😺Chapter 12
ဘဝကြီးက လွယ်ကူမနေဘူး… ကြောင်လေး သက်ပြင်းချနေရပြီ
ကုရှင်းယွဲ့သည်လည်း စင်ပေါ်၌ အစီအရီတင်ထားသော လူ့ကိုယ်တွင်းအင်္ဂါများကို အတိုင်းသား မြင်တွေ့လိုက်ရ၏။ သူမက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ ဆိုလိုတာက မောက်ကျားကျားက အိမ်ရှင်အမျိုးသား မောက်တာ့ယုံကို သတ်လိုက်တယ်လို့လား…”
“ မဟုတ်ဘူး…”
လီရှစ်က ခေါင်းခါလိုက်သည်။
“ ကျွန်တော်ထင်တာတော့ မောက်ကျားကျားက သူ့အဖေကို မသတ်ခဲ့ဘူး… သူ တကယ်သတ်ခဲ့တာက ဟယ်ရီဆိုတဲ့ ခွေးကိုပဲ…”
စုပေါင်စန်းက အလွန်အမင်း ဆွံ့အသွားရ၏။
“ ဘာကိုဆိုလိုတာလဲ…”
လီရှစ် : “ အဓိပ္ပာယ်ကတော့ တော်တော်လေးရိုးရှင်းပါတယ်.. ကျွန်တော်တို့ ဒီ ဗီလာမှာနေခဲ့တဲ့ ရက်အတွင်း အစကနေ အဆုံးထိ မောက်တာ့ယုံရဲ့ ဝိညာဉ်ရော သူ့မိန်းမနဲ့ မောက်ကျားကျားရဲ့ ဝိညာဉ်တွေကိုပါ မတွေ့ခဲ့ဘူးလေ… ကျွန်တော်တို့က ဟယ်ရီရဲ့ ဝိညာဉ်ကိုပဲ တွေ့ခဲ့တာ… အဲ့ဒါဆို ဘာကိုဆိုလိုတာ ဖြစ်မယ်ထင်လဲ…”
“ အဲ့ဒါက…သူဗိုက်ဆာလို့ အစာထွက်ရှာတာများလား…”
လီရှစ်က စုပေါင်စန်းအား ကြီးမြတ်သော နတ်ဆိုးဘုရင်ကြီး၏ ငတုံးများကိုကြည့်သောအကြည့်နှင့် တစ်ထပ်တည်းတူသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
“ ဆိုလိုတာက ဟယ်ရီက သူ့ကိုယ်သူ မတရားသဖြင့် သေဆုံးခဲ့ရကြောင်း မှတ်မိနေလို့ပဲ… သရဲဇာတ်လမ်းအများစုနဲ့ ဝတ္ထုဇာတ်လမ်းတွေအရ နတ်ဆိုးဝိညာဉ်
ဖြစ်လာဖို့က အကြောင်းအရင်း နှစ်မျိုးရှိတယ်... တစ်မျိုးက သူအသက်ရှိစဉ်တုန်းက ဆိုးသွမ်းပြီး အငြိုးကြီးတဲ့သူဖြစ်ခဲ့လို့… နောက်တစ်မျိုးကတော့ သူ မသေဆုံးခင်မှာ မတရားမှုကြီးကြီးမားမား တစ်ခုခုကို ကြုံတွေ့ခဲ့ရလို့ပဲ… ဟယ်ရီက သံသယဖြစ်စရာမလိုတဲ့ ဒုတိယအမျိုးအစား ဝိညာဉ်ပဲ...”
