Ch 13
Viewers 1k

😺Chapter 13

တစ်စိတ်တစ်ဝမ်းတည်းမှမဟုတ်ရင် တောင်တစ်လုံးမှာ ကျားနှစ်ကောင် မကျက်စားနိုင်ဘူး…



“ ဘယ်လိုသိမှာလဲ…” 

လီရှစ်က သူ၏ ကြောင်လက်ဖဝါးလေးအား လူသားတစ်ယောက်၏အမူအရာအတိုင်း လှန်လိုက်ပြီး အကူအညီမဲ့စွာ ပြောလာသည်။ 

“ ငါက ဟယ်ရီဆိုတဲ့ ခွေးမှမဟုတ်တာ…”


[ သိတာပေါ့… သိတာပေါ့...မင်းက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး ကြောင်လေးလေ... ]


[ မဟုတ်ပါဘူး… ဉာဏ်အကောင်းဆုံး ကြောင်လေးပါနော်…] 


[ ဒါနဲ့… ကျယ်မေ့တို့ရေ… နင်တို့ ဒီကို ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးကြောင့် ရောက်လာတယ်ဆိုတာကိုရော မှတ်မိကြသေးရဲ့လား…]


[ ဟီးဟီး…ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ကြီးက ဘယ်သူများလဲ... အမြဲ ရေသာခို အချောင်လိုက်ပြီး အကျဉ်းစခန်းထဲ အသေကောင်လို လှဲအိပ်နေတတ်တဲ့ နတ်ဆိုးကြီးလား… ငါ သူ့ကို မသိဘူးနော်…]


[ ငါလည်း မသိဘူး... +1 ]


သူ၏ ကောင်မလေးဖန်များ ရုတ်တရက်ခြံခုန်သွားသည်ကို မသိလိုက်သော ဟန် နတ်ဆိုးဘုရင်ကြီးက မျက်မှန်ကို ပင့်တင်လိုက်ကာ စိတ်ဝင်စားဖွယ် ဟန်ပန်အမူအရာဖြင့် ပြောလိုက်သည်။

“ မင်း ဒီအကျဉ်းစခန်းကို မြန်မြန်အဆုံးသတ်ဖို့ စိတ်ဝင်စားလား… “


လီရှစ်က ကြောင်နားရွက်လေးများဖြင့် စိတ်လှုပ်ရှားစွာ နားစွင့်လျက် သူ၏မျက်ဝန်းအတွင်း မျှော်လင့်စောင့်စားမှု အရိပ်အယောင်များ လွှမ်းခြုံသွား၏။ 

“ မင်းမှာ ဘယ်လိုအကြံမျိုးရှိလို့လဲ… မြန်မြန်ပြောကြည့်…”


ဟန်ကြွယ့်မင်၏ ဂိမ်းဆော့ပုံနှင့် အနည်းငယ်ရင်းနီးသော ကုရှင်းယွဲ့ကမူ လီရှစ်ကဲ့သို့ စိတ်လှုပ်ရှားမနေချေ။ 

ထို့အစား သူမက ဟန်ကြွယ့်မင် ပြဿနာထပ်ရှာမည်ကို ခန့်မှန်းမိသဖြင့် သူမ၏ မျက်ခုံးများမှာ စိုးရိမ်စိတ်ဖြင့် “川” ပုံသဏ္ဍာန် တွန့်ချိုးသွားသည်။ 


{ T/N : “川” မျက်မှောင်ကြုတ်ရင် မျက်ခုံးနှစ်ခုကြားမှာ အတွန့်သုံးခု ပေါ်တဲ့ပုံပါ။ }


ဘာကြောင့်များ စနစ်က ငါ့ကို နတ်ဆိုးဘုရင်ကြီးရှိတဲ့ အကျဉ်းစခန်းထဲ ရက်ရက်စက်စက် ထည့်ပစ်နိုင်ရတာလဲ… ဒီထဲက ထွက်တာနဲ့ ငါ့ခေါင်းပေါ်က ဆံပင်တွေအများကြီး ကျွတ်ထွက်ကုန်တော့မယ်လို့တောင် ခံစားနေရတယ်…


ဟန်ကြွယ့်မင်က လီရှစ်၏ မေးခွန်းအား တိုက်ရိုက်မဖြေလိုက်ဘဲ အနည်းငယ်လှည့်စားလိုဟန်ဖြင့် မေးခွန်းပြန်ထုတ်လိုက်၏။ 

“ ဒီ ဗီလာထဲမှာ သရဲက ဟယ်ရီတစ်ကောင်ပဲ ရှိတယ်လို့ထင်လား…” 


