Ch 17
Viewers 1k

😺Chapter 17

ငါ့ကိုလွမ်းနေဖို့ မမေ့နဲ့နော်~



အကျဉ်းစခန်းအတွင်းမှ အခြေအနေများချုပ်ငြိမ်းသွားသည့်တိုင် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ပရိသတ်များက  မှတ်ချက်များ အလုအယက်ရေးနေကြဆဲဖြစ်သည်။ bullet screen ပေါ်၌ အရိုင်းဆန်စွာ တရစပ်ထွက်ပေါ်လာသော မှတ်ချက်များမှာ မြင်သူအဖို့ မျက်စိကန်းလောက်စရာပင်။ 


[ မယုံနိုင်စရာပဲဟေ့… သာမန်ကြောင်လေးတစ်ကောင်က အဲ့လောက်စွမ်းအားကြီးတဲ့ သရဲတစ်ကောင်ကို သေတဲ့အထိ ကိုက်ပစ်နိုင်တယ်တဲ့... တကယ်လား အလိမ်အညာလား…]


[ ကြောင်တွေက သရဲတွေရဲ့ အကြီးမားဆုံး ရန်သူပဲ…

တကယ်လို့ တစ်စုံတစ်ယောက်ကများ ကြောင်မွေးတာက ဘာမှအသုံးမဝင်ဘူးလို့ ထပ်ပြောလာခဲ့မယ်ဆိုရင် ငါ သူတို့မျက်နှာကို ဒီ ဗီဒီယိုနဲ့ ပစ်ပေါက်မှာ…]


[ သရဲမက ဘယ်လိုပဲ လမ်းလွဲနေပါစေ… ငါကဘာလို့ သူ့အတွက် စိတ်မကောင်းဖြစ်နေမိတာလဲ မသိဘူး…]


[ ကြောင်လေးရဲ့ အကျဉ်းစခန်းအတွင်း လုပ်ဆောင်မှုက လုံးဝကို အထင်ကြီးစရာပဲ… ငါ နောက်ထပ် ဂိမ်းစမ်းသပ်သူ မျိုးစေ့ကောင်းလေး ရှာတွေ့လိုက်တာပဲ... ငါတော့ သူ့ကို follow ပြီ…]


ဒင်—


ID လက်ကောက်မှ ထွက်ပေါ်လာသော သတိပေးချက်အသံက လီရှစ်နှင့် အခြားသူများ၏ အာရုံကို အောင်မြင်စွာ ဆွဲဆောင်လိုက်နိုင်၏။ 


[ အကျဉ်းစခန်းမှ ဘော့စ်ရဲ့ သေဆုံးမှုကို ရှာဖွေတွေ့ရှိရပါတယ်။ အကျဉ်းစခန်းကို မကြာခင် ပိတ်သိမ်းပါမယ်။ အကျဉ်းစခန်း မပိတ်သိမ်းမီ အမှတ်စီမံခန့်ခွဲမှု လင့်ခ်ကိုပို့ပေးပါမယ်။ ကစားသမားများရဲ့ အမှတ်များ စီမံခန့်ခွဲ ပြီးတာနဲ့ အကျဉ်းစခန်းမှ အလိုအလျောက် ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။ ]


“ ဒါဖြင့်… အခုက ပြီးသွားပြီပေါ့…”


စုပေါင်စန်းက အိပ်ရာပေါ်၌ အသေကောင်ကဲ့သို့ လှဲလျောင်းနေကာ သူ၏ မျက်လုံးများက အသက်မဲ့နေ၏။ ကြည့်ရသည်မှာ သေမင်းတံခါးဝမှ ပြန်လှည့်လာရသည့် အကြောက်တရားက မပြယ်သေးပုံပင်။ 

“ ငါတို့ အခု ဒီ ခြောက်ခြားစရာနေရာကြီးကနေ ထွက်သွားလို့ရပြီမဟုတ်လား…”


“ ဒါပေါ့…”

ကုရှင်းယွဲ့က ခေါင်းညိတ်လိုက်သည်။ 

“ စနစ်က အမှတ်တွေ ရေတွက်ပြီးရင် ငါတို့ထွက်လို့ရပြီ...”


