Ch 9
Viewers 1k

😺Chapter 9

အားနည်းပြီး ကူကယ်ရာမဲ့‌ကာ သနားစရာကောင်းသော



【မမလေးနဲ့ ကြောင်သားလေးက အရမ်းတွေးနေတာများလား... ခွေးက အဖြေမှန်ဖြစ်သင့်တယ် မဟုတ်ဘူးလား... တကယ်လည်း တစ်ခုတည်းသော သဲလွန်စက ခွေးပဲရှိတယ်...】

 

【အဖြေက အမေဆိုတာ ရှင်းရှင်းလေးပဲလေ... မဟုတ်ရင် သမီးက သူ့အမေကို ဘာလို့နောက်ဆုံးစကား ပြောရတာလဲ.... ဒိုင်ယာရီထဲမှာ သူ့အဖေကို အစကနေအဆုံးထိ ဘာလို့ ထည့်မပြောခဲ့တာလဲ....】

 

【အဲလိုပြောလေလေ အဖေလို့ထင်လေလေပဲ... ဘာပဲဖြစ်​ဖြစ်​ ငါ အဖေကို မဲပေးတယ်...】

 

【ဒီလိုပြောရတာ သိပ်အဆင်မပြေပေမယ့်... ကြောင်သားလေးက မေးခွန်းကို အဆုံးမှာ ဖြေနိုင်ပြီး‌တော့ မှားနေတဲ့ အဖြေနှစ်ခုကို ဖယ်ထုတ်နိုင်မယ်လို့ ငါ မျှော်လင့်ထားနေတုန်းပဲ... ကျန်တဲ့အဖြေတွေက မှန်လောက်ပါတယ်...】

 

【အဲဒါ အသုံးမဝင်ဘူး...  ဒီအကျဥ်းစခန်းထဲမှာ ကစားသမားကို 4 ရက် အသက်ရှင်ဖို့လိုပြီး ဒီနေ့က ဒုတိယနေ့ပဲရှိသေးတယ်... ကြောင်လေးက ဒီနေ့ မတော်တဆ အသက်ရှင်ခဲ့ရင်တောင် သူ မေးခွန်းနှစ်ခု ဖြေရဦးမှာလေ... မမ‌လေးက‌တော့ ထွက်ပြေးမယ်မထင်ပါဘူး...】

 

【ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးကို မေ့သွားကြပြီလား... ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးက အဆင့် 9 ဂိမ်းစမ်းသပ်သူလေ... ပြီးတော့ သူ ရှိနေတဲ့အဖွဲ့က ဘယ်လိုလုပ် ရှင်းထုတ်ခံရမှာလဲ... 】

 

【အပေါ်ထပ်ကလူတွေ... မျက်လုံးဖွင့်ပြီး ကြည့်လိုက်ကြဦး... နတ်ဆိုးကြီးက အရမ်းကိုမှနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေ... သွားရည်တွေတောင် ထွက်လာတော့မယ်... ဒီလိုအချောင်ခိုနေမှတော့ ဘယ်လိုလုပ် သူ့ကို ငါတို့ ယုံနိုင်မှာလဲ...】

 

【ဘေးက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်း 001 မှာ လင်းရှန်းက အကျဉ်းစခန်းထဲက Boss ကို ရှာတွေ့နေပြီ... ပြီးတော့လည်း ခဏနေဆိုရင် အဆင့်ကို ကျော်သွားနိုင်တော့မယ်... ဒီအဖွဲ့ကတော့ အခြေအနေ မကောင်းနေဘူး...နတ်ဆိုးဘုရင်ကြီးလည်း စောစောက အဆင့်တစ်စမ်းသပ်သူလိုမျိုး သူ့အာဏာကို စွန့်လွှတ်သင့်ပြီလို့ ငါ ထင်တယ် ဟားဟားဟား...】

 

【 နတ်ဆိုးဘုရင်ကြီးရှိနေသရွေ့ လင်းရှန်းက နှစ်ထောင်ချီကြာအောင် အမြဲတမ်း ဒုတိယမြောက်သားလေးဖြစ်နေမှာမို့ မင်းရဲ့ဒုတိယကလေးကို ပြန်သွားကြည့်လိုက်ပါဦး.... 】

 

【ပြောရရင် 'ဟွမ်းယွီ' ဂိမ်းရဲ့ ရိုးရှင်းတဲ့ အကျဉ်းစခန်းထဲမှာတောင် အဲဒါကို အောင်မြင်ဖို့ ခက်တယ်... အကျဉ်းစခန်းရဲ့ hell difficult အဆင့်က ဘယ်လောက် ခက်ခဲမယ်ဆိုတာ ငါ ခန့်မှန်းလို့တောင်မရဘူး... ဒါက ဘယ်လိုမျိုးထူးထူးခြားခြား ပုံစံထုတ်ထားတဲ့ ဂိမ်းလဲဆိုတာ ငါ တကယ်မသိတော့ဘူး...】


.......


