၀၁
ရှဲ့ရှန့်ကျီက မြို့တံခါးမှာ ဖက်ထုပ်ရောင်းတဲ့ ချွေ့ယာကို ချစ်မိသွားခဲ့တယ်။
သူမမှာ သင့်တော်တဲ့ နာမည်တောင် မရှိဘူး။ သူမက သူမတို့မိသားစုမှာ တတိယကလေးဖြစ်တာကြောင့် လူတိုင်းက သူမကို ချွေ့စန်းနျန်လို့ ခေါ်ကြတယ်။ [1]
(t/n: “ချွေ့” က မျိုးရိုးအမည်ပါ၊ “ယာ”ကတော့ မိန်းခလေးလို့ ပြောတာပါ၊ ချွေ့ယာက ချွေ့မိန်းခလေးလို့ ခေါ်တဲ့သဘောပါပဲ၊ ချွေ့စန်းနျန်မှာကလည်း “စန်း”က တတိယကို ပြောတာပါ၊ “နျန်”ကတော့ မိန်းခလေး/သမီး/အမေ အဓိပ္ပယ်အမျိုးမျိုး ရှိပါတယ်။ ဒီမှာကတော့ “ချွေ့စန်းနျန်” ချွေ့အိမ်က တတိယသမီးလို့ ခေါ်ကြတယ်ပေါ့)
ချွေ့ယာရဲ့အထက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူမိုက်အစ်ကိုနှစ်ယောက် ရှိတယ်။ သူတို့က အမြဲတမ်း လောင်းကစားကြွေးတွေ တင်နေတတ်ပြီး ရှောင်တိမ်းပုန်းအောင်း နေတတ်ကြတယ်။ သူတို့ရှာထားတဲ့ ပြသနာတွေကြောင့် သူတို့နဲ့ ရန်စရှိသူတွေ ဒါမှမဟုတ် အကြွေးတောင်းတဲ့သူတွေက ချွေ့ယာရဲ့ဆိုင်ကို မကြာခဏ ရောက်လာလေ့ရှိတယ်။ ချွေ့စန်းနျန်ကတော့ အဲ့ဒါတွေအားလုံးကို သူမ တစ်ယောက်တည်း ခါးစည်းခံနေရတယ်။
သူမကိုယ်တိုင် အအေးမိရောဂါ ခံစားနေရတဲ့အချိန်မှာတောင် အကြွေးလာတောင်းတဲ့သူတွေဆီကနေ အဆက်မပြတ် နှောင့်ယှက်ခံနေခဲ့ရတယ်။ နောက်ဆုံးတော့ သူမ နှင်းတောထဲမှာ သေလုနီးပါးတောင် ဖြစ်ခဲ့ရတယ်။
ရှဲ့ရှန့်ကျီက သူမအတွက် အကြွေးတွေ ဆပ်ပေးလိုက်တယ်။
သူမရဲ့အစ်ကိုနှစ်ယောက်အတွက်လည်း အလုပ်အကိုင်ကောင်းတွေ ရှာဖွေပေးခဲ့တယ်။
သူက သူ့ချစ်သူကို ရွှံ့နွံထဲက ဆွဲထုတ်လိုက်သလိုမျိုး စိတ်ပျက်အားငယ်မှုတွေအောက်ကနေ ကယ်တင်ပေးလိုက်ပေမယ့် ကျွန်မကိုတော့ လုံးဝ မေ့သွားခဲ့ပြီ။
ဒီကိစ္စက တစ်မြို့လုံး ပွက်လောရိုက်လောက်အောင် လူပြောများစေခဲ့တယ်။ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာတောင် လူတိုင်းက ရှဲ့သခင်လေးနဲ့ ချွေ့ယာရဲ့ အချစ်ရေးကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောဆိုနေကြတယ်။ ဒီအချိန်မှာ စူးမိသားစုရဲ့ တရားဝင်သမီးဖြစ်တဲ့ ကျွန်မကတော့ မြို့တော်မှာ ရှိနေတဲ့ လူတွေအားလုံးရဲ့ လှောင်ပြောင် ရယ်မောခံ ဖြစ်လာတော့တယ်။
