Chapter 83
စီရင်ချက်က တရားခွင်တစ်ခုလုံးကို ဆူညံစေသည်။ တစ်ကယ်တော့ ရာဟန်သည် မကောင်းဆိုးဝါးကို သုံး၍ ရုန်းရင်းဆန်ခတ်ဖြစ်လျှင်တောင် နယ်နှင်ဒဏ်က မတရားသဖြင့် လွန်လွန်းပေသည်။ ဟေလာ သည် အင်ပါယာ၏ မြောက်ဘက်အကျဆုံး အပိုင်းဖြစ်ပြီး ဘယ်နေရာမှ မဖွံ့ဖြိုးမတိုးတက်သောကြောင့် မြို့တော်တွင် သာယာလှပသော ဘဝနေထိုင်ကြသူများ အတွက် ငရဲနှင့်တူပေသည်။ ငါးနှစ်ဆိုသည်ကလည်း ပြည်သူတွေ သူ့ကိုမေ့သွားဖို့ လုံလောက်ပေသည်။ ကျန်ရစ်ခဲ့သော သူ့မိသားစုသည်လည်း လူအများ၏ လိုမုန်းထားခြင်း၊ရှုတ်ချခံရခြင်း၊စသည်ဖြင့် ပစ်ပယ်ခံရတော့မည် ဖြစ်သည်။ကြည့်နေသူအချို့က ပြစ်ဒဏ်မှာ အလွန်များသည်ဟု ဆိုကြသည်။သို့သော် ဘယ်သူကမှ တိုက်ရိုက် မပြောဝံ့ပေ။
ထိုစဉ် တရားသူကြီးက ဂျူရီများကို ကြည့်ပြီး မေးလိုက်သည်။
"ဂျူရီတွေကရော သဘောတူရဲ့လား..."
လူအများစုက လက်မြှောက်ပြီး သဘောတူကြလျှင် တရားသူကြီးက သစ်သားတူကို ထုခတ်လိုက်သည်။မကြာမီ တရားခွင်အတွင်း ကျွတ်စီကျွတ်စီ အသံများ ပြည့်လျှံလာသောအခါ ရာဟန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ယခုလိုဖြစ်လာမယ်ဆိုတာ သူ သိနေသလိုပင်။သူ့အတွက် ဟေလာ တွင် နေထိုင်ရန် ပြည်နှင်ဒဏ်ပေးခံရခြင်းမှာ အလွန်ကံကောင်းတာဖြစ်သည်။ ဟေလာမှာ သူ့ကို ကူညီပေးမည့်သူတွေ အများကြီးရှိသည်။ ထို့နောက် သူ ဖြည်းဖြည်းချင်း ထိုင်ရာမှ ထလိုက်လျှင် လူအုပ်ထဲမှာ သူ့ကို စိုက်ကြည့်နေသော ရိုစီနာကို တွေ့ရသောအခါ သူ တုံ့ဆိုင်းသွားရလေတော့သည်။
***
ရိုစီနာ သည် တရားခွင်မစတင်မီကတည်းက စိတ်လှုပ်ရှားစွာ ရောက်ရှိလာခဲ့သည်။ သူမနှင့် အီဘယ်လာ တို့သည် နောက်ဆုံးခုံတန်းတွင်ထိုင်ကာ တရားခွင်ကို စောင့်ကြည့်နေကြသည်။ ပထမဆုံးတရားခွင်မှာ ရာနီယာ အတွက် ကွပ်မျက်သည့်ကိစ္စဖြစ်သည်။ ရာနီယာ သည် လုံးဝခြားနားသော လူတစ်ယောက် ဖြစ်လာသည်။တည်တင်း နေသော မျက်နှာထားနှင့် ဟန်ပါပါ ချီထသော မေးစေ့တို့မှာ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကာ ပိန်လှီနေသော ကိုယ်ခန္ဓာနှင့် ဆိုးရွားလှသော မျက်နှာထားကြောင့် အလောင်းကောင်တစ်ခုလိုပင်။ ရာနီယာကို ကြည့်ရင်း၊သူမ စိတ်ဆင်းရဲလာတာကတော့ အမှန်ပင်။
