၀၄
တကယ်တော့ ကျွန်မ ရှဲ့ရှန့်ကျီကို ချစ်ခဲ့ရတာ နှစ်အတော်ကြာနေပြီ။
ကျွန်မ သူကို ပထမဆုံးစတွေ့တုန်းက ကျွန်မ အသက် ခြောက်နှစ်၊ ခုနစ်နှစ်လောက်ပဲ ရှိခဲ့သေးတာလေ။
အဲ့အချိန်တုန်းက ကျွန်မ အမွှေးတိုင်ပူဇော်ဖို့ ကျွန်မရဲ့အမေနဲ့အတူ ကျင်းရှန်ဘုရားကျောင်းကို လိုက်သွားခဲ့တယ်။ အမေက အရှေ့ခန်းမှာဆောင်မှာ ဆရာတော်ကြီးရဲ့ အဆုံးအမတရားတော်ကို နားထောင်နေတဲ့အချိန် စိတ်မငြိမ်မသက်ဖြစ်လာတဲ့ ကျွန်မက အဲ့နေရာကနေ ခိုးထွက်ပြီး အနောက်ဘက်ခြံဝင်းထဲမှာ သွားကစားနေခဲ့တယ်။
အဲ့မှာ ရှိနေတဲ့ ရေကန်ထဲက ကြာပန်းတစ်ပွင့်ကို မြင်လိုက်တဲ့အချိန်မှာ ကျွန်မ လိုချင်ဇောနဲ့ လှမ်းခူးလိုက်ပေမယ့် ကျွန်မ ရေထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တယ်။ ကိုရင်ငယ်လေးတစ်ပါးက ကျွန်မကို ရေထဲကနေ ကယ်တင်ပေးခဲ့တယ်။
အဲ့တုန်းက ကျွန်မရဲ့ခေါင်းကနေ ခြေဖျားအထိ ရေတွေ ဆိုရွှဲနေပြီ ကျွန်မရဲ့ခြေအိတ်တွေမှာတောင် ရွှံ့နွံတွေ ဖုံးလွန်းနေခဲ့တယ်။ ကျွန်မရဲ့ဖိနပ်တစ်ဖက်တောင် ဆုံးရှုံးခဲ့ရပြီး ကျွန်မလည်း အရမ်းကြောက်လန့်နေခဲ့တယ်။
ထူးဆန်းတာက ကိုရင်လေးက ကိုရင်လေးတွေ ဝတ်လေ့ရှိတဲ့ဝတ်စုံကို ဝတ်ဆင်ထားပေမယ့် သူက သူ့ဆံပင်ကို သာမာန်ကောင်လေးတစ်ယောက်လို ထုံးဖွဲ့ထားတယ်။ သူက အမှန်တကယ် ဘုန်းကြီးမဟုတ်ဘဲ လူဝတ်ကြောင်ပဲ ဖြစ်နေသေးတယ်။ သူ့အဝတ်အစားတွေက စိုရွှဲနေပြီး သူ့ခန္ဓာကိုယ်မှာ ကပ်နေတာကြောင့် သူလည်း ကျွန်မလိုပဲ ရှုံ့မဲ့နေတယ်။
ဒါပေမယ့် ကိုရင်လေးက သူ့လက်ကောက်ဝတ်ပေါ်က ပုတီးကို ချွတ်ပြီး ကျွန်မ လက်မှာ ပတ်ပေးခဲ့တယ်။ သူက ကျွန်မမျက်နှာက ရွှံ့တွေကို လက်ကိုင်ပုဝါနဲ့ သုတ်ပေးပြီး မကြောက်ဖို့ ညင်ညင်သာသာ ချော့မော့ပေးခဲ့တယ်။
အမေနဲ့ အတူရှိနေတတ်တဲ့ အထိန်းတော်ကြီးက ကျွန်မကို လိုက်ရှာနေခဲ့ပြီး နောက်ဆုံးမှာ ကျွန်မ ရှာတွေ့သွားခဲ့တယ်။ အထိန်းတော်ကြီးလည်း ကျွန်မကို တွေ့တာနဲ့ ထိတ်လန့်တကြား ဖြစ်သွားရပြီး သူ့ကို ကျေးဇူးတင်စကားတွေ အများကြီး ပြောခဲ့တယ်။ နောက်တော့ ကျွန်မကို ပွေ့ချီပြီး အဲ့နေရာကနေ အမြန် ထွက်လာခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မရဲ့အမေက ကျွန်မရဲ့ကယ်တင်ရှင်ကို ထပ်စုံစမ်းခဲ့ပြီး သူက ရှဲ့အိမ်တော်ရဲ့ တတိယသား ရှဲ့ရှန့်ကျီဆိုတာကို သိခဲ့ရတယ်။
ရှဲ့သခင်လေးမှာ ထူးခြားတဲ့ ကံကြမ္မာ ရှိတယ်။ ရှဲ့ရှန့်ကျီ မွေးတုန်းက ကောင်းကင်မှာ ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ပေါ်လာခဲပြီး သူ အသက်ဆယ့်ကိုးနှစ်မှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်လို့ တာအိုကျင့်ကြံသူတစ်ဦးက နမိတ်ဖတ်ခဲ့တယ်။
