😺Chapter 16
သိပ်ကိုစွမ်းအားကြီးတဲ့ ကြောင်ကလေး…
“ ဖယ်စမ်းပါ နံစော်နေတဲ့ ခွေးကောင်ရဲ့…”
မောက်ကျားကျားက အော်ဟစ်ကာ ရုန်းကန်လိုက်သော်လည်း ဟယ်ရီ၏ အဆက်မပြတ်တိုက်ခိုက်မှုများကို မခုခံနိုင်ခဲ့ပေ။ သူမ၏ တစ်ကိုယ်လုံးမှာ marshmallow အလား ဟယ်ရီထံမှ ကိုက်ဖဲ့ခံနေရ၏။
“ ကျားကျား…”
ကျောက်ကျဲက ကြမ်းပြင်ပေါ်မှ ကပျာကယာ ထလာပြီး မောက်ကျားကျားအား စိုးရိမ်ကြီးစွာဖြင့် ကြည့်နေသည်။
ကျောက်ကျဲ၏ ပုံပန်းသွင်ပြင်အရ သူမက အိပ်ဆေးသောက်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်မှာ သံသယဝင်စရာပင် မလိုတော့ချေ။ သူမ၏ မျက်နှာက ဖြူဖျော့နေသော်လည်း ခန္ဓာကိုယ်၌ အခြားဒဏ်ရာများမရှိပေ။ သို့သော် ကျောက်ကျဲ၏ နံဘေးရှိ မောက်တာ့ယုံ၏ အသွင်အပြင်မှာ ပို၍ပင် သနားဖွယ်
ကောင်းနေ၏။ သူ၏ မျက်လုံးများတစ်ဝိုက်၌ ကြီးမားသော အနက်ရောင် အကွင်းကြီးများရှိနေပြီး သူ၏ မျက်အိတ်များက ပါးပြင်အထိတွဲကျနေသည်မှာ ရက်အတော်ကြာ မအိပ်ထားသကဲ့သို့ပင်။
“ သွား... ဟယ်ရီ့ကို မြန်မြန် မောင်းထုတ်လိုက်လေ..”
ကျောက်ကျဲက နှုတ်ဆိတ်စွာ ရပ်နေသော မောက်တာ့ယုံအား တိုက်တွန်းလိုက်၏။
“ သွားလေ…“
“ ငါ… ငါ...“
မောက်တာ့ယုံ စကားဆုံးသည်ထိပင် မဆိုလိုက်ရချေ။ ကျောက်ကျဲက သူ့အား ဟယ်ရီ့ဆီသို့ ညှာတာမှုကင်းမဲ့စွာ တွန်းထုတ်လိုက်သည်။ မောက်ကျားကျားက ထိုအခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်ကာ အန္တရာယ်များသော နေရာမှ ချက်ချင်းပင် ထွက်ပြေးတော့သည်။
ဤကဲ့သို့ လျှပ်တစ်ပြက် တိုက်ခိုက်ခံရမှုကြောင့် ဟယ်ရီ၏ အမုန်းတရားပစ်မှတ်က ချက်ချင်းပင် မောက်တာ့ယုံ ထံသို့ ကူးပြောင်းသွား၏။ ဟယ်ရီက သူနှင့် အဝေးဆုံး၌ ရှိနေသော ကျောက်ကျဲအား တိုက်ခိုက်ရန်အကြံကို စွန့်လွှတ်လိုက်ကာ ခွန်အားအနည်းဆုံးဖြစ်သော မောက်တာ့ယုံကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့သည်။
ကြမ်းပြင်ပေါ်တွင် လဲကျနေသော မောက်တာ့ယုံက လေးဘက်ထောက်ပြေးလျက် လွတ်မြောက်ရန်ကြိုးစားသော်လည်း ခြေနှစ်လှမ်းမျှသာ လှမ်းရရုံတွင်ပင် ဟယ်ရီထံမှ အဖမ်းခံရကာ ကြမ်းပြင်ပေါ်သို့ တစ်ဖန် ပြန်ပြုတ်ကျသွား၏။
“ အားးး”
မောက်တာ့ယုံက မောက်ကျားကျားကဲ့သို့ သန်မာမှုမရှိပေ။ နှစ်ချက်၊ သုံးချက်မျှ အကိုက်ခံရရုံဖြင့် သူသည် ဟယ်ရီ၏ အစာအိမ်အတွင်းသို့ လုံးလုံးလျားလျား ရောက်ရှိသွားလေသည်။
