Ch 14
Viewers 1k

😺Chapter 14

ရွှတ်နောက်နောက်မှမနေရလျှင် သေမည်… ပုံ/ နတ်ဆိုးဘုရင်ကြီး



“ မမလေး... ဒါက…”


ကုရှင်းယွဲ့နှင့် အပြိုင် မပြီးစီးနိုင်စွာ ယဉ်ကျေးပျုငှာနေသော လီရှစ်ကို ကြည့်၍ ဟန်ကြွယ့်မင်က မသိလိုက်မသိဘာသာ စိတ်မရှည်ဖြစ်လာလျက် သူ၏ မျက်နှာပေါ်ရှိ နူးညံ့ညင်သာသော အပြုံးသည်ပင် ပျောက်ကွယ်သွားရ၏။ 

“ မင်း ဆက်ပြီးငြင်းနေမယ်ဆိုရင်… ငါ ဖြေလိုက်တော့မှာနော်…”


“ မလုပ်နဲ့… မလုပ်နဲ့…”


အဆင့် 9 စမ်းသပ်သူဖြစ်သည့် ဟန်ကြွယ့်မင်က သူ၏ point 30 ကို လုယူတော့မည်ဟု ကြားလိုက်ရသဖြင့် လီရှစ်မှာ အလွန် ခေါင်းနပန်းကြီးသွားရကာ အသံပင်မထွက်ရဲတော့ဘဲ သုံးဖက်မြင် မျက်နှာပြင်ပေါ်၌ သူစဉ်းစားထားသည့် အဖြေကို လျင်မြန်စွာချရေးလိုက်သည်။ 


 [  မောက်ကျားကျားက မောက်တာ့ယုံရဲ့ ဦးနှောက်ကို ဟယ်ရီ့ခန္ဓာကိုယ်ထဲ ရွှေ့ပြောင်းပြီးနောက် သရဲ ဖြစ်သွားတဲ့ ဟယ်ရီက မကျေနပ်ဘဲ လက်စားချေချင်ခဲ့တယ်… အဲ့ဒါကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ကို ယူထားတဲ့ မောက်တာ့ယုံကို သေတဲ့အထိ နေ့စဉ်နေ့တိုင်း ခြောက်လှန့်တိုက်ခိုက်ခဲ့တယ်... ]


လီရှစ်၏ ဖော်ထုတ်ချက်အရ ဒိုင်ယာရီထဲ၌ ချရေးထားသော မောက်ကျားကျား၏ မှတ်တမ်းများမှာ အလိမ်အညာမဟုတ်ခဲ့ပေ။ သူမက မောက်တာ့ယုံ၏ အပြုအမူများဖြစ်သည့် အကြောက်အကန် ငြင်းဆန်

ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပိန်လှီလာခြင်း နှင့် ဒဏ်ရာပိုးဝင်ခြင်း လက္ခဏာများကို ခွဲစိတ်မှုနောက်ဆက်တွဲ ခုခံအား ငြင်းဆန်တုံ့ပြန်မှု လက္ခဏာများအဖြစ် မှားယွင်းကောက်ချက်ချမိခြင်းပင်။ အမှန်တွင် ထိုအပြုအမူ လက္ခဏာများ၏ အကြောင်းခံအရင်းမြစ်မှာ ခွေးသရဲ ဟယ်ရီပင်ဖြစ်သည်။ 


သိသာသော အချက်မှာကား ခွဲစိတ်မှုအပြီးတွင် ခွေး ခန္ဓာကိုယ်အတွင်းရောက်နေသည့် မောက်တာ့ယုံက ကောင်းမွန်စွာ နာလန်ပြန်ထူနေပြီး တစ်လကျော်မှသာရုတ်တရက် ခုခံအား ငြင်းဆန်တုံ့ပြန်မှုကို ကြုံခဲ့ရခြင်းပင်။ နောက်ဆုံး သုံးသပ်ချက်အရ သရဲဖြစ်သွားသော ဟယ်ရီက မောက်တာ့ယုံ သူ၏ခန္ဓာကိုယ်ထဲ၌ ကောင်းကောင်းမွန်မွန်ရှင်သန်နေသည်ကို မလိုလားသဖြင့် နေ့စဉ်ရက်ဆက် လက်စားချေရန်ကြိုးစားခဲ့ခြင်းဖြစ်၏။