“ ကောင်းတယ်… ကောင်းတယ်…”

စုပေါင်စန်း၏ မျက်နှာက ပျော်ရွှင်မှုများဖြင့် ဝင်းလဲ့လာ၏။ ဤအကျဉ်းစခန်း၌ နေခဲ့ရသည့် သုံးရက်အတွင်း သူ နေ့တိုင်း ကြောက်ရွံ့နေခဲ့ရသည်။ ထို့ကြောင့် စုပေါင်စန်းက ဤနေရာမှ ထွက်ပြီးသည်နှင့် သူ့ကိုယ်သူ ပြန်လည်ထူထောင်နိုင်ရန် အစားအသောက် များများစားရန် ဆုံးဖြတ်လိုက်သည်။


အခြားသူများ၏ ပျော်ရွှင်မှုနှင့် ကွဲလွဲစွာပင် ပြတင်းပေါက်နား၌ ရပ်နေသော ဟန်ကြွယ့်မင်က မေးစေ့အား ပွတ်သပ်လျက် မျက်လွှာချကာ တစ်စုံတစ်ခုကို တွေးတောနေပုံရသည်။ 


ဟန်ကြွယ့်မင်က ဒီအကျဉ်းစခန်းထဲမှာ ဖွက်ထားတဲ့ အကြောင်းအရာတစ်ခုခုကို ထပ်ရှာဖွေမိသွားတာများလား…


လီရှစ် မမေးလိုက်မီတွင်ပင် ဟန်ကြွယ့်မင်က မျက်ခုံးကိုပင့်လျက် ရုတ်တရက် မေးလာ၏။ 

“ ဒီအကျဉ်းစခန်းရဲ့ ခက်ခဲမှုအဆင့်က အရမ်းနိမ့်လွန်းတယ်လို့ မထင်ဘူးလား…”


လီရှစ် : “…”


ဂိမ်းရဲ့ ခက်ခဲမှုအဆင့်က အရမ်းနိမ့်လွန်းတယ် ပေါ့လေ…

ဟန်ကြွယ့်မင်က ဘယ်လိုမျက်နှာမျိုးနဲ့ မေးရဲရတာလဲ…


ဒီသုံးရက်အတွင်း ငါတို့ သေခြင်းတရားတွေကို ဖြတ်ကျော်ခဲ့ရတဲ့အပြင် စနစ်ရဲ့ ထောင်ချောက်လို မေးခွန်းတွေကိုလည်း ဖြေခဲ့ရတာကိုမှ… ဒါက မခက်ခဲသေးဘူးပေါ့လေ…


ပုံမှန်အားဖြင့် ဤအကျဉ်းစခန်းက ခက်ခဲမှု အဆင့်နိမ့်ရမည်ဖြစ်ကာ ဤမျှ ခြောက်ခြားဖွယ်ကောင်းမနေသင့်ပေ။ သာမန်ဦးနှောက်ရှိသည့် သူများသည်ပင် အကျဉ်းစခန်း၌ စနစ်၏ မေးခွန်းအနည်းငယ်ကို ဖြေလျက် လေးရက်တိုင် အသက်ရှင်နေထိုင်ကာ အကျဉ်းစခန်းကို ရှင်းလင်းနိုင်လိမ့်မည်။


အကယ်၍ ဟန်ကြွယ့်မင်သာ ဟယ်ရီနှင့် မောက်ကျားကျားတို့အား သတ်ရန်မကြိုးစားခဲ့ပါက လီရှစ်သည်လည်း ထိုအရှုပ်ထုပ်၌ ပါဝင်၍ အမြှောက်စာဖြစ်လုဆဲဆဲ အခြေအနေကို ကြုံခဲ့ရမည်မဟုတ်ပေ။ 


လီရှစ်က နောက်ဆုံး၌ ဟယ်ရီ့အား သတ်နိုင်ခဲ့သော်လည်း ထိုသည်က မျက်ကန်းကြောင်တစ်ကောင်၏ ကြွက်ခုတ်ချင်သည့် အာသီသကြောင့် ဖြစ်၏။


ငါကတော့ မျက်ကန်း မဟုတ်ဘူးပေါ့လေ… ဒါပေမဲ့ အဲ့ဒီအချိိန်မတိုင်ခင် ကတည်းက ဟယ်ရီက သေလုမြောပါးဖြစ်နေပြီ…


ဘယ်လိုပဲဖြစ်ဖြစ်… ဘာလို့များ…ဟန်ကြွယ့်မင်က ခက်ခဲမှုအဆင့်နိမ့်တာကို မကြိုက်တဲ့ပုံနဲ့ ပြောရဲရတာလဲ.. 