ပူပြင်းနေသည့် ပြေးလွှားနေသော မှတ်ချက်ဖန်သားပြင်ကို ဂရုမစိုက်ဘဲ လီရှစ်က အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာ လေသည် :

 "မောက်‌ကျားကျားက ဒီခွေးကို အရမ်းဂရုစိုက်ရတဲ့ အကြောင်းရင်းက ခွေးကိုယ်တိုင်ကြောင့် မဟုတ်ဘဲ... သူ့မိဘတွေအပေါ်ရှိတဲ့ အချစ်အားလုံးကို ခွေးဆီကို ပေးထားတာကြောင့်လို့ ထင်ပါတယ်..."


စုပေါင်စန်းက စိတ်ဝင်တစား မေးသည် :

 "အဖြေက အမေလား အဖေလား..."

 

"ဘယ်တစ်ယောက်ကိုဖြစ်ဖြစ် ဖြည့်လိုက်မယ်လေ..."

ဤသို့ဖြင့် လီရှစ်က သူမ ဖခင်၏ အမည် မောက်တာ့ယုံကို သုံးဖက်မြင်ဖန်သားပြင်ပေါ်တွင် ရိုက်ထည့်ပြီး အတည်ပြုခလုတ်ကို နှိပ်လိုက်သည်။ သူ့ဘေးနားရှိ ကုရှင်းယွဲ့ကပင် အလွန်မြန်လွန်းသောကြောင့် သူ့ကို တားရန်အတွက် အချိန်မရနိုင်ခဲ့ပေ။

 

【ဘုရားရေ... အဖြေကို တိုက်ရိုက် အတည်ပြုလိုက်တယ်တဲ့လား...】

 

【ပြီးပြီ၊ ပြီးသွားပြီ... ငါ့ရဲ့ချစ်စရာကောင်းတဲ့ ကြောင်သားလေးကို အနာဂတ်မှာ ငါ မတွေ့ရတော့ဘူးဆိုတော့ အရမ်းဝမ်းနည်းမိတယ်...】

 

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူအုပ်စုတစ်စုက ၎င်းကို မကြည့်နိုင်သည့်အချိန်တွင် စနစ်မှပေးပို့သောမက်ဆေ့ချ်က လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။


【အဖြေ မှန်ကန်ပါသည်။  ကစားသမားနံပါတ် 321 သည် points 20 အပိုဆုရရှိမည်ဖြစ်ပြီး points များကို ပုံတူ ရှင်းလင်းပြီးပါက ရေတွက်ပြီး ဖြန့်ဝေမည်ဖြစ်သည်။】


"ဟူး..." 

လီရှစ်က စိတ်ချလက်ချ သက်ပြင်းချလိုက်သည်။


 "နင် အဖြေမှန်ကို သိပြီးသားလား..."  

ကုရှင်းယွဲ့က လီရှစ်မှာ မေးခွန်းကို ပေါ့ပေါ့ဆဆဖြေခြင်းကဲ့သို့ အန္တရာယ်များသော အရာတစ်ခုကို လုပ်လိမ့်မည်ဟု မယုံပေ။ နောက်ဆုံးအကြိမ်တွင် သူက ပုံမှန်အဖြေဟုမသေချာသဖြင့် မေးခွန်းကို ကျန်းချမ်းအား ဖြေရန်အတွက် အခွင့်အရေးပေးခဲ့လေသည်။ 

သူ ဒီတစ်ခေါက် ရုတ်တရက် မဆင်မခြင်လုပ်တာက အဓိပ္ပါယ်မရှိဘူး...

