အပိုင်း ၈၁
Viewers 13k

Chapter 81

"ကျွန်မ အိပ်ပျော်နေတာ ဘယ်လောက်ကြာပြီလဲ..."

“ဆယ်ရက်လောက်ရှိပြီ...”

အကြာကြီး အိပ်ထားတာကြောင့် သူမ မျက်နှာက နီရဲနေသလို ဖြစ်ကာ၊ ဆို့နင့်နေသော အသံကလည်း မလန်းသလို ခံစားရသည်။ သူမ သူ့ကို ချက်ချင်း ပွေ့ဖက်လိုက်ချင်သည်။ အိပ်မက်ထဲမှာ အချိန်ဆိုတာ မရှိသဖြင့် အိမ်မက်ထဲက အချိန်ကာလသည် တစ်ရက် သို့မဟုတ် ဆယ်စုနှစ်များစွာကြာနိုင်သည်။ သူမ ဘယ်အချိန်မှ နိုးထလာမည်ကို မသိသောကြောင့် လမ်းပျောက်ခဲ့ရသော်လည်း ရှည်လျားသော အမှောင်ထုကို ပြန်လာမည်ဟု စိတ်ပိုင်းဖြတ်ကာ ဖြတ်သန်းခဲ့ရသည်။သူမသည် သူ့ကို ပွေ့ဖက်လိုသော ဆန္ဒကို မျိုသိပ်ကာ သူမ မေးချင်သည့်ကိစ္စကိုသာ ဦးစားပေးမေးလိုက်သည်။

"...ဘာလို့ ကျွန်မ မေ့လဲသွားတာလဲ သိလား..."

ထိုအခါ ရာဟန် သည် နာကျင်နေသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။

"မြို့စားမင်းကတော် အက်စတာရော့ ဆီက ဝန်ခံလာတယ်....သူမက အဆိပ်​ထည့်​တယ်​လို့​ပြောတယ်​..."

မျှော်လင့်ထားသည့်အတိုင်းပင်။ရာနီယာက သီးသန့်တွေ့ဆုံချင်ကြောင်း တောင်းဆိုသောအခါက သူမ လက်မခံခဲ့သင့်ပေ။ သူမကို အေးတိအေးစက် နှင်ထုတ်သင့်သော်လည်း ဘာကိုမှ ထည့်သွင်းစဉ်းစားခြင်းမရှိပဲ လက်ခံလိုက်တာက သူမ အပြစ်ပင်။

"…တောင်းပန်ပါတယ်..."

"မင်း တောင်းပန်စရာ ဘာမှမလိုပါဘူး…အခု မင်းနိုးလာပြီဆိုတော့ သူမကို ရုံးတင်စစ်ဆေးတော့မယ်..."

“….”

"တော်ဝင်မိသားစုဝင်တစ်ဦးကို သတ်ဖြတ်ရန် ကြိုးပမ်းမှုအတွက် ဆိုတော့ အနည်းဆုံး သေဒဏ်ပေးခံရမယ်..."

'သေဒဏ်' ဟူသော စကားလုံးက သူမ နားထဲမှာ ပဲ့တင်ထပ်သွားသည်။တစ်ချိန်က သူမ၏ မိသားစုဝင်တစ်ဦးဖြစ်ခဲ့သူ ရာနီယာဟာ သေဒဏ်ပေးခံရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။သူမ လေးလံလှသော မျက်ခွံများကို အချိန်အတော်ကြာအောင် ပိတ်ထားလိုက်သည်။

"ကောင်းပါပြီ..."