ဒါပေါ့… ငါတို့ကတော့ ပင်ပန်းလွန်းလို့ သေလုနီးပါပဲ… ကံအရမ်းကောင်းတဲ့ ဟန်ကြွယ့်မင်ကတော့ အမြဲတမ်း အသေကောင်လိုအိပ်နေပြီး ရေသာခိုနေတာလေ.. သူ့အတွက် မလွယ်ဘဲ ဘယ်နေပါ့မလဲ… ငါတို့ ဒေါသကို ဆွဖို့ တမင်ပြောနေသလားတောင် ထင်ရတယ်…


လီရှစ်က စကားမပြောသော်လည်း ဟန်ကြွယ့်မင်အား ကိုက်ချင်နေသည့် ဒေါသမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ 


“ ကြောင်လေးရေ... “

ဟန်ကြွယ့်မင်က လီရှစ် သူ့အား စိုက်ကြည့်နေသည်ကို တွေ့သဖြင့် ပျော်ရွှင်စွာပြုံးလိုက်သည်။ 

“ ငါက အရမ်းခံ့ညားလွန်းနေတော့ ငါနဲ့ မခွဲချင်လို့ အဲ့လိုစိုက်ကြည့်နေတာမလား…”


လီရှစ်က ချွန်ထက်သောသွားများကို လှစ်ဟပြလိုက်ကာ ရက်စက်စွာပြောလိုက်သည်။

“ ဟုတ်တယ်... မင်းက အရမ်းခံ့ညားလွန်းတော့ ငါ့သွားတွေတောင် ယားလာရတယ်… ငါ ကိုက်ဖို့ မင်းလက်မောင်းကို ငှားပေးလို့ရမလား…”


“ အဲ့ဒါတော့ အဆင်မပြေလောက်ဘူး…”

ဟန်ကြွယ့်မင်က လီရှစ်၏ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုကို ငြင်းလိုက်၏။

“ မင်းရဲ့ စိတ်ကို ထိန်းပါဦး… မင်းငါနဲ့ မခွဲနိုင်မှန်း ငါသိပါတယ်… ငါလည်း မင်းနဲ့ မခွဲနိုင်ဘူးလေ… ဒါပေမဲ့ စိတ်မပူပါနဲ့ နောက်အကျဉ်းစခန်းကျရင် ငါတို့ ပြန်ဆုံဦးမှာပါ…”


လီရှစ်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ဟန်ကြွယ့်မင်အား လျစ်လျူရှုလိုက်သည်။ 


နောက် ပုံတူမှာ ထပ်တွေ့ဦးမယ်ပေါ့လေ… ဘယ်လို နွေဦး ဆောင်းဦး အိပ်မက်မျိုးလဲ… ဟွမ်းယွီ ဂိမ်းကုမ္ပဏီကို မင်း ပိုင်တယ်လို့တောင် ထင်မိတော့မလို့ပဲ…


လီရှစ် စိတ်ထဲ၌ စောဒကတက်ပြီးသည်နှင့် စနစ်က လူတိုင်း၏ အမှတ်စီမံမှုများကို ပို့ပေးလာသည်။


လီရှစ်—


ပုံတူ ရှင်းလင်းမှု ဆုလာဘ် : 60 points 


အပို ဆုလာဘ် : မေးခွန်း ၃ ခု ကို မှန်ကန်စွာဖြေဆိုနိုင်သဖြင့် … + 60 points 


စုစုပေါင်း ရမှတ် : 120 points


ကုရှင်းယွဲ့—


ပုံတူ ရှင်းလင်းမှု ဆုလာဘ် : 60 points


အပို ဆုလာဘ် : အောင်မြင်မှုများ [ အထူးကောင်းမွန်သော ဟင်းချက်စွမ်းရည်] အတွက် 10 points ထပ်မံပေါင်းထည့်သည်။ 


စုစုပေါင်း ရမှတ် : 70 points


ထိုမှအပ အမြဲတစေ အပျင်းတစ်နေသော ဟန်ကြွယ့်မင်နှင့် ရွှေပေါင်လုံးလိုက်ဖက်နေသော စုပေါင်စန်းတို့ကမူ ပုံတူရှင်းလင်းနိုင်ခြင်းအတွက် 60 points သာရရှိပြီး အခြားသော အပိုဆုလာဘ်များ မရရှိခဲ့ပေ။ 


“ ကြောင်လေးရေ… ငါ့ကို လွမ်းနေဖို့ မမေ့နဲ့နော်…”

စနစ်က ကစားသမားများကို အလိုအလျောက်ပြန်ပို့မည့်အချိန်၌ ဟန်ကြွယ့်မင်က လီရှစ်အား မမေ့မလျော့ဘဲ ပြုံး၍ နှုတ်ဆက်လိုက်သော်လည်း လီရှစ်ထံမှ ဗလာမျက်ဝန်းသာ ပြန်ရလိုက်၏။ 


….