 

လီရှစ်က အပြစ်ကင်းစင်သော ကြောင်မျက်လုံးများကို ပြူးကျယ်ကျယ်လေး ဖွင့်ထားလေသည်။

 "တကယ်တော့ ကျွန်တော်လည်း မသေချာပါဘူး... ဒါပေမယ့် လှောင်အိမ်ထဲက အမျိုးသား ပစ္စည်းတော်တော်များများက အကြောင်းပြချက်မရှိဘဲ ရှိ‌နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်လိုက်တာ... အဲဒါက မောက်ကျားကျားက သူ့အဖေအတွက် အမှတ်တရလုပ်ပေးဖို့ နည်းလမ်းတစ်ခု ဖြစ်နိုင်တယ်..." 


"သူ့ဒိုင်ယာရီထဲမှာ သူ့အဖေ မောက်တာ့ယုံကို မဖော်ပြထား‌ပေမယ့် တစ်ခါတစ်လေကျရင် များများမပြောလေ ပိုဂရုစိုက်လေပဲ..."

 

【၆၆၆၆၆၆】

 

【ဒီကြောင်က ဝန်ထုပ်ဝန်ပိုးဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် big boss ကြီးဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး ငါ ဒူးထောက်မိသွားတယ်...】


【ကောင်းတယ်... ကြောင်သားလေးရဲ့စွမ်းဆောင်ရည်ကို စောင့်မျှော်နေမိပြီ...】

 

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များသာမက ကုရှင်းယွဲ့နှင့် စုပေါင်စန်းတို့ကလည်း လီရှစ်၏ ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိအတွက် သဘောကျကြောင်း ဖော်ပြခဲ့ကြသည်။ သူက သာမန်အခြေအနေတွင်ရှိနေသည့် နတ်ဆိုးဘုရင်ကြီးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း လီရှစ်က အတွေ့အကြုံသစ် ကစားသမားများထက်မူ စွမ်းရည်သာလွန်သွားခဲ့သည်။


"ဝါးးး..."

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ဟန်ကြွယ့်မင်က ရုတ်တရက် သူ့ခါးကို ဆန့်တန်းကာ သမ်းဝေလာ၍ မေးလိုက်သည်။

 "ဆွေးနွေးလို့ပြီးပြီလား... ငါ အိပ်ဖို့ အခန်းကို ပြန်တော့မယ်... ဒီကုလားထိုင်က အရမ်းမာပြီး တစ်ကိုယ်လုံး နာနေပြီ..." 

 

လူတိုင်း : "..."

 

သေချာတာပေါ့... ကြီးမြတ်တဲ့နတ်ဆိုးဘုရင်ကြီးက အနားယူဖို့ ဂိမ်းထဲကို ရောက်လာမှ‌တော့ သူ အဆင့်တက်ဖို့ လူတိုင်းကိုဦးဆောင်သွားလိမ့်မယ်လို့ ငါတို့ မျှော်လင့်ထားလို့မရဘူး...


ဆိုတော့--


ကုရှင်းယွဲ့နှင့် စုပေါက်စန်းတို့က လီရှစ်အား သူတို့၏ မျက်နှာများပေါ်တွင် ရေးမှတ်ထားသည့် မျှော်လင့်ချက်များဖြင့် တစ်ယောက်ပြီးတစ်ယောက် ကြည့်ကာ လီရှစ်ကို သာမန်ထက်သာလွန်ကောင်းမွန်ပြီး ဓလေ့ထုံးစံများကို ချောမွေ့စွာ ဦးဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်းက သိသာထင်ရှားသည်။

 

တစ်ခဏချင်းပင် လီရှစ်က သူ့ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးက ပိုလေးလာသည်ဟု ခံစားလိုက်ရ၏။ 

ငါက ကြောင်လေးတစ်ကောင်ပဲဆိုတာ အသိသာကြီးကို... ကံကြမ္မာက ငါ့ကို ဘာလို့မခံနိုင်တဲ့အလေးချိန်ကို ပေးရတာလဲ...


မထွက်သွားမီတွင် ဟန်ကြွယ့်မင်က လူတိုင်းကို မမေ့မလျော့ ရေအေးဖြင့်လောင်းချသွားခဲ့သည်။

 "မနက်ဖြန်ရဲ့ အကြောင်းအရာက ပိုဆိုးသွားလိမ့်မယ်... မျက်ကန်းမှန်းဆချက်တွေက ငါတို့ကို ဒီမိသားစုရဲ့ သေဆုံးရတဲ့ အကြောင်းရင်းအမှန်ကို အဖြေထုတ်နိုင်စေတယ်... ဒါကြောင့် မအိပ်ကြနဲ့... ဗီလာထဲမှာ သဲလွန်စတွေ ဆက်ရှာကြဦး..."