တည်ငြိမ်သော အဖြေက ပြန်ရောက်လာသည်။စောစောက ဖော်မပြနိုင်သော ခံစားချက်တစ်ခု ရင်ထဲမှာ ရှိခဲ့သော်လည်း အခုတော့ အားလုံး လွင့်စင်သွားခဲ့သည်။ သူမနှင့် ရာနီယာ တို့သည် ဤကဲ့သို့ အဆုံးသတ်ရန် ကံကြမ္မာကရည်မှန်းထားကြပြီး ဖြစ်သည်။ ရာနီယာ သည် မိမိကိုယ်ကို ဖျက်ဆီးခဲ့သူသာ။

ထို့နောက် သူမ ဖြည်းဖြည်းချင်း ရာဟန်ကို ကြည့်လိုက်သည်။ သူသည် နေရာတွင်ပင် မလှုပ်မယှက် ငြိမ်နေဆဲပင်။သာမာန်အားဖြင့် သူက စကားပြောပြီးလျှင် အလုပ်ဆီကိုသာ အမြန်ပြေးသွားတတ်သော်လည်း ယနေ့တော့ ဘာကြောင့်မှန်းမသိ၊မသွားသေးပေ။

သူမ နိုးလာသည်နှင့် ပြောမည်ဟု ရည်မှန်းထားသည့် စကားများသည် သူမ ပါးစပ်ထဲတွင် အချိန်အတော်ကြာအောင် နေရာယူထားသည်။

ရှင့်ကို ချစ်တယ်....

ကံကြမ္မာက ဖန်တီးထားသည့် ဆက်ဆံရေးမျိုးဖြစ်သော်လည်း သူမ နှလုံးသားက အစစ်အမှန်ပင်။အရင်ကနှင့် မတူဘဲ နင့်နင့်သည်းသည်း သူ့ကိုတစ်ကယ်ချစ်သည်။

"ကျွန်မ ရှင့်ကို ပြောစရာရှိတယ်..."

"ကိုယ်ရောပဲ..."

ရာဟန် မျက်လုံးတွေဟာ ခါတိုင်းလို အနက်ရောင်အလင်းတန်းတွေနှင့် တဖိတ်ဖိတ် တောက်ပလျက်ရှိသည်။သူမ ရင်ဘတ်ကို ဖိထားလျက်နှင့်။

"ရှင် အရင်ပြော..."

"မင်း တော်ဝင်နန်းတော်ကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားရမယ် ...”

သူမ သူ့စကားကို ချက်ချင်းနားမလည်၍ ဇဝေဇဝါဖြစ်သွားသည်။သို့သော် သူက တည်ငြိမ်သည့် အမူအရာနှင့် ဆက်ပြောလေသည်။

“မင်း လိုအပ်တာမှန်သမျှ ကိုယ်ပေးမယ်…အင်ပါယာကလွဲလို့ ဘယ်နေရာမဆို အဆင်ပြေတယ်…မင်း ဆုံးဖြတ်ပြီးတဲ့အခါ ကိုယ် အားလုံး ပြင်ဆင်ပေးမယ်..."

"ဘာကိုဆိုလိုတာလဲ..."

သူမ အမောတကော မေးလိုက်လျှင် သူက မျက်လုံးချင်း ဆုံကြည့်လာပြီး သူ့မျက်လုံးများသည် ခဏတာ တုန်လှုပ်သွားသော်လည်း မကြာမီ အေးစက်သွားပြီး​ ​ခြောက်​သွေ့သည့် အသံ​တစ်​ခု​ထွက်လာ၏။

"ကိုယ် မင်းနဲ့ ကွာရှင်းမယ်လို့ ပြောနေတာ..."

"ကိုယ် မင်းနဲ့ ကွာရှင်းမယ်လို့ ပြောနေတာ..."

“….”

ရိုစီနာ သည် ရာဟန် ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်လိုက်သော်လည်း သူက ဘာမှ ထပ်မပြောခဲ့ပေ။ သူ့မျက်နှာပေါ်က အမူအရာကိုလည်း သူမ မဖတ်တတ်ပေ။

"ရှင် အတည် ပြောနေတာလား..."

“ဟုတ်တယ်...”

သူမ ပြောချင်သည့် အရာအားလုံးကို မျိုချလိုက်လျှင် သူမ လက်များ တဆတ်ဆတ်တုန်လာရသည်။

"ဘာလို့ ရုတ်တရက်ကြီးလဲ..."

ညီမဖြစ်သူ ပေးခဲ့တဲ့ အဆိပ်ကို မိုက်မိုက်မဲမဲ စားမိလို့လား.... အခု သူမနဲ့ အတူနေနေရတာ ပင်ပန်းနေပြီလား… ဒါမှမဟုတ် သူမက သူ့ကို စိတ်အနှောက်အယှက် ဖြစ်စေလို့လား...

