အပိုင်း ၈၂
Viewers 13k

Chapter 82

တော်ဝင်နန်းတော်နှင့် မနီးမဝေးတွင် ကြီးမားသော အဆောက်အအုံတစ်ခုရှိသည်။အရေးကြီးသော ရုံးချိန်းများကျင်းပသည့်အခါတိုင်း ၎င်းအဆောက်အအုံကို ဖွင့်ထားပြီး အများစုမှာ နိုင်ငံတော်သစ္စာဖောက်မှုကဲ့သို့သော ကြီးလေးသည့် ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အသုံးပြုကြသည်။

ယနေ့တွင်၊ မကြုံစဖူး မှူးမတ်အများအပြားသည် ဤနေရာတွင် စုရုံးလာကြသည်။ဂျူရီ(တရားသူကြီး) များသည် တစ်ဖက်တစ်ချက်စီတွင် ထိုင်ကြပြီး ပရိသတ်များက နောက်တွင် ထိုင်နေကြသည်။ ယနေ့ ရုံးချိန်း နှစ်ခုပြုလုပ်မှာဖြစ်သည်။ တစ်ခုမှာ တတိယ မင်းသမီးကို လုပ်ကြံသတ်ဖြတ်ခြင်းကိစ္စနှင့် နောက်တစ်ခု မှာ တော်ဝင်နန်းတော်သို့ မကောင်းဆိုးဝါး နှောင့်ယှက်ခဲ့ခြင်း အကြောင်း ဖြစ်သည်။

သံသယအဖြစ် ဖမ်းဆီးခံခဲ့ရသော ရာနီယာ သည် အရူးတစ်ယောက်လို ငေးငေးငိုင်ငိုင်ကြီး ထိုင်နေခဲ့သည်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူမဟာ ကိုယ်အလေးချိန်အများကြီးကျသွားပြီး တစ်ခြားလူတစ်ယောက်လို ဖြစ်သွား၏။ရုံးတင်စစ်ဆေးချိန် နီးကပ်လာသည်နှင့်အမျှ ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့က ထိုင်ခုံနေရာယူလိုက်ကြသည်။

ရာဟန် ပေါ်လာသောအခါ တစ်ခန်းလုံး ဆူညံသွားကြသည်။ ပထမအကြိမ် ရုံးချိန်းတွင် သူက တရားလို နေရာတွင် ဖြစ်သည်။ ယနေ့ တရားရုံးချိန်းနှစ်ခုစလုံးတွင် သူက တရားခံလည်းဖြစ်သလို၊တရားလို တစ်ဖြစ်လဲ လူတစ်ယောက်ပင်ဖြစ်သည်။ နောက်ဆုံးတွင် တရားသူကြီး ဒတ်စတင် ဝင်ရောက်လာခဲ့သည်။ တရားသူကြီးသည် ကြားနေသမားဖြစ်ပြီး၊ တော်ဝင်မိသားစုကို လိုလားသူလည်းမဟုတ်၊ ဖီလာဆန့်ကျင်သူလည်းမဟုတ်ပေ။ထို့ကြောင့် ကြီးကြီးမားမား ဖြစ်ရပ်ကြီးတစ်ခုပေါ်ပေါက်တိုင်း သူက တရားသူကြီးအဖြစ် အမှုထမ်းသော အချက်ကို မည်သူမှ မကျေနပ်ကြပေ။မကြာမီ ဆူညံနေသော ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည် ။

"ကဲ…တတိယမင်းသမီးကို သတ်မှုနဲ့ ပတ်သက်ပြီး အရင်ဆုံး တရားရင်ဆိုင်ပါမယ်..."

တရားသူကြီးဒတ်စတင် သည် ထိုနေရာတွင် ထိုင်နေသော အာဆီလီယာ နှင့် ရာဟန် ကို ကြည့်လိုက်သည်။ အသတ်ခံရသူ ရိုစီနာ သည် နေမကောင်းသောကြောင့် ခင်ပွန်းဖြစ်သူ ရာဟန် အား အစားထိုး၍ ထွက်လာရန် ပြောထားခြင်းဖြစ်သည်။

"တရားခံ....ရာနီယာ အက်စတာရော့..."

