Chapter 86
အဖြေကိုကြားပြီးနောက် ရာဟန် သည် ဘောပင်ကို ထပ်ယူပြီး စာရွက်မှာ ခြစ်ထုတ်လိုက်သော အသံက ရုံးခန်းတစ်ခုလုံး လွှမ်းခြုံသွားသည်။
“အိုင်းဆက် နဲ့ ကာလန် တို့ကို သေချာအကွက်ချပြီး ရိုစီနာ ထွက်သွားနိုင်ဖို့ တာဝန်ပေးလိုက်"
"ဒါဆို မစ်ရှင်ပြီးသွားတဲ့အခါ သူတို့နှစ်ယောက်က ဟေလာ ကို လိုက်လာမှာလားဟင်"
"မဟုတ်ဘူး...သူတို့က မြို့တော်မှာနေပြီး သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ်… အဲ့ဒီနေရာမှာလည်း တစ်ခါတည်း အခြေအနေကို စောင့်ကြည့်ထားရမှာပေါ့"
ဟေလာ ၏ စွမ်းအားတစ်ခုတည်းနှင့် တော်ဝင်မိသားစုကို ဖြုတ်ချဖို့ မလုံလောက်ပေ။ ကျောက်ခဲကို ကြက်ဥနှင့် ရိုက်သလို အရာတောင်ထင်မှာမဟုတ်။ထို့ကြောင့် ပုန်ကန်မှု အားကောင်းရန်အတွက် တပ်ဖွဲ့ဝင်များနှင့် တရားမျှတမှု အထူးလိုအပ်သည်။ ဤတစ်ကြိမ်တွင် မှူးမတ်များစွာသည် သူ့ကို စိတ်ဝင်စားလာကြသည်။ ဘုရင်မင်းမြတ်နှင့် အယ်လိုအာ နယ်စားမင်းတို့က သူ့ကို ရှုတ်ချလျှင်ပင် ပြိုလဲခြင်းမရှိသော အုပ်စုတစ်စု ဖြစ်တည်လာသည်။
သို့သော် သူတို့က သူ့ဆီကို ပွင့်ပွင့်လင်းလင်း မဆက်သွယ်ခဲ့ပေ။ မကြာမီ ပြည်နှင်ဒဏ်ခံရမည့် သူ့ကို ကူညီထောက်ပံ့လို့လည်း ဘာမှ အကျိုးမရှိတာကြောင့်ပင်။သို့သော်လည်း ရာဟန် ကိုယ်တိုင်က ဤမျှလောက်ဆို လုံလောက်ပြီဟု တွေးမိသည်။ပုန်ကန်မှုအောင်မြင်မည့် အလားအလာကို သူသာ တစ်ခါလောက် ပြသလိုက်မည်ဆိုလျှင်၊ အဆင်ပြေသွားနိုင်၏။ယခုအချိန်အထိ တော်ဝင်မိသားစု အာဏာ တည်မြဲခိုင်ခံ့စေရန် ဘုရင်မင်းမြတ်က အလွန်အမင်း ဖိနှိပ်ထားခဲ့သည်။ အတွင်းပိုင်း ပုပ်နေမှန်း မသိဘဲ အပြင်ကိုသာ ဂရုစိုက်ကြသည့် ဘုရင်မင်းမြတ်၏ အားနည်းချက်ကြောင့်လည်း မကြာခင် အတွင်းထဲက လှိုက်စားပြီး ပျက်စီးတော့မှာဖြစ်သည်။ ထိုနေ့သည် ရာဟန် တော်ဝင်မိသားစုကို ဖြုတ်ချမည့်နေ့ဖြစ်သည်။
သူ ဘောပင်ကို လုံးဝချထားလိုက်သည်။
"ငါ မထွက်သွားခင် ရက်တွေ အများကြီး ကျန်သေးတာပဲ"
သူ့ကိုယ်သူ ညည်းညူပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်မိသည်။