“….”

သို့သော်လည်း ရာဟန် ကတော့ ဘာမှပြန်မပြောပေ။သူမ မျက်လုံးထဲမှ မျက်ရည်စများက သူ့စကားလုံးများအားလုံးကို ခိုးယူသွားခြင်း ဖြစ်သည်။ သူမ တစ်ချက် ရှိုက်ပြီးနောက် မျက်ရည်စတို့ကို လက်ဖမိုးနှင့်သုတ်လိုက်သည်။ သူမ မငိုချင်သော်လည်း မျက်လုံးက မှုန်ဝါးကာ ကြည့်ရဆိုးနေတော့သည်။

"အခု ရှင်က ကျွန်မ စွမ်းအားတွေကို မလိုအပ်တော့ဘူးထင်တယ်..."

ထိုစကားကြောင့် ရာဟန် မျက်လုံး ပြူးသွားလျှင် သူမ ချက်ချင်း သဘောပေါက်သွားကာ မျက်နှာထား တင်းမာလာရသည်။သူမ ချက်ချင်း နေရာတွင် မတ်တပ်ရပ်ပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်သည်။

"ကျွန်မ ဘာမှမသိဘူးများ ထင်နေတာလား..."

သူမ နှုတ်ခမ်းအတွင်းပိုင်းကို ကိုက်လိုက်ပြီး သူ ဖုံးကွယ်ရန်ကြိုးစားနေသောအရာကို ဖော်ထုတ်လိုက်သည်။ ပထမဆုံးအကြိမ်ဆိုသလို သူ့မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။ သူ မျက်နှာထားကို အမြန်ပြင်ဖို့ ကြိုးစားသော်လည်း မရပေ။

“ရှင်တို့ မိသားစုက ကျွန်မ စွမ်းအားကို လိုအပ်တယ်လေ..."

ထို့နောက် သူမ သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်လျှင် သူ တွန့်သွားပြီး သူမ လက်ကောက်ဝတ်ကို ငုံ့ကြည့်ရင်း ခေါင်းကို ပြန်မော့လာသည်။ထိုအခါ သူမ၏ အနီရောင်မျက်လုံးများနှင့် အပြာရောင်မျက်လုံးများ အားပြိုင်နေကြတော့သည်။

"မဟုတ်​ဘူး​လို့ ရှင် ပြော​ချင်သေးလား..."

ရိုစီနာ မည်မျှထိ သိထားသည်မသိသော်လည်း သူမ မေးခွန်းထဲမှာ အမှန်တရားများစွာပါ၀င်သည်။ ရာဟန် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ချလိုက်၍ ပြောလိုက်သည်။

"မင်းမှန်ပါတယ်..."

သူ့စကားက သူမ ရင်ဘတ်ကိုဆောင့်ကန်လိုက်သည့်အလား၊ဆို့နင့်သွားရတော့သည်။

"ကိုယ် မင်းရဲ့ စွမ်းအားကို အခု မလိုအပ်တော့ဘူး..."

ထိုအခါ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် သူမ လက်ချောင်းများသည် တဖြည်းဖြည်း ခွန်အားများ ပျောက်ဆုံးသွားခဲ့သည်။ သူ့လက်ကို လာထိတွေ့သော နွေးထွေးမှုက လုံးဝ ပျောက်သွားသောအခါ သူ နောက်ကို ခြေတစ်လှမ်းပြန်ဆုတ်သွားလိုက်သည်။

"အီလီယန် ကိုလည်း မင်းနဲ့အတူ ထည့်ပေးလိုက်မယ်..."

သူမ ဘာမှ မကြားချင်တော့ပေ။ သို့သော် ရက်စက်ကြမ်းကြုတ်ပြီး တစ်ကိုယ်ကောင်းဆန်သူက စကားဆက်ပြောလာခဲ့သည်။

"မင်းလိုချင်ရင် ကိုယ့်မှာရှိသမျှကို ပေးပါ့မယ်..."

