(27.1)
စားပွဲကိုခုံကို လှန်ပစ်လိုက်ကြစို့!
ဒီလုပ်ငန်းက ပြီးမြောက်နိုင်မဲ့အရာမဟုတ်ဘူး!
တကယ်လို့ သူတို့ကိုတစ်ဘီလီယံ ပေးမယ်ဆိုရင်တောင် အသက်နဲ့ လဲရလောက်တဲ့အထိတော့ မတန်ဘူးမလား?!
မနေ့ညတုန်းက အိပ်မပျော်နိုင်ခဲ့တာကြောင့် မျက်လုံးတစ်ဝိုက်မှာအမည်းရောင်စက်ဝိုင်းကြီးရှိနေပြီဖြစ်တဲ့ လင်းကျစ်မူကတော့ သူဝယ်လာခဲ့တဲ့ သားရဲကတ်တွေကို ဆက်လေ့လာရင်းနဲ့ အဖွဲ့အစည်းဆီထံမှ မက်ဆေ့ချ်ရတဲ့အချိန်ကျရင် သားရဲပုံစံတွေကို လွှဲပြောင်းပေးဖို့အတွက် လူငယ်ကို ဘယ်လိုခြိမ်းခြောက်ရမလဲဆိုတာကို စဉ်းစားနေခဲ့တယ်။
ထိုအခိုက်မှာပဲ သူ့ဆီကို ရိုးရှင်းပြီး သပ်ရပ်စွာ ဖော်ပြထားတဲ့ စာတစ်စောင်ဝင်လာခဲ့လေတယ်_
အခကြေးငွေကို မိတ်ဆွေဆီသို့ ပြန်လည်လွှဲပေးလိုက်ပါပြီ။ ဒီတာဝန်ကို ပြုလုပ်ရန်အတွက် တခြားသူတစ်ယောက်ကိုပဲ ရှာဖွေလိုက်ပါ။
လင်းကျစ်မူရဲ့ မျက်နှာက မည်းမှောင်သွားခဲ့တယ်။
“ဘာတွေဖြစ်နေတာလဲ?”
မက်ဆေ့ချ်ပို့ပြီးပြီးချင်းမှာပဲ တုံ့ပြန်မှုတစ်ခု ပြန်လည်ရောက်ရှိလာခဲ့တယ်။
“ချစ်ခင်ရပါသော ကာစတာမာရေ .. မင်္ဂလာပါ.. အဖွဲ့အစည်းက အခကြေးငွေယူပြီး အလုပ်လုပ်ပေးခြင်းလုပ်ငန်းတွေအတွက် ပြန်ပေးဆွဲခြင်းလုပ်ငန်းကို ပယ်ဖျက်လိုက်ပါပြီ.. အခုချိန်မှာ အဖွဲ့အစည်းအတွင်း ရရှိနိုင်တဲ့ အလုပ်တွေကတော့ Star Network အတွင်း ပို့ဆောင်ပေးခြင်းလုပ်ငန်းများ၊ ဗီဒီယိုရိုက်ကူးပေးခြင်း၊ ကလေးများကို အကြိုအပို့လုပ်ပေးခြင်းခြင်းနှင့် သက်ကြီးရွယ်အိုတွေကို အိမ်ပြန်ပို့ခြင်းစတဲ့ လုပ်ငန်းများကို အဓိကလုပ်ဆောင်နေပါတယ်.. မိတ်ဆွေမှာ လိုအပ်တဲ့အလုပ်တွေရှိပါသလား”
လင်းကျစ်မူရဲ့ ပါးစပ်ထောင့်တွေက လှုပ်ယမ်းသွားရပြီး ခြေထောက်တစ်ချောင်းက စားပွဲကို ကန်ထုတ်လိုက်တယ်။
ဒါက ပိုက်ဆံထပ်တိုးတဲ့ စကားမျိုး မဟုတ်တော့ဘူး။ အဖွဲ့အစည်းက ဒီလုပ်ငန်းအတွက် တာဝန်မယူချင်တော့တာပဲ။
လင်းကျစ်မူတစ်ယောက် ဒေါသတွေနှင့်ပြည့်နှက်နေချိန်မှာတောင် ဒါက ဘာကိုဆိုလိုတာလဲဆိုတာကို တွေးတောနိုင်နေသေးတယ်။ ဒီဆယ်ကျော်သက်က သူထင်ထားတဲ့ ရိုးရှင်းတဲ့ကောင်လေးဆိုတဲ့ နောက်ခံနဲ့ ဝေးကွာလွန်းနေခဲ့တယ်!
လင်းကျစ်မူတစ်ယောက် သူ့လက်ထဲမှာရှိနေတဲ့ လိပ်ပြာဘုရင်မသားရဲကတ်ကို စိုက်ကြည့်ရင်း သူ့မျက်နှာမှာ တိမ်မြုပ်နေခဲ့ပြီး မသေမချာဖြစ်နေခဲ့တယ်။
ထို့နောက် မကြာခင်မှာပဲ သူ့ရဲ့ ကြော့ရှင်းပြီး နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်ကို ပြန်လည်ထိန်းသိမ်းလိုက်ကာ သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာကို ဖွင့်ပြီး တော်ဝင်သားရဲကတ်သုတေသန အဖွဲ့အစည်းမှ ကျိုးခန်ဆီသို့ စာတစ်စောင် လှမ်းပို့လိုက်တယ်။
“ဟဲလို ဒုဥက္ကဋ္ဌကျိုး.. မကြာခင်တုန်းက ကျွန်တော် သားရဲကတ်တစ်ခုကို မတော်တဆလုပ်ခဲ့မိတယ်.. အဲဒါ ကျွန်တော် မင်းသားလေးကို ပြချင်လို့.. ဒုဥက္ကဋ္ဌအနေနဲ့ စီစဉ်ပေးနိုင်မလား မသိဘူး”
မက်ဆေ့ချ်ပို့ပြီးနောက် လင်းကျစ်မူက ဘုရင်လိပ်ပြာကတ်ကို အသက်သွင်းပြီး 3D ဗီဒီယိုရိုက်ကူးထားတဲ့ဖိုင်ကိုပါ ပူးတွဲပြီးပို့ပေးလိုက်တယ်။
မူပိုင်ခွင့်ကို သိမ်းယူရန် ကြိုးပမ်းမှုက ပျက်စီးသွားပေမဲ့လည်း အခုလိုသာလွန်တဲ့ သားရဲခန္ဓာကိုယ်လိုင်းတွေရှိနေတဲ့ သားရဲကတ်က မင်းသားငယ်နှင့် တွေ့ဆုံရန်အတွက် တံခါးသစ်ကိုဖွင့်လှန်ဖို့ လုံလောက်တယ်။
တော်ဝင်သားရဲကတ်သုတေသန အဖွဲ့အစည်းရဲ့တာဝန်ခံက တခြားလူမဟုတ်ဘူး။ အင်ပါယာရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်တဲ့ မင်းသားငယ်စုချီမိုပဲ။
လင်းကျစ်မူတစ်ယောက် ဒုဥက္ကဋ္ဌ ကျိုးချန်က သူ့ကို ချက်ချင်းပဲ ဗီဒီယိုကောပြန်ခေါ်တာကိုတွေ့တော့ နှုတ်ခမ်းထောင့်တွေက အနည်းငယ် ကွေးညွတ်သွားခဲ့တယ်။
တစ်ဖက်မှာတော့ ကုယန်ကျန်းက ချီကျွင့်နဲ့အတူ ကားပေါ်မှ ဆင်းလာခဲ့ပြီး ချီကျွင့်ရဲ့ခါးကိုပွေ့ဖက်ကာ သားရဲစတိုးဆိုင်ထဲသို့ နှစ်ယောက် အတူဝင်သွားခဲ့ကြတယ်။
တံခါးအပြင်ဘက်မှာရှိနေတဲ့ အဖွဲ့အစည်းဝင်တွေက ပြန်လည်ခွာရန် ပြင်ဆင်နေကြတုန်းမှာပဲ ဗိုလ်ချုပ်ကြီးယန်နဲ့ သူတို့ရဲ့ပစ်မှတ်တို့က အချင်းချင်းပွေ့ဖက်ထားတာကို တွေ့လိုက်ရလေတယ်။
သူတို့ရဲ့ခြေထောက်တွေ ချော်ပြီး မြေပြင်ပေါ်ကို ပြုတ်ကျလုနီးပါးပဲ။
အချိန်မီ နုတ်ထွက်လိုက်တာက ပညာရှိတဲ့ ရွေးချယ်မှုဖြစ်သွားကြောင့် သူတို့အားလုံးရဲ့ ခေါင်းထဲကို သည်ကို လူအားလုံးတွေးတောလိုက်မိကြတယ်။
ဗိုလ်ချုပ်ကြီးယန်ဆိုတာက သူတို့ရဲ့ အဖွဲ့ အစည်း တစ်ခုလုံးကို မိနစ်ပိုင်းအတွင်းမှာပဲ ဖောက်ခွဲလိုက်နိုင်တဲ့သူလေ!
…ဘုရားရေ! သူတို့တွေ နောက် ဘယ်တော့မှ မကောင်းတာတွေ မလုပ်တော့ပါဘူး!
ထိုအချိန်မှာ ချန်ရှုရဲ့ သားရဲကတ်စတိုးဆိုင်က ဖွင့်ထားပြီးပြီဖြစ်ပေမဲ့ တံခါးပေါက်ဆီမှာ ‘လုပ်ငန်းခေတ္တရပ်တန့်ထားခြင်း’ ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲထားခဲ့တယ်။
အတွင်းပိုင်းမှာတော့ စုန့်ပေါ်ဟောက်က ချန်ရှုရဲ့ခါးကို ဆုတ်ကိုင်ထားပြီး တစ်ဖက်လူကို ကောင်တာပေါ်မှာဖိကပ်ထားခဲ့တယ်။
သူ့အနေနဲ့ ပြန်မသွားခင်မှာ သူ့မိသားစုနဲ့ အချိန်ခဏလောက် အတူရှိချင်နေသေးတာကြောင့် လှပတဲ့ ဈေးဝယ်လမ်းညွှန်ညီမလေးကို အပြင်သို့ ပို့လွှတ်ပေးလိုက်ကာ တံခါးပေါက်မှာ ဆိုင်းဘုတ်ချိတ်ထားခဲ့တာပဲ။
ထို့နောက်မှာတော့ ရုတ်တရက် ခြေသံတွေကိုကြားလိုက်ရတာကြောင့် စိတ်မရှည်နိုင်ဖြစ်နေတဲ့ စုန့်ပေါ်ဟောက်တစ်ယောက် သူ့ရဲ့ခေါင်းကို အနည်းငယ်လောက် ပင့်မ,လာပေမဲ့ ချန်ရှုရဲ့နှုတ်ခမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ သူ့ရဲ့ နှုတ်ခမ်းတွေကိုတော့ လွှတ်မပေးခဲ့ဘူး။ သူက တံခါးပေါက်မှဝင်လာတဲ့လူကို လက်ဖြင့်အမူအရာနဲ့သာ ပြန်လည်နှင်ထုတ်ဖို့ လုပ်ခဲ့တယ်။
သို့ပေမယ့် မနေ့က တွေ့ဆုံခဲ့တဲ့ ကောင်လေးရဲ့ ဘေးမှာရှိနေတဲ့လူရဲ့ အရှိန်အဝါက အလွန်အမင်းပြင်းထန်လွန်းတာကြောင့် စုန့်ပေါ်ဟောက် ရုတ်တရက်ပဲ မှတ်မိသွားရတယ်။
စုန့်ပေါ်ဟောက်တစ်ယောက် ရုတ်တရက် တုန်လှုပ်သွားခဲ့ရတယ်။ Star Network ရဲ့ နိုင်ငံရေးသတင်းတွေမှာသာ တစ်ခါတလေ မြင်တွေ့ခဲ့ရတဲ့ အင်ပါယာရဲ့ စစ်ဗိုလ်ချုပ်ကြီးကို သူ တကယ်ကြီး တွေ့မြင်နေရတယ်!