ဆောင်းဦးရာသီရောက်လာပြီးဖြစ်၍ နေမင်းကြီးက အရင်ကထက် ပိုမြန်မြန် ရွေ့လျားလာသည်။ မြောက်ဘက်ပိုင်းဆီမှ အေးစိမ့်သောလေက ရုံးခန်းပြတင်းပေါက်အနားကို တိုက်ခတ်လာသည်။ ရာဟန် သည် ရက်အနည်းငယ်အတွင်း ဤနေရာမှ ထွက်ခွာရမည်ဟု တွေးကာ စိတ်ပျက်စွာဖြင့် မျက်လုံးမှိတ်ထားလိုက်သည်။ သူ့နှလုံးသားက ရိုစီနာ နှင့် ချိတ်ဆက်မိ နေသည်မှာ တာ မကြာသေးသော်လည်း အချိန်တွေက လျင်မြန်လွန်းလှသည်။ခဏတာ လမ်းခွဲရမည်ဖြစ်သော်လည်း ဘယ်တော့မှ သူမနှင့် ပြန်ဆုံနိုင်မည်ဆိုတာ သူ မသိပေ။
တစ်နှစ် သို့မဟုတ် နှစ်အနည်းငယ်လည်း ဖြစ်နိုင်သည်။ အရာရာတိုင်းဟာ မှန်းဆ မရသော်လည်း အာမခံချက်တစ်ခုတော့ ရှိနိုင်ပေသည်။ဤသည်မှာ တစ်ခြားအရာတွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ၊ သူမအတွက် သူ့ခံစားချက်တွေက ပြောင်းလဲမှာမဟုတ်ဘူးဆိုတာပင်။ သူသည် နေညတစ်ချိန်တွင် သူမနှင့်ခွဲခွာရမည်ဟု စိတ်ကူးထားတာကြောင့် အရင်ကလို ကြောက်ရွံ့ခြင်းမရှိပေ။ထို့နောက် စိတ်အမြန် ပြောင်းလိုက်ကာ စာရေးကိရိယာများစွာကို ထုပ်ပိုးလိုက်၏။
****
အချိန်တွေ မြန်မြန်ကုန်သွားသဖြင့် ရာဟန် တစ်ယောက် ဟေလာသို့ ထွက်သွားမည့်နေ့ ရောက်လာသည်။နံနက်စောစောတွင် အခြားနန်းတော်များနှင့်မတူဘဲ တတိယမင်းသားနန်းတော်ရှိ လူအားလုံး နိုးကြားနေကြသည်။ တစ်ညလုံး မအိပ်နိုင်ဘဲ နိုးနေကြသူများပင် ပင်ပန်းနွမ်းနယ်မှု လက္ခဏာမပြဘဲ နန်းတော်ရှေ့တွင် စုရုံးနေကြသည်။ မိုးမလင်းသေး၍ ဘေးပတ်ပတ်လည်မှာ မှောင်မည်းနေသည်။ တော်ဝင်မိသားစုဝင် တစ်ဦးစီးရန် ညံ့ဖျင်းလွန်းလှသော ရထားလုံးတစ်စီးသည် နန်းတော်ရှေ့တွင် ရပ်ထားကာ တော်ဝင်မိသားစု၏ သူရဲကောင်းများက ၎င်းကို စောင့်ကြပ်နေကြသည်။
ရာဟန် သည် ရိုးရိုးအဝတ်အစားများကို ၀တ်ဆင်ထားပြီး ရိုစီနာ ရှေ့မှာ ရပ်နေသည်။ ရိုစီနာ သည် တစ်ညလုံး စကားတွေပြောခဲ့ကြသော်လည်း သူ့မျက်နှာမှ အကြည့်မခွာနိုင်ဘဲ လက်ချင်းတွဲထားလေသည်။ သူတို့နှစ်ယောက်လုံးသည် တစ်ညတာ အတူတူ ရှိခဲ့ကြသော်လည်း ယခုအချိန်ထိ ခွဲနိုင်ဟန်မတူသေးပေ။သနားစရာပင်။
