အပိုင်း ၈၀
Viewers 13k

Chapter 80


ဇီဂရစ် အံ့အားသင့်စွာ ကြည့်လိုက်သည်။

"တတိယမင်းသား ကိုယ်တိုင်ဖန်တီးထားတဲ့ ပြဇာတ်တစ်ခု ဖြစ်အောင် လုပ်ပြီး နောက်ရက်အနည်းငယ်အတွင်း ရုံးတင်တော့မှာ..."

ဇီဂရစ် သည် သူ့မာနကို ထိခိုက်သွား ၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

"အဲဒါကြောင့် မင်းအစကတည်းက မှန်အောင် လုပ်ထားရမှာ..."

အေးစက်သော မျက်လုံးများသည် ဇီဂရစ် ဆီကို စူးစိုက်သွားသည်။ သားဖြစ်သူကို ကြည့်နေသည့် မိခင်တစ်ယောက်၏ မျက်လုံးတွေ မဟုတ်ပေ။ ဇီဂရစ် က ဘာမှပြန်မပြောတော့ သူမ လက်ဖက်ရည်ခွက်ကို ချလိုက်၏။ ပန်းကန်ချင်း ထိခတ်လိုက်သည့် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသော်လည်း ဇီဂရစ် အာရုံစူးစိုက်နိုင်ခြင်းမရှိပေ။

"သတင်းကြားပြီးပြီလား..."

"ဘာသတင်းလဲ…"

ထို့နောက် ဘုရင်မက ယနေ့ ရာသီဥတုအကြောင်း ပြောနေသလိုပင် အေးအေးဆေးဆေး ပြောလိုက်သည်။

“တတိယမင်းသမီး အဆိပ်ခတ်ခံရတယ်လေ..."

“!”

ဇီဂရစ် ချက်ချင်းပင် တုန်လှုပ်ပြီး သူ့စိတ်ခံစားချက်တွေကို ထိန်းချုပ်၍ မရဖြစ်သွားတာကြောင့် ဘုရင်မက နားမလည်နိုင်ဟန်နှင့် မေးလိုက်လေ၏။

"မင်းဘာလို့ ဒီလောက် ကြောက်သွားတာလဲ..."

"...သူမ သေပြီလား"

“ကြည့်ရတာတော့ မသေသေးဘူး....ဒါပေမယ့် ဆရာဝန်က သူမ မနိုးနိုင်တော့ဘူးလို့ ပြောတယ်....အဲ့ဒီတော့ သေသွားသလိုပါပဲ...”

ဘုရင်မသည် ရိုစီနာ အကြောင်း မပြောချင်ပုံဖြင့် စကားလက်စသတ်လိုက်သည်။

"မင်း စောစောကပြောထားတဲ့ မင်းချစ်သူကို ဘယ်တော့ အမေ့ကို ခေါ်လာပြမှာလဲ..."

မျက်နှာက ဖြူဖျော့သွားသော ဇီဂရစ် သည် အလန့်တကြား အမေဖြစ်သူကို မော့ကြည့်လိုက်သည်။ ဇီဂရစ် သည် တစ်ခါမှ ယခုလို မထိတ်လန့်ဖူးတာကြောင့် ဘုရင်မသည် မျက်နှာထားတင်းသွားရ၏။ထို့နောက် ဇီဂရစ် သည် အတန်ကြာပြီးမှ စကားစလိုက်တော့သည်။

“အမေ သူမကို သိပြီးသားပါ...”

"…သူမက ဘယ်သူလဲ..."

သူမ စိတ်ထဲက တစ်ချက် ထိတ်လန့်သွားသည့်အတိုင်းပင် သူမ၏ ခန့်မှန်းချက်က အတိအကျ မှန်နေတော့သည်။

"သူမက ရိုစီနာ အက်စတာရော့ဆိုတဲ့ တတိယမင်းသမီးပါ...အမေ..."