“ ကျွန်တော့်အမြင်အရ ဟယ်ရီရဲ့ သေဆုံးမှုက မောက်ကျားကျားနဲ့ ခွဲခြားလို့မရနိုင်ဘူး… စဉ်းစားကြည့်ရရင် သူနဲ့ နှစ်အကြာကြီးအတူရှိခဲ့တဲ့ သခင်ဖြစ်သူက သူသတိမထားမိလိုက်တဲ့ အချိန်မှာ သူ့ကိုသတ်လိုက်တယ်… ဟယ်ရီက ဒါကို စိတ်ထဲစွဲနေမှာပဲလေ…အဲ့ဒါကြောင့် ဟယ်ရီက ဒီဗီလာထဲက မထွက်သွားနိုင်ဘဲ မကျွတ်မလွတ် ဝိညာဉ်ဘဝနဲ့ လှည့်ပတ်သွားလာနေရတာပေါ့…”
[ ကြောင်လေးရဲ့ မျက်လုံးထဲက လေးနက်တဲ့ အကြည့်တွေကို ကြည့်စမ်းပါဦး… ငါကတော့ ပစ်ယုံလိုက်ပြီဟေ့… ]
[ ဘယ်လိုကြောင်က ဒီလို အဓိပ္ပာယ်မရှိတဲ့အရာကို ဒီလောက်လေးနက်တဲ့ အသံနေအသံထားနဲ့ ပြောနိုင်ရတာလဲ… ]
[ ဘာလို့များ ငါက လိမ္မော်ရောင်ကြောင်လေး ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားနေရတာလဲ… ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ သရဲက တကယ်မရှိဘူးမဟုတ်လား... ငါ ယုံရော ယုံသင့်ရဲ့လား… ]
ကုရှင်းယွဲ့၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်တွန့်ကွေးသွားပြီး မေးလိုက်သည်။
“ အစ်ကိုကြောင်… ငါမေးပါရစေ နင့်ရဲ့ အသက်မွေးဝမ်းကျောင်းက ဘာများလဲ…”
လီရှစ်က ဂုဏ်ယူစွာဖြင့် ပြန်ပြောသည်။
“ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ လက်တွေ့သဘာဝသိပ္ပံ ကြားထဲက ဆက်နွယ်မှုတွေကို အထူးပြုလေ့လာရတဲ့ စိတ်ပညာ မေဂျာကပါ…”
“ အာ…”
အခန်းထောင့်တွင် ငြိမ်သက်စွာရပ်နေသော ဟန်ကြွယ့်မင်က သူ၏ ရယ်သံကို မထိန်းနိုင်လိုက်ပေ။ သူ၏ အသိအကျွမ်းများအနက် ထိုမေဂျာယူထားသည့်သူမှာ တစ်ဦးသာရှိ၏။ ယခင်က သူသတိထားမိခဲ့သော သံသယဝင်ဖွယ် အချက်များနှင့် ချိတ်ဆက်ကြည့်ပါက ပို၍ပင် သေချာသွားသည်။ ဤသို့ဖြင့် ကြောင်ကလေး၏ သရုပ်မှန်မှာ နတ်ဆိုးဘုရင်ကြီး၏ ရှေ့မှောက်၌ လုံးလုံးလျားလျား ဖော်ထုတ်ခံလိုက်ရပေသည်။
စုပေါင်စန်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်လာ၏။
“ ဒီလို လူမသိသူမသိ မေဂျာမျိုးလည်း ရှိတယ်လား…
ဘွဲ့ရပြီးရင်တောင် ပိုက်ဆံရှာလို့မရမှာစိုးရိမ်မိတယ်…”
“…”
လီရှစ်မှာ မိမိ မျက်နှာဖုံးအား မိမိကိုယ်တိုင် ဆွဲချွတ်လိုက်မိကြောင်း သဘောမပေါက်သေးချေ။ သူက စုပေါင်စန်း၏ မယုံသင်္ကာဟန် မျက်နှာထားကြောင့် အစာအိမ်ပင် နာသည်အထိ ဒေါသထွက်လာရသည်။
လီရှစ်မှာ အလွန် ဒေါသထွက်နေသော်လည်း ယခုထိတိုင် သူအလုပ်ရှာ၍ မရနိုင်သည့် အကြောင်းကိုမူ ငြင်းဆန်၍မရခဲ့ပေ။