ဒင်—


စနစ်မှ တုံ့ပြန်လာသည်။

[ အဖြေ မှန်ကန်ပါတယ် ၊ ကစားသမား 321 သည် 30 points အပိုဆုလာဘ်များ ရရှိမည်ဖြစ်ပြီး အမှတ်များကို ပုံတူရှင်းလင်းပြီးပါက ရေတွက်ပြီး ဖြန့်ဝေမည်

ဖြစ်သည်။ ]


“မြောင် မြောင်~”

အဖြေမှန်ကို ဖြေနိုင်လိုက်သော လီရှစ်က ရွှင်မြူးနေပြီး အဖြေမှားဖြေမိသော စုပေါင်စန်းကမူ ပူဆွေးသောကရောက်နေ၏။ ကျန်းချမ်း၏ မရှုမလှ သေဆုံးပုံကို ပြန်တွေးမိလျှင်ဖြင့် စုပေါင်စန်း၏ ခန္ဓာကိုယ်မှာ အထိန်းအကွပ်မဲ့စွာ တုန်ယင်လာရသည်။ 


ငါ တကယ်ကြီး သရဲသတ်တာ မခံချင်ဘူး…


ဟန်ကြွယ့်မင်က စုပေါင်စန်း၏ ပုခုံးအား အားပေးသည့် သဘောဖြင့် ပုတ်ပေးလိုက်သည်။

“ သိပ်လည်း မစိုးရိမ်နေပါနဲ့… ငါတို့ ဒီည မင်းနဲ့တူတူနေပြီး မင်း ကိုယ်လက်အင်္ဂါ စုံစုံလင်လင် သေရအောင် စောင့်ရှောက်ပေးမှာပါ…”


ဟန်ကြွယ့်မင်၏ အလွန်ငဲ့ညှာလှသော နှစ်သိမ့်မှုကြောင့် စုပေါင်စန်းက ငိုသည်ထက် ပို၍ အကျည်းတန်သော အပြုံးတစ်ခုကို လှစ်ဟလျက် ပြောလိုက်သည်။ 

“ ကျေးဇူးပါ… ကျေးဇူးပါ… “


[ ရွှတ်နောက်နောက်မှမနေရလျှင် သေမည့်သူ.. ပုံ/ နတ်ဆိုးဘုရင်ကြီး…]


[ သနားစရာ ညီငယ်လေးအတွက် စက္ကန့် တစ်သန်းလောက် တိတ်တဆိတ် ငိုကျွေးပေးလိုက်ပါတယ်…]


[ ငါတို့ ဂန္တဝင်တွင်မယ့် ညစာစားပွဲကြီးကို ထပ်မြင်ရဦးမှာလား… ငါ ဗိုက်ဆာနေလွန်းလို့ အာဟာရရည် ၁၀ ထုပ်တောင် ဝယ်ဖြည့်ထားပြီးပြီ… ငါ့အစာအိမ်ထဲရောက်သွားဖို့ပဲလိုတော့တာ… ]


[ နေပါဦး… စားဖို့မလောနဲ့ဦး.. မောက်ကျားကျားနဲ့ ကျန်တဲ့ သရဲတွေ ပုန်းနေကြသေးတယ်လို့ နတ်ဆိုးဘုရင်ကြီးပြောခဲ့တယ်မဟုတ်လား... ငါတော့ သူတို့ဘယ်အချိန် ပေါ်လာမလဲ ပိုစိတ်ဝင်စားမိတယ်…]


တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းရှိ ပရိသတ်များက အချိန်ကြာကြာ မစောင့်လိုက်ရပေ။ လီရှစ် အဖြေမှန် ဖြေပြီးသည်နှင့် သူတို့အဖွဲ့က ဓာတ်ခွဲခန်းထဲမှထွက်လာကြသည်။ မည်သို့ပင်ဖြစ်စေ အကျဉ်းစခန်းမှာ ဤ အခြေအနေထိ ရောက်လာပြီဖြစ်၍ သဲလွန်စများ ထပ်မံရှာဖွေရန် မလိုအပ်တော့ချေ။ နတ်ဆိုးဘုရင်ကြီး ဦးဆောင်ရာနောက်သာ လိုက်ရတော့မည်။ 


တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ကင်မရာမြင်ကွင်းက လီရှစ်နှင့် အခြားသူများထံမှ တစ်ဆင့် ပထမထပ်မှ ဒုတိယထပ်သို့ တက်ရာလှေကားဆီသို့ ကူးပြောင်းသွားသည်။