လီရှစ် မှန်းဆလိုက်သည်။

“ တစ်ကောင်ထက်တော့ ပိုလိမ့်မယ် ဟုတ်တယ်မလား… စနစ်က ငါတို့ကို ပေးထားတဲ့ ပုံတူအချက်အလက်အရ ဒီမိသားစုက အသက်ရှင်နေစဉ်အတွင်းရော သေပြီးတဲ့အချိန်မှာပါ ပျော်ပျော်ရွှင်ရွှင်နေကြတယ် လို့ပြောထားတာလေ...တစ်နည်းပြောရရင် မိသားစုဆိုတဲ့ စကားလုံးအရ သူတို့ သရဲဖြစ်သွားရင်တောင် ဒီဗီလာထဲမှာပဲ အတူတူနေကြဦးမှာ… ဒါပေမဲ့ ပြဿနာက.. ငါတို့ ဒီမှာ သုံးရက်အကြာနေပြီးတဲ့အထိ ကျန်တဲ့ သရဲတွေက ပေါ်မလာသေးတာပဲ…”


“ ဆိုရိုးစကားတစ်ခု ကြားဖူးလား… “ 

ဟန်ကြွယ့်မင်၏ နှုတ်ခမ်းထောင့်စွန်းက ကော့ညွတ်သွားလျက် နှေးကွေးစွာပြောလိုက်သည်။

“ တောင်တစ်လုံးတည်းမှာ ကျားနှစ်ကောင် ကျက်စားလို့မရဘူး…” 


{ T/N : မြန်မာ့ဆိုရိုး “ဂူတစ်ဂူထဲ ကျားနှစ်ကောင်မအောင်း”နဲ့ အဓိပ္ပာယ်အတူတူပါပဲ... ”အင်အားကြီးတဲ့ လူနှစ်ယောက် တစ်နေရာထဲ အတူမရှိနိုင်” ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။ } 


ဟန်ကြွယ့်မင်၏ဆိုလိုရင်းအား လီရှစ် ချက်ချင်းပင် သဘောပေါက်သွား၏။ 

“ ဆိုလိုတာက… အိမ်ရှင်နဲ့ တခြားသရဲတွေက ခွေးသရဲ ဟယ်ရီကို ကြောက်လို့ ဒီဗီလာထဲမှာ မပေါ်လာရဲတာပေါ့… ဒါက အဓိပ္ပာယ်ရှိတာပဲ… မောက်ကျားကျားက ဟယ်ရီကို သတ်လိုက်တာဆိုတော့ သူတို့ရဲ့ဆက်ဆံရေးက ကျိန်းသေပေါက် ရန်ငြိုးတွေနဲ့ပြည့်နေမှာ… မောက်ကျားကျားရဲ့ခွန်အားက ဟယ်ရီလောက်မှ မသန်မာရင် သူ ဗီလာထဲ ပေါ်လာရဲမှာမဟုတ်ဘူး…” 


လီရှစ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စုပေါင်စန်း၏ သွားများ အချင်းချင်းရိုက်ခတ်ကာ ကျွတ်ထွက်မတတ် တုန်ရီလာ၏။ ဗီလာအတွင်း၌ သတ်ဖြတ်လိုစိတ်ပြင်းပြသော သရဲတစ်ကောင်ရှိနေသည်က အတော်လုံလောက်နေပြီဖြစ်၍ အခြား ရက်စက်ကြမ်းကြုတ်သော သရဲသုံးကောင်ထပ်ရှိနေလိမ့်မည်ကိုမူ သူ မမျှော်လင့်ထားမိပေ။ 


ဝူး~ ဝူး~ဝူး… ဘုရားသခင်ရယ်... ဒီတိုင်းလေးပဲ ဂိမ်းကို လွယ်လွယ်ကူကူအနိုင်ယူခွင့်မပေးနိုင်ဘူးလား… 


ဘုရားသခင်က စုပေါင်စန်း၏ ဆုတောင်းကို မကြားလိုက်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဘုရင်ကြီးမှာ ပြဿနာမီးထွန်းရှာရန် အဆင်သင့်ဖြစ်နေသောကြောင့်ပင်။ 

“ မင်းတို့စဉ်းစားကြည့်… အဲ့ဒီခွန်အားကြီးတဲ့ ကျားနှစ်ကောင် ထိပ်တိုက်တွေ့ရင် ဘာတွေဖြစ်လာနိုင်မလဲ…” 