ကျွန်မရဲ့အမေက ဒေါသထွက်လွန်းလို့ ကျွန်မရဲ့အဖေကို ဧကရာဇ်မင်းမြတ်ဆီ အခစားဝင်ခိုင်းပြီး စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပေးဖို့ အသနားခံခိုင်းနေတယ်။
ကျွန်မရဲ့အဖေက ကျွန်မကို သူ့ရဲ့စာကြည့်ဆောင်ကို လာဖို့ ဆင့်ခေါ်ခဲ့ပေမယ့် အဖေက ဘာစကားမှ မပြောဘဲ လက်ရေးလှ လေ့ကျင့်ဖို့ပဲ အာရုံစိုက်နေပြန်တယ်။
ကျွန်မလည်း ကျွန်မအဖေရဲ့သဘောထားကို နားလည်နိုင်ပါတယ်။
စူးအိမ်တော်နဲ့ ရှဲ့အိမ်တော်ကြားက လက်ထပ်ပေါင်းစည်းမှုက နှစ်ဖက်စလုံးအတွက် အကျိုးရှိစေတယ်။ မိန်းခလေးတစ်ယောက်အနေနဲ့ ဒီဆက်ဆံရေးကို ထိခိုက်အောင် မလုပ်သင့်ဘူး။
ပြီးတော့ ဒါက ဧကရီမယ်တော်ကြီးရဲ့ မွေးနေ့ပွဲမှာ သတ်မှတ်ပေးခဲ့တဲ့ စေ့စပ်ပွဲဖြစ်နေတာကြောင့် ဒီကိစ္စနဲ့ ဧကရာဇ်မင်းမြတ်ရဲ့ရှေ့တော်မှောက်ကို ဝင်ရောက်ခြင်းက အရှက်ရစရာဖြစ်လာလိမ့်မယ်။
အခု အဖေရေးနေတဲ့ စကားလုံးကတော့ "သည်းခံခြင်း” တဲ့လေ....
ကျွန်မ အဖေ့နားမှာ ရပ်နေပေမယ့် အဖေ့မျက်နှာကို မကြည့်မိအောင် ရှောင်နေမိတာက ဒါပထမဆုံးအကြိမ်ပဲ။
နောက်တော့ ကျွန်မဘာသာ ရှဲ့ရှန့်ကျီကို သွားတွေ့မယ်လို့ အဖေ့ကို ပြောလိုက်တယ်။
အဖေက ခေါင်းညိတ်ပြပြီး သူ့စုတ်တံကို ပြန်ချလိုက်တယ်။ နောက်တော့ စင်ပေါ်က စာအုပ်တစ်အုပ်ကို ဆွဲယူပြီး သူ့ကိုယ်သူ အဲ့စာအုပ်ထဲမှာပဲ မြှုပ်နှံလိုက်တော့တယ်။
စာကြည့်ဆောင်ကနေ ပြန်ထွက်ခါနီးမှာ ကျွန်မရင်ထဲကို မခံချင်စိတ်နဲ့ ခါးသီးတဲ့ခံစားမှုတစ်ခု တိုးဝင်လာတယ်။ အဲ့ဒါကြောင့် ကျွန်မ ကျွန်မကိုယ်ကျွန်မ မထိန်းနိုင်တော့ဘဲ အဖေ့ကို ပြန်လှည့်မေးမိတယ်။
"အဖေ 'သည်းခံခြင်း' ဆိုတဲ့ စကားလုံးမှာ သွေးတစ်စက် ပျံဝဲနေတဲ့ ဓါးတစ်ချောင်း ရှိတယ်။ တကယ်လို့ သမီး အိမ်ထောင်ကျပြီးမှ ရှဲ့ရှန့်ကျီက သမီးကို ညှဉ်းပန်းနှိပ်စက်ရင် သမီး ဘယ်လို လုပ်ရမလဲ?”
