😺Chapter 11
ကြီးမြတ်တဲ့နတ်ဆိုးဘုရင်ကြီးရဲ့ ဆန်းကြယ်တဲ့အပြုံး
“ ဟူး…“
စုပေါင်စန်းက သူ့ရင်ဘတ်ကို သူပုတ်လိုက်ရင်း ပျော်ရွှင်စွာပြောလိုက်သည်။
“ ကံကောင်းတာပဲ... စနစ်က ငါတို့ကို မိသားစုလေးယောက်လုံးသေဆုံးရတဲ့အကြောင်း ချမရေးခိုင်းဘဲအိမ်ရှင်အမျိုးသားသေဆုံးရခြင်း အကြောင်းပဲ ရေးခိုင်းလို့… “
ဟန်ကြွယ့်မင်က စုပေါင်စန်းအား ကရုဏာသက်နေသော မျက်ဝန်းများဖြင့် ကြည့်ကာ ဆိုလိုက်သည်။
“ စိတ်မပူပါနဲ့.. မနက်ဖြန်ကျရင် စနစ်က ကျန်မိသားစုဝင်တွေ သေဆုံးရခြင်းအကြောင်းအရင်းကို သေချာပေါက် မေးတော့မှာ…”
လူတိုင်း: “ … “
ဒါက တကယ် easy difficulty အဆင့် အကျဉ်းစခန်းရော ဟုတ်ရဲ့လား… ဘာကြောင့်များ အဖွဲ့ပျက်စီးကိန်းဆိုက်မယ့် အနှောင့်တွေက အမြဲပေါ်လာနေရတာလဲ…
“ အဟမ်း…”
အမြဲတစေ တည်ငြိမ်လေ့ရှိသော ကုရှင်းယွဲ့က ဦးဆောင်၍ သူမ၏ နှလုံးသားထဲရှိ မကောင်းသော ခံစားချက်များကို ရုပ်သိမ်းလိုက်သည်။
“ ငါတို့ ဒီမှာ သဲလွန်စ ရှိမရှိ အရင်ဆုံးရှာကြည့်တာပေါ့…
ဘယ်လိုပဲဖြစ်ဖြစ် အကျဉ်းစခန်းထဲမှာ ဒီမူမမှန်တဲ့ ဓာတ်ခွဲခန်းပေါ်လာတယ်ဆိုကတည်းက အရေးကြီးတာတစ်ခုခုတော့ ရှိနေမယ်ထင်တယ်… “
“ မြောင် မြောင်…”
လီရှစ်က စင်ပေါ်သို့ စွေ့ခနဲ ခုန်တက်လိုက်ပြီး တွဲချည်ထားသည့် စာရွက်အထပ်လိုက်ကြီးကို ကိုက်ချီလာသည်။
“ ဒါတွေက ခွဲစိတ်မှု မှတ်တမ်းတွေ... ဒီထဲမှာ အရေးကြီးတဲ့ အချက်အလက်တွေ ပါလောက်တယ်…”
ကုရှင်းယွဲ့က လီရှစ် ယူလာပေးသော မှတ်စုစာအုပ်ကို ယူလိုက်သည်။ အဖြူရောင်စာရွက်ပေါ်တွင် လက်ရေးလှဖြင့် သပ်ရပ်မှန်ကန်စွာရေးထားသော စာလုံးများမှာ ဒိုင်ယာရီစာအုပ်ထဲမှ လက်ရေးနှင့် တစ်ထေရာတည်းပင်။ ဤသည်က ဧကန်ပင် မောက်ကျားကျား ကိုယ်တိုင်ရေးထားခြင်းဖြစ်၏။