သူမ၏ တုန်ရီနေသော နှုတ်ခမ်းများက ပို၍ ဆယ်ဆမက လှုပ်ခါလာကြသည်။ သူတစ်ကယ် ဘာဖြစ်ချင်နေမှန်း သူမ နားမလည်နိုင်တော့ပေ။ သူမအား စွမ်းအားအတွက်သာ ခေါ်ထားသည်ဆိုပါက ဤမျှအထိ ရောက်လာစရာ အကြောင်းမရှိ။ သူ ရုတ်တရက်ကြီး စိတ်နေစိတ်ထားပြောင်းရသည့် အကြောင်းရင်းနှင့် အရာအားလုံးကို ဘာကြောင့် သူမကို လာပေးရသလဲဆိုသည့် အကြောင်းပြချက် တစ်ခုတော့ ရှိရပေမည်။ သူမသည် သူ့ကို မကြိုက်နိုင်ဟု စိတ်ထဲက ထင်မိသော်လည်း ကွာရှင်းပြတ်စဲကြောင်း ရုတ်တရက် ပြောလာလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။

"... ကျွန်မ အိပ်ပျော်နေချိန် တစ်ခုခု ဖြစ်ခဲ့တာလား..."

ပြီးခဲ့သော 10 ရက်အတွင်း ဘာတွေဖြစ်ခဲ့တာလဲ.... သူ့ကို ဘယ်လိုအရာက ဒီလိုမျိုး ပြောင်းလဲစေခဲ့တာလဲ ....

“ဘာမှ မဖြစ်ဘူး...”

“မလိမ်ပါနဲ့...”

ပြောင်ပြောင်တင်းတင်း လိမ်ညာနေတာကြောင့် ရိုစီနာ မျက်နှာပျက်သွားသည်။သို့သော် သူကတော့ သူမကို ဘာမှမပြောဘဲ ငေးသာကြည့်နေသည်။သူ့မျက်လုံးများနှင့် သူ့အသံသည် သူမကို စူးရှသော ဓားနှင့် လာထိုးလိုက်သလိုပင်။

“… ကျွန်မ…”

အခြေအနေနှင့် မကိုက်ညီသော်လည်း အိပ်ရာနိုးလာသည့်အခါ သူမ တစ်ကယ့်ကို ပြောချင်တာတစ်ခုရှိသည်။ အခုမှ မဟုတ်လျှင် နောက်ပြောဖြစ်ဖို့ မသေချာပေ။

"ရှင့်ကိုချစ်တယ်..."

ဤစကားတစ်ခွန်းပြောဖို့ အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ရသည်အထိပင်။

ရာဟန် ၏ မျက်လုံးများသည် ရိုစီနာ ကို ကြည့်ရင်း ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ခံစားချက်များစွာက သူ့မျက်နှာကို ဖြတ်ပြေးသွားပြီး နောက်ဆုံး ကျန်နေသည်က နာကျင်သည့် ခံစားချက်ပင်။ ခဏကြာတော့ သူ့ခံစားချက်တွေအားလုံးကို လွှတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

"မင်းကို ကိုယ် မချစ်ဘူး..."

ခက်ထန်သောအဖြေက ပြန်ရောက်လာပြီး ရိုစီနာ ၏ သွေးခုန်နှုန်းကို လွှတ်ပေးလိုက်သည်။ အေးစက်သော လေက သူမ ရင်ဘတ်ကို တိုက်ခတ်လာပြီး သူမ နှလုံးသားသည် သဲတစ်ပွင့်လို သေးမှုန် ကျိုးပဲ့ကာ လွင့်မြောသွားလေသည်။မျက်ရည်တွေပြည့်နေသည့် မြင်ကွင်းကလည်း ပိုပိုပြီး မှုန်ဝါးလာ၏။

"ဒါ ရှင့်အဖြေလား..."

ရာဟန် သည် အဖြေကို တိတ်ဆိတ်မှုဖြင့်သာ အစားထိုးပြီး ခေါင်းငုံ့ကာ ကြမ်းပြင်ကိုသာ ကြည့်နေသည်။အခုတော့ သူက သူမကို မလိုအပ်တော့ပြီ။ထို့အပြင် သူမကိုလည်း မချစ်ဘူးတဲ့လေ။သူမမှာတော့ သူ သဘောကျလာဖို့ မတောင်းဆိုချင်သော်လည်း သူ့အနားမှာပဲ နေချင်ခဲ့တာဖြစ်သည်။.