တစ်ဆက်တည်းတွင် “ ဟွမ်းယွီ “ ၏ ဂိမ်းစမ်းသပ် ပရိုဂရမ်ထဲ၌ ဝင်ရောက် စမ်းသပ်နေသူတိုင်း ကြေညာချက်တစ်ခုအား လက်ခံရရှိလိုက်သည်။


[ ကြေညာချက် : တိုက်ရိုက်ထုတ်လွှင့်ခန်း နံပါတ် 250 ရှိ ကစားသမား 000, 147, 321 နှင့် 634 တို့က အကျဉ်းစခန်း ဂိမ်းကို အစောဆုံး ရှင်းနိုင်ခဲ့ပါတယ်။ ကျန်သော စကားသမားများ ဇွဲလုံ့လဖြင့် မဆုတ်မနစ် ကြိုးစားအားထုတ်ကြပါ။ လူကြီးမင်းတို့ ဂိမ်းကို စောစောရှင်းလင်းနိုင်ဖို့ စနစ်က ဆုတောင်းပေးလိုက်ပါတယ်။ ]


“ ဘယ်လိုဖြစ်နိုင်မှာလဲ…”


စည်းဝါးမကျသော စကားသံများက တိုက်ရိုက်ထုတ်လွှင့်ခန်း နံပါတ် 1 အတွင်း ပျံ့လွင့်လာ၏။


ဦးစွာ ပြောလိုက်သူမှာ အမှောင်ထဲ၌ ပုန်းအောင်းနေပြီး လရောင် မှိန်ဖျော့ဖျော့အောက်တွင် သစ်ပင်ပေါ်၌ ရပ်နေသည်။ ထိုလူ၏ အရိပ်ကိုသာ မှုန်ဝါးဝါးမြင်နေရသော်ငြား ခန္ဓာကိုယ်မှာ အရပ်ရှည်ကာ ကျစ်လစ်သော ဖွဲ့စည်းပုံရှိကြောင်း မြင်သာလှ၏။ မျက်နှာအစိတ်အပိုင်းများမှာ ကောင်းမွန်စွာဖွဲ့စည်းထားပုံရသော်လည်း သူ၏ ကော့ညွတ်နေသော မျက်ခုံးနှင့် မျက်လုံးထောင့်များက အနည်းငယ် ကြမ်းတမ်းသည့် အသွင်ဆောင်နေ၏။ ထိုလူ၏ အသွင်အပြင်အရ ပေါင်းသင်းရလွယ်မည့်ပုံ မပေါ်ပေ။ 


[ အား… လင်းရှန်းက အရမ်းကို ခံ့ညားလွန်းတယ်…]


[ ငါ screen ကို လျက်နေမိပြီ… ဘယ်သူမှ လာမတားနဲ့တော့... ]


[ နေကြဦး… လင်းဟောက် ရဲ့ မျက်နှာက ရုတ်တရက် မည်းမှောင်သွားတာ သတိထားမိကြလား… နတ်ဆိုးဘုရင်ကြီး အကျဉ်းစခန်းကို ရှင်းလိုက်နိုင်တဲ့ သတင်းက သူ့နှလုံးသားကို ကွဲကြေသွားစေတဲ့ပုံပဲ… ]


[ သွားစမ်းပါ… ငါ့ယောကျာ်းက ဘယ်ချိန်နေနေ အချောဆုံးပဲ... ဟုတ်ပြီလား… သူ့ရဲ့ မကျေမနပ်ဖြစ်နေတဲ့ မျက်နှာကတောင် အရမ်းချောနေတာ.. ]


[ ဘယ်လောက်ပဲချောချော.. စမ်းသပ်သူ စာရင်းထဲမှာတော့ သူက အမြဲ ဒုတိယ နေရာမှာပဲနော် ( ကျယ်လောင်စွာပြော) ]


