အပိုင်း ၇၉
Viewers 13k

Chapter 79

ရိုစီနာ အိပ်ရာထဲလဲသွားသည့်သတင်းကို သူကြားလိုက်ကတည်းက သူ့နားထဲကို တခြားဘာမှ ဝင်မလာတော့‌ေပ။ ရာဟန် သည် တတ်နိုင်သမျှ အစွမ်းကုန် ပြေးတာတောင်မှ ခြေထောက်များ မြန်မြန် ‌မပြေးရကောင်းလားဟု အပြစ်တင်မိသေးသည်။ သူ အကြိမ်ကြိမ် လဲကျလုနီးပါး ဖြစ်သွားသော်လည်း အရှိန်မလျှော့နိုင်။ သူသည် ဥယျာဉ်မှထွက်လာပြီး တတိယမင်းသားနန်းတော်သို့ ချက်ချင်းသွားခဲ့သည်။ နန်းတော်အဝင်ဝသို့ ရောက်သောအခါ အတွင်းမှ အသံများစွာကို ကြားလိုက်ရလျှင် အရူးအမူးပြေးနေသည့် သူ့ခြေလှမ်းများက နှေးကွေးသွားရသည်။

နန်းတော်ထဲကို ဝင်လိုက်သည်နှင့် အော်ဟစ်သံတွေကို နားထဲမဆံ့အောင် ကြားလိုက်ရ၏။ သူ့ကမ္ဘာကြီးတုန်လှုပ်သွားသလို ခံစားလိုက်ရသဖြင့် ခြေလှမ်းများကို မှန်မှန်တောင် သိပ်မလှမ်းတတ်ချင်တော့ပေ။ သူ့နားထဲမှာ လူအများ၏ ခြေသံများက ကျယ်လောင်စွာ ပဲ့တင်ထပ်နေကာ နောက်ဆုံးတွင် လူအုပ်ကြီးစုဝေးရာ အခန်းထဲသို့ သူရောက်ရှိသွားသည်။

“အရှင့်သား….”

အားလုံးက ခေါင်းမော့ပြီး သူ့ကို ကြည့်လာကြသည်။ ငိုနေသည့် အစေခံတွေကိုကြည့်ပြီး လက်တွေ့မကျသလိုဖြစ်လာကာ၊အိမ်မက်တစ်ခုအလားပင်။

"အရှင့်သား…”

ငိုနေသည့် အယ်လာ က စကားကို လေးလုံးကွဲအောင် မပြောနိုင်တော့ပေ။

ရာဟန် သည် တုန်လှုပ်ချောက်ချားသော ခြေလှမ်းဖြင့် အထဲကို ချဉ်းကပ်လာသည်။ ဝန်ထမ်းတွေ တဖြေးဖြေး ထွက်သွားသည်နှင့် ပိတ်ဆို့ထားသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

“ မေမေ…”

အီလီယန် က ငိုပြီး ရိုစီနာ ကို ခေါ်နေသည်။ ရာဟန် သည် အီလီယန် ကိုကြည့်ကာ ခေါင်းကို ဖြည်းညှင်းစွာ တစ်ဖက်လှည့်ကြည့်လိုက်လျှင် အဖြူရောင်အိပ်ရာခင်းပေါ်တွင် အသာအယာ လဲလျောင်းနေသော ရိုစီနာ ကို သူမြင်လိုက်ရသည်။ အရောင်မပါသည့် သူမ၏ ဖြူဖျော့နေသော မျက်နှာဟာ ကြွေရုပ်တစ်ရုပ်လိုပင်။ သူမဝတ်ထားသည့် ၀တ်စုံက သွေးတွေနှင့် စွန်းထင်းနေတာကြောင့် နဂိုအရောင်က ဘာမှန်း မှန်းဆမရတော့ပေ။

ရာဟန် သည် အခြေအနေကို သူမယုံနိုင်သလို ဘာမှမလှုပ်နိုင်တော့ပေ။ သူ့လက်ချောင်းတစ်ချောင်းကို လှုပ်လိုက်လျှင်တောင် အရာအားလုံး ကွဲကြေသွားတော့မလို တုန်ယင်နေရ၏။

"ရိုစီနာ..."