သေချာပေါက် တိုက်ခိုက်ကြမှာပေါ့…


ထိုတိုက်ပွဲ၌ ဟယ်ရီနှင့် မောက်ကျားကျား နှစ်ဖက်လုံး အရေးနိမ့်ခဲ့လျှင် အကောင်းဆုံးဖြစ်၏။ ထိုမှသာ သူတို့က အခြေအနေကို အခွင့်ကောင်းယူကာ ဂိမ်းကိုရှင်း၍ အကျဉ်းစခန်းအတွင်းမှ ထွက်နိုင်လိမ့်မည်။ 


“ ကောင်းတယ်…” 

လီရှစ်က ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။ 

သို့သော် သူက ပို၍အရေးကြီးသည့် အရာတစ်ခုကို စဉ်းစားမိလိုက်ကာ ဟန်ကြွယ့်မင်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်လျက် မေးလိုက်၏။ 

“ မောက်ကျားကျားနဲ့ တခြားသရဲတွေက ပုန်းနေမှတော့ သူတို့ဘယ်မှာ ပုန်းနေလဲဆိုတာ မင်းသိလို့လား… ပြီးတော့ ဟယ်ရီကိုရော ဘယ်လိုမျှားခေါ်မှာလဲ…”


“ သူတို့ ဘယ်မှာ ပုန်းနေမှန်း ငါမသိရင် ဒီအကြံကို ငါထုတ်ပြောမှာတောင်မဟုတ်ဘူး… ဟယ်ရီကို မျှားခေါ်ဖို့အတွက်ကလား…” 

ဟန်ကြွယ့်မင်က ပြုံးလျက် မျက်လုံးများကိုမှေးကျဉ်းလိုက်ကာ စုပေါင်စန်းအား မကောင်းသော ရည်ရွယ်ချက်များဖြင့် စိုက်ကြည့်လိုက်သည်။ 

“ ညီအစ်ကိုစု ကိုပဲ အကူအညီတောင်းရမှာပေါ့…”


စုပေါင်စန်းက လည်ပင်ကိုကျုံ့လိုက်ပြီး ထစ်အစွာ မေးလိုက်သည်။ 

“ ဘာ… ဘာ အကူအညီလဲ…”


ဟန်ကြွယ့်မင် : “ စိတ်မပူပါနဲ့… မင်းလုပ်နိုင်တဲ့ အသေးအဖွဲ့လေးပါပဲ… မင်းကိုယ်မင်း ဘာမှ မည်မည်ရရ မလုပ်ဘဲ points တွေအချောင်ရနေတဲ့သူလို့ မတွေးမိလောက်အောင်ထိတော့ မတုံးဘူးမလား... သူများတွေဆီကရော အဲ့လိုအထင်ခံနိုင်လို့လား… ယုံချင်ယုံ မယုံချင်နေ... မင်းဘာမှ မကူညီဘဲ ဒီဂိမ်းကို အချောင်နိုင်သွားခဲ့ရင် လူတွေမင်းကို ကျိန်ဆဲကြမှာ သေချာတယ်…”


ထောင်ပေါင်းများစွာသော အင်တာနက် အသုံးပြုသူများထံမှ ပုတ်ခတ်ပြောဆိုခံရနိုင်ချေများ နှင့် လက်တွေ့ဘဝ၌ပင် အသိမိတ်ဆွေများထံမှ အထင်သေးရှုံ့ချခံရနိုင်ချေများကို တွေးတောစိတ်ကူးယဉ်ပြီးနောက် စုပေါင်စန်းက ကူကယ်ရာမဲ့သလိုခံစားလိုက်ရကာ စိုရိမ်တကြီးပြောလိုက်၏။

“ ကူညီမယ်… ကူညီပါ့မယ်... ငါဘာကူညီပေးရမှာလဲ…”


ဟန်ကြွယ့်မင်က စုပေါင်စန်း၏ လက်ကောက်ဝတ်ပေါ်ရှိ ID လက်ပတ်အား ညွှန်ပြကာ ပြောလိုက်သည်။ 

“ လွယ်ပါတယ်… မေးခွန်းကိုဖြေလိုက်…”


“ ဘာ… “

စုပေါင်စန်း၏ မျက်လုံးများ ကြောက်လန့်တကြား ပြူးကျယ်သွား၏။ 

“ ငါ နားကြားမှားတာများလား.. မင်းက ငါ့ကို အတည်ကြီး ဖြေခိုင်းနေတာလား… ငါမလုပ်နိုင်ဘူး... ငါဖြေရင် ကျိန်းသေပေါက် မှားမှာ…”