မောက်တာ့ယုံကိုပင် စားပစ်နိုင်သည့် ဟယ်ရီ၏ ခွန်အားကိုမြင်သော် ကျောက်ကျဲက သူမ၏ နံဘေး၌ ရပ်နေသော မောက်ကျားကျားအား တိုက်တွန်းလိုက်သည်။
“ ငါ့ကို မြန်မြန်စားလိုက်… အဲ့လိုလုပ်မှပဲ နင် အဲ့ကောင်ကို သတ်နိုင်မယ့် ခွန်အားရမှာ…”
မောက်ကျားကျား၏ မျက်ဝန်းအတွင်း တွေဝေတုံ့ဆိုင်းမှုများ ဖြတ်သန်းသွား၏။
“ ဟင့်အင်း… အဲ့လိုက မဖြစ်နိုင်ဘူး…”
“ ငါတို့ တစ်မိသားစုလုံး သေသွားတာမြင်ချင်လို့လား…”
ကျောက်ကျဲ၏ ဒေါသကိုမြင်သော် မောက်ကျားကျားက မတတ်နိုင်ဘဲ သူမ၏ ပါးစပ်ကို ဖွင့်ရန်သာ ရွေးချယ်လိုက်ရသည်။ သူမ၏ပါးစပ်က အလွန်ကြီးမားသော အနက်ရောင် အပေါက်ကြီးအဖြစ်ပြောင်းလဲသွားပြီးနောက် သူမထက်ပင် အရွယ်အစားကြီးမားသော ကျောက်ကျဲအား ဝါးမြိုလိုက်၏။ ကြီးမားကျယ်လောင်သော မြိုချသံထွက်လာသည်နှင့် မျက်ရည်စီးကြောင်းနှစ်ခုမှာ သူမ၏ မျက်ဝန်းထောင့်မှ စီးကျလာသည်။
တစ်ဒင်္ဂကြာသော် မောက်ကျားကျား၏ ခန္ဓာကိုယ်အား ပြင်းထန်သော သရဲအငွေ့အသက်များက လွှမ်းခြုံလာသည်။ သူမက ဟယ်ရီ၏ တိုက်ခိုက်မှုများကို ယခင်ကဲ့သို့ ရှောင်ပုန်းမနေတော့ဘဲ တိုက်ရိုက်ရင်ဆိုင်လာသည့်အပြင် ဟယ်ရီနှင့် တန်းတူပြန်လည်တိုက်ခိုက်လာနိုင်၏။
နတ်ဆိုးဝိညာဥ်နှစ်ကောင်ကြားရှိတိုက်ပွဲက အလှသက်သက် ဟန်ရေးပြပွဲနှင့် မတူလှပေ။ ရိုးရှင်းကာ ဟန်ဆောင်မှု ကင်းလျက် အနည်းငယ် ဗရုတ်သုတ်ခနိုင်လေသည်။ ထိုနှစ်ဦးမှာ တစ်ယောက်ကို တစ်ယောက် အရူးအမူး ကိုက်ဖြတ်နေကြပြီး လူမဆန်သည့် သွေးထွက်သံယို မြင်ကွင်းတစ်ခုကိုဖန်တီးနေကြ၏။
[ ဖာ့ခ်… ဒါကြီးက အရမ်း သွေးထွက်သံယိုဖြစ်လွန်းတာပဲ… ငါဆို ကြောက်လွန်းလို့ ငါ့ရဲ့မျက်လုံးတွေတောင် ကာထားမိတယ်…]
[ ကုဒ်ဝှက်ဂိမ်း ပုံတူတစ်ခုထဲမှာ ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲကို မြင်ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး... ပြီးတော့ နတ်ဆိုးဝိညာဥ်နှစ်ကောင်တိုက်ခိုက်ကြတာတဲ့… သိပ်ကိုစိတ်လှုပ်ရှားဖို့ကောင်းလွန်းတယ်…]
[ ထင်ထားတဲ့အတိုင်းကို နတ်ဆိုးဘုရင်ကြီးက ပြဿနာရှာတဲ့နေရာမှာ အတော်ဆုံးပဲ… ]
[ နေပါဦး… ဒီသရဲနှစ်ကောင်လုံး သေသွားရင် အကျဉ်းစခန်းကို ရှင်းပြီးသွားပြီလို့ အဓိပ္ပာယ်ရတယ်မလား… ဒါဆို ဒီထုတ်လွှင့်မှုက အကျဉ်းစခန်းကိုအစောဆုံးရှင်းနိုင်တဲ့ ထုတ်လွှင့်မှုဖြစ်လာမှာပေါ့… ]
[ အံ့ဩစရာပဲ… ငါတို့ရဲ့ နတ်ဆိုးဘုရင်ကြီးသာရှိရင် လင်းရှန်းဆိုတာ ဒုတိယပဲဟေ့..]