သူမ နာမည်ကို ခေါ်လိုက်သောအခါ၊ ရာနီယာ သည် ခေါင်းကို တဆတ်ဆတ် ခါလိုက်သည်။ သူမ မျက်နှာမှာ သွေးမဲ့နေသော အလောင်းတစ်လောင်းလိုပင်။

“အမှန်အတိုင်းပြောမယ်လို့ နတ်ဘုရားတွေကို ကျိန်ဆိုဝံ့သလား...”

“ဟုတ်ကဲ့....ကျိန်ဆိုဝံ့ပါတယ်..."

ဂျူရီအဖွဲ့တွင်ထိုင်နေသော အာဆီလီယာ သည် ရာနီယာ ကို တစ်ချက်ကြည့်လိုက်လျှင် သူမ အကြည့်ကြောင့် မျက်နှာပျက်သွားရတော့သည်။အာဆီလီယာ နှုတ်ခမ်းကို တစ်ချက် မဲ့လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ရိုစီနာ နိုးလာသည့်သတင်းကို သူမကြားလိုက်ရသောအခါတွင် သူမ စိတ်မသက်မသာဖြစ်ခဲ့ရသည်။

"တရားခံ ရာနီယာအက်စတာရော့…တတိယမင်းသမီး ရိုစီနာဟာဘက် ကို လုပ်ကြံဖို့ မင်း ကြိုးစားခဲ့တယ်....အဲ့ဒါ အမှန်လား..."

ရာနီယာ ခေါင်းညိမ့်လိုက်သည်။

"မှန်ပါတယ်…"

ထိုအခါ ထိုင်နေသူတွေက အချင်းချင်း တိုးတိုးလေး အတင်းပြောလာကြတော့သည်။

သူမကို ဘယ်လောက်မုန်းနေပါစေ မိသားစုဝင်တစ်ဦးကို ဒုက္ခပေးဖို့ ဘယ်လိုတောင် ‌တွေးရက်တာလဲ…

ရာနီယာ သည် တရားသူကြီး၏မေးခွန်းကို နာခံစွာ တုံ့ပြန်ခဲ့သည်။ အခြေအနေအရပ်ရပ်နှင့် အထောက်အထားအားလုံးကို ထုတ်ဖော်ခဲ့ပြီးဖြစ်၍ မုသားစကားလည်း မပြောတော့ပေ။

"ကြံရာပါ မရှိဘဲနဲ့ မင်းတစ်ယောက်တည်း လုပ်ခဲ့တာလား..."

တရားသူကြီး၏အမေးကြောင့် သူမ ပုခုံးများက တဆတ်ဆတ်တုန်လာရသည်။

“…မဟုတ်ဘူး...”

သူမ၏ အဖြေသည် ကမ္ဘာကြီးကို တုန်လှုပ်စေပြန်သည်။

"ဒါဆို ကြံရာပါက ဘယ်သူလဲ..."

ရာနီယာ သည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး အာဆီလီယာ ဆီသို့ လှမ်းကြည့်လိုက်သည်။ သူတို့ဘေးမှာ ထိုင်နေသည့်လူတွေအားလုံးကလည်း သူမကို ကြည့်နေကြ၏။

"ဒုတိယမင်းသမီးပါ..."

သူမ စကားကြောင့် လူတိုင်းက အာဆီလီယာကိုကြည့်ပြီး မယုံနိုင်ဟန်ဖြင့် ‌ကြည့်လာကြသည်။ ပတ်ဝန်းကျင် ဆူညံလာသည်နှင့်အမျှ တရားသူကြီးက သူတို့ကို တိတ်ဆိတ်နေစေရန် သစ်သားတူဖြင့် ခေါက်လိုက်သည်။ မငြိမ်မသက်ဖြစ်ပြီး တရားသူကြီးက အာဆီလီယာကို ကြည့်ကာ မေးသည်။

"မင်းသမီး…ဒါအမှန်လား..."