ထို့နောက် မြင်ကွင်းအတွင်းသို့ဝင်လာသည်က နံရံပေါ်၌ ချိတ်ဆွဲထားသော မိသားစု ဓာတ်ပုံတစ်ပုံပင်။ ထိုဓာတ်ပုံ၏ အနေအထားနှင့် ဖွဲ့စည်းပုံက မျက်စိပသာဒဖြစ်ဖွယ်ရာ မဟုတ်ပေ။ ထိုဓာတ်ပုံကို မြင်သည့် သူတိုင်း စိတ်မသက်မသာခံစားလိုက်ရ၏။ 


“ မင်းပြောတော့ မောက်ကျားကျားတို့ သရဲမိသားစုကို ရှာမယ်ဆို…”

စုပေါင်စန်းက ဟန်ကြွယ့်မင်၏ အတွေးရထားအား လိုက်မမှီတော့ဘဲ ပဟေဠိမျက်ဝန်းများဖြင့် မေးလိုက်သည်။ 

“ ဘာလို့ ဒီကိုလာတာလဲ…”


ဂလု— 


လီရှစ် တံတွေးမြိုချလိုက်ကာ သူ၏ ပန်းရောင်သမ်းနေသော ကြောင်လက်ဖဝါးလေးဖြင့် ဓာတ်ပုံကို ညွှန်ပြလျက် မေးလိုက်၏။ 

“ ဒီ ဓာတ်ပုံထဲမှာ သူတို့မိသားစု နေနေတယ်လို့ ဆိုလိုချင်တာတော့ မဟုတ်ဘူးမလား… “


ဟန်ကြွယ့်မင်က လက်ဖျောက်တီးလိုက်ကာ ရိုးသားစွာ ချီးမွမ်းလိုက်သည်။

“ ကြောင်လေး… မင်းရဲ့ ဦးနှောက်က သေးသေးလေး ပေမဲ့ အရမ်းဉာဏ်ကောင်းတာပဲ…”


လီရှစ် : “…”

ဘယ်လိုလုပ်ရပါ့… ငါ ရုတ်တရက်ကြီး ဘာကိုမှမကြောက်တော့ဘဲ ဒီလူ့ကို ကိုက်ပစ်ချင်လာသလို ခံစားရတယ်…


လီရှစ်၏ လူသားစားချင်နေသည့် အကြည့်များကို လျစ်လျူရှုလျက် ဟန်ကြွယ့်မင်က ဓာတ်ပုံကို ဖြုတ်ယူလိုက်သည်။ ဓာတ်ပုံ၏ နောက်ခံမြင်ကွင်းအရ ဗီလာအတွင်း၌သာ ရိုက်ထားဟန်တူသည်။ မောက်ကျားကျားက ဓာတ်ပုံ၏ အလယ်တွင်နေရာယူလျက် ညာဘက်ရှိ မောက်တာ့ယုံ၏ လက်မောင်းကိုဖက်ကာ ဘယ်ဘက်ရှိ ကျောက်ကျဲ၏ ပုခုံးအား မှီထားသည်။ မိသားစု သုံးယောက်မှာ ထိုဓာတ်ပုံထဲတွင် အလွန်ပျော်ရွှင်နေပုံရသည်။ 


သို့သော် ဟယ်ရီကမူ ဓာတ်ပုံထဲ၌ မပါဝင်ပေ။


သို့သော် ထိုသည်က အထူးဆန်းဆုံးအရာမဟုတ်ပေ။ ပို၍ ထူးဆန်းသည်မှာ ထိုမိသားစုဓာတ်ပုံက ခန္ဓာကိုယ်အပြည့်မဟုတ်ခြင်းပင်။ ဓာတ်ပုံ၏ အောက်ခြေအား သုံးလက်မခန့် ဖြတ်တောက်ခံထားရသကဲ့သို့ပင် လူသုံးယောက်၏ ခြေသလုံးအထိသာ ပါဝင်၏။ 


ကုရှင်းယွဲ့က ဓာတ်ပုံကို စစ်ဆေးလိုက်၏။ အနည်းငယ် ထူးဆန်းသည်မှလွဲ၍ အခြား မူမမှန်သည့်အရာများအား  သူမ သတိမပြုမိပေ။ 

“ နတ်ဆိုးဘုရင်ကြီး… ဒီ ဓာတ်ပုံထဲမှာ မောက်ကျားကျားတို့ မိသားစုရှိနေတယ်ဆိုတာ ရှင် သေချာလို့လား…”


“ ဒါပေါ့…”

ဟန်ကြွယ့်မင်က ဓာတ်ပုံမှန်ဘောင်ကို အသာအယာပုတ်လိုက်ကာ ပြောလိုက်၏။ 

“ ဟေး… မရှက်ကြပါနဲ့… ဗီလာမှာ သုံးရက်လောက် ညအိပ်လာနေတဲ့ ဧည့်သည်တွေကိုတောင် ထွက်နှုတ်မဆက်တော့ဘူးလား…”


လူတိုင်း : “….”