အစပိုင်းမှာတော့ ရှဲ့မိသားစုက ဒါကို မယုံခဲ့ကြဘူး။ နောက်တော့ အဲ့ဒီကျင့်ကြံသူရဲ့ အခြားဟောကိန်းတွေ အများအပြား ပေါ်ပေါက်လာပြီး အားလုံးကလည်း မှန်ကန်နေခဲ့တာကြောင့် ရှဲ့မိသားစုဘက်ကလည်း စိုးရိမ်စိတ်တွေ တိုးပွားလာခဲ့ကြတယ်။
နောက်ဆုံးတော့ ရှဲ့သခင်မက အရမ်းထိတ်လန့်သွားပြီး ငယ်ရွယ်တဲ့ ရှဲ့ရှန့်ကျီကို ဆရာတော်ကြီးတွေရဲ့အစောင့်အရှောက်အောက်မှာ ထားဖို့ ဘုရားကျောင်းကို စေလွှတ်ခဲ့တယ်။ ရှဲ့သခင်မက သူမရဲ့သားကို ဘုရားကျောင်းမှာပဲ သိုင်းပညာသင်ကြားစေခဲ့ပြီး တချိန်တည်းမှာပဲ ဗုဒ္ဓရဲ့အဆုံးအမကို ခံယူစေခဲ့တယ်။ အဲ့ဒါက ကံကြမ္မာဆိုးတွေကို ရှောင်ရှားနိုင်ဖို့ သူတို့အားလုံး မျှော်လင့်ထားခဲ့ကြတယ်။
ဟိုတုန်းကတော့ ကျွန်မ အဲဒီအရာတွေကို မယုံခဲ့ဘူး။
ခြောက်နှစ်၊ ခုနစ်နှစ်သား အရွယ်မှာ ဘယ်သူက ငြိမ်ငြိမ်လေး ထိုင်ပြီး ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကို ရွတ်ဖတ်ချင်မှာလဲ?
ဒါပေမယ့် ရှဲ့ရှန့်ကျီကတော့ အဲ့ဒါတွေကို လုပ်နေရတယ်။
ကျွန်မကို ကယ်တင်ပေးပြီး နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ နှစ်သိမ့်ပေးခဲ့တဲ့ ကြင်နာတတ်တဲ့အစ်ကိုလေးက ဘာလို့ ဆယ့်ကိုးနှစ်အရွယ်မှာ ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရမှာလဲ?
အဲ့ဒါကြောင့် ကျွန်မ တခြားမိန်းမငယ်လေးတွေရဲ့ အပြုအမူကို စွန်လွှတ်ခဲ့တယ်၊ သူများတွေ လိပ်ပြာလေးတွေ လိုက်ဖမ်းနေချိန်မှာ ကျွန်မကတော့ ကျွန်မရဲ့နေ့ရက်တွေကို ဘုရားခန်းမဆောင်မှာ ကုန်ဆုံးစေခဲ့တယ်။
ကျွန်မ ဗုဒ္ဓရှေ့မှာ ဒူးထောက်ပြီး အကြိမ်သုံးထောင် အရိုအသေပေးရင်း ရှီရှန်းကျီ ငြိမ်းချမ်းတဲ့ ဘဝနေထိုင်နိုင်ဖို့ စိတ်နှလုံးအပြည့်နဲ့ ဆုတောင်းပေးခဲ့တယ်။
ရှဲ့ရှန့်ကျီ ဆယ့်နှစ်နှစ်ပြည့်တဲ့အချိန်မှာ ရှဲ့မိသားစုက သူ့ကို အိမ်ပြန်ခေါ်လာခဲ့တယ်။ အဲ့အချိန်မှာပဲ ဧကရီမယ်တော်ကြီးက စူးမိသားစုနဲ့ ရှဲ့မိသားစုကြားက လက်ထပ်ထိမ်းမြားမိန့်ကို ထုတ်ပြန်ခဲ့တယ်။
ကျွန်မရဲ့အမေကတော့ သိပ်မကျနပ်ခဲ့ဘူး။ သမီးဖြစ်သူရဲ့ အနာဂတ်အတွက် စောစောစီးစီး ဆုံးဖြတ်လိုက်ရတာကို ကျွန်မ အမေက စိတ်မသက်မသာ ဖြစ်နေခဲ့တယ်။ ပြီးတော့ ကျွန်မ တစ်သက်လုံး ဘုရားဝတ်ပြုရင်း အချိန်ကုန်ရမှာ အမေက မလိုလားဘူးလေ။
ဒါပေမယ့် ကျွန်မကတော့ အရမ်းပျော်နေခဲ့တယ်။