ထိုမှတ်စုစာအုပ်အတွင်း၌ အချက်အလက်များကို အသေးစိတ်မှတ်တမ်းတင်ထားသည်။ ထိုမှတ်တမ်းများတွင် ခွဲစိတ်မှု ပြုလုပ်သူ မောက်ကျားကျား၊ ခွဲစိတ်မှုပြုလုပ်သည့် ရက်စွဲ၊ ခွဲစိတ်မှု၏အမည် နှင့် ခွဲစိတ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်တို့ ပါဝင်သည်။ အစမ်းသပ်ခံအများစုမှာ တိရစ္ဆာန်များဖြစ်ကြပြီး အချို့မှာ ကုသရေးအတွက်ဖြစ်ကာ အချို့ကမူ အမျိုးရိုးဗီဇလေ့လာဆန်းစစ်ရေးအတွက် ဖြစ်၏။
ရုတ်တရက် စာရွက်လှန်နေသော ကုရှင်းယွဲ့၏ လက်များ ရပ်တန့်သွားကာ လူတိုင်း ထိုစာမျက်နှာတွင်ချရေးထားသော အကြောင်းအရာများကို မြင်တွေ့လိုက်ရသည်။
_
ခွဲစိတ်မှုပြုလုပ်သည့်ရက်စွဲ : ဖေဖော်ဝါရီ ၁၅ ရက်
လူနာ : ကျောက်ကျဲ
ခွဲစိတ်ကုသသူ : မောက်ကျားကျား
ခွဲစိတ်မှု အမည် : ဆေးဝါးအသုံးပြု၍ သားဖွားစေခြင်း
ဆေးဝါး အမည် : Rivanol Dosage: 90mg
ခွဲစိတ်ပုံနည်းစနစ်များ : ဝမ်းဗိုက်အား ဖောက်ထွင်းဖြတ်ကျော်၍ ရေမြွှာရည် ဖောက်ယူခြင်း။ ဖောက်သည့်နေရာမှာ သားအိမ်ဦးပိုင်း၏ အလယ်တည့်တည့် အောက် ၃ စင်တီမီတာအကွာတွင်ဖြစ်သည်။ ၂၄ နာရီ ကြာပြီးသည့်နောက်တွင် သားအိမ်နံရံ စတင်ကျုံ့လာပြီး ၃၆ နာရီ အတွင်း သန္ဓေသား ထွက်လာမည်။
ခွဲစိတ်ပြီးအခြေအနေ : ချောမွေ့
မှတ်ချက် : ဒါက သန္ဓေ လေးလသားအရွယ် ကောင်းကောင်းမွန်မွန့် ဖွံ့ဖြိုးနေတဲ့ သားယောကျာ်းလေးပေါ့... ပုံမှန်အတိုင်းမွေးမယ် ဆိုရင်တော့ သူ ချောချောမွေ့မွေ့ ကြီးထွားလာနိုင်ပါတယ်… ဒါပေမဲ့ သနားစရာပဲ... သူက အချိန်မှားရောက်လာတာ… အပြစ်တင်ချင်ရင်တော့ သူရဲ့ ဆိုးဝါးတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်လိုက်ပေါ့…
ငါ ဒီ ခွဲစိတ်မှုကို ငါ့အမေရဲ့ တောင်းဆိုမှုအတိုင်းလုပ်ခဲ့တာလေ... အခု သူ ပျော်နေသင့်တယ်မလား…
_
ခွဲစိတ်မှုမှတ်တမ်းအား ဖတ်ပြီးနောက် လူတိုင်းက စင်ပေါ်၌ တင်ထားသော သန္ဓေသား နမူနာထံသို့ တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။ ဖော်မလင်စိမ်ထားသော သန္ဓေသားက လူကြီးတစ်ယောက်၏ လက်တစ်ဖဝါးစာအရွယ်မျှသာရှိပြီး သူ၏ ခြေလက်အင်္ဂါနှင့် မျက်နှာ အစိတ်အပိုင်းများမှာ ကောင်းမွန်စွာ ရုပ်လုံးပေါ်နေသည်။