အချိန်အတော်ကြာပြီးနောက် သူ ရိုစီနာ ဟုခေါ်ကြည့်လိုက်သည်။သို့သော်လည်း ဘယ်လောက်ကြာကြာ စောင့်နေပါစေ၊ သူမ မျက်လုံးဖွင့်မလာတော့ပေ။ထိုအခါမှ သူ လက်တွေ့အဖြစ်ကို သဘောပေါက်သွားသည်။သူမ လက်ကို လှမ်းကိုင်လိုက်ပြီး တုန်ရီနေသည့် သူမ ပါးပြင်ကို ထိလိုက်လျှင် ပါးပြင်မှာ နူးညံ့သော်လည်း အေးစက်နေကာ နွေးထွေးမှု မရှိပေ။

“ဆရာဝန်ကကော…”

“အရှင့်သား မလာခင်ကတည်းက သူထွက်သွားပါပြီ… အဆိပ်သင့်တာ နည်းနည်းပဲ ကျန်တော့ပေမယ့် မင်းသမီးက ဘယ်ချိန်က သွေးထွက်နေမှန်း ကျွန်မတို့ မသိခဲ့ရပါဘူး..."

အယ်လာ က ထစ်ထစ်ငေါ့ငေါ့နှင့် ငိုပြီး ပြန်ဖြေလိုက်သည်။ သူမ ဆိုလိုသည်က ရိုစီနာ တစ်ယောက် ဆရာဝန်တောင် လက်လျှော့ရပြီဆိုသည့် သဘောနှင့်ပင်။သို့သော်လည်း အယ်လာ ပုံစံက သူမကိုယ်သူမ အပြစ်တင်နေပုံရသည်။

"အဆိပ်...ဘယ်သူလုပ်တာလဲ…"

သူမစကားကို တိတ်ဆိတ်စွာ နားထောင်နေသော ရာဟန် သည် ခေါင်းကိုဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ သူ့မျက်နှာက လုံးဝစိတ်ပျက်သွားပုံရပြီး စိတ်ခံစားမှု အရိပ်အယောင် တချို့ ဖုံးလွှမ်းသွားသည်။ထိုအခါ နောက်​မှာ​ရပ်​နနေသည့် အိုင်းဆက်က ခြေ​တစ်​လှမ်း​တိုး​လာ​ပြီး ပြန်​ဖြေလေသည်။

"အခြေအနေတွေအရ၊ ဒီနေ့ သူမနဲ့တွေ့ခဲ့တဲ့ မြို့စားမင်းကတော် အက်စတာရော့ ဖြစ်နိုင်ပါတယ်"

"အက်စတာရော့..."

ထိုနာမည်က သူ့ခေါင်းထဲကို ထိုးဖောက်ဝင်သွားသည်။ မြို့စားမင်းကတော် အက်စတာရော့ သည် ရိုစီနာ ၏ညီမဖြစ်သည်။ သူမသည် ရိုစီနာ အပေါ် အထပ်ထပ်အခါခါ ရန်ငြိုးထားခဲ့သူဖြစ်သည်။ ရိုစီနာ ကိုယ်တိုင်က သူမကို စောင့်ကြည့်နေပြီး ဘာမှရန်မပြုသော်ငြား သူမကတော့ ဘယ်လိုရန်ငြိုးတွေယိုးမယ်ဖွဲ့နေသည်မသိ။ သူ ရိုစီနာ ၏ လက်ကောက်ဝတ်ကို တုန်ရီသောလက်များဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ထိုမိန်းမ ယခုလို မလုပ်သင့်ပေ။ ရိုစီနာ ကို အပြစ်တင်လျှင်တောင် သူမကိုယ်တိုင် ဖြေရှင်းသင့်သည်။ သူ့နှုတ်ခမ်းများသည် မညှာမတာ တုန်လှုပ်သွားပြီး သံအပိုင်းအစကို မျိုချလိုက်သလို လည်ချောင်းပိတ်ဆို့နေတာကြောင့် သူ့အသံကို ဘယ်သူမှ မကြားရပေ။

“…သူမကို ကယ်ကြပါဦး”

သူ့အသံက မညှာမတာ တုန်နေခါလျက်။

"ဘယ်လောက်ပဲ ကုန်ရကုန်ရ..."