ဒီကမ္ဘာမှာ မိန်းခလေးဘယ်နှစ်ယောက်က သူမတို့ လိုချင်တဲ့ သူကို လက်ထပ်နိုင်လို့လဲ? ကျွန်မတို့ရဲ့အိမ်ထောင်ရေးက မိဘတွေစီစဥ်တဲ့အရာလေ။
ဒါပေမယ့် ကျွန်မကတော့ ကံကောင်းခဲ့တယ်။
ရှဲ့ရှန့်ကျီ သိုင်းပညာ လေ့ကျင့်ရင်း ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ သူ့ရည်မှန်းချက်တွေ ပြီးမြောက်ပြီး တိုင်းပြည် ငြိမ်းချမ်းတဲ့အချိန်ရောက်လာရင် သူက တောင်တန်းတွေနဲ့ မြစ်တွေကို ကြည့်ရှုဖို့ သူ့ချစ်ရသူနဲ့အတူ မြင်းစီးပြီး ခရီးထွက်မယ်လို့ သူ ပြောခဲ့ဖူးတယ်။
သူ့မိန်းမက မြင်းစီးတတ်ဖို့ သူ မျှော်လင့်တယ်တဲ့။
အမှန်တော့ စူးမိသားစုက သခင်မလေးဖြစ်တဲ့ ကျွန်မအတွက် အဲ့လိုအရာတွေ သင်ယူနေဖို့ မလိုအပ်ဘူး။
မြို့တော်မှာ အဲ့ဒါတွေကို သင်ယူတဲ့ မျိုးရိုးမြင့်သခင်မလေးတွေ အများကြီး မရှိဘူး။
ဒါပေမယ့် ကျွန်မ သူ့အတွက် သင်ယူခဲ့တယ်။
မြင်းရဲ့ဇက်ကြိုးကို ဆုပ်ကိုင်ရလွန်းလို့ ကျွန်မရဲ့ လက်ဖဝါးတွေ နီရဲလာပြီး မြင်းရဲ့ခန္ဓာကိုယ်နှစ်ဖက်နဲ့ ပွတ်တိုက်လို့ရတဲ့ ဒဏ်ရာတွေကလည်း ကျွန်မရဲ့ခြေထောက်တွေကို အမာရွတ်တွေတောင် ဖြစ်စေခဲ့တယ်။
မြင်းစီးဖို့ သင်ယူရင်းနဲ့ ခြေထောက်လည်း ကျိုးခဲ့ရသေးတယ်။
သူက သည်းခံတတ်တဲ့ မိန်းမပျိုလေးတွေကို သဘောကျကြောင်း ကြားထားဖူးတော့ နာကျင်တာတာင် ကျွန်မ မျက်ရည်တွေ ထိန်းထားခဲ့တယ်။ ကျွန်မကို ပြုစုစောင့်ရှောက်ပေးရတဲ့ အထိန်းတော်ကြီးနဲ့ အစေခံမလေးတွေကတော့ မျက်ရည်မဆယ်နိုင်အောင် ငိုကြွေးခဲ့ကြတယ်။
တစ်ခါက ရှဲ့ရှန့်ကျီ ကျွန်မကို ပေးခဲ့တဲ့ ပုတီးလေး ပြတ်သွားခဲ့တယ်။
ကံဆိုးလွန်းတာက လူပင်လယ်ကြီးတစ်ခုလို ဖြစ်နေတဲ့ ဘုရားကျောင်းတစ်ခုထဲမှာမှ ပျက်ကျသွားခဲ့တာပါ။
ကျွန်မ ခေါင်းကို ငုံ့ပြီး ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ကြားထဲမှာ ပုတီးစေ့တွေ လိုက်ရှာခဲ့ဖူးတယ်။ ကျွန်မရဲ့ အဖြူရောင်၀တ်စုံတောင်မှ အဖြူမှန်းမသိနိုင်လောက်အောင် ညစ်ပတ်ပေရေသွားတဲ့အထိ ကျွန်မ လူအုပ်ကြားထဲ တိုးဝေ့ခဲ့ရတယ်။ ကျွန်မရဲ့လက်တွေကိုလည်း အကြိမ်ပေါင်းများစွာ အနင်းခံခဲ့ရပြီး ခြေထောက်တွေကလည်း လမ်းလျောက်ရလွန်းလို့ အရေပြားတောင်တွေ လန်သွားခဲ့ဖူးတယ်။
နောက်ဆုံးတော့ ကျွန်မနဲ့ အတူရှိနေတဲ့ အထိန်းတော်ကြီးက ကျွန်မ အခြေအနေ မကောင်းတော့တာကို မြင်သွားပြီး ကျွန်မကို အတင်း ပြန်ဆွဲခေါ်လာခဲ့တယ်။
နောက်တော့ သူတို့ ပုတီးစေ့ကို ပြန်ရှာဖို့ ထပ်သွားခဲ့ကြတယ်၊ ဒါပေမယ့် ကံမကောင်းတာက ပုတီးစေ့ဆယ့်ရှစ်စေ့ထဲက ဆယ့်နှစ်စေ့ကိုပဲ ပြန်တွေ့ခဲ့တယ်။