ဘုရင်မက ဘာမှပြန်မပြောပေ။သူမ နားကြားများမှားသလားဟု တွေးပြီး မကျေမနပ်ဖြစ်နေဟန်တူပေသည်။

“မင်းသား…မင်း အခု နေကောင်းရဲ့သားနဲ့ ခေါင်းများ မကောင်းတော့တာလား..."

"သူမက သာမန်မိန်းမ မဟုတ်ဘူး..."

ဇီဂရစ် ပုံစံက နောက်နေတာမဟုတ်မှန်းသိ၍ ဘုရင်မ ပါးစပ်ကိုပိတ်ထားလိုက်သည်။

"သူမက ကျွန်တော် လိုက်ရှာနေတဲ့သူပဲ..."

“….!”

ဘုရင်မ၏ မျက်လုံးများသည် အတိုင်းအတာတစ်ခုအထိ ကျယ်လာသည်။ ဇီဂရစ် သည် နတ်ဘုရား၏ တန်ခိုးအား အားကောင်းစေမည့် တည်ရှိမှုကို လျှို့ဝှက်ပြီး အတော်ကြာ ရှာဖွေနေခဲ့သည်။

"သူမနဲ့ ပထမဆုံးစတွေ့တုန်းက ကျွန်တော် ကိုယ်တိုင် ခံစားခဲ့ရတာ..."

ဇီဂရစ် က ယုံကြည်ချက်အပြည့်နှင့် ညည်းတွားလိုက်သည်။ သူ့မျက်လုံးများသည် အလိုဆန္ဒရောင်ဖြင့် အရောင်ပြောင်းနေပြီဖြစ်သည်။ ဇီဂရစ် သူမ ထံမှ တစ်ခုခု လိုချင်တာရှိနိုင်မည်ဟု ဘုရင်မလည်း ဟိုးအရင်ကတည်းက သိခဲ့တာဖြစ်သည်။

"ကျွန်တော် တတိယမင်းသမီးကို ရပြီဆိုတာနဲ့....ရာဟန် ကိုရော...တခြားဆွေမျိုးနီးစပ်တွေကို မလိုအပ်တော့ဘူး....ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ပထမဆုံး ဘုရင်မင်းမြတ်လိုပဲ တန်ခိုးရှိလာမှာမို့လို့ပါ..."

သူမ ပေးနိုင်သည့် စွမ်းအားကြောင့် ဇီဂရစ် မျက်လုံးများက လောဘစိတ်တို့နှင့် တဖိတ်ဖိတ်ပင်။

"ဒါကြောင့် သူမ အသက်ရှင်ကို ရှင်ရမယ်..."

ဇီဂရစ်သည် ဘုရင်မကို တည့်တည့်ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။

“အ‌မေ ကူညီပါဦး..."

ရာဟန် သည် ရိုစီနာ ကို စိုက်ကြည့်နေသည်။ သူမသည် လူသေတစ်ယောက်လို အိပ်ပျော်နေသည်မှာ ရက်အတော်ကြာ‌နေပြီဖြစ်ကာ အခုထိ မျက်လုံးမဖွင့်နိုင်သေးချေ။အသားအရေက ဖြူဖျော့နေပြီး သူမပုံစံမှာ လုံးဝမကောင်းမွန်သေးပေ။