“ မြောင်…”
ပြတင်းလိုက်ကာ နောက်ရှိ လီရှစ်က သူ၏ နားရွက်များကို စုကျုံ့ထား၍ ကြွက်သားများသည်လည်း တောင့်တင်းနေလျက် လိုက်ကာနောက်မှ အချိန်မရွေးပြေးထွက်သွားနိုင်သည့်ဟန် ဖြစ်နေသည်။
လီရှစ်၏ ပုံမှန်မဟုတ်သော ကိုယ်ဟန်အနေအထားကို သတိပြုမိသဖြင့် ဟန်ကြွယ့်မင်က စနောက်လိုက်သည်။
“ ဘာဖြစ်လို့လဲ… သန်းတွေ တုပ်နေတာလား…”
လီရှစ်က မျက်ဆံလှန်ကာ ဟန်ကြွယ့်မင်အား လျစ်လျူရှုလိုက်သည်။
ငါ ဘာများပြန်ပြောနိုင်ဦးမှာလဲ…
ဒီလို အရေးပေါ်အခြေအနေမျိုးမှာ ကြွက်ဖမ်းချင်တဲ့ အာသီသက ရုတ်တရက်ကြီးပေါ်လာတာ… ငါသာ အပြင်ထွက်သွားလိုက်ရင် သရဲနှစ်ကောင်က ငါ့ကို စက္ကန့်ပိုင်းအတွင်း ကိစ္စတုံးလိုက်မှာ အသေချာပဲ…
အပြင်ထွက်မိလျှင် ဖြစ်လာနိုင်မည့် အကျိုးဆက်များကို တွေးတောပြီးနောက် လီရှစ်က သူ့ခန္ဓာကိုယ်အတွင်း အဆက်မပြတ်ဖြစ်ပေါ်နေသော အာသီသအား ချုပ်တည်းထားရန်သာ တတ်နိုင်တော့၏။
တစ်ဖက်တွင်မူ ဟယ်ရီ၏ မူလခွန်အားက
မောက်ကျားကျားထက် အဆပေါင်းများစွာ သာလွန်နေသည့်တိုင် မောက်တာ့ယုံအား ထပ်မံဝါးမြိုလိုက်သဖြင့် သူ၏ခွန်အားမှာ ပို၍ သန်မာလာ၏။ ကျောက်ကျဲအား ဝါးမြိုထားသော်လည်း မောက်ကျားကျားမှာ ဟယ်ရီ၏ ခွန်အားကို မယှဉ်နိုင်သေးပေ။ မိနစ်ပိုင်းမျှကြာသော် မောက်ကျားကျားက အရေးနိမ့်လာသည်။
“ ဝုတ် ဝုတ်…”
ကြိုးဝိုင်းထဲရှိ ဟယ်ရီက မောက်ကျားကျားအား မြေပြင်ပေါ်တွင် ဖိနှိပ်လျက် ၎င်းကို သတ်ရသည့်အကြောင်းအရင်းကို မေးနေသည့်အလား ဒေါသတကြီး အော်ဟစ်လာသည်။
မောက်ကျားကျားက ထေ့ငေါ့စွာ ရယ်လိုက်ပြီး ပြောလိုက်၏။
“ နင်က ငါ့ခွေး... ငါပိုင်တဲ့အရာ… ငါမွေးချင်မွေးမယ် ငါသတ်ချင် သတ်မယ်... နင်ကငါ့အတွက် သေပေးရမယ့်ဝတ္တရားရှိတယ်... ဘာလို့ လက်စားချေချင်နေတာလဲ…”
မောက်ကျားကျား၏ ရှင်းပြချက်ကို ကြားသည်နှင့် ဟယ်ရီမှာ ၎င်း၏ နှလုံးသားထဲရှိ ဝမ်းနည်းမှုနှင့် ခါးသီးမှုတို့အား မဖိနှိပ်နိုင်လိုက်ဘဲ ကောင်းကင်ပေါ်သို့ မော့ကာ ဆွဲဆွဲငင်ငင် အူလိုက်၏။ မောက်ကျားကျား၏ မျက်ဝန်းထဲတွင် ဉာဏ်နီဉာဏ်နက်တို့ ဖြတ်ပြေးသွားပြီး အခွင့်အရေးကို အမိအရယူကာ ဟယ်ရီ၏ လည်ပင်းအား ကိုက်ချလိုက်သည်။ ဝိညာဉ်အစိတ်အပိုင်းတစ်ခုက ဟယ်ရီ၏ ခန္ဓာကိုယ်မှ ပဲ့ထွက်လာပြီး မောက်ကျားကျားက ထိုအစိတ်အပိုင်းကို ဝါးမြိုလိုက်သည်။