လူအများ ဆွေးနွေးမှုအကြောင်းအရာ၏ အဓိကဇာတ်လိုက် လင်းဟောက်က သူ၏ မနာလိုမှုများ ထင်ဟပ်နေသော မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလျက် သုံးဖက်မြင်မျက်နှာပြင်ပေါ်ရှိ ကြေညာချက်ကို ကြည့်နေသည်။ 


သူက အကျဉ်းစခန်း၏ ဘော့စ်အား တတ်နိုင်သရွေ့ အမြန်ဆုံးရှာဖွေခဲ့ပြီး သူ၏ အသင်းဖော်များနှင့်အတူ ၎င်း အား ဖိနှိပ်ရန် ကြိုးပမ်းနေစဉ် ဟန်ကြွယ့်မင်က သူ့ထက် အရင် ရှင်းလင်းနိုင်ခဲ့မည်ဟု မမျှော်လင့်ခဲ့ပေ။ 


မုန်းစရာပဲ…


လင်းဟောက်က ဒေါသထွက်လာပြီး လက်ထဲရှိ အသင့်စား ဘီစကစ်အား ချေမွလိုက်၏။


“ လင်းရှန်း... ဘာဖြစ်လိို့လဲ…”

မြက်ပင်များကြားတွင် လှဲလျောင်းနေသော အသင်းဖော်က လင်းဟောက်၏ မူမမှန်သည့် အပြုအမူကို ကြည့်လျက် မေးလိုက်သည်။ 


(Editor's Note - လင်းရှန်းဆိုတာ နတ်ဘုရားလင်းဆိုတဲ့အဓိပ္ပါယ်နဲ့ ခေါ်ကြတာပါ၊ သူ့နာမည်အရင်းက လင်းဟောက်ပါ၊ နာမည်မှားရေးထားတယ်ထင်မှာစိုးလို့😁)


လင်းဟောက်က ပြန်မဖြေဘဲ သစ်ပင်ပေါ်မှ ဆင်းလိုက်ကာ မလှမ်းမကမ်း၌ မြင်နေရသော အနက်ရောင်အရိပ်အား ကြည့်၍ အမိန့်ပေးလိုက်သည်။ 

“ တိုက်ကြမယ်…”


သူ ထပ်၍ သည်းမခံနိုင်တော့ပေ။ မည်မျှပင် ပေးဆပ်ရပါစေ ဟန်ကြွယ့်မင်အား နောက်တစ်ကြိမ် အနိုင်ယူခွင့်ပြုမည်မဟုတ်။ 


“ ဒါပေမဲ့…”

လင်းဟောက်၏ အသင်းဖော်က တုံ့ဆိုင်းနေသေးသည်။

“ လင်းရှန်း... တိုက်ခိုက်ဖို့က လ အပြည့်အဝ ပေါ်လာတဲ့အထိ စောင့်တာအကောင်းဆုံးပဲလို့ မင်းပဲပြောခဲ့တာမလား… ငါတို့ စောင့်လိုက်ရင် နိုင်ဖို့အခွင့်အရေး ပိုများမယ်ထင်တယ်…”


လင်းဟောက်က နှာမှုတ်လိုက်ကာ နောက်ပြန်လှည့်မကြည့်ဘဲ အေးစက်စွာပြောလိုက်၏။

“ သေမှာကြောက်နေရင် ထွက်သွားလိုက်တော့...”


ခြုံအတွင်း၌ ပုန်းအောင်းနေသော အသင်းဖော်များက နောက်ပြန်လှည့်မကြည့်စတမ်း ဘော့စ်ဆီသို့ပြေးဝင်သွားသည့် လင်းဟောက်ကို ကြည့်၍ မတတ်နိုင်စွာပင် ထိုသူ၏ နောက်သို့လိုက်ရန်သာ ရွေးချယ်လိုက်ရသည်။ မည်သို့ပင်ဖြစ်စေ လင်းဟောက်သာ သေသွားခဲ့ပါက သူတို့အားလုံး၏ ခွန်အားများ ပေါင်းလျှင်ပင် ဘော့စ်ကို မနိုင်နိုင်ပေ။ 


ငါတို့ တခြား ဘာများလုပ်နိုင်မှာမို့လို့လဲ…


တိုက်ခိုက်ကြရုံပေါ့….


ထိုလူများက အချင်းချင်းကြည့်လိုက်ကာ အံကြိတ်လျက် ဘော့စ်ဆီသို့ ပြေးဝင်လိုက်ကြ၏။


တိုက်ပွဲက စတင်လေပြီ—



😺😺😺