ဗိုလ်ချုပ်ကြီးယန်က သူ့ကို အလွန်အမင်းသဘောကျနေလို့များ သူ့ကို ခေါ်ယူဖို့ လူကိုယ်တိုင် လာခဲ့တာများလား?!
စုန့်ပေါ်ဟောက် အလွန်စိတ်လှုပ်ရှားနေခဲ့ရင်းနဲ့ သူ အခု ဘာတွေလုပ်နေတာလဲဆိုတာကို ရုတ်တရက် သဘောပေါက်သွားရတယ်။
သူက သူ့ရဲ့မိသားစုဝင်ကို အများပြည်သူနေရာမှာ စတိုးဆိုင်ထဲမှာ ဖိထားခဲ့ပြီး သူ့ရဲ့ရည်ရွယ်ချက်တွေကလည်း အရမ်းကိုထင်ရှားလွန်းတယ်။
အာ...အင်ပါယာရဲ့ တတိယစစ်တပ်က တကယ့်ကို စည်းကမ်းတင်းကြပ်လွန်းတယ်လို့ ပြောကြတယ်... သူ အခု သူ့ရဲ့ချစ်သူကို နမ်းနေရုံလေးပဲလို့ ပြောမယ်ဆိုရင် လွတ်နိုင်လောက်မလား?
ဒီအခိုက်အတန့်မှာ ချန်ရှုက စုန့်ပေါ်ဟောက်တစ်ယောက် ဘာကြောင့် အေးခဲသွားရတာလဲဆိုတဲ့အဖြကို ပြန်ရမဲ့အချိန်ထိ စောင့်ဆိုင်းမနေခဲ့ဘဲ သူ့ကို တွန်းထုတ်လာခဲ့တယ်။ ဒီလိုပုံစံက ယခင်တုန်းက ကစ္စတွေက သန်မာတဲ့တစ်ဖက်လူကို မရုန်းကန်နိုင်ခဲ့တာကြောင့် အတင်းအကြပ် အလုပ်ခံနေခဲ့ရတာနဲ့တောင် ဆင်တူနေခဲ့တယ်....
ဒီအခြေအနေရဲ့ကျေးဇူးနဲ့ စုန့်ပေါ်ဟောက်က သူ လွန်ခဲ့တဲ့အချိန်အကြာကြီးကတည်းက လုပ်ချင်နေခဲ့တဲ့ အရာကို ဒီအခိုက်အတန့်ကိုအခွင့်ကောင်းယူပြီး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်!
စုန့်ပေါ်ဟောက် ချန်ရှုရဲ့ခါးကိုရစ်ပတ်ထားတဲ့ သူ့ရဲ့လက်ကို လွှတ်လိုက်ပေမဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေက မြန်ဆန်လွန်းတယ်။ ဒါကြောင့် သူ့ရဲ့အင်္ကျီက အနည်းငယ်ပွင့်လာခဲ့ပြီး ပြန်လည်ပိတ်ဆို့ဖို့ရန်ကိုမေ့သွားခဲ့ကာ သူ့ကိုယ်သူ တစ်ဝက်လောက် ဖော်လှစ်ပြလိုက်မိလေတယ်။
ချီကျွင့် ထိုမြင်ကွင်းကိုအစအဆုံးမြင်တွေ့လိုက်ရပြီး အနည်းငယ် မျက်တောင်ခတ်လိုက်မိတယ်။ ထို့နောက် စုန့်ပေါ်ဟောက်ရဲ့ ခေါင်းပေါ် အမှိုက်ကောင်ဆိုတဲ့ တံဆိပ်ကို တိုက်ရိုက် တပ်ဆင်ပေးလိုက်တယ်။
ထို့နောက်မှာတော့ စုန့်ပေါ်ဟောက်က သူ့ရဲ့ ပွင့်ဟနေတဲ့ အင်္ကျီထဲမှ တစ်စုံတစ်ခုကို အမှန်တကယ်ဆွဲထုတ်လာပြီး ဒူးထောက်လိုက်တာကို တွေ့လိုက်ရတော့တယ်။
“အားရှု.. ကိုယ်တို့ (လက်ထပ်)လက်မှတ်သွားယူရအောင်”
ကိုယ်ပိုင်ဇနီးသည်တစ်ယောက်ကို နမ်းရှိုက်တာ ကို ဆန့်ကျင်တဲ့ စစ်တပ်ရဲ့ စည်းမျဥ်းစည်းကမ်းတော့ မရှိဘူး မဟုတ်လား။
ချီကျွင့်: “……”
ဗိုလ်ချုပ်ကြီးယန် “……”
ချန်ရှုတစ်ယောက် မူးဝေနေတုန်းမှာပဲ စုန့်ပေါ်ဟောက်ရဲ့ စကားကို ကြားလိုက်ရပြီး သူ့ရဲ့သူငယ်အိမ်တွေက ကျဉ်းမြောင်းသွားခဲ့ကာ အမြင်အာရုံသည်လည်း ပြန်လည်စုစည်းလာခဲ့တယ်။
ထို့နောက်မှာတော့ ချီကျွင့်နှင့်အတူ မျက်နှာအမူအရာ ကင်းမဲ့နေခဲ့တဲ့ အလွန်ရင်းနှီးကျွမ်းဝင်ဟန်ရှိတဲ့ သူစိမ်းတစ်ယောက်ကို တွေ့မြင်လိုက်ရတယ်။
ချန်ရှုရဲ့ ပါးစပ်ထောင့်တွေက လှုပ်ယမ်းသွားခဲ့ပြီး ဒူးတစ်ဝက်ထောက်လျက်သားရှိနေတဲ့ သူ့ရှေ့မှလူကို ကန်ထုတ်လိုက်တယ်။
“ထစမ်း!”
စုန့်ပေါ်ဟောက်က သူ့အဝတ်တွေကို လှမ်းဆွဲလာပြီး လက်လျှော့ခြင်းမရှိလေဘူး။
ချီကျွင့် တစ်ဖက်လူရဲ့ အဝတ်အစားကို လှမ်းဆွဲနေတဲ့ စုန့်ပေါ်ဟောက်ကို ကြည့်လိုက်တယ်။
ဒီလူက အလွန်သန်မာပြီး အရပ်လည်းရှည်တာ ထင်ရှားပေမယ့် အလွန်အမင်း ဂရုတစိုက်ရှိနေခဲ့တယ်။
ချီကျွင့် မတတ်နိုင်ပါဘဲ သူ့ရဲ့ လေးနက်လွန်းတဲ့ ကမ္ဘာဦးသစ်ပင်ကြီးက သူ့ရှေ့မှာငိုကြွေးရင်း လက်မှတ်သွားယူဖို့တောင်းဆိုနေမဲ့ပုံကို တွေးတောမိသွားရတယ်။
သူတို့တွေက အချိန်ခုနစ်နှစ်ကြာအောင် အတူရှိလာခဲ့ကြတဲ့ လက်တွဲဖော်ဟောင်းဖြစ်ကာ အသွင်သဏ္ဍန်ကို ဂရုမစိုက်တော့ပေမဲ့လည်း... သူရုတ်တရက်ကြီး မြင်တွေ့ချင်လာသလိုပဲ!
ချီကျွင့် ကုယန်ကျန်းဘက်ကို လှည့်ကြည့်လိုက်တယ်။ ကုယန်ကျန်းက ခြင်္သေ့လေးရဲ့တောက်ပတဲ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်တွေက အနည်းငယ်ကွေးတက်သွားခဲ့က ခြင်္သေ့လေးရဲ့ခေါင်းကို ထိန်းကိုင်လိုက်ပြီး သူ့ရဲ့မျက်လုံးထောင့်ကို နမ်းလိုက်တယ်။
လူမြင်ကွင်းမှာ ခြင်္သေ့နားရွက်လေးတွေ ပေါ်ထွက်လာမှာကိုသာ သူစိတ်မပူဘူးဆိုရင် ဒီလူရဲ့ နေရာတိုင်းကို နမ်းမိသွားလိမ့်မယ်။
ဒါ့အပြင် လက်ထပ်ခွင့်တောင်းခြင်းလို ကိစ္စမျိုးက အချိန်နှင့်နေရာ ကိုက်ညီစွာနဲ့ လုပ်ဆောင်သင့်ပြီး ပြီးစီးသွားချိန်မှာ သတ္တုနှင့် သစ်သားတို့က ပျော်ရွှင်စွာ ရောနှောသွားရလိမ့်မယ်။
သူက ဘယ်လိုလုပ်ပြီး တခြားလူတွေရဲ့ အရိပ်အငွေ့အတိုင်း လိုက်ပါလုပ်ဆောင်နိုင်မှာတဲ့လဲ။
ဒါ့အပြင် ခြင်္သေ့လေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း မကုသနိုင်သေးဘူး။
ဒီလူနှစ်ယောက်က အိပ်ယာပေါ်မှာ အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင် လူးလိမ့်ခဲ့ကြဖူးတယ်။ ဒါကြောင့် ဒီအချိန်မှာ သူဘာမှပြန်မပြောရင်တောင် ချီကျွင့်က သူ ဘာကိုဆိုလိုတယ်ဆိုတာကို သဘာဝကျစွာ သိနေခဲ့တယ်။
ချီကျွင့် မျက်မှောင်ကြုတ်လိုက်မိတယ်...ဘာကို ဘေးထွက်ဆိုးကျိုးလဲ? ဒါက တကယ့် ပြသနာလုံးကြီးပဲ!
လူနှစ်ယောက်မှာ တစ်ယောက်က ငယ်ရွယ်ပြီး ချောမောလွန်းကာ ကျန်တစ်ယောက်ကတော့ အေးစက်ပြီး ရင့်ကျက်သန်မာတဲ့အသွင်အပြင်ရှိပြီး တိတ်တဆိတ်နဲ့ အကြည့်ချင်း ဖလှယ်နေခဲ့ကြတယ်။
ဒီမြင်ကွင်းက စုန့်ပေါ်ဟောက်နဲ့ ချန်ရှုတို့ရဲ့မျက်လုံးတွေထဲမှာတော့ အလွန်အမင်း ချစ်စိတ်ပြင်းပြတဲ့ အကြည့်တွအဖြစ် မြင့်တွေ့သွားစေခဲ့တယ်။ ပန်းရောင်ပူဖောင်းတွေနှင့် မသိနားမလည်နိုင်လောက်တဲ့ လေထုက ဒီဘက်ခြမ်းမှာရှိနေတဲ့ ဒူးထောက်ထားတဲ့အသွင်အပြင်ထက်တောင် ပိုပြီးနူးညံ့နေသေးတယ်။
ချန်ရှုရဲ့ မျက်လုံးတွေဆီမှာ မနာလိုမှုအရိပ်အယောင် အနည်းငယ်လောက် ပေါ်လာခဲ့တယ်။
တစ်ဖက်လူတွေရဲ့ ကုန်းကို ကြည့်လိုက်စမ်း။ သူ့ရဲ့မျက်နှာက အေးစက်နေပေမယ့် သူ့ရဲ့မျက်လုံးတွေက တစ်ဖက်သားအပေါ် အလွန်ချစ်မြတ်နိုးကြောင်း ထင်ရှားပေါ်လွင်နေခဲ့ပြီး သူ့ရဲ့ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေထဲမှာတောင် သူ ချီကျွင့်အပေါ် ဘယ်လောက်ထိ နက်နက်နဲနဲ ချစ်မြတ်နိုးလဲဆိုတာကို မြင်တွေ့နိုင်စေခဲ့တယ်။
ဒီအချိန်မှာ သူ့ရဲ့လက်တွဲဖော်ကတော့ ဦးနှောက်ထဲမှာ အမှိုက်တွေနဲ့ပြည့်နေခဲ့တယ်!
သူက မွေးမြူရေးသားရဲကြီးလား!