ဟယ်ရီမှာ လေလျော့သွားသော ဘောလုံးတစ်လုံးနှယ် ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းရည်များက အလျင်အမြန် ခမ်းခြောက်လာသည်။ အလစ်တိုက်ခိုက်ခံလိုက်ရသည်ကို သဘောပေါက်သွားသည်နှင့် ဟယ်ရီက မတုံ့နှေးတော့ဘဲ မောက်ကျားကျား၏ ခေါင်းအား ခန္ဓာကိုယ်မှ ပြတ်ထွက်သည်အထိ ဆွဲဖြဲလိုက်၏။
ခေါင်းမရှိတော့သည့် မောက်ကျားကျား၏ ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်ရှိ သူမ၏ ခေါင်းနံဘေး၌ ခုန်ပေါက်နေပြီး ခေါင်းနှင့် ခန္ဓာကိုယ်အား ပြန်ဆက်နိုင်ရန် ကြိုးပမ်းနေသည်။ သို့သော် ဟယ်ရီက သူမအား အခွင့်အရေး မပေးခဲ့ချေ။ ၎င်းက ပါးစပ်ကိုဟကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုလိုက်၏။
ထိုစဉ် မောက်ကျားကျား၏ တစ်ခုတည်းသော ခေါင်းသည်သာ ကြမ်းပြင်ပေါ်တွင်ကျန်ရစ်တော့သည်။ ထိုခေါင်းမှာ တဖြည်းဖြည်းမှိန်ဖျော့နေလျက် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ပုံပေါ်သည်။
“ မြောင်…”
အဆုံးတွင် လီရှစ်က သူ၏ ကြွက်ဖမ်းချင်စိတ်ကို မဖိနှိပ်ထားနိုင်တော့ဘဲ လိုက်ကာနောက်မှ လျင်မြန်စွာထွက်လာတော့သည်။
လီရှစ်က ဟယ်ရီ့ပေါ်သို့ ပြင်းထန်စွာ ခုန်လိုက်ပြီး ၎င်း ၏နှဖူးအား လက်သည်းဖြင့် ကုတ်လိုက်ကာ ကြမ်းပြင်ပေါ်သို့ ဖိနှိပ်လိုက်၏။
ဟယ်ရီ၏ ခန္ဓာကိုယ်က မြင်သာသောအလျင်ဖြင့် ရှုံ့တွလာကာ တဖြည်းဖြည်း သေးငယ်လာလျက် ဟမ်းစတားတစ်ကောင်၏ အရွယ်အစားသို့ပြောင်းလဲသွားသည်။ သို့တိုင် ဟယ်ရီက ငြိမ်ခံမနေဘဲ လီရှစ်၏ ထိန်းချုပ်မှအောက်မှ လွတ်မြောက်ရန်ကြိုးစားနေ၏။ သို့သော် မထင်မှတ်ထားသည့် မြင်ကွင်းတစ်ခုဖြစ်ပေါ်လာသည်။
လီရှစ်က ဟယ်ရီအား ကုန်းကိုက်လိုက်ခြင်းပင်။
“ နေပါဦး…”
ဟန်ကြွယ့်မင်၏ ရွှတ်နောက်နောက်လေသံက လီရှစ်၏ အနောက်မှ ပျံ့လွင့်လာသည်။
“ ဒီရက်ပိုင်းအတွင်း ငါမင်းကို အငတ်မထားထားပါဘူး... ဘာလို့ ဒီလောက်ညစ်ပတ်တဲ့ဟာတွေကိုပါ စားချင်နေရတာလဲ…”
“ ဟုတ်သားပဲ…”
ကုရှင်းယွဲ့က စိုးရိမ်ကြီးစွာ သံယောင်လိုက်၏။