စကားပြောပြီးသောအခါ ဟန်ကြွယ့်မင်က မဆိုင်းမတွ အပေါ်ထပ်သို့ တက်သွားကာ လူတိုင်း၏မျက်စိရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။


လူတိုင်း : "..."

ကြင်ကြင်နာနာ သ‌တိပေးလို့ ကျေးဇူးတင်လိုက်တာ...


လီရှစ်က မေးခွန်းကို မှန်ကန်စွာဖြေဆိုခဲ့သောကြောင့် ထိုနေ့လယ်ခင်းတွင် မည်သူမျှ အန္တရာယ်မကြုံခဲ့ကြပေ။ သူတို့က ဗီလာအတွင်း နောက်ထပ်သဲလွန်စအချို့ကိုပင် ရှာဖွေခဲ့ကြသော်လည်း မိသားစု၏သေဆုံးရသည့်အကြောင်းရင်းကို သဲလွန်စမရကြသေးပေ။


အိမ်ရှင်မက အိပ်ဆေးသောက်ပြီး သတ်သေသွားပုံရပေမယ့် သူ တကယ် သတ်သေခဲ့တယ်ဆိုတာကို ဘယ်သူက အာမခံနိုင်မှာလဲ... သမီးဖြစ်သူ မောက်ကျားကျားကလည်း သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ဒိုင်ယာရီထဲမှာ ပြောခဲ့ပေမယ့် သူ ဘယ်လိုသေသွားရတာလဲ... ပြီးတော့လည်း ပျောက်သွားတဲ့ အဖေ....


အရာအားလုံးက လူတိုင်း၏ခေါင်းထက်တွင် မြူခိုးတစ်ခုလိုပင် ရစ်ဝိုင်းနေသည်။


မအိပ်မီ၌ လီရှစ်က ဒုတိယထပ်ကို ဦးတည်နေသော လှေကားထစ်ပေါ်တွင် ရပ်လိုက်ပြီး နံရံပေါ်က ဓာတ်ပုံများကို ကြောင်တက်တက် စိုက်ကြည့်နေမိသည်။ ဓာတ်ပုံတစ်ခုလုံးကို ဖြတ်လိုက်သလိုမျိုး ဓာတ်ပုံထဲက ဇာတ်ကောင်များက ဘယ်ဘက်နှင့် အဝေးတွင် သို့မဟုတ် ညာဘက်နှင့် အလွန်ဝေးဝေးတွင် ရှိနေကြသည်။ ဓာတ်ပုံမပြင်ထားပါက ဤဓာတ်ပုံရိုက်သည့် ဓာတ်ပုံဆရာအဆင့်က အလွန်ဆိုး၍ပင်ဖြစ်၏။


အထူးဆန်းဆုံးကမူ မောက်ကျားကျားနှင့် ခွေး ဟယ်ရီတို့၏ ဓာတ်ပုံပင်ဖြစ်သည်။ ဓာတ်ပုံ၏ အနေအထားကို ကြည့်ပြီး အခြေခံအားဖြင့် နောက်ပိုင်းမှ ရိုက်ထားခဲ့ခြင်းဖြစ်သည်။  ထိုအချိန်တွင် မောက်ကျားကျား၏မိခင်က မိမိကိုယ်ကိုယ် သတ်သေခဲ့ပြီး သူမ၏ဖခင် ပျောက်ဆုံးသွားခဲ့သည်။

ဓာတ်ပုံထဲမှာ သူက ဘာလို့ အဲလောက်တောင် တောက်တောက်ပပ ပြုံးနေသေးတာလဲ...

 

အထူးသဖြင့် လီရှစ်က ပိုကြည့်လေ ဓာတ်ပုံထဲမှ မောက်ကျားကျားက အချိန်မရွေး ထွက်လာရန် အဆင်သင့်ဖြစ်နေသကဲ့သို့ သူ့ကိုကြည့်နေသည်ဟု ပိုခံစားလာရပြီး လီရှစ်၏ နှလုံးသားကို အကြောင်းပြချက်မရှိဘဲ အေးခဲသွားစေ၏။


အဆုံးတွင် အားနည်းပြီး ကူကယ်ရာမဲ့နေသည့် သနားစရာကောင်းသော ကြောင်လေး လီရှစ်က ဖိအားကို မခံနိုင်သေးဘဲ အဝေးကိုမျှော်ကြည့်လျက် အပေါ်ထပ်သို့ အမြန်ပြေးသွားခဲ့သည်။


 "ဂလု—"

တစ်နေရာတည်း၌ ထွက်ရှိလာသော တံတွေးမျိုချသံက တိတ်ဆိတ်သောညတွင် အထူးတလည် စူးဝါးကာနေ၏။

 

......