“မဟုတ်ဘူး…မဟုတ်ဘူး”

အက်စတာရော့အာဆီလီယာ သည် ဤအခြေအနေအတွက် ပြင်ဆင်ထားပြီဖြစ်သည်။ ရာနီယာ သည် တစ်ယောက်တည်း မသေဘဲ သူမ ခြေကျင်းဝတ်တွေကို ကိုင်ထားလိမ့်မည်ဟု သူမ မျှော်လင့်ထားပြီးသား။ သို့သော် အထောက်အထားမရှိသဖြင့် ရာနီယာကို ပုံချရန်လွယ်ကူပေသည်။

"သူမက ကျွန်မကို ဘာလို့ ဒီလောက်တောင် မုန်းတီးနေရမှန်း မသိတော့ပါဘူး....ကျွန်မက သူ့ကို သနားညှာတာပြီး ကရုဏာနဲ့ ဆက်ဆံပေးခဲ့သူပါ..."

အာဆီလီယာ ပြောလိုက်လျှင် တရားသူကြီးက ခေါင်းညိတ်လိုက်ပြီး ရာနီယာကို ချက်ချင်းကြည့်ကာ မေးလိုက်သည်။

"မင်းမှာ သက်သေရှိလား..."

ရာနီယာ ပြယာခတ်သွား၏။ သူမမှာ သက်သေပြစရာလည်း မရှိပေ။ အာဆီလီယာ ထံမှ ရရှိထားသောအိတ်ကိုမီးရှို့ပြီးဖြစ်သည်။ထို့အပြင် ထိုစဉ်က သူမတို့ပြောခဲ့သည့် ကိစ္စကို ဘယ်သူ့ကိုမှ မပြောခဲ့ပေ။သူမတို့ သာလျှင်အမှန်တရားကိုသိထားသူများဖြစ်သည်။

ရာနီယာ ဘာမှပြန်မပြောနိုင်သည့်အခါ တရားသူကြီးက မျက်မှန်ကို ပင့်တင်ရင်း....

“မဟုတ်ရင် ဒီစကားက အကျုံးဝင်မှာ မဟုတ်ဘူး…”

“ကျွန်‌တော့်မှာရှိပါတယ်...”

တစ်စုံတစ်ယောက်၏ စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ တရားသူကြီးသည် အသံလာရာဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး သူ့အကြည့်အဆုံးတွင် ထိုင်နေသော ရာဟန် ကို တွေ့ရလေသည်။ အားလုံးကလည်း သိချင်စိတ်များဖြင့် ရာဟန် ကိုကြည့်လာကြလေသည်။

"မင်းသားမှာ သက်သေရှိလား..."

"ဟုတ်ကဲ့… သက်သေခေါ်လို့ရမလား..."

“ဟုတ်ပြီ… သက်သေခေါ်ခွင့်ပြုတယ်..."

တရားသူကြီးက ခွင့်ပြုလိုက်သည်နှင့် နောက်ဖက်ရှိတံခါး ပွင့်သွား၍ အားလုံးက ခေါင်းလှည့်ပြီး နောက်တံခါးကို လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် တံခါးဖွင့်၍ တရားရုံးအတွင်းသို့ လူတစ်ယောက် ဝင်ရောက်လာသည်။ ဂျူရီလူကြီးထိုင်ခုံမှာထိုင်နေသည့် အာဆီလီယာ မှာ ဝင်လာသူ၏မျက်နှာကိုမြင်လိုက်ရလျှင် လန့်သွား၏။စင်စစ်၊ဝင်လာသူမှာ အဆိပ်ဝယ်သူ သူမ၏ အိမ်အကူပင် ဖြစ်လေသည်။

“…!”

တည်ငြိမ်အေးဆေးစွာ ထိုင်နေသော အာဆီလီယာ တုန်လှုပ်သွားသည်။ သူမ လက်သီးတွေကို ဆုပ်ထားလိုက်ချိန်မှာတောင် တုန်လှုပ်မှုက မရပ်မနား။ ခုနက ဝင်လာသည့် အမျိုးသမီးသည် သူမ ဒုတိယမင်းသားနှင့် လက်ထပ်စဉ်ကတည်းက အိမ်မှခေါ်လာသော အစေခံဖြစ်ပြီး တစ်ကယ့်ကို စိတ်ချရသူပင်။

သူမနဲ့ နှစ်အတော်ကြာ အတူနေခဲ့ကြတာ လေ....ဘယ်လိုဖြစ်တာလဲ..