တောင်ပေါ်မှ နေထွက်လာသောအခါ သူ့ကို နှုတ်ဆက်ရမည့်အချိန်ရောက်လာ၏။ သူမ သူ့ကို မော့ကြည့်လိုက်ရင်းက မနက်ကတည်းက အချိန်တွေရပ်သွားလျှင် ပိုကောင်းမည်ဟု တွေးလိုက်မိသည်။ အမှောင်ထဲတွင်ပင် အပြာရောင်တောက်တောက် တောက်ပနေသည့် သူ့မျက်လုံးများထဲက အလင်းတန်းတစ်ခု။သူမ နှုတ်ခမ်းများ လှုပ်ခါသွားသည်။ အခုက သူမ၏ နောက်ဆုံးအခွင့်အရေးပင်။ နောက်မှ နောင်တရနိုင်သော်လည်း အခုတော့ ဘာပြန်ပြောရမှန်းကို မသိတော့ပေ။
"အစစအရာရာ ဂရုစိုက်နော်"
အဆုံးတွင် ရိုစီနာ သည် အကြိမ်ပေါင်း များစွာသော စကားကို ထပ်ပြောလိုက်ပြန်သည်။
"မင်းလည်း မဖျားမနာဘဲ ကျန်းကျန်းမာမာနေနော်"
ရာဟန် သည် သူမ နဖူးကို နမ်းလိုက်သည်။ ဘယ်လောက်ပဲ နမ်းကြနမ်းကြ၊ ဝမ်းနည်းစရာတွေချည်းပင်။ထို့နောက် သူမ နံဘေးတွင် ရပ်နေသော အီလီယန် ကို လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းကနှင့် ယှဉ်လျှင် အီလီယန် က တော်တော် လေး ကြီးလာပြီဖြစ်သည်။ မတွေ့ရတော့မှာကို စိတ်ပူမိသော်လည်း အချိန်က မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားမည်ဖြစ်သည်။ ရာဟန် သည် အီလီယန် နှင့် သူတို့ ပထမဆုံးတွေ့ဆုံမှုကို ခဏတာ သတိရသွားသည်။
အစပိုင်းမှာတော့ ရိုစီနာ နှင့်ပတ်သတ်ပြီး သားအဖနှစ်ယောက် စစ်ခင်းခဲ့ဖူးသည်။ သူတို့ ဆက်ဆံရေးက သားအဖ မဟုတ်ဘဲ ကြောင်နှင့် ခွေးဟု ပြောလျှင်တောင် မထူးဆန်းပေ။ကို ချစ်မြတ်နိုးကြောင်း သူ့နှုတ်မှ ထုတ်မပြောနိုင်သည့်အတွက်တော့ သူ့ကိုယ်သူ စိတ်မကောင်းဖြစ်မိသည်။ သူနှင့်အတူရှိစဉ်မှာ ဖခင်တာဝန်ကို ပိုကောင်းအောင် ကျေပွန်ရမည်ဟု နောက်ကျမှ နောင်တရမိသည်။
"သားရဲ့ မေမေကို သေချာဂရုစိုက် နော်"
ရာဟန် က အီလီယန် ခေါင်းကို ကိုင်လိုက်သည်။ သာမာန်အားဖြင့်၊ အီလီယန် သည် ပြန်ပြီး မကျေနပ်သည့်အကြောင်း ပြောတာဖြစ်စေ၊သို့မဟုတ် အမူအရာပြတာဖြစ်စေ ပြောတတ်သော်လည်း ယနေ့တော့ တိတ်ဆိတ်နေ၏။ထို့နောက် ရိုစီနာ နှင့်ဆင်တူသည့် သူ့မျက်လုံးများကို ကြည့်လိုက်ပြီး ခါးကြားထဲက ဓားရှည်ကို ထုတ်လိုက်သည်။ နှစ်ပေါင်းများစွာ သူအသုံးပြုခဲ့သော ဓားသည် သူ့ဘဝ၏ တန်ဖိုးအရှိဆုံးအရာများထဲမှ တစ်ခုဖြစ်သည်။ သူ့ဓားကို အီလီယန် အား ကမ်းပေးလိုက်လျှင် အီလီယန်သည် ဓားရှည်နှင့် ရာဟန် ကို တစ်လှည့်စီ ကြည့်လိုက်သည်။
“ယူပါကွ”
