Ch 15
Viewers 1k

😺Chapter 15

စကားနားမထောင်ရင် တစ်စစီ ဆွဲဖြဲခံရမယ်…



လီရှစ်က သူ၏မှန်းဆချက်ကို ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်ပြောလာ၏။ 

“ ပထမအချက်အနေနဲ့ အခုက နေ့ခင်းဘက်ဖြစ်နေတဲ့အတွက် မောက်ကျားကျားက တိုက်ရိုက်ပေါ်မလာနိုင်ဘဲ ပုံရိပ်ယောင်သုံးပြီးလှည့်စားတာဖြစ်နိုင်တယ်… အဲ့လိုမှမဟုတ်ရင်တော့... သူ လုံးဝ ပေါ်မလာရဲတာပဲ ဖြစ်ရမယ်…”


ယခုလေးတင်ပင် ကြောက်ရွံ့တုန်လှုပ်နေသော စုပေါင်စန်းက လီရှစ် ရှင်းပြသည်ကိုကြားသော် အာရုံစူးစိုက်မှုအပြည့်ဖြင့် မေးလာသည်။ 

“ သူ ပေါ်မလာရဲဘူးဆိုတာ ဘာကိုဆိုလိုတာလဲ…”


“ ငါ နားလည်ပြီ… သရဲဖြစ်သွားတာချင်း တူတာတောင် မောက်ကျားကျားက ဟယ်ရီလောက် မသန်မာဘူး... ဆိုတဲ့ အဓိပ္ပာယ်မလား…“ 

ကုရှင်းယွဲ့က တွေးဆလျက် ပြောလိုက်၏။ 

“ တကယ်လို့ မောက်ကျားကျားသာ ဗီလာထဲ ပေါ်လာခဲ့မယ်ဆိုရင် ခွေးသရဲ ဟယ်ရီက ချက်ချင်း သတိထားမိပြီး လက်စားချေဖို့ သေချာပေါက် ကြိုးစားလိမ့်မယ်… အဲ့ဒါကြောင့် သူက ဓာတ်ပုံထဲက ထွက်မလာရဲတာပေါ့…”


“ အမှန်ပဲ… “ 

လီရှစ်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ 


ထိုရှင်းပြချက်ကို နားထောင်ပြီးသည့်တိုင် စုပေါင်စန်းမှာ နားမလည်သေးချေ။ 

“ ဒါဆို မောက်ကျားကျားက ဘာလို့ ဓာတ်ပုံထဲမှာ ပုန်းနေလို့ရတာလဲ… ဟယ်ရီကလည်း သရဲပဲမဟုတ်လား… သူကရော မောက်ကျားကျားနဲ့ တခြားသူတွေကို ဓာတ်ပုံထဲ ဝင်ရှာလို့မရဘူးလား…”


“…”


လူနှစ်ယောက်နှင့် ကြောင်တစ်ကောင်က ဦးနှောက်ဖွံ့ဖြိုးမှု နှောင့်နှေးနေသော သူတို့၏ အသင်းဖော်လေး

စုပေါင်စန်းအား စာနာသနားမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ 


လီရှစ်က နံရံပေါ်တွင် ချိတ်ဆွဲထားသော ဓာတ်ပုံများကို ညွှန်ပြကာ မေးလိုက်၏။ 

“ အဲ့ဒီ ဓာတ်ပုံတွေမှာ တစ်ခုခု ထူးခြားနေတယ်လို့ မထင်ဘူးလား…”


စုပေါင်စန်းက မျက်မှောင်ကြုတ်လျက် ဓာတ်ပုံများကိုကြည့်လိုက်သည်။ 

“ ဟမ်း… ဒီဓာတ်ပုံဆရာက တော်တော်လေး ညံ့တာပဲ... ဒီလောက် နွေးထွေးတဲ့ မိသားစုပုံကိုတောင် တစ်မျိုးကြီးဖြစ်အောင် ရိုက်နိုင်တာ…”


ရင့်ကျက်သော ကြောင်တစ်ကောင်အနေဖြင့် လီရှစ်ကသက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ 