ချန်ရှုရဲ့မနာလိုမှုအကြောင်းတရားကိုသာ ချီကျွင့်သိခဲ့ရင် ထခုန်ပြီးတော့တောင် တုံ့ပြန်လိမ့်မယ် ။ သူ့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့်သာမဟုတ်ဘူးဆိုရင် သူ့လက်တွဲဖော်က မွေးမြူရေးသားရဲကြီးတွေထက်တောင် ပိုပြီး သားရဲဆန်သေးတယ်!
ကမ္ဘာပျက်ကတ်ရဲ့ခုနစ်နှစ်တာကာလအတွင်းမှာ သူတို့မှာ အချိန်ရှိတိုင်း ဘယ်လိုမြေပြင်မှာမဆို လူးလှိမ့်ခဲ့ကြတာ!
ချန်ရှု အသက်ကို ပြင်းပြင်းရှူပြီး သူ့ရဲ့ ခြေထောက်ကို မြှောက်ကာ ဒူးတစ်ဖက်ထောက်နေတဲ့ စုန့်ပေါ်ဟောက်ကို ကန်ထုတ်လိုက်တယ်။
“ထစမ်းပါ!”
လက်စွပ်တောင် မပါဘဲနဲ့ ဒီလူက လက်ထပ်လက်မှတ်ရဖို့ အိပ်မက်မက်နေတာပဲ!
ထို့နောက်မှာတော့ စုန့်ပေါ်ဟောက်က သူ့ရဲ့ အဝတ်အစားထောင့်ကို ဆွဲကိုင်ရင်း မတ်တပ်ရပ်လာခဲ့ပြီး သူ အချိန်အတော်ကြာအောင် ဝှက်ထားခဲ့တဲ့ လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်တယ်။
ချန်ရှု: “...”
သူ လက်စွပ်နဲ့ပတ်သက်ပြီး တွေးထားတဲ့ အပိုင်းကိုပြန်လည်ရုတ်သိမ်းလို့ရနိုင်မလား?
သူတို့နှစ်ယောက်ရဲ့ လက်ထပ်ခွင့်တောင်းခြင်း ပြီးစီးသွားတော့ ချီကျွင့်က သူ့ရဲ့ပါးစပ်ကို ဖွင့်ဟလိုက်တယ်။
“ချန်ကော.. စုန့်ကော.. ခင်ဗျားတို့ကို စိတ်အနှောင့်အယှက်ဖြစ်မိလို့ တောင်းပန်ပါတယ် .. ကျွန်တော် ခင်ဗျားတို့ကို ပြောစရာရှိလို့”
ချန်ရှု ခေါင်းညိတ်လိုက်တယ်။
“လာခဲ့လေ.. အထဲကို သွားပြောရအောင်”
သူ စုန့်ပေါ်ဟောက်ရဲ့လက်ကို တိုက်ရိုက်ခါထုတ်လိုက်ပြီး ချီကျွင့်နဲ့ သူ့ရဲ့ဘေးနားမှလူကို ခေါ်သွားခဲ့တယ်။
ဗိုလ်ချုပ်ကြီးယန်ကတော့ အမူအရာမဲ့စွာနဲ့ တိတ်တိတ်နေခဲ့တုန်းပဲ။ သူက သူ့မိသားစုရဲ့ခြင်္သေ့ကလွဲရင် အပြင်လူတွေကို စကားပြောတိုမှု သိပ်မရှိဘူး။
ဒါက စုန့်ပေါ်ဟောက်ရဲ့ နှလုံးသားကို ထိတ်လန့်နေစေခဲ့တယ်။ သူက သူ့ရဲ့မိသားစုကိုရော ၊သူ့ရဲ့အသက်မွေးဝမ်းကြောင်းကိုပါ နှစ်ခုလုံးကို ရိတ်သိမ်းမှုကို လိုလားခဲ့တာကြောင့် ချန်ရှုကို လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးယန်ရဲ့ အမူအရာကနေ သူ အောင်လား၊ ကျလားဆိုတာကို မသိနိုင်သေးဘူး။
လူလေးယောက်က သူတို့နှင့် အလွန်ရင်းနှီးကျွမ်းဝင်တဲ့ စတိုးဆိုင်မန်နေဂျာရဲ့ အခန်းဆီသို့ ဦးတည်သွားခဲ့ကြတယ်။
ချန်ရှုက လက်ဖက်ရည်ပြုလုပ်ခဲ့တယ်။ သူက လက်ဖက်ရည်ဗူးအသစ်ကိုဖွင့်ပြီး လက်ဖက်ရည်ပြုလုပ်ခဲ့ကာ ချီကျွင့်နှင့် ဧည့်သည်ရဲ့အရှေ့ကို တွန်းပို့လိုက်ပြီး မသိစိတ်အရ ချီကျွင့်ရဲ့ ပုံခုံးကို လှမ်းကြည့်လိုက်မိတယ်။ အစိမ်းရောင်အပင်လေးက ရှိမနေခဲ့ဘူး။
ထို့နောက် ချီကျွင့်ရဲ့ဘေးနားမှာထိုင်နေတဲ့လူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့ရဲ့ခေါင်းထဲမှာ ရုတ်တရက် တစ်စုံတစ်ခုကို ဖရိုဖရဲနဲ့တွေးမိသွားရတယ်။ ဒါမဟုတ်...
ချန်ရှု ထိတ်လန့်သွားခဲ့ပြီး စုန့်ပေါ်ဟောက်ကို လှမ်းကြည့်လိုက်မိတယ်။ သူ့ဘေးမှာ ထိုင်နေတဲ့စုန့်ပေါ်ဟောက်က သတိတကြီးနဲ့ ခေါင်းညိတ်ပြလာပြီး ချန်ရှုရဲ့လက်က တုန်ယင်သွားခဲ့ရတယ်။
သူက အင်ပါယာရဲ့ပြည်သူတစ်ယောက်ဖြစ်ပေမဲ့ အင်ပါယာရဲ့ဗိုလ်ချုပ်ကြီးနှင့် မျက်နှာချင်းဆိုင်တွေ့ဖူးတာကတော့ ပထမဆုံးအကြိမ်ပဲ။
သူ့သည်လည်း စုန့်ပေါ်ဟောက်ရဲ့အမူအရာကို အတုခိုးပြီး နောက်ကျောကို ဖြောင့်ဖြောင့်ထားပြီး ထိုင်လိုက်တယ်။ ကြည့်ရတာ နှစ်ယောက်လုံးက လေ့ကျင့်ပေးခံထားရတဲ့ တပ်သားသစ်တွေလိုပဲ။
ချီကျွင့်က သာမန်လူတွေအနေနဲ့ စစ်ဗိုလ်ချုပ်ကြီးရဲ့ ရုပ်ရည်ပုံသဏ္ဍာန်ကို မြင်တွေ့ဖူးမှာမဟုတ်ဘူးလို့ မသိစိတ်ကနေ တွေးထင်ခဲ့တယ်။ တကယ်လို့ သူ့ကိုတွေ့ခဲ့ဖူး ဗိုလ်ချုပ်ကြီးရဲ့ရာထူးကြောင့် သူ့ကို ဆက်နွယ်ရဲမှာမဟုတ်ဘူး။
ကမ္ဘာပျက်ခေတ်မတိုင်ခင်တုန်း စားသောက်ဆိုင်မှာ ဝင်ပြီး စားသောက်ဖို့ လုပ်သလိုမျိုးပဲ။ တကယ်လို့ မင်းအနေနဲ့ သမ္မတနဲ့ဆင်တူတဲ့လူတစ်ယောက်က သာမန်အဝတ်အစားကိုဝတ်ထားပြီး ဆိုင်မှာထိုင်ကာ စားသောက်နေတာကို မြင်တွေ့လိုက်ရမယ်ဆိုရင် ပထမဆုံး ထင်မြင်ချက်က ဒီလူက သမ္မတကိုယ်တိုင်မဟုတ်ဘဲ သမ္မတနဲ့ဆင်တူတဲ့လူဖြစ်လိမ့်မယ် ဆိုပြီးတော့ပဲ။
(27.2)
ချီကျွင့်ကတော့ တစ်ဖက်မှနှစ်ယောက်ရဲ့အခြေအနေသဘောထားကို သိပ်ပြီး ဂရုမစိုက်မိခဲ့ဘူး။ သူတို့တွေ သက်သောင့်သက်သာမရှိဖြစ်နေတာကိုမြင်ပေမဲ့ ဒါက သူတို့နှစ်ယောက်ရဲ့ကြားမှ အနမ်းနဲ့ အနည်းငယ် ဖရိုဖရဲနိုင်တဲ့ လက်ထပ်ခွင့်တောင်းခံမှုကို သူတို့ မြင်တွေ့သွားခဲ့ရလို့ပဲလို့သာ ထင်မြင်ခဲ့တယ်။
ချီကျွင့် ပါးစပ်ဖွင့်လိုက်တယ်။
“ချန်ကော၊ စုန့်ကော ဒါက ကုယန်ကျန်း...”
ချန်ရှုနဲ့ စုန့်ပေါ်ဟောက်တို့ ခေါင်းညိတ်လိုက်ကြတယ်။ ဗိုလ်ချုပ်ကြီးရဲ့နာမည်ကို သူတို့ မှတ်မိတယ်။
သူတို့တွေ ဗိုလ်ချုပ်ကြီးရဲ့နာမည်ကို မှတ်မိကြောင်းတွေးနေတုန်းမှာပဲ တစ်ဖက်လူရဲ့ စကား ဒုတိယပိုင်းကို ကြားလိုက်ရလေတယ်။
“…ကျွန်တော်ရဲ့ချစ်သူလေ”
ချောမွေ့ပြီး ယုံကြည်မှုရှိလွန်းတယ်။
“ဘန်း”ခနဲ ပေါက်ကွဲသံတစ်ခုက လူနှစ်ယောက်ရဲ့ စိတ်ထဲမှာ ထွက်ပေါ်လာပြီး သူတို့ရဲ့ခေါင်းတွေ ပေါက်ကွဲသွားသလို ခံစားလိုက်ရတယ်။
လူနှစ်ယောက်က တောင့်တင်းစွာဖြင့် တစ်ဖက်ကိုလှည့်လိုက်မိကာ ငြင်းခုံခြင်းမရှိဘဲ ထိုနေရာမှာငြိမ်သက်စွာထိုင်နေခဲ့တဲ့ ဗိုလ်ချုပ်ကြီးဆီသို့ လှည့်ကြည့်လိုက်ကြတယ်။
သူတို့တွေက ဗိုလ်ချုပ်ကြီးယန် ချီကျွင့်ကိုနမ်းတဲ့ အလွန်အမင်း ရင်းနီးကျွင်းဝင်တဲ့ လုပ်ရပ်ကို မြင်ခဲ့ကြပေမယ့် ကြယ်စင်္ကြာဝဠာပေါ်မှ လူတိုင်း မသိတဲ့ သတင်းကို ရုတ်တရက် ကြားသိလိုက်ရတယ်။
ဒါက ရိုးရိုးရှင်းရှင်းကို…
ချန်ရှုနဲ့ စုန့်ပေါ်ဟောက်: “………”
သူတို့က သာမာန်လူတွေ… ခဏလေး..
မနေ့တုန်းကတော့ ချီကျွင့်က သူ့ရဲ့ တရားမဝင်နေထိုင်သူဆိုတဲ့ အထောက်အထားမှ လွတ်မြောက်ဖို့အတွက် ဂြိုဟ်သိမ်ခါးပတ်ဆီကို သွားဖို့ ပြောခဲ့တယ်မလား။
ဒီနေ့မှာတော့ သူက ဘဝရဲ့ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ဗိုလ်ချုပ်ကြီးရဲ့ ချစ်သူ ဖြစ်လာခဲ့တယ်။
ခဏလေး။ မဟုတ်သေးဘူး။
ဗိုလ်ချုပ်ကြီးယန်က အင်ပါယာရဲ့မင်းသားလေး စုမိုချီကို စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလဟာလကိုတစ်လောကလုံးနီးပါးသိကြတယ်လေ။
အင်ပါယာက မင်းသားလေးအရွယ်ရောက်တာနဲ့ ဗိုလ်ချုပ်ကြီးနဲ့ လက်ထပ်ပေးဖို့ ရည်ရွယ်နေခဲ့တာမဟုတ်ဘူးလား?