အသက်သခင်ပေးခဲ့တဲ့ တစ်ခုတည်းသောလက်ဆောင်ကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်မ အရမ်း ဝမ်းနည်းနေတာကို မြင်တော့ အမေက ပျောက်သွားတဲ့ ပုတီးစေ့ခြောက်စေ့နဲ့ ထပ်တူနီးပါးတူတဲ့ ပုတီးစေ့လေးတတွေ ရှာပေးပြီး အစားထိုး ပေးခဲ့တယ်။
တခြားသူတွေ အတွက်တော့ ပုတီးစေ့တွေအားလုံးက အတူတူပါပဲ။ ခြားနားချက်ကို ဘယ်သူမှ မပြောနိုင်ကြဘူး။ ဒါပေမယ့် ကျွန်မကတော့ တစ်ချက်ကြည့်ရုံနဲ့ အသေးစိတ်ကွာခြားချက်ကိုတောင် ပြောနိုင်ခဲ့တယ်။
ဒါတွေအားလုံးကို ကျွန်မတို့ရဲ့မင်္ဂလာဦးညမှာ ရှဲ့ရှန့်ကျီကို ပြောပြဖို့ ကျွန်မ ရည်စူးထားခဲ့တာပါ။
ဒါပေမယ့် အခုတော့ အခွင့်အရေး မရှိတော့ဘူး။
၀၅
ကျွန်မ စိတ်ကူးပြောင်း သွားတာကို သိလိုက်တဲ့အချိန်မှာ အမေက အံ့သြလွန်းလို့ လက်ဖက်ရည်ခွက်တောင် မတော်တဆ လွတ်ကျသွားတယ်။
"သမီး ဘယ်သူ့ကို လက်ထပ်မယ်လို့ ပြောလိုက်တာလဲ? ရှဲ့မိသားစုရဲ့ အကြီးဆုံးသား.... ဟုတ်လား? သူက... သူက သမီးအတွက် မသင့်တော်ဘူး!"
တကယ်တော့ ကျွန်မရဲ့အမေ ဒီလိုတုံ့ပြန်မှုတာက မထူးဆန်းဘူး၊ ကျွန်မ အမေ့ကို အပြစ်တင်လို့ မရဘူး။
ရှဲ့မိသားစုရဲ့အကြီးဆုံးသားဖြစ်တဲ့ ရှဲ့ဝမ်ကျီက သူရဲ့ ရက်စက်ကြမ်းကြုတ်ပြီး ကြင်နာမှုကင်းမဲ့တဲ့ စရိုက်ကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူလေ။
သူက နန်းတွင်းသက်တော်စောင့်တပ်ရဲ့ တပ်မှူးဖြစ်သလို ဧကရာဇ်မင်းမြတ်ရဲ့ အနီးကပ်လူယုံတော်တစ်ဦးဆိုလည်း မမှားဘူး။ သူ့ဆီမှာ ဘယ်နေရာကိုမဆို ဝင်ရောက်စစ်ဆေးခွင့်နဲ့ ဖမ်းဆီးပိုင်ခွင့်လိုမျိုး ကြီးမြတ်တဲ့အခွင့်အာဏာရှိတယ်။ တော်ဝင်အကျဉ်းထောင်ကတောင် သူ့ရဲ့အုပ်ချုပ်ခွင့်အာဏာအောက်မှာ ရှိနေခဲ့တယ်။
တော်ဝင်အကျဉ်းထောင်ဆိုတာက သေခြင်းတရားထက် ပိုကြောက်စရာကောင်းတဲ့ နေရာဖြစ်ပြီး လူတိုင်း အကြောက်ရဆုံးနေရာတွေထဲကတစ်ခုလေ။
နန်းတွင်းသက်တော်စောင့်တပ်ဆီကနေ ပစ်မှတ်ထားခံလိုက်ရတဲ့ ဘယ်သူမဆို အဲ့ကပ်ဘေးကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး။ ပြီးတော့ တော်ဝင်အကျဥ်းထောင်ကနေ ကောင်းကောင်းမွန်မွန် ပြန်ထွက်လာနိုင်တဲ့သူရယ်လို့လည်း တခါမှ မရှိခဲ့ဘူး။
အဲ့လို အကြောင်းအရင်းတွေကြောင့် ညီလာခံမှာ ထင်ပေါ်လှတဲ့ မှူးမတ်သေနာပတိတွေတောင် ရှဲ့ဝမ်ကျီကို အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့နေကြရတယ်။