“ ပြောချင်တာက… ဒီဓာတ်ပုံတော်တော်များများက အဖြတ်ခံထားရတာ… ဟယ်ရီပါတဲ့ နေရာပဲ ကွက်ပြီး ညှပ်ထုတ်ထားတော့ အနေအထားက ထူးဆန်းသလိုဖြစ်နေတာလေ... နောက်ပြီး ဟယ်ရီနဲ့ရိုက်ထားတဲ့ပုံတွေကလည်း တိတိကျကျပြောရမယ်ဆိုရင် အဲ့ဒါ ဟယ်ရီအစစ် မဟုတ်ဘူး… ခွေးဘဝပြောင်းသွားတဲ့ မောက်တာ့ယုံပဲ... ဒီဓာတ်ပုံတွေထဲမှာ ဟယ်ရီအစစ်ရဲ့ပုံ တစ်ပုံမှ မပါတဲ့အတွက် ဟယ်ရီက ဓာတ်ပုံထဲဝင်ပြီး လက်စားချေလို့မရဘူး…” 


ရှင်းပြနေစဉ်အတွင်း လီရှစ်က နှလုံးသားထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ မောက်ကျားကျားက အမှန်တကယ် ဉာဏ်ထက်လှ၏။ သူမက ကိုယ့်ကိုယ်ကိုယ် သတ်မသေခင်၌ အရာရာအား စေ့စပ်သေချာစွာ ကိုင်တွယ်လုပ်ဆောင်သွားပြီး ဟယ်ရီအဖို့ လက်စားချေရန် အခွင့်အရေး တစ်ခုမျှပင် မချန်ရစ်ခဲ့ပေ။ 


ရှင်းပြချက်ကို နားထောင်ပြီးသည်နှင့် စုပေါင်စန်းက တုံးအသော မေးခွန်းများ ထပ်မမေးတော့ဘဲ အနည်းငယ် သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ 


နေ့လယ်ခင်း၌ လူသုံးယောက်နှင့် ကြောင်တစ်ကောင်က နေ့လယ်စာ စားပြီးသည်နှင့် စုပေါင်စန်း၏ အခန်းအတွင်းစုလျက် ဟယ်ရီအား မျှားခေါ်ရန် အဆင်သင့်ပြင်လိုက်ကြ၏။ 


tick— 

{ T/N : 嗒—- ( tick—) = နာရီသံ }


ညအချိန်ဖြစ်၏။

နာရီလက်တံ ၁၂ သို့ ညွှန်ပြသည်နှင့် တစ်ပြိုင်နက် အဖြူရောင်အရိပ်တစ်ခုက ပိတ်ထားသော တံခါးမှ ဖြတ်သန်းဝင်ရောက်ကာ တိတ်ဆိတ်စွာဖြင့် စုပေါင်စန်း၏ အိပ်ရာအနားသို့ တရွေ့ရွေ့ချဉ်းကပ်လာသည်။ 


လိုက်ကာ အနောက်တွင် ပုန်းနေသော လီရှစ်၊ ဟန်ကြွယ့်မင်နှင့် ကုရှင်းယွဲ့တို့ သုံးယောက်လုံး ဟယ်ရီ၏ လှုပ်ရှားမှုကို မြင်တွေ့လိုက်ရ၏။ 


ထိုအချိန်မှသာ လီရှစ်က စနစ်က အိပ်ရာမဝင်မီ တံခါးအား သော့မခတ်ရန် သတိပေးခဲ့သည့် အကြောင်းအရင်းကို သဘောပေါက်လိုက်၏။ တံခါးကို သော့ခတ်ထားခြင်းက သရဲများအား မတားဆီးနိုင်ပေ။ ထို့အစား မိမိ၏ လွတ်မြောက်ခြင်းကိုသာ အဟန့်အတားဖြစ်စေလိမ့်မည်။ 


လီရှစ်၏ ဘဝတစ်လျှောက် ကြုံတွေ့ရခဲ့သမျှတွင် နားလည်ရအခက်ဆုံးနှင့် အရှုပ်ထွေးဆုံးမှာ စနစ်၏ စည်းမျဉ်းများပင်ဖြစ်၏။ 