ထိုကဲ့သို့ စတင်ခဲ့သော တရားခွင်သည် မမျှော်လင့်ထားသော ဦးတည်ချက်တစ်ခုဆီကို စီးဆင်းလာသည်။ဤသည်မှာ ရာနီယာ သည် အာဆီလီယာ က ကြံရာပါဖြစ်ကြောင်း ထောက်ပြခဲ့တာဖြစ်သည်။ထို့နောက် အာဆီလီယာသည် သူမအား အဆိပ်ခတ်ရန် ကြိုးပမ်းခဲ့ကြောင်း သက်သေများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ သူမ အိပ်ပျော်နေစဉ် ရာဟန် တစ်ယောက်တည်း တရားခွင်အတွက် အားလုံး ပြင်ဆင်ထားပုံရသည်။ ရာနီယာ သည် အာဆီလီယာ ကို လက်ညှိုးထိုးပြသောအခါက အထောက်အထားမရှိသဖြင့် ပြဿနာဖြစ်သွားလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။
သို့သော် ရာဟန် သည် သက်သေအားလုံးကို စေ့စေ့စပ်စပ် ဆင့်ခေါ်ပြီး အာဆီလီယာ ၏ အပြစ်များကို ထုတ်ဖော်ခဲ့ပြီ ဖြစ်၏။ အာဆီလီယာသည် ဤကိစ္စမှာ ပါဝင်ပတ်သက်နေသည်ဟု သံသယရှိခဲ့သော်လည်း သူမကို တစ်ကယ်သတ်ပစ်ဖို့ ကြံရွယ်ခဲ့တာကိုတော့ မယုံကြည်နိုင်သေးပေ။
ထို့နောက် အာဆီလီယာ ဆွဲထုတ်ခံခဲ့ရပြီး ရာဟန် ၏ တရားခွင်ကို ချက်ချင်းလုပ်ဆောင်ခဲ့သည်။ရလဒ်ကို ဆုံးဖြတ်ထားပြီးဖြစ်သည့်အတိုင်းပင်၊တစ်ချို့ လုပ်ထုံးလုပ်နည်း အများစုကို ချန်လှပ်ထားသည်။ ရိုစီနာ ၏နှလုံးသားသည် အလွန်ကျပ်တည်းလာပြီး ဆို့တက်လာရသည်။ ရာဟန် က မကောင်းဆိုးဝါးကို ခေါ်လာသည့်ဆိုသော စွပ်စွဲချက်က သိပ် ရယ်စရာကောင်းပေသည်။
သူမ စိတ်ထဲ ချက်ချင်းကန့်ကွက်လိုသော်လည်း အီဘယ်လာ က သူမကို ဘေးကနေ တားထားခြင်းဖြစ်သည်။ အကြောင်းရင်းမှာ ဇာတ်ညွှန်းတစ်ခုလို စီစဉ်ထားပြီးသား စမ်တရားခွက်တစ်ခုတွင် သူမ ဝင်ပြီး ထောက်ပြခဲ့လျှင်လည်း ဘာမှပိုထူးသွားမှာမဟုတ်ပေ။ထို့ကြောင့် သူမ စောင့်ကြည့်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။နောက်ဆုံး စီရင်ချက်ချအဖြစ် ငါးနှစ်တာ ပြည်နှင်ဒဏ်ပေးသောအခါ သူမ အသက်ရှူရပ်သွားသည်။ရာဟန်သည် တော်ဝင်မိသားစုမှ နှင်ထုတ်ခြင်းခံရလေပြီ။ ငါးနှစ်ကြာမှ ပြန်လာလျှင်တောင် သူ့အတွက် နေရာမရှိနိုင်တော့ပေ။
ရိုစီနာ သူ့နောက်ကျောကို စိုက်ကြည့်နေမိသည်။
ရာဟန် ဒါကို သတိထားမိရဲ့လား...