အာဆီလီယာသည် ဒေါသကိုဖုံးကွယ်ရန် အသက်ပြင်းပြင်းရှူလိုက်သည်။ သို့သော်၊သူမ ဝန်ခံခဲ့လျှင်တောင် လုံလောက်သည့် အထောက်အထား မရှိသေးပေ။ အခုမှ ဝင်လာသည့် အမျိုးသမီးက သက်သေခံ တိုင်ခုံမှာ ထိုင်လိုက်ရာ တရားသူကြီးက သူမကို မေးလာသည်။

“သက်သေခံ....မင်း သိထားသမျှ ပြောပြလို့ရပါပြီ..."

အမျိုးသမီးက ရာဟန် ကို တစ်ချက်ကြည့်လိုက်လျှင် သူမ မျက်နှာက အနည်းငယ် ဖြူဖျော့သွားပြီး တုန်ရီနေသော နှုတ်ခမ်းများကို ဖွင့်ဟလိုက်သည်။

“ကျွန်မက ဒုတိယမင်းသမီးရဲ့ အစေခံပါ…သိပ်မကြာခင်ကပဲ မင်းသမီးက ကျွန်မကို လျှို့ဝှက်အမိန့်တစ်ခု ပေးခဲ့ပါတယ်..."

ထို့နောက် သူမသည် အာဆီလီယာကို ကြည့်ကာ ပြောလိုက်သည်။

"...အဲ့ဒါက လူတစ်ယောက်နဲ့တွေ့ပြီး သူ့ဆီက ပစ္စည်းလာယူခိုင်းတာပါပဲ..."

အမျိုးသမီးသည် နောက်ထပ် အကြောင်းအရာကို ဆက်မပြောမီ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး အောက်ငုံ့ထားလိုက်သည်။

“ဒီပစ္စည်းကို ရတော့ ကျွန်မ လမ်းမှာ ချောင်းကြည့်မိပါတယ်....အဲ့ဒီအထဲမှာ အဖြူရောင်အမှုန့်တွေ ပါနေတာကို တွေ့လိုက်ရတယ်..."

ထိုစဉ် အာဆီလီယာက ထိုင်ခုံကနေထပြီး အော်လိုက်သည်။

"ဒီလိုအမိန့်မျိုး ငါ တစ်ခါမှ မပေးဖူးဘူး..."

အာဆီလီယာ၏ အသံသည် ပတ်ဝန်းကျင်ကို တုန်လှုပ်စေခဲ့သည်။ တရားသူကြီးက သူ့မျက်မှန်ကို ပင့်လိုက်ပြီး ရာဟန် ကို ကြည့်လိုက်ပြီး...

“အထောက်အထား မလုံလောက်သေးဘူး...”

အစေခံ မိန်းကလေးတစ်ဦးတည်း၏ ထွက်ဆိုချက်သည် တရားခွင်၏ ရလဒ်ကို သိသိသာသာ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော် ရာဟန် မတုန်လှုပ်ပေ။ အရာအားလုံးကို မျှော်လင့်ထားသလိုမျိုး သူ့လက်ကို ထပ်မြှောက်လိုက်ပြန်သည်။

“နောက်ထပ် သက်သေတွေ ခေါ်လို့ရမလား...”

“ဟုတ်ပြီ....ခွင့်ပြုချက် ပေးတယ်...”

ထို့နောက်တံခါးက ပြန်ပွင့်လာပြီး နောက်ထပ် လူနှစ်ယောက် ထပ်ဝင်လာပြန်သည်။ သူတို့မျက်နှာတွေကို မြင်လိုက်ရတော့ အာဆီလီယာ မျက်နှာက ဖြူဖျော့သွားရပြန်သည်။ သူတို့အားလုံးသည် သူမ ၏ အစေခံများဖြစ်ပြီး သူမနှင့် အရင်းနှီးဆုံးသူများဖြစ်သည်။ မျက်မြင်သက်သေများ တန်းစီပြီးသောအခါ တရားသူကြီးက ပြောရန် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပြီ…တစ်ယောက်ပြီးတစ်ယောက် သက်သေခံ ထွက်ဆိုပါ...”