လိုအပ်လျှင် သူ့အသက်ကိုတောင် စွန့်လွှတ်နိုင်သည်။ အရာအားလုံးကိုဆုံးရှုံးရလျှင်တောင် သူမ မနိုးလာနိုင်ဘူးဆိုလျှင်ဖြင့်.....

ရာဟန် ခေါင်းငုံ့သွားသည်။ ဖြူဖျော့ဖျော့နှုတ်ခမ်းများကိုကြည့်ရင်း ခံစားချက်များစွာ ချက်ချင်းဝင်ရောက်လာသည်။ သူ့ရင်ထဲ ပထမဆုံးရောက်လာတာကတော့ နောင်တစိတ်ပင်။အကယ်၍ သူသာ သူမကို မခေါ်ထားလျှင်၊သို့မဟုတ် တော်ဝင်နန်းတော် ကို မခေါ်ခဲ့လျှင်၊ သူတို့ ပထမဆုံးတွေ့စဥ်ကတည်းက သူမကို ကင်းလွှတ်ခွင့်ပေးထားခဲ့လျှင်....စသည်ဖြင့်

အားလုံးက သူ့ကြောင့်ဖြစ်ရတာပင်။ တတိယမင်းသားမှာ ပါဝါမရှိသောကြောင့် ရိုစီနာ သည် အမြဲသိမ်ငယ်ခဲ့ရသည်။ဖြစ်နိုင်လျှင် သူ အချိန်ကို နောက်ပြန်ဆုတ်၍ရပါက၊ သူ့လောဘကို စွန့်လွှတ်ပြီး သူမကို လွှတ်ပေးထားပေလိမ့်မည်။ သူ့ ရင်ဘတ်ထဲက နာလာတာကြောင့် အသက်ရှူမဝတော့။ ရိုစီနာ ဟာ သူ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ၊သူ့စိတ်ထဲက ဖြစ်တည်လာသော ဆူးပင်တစ်ခုအလားပင်။

“အင်ပါယာထဲက အကောင်းဆုံးဆရာဝန်ကို ခေါ်လိုက်..."

ရာဟန် သည် နောက်ဆုံးတွင် ဖြည်းညှင်းစွာထလာသည်။ ရိုစီနာ က သူ့ဘေးမှာရှိနေသော်လည်း သူဘာမှ မလုပ်ပေးနိုင်ပေ။မငြိမ်မသက်ဖြစ်နေသော အခြေအနေတွင် သူမ မျက်နှာကို မကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမမျက်နှာကို မြင်လိုက်လျှင် သူ့ကိုယ်သူ ဓားဖြင့် ခုတ်သတ်ချင်နေတာကြောင့်ဖြစ်သည်။ ထို့နောက် သူသည် ရင်ထဲက သေချင်သောဆန္ဒကို မျိုသိပ်လိုက်ပြီး အိုင်းဆက်အား တည်ငြိမ်သောမျက်နှာဖြင့် ပြောလိုက်လေ၏။

"ကဲ....ငါ မြို့စားမင်း‌ကတော် အက်စတာရော့ ဆီကို သွားမယ်..."

အိုင်းဆက်သည် ပြန်ပြောမည့်အစား ဦးညွှတ်လိုက်သည်။

ထိုင်နေရာမှထလာသည့် ရာဟန် သည် မျက်လုံးများ ဖူးယောင်နေအောင် ငိုနေသော အီလီယန် ၏မျက်နှာကို မြင်လိုက်ရသည်။ သူ့လက်ကလေးသည် သနားစရာကောင်းသော အရုပ်လေးလို လှသည့် သားဖြစ်သူဆီကို ရောက်သွား၏။သို့သော် သူ ပွေ့ဖက်လို့မရခဲ့ပေ။

အီလီယန် ကို ပွေ့ဖက်ဖို့ ထိုက်တန်ရဲ့လား...