ငါ ဒီဗီလာမှာ နေခဲ့တဲ့ ရက်တွေအတွင်း ညတိုင်း တံခါးသော့ခတ်ပြီး အိပ်ခဲ့ပေမဲ့ အဲ့ဒါက အမှန်တကယ်တော့ သရဲတွေရဲ့ ရန်က နည်းနည်းလေးတောင် မကာကွယ်ပေးနိုင်ဘူးတဲ့လေ... အဲဒီအပြင် ကိုယ့်ပြေးပေါက် ကိုယ်ပိတ်လိုက်သလိုတောင် ဖြစ်ဦးမယ်တဲ့…


ငါ အနာဂတ်မှာ စနစ်ရဲ့ စည်းမျဉ်းတွေကို ကိုးကားပြီး ဝတ္ထုတောင်ရေးလို့ရတယ်… အဲ့ဒါ တကယ်အသုံးဝင်လောက်တယ်မလား…


အခန်း၏ တစ်ဖက်ခြမ်းတွင် ခွေးသရဲ ဟယ်ရီက အိပ်ရာပေါ်၌ လွင့်မြောနေသည်။ ၎င်းက ဂွမ်းစောင်အတွင်း နစ်မြုပ်နေသော စုပေါင်စန်းအား အထက်စီးမှ စိုက်ကြည့်နေလျက် ၎င်း၏ သွေးစွန်းနေသော မျက်လုံးများက တဖျက်ဖျက် လှုပ်ခတ်နေသည်မှာ စုပေါင်စန်းအား မည်သို့မည်ဖုံ သတ်ရမည်ကို အသည်းအသန် စဉ်းစားနေသည့်အလားပင်။


အေးစက်သော ထွက်သက်တစ်ခု သူ၏မျက်နှာပေါ်သို့ ကျရောက်လာလျှင်ပင် စုပေါင်စန်းသည် ဟယ်ရီက သူ့အား ရှာတွေ့သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ 


ကံကောင်းလို့... နတ်ဆိုးဘုရင်ကြီးရဲ့ အကြံက အောင်မြင်တော့မယ်…


စုပေါင်စန်းက ဂွမ်းစောင်အတွင်း၌ ပုစွန်တစ်ကောင်ကဲ့သို့ ကွေးနေ၏။ သူ၏ သွားများသည်လည်း ကြောက်ရွံ့စိတ်ဖြင့် တုန်ယင်ရိုက်ခတ်နေကာ နားဝင်မချိုသော အသံများပင် ထွက်ပေါ်လာသည်။ ဟယ်ရီ၏ လှုပ်ရှားမှုများက သူ့နှလုံးသားထဲရှိ အကြောက်တရားအား လှိုက်တက်လာစေ၏။


စုပေါင်စန်းအား အချိန်မရွေး တိုက်ခိုက်လာနိုင်သော ဟယ်ရီ့ကို မြင်သည်နှင့် ကုရှင်းယွဲ့က အဝတ်ဖြင့် ပတ်ထားသော မိသားစုဓာတ်ပုံကို ဆွဲထုတ်ကာ တောက်ပစွာပြုံးနေသော မောက်ကျားကျားကိုကြည့်၍ ပြင်းထန်စွာ အော်လိုက်သည်။ 

“ ထွက်လာစမ်း… “


ဓာတ်ပုံမှာ သာမန်အလား ချပ်ရပ်နေသော်လည်း ဓာတ်ပုံအတွင်းရှိ လူများမှာ အသက်ဝင်လာပုံရသည်။ 


ဟယ်ရီ၏ အသက်ရှုသံကို ခံစားလိုက်မိသည်နှင့် မောက်ကျားကျား၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး အကျည်းတန်လာ၏။ သူမ၏ ဘေးနှစ်ဖက်ရှိ မောက်တာ့ယုံနှင့် ကျောက်ကျဲမှာ ပို၍ပင် အခြေအနေဆိုးနေသည်။ ထိုနှစ်ဦးမှာ မောက်ကျားကျားထက်ပင် ကြောက်ရွံ့ကာ တုန်လှုပ်နေသည်။ ဟယ်ရီနှင့် သူတို့ကြားရှိ ခွန်အားက အလွန်ကွာဟနေပုံရသည်။ မဟုတ်လျှင် ဤမျှ ကြောက်နေစရာ အကြောင်းမရှိပေ။ 