ထို့နောက် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်ယောက်က အရင်ပြောလိုက်သည်။

"ကျွန်မက ဒုတိယမင်းသား နန်းတော်ရဲ့ အစေခံပါ....သိပ်မကြာသေးခင်တုန်းက သန့်ရှင်းရေးလုပ်နေတုန်း ဒီအိတ်ကို မင်းသမီးရဲ့ အိပ်ခန်းထဲမှာ တွေ့ခဲ့ရပါတယ်...”

ထိုအခါ သက်သေပစ္စည်းကို တရားသူကြီးက စိစစ်လိုက်ပြန်ရာ အိတ်ထဲတွင် လက်ကျန်အဖြူရောင်အမှုန့်များပါရှိကြောင်း တွေ့ရလေတော့သည်။ အာဆီလီယာသည် သက်သေများကို ကြည့်ကာ ရာနီယာကို ပေးခဲ့သည့် အိတ်ဖြစ်ကြောင်း သိလိုက်ရ၍ စိတ်ပျက်လက်ပျက် ပြန်ထိုင်လိုက်သည်။

အဲဒါက ဘယ်လို ပြန်ရောက်လာတာလဲ....

“ပါဝင်ပစ္စည်းတွေကို ခွဲခြားခိုင်းဖို့ ဆရာဝန်ကို သွားပြောလိုက်ပါ...”

ထိုအခါ အိတ်ကို ယူသွားသူ ဝန်ထမ်းတစ်ယောက်က အခန်းထဲမှ အမြန်ထွက်သွားသည်။

“နောက်သက်သေ ကျေးဇူးပြုပြီးပြောပါ...”

“ကျွန်မကလည်း ဒုတိယမင်းသား နန်းတော်ရဲ့ အစေခံပါ.... လွန်ခဲ့တဲ့ လေးငါးပတ်တုန်းက… မြို့စားမင်းကတော် အက်စတာရော့က နန်းတော်ကို ရောက်လာပါတယ်… ပြီးတော့ မင်းသမီးက မြို့စားမင်းကတော် နဲ့ အချိန်အတော်ကြာအောင် နှစ်ယောက်တည်း စကားပြောခဲ့ကြပါတယ်...”

"ဒါ လိမ်နေတာပဲ..."

အာဆီလီယာ၏ တုန်လှုပ်နေသော အသံတစ်ခုထွက်လာသည်။သို့နှင့်၊ သက်သေအားလုံး ပြည့်စုံသောအခါတွင် တရားခွင်သည် ဆူညံသွားရသည်။ အာဆီလီယာ သည် တရားခံက သူမမဟုတ်ဟု အကြိမ်ကြိမ် ပြောဆိုနေခဲ့သော်လည်း ဘယ်သူမှ သူမ စကားကို နားမထောင်ကြပေ။ သိပ်မကြာခင်မှာပင် အိတ်ကို ယူသွားသူက တရားခွင်ထဲကို ပြန်လာခဲ့၏။

"ဒီအိတ်ထဲက ဆေးမှုန့်တွေက တတိယမင်းသမီးသောက်တဲ့အဆိပ်နဲ့တူတယ်လို့ ဆရာဝန်ကပြောပါတယ်..."

ထိုသူ့စကားကို ကြားတော့ အားလုံးက အာဆီလီယာကို ကြည့်လိုက်ကြသည်။ အထောက်အထားတွေ အများကြီး ထွက်နေပြီး မဖြစ်သင့်သော အထောက်အထားများပင်။ အဆီလီယာသည် သူမကို ကြည့်နေသူများကို အံ့ဩသောအကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

" ဒုတိယမင်းသမီး…အထောက်အထားတွေ အားလုံးကို ထုတ်ဖော်ပြီးပြီ...မင်းသမီးက ငြင်းနေတုန်းလား..."