မင်းသားငယ်လေးက အသက် (၁၈) နှစ် ပြည့်သွားခဲ့ပြီဆိုပေမဲ့ ဗိုလ်ချုပ်ကြီးက အဝေးမှာရှိနေတာကြောင့် ဒီကိစ္စက ဖြစ်မလာသေးဘူး။
အခုတော့ ရုတ်တရက် နောက်ထပ်ချစ်သူကောင်လေးတစ်ယောက်ကို ရရှိသွားခဲ့ပြီ။ ဘာတွေဖြစ်တာများလဲ?
အတင်းအဖျင်းမီးတောက်တွေက သူတို့ရဲ့အတွင်းပိုင်းမှာ တောက်လောင်နေခဲ့ပေမဲ့လည်း ထိုအကြောင်းကိုမေးမြန်းဖို့ သူတို့ နှစ်ယောက်လုံးမှာ သတ္တိမရှိကြဘူး။
ထိုအချိန်မှာပဲ ချီကျွင့်က ကုယန်ကျန်းကိုပြောလာတယ်။
“ဒါက ချန်ရှုကောနဲ့ စုန့်ပေါ်ဟောက်ကောလေ.. ခင်ဗျားနဲ့ အဝေးမှာရှိနေတဲ့အချိန်တုန်းက သူတို့က ကျွန်တော့်ကို ကောင်းကောင်းဂရုစိုက်ပေးခဲ့ကြတယ်”
ကုယန်ကျန်း ခေါင်းညိတ်လိုက်တယ်။ သူ ဘွန်ဇွန်းပင်ပုံစံနဲ့ ကတည်းက သူတို့ကို မြင်ပြီးပြီလေ။
ဒါကြောင့် လက်ဖက်ရည်အိုးဆီကို လက်လှမ်းပြီး လက်ဖက်ရည်ခွက်နှစ်ခွက်ထဲသို့ လက်ဖက်ရည်တွေ လောင်းထည့်ပေးလိုက်တယ်။
“ ချီကျွင့်ကို ဂရုစိုက်ပေးထားကြလို့ ကျေးဇူးတင်ပါတယ်”
ချန်ရှုတို့ နှစ်ယောက်သား လက်ဖက်ရည်ခွက်ကို အလွန်ယဥ်ကျေးတဲ့အမူအရာနဲ့ အလျှင်အမြန်လှမ်းယူလိုက်ကြတယ်။
“မစ္စတာကုက ယဉ်ကျေးလွန်းနေပါပြီ”
“စုန့်ကော.. ကောက ကျွန်ဆော့်ကို တတိယတပ်မတော်မှာ ပါချင်လားလို့ မေးထားခဲ့တာမလား.. ကျွန်တော် ဒီကိစ္စကို လာပြောတာပါ.. ကျွန်တော်အခုအဆင်ပြေသွားလို့ မသွားတော့ဘူး”
စုန့်ပေါ်ဟောက်က သူ့ရဲ့ဘေးနားမှာတွင်ထိုင်နေတဲ့ ဗိုလ်ချုပ်ကြီးကို တစ်ချက်ကြည့်လိုက်တယ်။
ကုယန်ကျန်းက ဘာမှ ဝင်မပြောဘဲ သူ့ရဲ့လက်ဖက်ရည်ကိုသာ တိတ်တဆိတ်သောက်နေတာကိုမြင်တော့ စုန့်ပေါ်ဟောက် ချက်ချင်းပဲ ခေါင်းညိတ်လိုက်လေတယ်။
“ကောင်းပြီ၊ မင်းဘာပဲလုပ်လုပ် မင်းအဆင်လိမ့်မယ်”
“ဒါအပြင်.. ကျွန်တော် ဂြိုဟ်သိမ် ခါးပတ်ကိုလည်း မသွားဘူး.. ဒါပေမယ့် ဂြိုဟ်ငယ်လေးတစ်လုံးကိုတော့ ဝယ်ချင်သေးတယ်”
စုန့်ပေါ်ဟောက် ဆက်ပြီး ခေါင်းညိတ်တယ်
“ကောင်းပြီ၊ မင်းလိုအပ်တဲ့အရာတွေအားလုံးကို ငါစီစဉ်ပေးနိုင်တယ်.. မင်း လိုချင်တဲ့အချိန် ငါ့ကို တိုက်ရိုက်မက်ဆေ့ခ်ျပို့ပေးလို့ရတယ်”
စုန့်ပေါ်ဟောက်ဆီသို့ ဒီကိစ္စနှစ်ခုကိုပြောပြီးနောက် ချီကျွင့် ချန်ရှုဘက်ကို လှည့်ကြည့်လိုက်တယ်။
“ ချန်ကော.. ကျွန်တော် ကြယ်ငါးပွင့်သားရဲရေးထွင်းသူအဖြစ် အသိအမှတ်ပြုလက်မှတ်ရဖို့ သွားလျှောက်မယ်လို့ ရည်ရွယ်ထားတယ်.. ပြီးရင် မူပိုင်ခွင့်ကိုလည်း လျှောက်ထားခဲ့မယ်.. မူပိုင်ခွင့်ကို လျှောက်ထားပြီးသွားရင် အဲဒါရဲ့ ကော်ပီရိုက်လုပ်ပိုင်ခွင့်အတွက် ကောဆီကိုပေးချင်တယ်.. ကော ဘယ်လိုထင်လဲ?”
ရုတ်တရက် ကောင်းကင်ပေါ်မှ ပိုင်မုန့်ကြီးတစ်လုံး ပြုတ်ကျလာခဲ့တာကြောင့် ချန်ရှု အနည်းငယ်ရှက်သွားရတယ်။ ဒါက ကြယ်ဒင်္ဂါးပြားတစ်ဘီလျံကျော်တန်ဖိုးရှိတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုကလည်း အလွန်အမင်း ကျယ်ပြန်လိမ့်မယ်။ အကြီးမားဆုံးသော စီးပွားရေးပါတနာက စစ်တပ်ဖြစ်နိုင်တယ်!
ချန်ရှု ဗိုလ်ချုပ်ကြီးယန်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်တယ်။
…ဗိုလ်ချုပ်က စတုတ္ထမြောက် လက်ဖက်ရည်ခွက်ကို တိတ်တဆိတ်လောင်းထည့်နေခဲ့တယ်။
ကျေးဇူးပြုပြီး သဲလွန်စအကြံဥာဏ်လေး ပေးပါဦး!
မဟုတ်ရင် နောက်ပိုင်းမှာ ဗိုလ်ချုပ်နဲ့ စာချုပ်ချုပ်တဲ့အချိန်ကျရင် ကျွန်တော် အရမ်းရှက်နေရလိမ့်မယ်။
“ ချန်ကော?”
ချန်ရှု ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ အသံကလည်း အနည်းငယ် ခြောက်ကပ်နေခဲ့တယ်
“ကောင်းပြီ မင်းရဲ့ကတ်တွေကို စိတ်ဝင်စားမှုကို အမြင့်ဆုံးဖြစ်အောင် ငါသေချာပေါက်လုပ်မယ်”
နောက်ဆုံးမှာတော့ ချန်ရှုတစ်ယောက် ဗိုလ်ချုပ်ကြီးဆီမှ ဘယ်လိုအရိပ်အမြွက်ကိုမှ မတွေ့ခဲ့ရတဲ့အတွက် ချီကျွင့်ရဲ့ အဆိုပြုချက်ကို သဘောတူလိုက်တယ်။
သူတို့နှစ်ယောက် အတူထွက်သွားပြီးနောက် စုန့်ပေါ်ဟောက်က သူ့မိသားစုဝင်ရဲ့ လက်ကို လှမ်းဆွဲလာတော့တယ်။
“အားရှု.. ဗိုလ်ချုပ်ကြီးယန်က စစ်သားစုဆောင်းရေးကိစ္စကို မပြောသွားဘူး.. သူ ကိုယ့်ကို စိတ်မကျေနပ်တာများလား.. ပြန်သွားတဲ့အချိန်ကျရင် ခေါ်ဆိုမှုအမိန့်ကို ပြန်ပယ်ဖျက်သွားလောက်လား”
ချန်ရှု အဝေးသို့ ရွေ့လျားသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲ့ကားကိုကြည့်လိုက်တယ်။ အရိုးသားဆုံးပြောရရင် ဗိုလ်ချုပ်ကြီးယန်ရောက်ရှိလာရတဲ့ အကြောင်းရင်းက တတိယစစ်တပ်ရဲ့ တပ်သားသစ် စုဆောင်းရေးလုပ်ငန်းနဲ့ ဘာမှမဆိုင်ဘူးလို့ သူတွေးမိတယ်။ သူက ချီကျွင့်နှင့်သာ အဖော်ပြုပြီးလိုက်ပါတာဖြစ်တဲ့ပုံပဲ။
ဗိုလ်ချုပ်ကြီးက အစကနေအဆုံးထိ စကားအများကြီး မပြောခဲ့ပေမဲ့ သူရဲ့မျက်လုံးတွေကတော့ ချီကျွင့်အပေါ် မြတ်နိုးမှုတွေနဲ့ သဘောကျကျေနပ်မှုတွေ ပြည့်နေခဲ့တယ်!
ဒီလို အမူအရာတွေ၊ ချီကျွင့်နှင့် ပြောစရာမလိုနဲ့ နားလည်မှုတွေရဲ့ ကြားကိုကြည့်ရင် ဒီဆက်ဆံရေးက တစ်ရက်၊ နှစ်ရက်အတွင်းမှာ ပျိုးထောင်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိနိုင်တယ်။
ဒါကြောင့် ဗိုလ်ချုပ်ကြီးနှင့် မင်းသားလေးတိုရဲ့ကြားမှ ကောလာဟလတွေက အတုအယောင်ပဲဖြစ်လိမ့်မယ်!