သူသည် ရိုစီနာ အနားတွင် တစ်ညလုံး နေခဲ့သည်။ သူတို့ ခဏတာ ဝေးကွာနေလျှင်တောင် ကြောက်စိတ်တွေက အတားအဆီးမရှိစွာပင် တိုးဝင်လာကြသည်။ သူ ငြိမ်သက်စွာထိုင်နေရင်း သူမ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ထိုအခါ သူတို့လက်ကို ပထမဆုံးအကြိမ် ဆုပ်ကိုင်ထားစဥ်ကလိုမျိုး လက်ဖျားများ ဆတ်ကနဲတုန်ခါသွားရသည်။ ထို့နောက် သူမ ပါးပြင်ပေါ် လက်တင်ကြည့်လိုက်လျှင် အတန်ကြာတော့ နွေးထွေးလာရလေသည်။ဤနွေးထွေးမှုသည် သူမ အသက်ရှင်နေသေးကြောင်း သက်သေပြနေသလိုရှိသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း များစွာဖြစ်ပျက်ခဲ့သည်။ ရာဟန် သည် ရာနီယာ ၏ဝန်ခံချက်ကိုကြားပြီးကတည်းက အာဆီလီယာ နှင့်ပတ်သက်သည့်အရာအားလုံးကိုစုံစမ်းရန် လူလွှတ်ထားခဲ့သည်။ သူမသည် အထောက်အထားများကို လုံးလုံးလျားလျား ဖျက်ပစ်လိုက်ပြီဟု ထင်နေသော်လည်း ထိုသို့မဟုတ်ပေ။ သူသည် ရှာဖွေနိုင်သည့် အထောက်အထားအားလုံးကို စုဆောင်းထားခဲ့သည်။

ရာနီယာ သည် ထောင်ထဲတွင် ရက်အနည်းငယ်ကြာ သတိလစ်နေခဲ့သည်။ယခုတော့ သူမကို ကယ်တင်ဖို့အစား သေခြင်းတရားကို ပေးသနားရန် တစာစာ တောင်းခံနေတော့သည်။ အလင်းရောင်မရှိ ၊တိတ်ဆိတ်ငြိမ်သက်လှသော မြေအောက်ခန်းမျိုးသည် လူအများကို ရူးသွပ်စေမည့် အခြေအနေကောင်းများဖန်တီး‌ပေးလျက်ရှိသည်။

မကောင်းဆိုးဝါးအမှုနှင့် ပတ်သက်၍ စုံစမ်းမှုတစ်ခု ပြုလုပ်တော့မည်ဖြစ်သည်။ ဘုရင်မင်းမြတ်နှင့် အယ်လိုအာ နယ်စားမင်းတို့သည် အိမ်ရှေ့စံ ပြုခဲ့သမျှအတွက် ရာဟန် ကို စွပ်စွဲထားကြပြီး ယခုဆို စီရင်ချက်ချရန်သာ ကျန်တော့သည်။ မည်သို့ပင်ဖြစ်စေ၊စီရင်ချက်သာလျှင် အရေးကြီးခြင်း ဖြစ်သည်။ အဖြစ်အပျက်တွေ အများကြီးဖြစ်ပြီးနောက်မှာတောင် ရိုစီနာ က မျက်လုံးမဖွင့်သေးပေ။ ကမ္ဘာကြီး၏ ကမောက်ကမဖြစ်ရပ်တွေနှင့် ဆန့်ကျင်ဘက်ပင် ငြိမ်းချမ်းစွာ သူမတစ်ယောက်တည်း အနားယူနေခဲ့၏။

ရာဟန် သူမ လက်ကို အချိန်အကြာကြီး ဆုပ်ကိုင်ထားပြီးနောက် ဖြည်းညှင်းစွာ ချလိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူသည် များစွာတွေးတောနေခဲ့သည်။ အမှုရင်ဆိုင်ပြီးနောက်ပိုင်းတွင် သူမကို သူကာကွယ် ပေးနိုင်မည်မဟုတ်ပေ။ သူ လောဘကြီးပြီး သူမကို ဘေးမှာ ဆက်ထားလိုက်လျှင် ယခုလိုမျိုး ထပ်ဖြစ်နိုင်သည်။ထို့အပြင် ဖြစ်လာလျှင်လည်း နောက်ပြန်လှည့်လို့ မရချေ။သူမ မျက်နှာကို ကြည့်ပြီး သူ ငိုချင်သလိုဖြစ်လာသည့်ကြားထဲက အားတင်း ပြုံးလိုက်သည်။ သူမကိုကြည့်ရင်း သေလောက်အောင် နာကျင်ခံစားရသော်လည်း ပြုံးလိုက်မိသည်။

"မင်းကိုချစ်တယ်..."