ဓာတ်ပုံထဲရှိ မောက်ကျားကျားက တုတ်တုတ်မျှမလှုပ်ပေ။ သို့သော် ယခုလေးတင် ပြုံးရွှင်မှုများပြည့်နှက်နေသော သူမ၏ မျက်ဝန်းများအတွင်း မကျေချမ်းမှုများ လွှမ်းခြုံလာကာ ဟန်ကြွယ့်မင်အား လည်ပင်းညှစ်သတ်ချင်နေသကဲ့သို့ မုန်းတီးစွာ စိုက်ကြည့်နေ၏။ 


မမျှော်လင့်စွာပင် ဟန်ကြွယ့်မင်က အကြောက်အလန့်မရှိ ဆက်၍ ကျီစားလိုက်သည်။ 

“ ဧည့်သည်ရဲ့ တောင်းဆိုမှုကို ဂရုမစိုက်တာပဲ... ဒါက မင်းမိဘ မင်းကိုသင်ပေးထားတဲ့ ဧည့်ဝတ်ပျုငှာနည်းလား… မင်းက တော်တော် ကျင့်ဝတ်မရှိတာပဲ…”


ထိုစကားလုံးများမှာ မောက်ကျားကျားအဖို့ အနာကိုဆားသိပ်သကဲ့လိုဖြစ်သွားပုံရ၏။ ဓာတ်ပုံအတွင်းရှိ သူမ၏အပြုံးက လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး သူမ၏ သစ်ကြားစေ့သဏ္ဍာန် မျက်လုံးများမှာ တွင်းနက်ကြီးကဲ့သို့ မဲမှောင်သွားကာ ပတ်ဝန်းကျင်ရှိ အရာမှန်သမျှတို့ကို တွန့်လိမ်ရှုံ့တွစေလျက် လီရှစ်နှင့် အခြားသူများအား ဓာတ်ပုံအတွင်းသို့ ဆွဲစုပ်ယူနေ၏။ 


“ ကယ်… ကယ်ကြပါဦး…”

စုပေါင်စန်းက သူ၏ လျင်မြန်ဖျတ်လတ်သော လက်များဖြင့် လှေကားလက်ရန်းကို ဆွဲဖက်ထားလျက် မျက်စိစုံမှိတ်ကာ ကြက်အော်သံတမျှ လှပသော ငိုသံဖြင့် ထိတ်လန့်တကြား အော်ဟစ်နေသည်။ 


ဖြန်း—


တိုပြတ်ပြတ်နှင့် ကျယ်လောင်သော ရိုက်သံတစ်ခု ထွက်လာသည်။ လီရှစ်က သတိလွတ်နေသော စုပေါင်စန်းအား ခုန်၍ ရိုက်လိုက်ခြင်းဖြစ်၏။ 


“ ကျစ်…”

စုပေါင်စန်းက နာကျင်မှုကြောင့် သတိပြန်ဝင်လာသည်။ 

သူမျက်လုံးဖွင့်လိုက်သည်နှင့် သူ၏လက်များက နံရံပေါ်ရှိ ဓာတ်ပုံတစ်ခု၏ ဘောင်အား ကိုင်ထား၍ သူ၏ ခေါင်းမှာ ဓာတ်ပုံ၏ အလယ်တည့်တည့်တွင်ရှိနေသည်ကိုတွေ့လိုက်သည်။ ပုံစံက ဓာတ်ပုံအတွင်းသို့ ဝင်ချင်နေသည့်အလားပင်။ စုပေါင်စန်းက အလွန်ထိတ်လန့်သွားလျက် လှေကားစွန်းမှ ပြုတ်ကျလုမတတ် အနောက်သို့ ခုန်လိုက်၏။ 


“ ဘုရားရေ…ဘာတွေဖြစ်ကုန်တာလဲ…”

စုပေါင်စန်းက သူ၏ အဆောတလျင်ခုန်ပေါက်နေသော နှလုံးအား ဆုပ်ကိုင်လိုက်သော်လည်း ထိတ်လန့်မှုက မပြေပျောက်သေးပေ။ 