ဒီလောက် အသက်ကြီးနေတဲ့ ရှဲ့ဝမ်ကျီက လက်မထပ်ရတော့ ထူးဆန်းနေမှာပေါ့။ တကယ်တော့ အရင်က သူ့ကို ချဉ်းကပ်ချင်စိတ်နဲ့ သူ့ပေါ်ကို ရည်ရွယ်ချက်ရှိရှိ ရေဖိတ်စင်စေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ပုံပြင်တောင် ရှိခဲ့ဖူးသေးတယ်။ သူမက သူ့ကို ရေသုတ်ပေးဖို့ လက်လှမ်းလိုက်ပေမယ့် သူမ သူ့ကို မထိနိုင်ခင်မှာ သူက သူမရဲ့လက်မောင်းကို ဆွဲဖြုတ်လိုက်တယ်။ အဲ့အတွက် ရှဲ့ဝမ်ကျီက သူ့လက်ကို တစ်ချက်ပဲ လှုပ်ခဲ့တာလို့တောင် ကျွန်မ ကြားဖူးသေးတယ်။
ပြီးတော့ မြို့တော်တစ်ခုလုံးက လူတွေက သူ ဘယ်မိန်းမပျိုနဲ့မှ နီးနီးကပ်ကပ် နေတာကို မမြင်ဘူးကြဘူး၊ အဲ့လိုပဲ သူ ပျော်ပါးသွားလာ လည်ပတ်နေတဲ့မြင်ကွင်းမျိုးကိုလည်း လုံးဝ မတွေ့ဖူးကြဘူး။ ရှဲ့မိသားစုက အကြီးဆုံးသားက မိန်းခလေးတွေကို လုံးဝ စိတ်မဝင်စားဘူးဆိုတဲ့ ကောလာဟလတွေတောင် ပျံ့နှံ့နေခဲ့သေးတယ်။
အဲ့ဒါတွေအပြင် ရှဲ့ဝမ်ကျီက အကြီးဆုံးသား ဆိုပေမယ့် သူ့ကို ကိုယ်လုပ်တော်ကနေ မွေးဖွားပေးခဲ့တာလေ။ သူက ကျွန်မထက် ဆယ်နှစ်ကြီးတယ်။ ကျွန်မ အက္ခရာတွေကို မှတ်မိဖို့ သင်ယူနေတဲ့အချိန်မှာ သူက မြို့တော်အနှံ့ ပြေးလွှားပြီး ရာဇဝတ်သားတွေကို ဖမ်းဆီးနိုင်နေပြီ။ အဲ့ဒါကလည်း ဒီစေ့စပ်ပွဲကို စတင်တဲ့အချိန်မှာ သူ့ကို ဘယ်သူကမှ ထည့်မစဉ်းစားခဲ့တဲ့ အကြောင်းအရင်းပဲ။
အမေကတော့ သူမရဲ့စိုးရိမ်စိတ်တွေ မထိန်းနိုင်တော့တဲ့ ကျွန်မကို ခပ်တင်းတင်း စိုက်ကြည့်နေတယ်။
"ယွင်အာ၊ ရိုးရိုးသားသား ပြောစမ်း၊ ရှဲ့ရှန့်ကျီက သမီးကို တစ်ခုခု ပြောခဲ့တာလား?”
ကျွန်မ အမေ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အမေ့ကို နှစ်သိမ့်ပေးလိုက်တယ်။
"ရှဲ့ရှန့်ကျီက သမီးကို ဘာမှ မပြောခဲ့ပါဘူး။ ဒါက သမီးရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ၊ သူက သမီးရဲ့အသက်ကို ကယ်တင်ပေးခဲ့တယ်၊ သူက သမီးရဲ့ကျေးဇူးရှင် ဖြစ်ခဲ့တာလည်း မှန်တယ်၊ ဒါပေမယ့် သမီးတို့ အတူတူ ရှိဖို့ ကံကြမ္မာပါ မလာခဲ့ဘူး။ သူ့နှလုံးသားက သမီးအတွက်မဟုတ်ဘူး။ ဒီအိမ်ထောင်ရေးကို အတင်းအကြပ် ဖိအားပေးလိုက်ရင် လင်နဲ့မယားကြားမှာ စိတ်ဝမ်းကွဲတာတွေ ရှိလာလိမ့်မယ်"
ကျွန်မ စကားပြောနေရင်းနဲ့ အဖေ့ကို ကြည့်ဖို့ ခေါင်းလှည့်လိုက်သေးတယ်။
"ပြီးတော့ သမီး ရှဲ့ဝမ်ကျီနဲ့ လက်ထပ်လိုက်ရင် စူးမိသားစုအတွက် အကျိုးပိုရှိလာနိုင်တယ်"
ကျွန်မရဲ့ မျက်လုံးတွေထဲက မယိမ်းယိုင်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်မအဖေ မြင်သွားတာ ဖြစ်နိုင်ပြီး အဖေက အကြာကြီးတိတ်ဆိတ်နေပြန်တယ်။ ခဏကြာတော့မှ အဖေက ကျွန်မကို ပြန်မေးလာခဲ့တယ်။
“မင်း စိတ်မပြောင်းတော့တာ သေချာသွားပြီလား?”