ယခုထိ မပြောနိုင်ခဲ့သည့် ရိုးသားမှုတွေ ပေါက်ကြားလာ၏။ သူ့လည်ချောင်းထိပ်မှာ အမြဲလိုလို ပျံ့လွင့်နေပြီး နောက်ဆုံးတော့ မျိုချမိသွားခဲ့သော စကားလုံးတွေ အခုမှ ထွက်လာတော့သည်။ သူတို့ စတွေ့သည့် နေ့ကစပြီး သူမကို ချစ်သွားခဲ့တာဖြစ်သည်။ သူမ ပြောသလိုပင် ဆွဲဆောင်မှုတစ်ခုခု အားကောင်းတာကြောင့် ဖြစ်သည်။သူမကို ကမ္ဘာပေါ်ရှိ အရာအားလုံး သူကိုယ်တိုင် ပေးနိုင်သလို ခံစားရပြီး ပျားရည်အိုးထဲမှာ ပိတ်မိနေသလိုမျိုး ချိုမြိန်သည့် အရသာကို ခံစားရ၏။ တစ်ချိန်တည်းမှာပင် သူမက သူ့ကို ပထမဆုံးအကြိမ် စိတ်ပျက်အားငယ်စေခဲ့သည်။ ခဏလေး တွေ့ဆုံပြီးနောက် သူမသည် သဲလွန်စ မကျန်တော့ဘဲ မီးခိုးကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

သူသည် သူမကိုရှာရန် အလွန်မုန်းတီးသော တော်ဝင်မိသားစုထဲသို့ ဝင်ရောက်လာခဲ့သည်။ တစ်ညတည်းသာအတူကုန်ဆုံးခဲ့သူကို တသတသ မေ့မရအောင် စွဲလန်းသွားခဲ့ပြီး ခုနစ်နှစ်ကြာသည်အထိ မမေ့နိုင်ခဲ့ပေ။ သူသည် ထိုနေ့က ပြောဖြစ်ခဲ့သော စကားများနှင့် သူ့လုပ်ရပ်များကို နေ့စဉ်နှင့်အမျှ တွေးခဲ့သည်။ တစ်ဖန် ပြန်တွေ့ပြန်တော့ သူ့စိတ်ထဲမှာ သူမကို ပြောချင်တာတွေအများကြီးရှိနေသည်။

ဘာမှ မပြောဘဲ ဘာလို့ ထွက်သွားတာလဲ…ကိုယ့်ကို မုန်းတာလား… ဒါမှမဟုတ် ရက်စက်တယ်လို့ မြင်နေတာလား....

အပူပေးထားသော သံတုံးများကဲ့သို့ ပူပြင်းပြီး နာကျင်ရသော မေးခွန်းများကို သူ မျိုချလိုက်သည်။ရိုစီနာ နှင့် ပြန်တွေ့သည့်အခါက ဘာဆိုဘာမှ မပြောနိုင်ခဲ့ပေ။ သူမ ဤနေရာကို ပြန်ရောက်ရုံနှင့် ကျေနပ်နေပြီး နာကြည်းမှုတွေကို ဆေးကြောပစ်လိုက်နိုင်သည်။ သို့သော်လည်း သူမသည် သူ့ကိုအလေးအနက်ထားဟန်မတူဘဲ မတော်တဆ အမှားလေးတစ်ခု ဖြစ်ကာ သူတို့ကြားတွင် ခံစားချက်မရှိနိုင်ဟု တစ်သမတ်တည်း မျဉ်းသားထားသည်။ထိုသို့ဆိုလျှင် သူဘာကြောင့် ဤမျှနာကျင်ရသလဲဆိုသည်ကို ပြန်တောင် မေးလိုက်ချင်သည်။

သူမကို သူက ဘာလို့ မ​မေ့​ရသေးတာလဲ… အဲ့ဒီအချိန်​က သူ့ကို ဘာလို့ ဒီလိုလုပ်​ခဲ့တာလဲ... ဒါပေမယ့်...