ထိုသန္ဓေသားမှာ ဖန်ပုလင်းအတွင်း၌ ငြိမ်သက်စွာကွေးညွတ်နေပြီး သူ၏ ပါးစပ်ထောင့်စွန်းများက အနည်းငယ်မြင့်တက်နေသည်မှာ မသိလျှင် မိခင်၏ သားအိမ်အတွင်း အေးချမ်းစွာ အိပ်ပျော်နေသကဲ့သို့ပင်။
လူတိုင်းက မောက်ကျားကျား၏ ထူးဆန်းသော နိဂုံးချုပ်စကားများကို ပြန်လည်တွေးတောမိလိုက်သည်။ ကြက်သီးမွေးညင်းများက သူတို့၏ခန္ဓာကိုယ်တစ်လျှောက်ပြေးလွှားနေပြီး သူတို့၏ မျက်နှာများတွင်လည်း အံအားသင့်မှုများက အတိုင်းသားပေါ်လွင်နေ၏။
တဒင်္ဂကြာပြီးနောက် စုပေါင်စန်းက အသိပြန်ဝင်လာပြီး ထိတ်လန့်စွာပြောလိုက်သည်။
“ မဟုတ်သေးဘူး… မောက်ကျားကျားက တကယ်ကြီး သူ့အမေကို သူကိုယ်တိုင် သူ့လက်နဲ့ မီးဖွားပေးခဲ့တာပေါ့လေ… သူရဲ့ စိတ်ဓာတ်က သိပ်ကိုမာကျောလွန်းတယ်...”
“ ငါ့အထင် ခွဲစိတ်မှုလုပ်တဲ့ ရက်စွဲ နဲ့ အချိန်က သိပ်မရိုးရှင်းလောက်ဘူး…“
ကုရှင်းယွဲ့က မှတ်စုစာအုပ်အတွင်းရှိ ခွဲစိတ်မှုပြုလုပ်သည့် ရက်စွဲကို ထောက်ပြလိုက်ပြီး နက်နဲသောအသံဖြင့် ပြောလာသည်။
“ ကွာရှင်းစာချုပ်ကို နင်တို့မှတ်မိကြလား… ကွာရှင်းစာချုပ်မှာပါတဲ့ ရက်စွဲက ခွဲစိတ်မှုမတိုင်ခင် တစ်ပတ်
အလိုမှာပဲ...
အိမ်ရှင်မ ကျောက်ကျဲက အိမ်ရှင် မောက်တာ့ယုံနဲ့ ကွာရှင်းချင်လို့ သူ့သမီး မောက်ကျားကျားကို ကလေးမွေးပေးခိုင်းတာ ဖြစ်နိုင်တယ်… ဒါပေမဲ့ ကျောက်ကျဲက ဘာလို့ ခွဲစိတ်မှုအောင်မြင်ပြီး လဝက်အကြာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရတာလဲ... ကွာရှင်းဖို့လည်း အဆင်ပြေတော့မှာပဲကို... “
လီရှစ်က သူ၏လက်သည်းကို လျက်လိုက်ကာ မျက်ဝန်းများကို အနည်းငယ်မှေးကျဉ်း၍ ခွဲခြမ်းစိတ်ဖျာလိုက်သည်။
“ မှတ်တမ်းထဲမှာ မောက်ကျားကျားပြောထားတဲ့ အတိုင်းဆိုရင် သူက ခွဲစိတ်မှုကို သူ့အမေ တောင်းဆိုလို့ လုပ်ခဲ့တာ… ဒါကြောင့် သူ့အမေ ပျော်ရွှင်နေသင့်တယ်မလား ဆိုပြီး ရေးထားတယ်လေ… တစ်နည်းပြောရမယ်ဆိုရင် ကျောက်ကျဲက အမြဲတန်း မပျော်မရွှင်ဖြစ်နေတယ်လို့ ဆိုလိုတာ... လူတစ်ယောက် တစ်ခါတရံ မပျော်မရွှင်ဖြစ်တာက