ရာဟန် သည် မည်းညိုနေသော မျက်နှာထားဖြင့် ငုံ့ကြည့်သောအခါ ငိုနေသော အီလီယန် သည် သူ့ရင်ခွင်ထဲကို တိုးဝင်လာသည်။ထိုအခါ သူလည်း သားဖြစ်သူကို ပွေ့ဖက်လိုက်သည်။ ငိုယိုနေသော အီလီယန် သည် မူးမေ့လဲသွားသလိုမျိုး သူ ရင်ခွင်ထဲတွင် မျက်လုံးလေး မှိတ်လျက်သားပင်။သူက အီလီယန် ကို ငြိမ်ငြိမ်ထားပြီးနောက် မကြာမီ အစေခံတွေဆီ ထားလိုက်သည်။ သူ့မျက်နှာမှာ ဘာအမူအရာမှမရှိဘဲ နန်းတော်ထဲကနေ ဖြည်းဖြည်းချင်း ထွက်သွားခဲ့၏။ ပြိုပျက်နေသော သူ့ရင်ဘတ်ကတော့ မုန်တိုင်းကို ရင်ဆိုင်နေရသော လူတစ်ယောက်ပမာ။

***

မိန်းမတစ်ယောက်၏ အသံက ချောက်ချားစရာကောင်းသည့် ထောင်ထဲမှာ အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေသည်။ အချိန်အတော်ကြာ အော်ဟစ်နေခဲ့သော ရာနီယာ သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ များသောအားဖြင့် ညစ်ပတ်သောကြမ်းပြင်ပေါ်မှာ သူမ ဘယ်တော့မှ ထိုင်လေ့မရှိသော်လည်း ယခုတော့ မတ်တပ်ရပ်ရန် ခွန်အားမရှိတော့ပေ။အုတ်ကာထားသည့် ထောင်ထဲတွင် အေးစက်နေရသည်။ နေရောင် သို့မဟုတ်လေမရှိသောကြောင့် စိုစွတ်ပြီး အေးလှသည်။

ရာနီယာ သည် ချမ်းတုန်နေသော ခန္ဓာကိုယ်ကို ကွေးထားလိုက်သည်။ သူမ ဘယ်လိုမျိုး အဆုံးသတ်ရမလဲဆိုတာကို မသိရသေးပေ။ သူမသည် ရိုစီနာ လဲကျသွားသည်ကိုမြင်လိုက်ရသည်။ ရိုစီနာ သည် ချောင်းဆိုးရင်း သွေးများထွက်ကာ သေသွားပုံရသည်။

"ဘာလို့လဲ..."

အဆိပ်က တုံ့ပြန်ဖို့ ရက်အနည်းငယ်ကြာမည်ဟု အာဆီလီယာ က ပြောထားခြင်း ဖြစ်သည်။ထို့အပြင် သေသွားမှာမဟုတ်ဘဲ မျက်လုံးမဖွင့်နိုင်တော့မှာဟုသာ ပြောခဲ့၏။ရာနီယာ သည် လက်သည်းများကို တစ်ချက် ကိုက်လိုက်မိသည်။ သူမကို အာဆီလီယာ က သစ္စာဖောက်သလားဟု တွေးမိသည်။ အခြေအနေတွေက ရှင်းနေတာမို့ ဘယ်သူမဆို သူမမှာ အပြစ်ရှိကြောင်း သိကြပေမည်။ သူမတစ်ကိုယ်လုံး ရူးသွပ်သွားသလို တုန်ယင်နေရသည်။ တော်ဝင်မိသားစုကို လုပ်ကြံရန် ကြိုးပမ်းသူ မည်သူမဆို သေဒဏ်ကျခံရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ ရိုစီနာ သည် တတိယမင်းသား၏ ဇနီးဖြစ်နေသေးသည်။

"မဖြစ်နိုင်ဘူး… အဲဒါ အမှန်မဖြစ်နိုင်ဘူး… မဟုတ်ဘူး…”