[T/n: တရုတ်အရေးအသားမှာ သည်းခံခြင်း(忍)က တရုတ်အက္ခရာ 刃 နဲ့ 心 ကို ပေါင်းထားတာပါတဲ့၊ 刃 မှာတော့ 刀 က ဓါးဖြစ်ပြီး အရှေ့မှာ အစက်တစ်စက်ရှိနေတာပါတဲ့၊ ပြီးတော့ ဒီမှာ ဖောင့်ကြောင့် အရေးအသားလေး နည်းနည်းလွဲနေပါတယ်ဗျ)
ဒီအချိန်မှာတော့ အဖေက စားပွဲပေါ်က သူ့ခေါင်းကို ဖြည်းဖြည်းချင်း ပြန်မော့လာတယ်။ အဖေရဲ့အကြည့်တွေက စူးရှပြီး အေးစက်နေပေမယ့် လူသတ်နိုင်လောက်တဲ့ အရိပ်အမြွက်တွေတော့ အပြည့်အဝ ဖြာထွက်နေသေးတယ်။ ပြီးတော့ အဖေက စကားကို တစ်လုံးချင်းစီ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။
"သမီး စိတ်ချပါ၊ ဘယ်သူကမှ စူးမိသားစုရဲ့သမီးကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး"
၀၂
အစပိုင်းမှာ ရှဲ့ရှန့်ကျီအနေနဲ့ လမ်းဘေးမှာ စျေးဆိုင်ဖွင့်ရတဲ့ သာမန်မိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ဘယ်သူကမှ ယောင်လို့တောင် မတွေးမိခဲ့ကြဘူး။
ရှဲ့ရှန့်ကျီက တော်ဝင်ရုံးတော်မှာ တနေ့လုံး အလုပ်လုပ်ပြီး ညဘက် ညမထွက်ရအချိန် မတိုင်ခင်လောက်မှပဲ အိမ်ကို ပြန်လာလေ့ရှိတယ်။ ပြီးတော့ သူက ညဥ့်နက်တဲ့အချိန်မှာ ထမင်းဟင်းချက်ဖို့ အိမ်တော်ရဲ့အစေခံတွေကို အနှောက်အယှက် မပေးချင်ပြန်ဘူး။ ဒီအကြောင်းပြချက်ကြောင့် သူက မြို့တံခါးအနီးမှာ ရိုးရိုးဖက်ထုပ်တစ်ပန်းကန်ကို မကြာခဏ စားဖြစ်လာခဲ့တယ်။
အချိန်တွေ ကြာလာတာနဲ့အမျှ အဲ့ဒီဖက်ထထုပ်တစ်ပန်းကန်က ရှဲ့ရှန့်ကျီအတွက် အလေ့အထတစ်ခုလို ဖြစ်လာခဲ့တယ်။
တစ်နေ့မှာတော့ ဖက်ထုပ်ဆိုင်လေးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။
ပထမတော့ ရှဲ့ရှန့်ကျီကလည်း ဒါကို သိပ်ဂရုမစိုက်ဘူး။ သူ တစ်လလောက် စောင့်နေခဲ့ပေမယ့် ဖက်ထုပ်ဆိုင်လေးက ပြန်မဖွင့်လာတော့ဘူး။ နောက်ဆုံးတော့ သူက စုံစမ်းဖို့ သူ့လက်အောက်ငယ်သားတစ်ဦးကို စေလွှတ်ခဲ့တယ်။
သူအတွက်တော့ ဒါက ရှာဖွေဖို့ မခဲယဉ်းဘူးလေ။ ဒီနားတစ်ဝိုက်က လူတွေက တစ်ယောက်အကြောင်း တစ်ယောက်သိကြရတယ်။ တစ်ခွန်းနှစ်ခွန်းလောက် မေးမြန်းရုံနဲ့ ပြောချင်တဲ့သူက ပုံနေရောပဲ၊ နောက်ဆုံးတော့ သူ သိချင်တာကို သိသွားခဲ့တာပေါ့။
အများအားဖြင့် ဘယ်သူကိုမှ စိတ်မဝင်စားဘဲ သီးသန့်နေတတ်တဲ့ ရှဲ့သခင်လေးက ဒီတကြိမ်မှာတော့ သူ့ခေါင်းကို ငုံ့ထားပြီး မိန်းခလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို စိတ်ဝင်တစားနဲ့ စေ့စေ့စပ်စပ် နားထောင်နေခဲ့တယ်။
နောက်တော့ သူက သူ့လက်ကို ဆန့်တန်းပြီး သူမကို ကူညီဖေးမပေးခဲ့တယ်။
ကျွန်မ ထင်တာကတော့ ဖက်ထုပ်ရောင်းတဲ့ မိန်းမငယ်လေူက ရှဲ့ရှန့်ကျီနဲ့အတူ ဗုဒ္ဓကျမ်းစာတွေအကြောင်း မဆွေးနွေးနိုင်လောက်ဘူး။ ပြီးတော့ ချွေ့အာက သူနဲ့အတူ မြင်းစီးနိုင်မှာလည်း မဟုတ်ဘူး။
ဒါပေမယ့်လည်း သူတို့ တကယ်တွဲဖြစ်သွားရင် သူတို့ဘဝတွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျွန်မ တွေးကြည့်မိသေးတယ်။ ပုံမှန်လိုမျိုး ညဉ့်နက်မှ ပြန်ရောက်လာတဲ့ ရှဲ့ရှန့်ကျီအတွက် သူ့ရဲ့အခန်းက လင်းထိန်နေတာကို တွေ့နိုင်မယ် ထင်ပါရဲ့။ ပြီးတော့ အခန်းထဲမှာ နောက်တွဲဆံထုံး ထုံးထားတဲ့ အမျိုးသမီးက မီးဖိုနားမှာ ရပ်ရင် ပူပူနွေးနွေး ဖက်ထုပ်တစ်ပန်းကန် ချက်နေနိုင်သေးမယ်။
ဘယ်လိုပဲ စိတ်ကူးကြည့်ကြည့် ဒီမြင်ကွင်းလေးက ကြည်နူးစရာ မဖြစ်နေဘူးလား?