ယခုလိုဖြစ်လာမယ်ဆိုတာကို သူသိတာကြောင့် သူမအား တွန်းထုတ်လိုက်တာဖြစ်နိုင်ပေသည်။ သူ၏ စိတ်သဘောထားက ရုတ်တရက် ပြောင်းလဲသွားခြင်းသည် ဤရယ်စရာကောင်းသော လှည့်စားမှုကြောင့် ဖြစ်နိုင်သည်။
ထို့နောက် ရာဟန် သည် သူ့ထိုင်ခုံမှ ဖြည်းညှင်းစွာထကာ ခေါင်းကိုလှည့်လိုက်လျှင် မရေမတွက်နိုင်သော မျက်လုံးများကြားထဲမှာ သူမကို ချက်ချင်းတွေ့ရှိသွားလေတော့သည်။
သူမ မျက်နှာကို မြင်လိုက်ရသဖြင့် ရာဟန် မျက်လုံးပြူးသွားသည်။
သူမ ဘာလို့ဒီမှာရောက်နေတာလဲ....
ရိုစီနာ သည် မလှုပ်မယှက် ရပ်နေပြီး သူ့ကို စူးစိုက်ကြည့်နေ၏။ အနောက်မှာရှိသည့် သူမကို ဘယ်သူကမှ မြင်ရမှာမဟုတ်၍ တဖြည်းဖြည်း တရားခွင်အနားကို ချဉ်းကပ်လာခဲ့သည်။တရားခွင်ပြီးသွား၍ အားလုံးက သူမဘေးကနေ ဖြတ်သွားကြချိန်အထိ သူမ မလှုပ်မယှက် ရပ်နေဆဲပင်။ထိုအခါ ရာဟန် မျက်လုံးတွေက မကြာခင် ကွဲတော့မည့် ဖန်ရုပ်တုကို စိုက်ကြည့်နေရသလို သူ့မျက်လုံးတွေက စိုးရိမ်စိတ်တွေ ဖြစ်နေကာ တုန်လှုပ်လျက်။ထို့နောက် သူ ချက်ချင်း သူမဆီကို ပြေးလာ၏။
ရိုစီနာ ကိုတွေ့သောအခါ အားလုံးက လမ်းဆက်မလျှောက်ဘဲ ခြေလှမ်းရပ်တန့်လိုက်ကြသည်။သို့သော်လည်း သူတို့နှစ်ယောက်မှာ အချင်းချင်း စူးစိုက်ကြည့်နေကြလျက်ပင်။
“… ရိုစီနာ”
ရာဟန်က အသေအချာ ခေါ်လိုက်သော်လည်း သူမပြန်မဖြေပေ။
"ဘာလို့ ကျွန်မကို မပြောတာလဲ..."
သူမ မေးလိုက်တော့ သူ့မျက်နှာက ကြေမွပျက်စီးသွားသည်။ သူ ဖုံးကွယ်ထားလျက်နှင့် ယခု ဘူးပေါ်သလို ပေါ်သွားရတာကြောင့် ယူကျုံးမရဖြစ်နေဟန်လည်း ရှိသည်။သူ ခဏမျှ တိတ်ဆိတ်သွားပြီး သူမကို ငုံ့ကြည့်နေသည်။
"ဘာလို့လဲဆိုတော့ မင်းနဲ့မဆိုင်လို့ပဲ..."
"ဘယ်လိုတောင် ရှင် ပြောရက်တာလဲ..."
သူမအသံက အလိုလို ကျယ်လောင်သွားသည်။တရားခွင်တစ်လျှောက်လုံး ဖြစ်ပေါ်ခဲ့ရသမျှ စိတ်ပျက်စရာခံစားချက်တွေက အခုချက်ချင်း ပေါက်ကွဲသွားသလိုပင်။
"ဒီလိုဖြစ်မယ်ဆိုတာ သိလို့ ကျွန်မကို တွန်းထုတ်ခဲ့တာလား..."