သူသည်သာမက သူနှင့် မေဂျာတူ အတန်းဖော်များသည်ပင် ထိုသဘာဝလွန်သိပ္ပံဘွဲ့နှင့် စပ်လျဉ်းသည့် အလုပ်အကိုင်များ ရှာမတွေ့ကြပေ။ လူ ၁၀ ယောက်၌ ၉ ယောက်သည် သဘာဝလွန်ဝတ္ထုရေးသည့် စာရေးဆရာများ ဖြစ်ကုန်ကြပြီး မိုးထိမြင့်မားသော စျေးနှုန်းများဖြင့် မူပိုင်ခွင့်များရောင်းချကာ ချမ်းသာသွားကြ၏။
လီရှစ်သည်လည်း အများနည်းတူ ထိုလမ်းကြောင်းကိုသာ လျှောက်ရန်ကြံရွယ်ခဲ့သော်ငြား ရှောင်ရှောင်းလဲ့ဂိမ်း၏ ဆွဲဆောင်မှုကြောင့် ဘွဲ့ရပြီး သုံးလကြာသည်အထိ ဝတ္ထုတစ်ပုဒ်ပင် အစပြု၍ မရေးနိုင်ခဲ့ချေ။
ဘဝကြီးက လွယ်ကူမနေဘူး…
ကြောင်လေးက သက်ပြင်းချလိုက်သည်။
သက်ပြင်းချပြီးသည့်နောက် လီရှစ်က သူ၏ ဖျတ်လတ်သည့်အသွင်ကို ပြန်လည်တည်ဆောက်ကာ စုပေါင်စန်းအား ရန်လိုစွာ ကြည့်လိုက်သည်။
“ ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို ဆက်နားထောင်ချင်သေးရင် မင်းပါးစပ်ကို ပိတ်လိုက်တော့…“
လီရှစ်၏ အကြည့်ကြောင့် စုပေါင်စန်းက သူ့ပါးစပ်ကို လက်နှစ်ဖက်ဖြင့်ကာလျက် အစ်ကိုကြီးအား စိတ်ဆိုးစေမည့် စကားများ ပြောမိမည်ကို စိုးရိမ်နေသော ညီငယ်လေး အသွင်ဖြင့် ငြိမ်သက်စွာရပ်နေလိုက်၏။ မည်သို့ပင်ဖြစ်စေ သူက ရှေ့လျှောက် ကြုံတွေရမည့် အခက်အခဲများကိုကျော်ဖြတ်နိုင်ရန် အစ်ကိုကြီးကိုသာ အားကိုးရဦးပေမည်။ အစ်ကိုကြီးကသာ သူ့အား စိတ်ကွက်၍ စွန့်ပစ်လိုက်ပါက သူ ဒူးနှင့် မျက်ရည်သုတ်ရမည်မှာ မလွဲဧကန်ပင်။
“ ပြောနေတာ ဘယ်နားရောက်သွားပြီလဲ…”
လီရှစ်က အဆက်ပြတ်သွားသော အတွေးရထားအား ပြန်လည်ချိတ်ဆက်ရန်ကြိုးပမ်းလိုက်သည်။
“ အိုး.. ဟုတ်ပြီ… ဟယ်ရီက သရဲဖြစ်သွားတယ်... အကြောင်းအရင်းက သူယုံကြည်ရတဲ့ သခင်က သူ့ကိုသတ်လိုက်လို့… အများပြောစကားအရဆိုရင် သရဲတွေရဲ့ ပုံပန်းသွင်ပြင်က သူတို့ သေဆုံးတဲ့အချိန်က ပုံပန်းသွင်ပြင် အတိုင်းပဲတဲ့… ဒိုင်ယာရီထဲမှာရေးထားတဲ့ စာအရ ဟယ်ရီက ခုခံအား ငြင်းဆန်တုံ့ပြန်မှုကြောင့် သေသွားတာ မဟုတ်လား… ဒါပေမဲ့ ကျွန်တော် မြင်လိုက်တဲ့ ဟယ်ရီကတော့ အဲ့လိုမဟုတ်ဘူး… သူသေဆုံးတဲ့ပုံက…ပိုတူတာက…”
လီရှစ်က ခေတ္တစဉ်းစားလိုက်ပြီးနောက် ခိုင်မာစွာ ပြောလိုက်သည်။