ဒီလို မဟုတ်မမှန်တဲ့ ကောလဟာလတွေက ဘယ်နေရာကနေထွက်လာတာလဲဆိုတာကိုတော့ သူမသိဘူး။
ချန်ရှုရဲ့သားရဲကတ်စတိုးဆိုင်မှ ပြန်လည်ထွက်ခွာလာပြီးနောက် ကုယန်ကျန်းက ချီကျွင့်ကိုအင်ပါယာရဲ့ သားရဲရေးထွင်းသူ အသိအမှတ်ပြုစစ်ဆေးရေး စင်တာသို့ ခေါ်ဆောင်သွားခဲ့တယ်။ သားရဲရေးထွင်းသူ အသိအမှတ်ပြုစစ်ဆေးရေး စင်တာရဲ့ ဆန့်ကျင်ဘက်မှာရှိနေတာကတော့ အင်ပါယာရဲ့ တော်ဝင်သားရဲကတ်သုတေသန အဖွဲ့အစည်းပဲ။
ကုယန်ကျန်းရဲ့ကားပျံက သားရဲရေးထွင်းသူ အသိအမှတ်ပြုစစ်ဆေးရေး စင်တာရှေ့မှာ ရပ်လိုက်စဥ်မှာ အင်ပါယာမင်းသားရဲ့ကားကလည်း တော်ဝင်သားရဲကတ်သုတေသန အဖွဲ့အစည်းရှေ့မှာ ကားရပ်နားရာနေရာကို ရောက်ရုံသာ ရှိနေသေးတယ်။
ဒါကြောင့် မင်းသားငယ်လေးက ဗိုလ်ချုပ်ကြီးရဲ့ကားကို မြင်တွေ့လိုက်ရပြီး ဒီအခိုက်အတန့်မှာ သူ့ရဲ့နှုတ်ခမ်းတွေက အနည်းငယ် ကွေးညွတ်လာခဲ့ကာ သေးကွေးတဲ့အပြုံးကို ဖော်လှစ်လာတယ်။
သူ့အနေနဲ့ သူ့ရဲ့ အဖေအင်ပါယာဆီမှ အခုလေးတင် သတင်းရရှိထားခဲ့တယ်။ တတိယစစ်တပ်က သားရဲအင်ပါယာနှင့် ပထမဆုံးသော ဆက်သွယ်ရေးကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ပြီး သံတမန်ဆက်ဆံရေး ထူထောင်ခြင်းရဲ့ ကနဦးလုပ်ငန်း ပြီးစီးအောင်မြင်ခဲ့တယ်တဲ့။
ထို့နောက် ဗိုလ်ချုပ်ကြီးယန်က ထိုကိစ္စနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သံတမန်တစ်ဦးထံ အလျှင်အမြန်လွှဲပြောင်းပေးခဲ့ပြီး တတိယတပ်မတော်ရဲ့ စစ်သင်္ဘောကို မြို့တော်သို့ ပြန်လည်မောင်းနှင်စေခဲ့တယ်။
မင်းသားငယ်လေးက ဒီအဓိပ္ပာယ်ကို ကောင်းကောင်းသိတယ်။ ဒီဗိုလ်ချုပ်က သူ့ဆီကို တိုက်ရိုက်မချဉ်းကပ်ခဲ့ပေမယ့် သူရှိနေတဲ့နေရာဆီကို တိတ်တဆိတ် လိုက်လံရှာဖွေနေခဲ့တာပဲ။
ဗိုလ်ချုပ်ကြီးယန်က တောရိုင်းကြယ်တပ်သားတစ်ဦးဖြစ်ပြီး သူ့ရဲ့ ထူးချွမ်ပြောင်မြောက်တဲ့ စစ်ရေးစွမ်းရည်တွေကြောင့် ဗိုလ်ချုပ်ကြီးအဆင့်အထိ တိုးမြှင့်ခံလိုက်ရပေမဲ့ မင်းသားလေးရဲ့ အတွေးထဲမှာတော့ သူ့ရဲ့အရိုးတွေရဲ့ဆင်းသက်လာပုံအရ ဗိုလ်ချုပ်ကြီးယန်က လူရိုင်းလူကြမ်းတစ်ယောက်သာဖြစ်ပြီး တော်ဝင်ဆန်မှု အနည်းငယ်လောက်တောင် ရှိမနေခဲ့ဘူး။
သူ့ရဲ့အောင်မြင်မှုတွေက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်အဆင့် SSSနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားအဆင့် SSSတို့ ရှိနေခြင်းကြောင့်သာဖြစ်တယ်။
ဒါက မလုံလောက်သေးဘူး။ မင်းသားလေးက သူနဲ့အတူရှိပေးမယ်ဆိုတဲ့ ကတိမပေးခင်မှာ ဗိုလ်ချုပ်ကြီးယန်အနေနဲ့ နောက်ထပ်အများကြီးလုပ်ပြဖို့ လိုအပ်နေသေးတယ်။
ခက်ခက်ခဲခဲရရှိတဲ့ ချစ်ခြင်းတရားကသာ တန်ဖိုးထားခံရဖို့ လွယ်ကူတယ်လေ။ ဒီတော့ အခုလို တင်းကျပ်မှုတွေက သူ့အတွက် ခွန်အားဖြစ်စေမှာသေချာတယ်။
မင်းသားငယ်လေးရဲ့ မျက်လုံးတွေက တောက်ပသွားပြီး သူ့ရဲ့ မေးစေ့ကို ဂုဏ်ယူစွာ မြှောက်လိုက်ကာ တော်ဝင်သားရဲကတ်သုတေသန အဖွဲ့အစည်းထဲသို့ ဖြောင့်တန်းတဲ့ဝါးပင်လိုမျိုး ဝင်သွားခဲ့တယ်။
ထိုအချိန်မှာ ချီကျွင့်နှင့် ကုယန်ကျန်းတို့ကတော့ ထိုမင်းသားငယ်ကိုတောင် မမြင်တွေ့ခဲ့ကြဘူး။ သူတို့က ဗိုလ်ချုပ်ကြီးဆိုတဲ့ အဆင့်အတန်းနဲ့ အခွင့်အာဏာအောက်မှာ VIP အခန်းဆီသို့ လမ်းညွှန်စက်ရုပ်ရဲ့နောက်ကနေ လိုက်သွားခဲ့ကြတယ်။
VIP ခန်းထဲဝင်သွားပြီးနောက် ချီကျွင့် သူ့ရဲ့ အထောက်အထားအချက်အလက်တွေကို တင်ပြလိုက်ပြီး သားရဲရေးထွင်းသူအဖြစ်အသိအမှတ်ပြုလက်မှတ်ရရှိရန်အတွက် နည်းလမ်းကတွေကို စတင်ကြည့်ရှုခဲ့တယ်။
ကြယ်တစ်ပွင့်မှ ကြယ်လေးပွင့်အတွက် အသိအမှတ်ပြုလက်မှတ်က အခြေခံသားရဲရေးထွင်းသူလက်မှတ်အတွင်းမှာပါဝင်ပြီး အတည်ပြုနည်းမှာ ရိုးရှင်းတယ်။
စမ်းသပ်စင်တာထဲမှာ အင်ပါယာအတွင်းမှ ကြယ်တစ်ပွင့်ကနေမှ ကြယ်လေးပွင့်အထိ ပုံစံတွေအားလုံးကို ပံ့ပိုးပေးထားလိမ့်မယ်။ အသိအမှတ်ပြုလက်မှတ်တစ်ခုအတွက် လျှောက်ထားတဲ့ သားရဲရေးထွင်းသူတွေက အမျိုးအစား 10 ခုကို ရွေးချယ်ရမှာဖြစ်ပြီး ကြယ်သတ်မှတ်ချက်ကို တိုင်းတာရန်အတွက် ထိုသားရဲကတ်တွေမှာ တိကျတဲ့အချိန်အတွင်း သားရေးရေးထွင်းပေးရလိမ့်မယ်။
အခြေခံအဆင့် သားရဲရေးထွင်းသူအဖြစ် အသိအမှတ်ပြုစစ်ဆေးရေး လုပ်ငန်းစဉ်အတွင်းမှာ ဝန်ထမ်းတွေရဲ့ ကြီးကြပ်ကွပ်ကဲမှု မလိုအပ်ဘူး။ အခြေခံ အဆင့်စမ်းသပ်စစ်ဆေးရေး စက်ရုပ်မှ ထိုသားရေးရေးထွင်းမှုလုပ်ငန်းစဉ်ကို ဆုံးဖြတ်ရန်နှင့် အတည်ပြုရန် တာဝန်ရှိလိမ့်မယ်။
ဒါကြောင့် အသိအမှတ်ပြုလက်မှတ်ရရှိရန် စစ်ဆေးဖို့အတွက် ကြိုးစားနိုင်သည့် အကြိမ်အရေအတွက်ကို ကန့်သတ်ချက်မထားခဲ့ဘူး။ တစ်ကြိမ်တည်းနဲ့ မအောင်မြင်ခဲ့ရင် ထပာခါထပ်ခါ ပြုလုပ်နိုင်တယ်။ လူတစ်ယောက်မှာ လုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေရှိသရွေ့ အကြိမ်ရာနှင့်ချီပြီး ဆက်လက်စမ်းသပ်နိုင်တယ်။
သေချာတာပေါ့။ သူတို့တွေအထဲမှာ အချိန်ပိုကြာအောင်နေလေလေ၊ ကောက်ခံမဲ့အခကြေးငွေက ပိုပြီးများပြားလာလေလေပဲ။ အင်ပါယာရဲ့ သားရဲအသိအမှတ်ပြုလက်မှတ်အတွက် စစ်ဆေးချက်က အဆင့်တွေကို ကျော်ခွင့်မပေးထားခဲ့ဘူး။
ဆိုလိုတာကတော့ ချီကျွင့်အနေနဲ့ အခြေခံအကျဆုံးသော စစ်ဆေးမှုကနေ စတင်ရလိမ့်မယ်။ ဒီတော့ လုပ်ငန်းစဉ်က အနည်းငယ်ရှည်ကြာသွားနိုင်တယ်။
ကုယန်ကျန်းက သူ့ရဲ့ ခေါင်းလေးကို ပွတ်သက်ပေးလိုက်တယ်။
“သွားလေ.. ကိုယ်ဒီမှာစောင့်နေပေးမယ်”
“ကျွန်တော် ဒီမှာအချိန်ဘယ်လောက်ကြာနေလောက်မလဲဆိုတာ မသိဘူး.. ခင်ဗျား ကျွန်တော့်ကို ဒီမှာ စောင့်နေစရာမလိုပါဘူး.. ခင်ဗျား လိုအပ်တဲ့ပစ္စည်းတွေကို သွားဝယ်နေလိုက်လေ”
ကုယန်ကျန်း ကားကို မောင်းနှင်နေတုန်းမှာ ချီကျွင့်က Star Network မှာ ရှာဖွေရင်းနဲ့ စျေးဝယ်စာရင်းရှည်တစ်ခုကို ပြုလုပ်ခဲ့တယ်။
ကုယန်ကျန်း ခေါင်းညိတ်ပြလိုက်ပြီး ချီကျွင့် စာမေးပွဲခန်းမထဲသို့ ဝင်သွားတာကို ကြည့်နေခဲ့တယ် ။
ထို့နောက် နေရာမှာထိုင်လိုက်ပြီး မြို့တော်ထဲမှ အစောင့်တစ်ဦးဆီသို့ စျေးဝယ်စာရင်းကို တိုက်ရိုက်ပေးပို့လိုက်ကာ ထိုပစ္စည်းတွေကို ဝယ်ခိုင်းလိုက်ပြီး သူ့အိမ်သို့ တိုက်ရိုက်ပို့ပေးဖို့ တောင်းဆိုလိုက်တယ်။
ချီကျွင့် စမ်းသပ်ခန်းထဲသို့ ဝင်သွားခဲ့ပြီးတာနဲ့ လမ်းညွန်စက်ရုပ်က လမ်းညွှန်ချက်တွေ ပေးလာခဲ့တယ်။
ဒါကြောင့် ချီကျွင့် ကြယ်တစ်ပွင့် အမှတ်အသားရှိတဲ့ စမ်းသပ်ဧရိယာသို့ သွားခဲ့ပြီး သားရဲပုံစံလိုင်းတွေထားတဲ့နေရာကို ဖွင့်လှစ်ခဲ့တယ်။
သာမန်အခြေအနေတွေမှာဆိုရင် သားရဲရေးထွင်းသူတွေက ဒီလိုအဆင့်နိမ့်သားရဲလိုင်းပုံစံတွေကိုကြည့်ရှုရင်း အချိန်ဖြုန်းနေမှာမဟုတ်ဘူး။ သူတို့တွေက သူတို့နဲ့ အကျွမ်းတဝင်ရှိတဲ့ သားရဲပုံစံ ၁၀ ခုကို တိုက်ရိုက်ရွေးချယ်ပြီး ချက်ချင်းရေးထွင်းလာကြလိမ့်မယ်။
တကယ်လို့ စမ်းသပ်မှုကို မအောင်မြင်ခဲ့ဘူးဆိုရင်တောင် သားရဲပုံစံ ၁၀ ခုကို ရေးထွင်းခဲ့မယ်ဆိုရင် သူတို့ရဲ့ အောင်မြင်မှုနှုန်းကို တိုးတက်စေနိုင်တယ်လေ။