ရိုစီနာ သည် အေးအေးဆေးဆေး မပြောနိုင်တော့ပေ။ ရာဟန် တစ်ယောက် ပြည်နှင်ဒဏ်ခံရမည်ဆို၍ စိတ်ကို ငြိမ်အောင်ထားဖို့ ခက်ခဲလှသည်။
"ဒါကြောင့် ရှင် ကျွန်မကို ကွာရှင်းခိုင်းတာမလား..."
သူမ အသံက တိုးလျသွားပြန်သည်။
'ကွာရှင်းခြင်း' ဟူသော စကားလုံးသည် သူမ ပါးစပ်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ထိုစကားလုံးသည် ဆူး တစ်ချောင်းလို သူမ၏ လျှာနှင့် နှုတ်ခမ်းတို့ကို ထိုးဖောက်သွားရသည်။
ရာဟန် သည် သူမ မျက်နှာကို သတိထားကြည့်မိ၍ ဝမ်းနည်နေသည့် သူမကို သဘောပေါက်သွားသော်လည်း မကြာခင် သူ့ခံစားချက်တွေအားလုံးကို မျိုချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“မဟုတ်ဘူး....မဟုတ်ဘူး...”
"ဒါဆို ရှင် ကျွန်မကိုဘာလို့ အစကတည်းက မပြောတာလဲ...ကျွန်မကို လိမ်ချင်နေတာလား..."
သူမ အေးအေးဆေးဆေး ပြောဆိုချင်သော်လည်း မနေနိုင်တော့။ဆန့်ကျင်ဘက်ပင်၊ရာဟန်က အေးအေးဆေးဆေး စကားပြန်လာသည်။
"ပြောစရာ လိုမှမလိုတာ..."
ရိုစီနာ၏ တုန့်ပြန်မှုကြောင့် သူ့ စကားလုံးတွေ အားလုံး ပျောက်ဆုံးသွားရခြင်းသာ။ သူမပုံစံက အချိန်မရွေး ခွန်အားများ မရှိတော့သလိုဖြစ်ပြီး လဲကျသွားတော့မလို သူ ခံစားရသည်။ စိတ်ပျက်အားငယ်မှုနှင့် ဒေါသအရှိန်အဟုန်တို့ အထင်းသားပေါ်နေသော မျက်နှာထားဖြင့် သူ့ကို ကြည့်နေ၍ သူ့ရင်ထဲက လှိုင်းလုံးကြီးတစ်ခု ပြိုကျသွားသလိုပင်။
ရိုစီနာ သည် ရာဟန် ကို မော့ကြည့်လိုက်သည်။ သူမကို စိတ်မပူစေချင်တာကြောင့်ဟု အစကတည်းက ပြောလိုက်မည်ဆိုလျှင် အခုလောက် စိတ်ပျက်မိမှာ မဟုတ်ပေ။အခုတော့ သူက ကွေ့ရှောင်ဝေ့ဝိုက်ပြီး အတင်းဗြောင်ငြင်းနေချင်းသာ။
ရာဟန် သည် ရိုစီနာ ကို တည့်တည့်ရင်မဆိုင်ဘဲ အဝေးက အခန်းတံခါးကိုသာ ငေးကြောင့်ကြည့်နေသည်။
"မင်းသမီး..."
အီဘယ်လာ က သူမကို ခေါ်လိုက်ခါမှ သူမလည်း အီဘယ်လာကို သတိထားမိသွားရသည်။
"တောင်းပန်ပါတယ်...နန်းတော်ပြန်ရမယ်လေ..."