“ အဲ့ဒီသရဲက ကြွက်နဲ့တူရင်တောင်မှ တကယ့်ကြွက်တော့မဟုတ်ဘူးလေ... နင်စားလိုက်ရင် နင့်အတွက် ကောင်းမှာမဟုတ်ဘူး…”
လီရှစ်က ခေါင်းလှည့်ကာ ဒေါသတကြီးတုံ့ပြန်လာသည်။
“ တိတ်စမ်း… ငါက ဘာလို့တွေ့သမျှလိုက်စားရမှာလဲ.. ငါကလူလေ ကြောင်မှမဟုတ်တာ… ပေါက်ပေါက်ရှာရှာ ကြွက်တွေကို စားစရာလား…”
ကြောင်များက ကြွက်စားရသည်ကို ကြိုက်သည်ဟု အများကဆိုကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့မှာ အပျော်သဘောသာ ဖမ်း၍ ဆော့ကြခြင်းဖြစ်ပြီး ၎င်းတို့ ဗိုက်မဆာရွေ့ မစားကြပေ။ အလွန်ဗိုက်ဆာလာမှသာ စိတ်မပါလက်မပါဖြင့် စားကြလိမ့်မည်။
ဟန်ကြွယ့်မင် : “ ဒါဆို မင်းပါးစပ်ထဲမှာက ဘာကြီးတုန်း…”
ရှုံ့တွနေသော ဟယ်ရီ၏ ခန္ဓာကိုယ်တစ်ဝက်က ကြမ်းပြင်ပေါ်၌ အတိုင်းသား ရှိနေသည်။ ထို့ပြင် လီရှစ်၏ ပါးစပ်တစ်ဝိုက်တွင်လည်း ဖောက်ထွင်းမြင်ရသော ဝိညာဉ်အပိုင်းအစအချို့ ကပ်ငြိနေသည်။ သူ ဟယ်ရီကို မစားခဲ့ ဟု ငြင်းလျှင်ပင် ယုံချင်စဖွယ်မရှိပေ။
လီရှစ် : “ … “
မင်းပြောကြည့်... ငါဘာလို့ ငါ့ပါးစပ်ကို မထိန်းချုပ်နိုင်ရတာလဲ…
မျက်ရည်မကျဘဲ ငိုချင်နေသည့် လီရှစ်က သူ၏ပါးစပ်အား ဒေါသတကြီး ရိုက်လိုက်ပြီး ကျန်နေသည့် ဟယ်ရီ့ ခန္ဓာကိုယ်တစ်ပိုင်းအား လျစ်လျူရှုလိုက်သည်။ ထို့နောက် မည်သည့်အရာမျှမဖြစ်ခဲ့သည့်အတိုင်း ပြတင်းပေါက်ဘောင်ပေါ်သို့တက်ကာ မျက်နှာနှင့် လက်များကိုဆေးကြောနေ၏။ မသိလျှင် အစာစားပြီး၍ သန့်ရှင်းဆေးကြောနေသကဲ့သလို့ပင်။
ကုရှင်းယွဲ့က တဖြည်းဖြည်း မှိန်ဖျော့လာသော မောက်ကျားကျား၏ ခေါင်းကိုမြင်သော် မနေနိုင်စွာ မေးလိုက်၏။
“ နင့်အဖေကို ခွေးဘဝပြောင်းဖို့ကို ဘယ်လိုစိတ်ကူးရခဲ့တာလဲ…”
အပြီးတိုင် မပျောက်ကွယ်သွားမီ အချိန်အနည်းငယ်အတွင်း မောက်ကျားကျား၏ မျက်နှာပေါ်၌ ကောက်ကျစ်သော အပြုံးတစ်ခုပေါ်လာလျက် ပြောလိုက်၏။
“ လူတွေကပြောကြတယ်... ဖောက်ပြန်တဲ့ယောကျာ်းတွေက ခွေးတွေနဲ့တူတူပဲတဲ့… အဲ့လိုယောကျာ်းတွေက သူတို့ရဲ့ အောက်ပိုင်းကိုတောင် မထိန်းချုပ်နိုင်မှတော့ ခွေးအဖြစ်ပြောင်းလိုက်တာက ပိုမကောင်းဘူးလား…”
လူတိုင်း : “….”
အရမ်းကောင်းတယ်… အရမ်းစွမ်းအားကြီးတယ်…
စိတ်မမှန်တဲ့ စရိုက်ရှိတဲ့ NPC ဖြစ်ဖို့ သိပ်ကိုထိုက်တန်လွန်းတယ်…
😺😺😺