ရာနီယာ သည် ရူးသွပ်စွာ ငြင်းဆန်နေစဉ် နားထဲတွင် သံချောင်းသံကို ကြားလိုက်ရသည်။ သံချေးအဟောင်း၏ အသံသည် မှောင်မိုက်ကျယ်ဝန်းသော နေရာတစ်ခုထဲကို တိုးဝင်လာသည်။ ဖြည်းဖြည်းချင်း ကျောက်သားကြမ်းပြင်ပေါ်မှ ခြေသံများ ငြိမ်သက်စွာ ပဲ့တင်ထပ်လာသည်။ လူတစ်​​ယောက်​ဝင်လာပြီထင်​ပြီး သူမ အော်ငိုကာ အကူအညီတောင်းမိလေသည်။

"ကျွန်မကို ကူညီပါ..."

သူမ၏ ဆူညံသော အသံသည် ဆိုးရွားစွာ ထွက်ပေါ်လာသည်။ သို့သော် သူမ လက်ထဲတွင် နောက်ဆုံးအသက်သွေးကြော တစ်ခု ရှိသကဲ့သို့ ဖမ်းဆုပ်ထားကာ အတတ်နိုင်ဆုံး အော်မှရမည်။ ခြေသံများ နီးကပ်လာသည်နှင့် သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။သူမ ဤနေရာမှ ထွက်သွားနိုင်ဖို့ ဘယ်သူမဆို သူမ တည့်အောင်ပေါင်းရပေတော့မည်။ နောက်ဆုံးတော့ ထိုလူက သူမ ရှေ့မှာ လာရပ်၏။ထိုသူမှာ အမှောင်ထဲမှ ပေါ်ထွက်လာသော တတိယမင်းသား ရာဟန် ဟာဘက်မှလွဲ၍ အခြားသူမဟုတ်ပေ။

“ဟား.....ဟား….”

ရာနီယာ တုံ့ဆိုင်းသွားပြီးနောက် သူမ တင်ပါးက ကြမ်းပြင်ကို ထိသွားသည်။ မီးတုတ်၏အားနည်းသောအလင်းရောင်ထဲမှာပင် ရာဟန် သည် ပန်းချီကားတစ်ချပ်မှ ထွက်ပေါ်လာသကဲ့သို့ လှပနေသည်။သို့သော် သူ့အကြည့်က တစ်ကယ့် လူသတ်သမားတစ်ယောက်၏ အကြည့်။

ရာနီယာ အသက်ရှုကြပ်သွားသည်။ ဘာမှပြန်မပြောရသေးသည့် သူ့ကိုကြည့်ရုံနှင့် အသက်မရှူနိုင်တော့။

“အ…အ"

သူမ က ထပ်ခါထပ်ခါ စကားထစ်သည်။

'အရှင့်သား'ဆိုသည့် စကားကိုတောင် သူမ ကောင်းကောင်း မပြောနိုင်တော့။

ထို့နောက် ကျောက်သားကြမ်းပြင်ပေါ်တွင် ထိခတ်နေသည့် ခြေသံများကို သူမ ကြားလိုက်ရသည်။ ရာဟန် သည် သူ့သားရေဖိနပ် အကောင်းစားများ ဖုန်မှုန့်ထဲတွင် ညစ်ပတ်သွားမည်ကို သတိမထားမိဘဲ ပြေးဝင်လာခဲ့ပြီး သူမကို ငုံ့ကြည့်လာသည်။ထိုခါ သူမမှာ ကြမ်းပြင်ပေါ်ကို မူးမေ့လဲသွားသလို တုန်လှုပ်သွားသည်။

"မင်းနောက်ကွယ်က ဘယ်သူလဲ..."