သူမ ထွက်သွားမှာ ကြောက်၍ သူ ဘာမှ မမေးနိုင်ခဲ့ပေ။သူမကို သူ့ဘဝထဲ မခေါ်ခဲ့သင့်သော်လည်း သူ တစ်ကယ် လောဘကြီးလွန်းမိသွားသည်။သူမကို အမှတ်တရအဖြစ်သာ သိမ်းဆည်းထားပြီး မေ့ထားသင့်သည်။ ထိုသို့ မလုပ်နိုင်လျှင်တောင်မှ သူမကို မေ့ဖို့ ဆက်ကြိုးစားသင့်သည်။ နေ့ရက်တွေကြာလာ‌သည်အထိ နောင်တတွေက လျော့မသွားသေးပေ။

“မင်းဆန္ဒအတိုင်း ကွာရှင်းလိုက်မယ်…”

မာနက အရင်းခံနေ၍ သူမကိုယ်တိုင်က အဆင်ပြေကြောင်း သေချာပေါက် ပြန်ပြောလာလျှင် သူမကို လွှတ်ပေးနိုင်မည်ဖြစ်သည်။

ရာဟန်သည် စကားဆက်မပြောနိုင်ဘဲ ခေါင်းငုံ့ထားလိုက်သည်။ သူမ နိုးလာပါက သူမကို လွှတ်ပေးလိုက်ရန်ရည်ရွယ်ထားသည်။ဤနေရာကနေ ထွက်ခွာပြီး အေးချမ်းသည့် ဘဝနှင့် နေထိုင်ရမည်။ သူ့စိတ်ထဲက မကြိုက်ဘူးဆိုလျှင်တောင် အခုချက်ချင်း သူမကို လွှတ်ပေးမှ သူမ ဘေးကင်းတော့မည်ဖြစ်သည်။သူ ခေါင်းကို မော့လိုက်ပြိး သူမ ပါးကို စုတ်ပြဲသွားမှာ ကြောက်နေသလိုမျိုးခပ်ဖွဖွ ထိလိုက်သည်။ထို့နောက် ထိုင်ခုံမှ ဖြည်းညှင်းစွာ ထလိုက်၍ ပြတင်းပေါက်မှတစ်ဆင့် တော်ဝင်နန်းတော်ကို ငေးကြည့်မိ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အေးဆေးတည်ငြိမ်နေသော သူ့မျက်လုံးများသည် ယခင်ကထက် ပိုမိုတောက်ပလာသည်။ တောက်လောင်နေသော ထိုမျက်လုံးများသည် အရာအားလုံးကို လောင်ကျွမ်းသွားစေမလိုပင်။ သူ အားလုံးကို ခွင့်မလွှတ်နိုင်ပေ။ သူ့ကို အခုထိ အသုံးချခဲ့သည့် ဘုရင်မင်းမြတ်၊ဘုရင်မ နှင့် အယ်လိုအာ နယ်စားမင်း ၊ပြီးလျှင် ရိုစီနာ နောက်မှာ ရှိနေသည့် အိမ်ရှေ့စံတို့အပြင် အရူးလုပ်ခံ မှူးမတ်များကိုရော တစ်စက်ကလေးမှ မကျေနပ်ပေ။

ရာဟန် လက်သီးကို ဆုပ်ထားလိုက်သည်။ ရိုစီနာ ကို တော်ဝင်နန်းတော်မှ အဝေးကို လွှတ်ပြီးနောက် အရာအားလုံးကို ဇောက်ထိုးလှန်ပစ်ရန် ရည်ရွယ်ထားသည်။