"…ကောင်းပါပြီ....ရပါတယ်..."

သူမသည် ယခုပင် သူ့အား ဖက်ထားချင်သော ဆန္ဒကိုလည်း မျိုချလိုက်သည်။သူမ စိတ်ဆင်းရဲမခံချင်တော့။သူမကို နောက်တစ်ကြိမ် ငြင်းပယ်ခဲ့လျှင် ရပ်တည်နိုင်စွမ်းရှိမှာမဟုတ်တော့ပေ။

"ကိုယ် ဆရာဝန်ခေါ်လိုက်မယ်… အနားယူနေဦး..."

ရာဟန် က သူ့စကားအဆုံးမှာ အခန်းထဲက ထွက်သွားသည်။ ရိုစီနာ သည် ပိတ်ထားသော တံခါးကို အကြာကြီး စိုက်ကြည့်ရင်း ကြောင်စီစီ ရပ်နေသည်။ ထို့နောက် သူမ ခြေထောက်များကို ဖြေလျှော့ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ငိုရှိုက်လိုက်လေတော့သည်။ယခုလိုဖြစ်လာမယ်ဆိုတာ သူမ သိလျှင် သူမ နှလုံးသားကို ပေးမှာမဟုတ်ပေ။ သူမ သူ့ကို ဆက်ပြီးတွန်းဖယ်နေသင့်သည်။ သူသည် သူမအား စွမ်းအားကြောင့် သူ့ဘေးတွင် ထားလိုက်သည်ဟု ပြောထာ၍ မုန်းတီးနေသော်လည်း သူ့ကို အပြစ်မတင်ရက်ပေ။

***

ရိုစီနာ နိုးလာသည့် သတင်းကြောင့် အချိန်အတော်ကြာမှ ပထမဆုံးအကြိမ် တတိယ မင်းသားနန်းတော်ကို အသက်ပြန်ရှင်စေခဲ့သည်။သို့သော်လည်း ရိုစီနာ ကတော့ ခါတိုင်းထက်ပိုပြီး ငြိမ်သက်နေခဲ့၏။သူမသည် နန်းတော်ထဲတွင်သာ နေထိုင်ပြီး အပြင်ကို ခြေတစ်လှမ်းမှ မလှမ်းခဲ့ပေ။ ထိုနေ့မှစ၍ သူမ နှင့် ရာဟန် တို့သည် အတူမနေခဲ့ကြပေ။သူမသည် အများအားဖြင့် အီလီယန် ၏အခန်းတွင်သာ နေထိုင်ပြီး ရာဟန် သည်လည်း နန်းတော်သို့ ဘယ်တော့မှ ပြန်မလာတော့‌ေပ။

သူမသည် ရက်အတော်ကြာအောင် ငိုပြီးနောက် တဖြည်းဖြည်း စိတ်ကြည်လင်လာပြီး စုစည်းလာခဲ့သည်။ အာစတေးနီးယား သို့ပြန်ရန်အတွက် ယခုမှစ၍ ပြင်ဆင်ရမည်ဖြစ်၍ အီဘယ်လာ ထံသို့ ပထမဆုံးအကြိမ် စာတစ်စောင်ရေးခဲ့သည်။တခြားဘာကိုမှ ထွေထွေထူထူရေးမနေဘဲ သူမ နန်းတော်မှထွက်ခွာမည့် အသေးစိတ်အချက်အလက်များကိုသာ ပေးပို့ခဲ့သည်။ အာစတေးနီးယား ကိုပြန်ရောက်ပြီးနောက်ပိုင်းတွင် သူမကို နောက်တစ်ကြိမ်ထပ်မတွေ့ရတော့မှာမဟုတ်ပေ။