အေးစက်စက် အသံထွက်လာသည်နှင့်အမျှ သူမ ကောင်းစွာအသက်မရှူနိုင်တော့ပေ။သို့သော်လည်း သူက အလျင်စလိုမလုပ်ဘဲ သူမ အဖြေကို အချိန်ပေးပြီး စောင့်နေတော့သည်။ အချိန်အတော်ကြာပြီးသည့်နောက် သူမ စကားတစ်ခွန်းမှ မပြောသေးပေ။

"ကျွန်မ မသိဘူး…"

ငြိမ်သက်နေသော ခြေထောက်များကို လှမ်းမြင်နေရ၍ ရာနီယာ စိတ်ပျက်လက်ပျက်ဖြင့် မော့ကြည့်လိုက်သည်။ ရာဟန် သည် ကြောက်စရာကောင်းသော မျက်နှာဖြင့် သူမကို ငုံ့ကြည့်နေသည်။ သူမ ခန္ဓာကိုယ်ကို ဖိထားသည့် ဖိအားတွေရှေ့မှာ သူမကိုယ်သူမ ပိုးကောင်တစ်ကောင်လို ခံစားရလေသည်။

"မင်း မသိဘူးလား..."

"တစ်ကယ် မသိပါဘူး..."

ရာနီယာသည် လျစ်လျူရှုထားသော်လည်း တိုးဝင်လာသော အကြောက်တရားကြောင့် သူမ စိတ်ပျက်သွားသလို ခံစားရမိသည်။သူမ တစ်ချက် အသံထွက်အောင် ငိုလိုက်တော့ ရာဟန် က ဖြည်းညှင်းစွာ ငုံ့ပြီး မျက်လုံးချင်းဆုံလိုက်သည်။

"မင်းကို တော်ဝင်နန်းတော်အပြင်ဘက်မှာ ကြိုးနဲ့ ချည်ပြီး ချိတ်ထားရင်ရင်တောင် မင်းမပြောဘဲ နေမှာလား..."

ရာနီယာ၏ မျက်လုံးများ ပိုပြူးကျယ်လာသည်။ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် သူပြောနေရုံသာ မဟုတ်မှန်း သူမ သိလိုက်သည်။ထို့ကြောင့် သူမသည် မျက်ရည်တွေကြားထဲက အားတင်းပြီး ပြောလိုက်တော့သည်။

“ကျွန်မ လုပ်ခဲ့တယ်ဆိုတဲ့ သက်သေမရှိဘူးလေ… "

ရာဟန် ၏ နှုတ်ခမ်းများ တွန့်သွားသော်လည်း မျက်လုံးတွေက လုံးဝမပြုံးပြတော့ ကြောက်စရာကောင်းနေသည်။

"အထောက်အထားမရှိဘူး ဟုတ်လား..."

လက်ဖက်ရည်ခွက်က အဆိပ်ထည့်ထားသည့်ကိစ္စကို ရာဟန်က ပြောလာသဖြင့် သူမ အံ့ဩသွားသည်။ အာဆီလီယာ က ခြေရာလက်ရာ မကျန်ခဲ့ပါဘူးဟု ပြောခဲ့သော်လည်း....တစ်ဆက်တည်းပင် အာဆီလီယာ က သူမကို အသုံးချလိုက်ကြောင်း သိလိုက်ရတော့သည်။ရိုစီနာကို သူမလက်နှင့် လာသတ်ခိုင်းပြီးနောက် လက်စဖျောက်ရန် ရည်ရွယ်ထားတာဖြစ်သည်။သူမ၏ မိုက်မဲမှုကို နောက်ကျစွာ သိရှိနားလည်သွားတာကြောင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။အခုတော့ သူမ အားကိုးနိုင်မည့်သူ မရှိတော့ပေ။ သူမကိုယ်တိုင်သာမက အက်စတာရော့ မိသားစုတစ်ခုလုံးပါ တော်ဝင်မိသားစုဝင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်မှု ရာဇ၀တ်မှုကျူးလွန်သည့်ကိစ္စအတွက် လည်ဖြတ်ခံရမည်ဖြစ်၏။

“အရှင့်သား...”