ရှဲ့လန်နဲ့ ချွေ့ယာ...
သူတို့နှစ်ယောက်ရဲ့နာမည်တွေကတောင် လိုက်ဖက်ညီနေသေးတယ်။
နောက်တော့ ကျွန်မ ရှဲ့ရှန့်ကျီကို တွေ့ဖို့ သွားခဲ့တယ်။
သူ အရမ်းအလုပ်များနေတာ ဖြစ်နိုင်ပြီး ကျွန်မ နှစ်ရှီးချန်(လေးနာရီ)ကြာအောင် စောင့်ခဲ့ရပေမယ့် အစေခံတစ်ယောက်ရဲ့ သတင်းစကားကိုပဲ ကြားခဲ့ရတယ်။
"သခင်က ဧည့်သည်တွေကို လက်ခံတွေ့ဆုံနေတုန်းပါပဲ၊ သခင်မလေးစူး နောက်တစ်ရက်မှ ထပ်လာတာက ပိုကောင်းပါလိမ့်မယ်"
ကျွန်မကလည်း ဘာကိုမှ အလွယ်တကူ လက်လျော့တတ်တဲ့သူ မဟုတ်ဘူး။ အချိန်ကလည်း စောနေသေးတော့ ချွေ့စန်းနျန်ရဲ့နေရာကို သွားကြည့်ဖို့ ကျွန်မ ရထားထိန်းကို ညွှန်ကြားလိုက်တယ်။
မြို့တံခါးနားက ဖက်ထုပ်ဆိုင်လေးက ပိတ်သွားခဲ့တာ ကြာနေပြီလေ။ ရှဲ့ရှန့်ကျီက ချွေ့စန်းနျန်အတွက် ဆိုင်အသစ်တစ်ခု ဖွင့်ပေးထားခဲ့တယ်။
အဲ့ဆိုင်အသစ်က မြို့တော်ရဲ့အစည်ကားဆုံး နေရာမှာ ရှိတာ မဟုတ်ဘဲ တိတ်ဆိတ်ပြီး အနည်းငယ် ချောင်ကျတဲ့ လမ်းလေးရဲ့အဝင်ဝမှာ ရှိနေတာပါ။
ရှဲ့မိသားစုရဲ့ကြွယ်ဝမှုနဲ့ဆိုရင် ချွေ့စန်းနျန်ကို ပိုးလှောင်အိမ်ထဲမှာ တေးငှက်သီလေးလို ထိန်းသိမ်းထားဖို့ အရမ်းလွယ်ကူတာပေါ့။ ဒါပေမယ့် တေးသီချင်းငှက်ဆိုတာမျိုးက အများသူငှာရဲ့ ရှေ့ကို ထွက်ပြီး စီးပွားရေးလုပ်ဖို့တော့ ဘယ်ဖြစ်နိုင်မှာလဲ?