သို့ပေမဲ့လည်း ချီကျွင့်ကတော့ ကြယ်တစ်ပွင့်သားရဲကတ်ပုံစံတွေကို ဖွင့်ကြည့်လိုက်တာနဲ့ သူအခု စစ်ဆေးမှုလုပ်နေတာဖြစ်ကြောင်းကို ချက်ချင်းမေ့သွားခဲ့တော့တယ်။ သူ့အနေနဲ့ စတိုးဆိုင်ဆီမှာ အဆင့်နိမ့်သားရဲကတ်ပေါင်းများစွာကို တွေ့ဖူးခဲ့ပေမဲ့လည်း ထိုကတ်တွေရဲ့လိုင်းပုံစံတွေက ဆင်တူပြီး စျေးကွက်ရဲ့တောင်းဆိုမှုအရ လူကြိုက်များတဲ့ သားရဲပုံစံတွေကိုသာ ပါဝင် စီစစ်ထားခဲ့တယ်။
စမ်းသပ်စင်တာထဲမှာတော့ ကြယ်စုအင်ပါယာအတွင်းရှိ နှစ်ပေါင်းရာချီအတွင်းမှာ ရှိနေခဲ့သမျှ အဆင့်နိမ့်သားရဲပုံစံလိုင်းတွေအားလုံးကို ပံ့ပိုးပေးထားခဲ့တယ်။ ဒါကြောင့် ချီကျွင့်က ရိုးရှင်းစွာ ထိုင်ချလိုက်ပြီး တစ်ခုပြီးတစ်ခု အသေအချာကြည့်တော့တယ်။
ဒီလိုအခြေခံကနဦးအဆင့် သားရဲပုံစံလိုင်းတွေအတွက်တော့ ချီကျွင့်အတွက် သူ့ရဲ့ မျက်လုံးနှစ်လုံးဖြင့် ကြည့်လိုက်ရုံရန် လိုအပ်ခဲ့တယ်။
ချီကျွင့်က သူ့ရဲ့အတွင်းပိုင်းဥပဒေသတွေကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး ပျမ်းမျှအားဖြင့် နှစ်စက္ကန့်နီးပါး အချိန်အတွင်းမှာပဲ တတ်ကျွမ်းသွားခဲ့တယ်။
သူ့ရဲ့ဘေးနားမှာရှိနေက စမ်းသပ်ရေးစက်ရုပ်က ရွေ့လျားလာခြင်းမရှိသလို အမြန်လုပ်ဖို့လည်း မလောဆော်လာခဲ့ဘူး။
လုပ်ထုံးလုပ်နည်းတွေအရ စမ်းသပ်ရေး စက်ရုပ်အနေနဲ့ စမ်းသပ်ခံလူတွေမှ သားရဲပုံစံတွေကို ပိတ်ပြီးမှသာ စမ်းသပ်မှုထဲသို့ ဝင်ရောက်ဖို့ ပြင်ဆင်ရန် သတိပေးရုံသာ လုပ်လိမ့်မယ်။
(27.3)
ချီကျွင့်တစ်ယောက် နောက်ဆုံးတော့ ကြယ်တစ်ပွင့်သားရဲပုံစံတွေအားလုံးကို ကြည့်ရှုပြီးသွားခဲ့ပြီ။
သူ ထိုသားရဲကတ်ပုံစံတွေကို ပြန်ပိတ်လိုက်တော့ စမ်းသပ်စစ်ဆေးရေးစက်ရုပ်က ချီကျွင့်ဆီသို့ သတ္တုစပ်ကတ် (၁၀) ခုကို ပေးလာပြီး စမ်းသပ်စစ်ဆေးမှုစတင်ရန်အတွက် သတိပေးလာခဲ့တယ်။
ထိုအချိန်မှာ အချိန်ကတစ်နာရီလောက်ကျော်သွားခဲ့ပြီ။ ချီကျွင့်က သားရဲပုံစံ (၁၀) ခုကို ပေါ့ပေါ့ပါးပါးရွေးချယ်လိုက်ပြီး သတ္တုစပ်ကတ်နှင့် သားရဲထွင်းဘောပင်ကိုယူကာ သားရဲပုံစံလိုင်းတွေကို မိနစ်ပိုင်းအတွင်း အပြီးသတ်ခဲ့တယ်။ စမ်းသပ်စစ်ဆေးရေးစက်ရုပ်က သားရဲကတ်ကို အသက်သွင်းခဲ့ပြီးနောက် ကတ်တွေအကုန်လုံးက အရည်အချင်းပြည့်မီကြောင်းကို သိခဲ့ရတယ်။
စမ်းသပ်စစ်ဆေးရေးစက်ရုပ်က အတက်အကျမရှိဘဲ တည်ငြိမ်တဲ့အသံနှင့် ပြောလာခဲ့တယ်။
“မစ္စတာချီကျွင့်.. ကြယ်တစ်ပွင့်သားရဲရေးထွင်းသူအဖြစ် အသိအမှတ်ပြုလက်မှတ်ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်.. ကျေးဇူးပြုပြီး စစ်ဆေးမှုအတွက် တန်ဖိုးငွေပေးချေပါ”
သုံးစွဲတဲ့ကြာချိန်အရ ချီကျွင့်အနေနဲ့ ကြယ်ဒင်္ဂါး (100,000 )ပေးရန် လိုအပ်တယ်။
သေချာတာပေါ့။ ဒီလောက်ငွေကြေးပမာဏက တစ်ရက်ကို ကြယ်ဒင်္ဂါးသန်းချီပြီးဝင်နေတဲ့ ချီကျွင့်အတွက် ကြီးမားတဲ့ ပမာဏမဟုတ်ဘူး။
သို့ပေမဲ့လည်း သူ အပြင်ကို ထွက်လာတဲ့အချိန်မှာ သူ့ရဲ့ကြယ်ဒင်္ဂါးကတ်ကို မယူလာမိခဲ့သလို သူ့ရဲ့ကွမ်တမ်ကွန်ပြူတာကလည်း အသစ်စက်စက်ဖြစ်နေတာကြောင့် သူ့ရဲ့နာမည်အောက်မှာ ပိုက်ဆံတွေရှိမနေသေးဘူး။
ချီကျွင့် ကုယန်ကျန်းဆီသို့ စာပို့ခါနီးမှာပဲ စမ်းသပ်စစ်ဆေးစက်ရုပ်မှ ပြောလာခဲ့တယ်။
“အခကြေးငွေပေးဆောင်ပြီးပါပြီ .. မစ်စတာချီကျွင့် ဒါက မင်းရဲ့အမှတ်တံဆိပ်ပါ.. ကျေးဇူးပြုပြီး လက်ခံပေးပါဦး”
ချီကျွင့်: “……”
ဒီကမ္ဘာဦးသစ်ပင်ကြီးက သူ့ရဲ့စကားကိုနားမထောင်ဘူး။
ချီကျွင့် တံဆိပ်တစ်ခု ရရှိခဲ့တယ်။ ဒီတံဆိပ်ဆီမှာ အင်ပါယာသားရဲရဲ့ ဘိုးဘေး ပုံတူရုပ်ပုံပါရှိပြီး သူ့ရဲ့ပတ်ပတ်လည်မှာတော့ ငွေကြယ်ပွင့်တစ်ခုကို တိမ်ပုံသဏ္ဍာန်လိုင်းနဲ့ ရစ်ပတ်ထားတယ်။ တစ်ချိန်တည်းမှာပဲ ချီကျွင့်ရဲ့အထောက်အထားအချက်အလက်ဆီမှာ ကြယ်တစ်ပွင့်သားရဲရေးထွင်းသူအဖြစ် အမှတ်အသားသင်္ကေတ ပေါ်ထွက်လာခဲ့တယ်။
ချီကျွင့်က ကွမ်တမ်ကွန်ပျူတာကိုဖွင့်ပြီး ကုယန်ကျန်းထံသို့ ဗီဒီယိုကောခေါ်ဆိုမှုတစ်ခုပေးပို့ခဲ့တယ်။
ကုယန်ကျန်းက VIPအခန်းထဲမှ နေရောင်ခြည်ရရှိတဲ့နေရာဆီကို ပြောင်းရွှေ့နေခဲ့ပြီး သူ့သားရဲ့ ပန်းအိုးလေးကို လက်တစ်ဖက်ဖြင့် ကိုင်ထားခဲ့ကာ နေရောင်အောက်မှာ နေဆာလှုံနေခဲ့တယ်။
သစ်ပင်နှစ်ပင်က ငြိမ်သက်အေးချမ်းစွာ ရှိနေကြပြီး စောင့်ဆိုင်းနေရတာကိုလည်း ပူပန်စိုးရွံ့မှုတွေ ရှိမနေကြဘူး။
ပန်းအိုးထဲက ခြင်္သေ့လေးကလည်း သူ့ရဲ့ လက်ဖဝါးလေးကိုမြှောက်ပြီး ချီကျွင့်ကို နှုတ်ဆက်လာတယ်။
ကုယန်ကျန်းက အသံနိမ့်နိမ့်နဲ့မေးလာတယ်။
“ပြဿနာတစ်ခုခုနဲ့ တွေ့ကြုံနေရလို့လား”
ချီကျွင့် ခေါင်းခါလိုက်တယ်။
“မဟုတ်ဘူး .. ကျွန်တော် ခင်ဗျားကို ရုတ်တရက် တွေ့ချင်လာလို့”
ကုယန်ကျန်းရဲ့မေးရိုးက အနည်းငယ် တင်းကြပ်သွားခဲ့ပြီး သူ့ရဲ့မျက်လုံးတွေထဲမှ ရူးသွပ်မှုကို ဖုံးကွယ်ရန်အတွက် မျက်လွှာချလိုက်တယ်။
တကယ်တော့ ချီကျွင့်ကသာ နေမကောင်းဖြစ်နေတာ မဟုတ်ဘူး။ သူသည်လည်း နေမကောင်းဖြစ်နေခဲ့တယ်။ ဒါက သူ့မိသားစုရဲ့ ခြင်္သေ့ကကိုယ်တိုင်ဖောက်ခွဲလိုက်တာကို မျက်မြင်တွေ့လိုက်ရတာကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပဲ။
နဂါးငွေ့တန်း အနည်းငယ်ဝေးကွာနေတဲ့အချိန်တုန်းကတော့ ဒီခံစားချက်က သိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိခဲ့ဘူး။ သူ ချီကျွင့် အနားမှာမရှိရဘူးဆိုရင်တောင် သူ့ရဲ့အဖော်ခန္ဓာကိုယ် ဒါမှမဟုတ် ကမ္ဘာဦးသစ်ပင်ကြီးဆီကနေ ခွဲထားတဲ့ ခန္ဓာကိုယ်က ချီကျွင့်ရဲ့ဘေးပတ်ဝန်းကျင်မှာ အမြဲတမ်းရှိနေခဲ့တာကြောင့်ပဲ။
သို့ပေမယ့် အခုတော့ သူ့ရဲ့ခြင်္သေ့ကြီးက သူနဲ့ဝေးကွာနေခဲ့တာ တစ်နာရီလောက်တောင်ရှိနေပြီ။ သူ့ရဲ့နှလုံးသားက ပူလောင်နေသလို ခံစားနေခဲ့ရတယ်။
သူ့ရဲ့စိတ်ထဲမှာ ချီကျွင့် သူ့ကိုယ်သူ ဖောက်ခွဲလိုက်တဲ့ မြင်ကွင်းကို ထပ်ခါတလဲလဲ မြင်ယောင်နေခဲ့တယ်။
သူ့သစ်သားစွမ်းရည်ရဲ့ တည်ငြိမ်အေးချမ်းစေတဲ့ အကျိုးသက်ရောက်မှုကြောင့်သာ မဟုတ်ခဲ့ရင် သူ အထဲကို တိုက်ရိုက်ပဲ ဝင်သွားမိလိမ့်မယ်။
သူ သူ့ရဲ့ခြင်္သေ့ကို သူရဲ့အကိုင်းအခက်တွေနဲ့ ချည်နှောင်လိုက်ပြီး သေတဲ့အထိ ချည်နှောင်ထားချင်တယ်။ ချီကျွင့်ကို သူ့ရဲ့ခန္ဓာကိုယ်ထဲမှာပဲ ပေါင်းစည်းထားလိုက်စေချင်ပြီး သူ့ရဲ့သစ်ပင်နဲ့အတူ ထာဝရကြီးထွားလာစေချင်တယ်။
ဒီလိုဆိုရင် ချီကျွင့်က သူ့ကို ဘယ်တော့မှ မထားခဲ့နိုင်တော့ဘူး။
သူသည်လည်း ဖျားနာနေတာပဲ။ သူက ပုံမှန်မဟုတ်ဘူး။ ဒါပေမဲ့ သူ ဒါကို ကုသလို့ မရနိုင်ဘူး။
ကုယန်ကျန်းကသာ သူ့ကို အကျဥ်းချထားချင်နေတယ်ဆိုတဲ့အကြောင်းကို သူ့မိသားစုရဲ့ခြင်္သေ့ကြီး သိသွားရင် ဘာတွေဖြစ်လာမလဲ။
ချီကျွင့်က ပြောလာတယ်။
“ကျွန်တော် နောက်ထပ် လုပ်စရာတွေရှိသေးတယ်.. အပြင်ထွက်လာပြီးမှ ပြောရအောင်”
ကုယန်ကျန်း ခေါင်းညိတ်လိုက်တယ်။ တစ်ဖက်မှလူက ဗီဒီယိုကောကို ပိတ်ဖို့လုပ်နေပြီဆိုတာကိုမြင်တော့ သူ ချက်ချင်းပဲ ရပ်ခိုင်းလိုက်တယ်။
“နောက်တစ်ဆင့်ကိုမသွားခင် အပြင်ကိုအရင်ထွက်လာခဲ့ပါလား”
ချီက ခေါင်းညိတ်ပြလိုက်ပြီး သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာပေါ်မှ 3D ပုံရိပ်ကို အနမ်းတစ်ခုပေးလိုက်တယ်။
ကုယန်ကျန်းရဲ့ နှလုံးသားကတော့ စိတ်ခံစားချက်တွေနှင့် ပြည့်နှက်သွားရတယ်။
သူ့ရဲ့ အသက်ရှင်နေဆဲဖြစ်တဲ့ချစ်သူ..