ဟန်ကြွယ့်မင်၏ အပြုံးမှာ ပို၍ပင် နက်နဲလာသည်။

“  မင်း နားကြားမမှားပါဘူး… ငါလည်း မင်းကို အဖြေမှန်ဖြေနိုင်မယ်လို့ မမျှော်လင့်ထားဘူး…”


စုပေါင်စန်း : “…”

ရုတ်တရက် စုပေါင်စန်းမှာ သူ့အား ငတုံးဟု သွယ်ဝိုက်ခေါ်ဆိုလိုက်ခြင်းကြောင့် နတ်ဆိုးဘုရင်ကြီးကို စိတ်ဆိုးရမည်လား သို့မဟုတ် သူ့အကြောင်း အတွင်းကျကျ သိနေခြင်းကြောင့် ကျေဇူးတင်ရမည်လားကိုပင် မသိတော့ချေ။ 


မမလေးကုရှင်းယွဲ့သည်ပင် ဟန်ကြွယ့်မင်၏ လုပ်ရပ်ကြောင့် အနည်းငယ်ရှုပ်ထွေးသွားရသည်။ 

“ ရှင်က ဘာလို့ မှားမှန်းသိရဲ့သားနဲ့ သူ့ကို ဖြေစေချင်တာလဲ…”


သူ့အဖွဲ့သားများ၏ မေးခွန်းထုတ်မှုများအပေါ် ဟန်ကြွယ့်မင်က စိတ်မဆိုးမိဘဲ သူ၏ သဘာဝဆန်သည့်အပြုံးကို ဆက်လက်ထိန်းသိမ်းကာ ပြောလိုက်၏။ 

“ အကြောင်းအရင်းက သေချာပေါက် စနစ်က မသိမသာ ဖော်ပြထားတဲ့ ဟယ်ရီဆိုတဲ့ ဆရာကြီးကို ဆင့်ခေါ်ဖို့ပေါ့… ဒီလိုလုပ်မှပဲ ငါတို့ ရန်ပွဲကို စလို့ရမှာမဟုတ်ဘူးလား…” 


မည်သူမဆို အစားထိုးဝင်ရောက်နိုင်သော အရေးမပါသည့် ငါးစားဘဝ ရောက်နေမှန်း သိလိုက်ရသဖြင့် စုပေါင်စန်းက စောဒကမတက်ရဲတော့ချေ။ သူက အသက်ပြင်းပြင်းရှုလိုက်ကာ ယခင်က လုပ်ချင်ခဲ့သော်လည်း တစ်ကြိမ်မျှ မလုပ်ရဲခဲ့သည့် အဖြေ ဖြည့်သွင်းခြင်းလုပ်ငန်းကို စတင်လိုက်သည်။ 


[ အဖြေ : အိမ်ရှင် မောက်တာ့ယုံက ခွေးတစ်ကောင်ဖြစ်လာပြီးနောက် ခွဲစိတ်မှုနောက်ဆက်တွဲ ပြင်းထန်သော ခုခံအားငြင်းဆန်တုံ့ပြန်မှု လက္ခဏာကြောင့် သေဆုံးသွားခဲ့တယ်..]


ဒင်—


တောက်ပသော အနီရောင်စာကြောင်းက သိသာထင်ရှားစွာ ပေါ်ထွက်လာ၏။ 


 [  အဖြေမှားပါတယ်… ကစားသမား 634 သည် ပြစ်ဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး အချိန်မသေချာပါ၊ ပြစ်ဒဏ်၏ အကြောင်းအရာမှာလည်း မသေချာပါ။ ]


[  ပျော်တယ်ဟေ့... သေချာပေါက်ကို လွယ်လွယ်ကူကူ နိုင်သွားစရာ အကြောင်းမရှိတော့ဘူး… ]


[ ဖြောင့်မတ်ခြင်းရဲ့ အလင်းတန်း— ]


[ ပြောမယ့်သာပြောတာ... နတ်ဆိုးဘုရင်ကြီးက အထက်စီးဆန်ချက်ပဲ… သူကိုယ်တိုင်ကျ အသေကောင်လို အပျင်းတစ်ပေမဲ့ တခြားသူတွေကိုကျ အပျင်းတစ်ခွင့်မပေးဘူး… ဘယ်လောက်တောင် ဗိုလ်ကျလိုက်သလဲ… ]


[ ဒီအကျဉ်းစခန်းရဲ့ စိတ်လှုပ်ရှားဖို့အကောင်းဆုံး အပိုင်းကို ရောက်တော့မယ်လို့ ငါ ခံစားနေရတယ်… မျှော်နေပါပြီ… ]


