုကဲ့သို့ အသုံးပြုလိုက်သည်။

မြို့က အရင်တိုင်းလိုပင်၊ ကြီးမားသောဝတ်ရုံရှည်ကြီးများနှင့် အဝတ်အစားများ၊ဖိနပ်များကလည်း စိတ်ကူးယဉ်ဆန်နေ၏။

ဝမ်ရွှမ်က လျှောက်ကြည့်နေစဉ်တွင် လူစိမ်းလေးယောက်က သူ့မျက်လုံးထဲဝင်လာသည်။

ရထားလုံးက ‌သူတို့နားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။

ထိုလေးယောက်အား ဖြတ်သွားသောအခါ သူတို့၏စကားသံများက လွင့်မျောလာ၏။ အကြားအာရုံစူးရှသော ဝမ်ရွှမ်သည် အလျင်အမြန်ပင် နားထောင်လိုက်သည်။
“နှစ်ဝက်တောင်ရှိပြီ အဲ့ဒီနေ့တုန်းကကောင်လေးက ဘယ်အရပ်မှာရှိနေလဲဆိုတာကို မသိရသေးဘူး၊ သေချာပေါက်ကြီးကို ပေါ်မလာတော့ဘူးလား”

“အဲ့ဒါပြောတာပေါ့ သခင်လေးက ဒီလိုယုန်‌ဖမ်းဖို့ လူစောင့်တဲ့နည်းလမ်းကို အသုံးပြုနေရတယ်လို့”

“သခင်လေးပြောတာကတော့ နှစ်တရာအတွင်းမှာ ရှားပါးတဲ့အရောင်အသွေးမျိုးကို ရရှိဖို့က ခက်ခဲတယ်တဲ့၊ မင်းဘဲတွေးကြည့် ပထမနှစ်ဝက်တစ်ခုလုံးကို သခင်လေးက ကျွမ်းဇီကိုကောင်းကောင်းပြင်နေခဲ့တာ ရွှေခြေကျင်းကအဆင့်သင့်ဖြစ်နေပြီ လူပေါ်လာဖို့စောင့်ရုံဘဲ”

ထိုလူက အသံကိုနိမ့်ကာ ဆက်ပြော၏။
“သခင်ပြောတာတော့ အဲ့ဒီ‌ကောင်လေးက ရှဲ့ဟယ်ထင်းနဲ့ဆုံသွားတယ်တဲ့၊ ဖြစ်နိုင်တာတော့ သူ့မှာအထောက်အထားတစ်ခုတော့ရှိလိမ့်မယ်၊ တကယ်လို့ သူ့ကိုတွေ့ရင် ကိစ္စအားလုံးကို လူမသိအောင်ကိုင်တွယ်ရမယ်”

ဤအချိန်တွင် သူတို့ထဲမှတစ်ယောက်က အော်ပြောလာသည်။
“သခင်လေးရောက်လာပြီ”

သူတို့လေးယောက်က တချိန်တည်းတွင် လှည့်ကြည့်လိုက်ကြသည်။ သူတို့က ကြားချင်ရုံသာဖြစ်သော်လည်း သခင်လေး၏ဦးတည်ချက်ကိုမြင်လိုက်ရသောအခါ ပီတိဖြာနေသောအမူအရာများကို ဖိနှိပ်လိုက်ကြသည်။