ထိုအခါမှ အီလီယန် သည် ဓားကို တရိုတသေ ယူလိုက်သည်။ဓားက သူ့အတွက် အနည်းငယ် ကြီးလွန်းသော်လည်း တစ်နေ့တွင် သူသည် ဤဓားကို ပေါ့ပေါ့ပါးပါး ကိုင်ဆောင်နိုင်သည့်နေ့ ရောက်လာလိမ့်မည်ဖြစ်သည်။
"ဓားပညာအတန်းကို ပစ်မထားနဲ့နော်...ဟိုမှာလည်း ပြန်လေ့ကျင့်ဦး"
အီလီယန် က ပြန်မဖြေဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရာဟန်သည် ခါးကိုင်းထားရာမှ ကိုယ်ကို ပြန်မတ်လိုက်၏။ ရုတ်တရက် အလင်းမှိန်မှိန်လေးသည် အဝေးမှ ပြေးလာလျက် သူတို့အနီးကို ဖြာကျလာသည်။ နံနက်ခင်း နေရောင်ခြည်သည် တောင်ကုန်းပေါ်သို့ လျှောက်သွားကာ ပတ်ဝန်းကျင်ကို လင်းထိန်လာခဲ့သည်။ အမှောင်တွေနှင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးမှာ တဖြည်းဖြည်း အရောင်အသွေးစုံလင်လာတော့သည်။ ချမ်းအေးသော နံနက်ခင်းလေသည် နေရောင်ခြည်ကြောင့် လွင့်ပါးသွားသကဲ့သို့ ပြန်ဆုတ်သွားကာ ပူနွေးစပြုလာ၏။သူတို့ အားလုံး ဘယ်သူမှ စကားမပြောဖြစ်ကြပေ။
ရိုစီနာသည် ဆုံးဖြတ်ပြီးသား လမ်းခွဲခြင်းအတွက် ပြင်ဆင်ထားသော်လည်း ယခုအချိန်မျိုး အမှန်တကယ် ရောက်လာလိမ့်မည်ဟု သူမယုံကြည်နိုင်ပေ။ သူမ ရာဟန်ကို တည်ငြိမ်စွာ ကြည့်နေမိသည်။ အရင်တုန်းက ငိုကောင်းငိုမိလိမ့်မည်ဟု တွေးထားသော်လည်း ယခုတော့ အနည်းငယ်ပြန်ထိန်းနိုင်သွားသည်။ နောက်တစ်ကြိမ် ပြန်ဆုံတွေ့ကြမည်ဆိုသည့် ယုံကြည်ချက်ကြောင့်လည်း ဖြစ်နိုင်သည်။ ထိုစဉ် နောက်ကနေ စောင့်ကြည့်နေသည့် တော်ဝင်သူရဲကောင်းတွေက ရှေ့ကို ချဉ်းကပ်လာကြသည်။
"ကျွန်တော်တို့ အခု သွားရပါမယ်"
သူရဲကောင်းများ၏ စကားကြောင့် ရာဟန် အကြည့်များသည် ရိုစီနာ ထံမှ တစ်ဖဝါးမှ မခွာနိုင်တော့သလို တွယ်ကပ်နေတော့သည်။ဤနေရာမှာ သူ့ခြေဖဝါးက အမြစ်တွေထွက်လာပြီး ကပ်သွားလျှင် ကောင်းပေလိမ့်မည်။သူက နှုတ်ဆက်သည့်အနေနှင့်ဖက်ရန် စဉ်းစားနေသော်လည်း သူမက အရင်ဦးအောင် သူ့ဆီ ပြေးလာတော့သည်။
ထို့နောက် သူမ နှုတ်ခမ်းများက သူ့နှုတ်ခမ်းကိုလာထိကာ နမ်းလိုက်သည်။
ရာဟန် သည်လည်း သူမ ခါးကို ပွေ့ဖက်ကာ အနမ်းပေးလိုက်သည်။နောင်တရချင်သလို ဖြစ်လာတာကြောင့် အသိစိတ်ပြန်ကပ်ရန် လက်သီးကို အသာဆုပ်ထားရလေသည်။သူက တုန်လှုပ်နေသော မျက်လုံးများဖြင့် သူမကို ကြည့်ပြီးနောက် အီလီယန်အား တိုးတိုးပြောလိုက်သည်။