ရိုစီနာ သည် မကြာခဏ တစ်ယောက်တည်းသာ နေနေတတ်သည်။ သူမ နှလုံးသားတစ်ခုလုံးသည် ဗလာဖြစ်နေပြီး တစ်ချက်တစ်ချက်ကျလျှင် နာကျင်ကာ မျက်ရည်များ စီးကျလာတတ်သည်။ တစ်နေ့နေ့မှာ ဤကိစ္စများကို ရှင်းထုတ်ရန် စိတ်ကူးရှိထားခဲ့လျှင် ဤမျှခက်ခဲမည်မဟုတ်ပေ။ ထွက်ခွာရန်ပြင်ဆင်ပြီးနောက် သူမ အီလီယန် ကို ခေါ်လိုက်သည်။ ယခုအချိန်အထိ ကလေးကို မပြောရသေးသဖြင့် သူ၏ ထင်မြင်ယူဆချက်ကို ဦးစွာမေးမြန်းရမည်ဖြစ်သည်။

"အီလီယန်..."

အီလီယန် သည် ပုံမှန်မဟုတ်သော လေထုကို ခံစားလိုက်ရပြီး ရိုစီနာ ကို စိုးရိမ်နေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အမေဖြစ်သူ၏ အပြုအမူသည် ထူးဆန်းနေခဲ့သည်။ သူမသည် ထွက်သွားတော့မည့် သူတစ်ယောက်လို ပြုမူနေခဲ့တာဖြစ်သည်။

သူမ အီလီယန် ရှေ့မှာထိုင်ပြီး စကားဆက်မပြောနိုင်တော့‌၍ ခဏကြာမှ စကားစဖြစ်သည်။

“‌ မေမေတို့… သွားကြမယ်...”

သူမ ဘာပြောရမလဲ ဆိုတာကို အလွန်အမင်းစဉ်းစားနေခဲ့ရသည်။ သို့သော် ပြောပြီးနောက်တွင်ပင် နှလုံးသားကပါ နာကျင်လာသောကြောင့် အသက်ရှူပါ ကြပ်သွားရသည်။ထိုအခါ အီလီယန်က မျက်လုံးအပြူးသားနှင့် ကြည့်နေတာကြောင့် သူမ တစ်ချက် စိုးရိမ်သွားမိသည်။

"မေမေနဲ့ မသွားချင်လို့လား..."

"ဘယ်ကိုလဲ..."

“… အာစတေးနီးယား ကို”

"ဖေဖေကကော..."

အီလီယန် က ရာဟန် အား ဖေဖေ ဟု ခေါ်လိုက်၍ သူမ ငိုချင်သွားရပြန်သည်။ သို့သော်လည်း ကလေးရှေ့မှာ ရှိနေသောကြောင့် သူမ ခံစားချက်များကို အတတ်နိုင်ဆုံး တွန်းထုတ်ပစ်လိုက်သည်။

"ဖေဖေက...ဒီမှာနေမှာပေါ့..."

"ဘာလို့ ဖေဖေ့ကိုထားပြီး သားတို့က ဒီကနေ ထွက်သွားရမှာလဲဟင်..."

အီလီယန် က နားမလည်သလို မေးလာ၏။ ထိုအခါ သူမသည် အီလီယန်ပုခုံးကို အသာဆုပ်ကိုင်ထားပြီး ဖြေလိုက်သည်။

"ဖေဖေနဲ့မေမေ ကွာရှင်းတော့မယ်..."

"ဘာလို့လဲ..."

အီလီယန် က အော်လိုက်တာကြောင့် ပြတ်ပြတ်သားသား အဖြေပေးတော့မည့် သူမ တုန်လှုပ်သွားပြီး ဘာမှပြန်မပြောနိုင်ဖြစ်ရကာ မျက်ရည်များကျလာသည်။ထို့နောက် သူမ မျက်ရည်များက ကြမ်းပြင်ပေါ်သို့ စီးကျလာရပေတော့သည်။

“‌ မေမေ ....မငိုပါနဲ့…ဟင့်ဟင့်..."