ရာနီယာ သည် ရာဟန် ၏ဘောင်းဘီကိုဆွဲကိုင်ကာ တောင်းပန်ခဲ့သော်လည်း ရာဟန် သည် အေးစက်သော မျက်နှာထားရှိနေဆဲဖြစ်သည်။ သူမခေါင်းကို အချိန်မရွေး ဖြတ်ပစ်ချင်သည့်အလားပင်။

ရာနီယာ သည် အသက်ရှုသွင်းပြီးနောက် အသံကို ညှစ်ထုတ်လိုက်သည်။ သေခြင်းတရားသည် သူမ ခေါင်းပေါ် တည့်တည့်ရောက်နေပြီ။ထို့ကြောင့် သူမ အသက်ရှင်နိုင်ရန် ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ဝပ်တွားလိုက်၏။

“ကျေးဇူးပြုပြီး ကယ်ပါဦး....ကျွန်မက ခိုင်းတဲ့အတိုင်း လုပ်ခဲ့ရုံပါ ..."

သူမ၏ ထစ်ငေါ့သောလေသံမှာ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ သူမ ကျယ်လောင်စွာ မငိုချင်သော်လည်း ဓားသွားက လည်ပင်းပေါ် ရောက်လာမှာစိုး၍ ငိုသာငိုရတော့မည်။

"အမိန့်အတိုင်းလား..."

“ဒုတိယ မင်းသမီး…”

ရာဟန် သည် ထိုင်နေရာမှ ဖြည်းညှင်းစွာထလိုက်သည်နှင့် သူမ သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိတော့သည်။

"အိုင်းဆက်...”

“ဟုတ်ကဲ့...”

"သူ့ကို နေ့ရောညပါ စောင့်ကြည့်ဖို့ တစ်ယောက်ယောက် ထားပေးပါ..."

ရာဟန် သူမကို ကြည့်သည့် မျက်ဝန်းထဲမှာ အချိန်မရွေး သူမ ခေါင်းကို ဖြတ်ပစ်ချင်သည့် ခံစားချက်အား ထိန်းထားကြောင်း သူမ မြင်ရသည်။သို့သော် သူမကို လောလောဆယ် သတ်လို့မဖြစ်သေးပေ။ အာဆီလီယာ ကို ရုံးတင်စစ်ဆေးရန် ရာနီယာ ၏ ထွက်ဆိုချက် လိုအပ်သေးသည်။ထို့နောက် သူက ထောင်ထဲမှ မထွက်ခင်မှာ ခေါင်းကိုလှည့်ပြီး ရာနီယာ အား နောက်ဆုံးစကားတစ်ခွန်းပြောလိုက်သည်။

"ရိုစီနာ မနိုးလာရင်..."

ပေါက်ကွဲထွက်နေသည့် ဒေါသတွေကို တိတ်တခိုး မျိုသိပ်ထားလိုက်၏။

"မင်းလည်း အဲ့ဒီလိုပဲဖြစ်လိမ့်မယ်..."

***

ရိုစီနာ အဆိပ်ခတ်ခံရကြောင်း တော်ဝင်နန်းတော် တစ်ခုလုံးတွင် ကောလာဟလများ ပျံ့နှံ့သွားခဲ့သည်။ သူမ မသေသေးသော်လည်း နိုးထလာဖို့ မဖြစ်နိုင်ဘူးဟု ဆရာဝန်က ပြောထားသည်။မင်းသမီးကို လုပ်ကြံသတ်ဖြတ်ခဲ့သူမှာ ညီမဖြစ်သူ ရာနီယာ ဖြစ်ကြောင်း ထင်ရှားလာသောအခါ နန်းတော်တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ဤဖြစ်ရပ်ကို အားလုံးက အာရုံစူးစိုက်နေသောကြောင့် မကောင်းဆိုးဝါးတွေကိစ္စအား ခဏ မေ့သွားသည်အထိပင်။