တရားသူကြီး၏စကားကြောင့် ခေါင်းငုံ့နေသော သူမ သည် မေးစေ့ကို ချီ ပြီး အော်ဟစ်ပါတော့သည်။ နားမလည်နိုင်သော ဘာသာစကားဖြင့်ပင် ဗလုံး‌ဗထွေးဆိုသလို တရားမမျှတကြောင်း ပြောဆိုကာ ဆဲဆိုနေတော့သည်။

"သူမကို ဆွဲထုတ်လိုက်ပါ..."

ထိုအခါ အစောင့်တွေက ချဉ်းကပ်လာပြီး အာဆီလီယာ ၏လက်ကို လှမ်းဆွဲလိုက်သည်။ တရားခွင်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်စေသော မည်သူမဆို တရားသူကြီးက ဘယ်သူ့ကိုမဆို နှင်ထုတ်ခွင့်ရှိသည်။ သို့သော် အထောက်အထားများ ရှင်းရှင်းလင်းလင်း ရှိနေသောကြောင့် ထုတ်ပစ်လိုက်ရုံဖြင့် မပြီးပေ။

"နောက်တစ်ကြိမ် ရုံးချိန်းမပြီးမချင်း မင်းသမီးကို ထိန်းသိမ်းထားပါမယ်...”

တရားသူကြီး၏ စကားဆုံးသည်နှင့် အာဆီလီယာ သည် အပြင်သို့ ဆွဲထုတ်ခံခဲ့ရသည်။

"ဘုရင်မ…ကျွန်မကို ကူညီပါ..."

အော်ဟစ်နေသော အာဆီလီယာ သည် ဘုရင်မကို အော်ဟစ် နေသော်လည်း ဘုရင်မက မလှုပ်ပေ။သူမသည် အာဆီလီယာကို တစ်ချက်သာ စူးကနဲ စိုက်သာကြည့်နေ၏။

ထိုစဉ် တရားခံထိုင်ခုံမှာ ထိုင်နေသည့် ရာနီယာ က ရယ်မောလိုက်သည်။တစ်ခြားသူတွေကလည်း သူမ ရယ်သံကြောင့် စိတ်မသက်မသာ ပိုဖြစ်သွားကြပြီး သူမကို ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။ ရူးသွပ်သွားသလို ရယ်မောနေသော ရာနီယာ သည် မကြာမီပင် အရယ်ရပ်ပြီး အရူးတစ်ယောက်လို ငေးငေးငိုင်ငိုင်ကြီး ဖြစ်သွားပြန်သည်။

"ဒါဆို ကျွန်တော်တို့ ထပ်ပြီး ရုံးတင်စစ်ဆေးပါ့မယ်..."

တရားသူကြီးက ရာနီယာ ကို ကြည့်ရင်း စကားဆက်သည်။

"ရာနီယာ အက်စတာရော့ဟာ တတိယမင်းသမီး ရိုစီနာဟာဘက် ကို လုပ်ကြံဖို့ ကြိုးစားနေတာ ရှင်းပါတယ်..."

လူတိုင်းအာရုံစူးစိုက်လာစဉ် တရားသူကြီးက အားလုံး မျှော်လင့်ထားသည်ထက် ပိုကဲသော စီရင်ချက်တစ်ခု ချလိုက်တော့သည်။

"မင်းကို သေဒဏ်ပေးရမယ်..."

ထို့နောက် သစ်သားတူသံ တဒုန်းဒုန်းသည် အလွန်ပြင်းထန်စွာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူမနောက်မှာထိုင်နေသည့် မက်စယ်လာ ကလည်း အသံကုန် အော်ဟစ်လိုက်ပါတော့သည်။

"ရာနီယာ..."

မက်စယ်လာ က အရူးလို အော်ဟစ်နေသော်လည်း ရာနီယာက မလှုပ်ဘဲ အရာအားလုံးကို စွန့်လွှတ်လိုက်သလို မျက်လုံးကိုသာ မှိတ်ထားလေ၏။

"သူမကို ကွပ်မျက်မှာကတော့ နောက်၂ရက်အတွင်း တော်ဝင်ရင်ပြင်မှာ စီရင်မှာဖြစ်တယ်..."