***

ရိုစီနာ နိုးမလာသည်မှာ 10 ရက်ရှိလေပြီ။ ရာဟန် ၏တရားခွင်အတွက်လည်း ရက်စွဲကိုသတ်မှတ်ထားပြီး ဖြစ်သည်။ ထိုသတင်းကို သိထားသူတိုင်း စိုးရိမ်နေကြသော်လည်း ရာဟန် မှာ ငြိမ်သက်နေသည်။ဘယ်အရာကမှ သူ့ကို မနှောင့်ယှက်နိုင်သလိုပင်။ဤအတောအတွင်း သူ့အာရုံတွေက ရိုစီနာ ဆီမှာသာ ရှိခဲ့သည်။သူမ သူ မရှိတုန်း နိုးလာမှာစိုး၍ ခဏလေးတောင် အပြင်မထွက်ခဲ့ပေ။အားလုံးက ဘာမှမလုပ်ဘဲ မလှုပ်မယှက်ထိုင်နေသည့် သူ့အတွက် စိုးရိမ်နေကြ၏။ဤအတိုင်းဆိုလျှင် သူပါ အိပ်ရာထဲ လဲသွားနိုင်သည်။ယနေ့လည်း သူ ရိုစီနာ အနားမှာ ရပ်နေစဥ် တံခါးဖွင့်သံကို ကြားလိုက်ရသည်။ အထဲကိုဝင်လာတဲ့ အီလီယန် ဖြစ်သော်လည်း သူ နည်းနည်းမှ မလှုပ်သေးပေ။

အီလီယန် က ရာဟန် ကိုကြည့်ကာ မေးလိုက်သည်။

"စားပြီးပြီလား..."

ရာဟန် ခေါင်းခါလိုက်သည်။ သူ့အစာမစားရတာ နှစ်ရက်ရှိပြီဖြစ်သည်။သူ့စိတ်မှာလည်း တစ်ကယ်မူးလဲတော့မလို ခံစားနေရတာဖြစ်သည်။ထို့နောက် အီလီယန်က လက်ပိုက်ထားကာ ဆက်ပြောလေသည်။

"မေမေ နိုးလာတဲ့အခါ အားလုံး ကျန်းမာနေမှ မေမေက ‌သဘောကျမှာပေါ့..."

ရာဟန် သည် ခါးသီးသော အမှန်တရားကြောင့် တုန်လှုပ်သွားပြီး ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်တော့ နွမ်းနယ်နေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

"မေမေ့နားမှာ သား ရှိနေပေးမယ်...စားပြီးပြန်လာပါလား..."

သူ ဆက်မငြင်းနိုင်တော့ဘဲ ထိုင်ခုံမှ ဖြည်းညှင်းစွာထလိုက်သည်။ ရိုစီနာ ကြောင့်သာ သူ ထရခြင်းဖြစ်၏။ ပြိးလျှင်၊ သူ့လက်ကို အီလီယန် ပုခုံးပေါ်မှာ တင်လိုက်သည်။စကားတွေ မပြောဖြစ်သော်လည်း သူမကို စောင့်ကြည့်ထားဖို့ ရည်ညွှန်းတာဖြစ်သည်။

ရာဟန် အခန်းထဲမှ ထွက်သွားပြီးနောက်၊ အီလီယန် သည် ကုလားထိုင်ကို ဆွဲထုတ်ကာ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ရိုစီနာ သည် လဲကျသည့်နေ့ကထက် ရွှင်ရွှင်လန်းလန်းဖြစ်လာသော်လည်း မျက်လုံးမဖွင့်သေးပေ။ အီလီယန် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ အမေဖြစ်သူက သူ့ကို မထားခဲ့နိုင်၍ မကြာခင် မျက်လုံးဖွင့်လာမည်ဟု သူ ယုံကြည်သည်။

သူမကို အချိန်အကြာကြီး စိုက်ကြည့်နေရင်းက

"မေမေ အကြာကြီး အိပ်နေတာပဲနော်..."

အီလီယန် က ရိုစီနာ ကို တိုးတိုးပြောလိုက်၍ ဖက်ထားလိုက်မိသည်။သို့သော် သူမကတော့ လှုပ်တောင်မလှုပ်လာသေးပေ။သူမ နိုးမလာတော့မှာကို သူ တစ်ကယ်ပဲ စိုးရွံ့မိပါ၏။

"နောက်ဆိုလေ သား...လိမ္မာပါ‌ေတာ့မယ်… အတန်းထဲမှာလည်း ကောင်းကောင်းစာသင်မယ်....ဖေဖေ့ကို လည်း မနာလိုမဖြစ်တော့ဘူး... ပြီးတော့ အစားကိုလည်း ဂျေးမများဘဲ ကောင်းကောင်းစားပါ့မယ်..."