အီဘယ်လာသည် ဒေါသထွက်နေသော သူမကို မထိဝံ့မကိုင်ဝံ့ပေ။အီဘယ်လာ သည် သူမအတွက် စိုးရိမ်ပြီး စကားများရန်စဲဖြစ်ရန် လူစုခွဲနေခြင်း ဖြစ်သည်။သို့ရာတွင်၊ သူမ စိတ်ထဲက အလိုလို သဘောပေါက်နေရသလိုပင် အဆောက်အဦးထဲကနေ ချက်ချင်းထွက်သွားမိ၏။ ထို့နောက် တတိယမင်းသားနန်းတော်ကို ဘယ်လိုပြန် ရောက်သွားမှန်းတောင် မမှတ်မိတော့ေပ။
သူမ စိတ်ရှုပ်ရှုပ်နှင့် အိပ်ခန်းထဲသို့ ပြန်ဝင်ကာ စောစောက တပ်ထားသည့် မျက်နှာဖုံး(တင်စားခြင်း)ကို ချွတ်ပစ်လိုက်သည်။ ထို့နောက် မျက်နှာကို လက်ဖဝါးနှင့် အသာအုပ်ထားရင်း အိပ်ခန်းအလယ်မှာ အချိန်အတော်ကြာအောင် တစ်ယောက်တည်း ရပ်နေခဲ့၏။သူမ တစ်စက်ကလေးမှကို မလှုပ်ချင်တော့ပေ။ အလေးမထားသည့် သူ့ လုပ်ရပ်တွေအားလုံးက သူမ သဘောထားနှင့် ကွဲလွဲနေသလို ခံစားရသည်။ သူမကို နာကျင်စေမည့် အရာတွေမရှိတော့ဘူးဟု သူမထင်ခဲ့သော်လည်း သူ့ စကားတွေက စုတ်ပြဲနေသည့် သူမ ရင်ဘတ်ကို တစ်စစီ ဖြစ်သွားစေသည်။
သူမ အတွက် တစ်ကယ်ကို နှလုံးသားမရှိခဲ့တာလား.... မလိုအပ်ဘဲ သူမကို အတူခေါ်နေထားတာလား ဒါမှမဟုတ် အီလီယန် အတွက် စဉ်းစားပြီးတော့လား...
ခမ်းခြောက်နေပြီထင်သော မျက်ရည်စများက ပူနွေးစွာ ကျဆင်းလာပြန်သည်။သူမ အသက်ပြင်းပြင်းရှူလိုက်လျှင် ခြောက်သွေ့ပူနွေးသောလေသည် သဲကန္တာရထဲမှ သူမ အဆုတ်ထဲသို့ ဝင်လာသကဲ့သို့ပင်။သူမ စိတ်တည်ငြိမ်သွားအောင် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သူမ အီလီယန် နှင့် တစ်ခန်းတည်းနေနေသည်မှာ အတော်ကြာပြီဖြစ်သည်။သို့သော် နန်းတော်ရှိ နေရာတိုင်းတွင် ရာဟန် နှင့်သူမတို့ အတူနေခဲ့သည့် ခြေရာ၊လက်ရာများသည် မပျက်မစီးကျန်ရှိနေခဲ့သည်။သူမ မတ်တပ်ထရပ်လိုက်ပြီး အခန်းထဲတစ်ဖန်ပြန်ဝင်ကြည့်မိသည်။ထို့နောက် အိပ်ခန်းထဲက ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ထုပ်ပိုးရန် စစ်ဆေးကြည့်နေစဉ် ပွဲတော်မှာ လက်ဆောင်အဖြစ် သူပေးခဲ့သည့် ဂီတသေတ္တာက သူမကို ပထမဆုံး ဖမ်းစားသွားလေသည်။
သူတို့နှစ်ယောက် အတူတူ လက်ဖက်ရည်သောက်တဲ့ စားပွဲ..