သူ့ရဲ့ပေါင်ပေ့ ..
တစ်မိနစ်လောက်ကြာတော့ ချီကျွင့်က VIP အခန်းရဲ့တံခါးဝနားမှာ ပေါ်လာခဲ့ပြီး ကုယန်ကျန်းရဲ့ဘေးနားကို ခြေလှမ်းအနည်းငယ်နဲ့ အရောက်လာခဲ့တယ်။
သူက ကုယန်ကျန်းရဲ့ ဘေးနားမှာဝင်ထိုင်ပြီး ပြောလိုက်တယ်။
“ ယန်ကျန်းကျန်း ခင်ဗျားရဲ့ ဘွန်ဆိုင်းအသေးလေးကို ကျွန်တော့်ဆီထားခဲ့လိုက်လေ.. ကျွန်တော်က အချိန်တွေအများကြီးကြာလောက်ဦးမှာ.. ဒီတော့ အပြင်ကိုအရင်သွားပြီး ခင်ဗျားနှင့် ခင်ဗျားရဲ့သားတို့ စားစရာတွေ သွားဝယ်လိုက်လေ.. ပြီးရင် ဒီမှာပဲ တိုက်ရိုက်စားလိုက်ရအောင်.. အမ်.. ဒီမှာအစားအသောက်တွေ စားလို့ရလား”
ကုယန်ကျန်းက သူ့ကို လှည့်ကြည့်လာတယ်။
ချီကျွင့်က အသက်ကိုပြင်းပြင်းရှူပြီး လက်ကိုမြှောက်ကာ သူ့ရဲ့နှလုံးသားနေရာကို ဖိလိုက်တယ်။
“တကယ်တော့ ခင်ဗျားသာ ကျွန်တော်နဲ့အတူရှိမနေရင် ဒီနေရာက အရမ်းနာကျင်ပြီး သက်သောင့်သက်သာ မရှိသလို ခံစားနေရတယ်.. ကျွန်တော် ဒါကို ကျင့်သားရနေပြီ”.
ချီကျွင့် smart ကျောပိုးအိတ်ကို လှမ်းယူလိုက်တယ်။ သူ အပြင်ကိုသွားဖို့ ပြင်ဆင်တဲ့အချိန်တုန်းက ဘွန်ဆိုင်းကုကိုပါ သူ့ရဲ့ သားဖြစ်သူနဲ့အတူ ကျောပိုးအိတ်ထဲသို့ ထိုးထည့်ခဲ့တာကို မှတ်မိလိုက်တယ်လေ။
သို့ပေမယ့် သူဘွန်ဇိုင်းကုကို မထုတ်ခင်မှာ ရုတ်တရက် သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီးဆီမှ ဆုပ်ကိုင်ခံလိုက်ပြီး တစ်စုံတစ်ယောက်ရဲ့ နှုတ်ခမ်းတွေက သူ့ရဲ့နှုတ်ခမ်းဆီသို့ နွေးထွေးတဲ့ အနမ်းနဲ့ ဖုံးအုပ်လာခဲ့တယ်။
တစ်ချိန်တည်းမှာပဲ သူ့ရဲ့စွမ်းအင်အူတိုင်က ကုယန်ကျန်းရဲ့ စွမ်းရည်နှစ်ခုနှင့် ရစ်ပတ်ထွေးပွေ့ခံလိုက်ရတယ်။
ပြီးသွားပြီ… သူ့ရဲ့နားရွက်တွေ ထွက်လာတော့မယ်!
ဒါက ချီကျွင့်ရဲ့ ပထမဆုံး တုံ့ပြန်မှုပဲ။ ထို့နောက်မှာတော့ သူ့ကမ္ဘာဦးသစ်ပင်ကြီးရဲ့ ပြင်းပြတဲ့ အနမ်းတွေထဲမှာ လုံး၀ နှစ်မြုပ်သွားခဲ့တော့တယ်။
သူတို့တွေ အလွန်အမင်း ထိန်းချုပ်ခဲ့ကြပေမဲ့ ဒီအနမ်းက အလွန်ပြင်းထန်လာခဲ့တုန်းပဲ။
ကုယန်ကျန်းရဲ့ လျှာက သူ့ရဲ့ပါးစပ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ပြီး သွားဖုံးတွေနှင့် နူးညံ့ပျော့ပျောင်းတဲ့ အတွင်းပိုင်းမှ နေရာတွေအထိ ဆန့်တန်းလာခဲ့တယ်။
ချီကျွင့်ရဲ့ ခန္ဓာကိုယ်က မတုံ့ပြန်လာသေးပေမဲ့ သူ့ရဲ့ခေါင်းတွေကတော့ စတင်ယားယံလာခဲ့ရတယ်။ နည်းလမ်းမရှိဘူးလေ။ သူသည်လည်း သူ့ရဲ့ ကမ္ဘာဦးသစ်ပင်ကြီးနဲ့ ထပ်တူထပ်မျှ စိတ်အားထက်သန်နေခဲ့တာပဲ။
ကံကောင်းထောက်မစွာနဲ့ ကုယန်ကျန်းက အလွန်လောဘကြီးနေခဲ့တာတောင် အလွန်အမင်းတိုင်းတာနိုင်ခဲ့တုန်းပဲ။ သူက သူ့ရဲ့လျှာကို အချိန်မီ ရုတ်သိမ်းလိုက်ပြီး ချီကျွင့်ရဲ့ ခေါင်းပေါ်မှာ အားကစားဦးထုပ်ကို တင်ပေးလိုက်တယ်။
ချီကျွင့် သူ့ရဲ့ခြင်္သေ့နားရွက်ကို ဖုံးအုပ်ထားတဲ့ ဦးထုပ်ကို လှမ်းကိုင်လိုက်ပြီး ဝေဝေဝါးဝါးနဲ့ မေးလိုက်တယ်။
“ဒါ ဘယ်က ရောက်လာတာလဲ”
ကုယန်ကျန်းရဲ့ အချိန်ကြာမြင့်စွာရှိနေတဲ့ ရူးသွပ်တဲ့အတွေးတွေက ပြန်လည် ဆုတ်ခွာသွားခဲ့တယ်။
“မင်း မနေ့ညက အိပ်ပျော်သွားတဲ့အချိန်မှာ ကိုယ် ဝယ်ထားခဲ့တာ”
သူ တခြားပစ္စည်းတွေလည်း အများကြီးဝယ်ခဲ့ပေမယ့် အပြင်ကို ထွက်လာတဲ့အချိန်မှာ နှစ်ခုကိုပဲ ယူလာခဲ့တယ်။
ချီကျွင့် ဦးထုပ်ကို မော့ကြည့်လိုက်ပြီး သတိလက်လွတ်မေးလိုက်တယာ။
“တကယ်တော့ ကျွန်တော် စစ်ဦးထုပ်ကို ပိုကြိုက်တယ်”
ကုယန်ကျန်း ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီ”
“ဒါက ခင်ဗျားရဲ့ဗိုလ်ချုပ်ကြီးအဆင့် စစ်ဦးထုပ်ဖြစ်ပြီး ကျွန်တော်ဆောင်းလိုက်ရင် ခင်ဗျားကို စိတ်အနှောင့်အယှက်တွေ ဖြစ်လာမှာစိုးလို့”
ချီကျွင့် သူ့ရဲ့ မေးစေ့ကို ပင့်,မလိုက်တယ်။
“အိမ်ပြန်ရောက်ရင် ဆောင်းမယ်!”