သူ ရိုစီနာ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ကတိများ‌ ပေးလိုက်သည်။အချိန်အတော်ကြာ စကားပြောပြီးနောက်လည်း သူမ မနိုးပေ။ထိုအခါ အစက အေးဆေးတည်ငြိမ်နေသော အီလီယန်ခမျာ မျက်နှာပျက်သွားရသည်။

“မေမေ…သားကို မထားခဲ့ပါနဲ့....သား ဒီမှာလေ..."

အမေဖြစ်သူက အမှောင်ထဲမှာ လမ်းလျှောက်နေလျှင်လည်း သူ့ကိုတွေ့နိုင်ပါစေဟု ဆုတောင်းနေမိသည်။ မကြာခင်၊ သူသည် မျက်လုံးမှိတ်ထားရင်း ငိုပါလေတော့သည်။ သူ ထိန်းဖို့ ကြိုးစားသော်လည်း မျက်ရည်ဂလင်းတွေက ပေါက်နေပြီဖြစ်သည်။

“…မေမေ မသွားပါနဲ့...”

အီလီယန် ၏ ငိုသံကသာ အခန်းထဲတွင် ပြည့်နှက်နေသည်။သူသည် မျက်ရည်များ အဆက်မပြတ်ကျလာပြီး ရိုစီနာ ကိုသာ ခေါ်နေရင်း သူ ကိုင်ထားသည့် သူမ လက်ချောင်းများသည် တစ်ချက် တွန့်သွားသည်။ဤသည်မှာ မမြင်နိုင်လောက်အောင် အားနည်းသည့် လှုပ်ရှားမှုတစ်ခုဖြစ်သော်လည်း ကိုင်ထားသည့် သူ့လက်ရောပါ တုန်ခါသွားခဲ့၏။ထိုအခါ အီလီယန်သည် ကုတင်ပေါ် ခေါင်းမှီထားပြီး ငိုနေရာမှ ချက်ချင်း မော့ကြည့်လိုက်သည်။ထိုအခါ မျက်ခွံများဖွင့်လာသော ရိုစီနာ နှင့် အကြည့်ချင်းဆုံသွားသည်။ ရိုစီနာသည် အိပ်နေရာမှ ဖြည်းဖြည်းချင်း ထလာပြီး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသော အီလီယန် ကိုကြည့်ကာ ခေါ်လိုက်သည်။

"အီလီယန်..."

အီလီယန် မယုံနိုင်ဘဲ မျက်လုံးပြူးသွားပြီး သူ့မျက်လုံးထဲမှ မျက်ရည်များ က တလိမ့်လိမ့် စီးကျလာသည်။

“‌မေမေ…”

အီလီယန် ချက်ချင်း သူမကို ဖက်လိုက်လျှင် သူမလည်း ပြန်ဖက်ထားလိုက်သည်။ အဖြစ်မှန်ကို သူမ မသိသေးသော်လည်း၊ သူမမျက်နှာကို လက်ကလေးနှင့် အကြိမ်ကြိမ် ပွတ်သပ်နေသော အီလီယန် ကို ကြည့်ရုံဖြင့် တစ်ခုခုကို သဘောပေါက်သွားသလို ရှိသည်။

"မေမေ အဆင်ပြေပါတယ်..."

စိတ်ချရပြီဖြစ်သော ကျန်းမျာ‌ေရးကောင်းသည့် အသံတိုးတိုးလေးကို ကြားရသောအခါ အီလီယန် လက်ကို ဖယ်လိုက်သည်။

ထိုအခါ ရိုစီနာက သူ့ကို မေးလေသည်။

"သား နေကောင်းရဲ့လား..."