“ ဦးခေါင်းခွံ ခွဲစိတ်မှုပဲ… ဟယ်ရီရဲ့ ဝိညာဉ်မှာ ဦးခေါင်းခွံ တစ်ခြမ်း မရှိဘူး… ပြီးတော့ တိတိကျကျ သေသေသပ်သပ် ခွဲထုတ်ခံထားရတာ.. သူ့ခန္ဓာကိုယ်မှာ အဲဒါကလွဲလို့ တခြားဒဏ်ရာမရှိတာ သေချာတယ်… ကျွန်တော် တွေးရသလောက်တော့ ဟယ်ရီက မတ်လ ၁၂ ရက်နေ့ ဦးခေါင်းခွံ ခွဲစိတ်မှုမှာသေသွားခဲ့တယ်... ဒါပေမဲ့ သရဲဖြစ်ပြီးနောက်ပိုင်း ဟယ်ရီရဲ့ အပြုအမူတွေ ဘာကြောင့် ထူးဆန်းနေရတာလဲ…”
ဟုတ်တယ်… တကယ်ကိုထူးဆန်းတယ်…
သရဲတွေရဲ့ အမူအကျင့်တွေက သူတို့ရဲ့ စွဲလမ်းမှုအပေါ်ကိုမူတည်နေတာ…
တကယ်လို့ ဟယ်ရီက ကျန်းချမ်းကို သတ်မယ်ဆို ဒီတိုင်းသတ်လို့ရရဲ့သားနဲ့ ဘာလို့များ ဝမ်းဗိုက်ကို ဖွင့်... ကိုယ်တွင်းအင်္ဂါတွေကို ဆွဲထုတ်ပြီး အစာအိမ်ထဲ ဝင်ခွေနေချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်ထားရတာလဲ... ဒါက အဝတ်အသစ်ကို တော်မတော် စမ်းဝတ်ကြည့်နေတဲ့ပုံစံနဲ့တောင် ခပ်ဆင်ဆင်ပဲ…
ဒီ ထူးဆန်းတဲ့ အပြုအမူက ဟယ်ရီရဲ့ စွဲလမ်းမှုကနေ ဆင်းသက်လာတာဆိုရင်… ဖြစ်နိုင်တာက…
လီရှစ်၏မျက်ဝန်းများက တောက်ပသွားသည်။ သူ၏ စိတ်ထဲ၌ တိကျသော အတွေးတစ်ခုက လျှပ်တစ်ပြတ် ဖြတ်သန်းသွားကာ သဲလွန်စတစ်ခုချင်းစီကို အလိုအလျှောက် ချိတ်ဆက်ပေးလျက် မယုံနိုင်ဖွယ် မှန်းဆချက်တစ်ခုဖြစ်ပေါ်လာ၏။
“ သိပြီ… မောက်ကျားကျားရဲ့ နောက်ဆုံးခွဲစိတ်မှုကို ကျွန်တော်သိပြီ…”
“ ဘယ်လို…”
ကုရှင်းယွဲ့က မျက်မှောင်ကြုတ် လိုက်သည်။
“ မှတ်တမ်းထဲမှာ ရေးထားတဲ့ နောက်ဆုံးခွဲစိတ်မှုက ဟယ်ရီရဲ့ ဦးခေါင်းခွံ ခွဲစိတ်မှု မဟုတ်ဘူးလား… တခြား သံသယဖြစ်စရာရှိလို့လား…”
လီရှစ်က အသံကိုတည်ငြိမ်စေရန် လည်ချောင်းရှင်းလိုက်ကာ သူ၏ မှန်းဆချက်ကိုပြောလိုက်၏။
“ မတ်လ ၁၂ ရက်နေ့ ညတုန်းက မောက်ကျားကျား ဦးခေါင်းခွံ ခွဲစိတ်မှု လုပ်ခဲ့တာ ဟယ်ရီတင်ပဲ မဟုတ်ဘူး မောက်တာ့ယုံကိုပါ လုပ်ခဲ့တာ… မောက်တာ့ယုံရဲ့ ဦးနှောက်ကို ဟယ်ရီ့ရဲ့ ခန္ဓာကိုယ်ထဲမှာထည့်ပြီး ဟယ်ရီ့ရဲ့ ဦးနှောက်နဲ့ မောက်တာယုံရဲ့ ကိုယ်တွင်းအင်္ဂါတွေကိုကျတော့ သူ့ရဲ့ နောက်ခွဲစိတ်မှုတွေမှာ လိုအပ်ရင်သုံးလို့ရအောင် ဖော်မလင် စိမ်ထားတာဖြစ်နိုင်တယ်…”
[ သေစမ်း… ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့ သခင်နဲ့တွေ့ရတာ… ခွေးလေးအတွက် စိတ်မကောင်းစရာပဲ…]
[ အိမ်ရှင် မောက်တာ့ယုံဘဝက ပိုမဆိုးဘူးလား… သူ့သမီးကိုယ်တိုင် သူ့ဦးနှောက်ကို ထုတ်ယူပြီး ခွေးရဲ့ ခန္ဓာကိုယ်ထဲ ထည့်ခဲ့တာလေ..]