ပုံမှန်ပဲ ဆိုပေမဲ့ အမြဲတန်းလိုလို မပျော်မရွှင်ဖြစ်နေရင်တော့ အဲ့ဒီလူက စိတ်ကျရောဂါဖြစ်နေတယ်လို့ ပြောလို့ရတယ်... ဖြစ်နိုင်ချေအရ ကိုယ်ဝန်ပျက်ကျတာက ကျောက်ကျဲရဲ့ စိတ်ကျဝေဒနာကို ပိုဆိုးသွားစေပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ တွန်းအားပေးသလိုဖြစ်သွားတာ ထင်တယ်…”
“ အမှန်ပဲ…“
ဟန်ကြွယ့်မင်က ပျင်းရိစွာ တုံ့ပြန်လိုက်သည်။
“ ငါ အိပ်ခန်းထဲက အံဆွဲထဲမှာ စိတ်ကျရောဂါသက်သာစေတဲ့ paroxetines နဲ့ fluoxetines hydrochloride ဆေးတွေ တွေ့ခဲ့တယ်…”
စုပေါင်စန်းက ခေါင်းညိတ်လိုက်သော်လည်း အပြည့်အဝ နားမလည်သေးချေ။
“ ဒါဆို... အိမ်ရှင်မ ကျောက်ကျဲက တကယ်ကို စိတ်ကျရောဂါခံစားနေရတာပေါ့… ဒါပေမဲ့ ဒါက အိမ်ရှင်မောက်တာ့ယုံ သေတာနဲ့ ဘာဆိုင်လို့လဲ…”
“ ဒါပေါ့ သေချာပေါက် ဆိုင်တာပေါ့…”
ဟန်ကြွယ့်မင်က မျက်မှန်ကို ပင့်တင်လိုက်ကာ ကြော့ရှင်းစွာပြုံးလိုက်သော်ငြား ထိုအပြုံးမှာ ရှင်းပြမရနိုင်သော အတိတ်နမိတ်ဆိုးအား ခံစားမိစေသည်။
“ မောက်ကျားကျားရဲ့ သွေးအေးပြီး သုန်မှုန်ထိုင်းမှိုင်းတဲ့ စရိုက်အရ သူ့အမေရဲ့ ထိန်းချုပ်မှုသာမရှိရင် သူ မကောင်းတာတစ်ခုခုတော့ လုပ်ပြီးလောက်ပြီ…”
“ ပိုဆိုးတာတွေဖြစ်လာဖို့ပဲ ရှိတော့မယ်…”
[ လာပါပြီ… နတ်ဆိုးဘုရင်ကြီးရဲ့ ဂန္တဝင်အမြောက်ဆုံး သင်္ကေတ ဖြစ်တဲ့ နတ်ဆိုးဆန်တဲ့ အပြုံး… ]
[ နတ်ဆိုးဘုရင်ကြီး ဒီလိုပြုံးတဲ့အခါတိုင်း ကောင်းတာဖြစ်လာမှာမဟုတ်တော့ဘူး… ငါတော့ အရမ်းကို တုန်လှုပ်နေပြီ.. ]
[ ငါမှတ်မိတာက နောက်ဆုံးတစ်ခေါက် နတ်ဆိုးဘုရင်ကြီး ဒီလိုရယ်တုန်းကပေါ့ သူ သေတ္တာမိန်းကလေး ဂိမ်းထဲမှာ ဆော့တုန်းက [-]v[-] ဒီလိုပုံစံနဲ့ပဲ သေတ္တာမိန်းကလေးကိုရော သေတ္တာလူကြီးကိုရော လှည့်ပတ်ကစားခဲ့တာလေ… နောက်ပိုင်း သေတ္တာမိန်းကလေးနေရာက ကစားသမားက သည်းမခံနိုင်တဲ့ အဆုံး ဒေါသအရမ်းထွက်ပြီး ဂိမ်းထဲကနေတောင် ထွက်သွားတာ မဟုတ်လား… ]
[ မမလေးနဲ့ ကြောင်သားလေးအတွက် စက္ကန့်ပေါင်း ဘီလီယံစာလောက် ကြိုစိတ်ပူထားနှင့်ပြီ… ]