"ဟုတ်ကဲ့၊ ကျွန်မ ထပ်ပြီး စိတ်မပြောင်းတော့ပါဘူး"
ပထမတော့ ဒီအိမ်ထောင်ရေးအစီအစဉ်က နောက်ထပ်နှောင့်နှေးနေဦးမယ်လို့ ကျွန်မ ထင်ထားခဲ့တာ၊ ဒါပေမည့် ဧကရီမယ်တော်ကြီးက ရုတ်တရက် နာမကျန်း ဖြစ်လာခဲ့တယ်။ ဧကရာဇ်မင်းမြတ်က သူ့မယ်တော် စိတ်အားပြန်တက်ကြွလာဖို့ ကြိုးစားရင်း သူ့မယ်တော် အစောပိုင်းနှစ်တွေက ထုတ်ပြန်ခဲ့တဲ့ ဒီလက်ထပ်ထိမ်းမြားခွင့်အမိန့်တော်ကို ပြန်တွေးမိသွားခဲ့တယ်။ တရက်မှာတော့ မနက်ပိုင်း ညီလာခံအပြီးမှာ ဧကရာဇ်မင်းမြတ်က ကျွန်မအဖေနဲ့ ရှဲ့အိမ်တော်ရဲ့သခင်ကြီးကို အထူးအခစားဝင်စေခဲ့တယ်။
လဝက်ကြာပြီးတဲ့နောက်မှာ ရှဲ့အိမ်တော်ကနေ စူးအိမ်တော်ကို လက်ထပ်ထိမ်းမြားလက်ဆောင်တွေ ပေးပို့ခဲ့တယ်။
လက်ဆောင်တွေက အရမ်းကို များပြားလွန်းပြီး အထမ်းခြောက်ဆယ့်လေးထမ်းစာ ရှိတာကြောင့် စူးအိမ်တော်ရဲ့အရှေ့ခန်းမမှာတောင် အောက်ချဖို့ နေရာ မဆံ့တော့ဘူး၊ တချို့ကို အိမ်နောက်ဘက်အထိ ရွှေ့ခိုင်းလိုက်ရတယ်။
ကျွန်မရဲ့ခြံဝင်းထဲက အစေခံတွေ အားလုံးကတော့ ရွှင်မြူးပြုံးပျော်နေကြလေရဲ့။
"အထမ်းခြောက်ဆယ့်လေးထမ်းစာ.... ဒါက အမြင့်ဆုံးစံနှုန်းပဲ။ သခင်မလေး၊ သခင်မလေးရဲ့သတို့သားက သခင်မလေးကို တကယ် ဂရုစိုက်တာပဲ ဖြစ်ရမယ်"
ပင်မအိမ်တော်ကနေ ကျွန်မရဲ့ခြံဝင်းအထိ ပြည့်နှက်နေတဲ့ အနီရောင်တောက်တောက် လက်ဆောင်သေတ္တာတွေကို ကြည့်ရင်း ရှဲ့ဝမ်ကျီက ကျွန်မကို တန်ဖိုးထားလို့ ဒီလိုပို့ပေးတာ မဟုတ်တဲ့အကြောင်း ကျွန်မ စိတ်ထဲမှာ ကောင်းကောင်း သိနေခဲ့တယ်။ ဒါက ဧကရာဇ်မင်းမြတ် စီစဥ်တဲ့ ထိမ်းမြားလက်ထပ်ပွဲဖြစ်နေတာကြောင့် သူက ဧကရာဇ်ရဲ့အမိန့်တော်ကို လိုက်နာနေခဲ့တာ၊ ပြီးတော့ သူရဲ့ဂုဏ်သိက္ခာအတွက် ပြီးပြည့်စုံအောင် စီမံတာမျိုးဖြစ်မှာပေါလေ။
ဒါပေမယ့်လည်း ကျွန်ပ သိချင်နေတဲ့ အကြောင်းအရာတစ်ခုတော့ ရှိနေသေးတယ်။ သူ့အစ်ကို ဒီကိစ္စကို လက်ခံလာဖို့ ရှဲ့ရှန့်ကျီက ဘယ်လိုများ ရှင်းပြခဲ့တာလဲ?
၀၆
မင်္ဂလာပွဲကို နောက်သုံးလအကြာမှာ ကျင်းပမယ်လို့ သတ်မှတ်လိုက်ကြတယ်။
အဲ့နောက်ပိုင်းမှာ ကျွန်မ ရှဲ့ရှန့်ကျီကို လုံးဝ ထပ်မတွေ့တော့ဘူး။
ချွေ့စန်းနျန်ရဲ့ ညီအကို နှစ်ယောက်က လောင်းကစားချင်စိတ်ကို မထိန်းနိုင်ဘဲ နောက်တစ်ကြိမ် လောင်းကစား လုပ်ကြပြန်တယ်လို့ ကျွန်မ ကြားလိုက်ရတယ်။ သူတို့က ရှဲ့ရှန့်ကျီရဲ့နာမည်နဲ့တောင် လောင်းကစားလုပ်ခဲ့ကြတာတဲ့လေ။ လောင်းကစားအိမ်ကလည်း သူတို့ကို ကြည်ကြည်ဖြူဖြူ ကစားခွင့်ပေးခဲ့တယ်။ ဒါပေမယ့်လည်း သူတို့က ရှဲ့အိမ်တော်ရဲ့အဝင်ပေါက်အထိ အကြွေးစာချုပ်လာပို့ပြီး အဲ့အကြွေးစာချုပ်ကို ရှဲ့အိမ်တော်ရှေ့က ကျောက်ခြင်္သေ့ကြီးတွေရဲ့ပါးစပ်တောင် သေသေချာချာ ထည့်သွားသေးတယ်တဲ့။