အဲ့ဒါကြောင့်လည်း ရှဲ့ရှန့်ကျီက ချွေ့ယာအတွက် ဆိုင်ကို ဆိတ်ငြိမ်တဲ့နေရာမျိုးဖြစ်နေအောင် တမင်ရွေးချယ်ပေးထားတာ ဖြစ်နိုင်တယ်။ သူက သူမ လိုချင်တဲ့အရာကို ဆက်လုပ်ခိုင်းပြီး လွတ်လပ်မှု ပေးထားခဲ့တယ်။ ဒါပေမယ့် သူမှာ အတွေးတစ်ချို့ ရှိနေတာလည်း သိသာတယ်။
ဆိုင်က သေးပေမယ့် အရမ်းသန့်တယ်။
ကျွန်မ ရောက်သွားတဲ့အချိန်က နေ့လည်စာစားချိန်ကို ကျော်သွားပြီဆိုတော့ လူနည်းနည်းပဲ ရှိတော့တယ်။
အခု ချွေ့ယာက ဖက်ထုတ်မရောင်းတော့ဘူး။ ဆိုင်အဝင်ဝမှာ လက်လုပ်ခေါက်ဆွဲ ရောင်းတယ်ဆိုတဲ့ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားတယ်။
မြို့တံခါးနားက ဖက်ထုပ်ဟင်းရည်ကတော့ သခင်လေးရှဲ့ရှန့်ကျီအတွက် သီးသန့်စားစရာအဖြစ် အမြဲရှိနေတော့မှာပါ။
၀၃
ကျွန်မ ရထားလုံးပေါ်မှာ ထိုင်နေရင်း ကန့်လန့်ကာကို မတင်လိုက်တယ်။ အောက်ကို လှမ်းငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ ခပ်ဝေးဝေးက မုန့်စိမ်းနယ်နေတဲ့ မိန်းမပျိုလေးကို တွေ့လိုက်ရတယ်။
သူမနဲ့ ကျွန်မ အရမ်းဝေးကွာလွန်းနေတာကြောင့် သူမရဲ့မျက်နှာပေါ်က အမူအရာကို မြင်ရဖို့ ခက်ခဲလွန်းတယ်။ ကျွန်မ လှမ်းမြင်နိုင်တာက သူမရဲ့ အနီရောင်တောက်တောက် ခေါင်းစည်းပုဝါရယ်၊ အင်္ကျီလက်တွေကို တံတောင်ဆစ်တွေအထိ ခေါက်တင်ထားပြီး လျင်လျင်မြန်မြန် သွက်သွက်လပ်လပ် လှုပ်ရှားနေတဲ့ သူမရဲ့လက်တွေပါပဲ။
ဒါက ကျွန်မ စိတ်ကူးထားတာနဲ့ လုံးဝ ကွာခြားနေပြန်တယ်။
ချွေ့စန်းနျန်ရဲ့ ဘဝဇာတ်ကြောင်းကို ကြားပြီးကတည်းက ကျွန်မရဲ့စိတ်ကူးထဲက ချွေ့ယာက နူးညံ့သိမ်မွေ့တဲ့ အမူအရာနဲ့ အားနွဲ့တဲ့မိန်းမငယ်လေး ဖြစ်နေခဲ့တာပါ။
လမ်းကြားက လူရှင်းပြီး တိတ်ဆိတ်နေတော့ ကျွန်မရဲ့ရထားလုံးက အရမ်းပေါ်လွင်နေပြီး ချွေ့စန်းနျန်ကလည်း ကျွန်မကို ရှင်းရှင်းလင်းလင်း မြင်သွားပုံရတယ်။ သူမက တခဏတာလောက် တုံ့ဆိုင်းနေပြီးမှ သူမရဲ့လက်တွေကို သန့်စင်အောင် သုတ်လိုက်ပြီး ကျွန်မရဲ့ရထားလုံးဆီ လျှောက်လာနေတယ်။
"တစ်ခုလောက် မေးခွင့်ပြုပါ၊ ရထားလုံးပေါ်က အမျိုးသမီးက စူးသခင်မလေးလား?"
ကျွန်မ ဘာမှ မပြောပေမယ့် ကျွန်မရဲ့ရထားလုံးက မေးခွန်းနဲ့ပဲ တုံ့ပြန်လိုက်တယ်။
"မင်းမှာ ဘာကိစ္စရှိလို့လဲ?"