လူတိုင်းက ဟန်ကြွယ့်မင်၏ ဖြတ်ထိုးဉာဏ်ကိုလိုက်မမီသဖြင့် စိတ်ရှုပ်ထွေးသွားကြသည်။
“ ဘာကိုဆိုလိုတာလဲ…”
ဟန်ကြွယ့်မင်က ပြုံးရုံသာပြုံးလိုက်ပြီး ဤ မေးခွန်းကို မဖြေပေ။ လူတိုင်းက စူးစမ်းလိုစိတ်အပြည့်ဖြင့် မှတ်တမ်းများကို ထပ်မံလှန်လှောရှာဖွေလိုက်ကြသည်။
ကုရှင်းယွဲ့က တိရစ္ဆာန်ငယ်လေးများအား စမ်းသပ်ထားသော အသေးစားခွဲစိတ်မှုမှတ်တမ်းများကို လျစ်လျူရှုကာ နောက်ဆုံးစာမျက်နှာသို့ လှန်လိုက်သည်။ ဤသည်က မောက်ကျားကျား၏ နောက်ဆုံး ခွဲစိတ်မှုဖြစ်၏။
ခွဲစိတ်မှုသည် မတ်လ ၁၂ ရက်၊ ညနေ ၃ နာရီ ၁၂ မိနစ်တွင် စတင်ခဲ့သည်။ ထိုခွဲစိတ်မှုမှာ Su Mu ခွေး ဟယ်ရီ ၏ ဦးခေါင်းခွံ ခွဲစိတ်မှုဖြစ်သည်။ ထိုမှတ်တမ်းတွင် ဟယ်ရီ၏ ရောဂါအကြောင်း မည်မည်ရရ မရှင်းလင်းထားပေ။ ခွဲစိတ်မှု နည်းစနစ်များအဆင့်ဆင့်ကိုသာ ရေးထားသည်။ အထူးသဖြင့် နောက်ဆုံးစာကြောင်းပင်။
ရိုးရှင်းလှတဲ့ စာတစ်ကြောင်း…
နောက်ဆုံးတော့ ငါပိုင်တဲ့ ဟယ်ရီကို ငါရခဲ့ပြီ…
အာ…
ထို မှတ်တမ်းကို ဖတ်လိုက်သည့်လူတိုင်း ဆွံ့အသွားတော့သည်။ မောက်ကျားကျား၏ အတွေးများကိုလည်း သူတို့ နားမလည်နိုင်ပေ။ သေချာသည်က မောက်ကျားကျား၏စိတ်က ပုံမှန်မဟုတ်ပေ။ ခွဲစိတ်မှုမှတ်တမ်းများမှ မူမမှန်သော မှတ်ချက်များက သက်သေဖြစ်၏။
“ မင်း…”
လီရှစ်က မတတ်နိုင်စွာ သူ၏ ခြောက်သွေ့နေသည့် ပါးစပ်အား လျက်လိုက်ပြီး ကုရှင်းယွဲ့ကို မေးလိုက်
သည်။
“ ခွဲစိတ်မှုလုပ်တဲ့ အချိန်က မရိုးရှင်းဘူးလို့ မင်းပြောခဲ့တယ်မဟုတ်လား…”
[ နောက်ဆုံးတော့ ငါကိုယ့်အားကိုယ်ကိုးပြီး ကြောင်လေးပြောတာကို နားလည်နိုင်သွားပြီ ထင်တယ်… ]
[ မတ်လ ၁၂ ရက်ဆိုပါလား… ငါသေချာလေးမှတ်မိတယ်… အဲ့ဒါ အိမ်ရှင် အမျိုးသား မောက်တာ့ယုံ ခွင့်မယူခင် ရက်မဟုတ်ဘူးလား… ]
[ နေပါဦး… မဖြစ်နိုင်တာ… ငါ့ဦးခေါင်းခွံတွေပါ ထုံလာသလိုခံစားရတယ်… ]
[ မင်းတို့ဘာတွေပြောနေကြတာလဲဟင်... ငါကရော ဘာလို့နားမလည်ရတာလဲ… ]