မနေ့ညက အာဆီလီယာ သည် ဘုရင်မနန်းတော်ထဲသို့ ခိုးဝင်ခဲ့ပြီး သူမက ရိုစီနာ ကို အဆိပ်ခတ်ခဲ့သူဖြစ်ကြောင်း ဂုဏ်ယူစွာပြောခဲ့သည်။သို့ရာတွင်၊ ရာနီယာ ကသာ ကိစ္စတိုင်းတွင် အပြစ်ရှိကြောင်း၊ ထို့ကြောင့် ဖမ်းခံရမည်ကို မကြောက်ကြောင်း သူမက ဆက်ပြောလေသည်။ ဘုရင်မသည် အာဆီလီယာက သက်သေအထောက်အထားများကို အပြည့်အ၀ ဖုံးကွယ်ထားခြင်း ရှိမရှိ မသိသော်လည်း ချီးမွမ်းစကားတော့ ပြောလိုက်သေးသည်။ ရာဟန် သည် မကောင်းဆိုးဝါးဖြစ်ရပ်ကြောင့် နန်းတော်ပြင်ပကို ထုတ်ပယ်ခံရတော့မည်ဖြစ်၍၊ သူမသည်လည်း ရိုစီနာ ကို အကြောင်းပြချက်မျိုးစုံဖြင့် ဖယ်ရှားရန် ကြိုးစားနေချိန်မှာ ယခုလို ဖြစ်သွားသည်မှာလည်း မဆိုးလှပေ။

အာဆီလီယာသည် ကိစ္စများ ပြောပြီးနောက် ပြန်သွားလျှင် ဘုရင်မလည်း နံနက်စောစော အပြင်ထွက်ရန် ပြင်ဆင်နေ၏။အိမ်ရှေ့စံနန်းတော်သည် သူမ သွားနေကျနေရာဖြစ်သည်။ မကောင်းဆိုးဝါးကြောင့် ဝေဒနာ ခံစားရသော အိမ်ရှေ့စံက သူမ၏ မာနကို ပြင်းပြင်းထန်ထန် ထိခိုက်စေလေသည်။ အစီအစဥ်အားလုံး ပျက်သုဉ်းသွားခဲ့ပြီး သူက ရာဟန်ကို ထပ်ပြီးတောင် ဂုဏ်မြင့်အောင် လုပ်ပေးလိုက်သေးသည်။သူမသည် အဖိုးတန် ဆေးဖက်ဝင်အပင်များကို အိမ်ရှေ့စံအတွက် ယူလာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် နောင်တွင် ဘုရင်မင်းမြတ်ဖြစ်လာမည့် အဖိုးတန်ခန္ဓာကိုယ်ဖြစ်သောကြောင့် ဘယ်နေရာမှာမဆို ဒဏ်ရာအနာတရဖြစ်စေရန် ဂရုစိုက်ရပေမည်။

အိမ်ရှေ့စံ နန်းတော်ထဲကို ဘုရင်မ ဝင်လိုက်သည်နှင့် အစောင့်က သူမကို ချက်ချင်းပင် လမ်းညွှန်လိုက်သည်။သူမ အချိန်အတော်ကြာအောင် ထိုင်စောင့်နေပြီးနောက် အခန်းထဲမှ ရက်ပေါင်းများစွာ မထွက်လာသော အိမ်ရှေ့မင်း ပေါ်လာသည်။

"မတွေ့ရတာကြာပြီနော်....သား"

ဇီဂရစ် သည် ဘုရင်မ၏ စကားကို ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ ဤရက်အနည်းငယ်အတွင်း သူ့မျက်နှာသည် ဖြူဖျော့လာပြီး ပခုံးမှာလည်း ဒဏ်ရာအပြင်းအထန်ရထား၍ ပတ်တီးများ စည်းထားရသည်။ ဇစ်ဂရစ် ထိုင်ချလိုက်သောအခါ သူမသည် ဆေးဖက်ဝင်အပင်တစ်ဘူးကို ပေးလိုက်သည်။

"ဒါက အနာကို သန့်စင်ပေးတဲ့ဆေး....ကျန်တာကို စိတ်မပူပါနဲ့....ဘုရင်မင်းမြတ်က အရာအားလုံးကို စီစဉ်ပေးထားတယ်..."

"ဘာကိုဆိုလိုတာလဲ..."

ဇီဂရစ်က ချက်ချင်းနားမလည်ဘဲ မေးလိုက်လျှင် ဘုရင်မသည် စိတ်လျှော့ကာ လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"တတိယမင်းသားကို ငါတို့က အကုန်အပြစ်တင်လိုက်မယ်..."

“….!”

Xxxxxxx