ချွေ့ယာက ရထားလုံးရှေ့မှာ ရပ်လိုက်ပြီး အထဲမှာ ထိုင်နေတဲ့ ကျွန်မကို လှမ်းပြောလာတယ်။
"ရှဲ့သခင်လေးက ကျွန်မကို သခင်မလေးစူးအကြောင်း ပြောဖူးပါတယ်၊ သခင်လေးရှဲ့က ဒီဆိုင်ကို သူငွေ့နဲ့ ငှားထားပေးပြီး ကျွန်မ ဒီနေရာမှာ ဆိုင်ဖွင့်နေတာပါ။ ကျွန်မ ပိုက်ဆံစုပြီးရင် သခင်လေးရှဲ့ရဲ့ငွေတွေကို ပြန်ဆပ်မှာပါ"
ကျွန်မ ကျွန်မရဲ့လက်ကောက်ဝတ်မှာ အမြဲဝတ်ထားတဲ့ ပုတီးစေ့လေးတွေကို ငေးမောကြည့်နေပြီး ဘာမှ မတုံ့ပြန်နိုင်သေးဘူး။ အဲ့အချိန်မှာပဲ နောက်ကနေ မြင်းခွာသံတွေ ထွက်ပေါ်လာပြန်တယ်။
ဧည့်သည်တွေကို လက်ခံတွေ့ဆုံနေရပါတယ်ဆိုတဲ့ ရှဲ့ရှန့်ကျီက သူမြင်းရဲ့ဇက်ကြိုးကို တင်းတင်းဆွဲရင်း ချွေ့စန်းနျန်ရဲ့ရှေ့ကို ဝင်ရပ်လိုက်တယ်။ သူက သူမကို ကာကွယ်ပေးထားပြီး သူ့မျက်နှာက အေးစက်နေတယ်။ ဒါပေမယ့်လည်း ကျွန်မဘက်ကိုကျတော့ အလျင်လိုနေတဲ့ လေသံမာမာ တစ်ခုပဲ ရောက်လာခဲ့တယ်။
"စူးသခင်မလေး၊ မင်းမှာ ပြသနာတစ်ခုခု ရှိရင် ငါ့ကို လာရှာလို့ရတယ်။ ဘာလို့ မိန်းမငယ်လေးတစ်ယောက်ကို ဒုက္ခပေးနေရတာလဲ?"
ကျွန်မ လုံးဝ အေးခဲတောင့်တင်းသွားပြီး အံ့သြရလွန်းလို့ ကျွန်မရဲ့ပါးစပ်တောင် နည်းနည်းလေး ဟသွားမိတယ်။ နောက်တော့ ကျွန်မ ကျွန်မရဲ့ရထားထိန်းကို လှမ်းမေးမိတယ်။
"ငါ သူ(မ) ခက်ခဲစေမယ့်အရာမျိုး လုပ်ခဲ့သွားသေးလား?"
ရထားထိန်းက ချက်ချင်းပြန်ဖြေလာတယ်။
"ဘာမှ မလုပ်မိပါဘူး သခင်မလေး၊ သခင်မလေးက ဒီကို စရောက်ကတည်းက သခင်မလေးဘက်ကနေ စကားတစ်ခွန်းတောင် မပြောရသေးပါဘူး"
နောက်တော့ ကျွန်မ အင်္ကျီလက်တွေ တစ်ဝက်လောက် လိပ်တင်ထားတဲ့ မိန်းခလေးဘက်ကို လှည့်ပြီး ထပ်မေးလိုက်တယ်။
"ငါက နင့်ကို အခက်တွေ့စေခဲ့လို့လား?"
ချွေ့ယာက လန့်ဖျပ်သွားပုံလေးနဲ့ ရှဲ့ရှန့်ကျီရဲ့အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း တိုးတိုးလေး တိုင်တည်ဖြေရှင်းလာတယ်။
"သခင်လေး၊ သခင်လေး ဘာတွေ ပြောနေတာလဲ? သခင်လေးက စူးသခင်မလေးအပေါ် နားလည်မှုလွဲနေတာပါ"
ရှဲ့ရှန့်ကျီရဲ့မျက်နှာပေါ်မှာ အနီရောင်တွေ တဖြည်းဖြည်း စွန်းထင်းလာပြီး ရှက်ရွံ့သွားတဲ့အရိပ်အယောင်တွေ ပေါ်လာတယ်။
တကယ်တော့ ရှဲ့ရှန့်ကျီ စိတ်ပူနေတာကို ကျွန်မ နားလည်ပေးနိုင်ပါတယ်။
ကျွန်မတို့ရဲ့ စူးအိမ်တော်ကလည်း အရမ်းအင်အားကြီးမားတယ်လေ။ ကျွန်မက ကျွန်မရဲ့အဆင့်အတန်းကို သုံးပြီး ဒီလိုလမ်းလယ်ခေါင်မှာ ချွေ့စန်းနျန်ကို သေအောင်ရိုက်နေရင်တောင် ဘယ်သူမှ ဝင်တားရဲမှာ မဟုတ်ဘူး။