[ ငါလည်း နားမလည်ဘူး… ဒါပေမဲ့ ရောယောင်ပြီး ကြောက်ချင်ယောင်ဆောင်လိုက်…အဲဒါ အကောင်းဆုံးပဲ... ]
ကုရှင်းယွဲ့က တစ်ခုခုကို သဘောပေါက်သွားပြီး လီရှစ်အား စိုးရွံ့စွာကြည့်လိုက်သည်။
“ ဒါဆို ဒီခွဲစိတ်မှုက အိမ်ရှင်အမျိုးသား မောက်တာ့ယုံရဲ့ သေဆုံးမှုနဲ့ တစ်နည်းနည်းပတ်သက်နေတယ်လို့ ဆိုလိုချင်တာလား…”
“ ဟုတ်တယ်…”
ဤ မှောင်မိုက်သော ဗီလာ၌ သုံးရက်အကြာ နေထိုင်ပြီးနောက် အမှန်တရား တစ်စွန်းတစ်စကို သူတို့ရှာဖွေတွေ့ရှိလိုက်သည်။ ထိုပုန်းကွယ်နေသော အမှန်တရားမှာ ထိတွေ့မိသည့်လူတိုင်းအား ပျက်စီးကိန်းဆိုက်စေမည်ဟု ထင်ရသည်အထိ အလွန်အကျဉ်းတန်ကာ ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။ သားကောင်အား အငမ်းမရ ဖျက်ဆီးဝါးမျိုရန် အမှောင်ချောက်နက်ထဲ၌ ဝပ်တွားစောင့်ဆိုင်းနေသော မကောင်ဆိုးဝါးတစ်ကောင်အလားပင်။
သူ၏ နှလုံးသားမှာ အလွန်လေးလံနေသောကြောင့် လီရှစ်၏ အသံများမှာ အနည်းငယ်ပင် အက်ကွဲနေ၏။
“ မတ်လ ၁၂ရက်မှာ မောက်တာ့ယုံက ပုံမှန်အတိုင်းပဲ အလုပ်သွားခဲ့တယ်… အလုပ်ကနေပြန်လာတော့ မောက်ကျားကျား စနက်နဲ့ သတိလစ်သွားပြီး မသိလိုက်ဘာသာနဲ့ ခွဲစိတ်မှုခံယူလိုက်ရတယ်... အဲ့ဒါကို မောက်ကျားကျားက မှတ်တမ်းထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ထည့်မရေးခဲ့ဘူး... နောက်နေ့မနက်ကျ မောက်ကျားကျားက မောက်တာ့ယုံရဲ့ လေယူလေသိမ်းအတိုင်း စာရိုက်ပြီး ကုမ္ပဏီကို ခွင့်တိုင်ခဲ့တယ်… အဲဒီနောက်ပိုင်းကစပြီး မောက်တာ့ယုံ ပျောက်သွားခဲ့တယ်…”
စုပေါင်စန်းက ရှုပ်ထွေးနေဆဲပင်။
“ နေဦး… ဒါဆို မောက်တာ့ယုံက ဘယ်ရောက်သွားတာလဲ…”
လီရှစ် ပြန်မဖြေပေ။ သူက ခေါင်းကိုလှည့်လိုက်ပြီး သူ့နောက်ရှိ စင်ကြီးကိုသာ မမှိတ်မသုန်စိုက်ကြည့်နေသည်။
အမှန်ပဲ…
မောက်တာ့ယုံက ပျောက်သွားတာ...
ဒါပေမဲ့ စင်ပေါ်မှာ ဆေးရည်စိမ်ထားတဲ့ လူ့ကိုယ်တွင်း အင်္ဂါတွေကတော့ သေဆုံးတဲ့ ခန္ဓာကိုယ်မရှိဘဲ ထွက်လာစရာ အကြောင်းတော့ မရှိဘူးမလား…
😺😺😺