နောက်ဆုံးမှာ ဒီကိစ္စကို ဘယ်လိုဖြေရှင်းလိုက်မှန်း ကျွန်မ မသိရပေမယ့် ချွေ့စန်းနျန်ရဲ့ခေါက်ဆွဲဆိုင်ကတော့ လုံးဝ ပြန်မဖွင့်တော့တဲ့အကြောင်း သိလိုက်ရပြန်တယ်။
ရှဲ့ရှန့်ကျီက အခြားနေရာမှာ အိမ်တစ်လုံး ရှာပြီး သူမအတွက် ပြည့်ပြည့်စုံစုံ စီစဉ်ပေးခဲ့တယ်တဲ့။ အစေခံ၊ အစားအသောက်၊ အဝတ်အထည် ဘာမှ လိုအပ်တာမရှိစေရဘူးဆိုပဲ။
အဲ့ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ တခုခု လွဲနေသလိုမျိုး ကျွန်မ ချက်ချင်း ခံစားလိုက်ရတယ်။
ကျွန်မ ချွေ့စန်းနျန်ကို တစ်ကြိမ်ပဲ တွေ့ဖူးတာပါ။ ဒါပေမယ့် ကျွန်မတို့ ပထမဆုံး စတွေ့တဲ့အချိန်မှာ သူမ စပြောလာတာက ဆိုင်အတွက် ငှားရမ်းခကို ပြန်ဆပ်မယ့်အကြောင်းလေ။
သူမက အရမ်း မာနကြီးပုံရပြီး သူမ ရှဲ့ရှန့်ကျီကို တွယ်ကပ်နေတယ်လို့ စွပ်စွဲနေကြတဲ့ ကောလာဟလတွေကို လေးလေးနက်နက် ဂရုစိုက်တာ အသိသာကြီး မဟုတ်ဘူးလား?
အခု ပြောနေကြတဲ့ ကောလာဟလတွေအတိုင်း သူမကို အလှမွေးငှက်ကလေးလို အိမ်ထဲမှာ ပိတ်လှောင်ထားရင် သူမနဲ့ ရှဲ့ရှန့်ကျီကြားမှာ ပဋိပက္ခတွေ ရှိလာနိုင်တာ အသေအချာပဲ။
ဒါပေမယ့်လည်း အခု ဒါတွေက ကျွန်မနဲ့ ဘာမှ မဆိုင်တော့ဘူး။
ကျွန်မကတော့ ကျွန်မရဲ့မင်္ဂလာဝတ်စုံကို ပန်းထိုးဖို့ပဲ အာရုံစိုက်ထားတော့တယ်။
ရာသီဥတု တဖြည်းဖြည်း ပူနွေးလာတဲ့အချိန်မှာ ကျွန်မ စုန့်မှူးမတ်အိမ်တော်ကနေ ဖိတ်စာတစ်စောင် လက်ခံရရှိခဲ့တယ်။
စုန့်သခင်မလေးနဲ့ ကျွန်မက ငယ်သူငယ်ချင်းတွေလေ။ သူမက သူမရဲ့မွေးနေ့အတွက် လက်ဝက်ရတနာတွေ သွားရွေးဖို့ မြို့တောင်ပိုင်းက ရတနာအိမ်တော်ကို အတူသွားဖို့ ဖိတ်ကြားခဲ့တာပါ။
စုန့်ယောင်ရှီးကလည်း ကျွန်မရဲ့အမေလိုပဲ ကျွန်မ ရှဲ့ဝမ်ကျီနဲ့ ရုတ်တရက် စေ့စပ်လိုက်တဲ့အကြောင်း အရမ်း သိချင်နေခဲ့တယ်။
စူးမိသားစုရဲ့ တရားဝင်သမီးနဲ့ ရှဲ့မိသားစုရဲ့ သားအကြီးဆုံးကြားက စေ့စပ်ပွဲက တကယ်ကို မထင်မှတ်စရာ ဖြစ်လာခဲ့တာလေ။ သူတို့နှစ်ယောက်စလုံးက ရှဲ့မိသားစုဝင်တွေ ဖြစ်ပေမယ့် ရှဲ့မိသားစုက တရားဝင်သားဖြစ်တဲ့ ရှဲ့ရှန့်ကျီကို အမြဲတမ်းမျက်နှာသာပေးတယ်ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာပေါ့။
အဲဒီ့နေံက လမ်းပေါ်မှာ စုန့်ယောင်ရှီးက ကျွန်မကို အကြိမ်ပေါင်းများစွာ ကြည့်နေပြီး တခုခု မေးချင်နေပုံရတယ်။ ဒါပေမယ့် သူမ တုံ့ဆိုင်းနေပြီး သူမရဲ့မျက်လုံးတွေက ကျွန်မကို ပေါက်ထွက်မတတ် လိုက်ကြည့်နေပြန်တယ်။ သူမ တွန့်ဆုတ်နေတာကို သိပေမယ့် ကျွန်မ သည်းမခံနိုင်ဘဲ စကားစလိုက်တယ်။
“နင် မေးချင်တာရှိရင် မေးလို့ရတယ်နော်”
ကျွန်မ မျှော်လင့်ထားတဲ့အတိုင်း သူမက အဲ့မေးခွန်းကိုပဲ မေးလာခဲ့တယ်။
ကျွန်မ ဘယ်လို ပြန်ဖြေရမှာလဲ?