အဖြေအမှားကို ဖြေလိုက်ရသည့် စုပေါင်စန်း : “ … “


သူ၏ IQ ကို လုံးဝ မျှော်လင့်၍ မရတော့ကြောင်း သေချာသွားသည့်နောက် စုပေါင်စန်းက ရိုးရိုးသားသား ငါးစာဘဝအဖြစ်သာ နေထိုင်ရန်ဆုံးဖြတ်လိုက်ကာ ဤညတွင် ပုံဆိုးပန်းဆိုးဖြင့် မသေစေရန် ဆုတောင်းလိုက်၏။ 


ကုရှင်းယွဲ့က တုန်လှုပ်နေသော စုပေါင်စန်းအား လျစ်လျူရှု၍ စင်ပေါ်၌ လှဲလျောင်းနေသော လိမ္မော်ရောင် ကြောင်ကလေးအား မေးလိုက်သည်။

“ အစ်ကိုကြောင်… နင် အဖြေမှန်ကို ခန့်မှန်းမိပြီလား…”


လီရှစ်က သူ့ခန္ဓာကိုယ်အား ခုံးလျက် အကျောဆန့်လိုက်ကာ ပြန်ဖြေ၏။

“ ကျွန်တော် ခန့်မှန်းလို့ရပြီ ထင်တာပဲ…”


ကုရှင်းယွဲ့ : “ နင် အဖြေကို သိပြီးနေမှတော့... ဖြေလိုက်တော့လေ…”


လီရှစ်က သူ၏ ကြောင်နှာခေါင်းလေးအား ရှက်ရွံ့စွာပွတ်သပ်လိုက်သည်။ သူက ယခင်မေးခွန်းနှစ်ခုကို ဖြေခဲ့ပြီး တိုက်ရိုက်ပင် Points 30 ရရှိခဲ့၏။ အကယ်၍ သူ ယခုမေးခွန်းအား ထပ်မံဖြေဆိုနိုင်ပါက အကျဉ်းစခန်းကို အောင်မြင်စွာ ရှင်းလင်းနိုင်မှုဖြင့် အပိုထပ်ဆောင်း ရမှတ်များ ရရှိကာ သူသည်လည်း ယာယီစမ်းသပ်သူဘဝမှ အဆင့် 1  စမ်းသပ်သူဖြစ်လာပြီး တစ်ရက်လျှင် ဝင်ငွေ ထောင်ချီ၍ ရှာနိုင်လိမ့်မည်။ 


တွေးကြည့်ရုံနဲ့တင် သိပ်ကိုပျော်စရာကောင်းနေပြီ…


ဒါပေမဲ့လည်း… နည်းနည်းတော့ နှိမ့်နှိမ့်ချချ နေသင့်တယ်မလား…


လီရှစ်၏ စိမ်းမြရောင် ကြောင်မျက်ဝန်းတစ်စုံက ကျယ်ပြောလာလျက် ကုရှင်းယွဲ့အား ရွှန်းရွှန်းစားစားကြည့်ကာ ပြောလိုက်သည်။ 

“ မမလေး… ကျွန်တော် အရှေ့မှာ မေးခွန်းနှစ်ခုတောင် ဖြေခဲ့ပြီးပြီ… ဒီတစ်ခါ မင်းဖြေလှည့်ပါ…”


ကုရှင်းယွဲ့က အဖြေကိုခန့်မှန်းမိသော်လည်း ဤမျှ ချစ်စဖွယ်ကောင်းသည့် ကြောင်လေးနှင့် အပြိုင် လုမဖြေချင်ပေ။ ထို့ပြင် ဤကြောင်လေးမှာ သဲလွန်စအများစုကို ရှာဖွေပေးခဲ့သူဖြစ်၏။ အကယ်၍ ကြောင်ကလေးကသာ မောက်ကျားကျား၏ ဦးနှောက်လဲလှယ်ခြင်း ခွဲစိတ်မှုကို မဖော်ထုတ်နိုင်ခဲ့လျှင် သူမသည်လည်း အဖြေမှန်ကို ခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပေ။ 


ကုရှင်းယွဲ့က သူမ၏ စိတ်ထဲရှိ မြောက်များစွာသော အတွေးများကို ထုတ်မပြောလိုက်ချေ။ သူမက တုံဏှိဘာဝေ မျက်နှာထားဖြင့်သာ ကြောင်လေး၏ နူးညံ့သော သားမွေးအား ပွတ်သပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“ မလိုဘူး… နင်ပဲဖြေလိုက်ပါ…”



😺😺😺