ကုယန်ကျန်း ရယ်မောလိုက်တယ်။
“ကောင်းပြီ”
သူတို့တွေ စကားပြောရင်းနဲ့ ချီကျွင့်ရဲ့ခေါင်းပေါ်က နားရွက်တွေ ပျောက်သွားခဲ့ပြီး ဘွန်ဆိုင်းပါရှိတဲ့ ကျောပိုးအိတ်ကို သူ့ရဲ့ပခုံးပေါ်မှာ တင်လိုက်တယ်။ ထို့နောက် အပြင်ကိုပြန်ထွက်သွားရင်း ပြောခဲ့တယ်။
“ကျွန်တော် အသားကင်ထမင်း စားချင်တယ် .. အရသာက ပေါ့တာလေး”
ကုယန်ကျန်း သူ့ရဲ့အသိစိတ်အများစုကို ကမ္ဘာဦးဘွန်ဆိုင်းထဲကိုထည့်လိုက်ပြီး ချီကျွင့်ရဲ့ပုခုံးကို အမြစ်တစ်ချောင်းနှင့် ဆုပ်ကိုင်လိုက်တယ်။
ဒီလိုနဲ့ ချီကျွင့်နဲ့ အစိမ်းရောင်အပင်တို့က လုံခြုံရေးစစ်ဆေးမှုကို ချောမွေ့စွာဖြတ်သန်းသွားခဲ့ကြပြီး လမ်းပြစက်ရုပ်နှင့်အတူ ကြယ်နှစ်ပွင့်သားရဲရေးထွင်းသူအဖြစ် စစ်ဆေးမှုကိုဖြေဆိုဖို့ ဝင်သွားခဲ့တယ်။
အရင်တစ်ကြိမ်တုန်းကလိုပဲ ချီကျွင့်က ကြယ်နှစ်ပွင့်သားရဲပုံစံတွေကို ကြည့်ရင်း အချိန်အများကြီး ကုန်ဆုံးခဲ့ပြန်တယ်။
ကြယ်နှစ်ပွင့်သားရဲပုံစံတွေရဲ့ အရေအတွက်က တစ်ပွင့်မှာရှိတဲ့ ပုံစဲတွေထက် အများကြီး ပိုပြီးနည်းပါးသွားခဲ့ပေမဲ့ သူ့ရဲ့လိုင်းတွေက ကြယ်တစ်ပွင့်ထက် ပိုမိုရှုပ်ထွေးတာကြောင့် ချီကျွင့် နောက်ထပ်အချိန်တစ်နာရီကြာအောင် ကြည့်နေခဲ့တယ်။
အစကနေ အဆုံးအထိ ဘွန်ဆိုင်းပင်လေးက ချီကျွင့်ရဲ့ပခုံးပေါ်မှာ တိတ်တဆိတ်ထိုင်ပြီး အလေးအနက်အာရုံစိုက်နေတဲ့ သူ့မိသားစုရဲ့ခြင်္သေ့ကို လောဘတကြီးစိုက်ကြည့်နေခဲ့တယ်။ ကြယ်လေးပွင့်သားရဲရေးထွင်းသူအဖြစ် အောင်လက်မှတ်ကို ရရှိတဲ့အချိန်မှာ အချိန်က ငါးနာရီကြာမြင့်ခဲ့ပြီ။
ချီကျွင့်က အလွန်အမင်းဆာလောင်နေခဲ့ပြီးဖြစ်ကာ သူ့ရဲ့ခေါင်းကလည်း သားရဲပုံစံမျိုးစုံဖြင့် ပြည့်နေခဲ့ပြီ
သူက ကြယ်ငါးပွင့် အသိအမှတ်ပြုလက်မှတ်ကို ဆက်မဖြေချင်တော့ဘူး။
ဒါ့အပြင် လမ်းညွှန်စက်ရုပ်သည်လည်း ကြယ်ငါးပွင့်သားရဲရေးထွင်းမှုအပေါ်မှာ စစ်ဆေးပေးတာမျိုး မလုပ်နိုင်ဘူး။
စမ်းသပ်မှုကို ကြီးကြပ်ရန်အတွက် ကြယ်ခြောက်ပွင့် ဒါမှမဟုတ် ပိုပြီးမြင့်တဲ့ သားရဲရေးထွင်းသူတွေကို ကျပန်းစနစ်နှင့် စီစဉ်ပေးလာမှာကို စောင့်ဆိုင်းဖို့လိုအပ်တယ်။
ဒါကြောင့် သူ ငွေကြယ်ပွင့်လေးလုံးပါတဲ့ နောက်ဆုံးသောတံဆိပ်ကိုယူပြီး စစ်ဆေးရေးခန်းမထဲမှ ထွက်လာကာ VIP အခန်းဆီသို့ ပြန်လာခဲ့တယ်။
စားသောက်ပြီးသွားချိန်မှာတော့ ချီကျွင့် ကုယန်ကျန်းရဲ့ ပခုံးကို မှီလိုက်ပြီး သူ့ရဲ့ ပုခုံးပေါ်မှ ဘွန်ဇိုင်းပင်လေးရဲ့ အရွက်တွေကို လက်နှင့် ဆော့ကစားရင်း စိတ်ကျေနပ်စွာ သမ်းဝေလိုက်တယ်။
ကုယန်ကျန်းက သူ့ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေဖို့အတွက် စွမ်းအင်တချို့ လွှဲပြောင်းပေးလိုက်တယ်။
“အိမ်ကို ပြန်ကြတော့မလား”
ချီကျွင့် ခေါင်းခါရမ်းလိုက်ပြီး သူ့ရဲ့စိတ်ဓာတ်ကို မြှင့်တင်လိုက်တယ်။ ပြီးနောက် ဘွန်ဇိုင်းပင်နှင့် ခြင်္သေ့ပျိုးပင်လေးကို သူ့ရဲ့ကျောပိုးအိတ်ထဲသို့ ပြန်ထည့်ရင်း ပြောလာတယ်။
“မပြန်နဲ့သေးဘူး.. လုပ်စရာတွေ ကျန်သေးတယ်”
ဒီလိုနဲ့ အမျိုးသားနှစ်ယောက်က အသိအမှတ်ပြုလက်မှတ်စစ်ဆေးရေးစင်တာမှ ပြန်ထွက်လာခဲ့ကြပြီး ဗိုလ်ချုပ်ရဲ့ ကိုယ်ပိုင်ကားရှေ့မှာ ရပ်လိုက်ကြတယ်။ ချီကျွင့်က သူ့ရဲ့ စမတ်ကျောပိုးအိတ်ကို ကုယန်ကျန်းဆီသို့ လွှဲပေးရင်း ကားထဲကို ဝင်ထိုင်လိုက်တယ်။
ကုယန်ကျန်း ကျောပိုးအိတ်ကိုလှမ်းယူလိုက်ပြီး ယာဉ်မောင်းထိုင်ခုံမှာ တိုက်ရိုက်ဝင်ထိုင်နေပြီဖြစ်တဲ့ ခြင်္သေ့လေးကို စိုက်ကြည့်လိုက်မိတယ်။
ကြည့်ရတာ သူ့ရဲ့ခြင်္သေ့လေးက ယာဥ်မောင်းသူဖြစ်ဖို့အတွက် အတော်လေး... စွဲလမ်းနေပုံရတယ်...
ချီကျွင့်က ကုယန်ကျန်းဆီကို မေးဆတ်ပြလာခဲ့တယ်။
“တက်ခဲ့လေ”
သူက ဒီလိုလုပ်ဆောင်ချက်ကို အတော်လေး လန်းဆန်းသလို ခံစားရတယ်။ အထူးသဖြင့် ကားကအရမ်းမိုက်လွန်းအားကြီးတယ်လေ။
ကုယန်ကျန်း တခြားသူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် မောင်းနှင်ရေးလမ်းညွှန်ကို ဖွင့်လိုက်ပြီး လေ့ကျင့်ရေးမုကိုပါ ဖွင့်လိုက်တယ်။
ချီကျွင့်: “……”
ကောင်းပြီ။ ဒါက သူ စိတ်ကြိုက်မောင်းနှင်နိုင်တဲ့ ကမ္ဘာပျက်ခေတ်ကာလမဟုတ်သလို သွားလာနေတဲ့သူတွေကလည်း ဝင်တိုက်လိုက်နိုင်တဲ့ ဖုတ်ကောင်တွေမဟုတ်ခဲ့ဘူး။
ချီကျွင့် မောင်းနှင်ရေးလမ်းညွှန်ကို စိုက်ကြည့်လိုက်ပြီး ကားရဲ့ အခြေခံမောင်းနှင်မှုစွမ်းရည်ကို ကြည့်ရှုလိုက်တယ်။
ထို့နောက် ကားက လေထဲကိုပျံသန်းသွားခဲ့ပြီး လမ်းပေါ်မှ ဆိုင်းဘုတ်အမျိုးမျိုးကို ၁၈ ကြိမ်ဆက်တိုက် တိုက်မိလိုက်လေတယ်...
ယာဉ်စည်းကမ်း သိပ်ပြီးမရှုပ်ထွေးဘူး။ သို့ပေမယ့် ကြယ်အင်ပါယာရဲ့ကောင်းကင်ပေါ်မှာ ငှက်တွေအများကြီးရှိတာကြောင့် ကားပျံကို ကိုယ်တိုင်မောင်းနှင်ခြင်းရဲ့ အခြေခံအကျဆုံးကျွမ်းကျင်မှုမှာ ပျံသန်းနေတဲ့ငှက်တွေကို ရှောင်ရှားနိုင်ရန်ဖြစ်လေတယ်။
ကားက လေ့ကျင့်ရေးကွင်းနေရာကို ရောက်နေခဲ့ပေမဲ့ ငှက်တွေက အတုမဲ့ သရဲတစ္ဆေတွေလိုမျိုး လျှင်မြန်စွာသွားလာနေကြတာကြောင့် ချီကျွင့်တစ်ယောက် သူ့ရဲ့ကားကို လွတ်မြောက်နိုင်ဖို့ မထိန်းချုပ်နိုင်ခဲ့ဘူး။
19 ကြိမ်မြောက် တိုက်မိပြီးနောက်မှာတော့ ချီကျွင့်က ကားကိုမောင်းနှင်ရန်အတွက် စက်ခလုပ်တွေကို အသုံးမပြုတော့ဘဲ သူ့ရဲ့သတ္တုစွမ်းရည်ကိုသာ အသုံးပြုကာ ငှက်တွေအားလုံးကို အလွယ်တကူ ရှောင်ရှားခဲ့ပြီး စမ်းသပ်မှုကို အောင်မြင်ခဲ့တယ်။
ဒီလိုနဲ့ သူရဲ့ မောင်းနှင်ခွင့်လိုင်စင်ကလည်း သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာဆီသို့ အလိုအလျောက်ရောက်ရှိလာခဲ့တယ်။
သို့သော်လည်း ချီကျွင့်ကတော့ မပျော်ရွှင်နေခဲ့ဘူး။ သူက သူနဲ့ သူ့ရဲ့သစ်ပင်ကြီးကို တင်ဆောင်ထားတဲ့ သံအပိုင်းအစတစ်ခုကို ကောင်းကင်မှာ ပျံတက်အောင် ထိန်းချုပ်နေခဲ့တာလေ။
ဒီလို သံထည်ကို ပျံသန်းစေတာထက်စာရင် ကြီးကျယ်ခန်းနားတဲ့ ငှက်ပျောသီးကြီးဖြစ်ဖြစ်၊ ခရမ်းရောင်ရွှေဘူးသီးအဖြစ် ပြောင်းလိုက်တာက ပိုမကောင်းဘူးလား?!
ကားပျံကိုမောင်းနှင်ဖို့ သတ္တုစွမ်းရည်နဲ့ ထိန်းချုပ်ပြီး ရုန်းကန်ခဲ့ရတယ်ဆိုတာက ဘာလဲ!
ချီကျွင့် ကုယန်ကျန်းကို လှည့်ကြည့်လိုက်တော့ ကုယန်ကျန်းက သူ့ရဲ့ခေါင်းကိုပွတ်ပေးလာခဲ့တယ်။ ဒါက ချီကျွင့်ကို ပိုပြီးစိတ်ပျက်သွားစေတယ်။ သူ့အနေနဲ့ သတ္တုပေါင်းများစွာကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်တယ် ။ ဒီကားကိုတော့ ဘာလို့ မမောင်းနှင်နိုင်ရတာလဲ။
စိတ်ပျက်လက်ပျက် ခံစားချက်တွေ ပေါ်ထွက်လာတော့ ချီကျွင့် ထိန်းချုပ်မှုလွန်ကဲတဲ့ အခြေအနေကို ဝင်သွားခဲ့ပြန်တယ်။ ယာဉ်မောင်း ထိုင်ခုံမှာရှိနေတဲ့လူက ပျောက်သွားခဲ့ပြီး ခြင်္သေ့ငယ်လေးတစ်ကောင်က အဝတ်အစားတွေထဲမှ ထွက်လာခဲ့တယ်။
ချီကျွင့် သူ့ရဲ့စိတ်ခံစားချက်တွေကို မစုစည်းနိုင်ခင်မှာပဲ ကုယန်ကျန်းက သူ့ကို ကောက်ယူလိုက်ပြီး သူ့ရဲ့ ခေါင်းပေါ်မှာ တစ်စုံတစ်ခုကို တပ်ဆင်ပေးလာခဲ့တယ်။
ခြင်္သေ့လေး သူ့ရဲ့ ခေါင်းကိုလှည့်လိုက်တယ်။ ဒါ အရုပ်ရဲ့ အမွှေးလေးတွေနဲ့ တူညီပြီး ခြင်္သေ့လည်ဆံမွှေးတွေလိုမျိုး ခံစားရတယ်။ ကံမကောင်းစွာနှင့် သူ့ဘာသာသူ မမြင်နိုင်ခဲ့ဘူး။ ချီကျွင့် သူ့ရဲ့ လက်ဖဝါးလေးကိုမြှောက်ကာ သူ့ရှေ့မှာ သတ္တုမှန်တစ်ချပ်ပေါ်လာစေလိုက်တယ်...