ရိုစီနာ ငိုတာကို အီလီယန် ယခုမှ ပထမဆုံးမြင်ဖူးရခြင်းဖြစ်၍ အံ့သြသွားတာကြောင့် သူလည်း ဝမ်းနည်းစွာ လိုက်ငိုပါတော့သည်။ ရိုစီနာသည် လက်ကို တစ်ချက်ဆန့်လိုက်ပြီး အီလီယန် နောက်ကျောကို ပွေ့ဖက်ရန် ထိုက်တန်သလား မသိသဖြင့် တစ်ချက်တွန့်ဆုတ်သွားရသည်။ သူမ မျက်လုံးများ နီရဲလာပြီး နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ တစ်ကယ်တော့ ဤအချိန်မှာတောင် သူ့အပေါ်ထားသည့် သူမ ခံစားချက်တွေက လျော့မသွားသေးပေ။ သူ့အကြောင်းတွေးရင်း သူမ နှလုံးသားတစ်ခုလုံး နာကျင်လာရသည်။ သူမ အတွက် ဘာမှမလိုအပ်သဖြင့် သူ့ဘေးမှာ ရှိနေခွင့်ရဖို့သာ တောင်းဆိုချင်မိတာ ဖြစ်သည်။

ထို့နောက် အချိန်အတော်ကြာ ငိုနေသော အီလီယန် သည် အိပ်ပျော်သွား၍ သူမ ထိုင်နေရာမှ ဖြည်းညှင်းစွာ ထလာသည်။

“…မင်းသမီး..."

အပြင်က အယ်လာ က ရိုစီနာ ကို ခေါ်လိုက်သည်။

"လေဒီ လီယွန်နယ် လာပါပြီ..."

လွန်ခဲ့သည့် ရက်အနည်းငယ်က သူမထံ စာတစ်စောင်ပေးပို့ရန် အစေခံတစ်ယောက်ကို စေလွှတ်ထားတာဖြစ်သည်။ယခုတော့ စာမပြန်ဘဲ သူမကိုယ်တိုင် ရောက်လာပုံရသည်။သူမ ခပ်သုတ်သုတ် တံခါးနားကို လျှောက်လာပြီးအပြင်မှာ ရပ်နေသည့် အယ်လာ ကို ပြောလိုက်သည်။

"အီလီယန် ကို ခေါ်ထားဦးနော်..."

ရိုစီနာ ဧည့်ခန်းဆီသို့ တည့်တည့်သွားလိုက်တော့ အသင့်စောင့်နေပြီ ဖြစ်သည့် အီဘယ်လာ က ထရပ်လိုက်သည်။

"မင်းသမီး အဆင်ပြေရဲ့လားဟင်..."

အီဘယ်လာ ပုံစံက တစ်ကယ်စိုးရိမ်နေတာဖြစ်သည်။ထိုအခါ သူမလည်း အသာ ခေါင်းညိတ်ပြပြီး သူမ ဘေးမှာ ထိုင်လိုက်၏။

"မင်းသမီး အဆိပ်သင့်တယ်လို့ ကြားလိုက်ရတော့ ညီမ တစ်ကယ်ကို အံ့သြသွားတာ..."

"ဟုတ်ပါရဲ့…စိတ်ပူစေမိပြီ""

အီဘယ်လာသည် ရိုစီနာ မျက်နှာကို သေချာကြည့်လိုက်လျှင် မျက်နှာ မကောင်း ဖြစ်နေသည်ကို သူမ သဘောပေါက်သွားခဲ့သည်။ အထူးသဖြင့် ဖြစ်ပျက်ခဲ့သမျှကို ပြောပြနေပုံရသော သူမ၏ မျက်လုံး နီညိုရောင်များကိုကြည့်၍ သူမ တစ်ချက် တုံ့ဆိုင်းသွားပြီး သတိကြီးကြီးနှင့် ပြောလိုက်၏။

"စကားမစပ်...မင်းသမီး နန်းတော်က ထွက်သွားတော့မယ်ဆို..."