ဟန်ကြွယ့်မင်က သူ၏ကုတ်အင်္ကျီနှင့် ထုတ်ပိုးထားသော မိသားစုဓာတ်ပုံအား ကြည့်ကာ ပြောလိုက်သည်။

“ မောက်ကျားကျားက အရှုပ်ထုပ်တွေလုပ်သွားတာ… ခုနက မင်းမြင်လိုက်ရတာတွေက ပုံရိပ်ယောင်တွေချည်းပဲ…”


စုပေါင်စန်း : “ ဒါဖြင့် ဘာလို့ ငါပဲလှည့်စားခံရပြီး မင်းတို့က ဘာမှမဖြစ်တာလဲ…”


လီရှစ်က သူ၏ လက်ဖဝါးလေးအား အသာအယာ လျက်လိုက်သည်။ 

“ ဘာလို့ဆို မင်းမှာ ဦးနှောက်မရှိလို့ပေါ့… ဟန်ကြွယ့်မင်က လွဲပြီး ငါတို့အားလုံး လှေကားအောက်မှာရပ်နေတာလေ… ပြေးဖက်ဖို့ လှေကားလက်ရန်းတောင် ရှာစရာမလိုဘူး ဒီတိုင်းရပ်နေလို့ရနေတာကို မင်းက လှေကားပေါ်ပြေးတက်ပြီး နံရံပေါ်က ဓာတ်ပုံထဲ အတင်းတိုးဝင်နေတာ… ဓာတ်ပုံထဲ မင်းဝင်လို့ရမရတော့ မသိဘူး ဒါပေမဲ့ နောက်ထပ်အကြိမ်နည်းနည်းလောက် ထပ်ခုန်ဝင်နေမယ်ဆိုရင်တော့ မင်း ခေါင်းထိပြီး သတိလစ်သွားလောက်မှာ အသေအချာပဲ…”


စုပေါင်စန်း : “…”

ငါလေးက အရမ်းသတ္တိနည်းပါတယ်… ငါ ဒီလို ကြောက်စရာကောင်းတဲ့ ဂိမ်းမျိုးဆော့ဖို့ တကယ်ကို အဆင်သင့်မဖြစ်သေးဘူး…. 


[ ကြောင်သားလေး နဲ့ မမလေး က အရမ်းတည်ငြိမ်လွန်းတယ်… သူတို့နှစ်ယောက်လုံး သရဲဆီကတောင် အလှည့်စား မခံလိုက်ရဘူး…ကြောင်သားလေးဆို ညီငယ်လေးကိုတောင် ကယ်တင်လိုက်သေးတယ်…] 


[ နတ်ဆိုးကြီးရဲ့ တုံ့ပြန်မှုကလည်း အရမ်းမြန်တယ်… ပုံရိပ်ယောင် ပေါ်ပေါ်လာချင်းပဲ သူ့ရဲ့ကုတ်အင်္ကျီ ကိုချွတ်...ဓာတ်ပုံကို ဖုံးလိုက်ပြီး ပုံရိပ်ယောင်ကို ချိုးဖောက်လိုက်တာ…]


[ ငါ နတ်ဆိုးကြီးရဲ့ အင်္ကျီအောက်က ကြွက်သားတွေကို ဝိုးတိုးဝါးတား မြင်လိုက်ရတယ်… ထပ်ကြည့်ချင်တယ်… / လျက်/ လျက်/]


ကုရှင်းယွဲ့က တင်းကြပ်စွာ ထုပ်ပိုးထားသော ဓာတ်ပုံကိုကြည့်လျက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ 

“ သရဲတွေက မသန်မာလွန်းဘူးလား… ဘာလို့ ကျွန်မတို့ကို ထွက်လာပြီး မတိုက်ခိုက်တာလဲ…”


သဘာဝလွန်သိပ္ပံမေဂျာမှ စီနီယာကျောင်းသားဖြစ်သူ လီရှစ်က တောက်ပသည်အထိ လျက်ထားသော သူ၏ ကြောင်လက်ဖဝါးလေးအား ချလိုက်ကာ ယောကျာ်းဆန်သည့် လေသံဖြင့် တည်ကြည်လေးနက်စွာပြောလာ၏။

“ ကျွန်တော်ထင်တာတော့… အကြောင်းအရင်းက နှစ်ခုရှိလိမ့်မယ်…”



😺😺😺