တရားသူကြီး ပြောပြီးသောအခါ လဲကျသွားသော ရာနီယာ ကို အစောင့်များက ပွေ့ချီ၍ ဆွဲထုတ်လိုက်သည်။ မက်စယ်လာ ကလည်း အော်ဟစ်ပြီး အပြင်သို့ လိုက်သွားခဲ့သည်။ ရာနီယာ ၏ခင်ပွန်း၊ လက်ရှိ မြို့စားမင်းအက်စတာရော့ သည်လည်း သူ့ထိုင်ခုံမှ တဖြည်းဖြည်းထလာလေသည်။ သူ့မိန်းမကို သေဒဏ်ပေးလိုက်သော်လည်း သူက အေးအေးဆေးဆေးပင် ကြည့်နေသည်။

သို့နှင့်၊အက်စတာရော့ အားလုံးထွက်သွားတဲ့အခါ တရားသူကြီးက နောက်ထပ်စာရွက်စာတမ်းတစ်ခုကို ဆွဲထုတ်လိုက်သည်။

“ဒါဆို တော်ဝင်နန်းတော်မှာ မကောင်းဆိုးဝါးအနှောက်အယှက်ဖြစ်စေတဲ့ တရားခွင်ကို ဆက်လုပ်ပါရစေ...”

ထိုအခါ ရာဟန် သည် တရားလို၏ ထိုင်ခုံမှ ထကာ လွတ်နေသော တရားခံထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"တတိယမင်းသား ရာဟန် ဟာဘက်.... ဒီတကြိမ် စတင်တည်ထောင်ခြင်း အခမ်းအနားမှာ မင်းဟာ မကောင်းဆိုးဝါးကောင်ကို ထုတ်ပေးခဲ့တယ်ဆိုတာ မှန်တယ်မလား..."

တရားသူကြီးက ရာဟန် ကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။ ရာဟန် သည် တရားသူကြီးကို စူးစူးဝါးဝါး စိုက်ကြည့်နေလိုက်လျှင် တရားသူကြီး တစ်ချက် တုန်လှုပ်သွားပြီး အကြည့်ကို အနည်းငယ် ရှောင်လိုက်သည်။

"မဟုတ်ဘူး...ကျွန်တော် မလုပ်ခဲ့ပါဘူး..."

ရာဟန် ၏ ငြင်းဆိုချက်ကို စောင့်ကြည့်နေသော မှူးမတ်များက ဟင်ကနဲ၊ဟာကနဲ ဆူညံသွားကြသည်။ထိုအခါ တရားသူကြီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး လက်ထဲက စာရွက်ကို ယမ်း၍ တိတ်ဆိတ်စေလိုက်သည်။

"ဒါက သက်သေပဲ...ဒါတောင် မင်း ဆင်ခြေတွေ ပေးချင်သေးတာလား..."

ရာဟန် ပါးစပ်ကို ပိတ်ထားဆဲပင်။ အထောက်အထားအားလုံးသည် ဘုရင်မင်းမြတ်အလိုရှိသည့်အတိုင်း ဖြစ်တည်နေပြီဖြစ်သည်။ ယခုလို တရားခွင်လုပ်ရခြင်းကလည်း မှူးမတ်တွေကို အရူးလုပ်ပြီး ချပြဖို့ပင်။သူ မျက်လုံးကို မှိတ်ချလိုက်၏။ သူသာ ဆန္ဒရှိလျှင် ယခုပင် အမှန်တရား တစ်ခုလုံးကို ထုတ်ဖော်ပစ်နိုင်သည်။ သူသည် အိမ်ရှေ့စံအစား နတ်ဆိုးများကို ချေမှုန်းခဲ့သူဖြစ်ပြီး၊ ထရိအက်သူရဲကောင်းများ၏ခေါင်းဆောင်ဖြစ်ကြောင်း၊စသည်ဖြင့်... သို့သော်လည်း သူ ဖွင့်ဟချင်စိတ်မရှိပေ။ သူပြောလိုက်လျှင် အရာအားလုံးသည် နောက်ပြန်လှည့်၍ရတော့မှာမဟုတ်ပေ။ ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့သည် သူ့အားနည်းချက်ကို ကောင်းစွာသိထားကြသည်။ ရိုစီနာ နှင့် အီလီယန် ကို ဤနေရာမှ နှင်ထုတ်ပြီးနောက်မှသာ အနည်းဆုံး အမှန်တရားကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

“အဲဒါ ကျွန်တော် မဟုတ်ပါဘူး...”