အီဘယ်လာဆီကို ပေးပို့ခဲ့သောစာတွင် နန်းတော်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်းသာ ဖော်ပြထားသည်။ထို့ ကြောင့် သူမ ဘယ်လိုရှင်းပြရမလဲဆိုတာကို စဉ်းစားကြည့်သည်။ ကွာရှင်းမည့်ကိစ္စသည် ရာဟန် နှင့် အီလီယန် တို့နှစ်ယောက်တည်းသာ သိနေခြင်းဖြစ်သည်။ သူမတို့ တရားဝင်ကွာရှင်းရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ရမည်ဖြစ်ပြီး ထိုအချိန်တွင် သူမသည် အာစတေးနီးယား တွင် ရောက်နေပြီဖြစ်သည်။သူမ ဘာမှပြန်မပြောသည့်အခါ အီဘယ်လာ က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်၏။

"ဒီနေ့ နေ့လည်က တရားခွင်ကြောင့်လား..."

"...တရားခွင်"

သူမ လန့်သွားပြီး အီဘယ်လာကို မော့ကြည့်လိုက်မိသည်။

ထိုအခါ အီဘယ်လာ က မသိနားမလည်ပုံဖြစ်နေသည့် သူမကို အံ့ဩသွားရတော့သည်။သူမ ကြည့်ရသည်မှာ ရာနီယာ အကြောင်းကို သတင်းနှိုက်နေတာလည်း ဟုတ်ပုံမပေါ်ချေ။

"ဘာတရားခွင်လဲ..."

“မင်းသမီး သိထားမယ်ထင်တယ်…”

အံအသင့်နေရှာသော အီဘယ်လာ စကားကို စောင့်ဆိုင်းရင်း သူမ တစ်ယောက် ရင်တမမဖြစ်နေရလေ၏။

"ဒီနေ့....တတိယမင်းသားအတွက် တရားခွင် ရှိတယ်လေ..."

"..တရားခွင်ဆိုတာ ဘာကိုဆိုလိုတာလဲ..."

ရိုစီနာ ၏ မျက်နှာအမူအရာ တင်းမာသွားရသည်။ ထိုစကားသည် သူမအရင်က မကြားခဲ့ဖူးသော စကားသာ ဖြစ်သည်။

"တော်ဝင်နန်းတော်မှာ မကောင်းဆိုးဝါးအဓိကရုဏ်းဖြစ်ရတဲ့ ကိစ္စက တတိယမင်းသားရဲ့လက်ချက်တဲ့..."

"ဟင်....ဘယ်လို ဖြစ်နိုင်မှာလဲ..."

ဆန့်ကျင်ဘက်အနေနှင့်၊ ရာဟန် သည် လူအများကို မကောင်းဆိုးဝါးထံမှ ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။သူ့ကြောင့်သာမဟုတ်လျှင် ပျက်စီးဆုံးရှုံးမှုက ထိန်းမရနိုင်ပေ။

ဒါပေမယ့် သူတို့က သူ့ကို ရုံးတင်စစ်ဆေးနေတာလား....

"တစ်ကယ်တော့ မင်းသမီး နန်းတော်က နန်းတော်က ထွက်သွားတော့မယ်ဆိုတာ ဒီနေ့ တရားခွင်က ရုံးချိန်းကြောင့်လို့ ညီမ ထင်နေခဲ့တာ..."

"အီဘယ်လာ..."

ရိုစီနာ ထိုင်ခုံမှ အလန့်တကြားခုန်ထလိုက်လေသည်။

"ဒါဆို အစ်မ တရားရုံးကို သွားရမှာပဲ..."

"ဟုတ်တယ်....ဘယ်လိုတွေ ဖြစ်မလဲဆိုတာ ကိုယ့်ဘာကိုယ် ကြည့်ချင်တယ်”

“……”

အီဘယ်လာ ခဏမျှ တိတ်ဆိတ်သွားသည်။ ဘယ်သူကမှ ရိုစီနာ ကို မပြောခဲ့ခြင်းမှာ အကြောင်းပြချက်တစ်ခု ရှိကောင်းရှိနိုင်သည်။ထို့ကြောင့် သူမကို တရားရုံးသို့ ခေါ်သွားပေး၍ရမလားဆိုတာ သေချာမသိပေ။

"သုံး၊လေးနာရီပဲ ကျန်တော့တယ်...မြန်မြန်လုပ်ရမယ်..."

ထို့နောက် နှစ်ယောက်သား နန်းတော်မှ ချက်ချင်း ထွက်သွားကြသည်။




Xxxxxx