ရှဲ့ရှန့်ကျီက ကျွန်မကို မချစ်တာကြောင့်လို့ ပြောလိုက်ရမှာလား? သူနဲ့ လက်ထပ်လိုက်ပြီးရင် ကျွန်မ အတွက် စိတ်ဆင်းရဲစရာတွေ ရှိလာမှာကို တွေးမိသွားတာကြောင့်လို့ ပြောရမှာလား?
ဒါမှမဟုတ် ရှဲ့ဝမ်ကျီက နန်းတွင်းမှာ သြဇာပိုကြီးတာကြောင့် သူ့ကို လက်ထပ်လိုက်တာနဲ့ စူးမိသားစုအတွက် ပိုအကျိုးများနိုင်တာကြောင့်လို့ ပြောရမှာလား?
ကျွန်မ ခဏလောက်စဉ်းစားပြီးမှ ကျွန်မကိုယ်ကျွန်မ ဖိအားပေးပြီး အကောင်းဆုံးအဖြေကို ရွေးဖြေလိုက်တယ်။
"ရိုးရိုးသားသား ပြောရရင် ငါ အကြီးဆုံးသခင်လေးရှဲ့ကို သဘောကျနေတာ အရမ်းကြာနေပြီ"
အဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် နန်းတွင်းသက်တော်စောင့် အဖွဲ့လေးတစ်ဖွဲ့က အမှုစုံစမ်းဖို့ ထွက်လာပုံရပြီး ကျွန်မတို့ ရှေ့ကနေ ကျော်ဖြတ်သွားခဲ့တယ်။ ဦးဆောင်လာတဲ့သူက မြင်းနက်ကြီးကို စီးထားပြီး သူရဲ့ဝတ်ရုံပေါ်မှာ ငါးပျံပုံစံ ပန်းထိုးအမှတ်အသား ရှိနေတယ်၊ သူ့ခါးမှာ ဓားတစ်ချောင်း ရှိနေပြီး သူ့မျက်နှာက အေးစက်တင်းမာနေသလို သူ့အမူအရာက အရာရာကို လျစ်လျုရှုထားမှန်း သိသာတယ်။
အဲဒါ သူပဲ။ ရှဲ့ဝမ်ကျီ....
ကျွန်မ အသက်ရှုကြပ်လာပြီး နှလုံးခုန်သံတောင် ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။
စုန့်ယောင်ရှီးကတော့ အခုန ဖြတ်သွားတဲ့ခေါင်းဆောင်ကို သတိမထားမိပုံရတယ်။ သူမက လွင့်ပျံလာတဲ့ ဖုန်မှုန့်တွေကို ကာဖို့ သူမရဲ့ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ထားရင်း ချောင်းဆိုးလိုက်ပြီးမှ တိုးတိုးလေး ညည်းညူလိုက်တယ်။
"အဟမ်း၊ ငါတို့ ဘာလို့ ဒီကြမ်းတမ်းတဲ့ သေမင်းအုပ်စုနဲ့ လာတိုးနေရတာလဲ? အခု သူတို့ဘယ်ကို သွားပြီး စီးနင်းရှာဖွေဦးမလဲ မသိတော့ဘူး"
ခဏတာလောက် စကားရပ်သွားပြီးတဲ့နောက်မှာ သူမက မူရင်းအကြောင်းအရာဆီသို့ အာရုံပြန်ရောက်လာတယ်။ သူမရဲ့အကြည့်တွေက ပိုစူးရှလာပြီး ကျွန်မကို ထပ်မေးလာပြန်တယ်။
"နင် အကြီးဆုံးသခင်လေးရှဲ့ကို သဘောကျနေတာ ကြာပြီပေါ့။ ငါ ဘာလို့ ဒီအကြောင်းကို လုံးဝ မသိခဲ့ရတာတုန်း?”
ကျွန်မလည်း ဆက်လိမ်ဖို့ပဲ ကိုယ့်ကိုကိုယ် အားတင်းရင်း ကောင်းကင်ကို မော့ကြည့်လိုက်တယ်၊ တကယ်တော့ စိတ်ထဲမှာတော့ ဗလာကျင်းနေပြီ။
“.... ပြီးခဲ့တဲ့နှစ် ဧကရီမယ်တော်ကြီး ကျင်းပတဲ့ ဆောင်းဦးရာသီပွဲတော်မှာ”
"ဟမ်? ငါ မှတ်မိသလောက်ဆိုရင် အကြီးဆုံးသခင်လေးရှဲ့က ဒီလိုပွဲတွေ မတက်ဖူးပါဘူး"
ကျွန်မ အလျင်စလို ထပ်အတည်ပြုပေးလိုက်တယ်။
"အဲ့တုန်းက သူ ရှိနေတယ်၊ နင် မေ့သွားတာ ဖြစ်မှာပေါ့"
🎇🎇🧨