"သွားတော့မယ်နော်"
"သားစောင့်နေမယ်... ဖေဖေ”
' ဖေဖေ' ဟူသော စကားလုံးကိုကြားသောအခါ သူ မျက်လုံးပြူးသွားကာ အံ့ဩသွားရသည်။ခါတိုင်းဆို အီလီယန် က သူ့ကို ဦး ဟု အမြဲခေါ်ပြီး စည်းတားထားလေ့ရှိသည်။ အီလီယန် သည် ယခုတော့ သူ့ကို ဖခင်အဖြစ် အသိအမှတ်ပြုသွားပြီဖြစ်သည်။ "ဖေဖေ" ဆိုသည့် စကားလုံးက ဤမျှ နားထောင်ကောင်းမည်ဟု သူ မမျှော်လင့်ထားပေ။ သူ ပျော်ရွင်သွားရပြီး အီလီယန် ကို ပြုံးပြလိုက်သည်။ နောက်တော့ သူ တစ်ကယ်ထွက်သွားရတော့မည်ဟု သဘောပေါက်သွားပြီး ဖြည်းညှင်းစွာ စတင် လမ်းလျှောက်လာပါတော့သည်။
သူရဲကောင်းများသည် ရထားလုံးတံခါးကို ဖွင့်လိုက်သည်။ ရာဟန် သည် ပြတင်းပေါက်မပါသော ရထားပေါ်သို့ ရောက်သွားသောအခါ မြင်းမောင်းသမားက ဇက်ကြိုးကို ကိုင်လိုက်သည်။ တံခါးပိတ်ပြီးနောက် ရထားလုံးက တဆတ်ဆတ်တုန်ခါလာသည်။ သူ့ကို ပြည်နှင်ဒဏ်ပေးကြမည့် တော်ဝင်သူရဲကောင်းတွေကလည်း မြင်းစီးပြီး လိုက်သွားကြတော့သည်။ ရထားလုံးကလေး ဖြည်းညှင်းစွာရွေ့သွားသည်ကို ရိုစီနာ နှင့် အီလီယန် တို့က စောင့်ကြည့်နေကြသည်။
ရထားလုံး လုံးလုံး ပျောက်ကွယ်သွားသောအခါ ရိုစီနာ သည် သူမ မျိုချထားသော ပင့်သက်ကို ပြန်ထုတ်လိုက်သည်။ ခြေထောက်တွေမှာ အားမရှိတော့တာကြောင့် တခဏချင်း ပြိုကျတော့မလို ခံစားခဲ့ရသော်လည်း အဆုံးအထိ ခံနိုင်ရည်ရှိနေခဲ့သည်။ သူမ အီလီယန် ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း တိုးတိုးလေးပြောသည်။
" မေမေတို့ မကြာခင် ပြန်တွေ့ကြမှာပါ....သားရယ်"
ထိုစကားများသည် သူမ စိတ်ထဲတွင်လည်း ထပ်ခါထပ်ခါ ပြောနေခဲ့သည်။
တတိယမင်းသားသည် ပြည်နှင်ဒဏ်ကြောင့် နန်းတော်အပြင်သို့ ထွက်ခွာသွားရသည့် အကြောင်းမှာ တော်ဝင်နန်းတော်အပြင်ဘက်မှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ကောင်းသည်ဟု ဆိုကြသော မှူးမတ်များ ရှိကြသော်လည်း အချို့သော မှူးမတ်များက တော်ဝင်မိသားစုအား ရာဟန့်ကိုအလွန်အကျွံ ပြစ်ဒဏ်ပေးခြင်းအတွက် ဝေဖန်ကြသည်။ သို့သော် တရားဝင်ဝေဖန်ခွင့်မရှိသောကြောင့် ဘာမှ အရာ မရောက်ပေ။ တစ်နှစ်အကြာတွင် တတိယမင်းသားကို လူအများကမေ့လျော့သွားမည်ဖြစ်သည်။