အမှတ်ရစရာ ပစ္စည်းတွေ တစ်ခုပြီးတစ်ခုမြင်လိုက်ရသည့်အခါ အမှတ်တရများစွာဟာ ပူဖောင်းတွေလို ဖောင်းပွလာခဲ့၏။ သူမ ဘာမှမတတ်နိုင်တော့။ တစ်နေရာကနေ တစ်နေရာကို သူမ လျှောက်သွားလိုက်သည်နှင့်၊ အရာအားလုံးဟာ အရုပ်တုံးတွေ ပြိုကျသွားသလိုပင်။ နောက်ဆုံးတော့ ဘာမှလည်း မထုပ်ပိုးဖြစ်တော့ဘဲ ဟိုဒီ ငေးကြည့်နေမိစဉ် ဗီဒိုဟောင်းတစ်ခုကို မြင်လိုက်သည်။သူမ တော်ဝင် နန်းတော်သို့ မဝင်မီကပင် ထိုဗီဒိုသည် ထိုနေရာတွင်သာ ရှိနေခဲ့တာဖြစ်သည်။ သူမ ဖွင့်ကြည့်ရန် ကြိုးစားခဲ့သော်လည်း ရာဟန် က မဖွင့်နဲ့ဟုပြော၍ မဖွင့်ခဲ့ရပေ။
ရိုစီနာ သည် ဗီဒိုအနားကို ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။တံခါးလက်ကိုင်မှာ သံချေးတက်နေ၏။ သူမ ခေတ္တရပ်လိုက်ပြီး တစ်ချက် တွေဝေမိသွားသည်။
ဒီဗီဒိုထဲမှာ ဘာရှိတာလဲ...သံချေးတက်နေတာတောင် ဘာမှမပြင်ဆင်ဘဲ ဘယ်သူ့ကိုမှ ထုတ်မပြချင်တာ ဘာကြောင့်လဲ...
သူတစ်ကယ်မြတ်နိုးသည့် ပစ္စည်းတွေကို ဤနေရာမှာ သိမ်းထားတာလည်း ဖြစ်နိုင်သည်။ ရိုစီနာ သည် သူမ မလုပ်သင့်သည်ကို သိသော်လည်း နောက်ဆုံးတွင် သူမ လက်ကိုင်ကို ဆွဲဖွင့်လိုက်သည်။ တကျီကျီနှင့် တံခါးဖွင့်သံက တိုးညှင်းစွာ ထွက်ပေါ်လာပြီး တင်းတင်းကြပ်ကြပ် ပိတ်ထားသော တံခါး ပွင့်လာတော့သည်။ သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထွက်လာသည့် ပစ္စည်းကို မအံ့သြမိဖို့ အဆင်သင့်ဖြစ်နေပြီ။
ဗီဒိုတံခါးကို လုံးလုံးဖွင့်လိုက်သောအခါတွင် အဝတ်တစ်စုံသာ ချိတ်ထားကြောင့် တွေ့ရ၏။ ရိုးရိုးသာမန်အဝတ်အစားတစ်ခုသာ ဖြစ်နေ၍ သူမ ဆွဲထုတ်ကြည့်လိုက်သည်။ ဗီဒိုထဲမှာ အချိန်အတော်ကြာအောင် ချိတ်ထားသည့် အဝတ်အစားတွေက သူမနှင့် အတော်လေး ရင်းနှီးနေခဲ့သည်။ သူမ စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ အဝတ်အစားကို သေချာကြည့်လိုက်မှ သေချာသွားလေ၏။ ယင်းသည် လွန်ခဲ့သော ခုနစ်နှစ်က ရာဟန် ဝတ်ဆင်ခဲ့သော အဝတ်အစားများဖြစ်သည်။
"ဘယ်လိုဖြစ်ပြီး…"
သူမ မယုံကြည်နိုင်စွာဖြင့် အဝတ်ကို ထိကြည့်လိုက်မိသည်။ ထိုအချိန်က တောအုပ်ထဲတွင် ရာဟန် သည် ဒဏ်ရာများစွာ ရထားတာဖြစ်သည်။ သူဝတ်ထားသည့် အဝတ်တွေကလည်း စုတ်ပြဲနေ၍ သူမ ရွာကို အမြန်သွားပြီး ဤအဝတ်အစားတွေကို ဝယ်လိုက်တာဖြစ်၏။ထိုအတိုင်းပင် သူ့ဒဏ်ရာက သွေးစက်တွေက အဝတ်အစားများတွင် စွန်းထင်းနေလျက်ရှိသည်။
မင်းသားတစ်ယောက်ဝတ်ဖို့ ဒီအဝတ်အစားတွေက ညံ့လွန်းပေမယ့် ဘာလို့...