ရာဟန် သည် စကားတစ်ခွန်းတည်းသာ ပြောနိုင်သော ကြက်တူရွေးကဲ့သို့ ထပ်ခါတလဲလဲ ငြင်းနေတော့သည်။ တရားသူကြီးကလည်း သူ့ကို ကြည့်နေရင်း....

"မင်းသားဟာ အာဏာကို ပြချင်လို့ မှူးမတ်တွေကို အန္တရာယ်ပေးတယ်.... အဲဒီအပြစ်က ပေါ့ပါးသွားစရာ အကြောင်းမရှိဘူး...”

တရားသူကြီးက ဘုရင်မင်းမြတ်ကို ကြည့်လိုက်၏။ ရာဟန် ၏ဖခင်အရင်းဖြစ်သော ဘုရင်မင်းမြတ်သည် တရားခွင်တစ်လျှောက်လုံးတွင် တုံ့ပြန်မှုများစွာမရှိခဲ့ပေ။ အစောပိုင်းက ရာနီယာ အတွက် ရူးမတ်ဖြစ်နေရှာသော မက်စယ်လာ နှင့် ဆန့်ကျင်ဘက်ပင်။

"မင်းသား.... မကောင်းဆိုးဝါးကို ဆွဲထုတ်လာတာနဲ့ ပတ်သက်ပြီး အားလုံးကို ဝန်ခံပါ..."

"ကျွန်တော် ဘာမှ မသိဘူးဆိုတော့ ဘာမှကို ပြောစရာမရှိဘူး..."

ရာဟန် သည် နောက်ဆုံးအချိန်အထိ ဝန်ခံရန် ငြင်းဆိုသောအခါ မှူးမတ်များသည် နှစ်ဖွဲ့ကွဲသွားသည်။ တစ်ဖွဲ့က ရာဟန် ဟာ ဤကိစ္စကို အစပြုခဲ့သည်ဟု ယုံကြည်ကြပြီး ကျန်အုပ်စုက ရာဟန် ကိုသာ အဆုံးအထိ ယုံကြည်ခဲ့ကြသူများပင်။

ရာဟန် သည် ဤအဖြစ်အပျက်ကြီးနှင့် ကြုံနေရသည့်အတွက် အလွန်စိတ်ပျက်နေပုံရသည်။ သူ့ဇနီး ရိုစီနာ ဟာလည်း ပြီးခဲ့သည့်ရက်ပိုင်းက ဒဏ်ရာရထားခဲ့သည်။မှူးမတ်တွေ အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြစဉ် တရားသူကြီးက သူ့မျက်မှန်ကို ပင့်တင်လိုက်၏။ ရာဟန် ၏ ဝန်ခံငြင်းဆိုစကားသည် တရားခွင်ကိုနှောင့်နှေးစေနိုင်ပြီး တစ်ကယ်တမ်းက သူသည် ချုပ်ကိုင်သူဖြစ်ကြောင်း သက်သေများက သူ့လက်ထဲတွင် ရှိနေပြီဖြစ်သည်။

"ရာဟန်ဟာဘက် ဟာ မကောင်းဆိုးဝါးကောင်ကို ထုတ်ပြီး အိမ်ရှေ့စံကို ဒဏ်ရာရစေခဲ့တယ်..."

သူ့အသံက တရားခွင်ထဲမှာ ပဲ့တင်ထပ်နေ၏။

“ဒီအထောက်အထားနှင့် အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားလိုက်ပြီး တတိယမင်းသား ရာဟန် ဟာဘက်ကို အင်ပါယာရဲ့ မြောက်ဘက်စွန်း ဟေလာမှာ ပြည်နှင်ဒဏ်ငါးနှစ် ချမှတ်လိုက်ပါတယ်..."

“….!”




Xxxxxx