“ အား... “

စုပေါင်စန်းက ရုတ်တရက် အော်ဟစ်လာသည်။ 

သူ၏ မျက်လုံးများက ပြူးကျယ်လာပြီး မျက်နှာသည်လည်း အနီရောင်သမ်းလာသည်မှာ မမြင်ရသော လက်တစ်စုံက လည်ပင်းညှစ်ထားသကဲ့သို့ပင်။ သူ၏ ခြေလက်များမှာ အပြင်းအထန် ရုန်းကန်နေပြီး ဤဆိုးဝါးလှသော ချုပ်တည်းမှုထံမှ လွတ်မြောက်နိုင်ရန် ကြိုးစားနေ၏။ သို့သော် ကြိုးစားမှုများက အရာမထင်ပေ။ သူ၏ လေပြွန်အတွင်း အောက်စီဂျင်မှာ နည်းသထက်နည်းလာပြီး အသက်ရှုရပ်လုဆဲဆဲ အခြေအနေသို့ရောက်ရှိနေပြီဖြစ်၏။ 


စုပေါင်စန်း၏ မချိမဆန့် ခံစားနေရပုံကိုကြည့်ကာ ကုရှင်းယွဲ့က ထိပ်ပျာလျက် ထပ်မံအော်လိုက်သည်။

“ ဘာတွေ မိန်းမောတွေဝေနေတာလဲ… ထွက်လာခဲ့စမ်း…”


မောက်ကျားကျား၏ မျက်ဝန်းအတွင်းရှိ အကြောက်တရားမှာ ထေ့ငေါ့မှုများအဖြစ် ပြောင်းလဲသွားကာ သူမ၏ ကွေးညွတ်နေသော နှုတ်ခမ်းပေါ်တွင် သရော်ပြုံးများဖြင့် ပြည့်နှက်သွားတော့သည်။ 

ငါသာ ထွက်မလာရင်… ဒီလူသားတွေ ဘာများလုပ်နိုင်မှာမို့လို့လဲ… 


ထိုစဉ် မောက်ကျားကျားက မောက်တာ့ယုံနှင့် ကျောက်ကျဲတို့လက်အား ဆုပ်ကိုင်လျက် ရုတ်ချည်းပင် လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွား၏။


နေဦး… ပျောက်သွားတာလား…


လီရှစ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ ပြောလိုက်သည်။

“ လူတွေ… အဲ မှားလို့... သရဲတွေ ဘယ်ရောက်ကုန်တာလဲ…”


ဟန်ကြွယ့်မင်က ဓာတ်ပုံအတွင်းရှိ နောက်ခံဗီလာအား သူ၏ မူပိုင်ဟန်အတိုင်း ညွှန်ပြလျက် ပြောလိုက်၏။

“ အဲဒီထဲမှာ ပုန်းနေတာ ဖြစ်လောက်တယ်…”


လီရှစ် “…”


ကြည့်ရသည်မှာ ထိုဓာတ်ပုံအတွင်း၌ ကမ္ဘာတစ်ခုရှိနေသည့်ပုံပင်။ သို့သော် သူတို့ မဝင်နိုင်ပေ။ ထိုကမ္ဘာနှင့် တကယ့်အပြင်ကမ္ဘာ၏ ကွာခြားချက်ကိုလည်း သူတို့မသိပေ။ 


“ သေစမ်း… “

အမြဲတစေ ယဉ်ကျေးစွာပြုမူနေထိုင်တတ်သော ကုရှင်းယွဲ့သည်ပင် မကျိန်ဆဲဘဲ မနေနိုင်လိုက်ပေ။ 

“ သူတို့ ထွက်လာတော့မှာမဟုတ်ဘူး… ငါတို့ဘာဆက်လုပ်ကြမှာလဲ… ဟယ်ရီက စုပေါင်စန်းကို သတ်တာကိုပဲ ထိုင်ကြည့်နေကြတော့မှာလား…”


“ စိတ်မပူပါနဲ့… သူတို့ပုန်းလိုက်တာနဲ့ပဲ ငါတို့ ဘာမှလုပ်မရတော့ဘူးလို့ ဘယ်သူပြောလဲ…”