အီလီယန် က မျက်ရည်တွေနှင့် ခေါင်းညိတ်ပြသည်။ သူ မငိုဖို့ကြိုးစားသော်လည်း ဘာကြောင့် ငိုနေမှန်းမသိတော့။ရိုစီနာ သူ့ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်၍ အငိုရပ်သွားလျှင် တံခါးဖွင့်သံ တစ်ချက်ကြားလိုက်ရ၍ သူမ တံခါးဆီသို့ လှည့်ကြည့်လိုက်သည်။

ရာဟန် သည် တံခါးကိုဖွင့်ဖွင့်ချင်း ရိုစီနာ ကိုမြင်လိုက်လျှင် သံမှိုရိုက်ခံရသကဲ့သို့ ထိုနေရာတွင် ငူငူကြီး ရပ်နေမိသည်။ အလွန်ပိန်ချုံးနေသည့် သူမကို သူ မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။ အချိန်အတော်ကြာပြီးနောက်မှ သူမ နာမည်ကို ခေါ်လိုက်သည်။

"ရိုစီနာ.."

တိတ်ဆိတ်မှုက အခန်းတွင်းထဲကို ဖုံးလွှမ်းသွားသည်။ တိတ်ဆိတ်နေသည့်ကြားက သူမကလည်း နှုတ်ဆက်လာလေသည်။

"အရမ်းကြာသွားလား..."

ရိုစီနာ အသံကိုကြားသောအခါ ရာဟန် မျက်လုံးများသည် အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး သူမ အနားကို လျင်မြန်စွာ ချဉ်းကပ်လာသည်။ထို့နောက် ကုတင်ရှေ့တွင် ရပ်လိုက်သည်။ ရိုစီနာ ကို ပွေ့ဖက်ချင်တာကြောင့် မခံမရပ်နိုင်ဖြစ်ရသည့် ခံစားချက်မျိုး သူ့မျက်လုံးတွေထဲမှာ ထင်ဟပ်လာသော်လည်း တစ်ချက်မှ မလှုပ်ပေ။

"အဆင်ပြေရဲ့လား..."

ရာဟန် သည် စကားလုံးများစွာထဲမှ ထိုစကားကိုသာ ပြောခဲ့သည်။သတိထားပြီး မေးလာသည့် သူ့မေးခွန်းကို သူမကလည်း ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။

"အင်း....ပြေပါတယ်"

"ကိုယ် ဆရာဝန်ကို ချက်ချင်းခေါ်လိုက်မယ်နော်..."

"ခဏ​နေ​တော့မှ ခေါ်မယ်လေ..."

ရာဟန် ချက်ချင်းထွက်သွားဖို့ ပြင်လိုက်လျှင် သူမ သူ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ထိုအခါ သူလည်း ထိုနေရာတွင် ရပ်လိုက်ပြီး သူမကို ထပ်ကြည့်နေပြန်သည်။ သူ့မျက်နှာက ခံစားချက်တွေ အများကြီး ပါနေပြီး ငိုချင်စိတ်၊ပျော်စိတ်နှင့် နာကျင်စိတ် တို့ပင် ဖြစ်၏။သူ့မျက်နှာကိုမြင်ပြီးနောက် သူမသည် အကြာကြီး ဘာမှပြန်မပြောနိုင်တော့ဘဲ လက်ထဲတွင်ရှိသော အီလီယန် လက်ကို ဖြုတ်လိုက်ပြီး အီလီယန် ကိုမေးလိုက်သည်။

"အီလီယန်…သား ဖေဖေနဲ့ ခဏလောက် စကားပြောလို့ရမလား..."

အီလီယန် က ခေါင်းညိတ်လိုက်ပြီး တံခါးကို တိတ်တဆိတ်ပိတ်၍ အပြင်ထွက်လိုက်လျှင် ငြီးငွေ့သော တိတ်ဆိတ်မှုက လွှမ်းမိုးသွားပြန်သည်။

"ကျွန်မ အိပ်ပျော်နေတာ ဘယ်လောက်ကြာပြီလဲ..."

“ဆယ်ရက်လောက်ရှိပြီ...”




Xxxxxxx