ညသန်းခေါင်။


လီရှစ် ပြန်နိုးလာသည့်အခါ မျက်လုံးထောင့်စွန်းမှ အဖြူရောင် အရိပ်တစ်ခုကလည်း ဖြတ်ပြေးသွားသည်။

 

ကျန်းချမ်းကို မနေ့ညက သတ်ခဲ့တဲ့ သရဲများလား...


အကြောင်းပြချက်မရှိ သူ့ခန္ဓာကိုယ်ထဲရှိ ရှေးခေတ်အမဲလိုက်သည့် သွေးသားများက လှုပ်ယမ်းလာသည်။  လီရှစ်က သူ့ဗီဇကို ချိုးနှိမ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ထိန်းမနိုင်သိမ်းမရဖြစ်ကာ အဖြူရောင်အရိပ်၏ တင်ပါးနောက်မှလိုက်ကာ အခန်းပြင်သို့ ပြေးထွက်လာခဲ့သည်။


စင်္ကြံရှိမီးများက မဖွင့်ထားဘဲ ပတ်ဝန်းကျင်ကလည်း အလွန်မှောင်နေသော်လည်း ကြောင်တစ်ကောင်ဖြစ်လာပြီးနောက် အစွမ်းထက်သော ညအမြင်စွမ်းရည်ကို အားကိုးကာ လီရှစ်က အဖြူရောင်အရိပ်ကို မြင်နေရဆဲဖြစ်သည်။


စုပေါင်စန်း၏ တံခါးဝတွင် ၎င်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်က ပိတ်ထားသော တံခါးဆီသို့ ယိမ်းထိုးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော စုပေါင်စန်းကို ချောင်းကြည့်နေသကဲ့သို့ ဖြစ်နေသည်။ အခန်းတွင်းရှိ စုပေါင်စန်းက  ပြင်ပကမ္ဘာမှ အန္တရာယ်ကို လုံးဝသတိမထားမိဘဲ ဆက်တိုက် ဟောက်နေသံက ကြောင်လေး၏ နားစည်ကို ယားယံစေလေသည်။


လီရှစ် ရောက်လာသည်ကို သတိပြုမိသွားသည့်အတိုင်း အဖြူရောင်အရိပ်က ခေါင်းကို လှည့်ကြည့်လာသည်။ သူ့မျက်လုံးများက နီရဲနေပြီး နို့ဖြူရောင်ဦးနှောက်က ဦးခေါင်းခွံ၏ ကျန်တစ်ဝက်လောက်၌ လှုပ်လှုပ်ရွရွ ဖြစ်နေသေးသည့်အတွက် ပုံရိပ်က အလွန်ကို အကျိုးသက်ရောက်ခဲ့လေသည်။ အတိအကျပြောရလျှင် ဤသရဲက မိသားစုဝင်မဟုတ်၊ လူလည်း မဟုတ်ဘဲ ခွေးဖြစ်နေသည်။

 

စင်စစ်ပင် ဤခွေးက ဟယ်ရီဟု အမည်ပေးထားသော Su Mu ခွေးပင်။ သူက သရဲအဖြစ်ပြောင်းသွားသည့်တိုင် အထီးကျန်မနေချင်သဖြင့် ညတိုင်း ဗီလာကို လှည့်ပတ်ကြည့်နေမိသည်။ ကျန်းချမ်း၏ ထူးထူးဆန်းဆန်းသေဆုံးမှုက သူ၏လက်ရာဖြစ်ကြောင်း သိသာထင်ရှားစွာပင်၊ ယခုလည်း သူက အိမ်ထဲ၌ ရှိနေပြန်သည်။  သားကောင်အသစ်ရှာနေသကဲ့သို့ပင်။


 "မြောင်—"

လီရှစ်က ကြောက်ရန်အချိန်မရလိုက်မီတွင် သူ့ခန္ဓာကိုယ်က ဟယ်ရီဆီကို အလိုလို ပြေးသွားတော့သည်။

 "လမ်းဖယ်တော့... ငါ့ကိုယ်ငါ မထိန်းနိုင်တော့ဘူး..."



😺😺😺