သူမ အဝတ်အစားကို ဆွဲကိုင်ပြီး ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလိုက်သည်။ ဤအဝတ်များသည် အဖြူရောင်ဖြစ်သော်လည်း သွေးစွန်းခြင်းမှလွဲ၍ တခြားဘာမှ မစွန်းထင်းနေပေ။ သူမ အတော်ကြာအောင် အဝတ်အစားတွေကို အချိန်အကြာကြီး ရင်ခွင်ထဲ ပိုက်ထားပြီးခါမှ ဗီဒိုအောက်က စာရွက်တစ်ရွက်ကို တွေ့လိုက်ရ၏။ခေါက်ထားသော စာရွက်တစ်ခုကို မြင်ရသောအခါ သူမ မျက်လုံးများ တုန်လှုပ်သွားရသည်။
ဒီစာကို ဘယ်သူက ပေးလိုက်တာလဲ...
ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူမ စာကို ဂရုတစိုက်ဖွင့်ဖတ်လိုက်သည်။
“….”
စာရွက်ပေါ်က ရင်းနှီးပြီးသား လက်ရေးကို ကြည့်ပြီး သူမ စကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။ ဤစာသည် နန်းတော်ကနေ သူ ခဏထွက်သွားစဉ် သူမ ငှက်ကလေးနှင့်အတူ ထည့်ပေးလိုက်သည့် စာတစ်စောင်ပင် ဖြစ်သည်။သူမ နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး ရင်ဘတ်ထဲက အလုံးကြီးကို မျိုချလိုက်၍ အသံထွက်အောင် တစ်ချက်ရှိုက်လိုက်၏။ ကြမ်းတမ်းသောစကားများကို သူ့နှုတ်က ပြောတတ်သော်လည်း သူ့နှလုံးသားသည် သူမ ဆီမှာသာ ရှိနေတာဖြစ်သည်။ သူမအငိုမရပ်နိုင်သေးပေ။
သူ့ကို မကြိုက်ဘူးဆိုပြီး မျဉ်းသားထားသော်လည်း သူမ နှလုံးသားက အမှန်တရားကို ဖုံးမထားနိုင်တော့ပေ။ သူမ သူ့ကို အခုချက်ချင်း တွေ့ချင်နေမိသည်။ ဤနားလည်မှုလွဲမှားသည့် ကိစ္စနှင့် တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင် ဖြစ်နေသော အဖြစ်တို့ကို လုံးလုံးလျားလျား ဖြတ်တောက်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ထို့နောက် သူမတံခါးဆီသို့ ဦးတည်သွားသည်နှင့် တစ်ပြိုင်နက် တံခါးက ဖျတ်ကနဲ ပွင့်လာ၏။
***
အခန်းထဲ ဝင်လာသော ရာဟန် သည် ရိုစီနာ ကိုမြင်ပြီး ခြေလှမ်းတုံ့ကနဲ ရပ်သွားသည်။ သူမကလည်း သူ့ကို စိုက်ကြည့်နေ၏။သူမ အိပ်ခန်းထဲတွင် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထား၍ သူ လန့်ဖျပ်သွားကာ ထိုနေရာတွင်သာ ရပ်နေမိသည်။ သူ့မျက်လုံးတွေက သူမ ဆီကနေ မဖယ်ခွာနိုင်သေးပေ။
ရိုစီနာ သည် အကြည့်ကို မလွှဲဘဲ ရှေ့တည့်တည့်မှ သူ့ကို ကြည့်လိုက်သည် ။ သူမကို ကြည့်နေသော သူ့မျက်လုံးများသည် စူးရှထက်မြက်သော စကားလုံးများကိုသာ ထုတ်ပြောသည့် ခါတိုင်းပါးစပ်နှင့်မတူဘဲ သူမကိုသာ အလိုရှိနေပုံရသည်။ ထိုမျက်လုံးများထဲတွင် ရိုးသားမှုရှိသော်လည်း လိမ်လည်လှည့်ဖြားခြင်းကို ဝါသနာထုံပုံရ၏။
"မင်းဒီမှာအိပ်ချင်တယ်ဆိုရင်လည်း ကိုယ် ထွက်သွားပေးမယ်..."