ဟန်ကြွယ့်မင်က ကောက်ကျစ်စွာပြုံးလိုက်ပြီး ဓာတ်ပုံဘောင်အား ဖွင့်လိုက်ကာ ဓာတ်ပုံကို ခေါက်လိုက်သည်။ 

ထိုနောက် ဆုတ်ဖြဲအသံနှင့်အတူ ဓာတ်ပုံက တစ်စစီ ဆွဲဖြဲခံလိုက်ရကာ သရဲများ၏ အော်ဟစ်သံများ ကျယ်လောင်စွာထွက်ပေါ်လာ၏။


“ ဒီလောက်ဆို သူတို့ ပုန်းစရာနေရာ ရှာလို့မတွေ့လောက်တော့ဘူးမဟုတ်လား…”


ဓာတ်ပုံမှာ ဖျက်ဆီးခံလိုက်ရပြီးနောက် ဓာတ်ပုံအတွင်းရှိ ကမ္ဘာအတုသည်လည်း ပျောက်ကွယ်သွားတော့သည်။ မောက်ကျားကျားနှင့် အခြားသရဲများသည်လည်း ဓာတ်ပုံကမ္ဘာအတွင်းမှ အတင်းအကြပ်ဆွဲထုတ်ခံလိုက်ရသည်။ သရဲမိသားစု၏ ပုံရိပ်သုံးခုမှာ သူတို့ရှေ့မှောက်၌ ပေါ်လာလေ၏။


“ ငါနင့်ကို သတ်ပစ်မယ်…”

မောက်ကျားကျားက ဒေါသပုန်ထလျက် ကြမ်းပြင်ပေါ်မှ ကုန်းထကာ ဟန်ကြွယ့်မင်အား ကြိမ်းမောင်းလိုက်သည်။ သို့သော် သူမ ဟန်ကြွယ့်မင်ထံသို့ မခုန်အုပ်မီတွင်ပင် အခန်းအတွင်း၌ ရှိနေသော ဟယ်ရီက သတိထားမိသွား၏။


ဟယ်ရီက မကြာမီတွင် သေဆုံးတော့မည့် စုပေါင်စန်းအား ယတိပြတ်ပင် လွှတ်ချကာ မောက်ကျားကျားထံသို့ အလင်းအလျင်ဖြင့် ပြေးသွားသည်။ ၎င်း၏မျက်လုံးများက သွေးရောင်လွှမ်းနေလျက် ခန္ဓာကိုယ်သည်လည်း အလွန်အမင်းဒေါသထွက်မှုကြောင့် ဖောင်းတလှည့် ပိန်တလှည့်ဖြစ်နေ၏။ 


“ အဟွတ်... အဟွတ်... အဟွတ်…”

စုပေါင်စန်းက သူ၏ ကျိုးလုဆဲဆဲ လည်ပင်းအား ဆုပ်ကိုင်လိုက်ကာ အဆက်မပြတ် ချောင်းဆိုးနေသည်။ သူက ယခုလေးတင် ငရဲတံခါးဝမှ ပြန်လည်ရောက်ရှိလာပြီး အပြည့်အဝ မသက်သာသေးသည့်တိုင် သူ၏မျက်လုံးများက ဟယ်ရီ့နောက်သို့ ထပ်ကြပ်မကွာလိုက်လျက် ပွဲကြီးပွဲကောင်းကြည့်ရရန် မျှော်လင့်စောင့်စားနေ၏။ 


“ ဝုတ်— “

ဟယ်ရီက လူတစ်ရပ်စာအထိ ခုန်လိုက်ကာ မောက်ကျားကျားအား မြေပြင်ပေါ်သို့ လွင့်စင်စေသည်အထိ ကန်လိုက်သည်။ သူ၏ မာန်ဖီနေသော သွားများက ချွန်မြနေပြီး လရောင်အောက်တွင် ဝင်းလဲ့တောက်ပနေ၏။ 


ထို့နောက် ဟယ်ရီက မတုံ့နှေးဘဲ မောက်ကျားကျား၏ လည်ပင်းအား ကိုက်ချလိုက်သည်။



😺😺😺