ဒါပေမဲ့ ကျွန်မ, စူးမုယွင်မှာ ကိုယ့်ပိုင်မာနနဲ့ ဂုဏ်သိက္ခာ ရှိပါသေးတယ်။
ကျွန်မက ကျွန်မ ဘယ်လိုမိန်းကလေးမျိုးဆီမှာ ရှုံးနိမ့်ခဲ့တယ်ဆိုတာ ကျွန်မမျက်စိနဲ့ ကိုယ်တိုင် မြင်ချင်ရုံလေးပါပဲ။
"ငါ တောင်းပန်ပါတယ်။ စန်းနျန်က မင်းနဲ့ မတူဘူး၊ ငါ ခဏတာ စိတ်ရှုပ်ထွေးပြီး စိတ်လိုက်မာန်ပါ ပြောမိသွားတယ်၊ စူးသခင်မလေးအပေါ် ရိုင်းပြမိရင် တောင်းပန်ပါတယ်"
ကျွန်မ သူ့ကို ရှဲ့အိမ်တော်ရဲ့ အပြင်ဘက်မှာ နှစ်ရှီးချန်ကြာအောင် စောင့်နေခဲ့တယ်။ ဒါပေမယ့် သူ့ကို တွေ့ခွင့်မရခဲ့ဘူး။ အခု ချွေ့စန်းနျန် ဒုက္ခရောက်နေတယ်လို့ တွေးမိရုံနဲ့ သူ ဒီနေရာကို ချက်ခြင်းရောက်လာခဲ့တယ်။
အခု နေက အနောက်ဘက်ကို စောင်းနေပြီ။ ကျွန်မ သူ့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာ ရှဲ့ရှန့်ကျီရဲ့ အနောက်ဘက်က မိုးကုတ်စက်ဝိုင်းထဲကို နစ်ဝင်ပျောက်ကွယ်သွားတော့မယ့် အနီရောင်တောက်တောက် နေလုံးကြီးကို လှမ်းမြင်လိုက်ရတယ်။
အဲ့အချိန်ခဏလေးအတွင်းမှာ ကျွန်မရဲ့အတွေးတွေက လာမယ့်ဆယ်စုနှစ်တွေဆီကို ရုတ်တရက် လွင့်ပျံထွက်ခွာသွားတော့တယ်။
ကျွန်မက ရှဲ့ရှန့်ကျီနဲ့ တခြားမိန်းမကြားထဲမှာ တွယ်ကပ်နေတဲ့ မိန်းမတစ်ယောက် ဖြစ်လာတော့မယ်။
ကျွန်မရဲ့ နောက်ခံအဆင့်အတန်း မြင့်မြတ်တယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကျွန်မ လုပ်သမျှ အရာတွေ အာလုံး အမှားလို့ သတ်မှတ်ခံရပြန်ဦးမယ်။
ကျွန်မ ချွေ့ယာကို စကားကျယ်ကျယ် ပြောမိရင် ကျွန်မက မောက်မာတယ်လို့ သူ သတ်မှတ်လိမ့်မယ်။
ကျွန်မ စကားမပြောရင်တောင် အဆင့်အတန်းကို အသုံးချပြီး ခြိမ်းခြောက်တာလို့ မြင်လာလိမ့်မယ်။
ကျွန်မ ထိုင်နေရင်းနဲ့ ချွေ့စန်းနျန်ကို ကြည့်မိရင်တောင် သူမကို နိမ့်ချပြီး ငုံ့ကြည့်နေတယ်လို့ အပြောခံရလိမ့်မယ်။
ကျွန်မ ချွေ့စန်းနျန်ရှေ့မှာ မတ်တပ်ရပ်နေပြန်ရင်လည်း ဒါက ကျွန်မ ချွေ့စန်းနျန်ကို ကြိမ်းမောင်းနေတယ်လို့ စွပ်စွဲခံဖို့ ဖြစ်လာလိမ့်မယ်။
ကျွန်မကတော့ ကျွန်မကို မချစ်တဲ့ ကျွန်မရဲ့ခင်ပွန်း တနေ့နေ့မှာ စိတ်ပြောင်းလာဖို့ မျှော်လင့်ရင်း အတွင်းခြံဝင်းထဲမှာ တစ်နေ့ပြီးတစ်နေ့ ပိတ်မိနေလိမ့်မယ်။
အခုတော့ ရုတ်တရက်ဆိုသလို အားလုံးက အဓိပ္ပါယ်မဲ့သွားသလို ခံစားလိုက်ရတယ်။
ရှဲ့ရှန့်ကျီကို ချစ်ခဲ့ရတဲ့ ရှစ်နှစ်တာကာလကလည်း အဓိပ္ပါယ်မဲ့သွားသလို ခံစားလိုက်ရတယ်။