“မဟုတ်ပါဘူး...”
သူမ ခေါင်းယမ်း၍ သူ့ရှေ့မှာ ရပ်လိုက်ရင်း တံခါးကို လှမ်းပိတ်လိုက်၏။
"ရှင့်ကိုပြောစရာရှိတယ်..."
ရာဟန် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာပြီး ဖွင့်ထားသော ဗီဒိုကိုကြည့်လိုက်သည်။ ထိုအခါ ဗီဒိုထဲမှာ သိမ်းဆည်းထားသည့် အဝတ်အစားတွေနှင့် စာတွေက ကုတင်ပေါ် ရောက်နေတာကို တွေ့ရလေသည်။
“…ကျွန်မ အရင်တောင်းပန်ချင်ပါတယ်...အဲ့ဒါ ကျွန်မ ကိုယ်တိုင်ဖွင့်လိုက်မိတာ..."
သူ့ပစ္စည်းကို ထိမိ၍ စိတ်မကောင်းဖြစ်မိသော်လည်း နောင်တမရပေ။ အချိန်အတော်ကြာ ဝေးကွာသွားခဲ့သော သူမ နှလုံးသားသည် နောက်ဆုံးတွင် နိဂုံးချုပ်အနေနှင့် သူ့ဆီကို ရောက်သွားခဲ့သည်က အမြတ်ပင်။
"ဘာလို့ သိမ်းထားသေးတာလဲ..."
“….”
"ဒါက ရှင့်ကို ကျွန်မ ပေးခဲ့တဲ့ အဝတ်တွေပဲ..."
ထိုအခါ ရာဟန် က သူမ လက်ထဲမှ အဝတ်အစားများကို ငုံ့ကြည့်လေသည်။
ဤအဝတ်အစားများသည် စျေးကွက်ထဲက နေရာတိုင်းတွင် တွေ့ရလေ့ရှိသော သာမန်အ၀တ်အထည်မျိုးသာ ဖြစ်သည်။ သို့သော် ကြည့်လိုက်ရုံဖြင့်ပင် ဟောင်းနွမ်းသွားလိမ့်မည်ဟု သူ ထင်နေတာကြောင့် တစ်ကြိမ်မှပင် ထုတ်ယူမဝတ်ရသေးပေ။ ဤအဝတ်များကသာ ထိုအချိန်က အဖြစ်အပျက်များသည် အိပ်မက်မဟုတ်ကြောင်း သက်သေပြသည့် တစ်ခုတည်းသော အရာဖြစ်သည်။ ရိုစီနာ နှင့် ပြန်တွေ့ပြီးချိန်မှာတောင် သူ ထိုအဝတ်အစားတွေကို ဝှက်ထားဆဲပင် ဖြစ်၏။ယခုအချိန်အထိ မလွှင့်ပစ်ရသေးဘူးဟု ပြောထားလျှင် သူမ လန့်တောင်လန့်သွားနိုင်သည်။သဲလွန်စတွေ ပျောက်ကွယ်သွားမှာကို ကြောက်သဖြင့် သွေးစွန်းနေတာတောင် စွန့်မပစ်ရက်သေးပေ။
Xxxxxx