[ ငါကတော့ နည်းတောင်နည်းသေးတယ်လို့ မြင်တယ်… ဘယ်သူက သူ့ကိုဖောက်ပြန်ခိုင်းလို့လဲ… ဖောက်ပြန်တဲ့ ကောင်တွေအကုန် ဒီလိုပဲ အဆုံးသတ်သင့်တယ်… သိပ်ကိုအားရတယ်…]
[ ပလေးဘွိုင်းဖြစ်တဲ့ငါက အရမ်းကိုတုန်လှုပ်နေပြီ… ]
[ ဒါက ထင်မြင်ချက်သပ်သပ်ပဲ မဟုတ်လား… မင်းတို့က ဘာလို့ ကြောင်လေးပြောတာကို သဘောတူနေရတာလဲ… အမှန်တရားက အဲ့လောက်နက်နဲမယ်လို့ ငါတော့မထင်ဘူးနော်… ]
အလွန်အမင်း ထိတ်လန့်သွားရခြင်းကြောင့် စုပေါင်စန်းမှာ သူ၏ပါးစပ်ကိုပင် အချိန်အတော်ကြာသည်အထိ ပြန်မပိတ်နိုင်ခဲ့ပေ။
“ ဆရာကြောင်… မင်းအရမ်း အတွေးလွန်နေပြီထင်တယ်…”
လီရှစ်က မေးခွန်းထုတ်ခံရခြင်းအား ဒေါသမထွက်မိပေ။ ထို့အစား သူက ကြောင်လက်ဖဝါးလေးအား အသာအယာလျက်ကာ တုံ့ပြန်လိုက်သည်။
“ သက်သေ နံပါတ် (၁) - မတ်လ ၁၂ ရက် ခွဲစိတ်မှု အပြည့်အဝပြီးသွားတဲ့အချိန်...မောက်ကျားကျားရဲ့ ဒိုင်ယာရီထဲမှာ ဟယ်ရီက ရုတ်တရက်ကြီး ခွေးစာ စားရတာမကြိုက််တော့ကြောင်း အရုပ်တွေနဲ့လည်း မဆော့တော့ဘဲ စိတ်ဓာတ်ကျနေကြောင်း ရေးထားတယ်… သက်သေ နံပါတ် (၂) - မောက်ကျားကျားက ခွေးရဲ့လည်ပင်းကိုဖက်ပြီးရိုက်ထားတဲ့ ဓာတ်ပုံထဲက အပြုံးက သူ့အဖေလက်မောင်းကို ဖက်ပြီးရိုက်ထားတဲ့ ဓာတ်ပုံထဲကနဲ့ တစ်ထပ်တည်းတူနေတယ်… သက်သေ နံပါတ် (၃) - ဒိုင်ယာရီထဲမှာ ဟယ်ရီရဲ့ နာမ်စားကို “ သူ “ ဆိုပြီး သုံးထားပေမဲ့ ခွဲစိတ်မှုမှတ်တမ်းထဲမှာကျ “ ၎င်း” ဆိုပြီး သုံးထားတာတွေ့ရတယ်… နောက်ဆုံးအချက်အနေနဲ့ ခွေးလှောင်အိမ်ထဲမှာ တွေ့ခဲ့ရတဲ့ မောက်တာ့ယုံရဲ့ ပစ္စည်းတွေက သက်သေပဲ… ကျွန်တော်ကတော့ မောက်တာ့ယုံ ခွေးဖြစ်သွားတယ် ဆိုတာကလွဲပြီး တခြား တွေးမိတာမရှိတော့ဘူး…”
ဟန်ကြွယ့်မင်၏ မျက်ဝန်းအတွင်း၌ လေးစားမှုများ လျှပ်တစ်ပြတ် ဖြတ်ပြေးသွား၏။ လီရှစ် ထိုအဖြေအား အချိန်တိုအတွင်း ခန့်မှန်းနိုင်လိမ့်မည်ဟု သူ အမှန်တကယ်ပင် ထင်မထားမိချေ။
“ ငါ့မှာ မေးချင်တာရှိသေးတယ်…”
စုပေါင်စန်းက လက်မြှောက်၍ ပြောလာသည်။
“ မောက်တာ့ယုံက ခွဲစိတ်မှုမှာ မသေခဲ့ဘူးဆိုရင် နောက်ပိုင်း သူဘယ်လို သေသွားတာလဲ… မောက်ကျားကျား ဒိုင်ယာရီထဲမှာ ရေးထားတာရော အမှန်ပဲလား.. သူက တကယ်ပဲ ပြင်းထန်တဲ့ ခုခံအား ငြင်းဆန်တုံ့ပြန်မှုကြောင့် သေသွားခဲ့တာလား…”
{ T/N : “ ခုခံအား ငြင်းဆန်တုံ့ပြန်မှု” - ခန္ဓာကိုယ်ရဲ့ ခုခံအားက မိမိအပိုင်မဟုတ်တဲ့ အစိတ်အပိုင်းတစ်ခုခုကို အာရုံခံမိတဲ့အခါ အဲ့ဒီအစိတ်အပိုင်းကို ရောဂါပိုးတစ်ခုအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်တဲ့သဘောပါ… ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုတွေမှာ ကိုက်ညီမှုမရှိရင် ဖြစ်တတ်ပါတယ်}
😺😺😺