ကျွန်မ တချိန်က ရှဲ့ရှန့်ကျီအတွက် ဗုဒ္ဓရဲ့ရှေ့တော်ပေါ်မှာ အကြိမ်သုံးထောင်လောက် ဒူးထောက်ခဲ့ပြီး နာကျင်ကိုက်ခဲမှုကို အံကြိတ်သည်းခံခဲ့တယ်။ ကျွန်မ သူ့အတွက် မြင်းရိုင်းတွေကိုတောင် မွေးမြူခဲ့သေးတယ်။
ရှဲ့ရှန့်ကျီနဲ့ လက်ထပ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ အကြိမ်ပေါင်းများစွာ အိပ်မက်မက်ခဲ့တယ်။
ကျွန်မတို့နှစ်ယောက်လုံးမှာ တူညီတဲ့ အဆင့်အတန်း၊ တန်းတူကြွယ်ဝမှုနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အာဏတွေကို ပိုင်ဆိုင်တဲ့ မိသားစုနောက်ခံတွေ ရှိကြတယ်။ ကျွန်မတို့ကြားမှာ တူညီတဲ့ ဝါသနာနဲ့ လိုက်ဖက်ညီတဲ့ အလေ့အထတွေတောင် ထိခဲ့သေးတယ်။ ဧကရီမယ်တော်ကြီးကတောင် လက်ထပ်ထိမ်းမြားခွင့် အမိန့်တော် ချမှတ်ရတဲ့အထိ လိုက်ဖက်ညီကြတာလေ။
ဘယ်သူမှ ကျွန်မတို့ထက် ပိုပြီး လိုက်ဖက်ညီနိုင်တော့မှာ မဟုတ်ဘူး။
ဒါပေမယ့် အဆုံးမှာတော့ ရှဲ့ရှန့်ကျီက ကျွန်မကို မချစ်ဘူးဆိုတဲ့အချက်ကို ဘယ်အရာမှ မကျော်လွှားနိုင်တော့ဘူး။
ဒီအခိုက်အတန့်မှာ ကျွန်မ သူ့ကို စွန့်လွှတ်သင့်ပြီလို့ တွေးမိသွားခဲ့တယ်။
ကျွန်မရဲ့စီးကျလုလု မျက်ရည်တွေ မျက်ဝန်းထဲ ပြန်ဝင်သွားစေဖို့ ကျွန်မ အံကိုတင်းတင်း ကြိတ်ထားမိတယ်။ အရမ်းကို အားသုံးရလွန်းလို့ တိုးလျလျ ကျွန်မအသံတောင် တုန်ယင်နေခဲ့တယ်။
"ရှဲ့သခင်လေး၊ ရှဲ့အိမ်တော်နဲ့ စူးအိမ်တော်ကြားက ထိမ်းမြားမှုကို သခင်လေး ဘယ်လို မြင်လဲ?"
"ဒါက လူတိုင်း သိပြီသား ကိစ္စပဲလေ၊ ဒါပေမယ့် ဒီကိစ္စက ဧကရာဇ်မင်းမြတ်အထိ ရောက်နေတာဆိုတော့... သေချာ"
ကျွန်မ သူ့ကို စကားဆက်ခွင့် မပေးဘဲ ဝင်ပြောလိုက်တယ်။
"သခင်လေးရဲ့ ဒုတိယအစ်ကိုက အိမ်ထောင်ကျပြီးပြီ။ စူးအိမ်တော်ရဲ့သမီးကြီးကလည်း ကိုယ်လုပ်တော် ဖြစ်ခွင့် မရှိဘူး.... အဲ့တော့ ကျေးဇူးပြုပြီး ရှဲ့အိမ်တော်ရဲ့သခင်မကြီးကို ကျွန်မအတွက် စကားပါးပေးပါ"
ကျွန်မရဲ့အင်္ကျီလက်ထဲမှာ ဝှက်ထားတဲ့ ကျွန်မရဲ့လက်တွေ ထိန်းမနိုင်သိမ်းမရ တုန်နေပေမယ့် ကျွန်မရဲ့မျက်နှာပေါ်က အပြုံးကိုတော့ ကျွန်မ ထိန်းထားနိုင်သေးတယ်။
ကျွန်မ တတ်နိုင်သမျှ ကျောကို မတ်မတ်ထားပြီး ရှဲ့ရှန့်ကျီကို နောက်ဆုံးစကားတစ်ခွန်း ထပ်ပြောလိုက်တယ်။
"ဒီစေ့စပ်ထိမ်းမြားမှုကို ဖျက်သိမ်းဖို့တော့ မဖြစ်နိုင်ဘူး၊ အဲ့လိုဆိုမှတော့ ကျွန်မ ရှင့်ရဲ့အစ်ကိုကြီးနဲ့ လက်ထပ်ချင်တယ်"
🧨🎇