တတိယမင်းသား ရာဟန် သည် ဟေလာ သို့သွားပြီးနောက် မကြာမီ တတိယမင်းသားနန်းတော်တွင် ပလိပ်ရောဂါပျံ့နှံ့သွားသည့် ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။ ကောလာဟလများ၏ အရင်းအမြစ်ကို ဘယ်သူဘယ်ဝါမှန်း မဆုံးဖြတ်နိုင်သေးသော်လည်း ပိုအထင်မှားချင်စရာပင်၊ တတိယနန်းတော်မှ တံခါးကိုအမြဲပိတ်ထားခဲ့၏။ထို့အပြင် အလည်လာသူ အားလုံးကို ပြန်လွှတ်ကြပြီး နန်းတော်မှာ လုပ်နေသည့် အစေခံတွေတောင် အပြင်မထွက်လာကြချေ။ ထို့ကြောင့် ရိုစီနာ သည် ခင်ပွန်းထွက်သွား၍ ရှောခ်ရကာ ဆေးကုသမှုခံယူနေရသည်ဟု လူတွေက ထင်ကြေးပေးခဲ့ကြသည်။တဖြည်းဖြည်းနှင့် ကောလဟာလများကို လူအများက အမှန်တရားအဖြစ် လက်ခံလာကြသည်။
မှောင်မိုက်သော ညတစ်ညဝယ်...
တိမ်ညိုညိုများက လရောင်ကို ဖုံးကွယ်ထား၍ တစ်လောကလုံး လုံးဝမှောင်သွားသည်။တိတ်တိတ်ဆိတ်ဆိတ် နှင့် အားလုံး အိပ်မောကျနေသည့် ညတစ်ညတွင် အသက်ရှူသံတစ်ချက်မှ မကြားရသည်မှာ တတိယမင်းသားနန်းတော် ဖြစ်သည်။
"အဆင်သင့်ဖြစ်ပြီလား"
အိုင်းဆက် အမေးကို ရိုစီနာ ခေါင်းညိတ်ပြလိုက်သည်။ သူတို့သည် တိတ်တဆိတ် အစီအစဉ်များ သေချာဆွဲထားကြသည်မို့ အပြင်ကို ရအောင်ထွက်ဖို့သာ ကျန်တော့သည်။
"ဒါဆို ကျွန်တော့်နောက်လိုက်ခဲ့ပါ"
ရိုစီနာ နှင့် အီလီယန် တို့သည် အိုင်းဆက် နှင့်အတူ နန်းတော်မှ တိတ်တဆိတ် ထွက်လာကြသည်။ ကံကောင်းထောက်မစွာ၊ တတိယမင်းသားနန်းတော်သည် အခြားနန်းတော်များနှင့်အတော်အတန်ဝေးကွာပြီး နန်းတော် အနောက်တံခါးနှင့် နီးသောကြောင့် အပြင်ထွက်ရန်လွယ်ကူသည်။ သူတို့သည် ခြေသံမကြားအောင် အသာအယာ နောက်ဖေးတံခါးဆီသို့ ဦးတည်သွားနေကြသည်။ဤအချိန်တွင် အနောက်တံခါးတွင် စောင့်နေသည့် အစောင့်များသည် ဂျူတီပြောင်းရန် ခေတ္တ ထွက်ခွာသွားကြချိန်လည်း ဖြစ်သည်။ အရုဏ်တက်ချိန်တွင် အစောင့်များ ခဏထွက်သွားကြောင်း ကြိုသိထားသော အိုင်းဆက် သည် ရိုစီနာ တို့သားအမိကို ချက်ချင်း ခေါ်ထုတ်လာလေသည်။ နန်းတော်မှ သူတို့ ထွက်ပြီးသောအခါ အစောင့်အကြပ်များ ပြန်လာကြ၏။
တော်ဝင်နန်းတော်မှ အနည်းငယ် ဝေးသည်အထိ လမ်းလျှောက်လာသောအခါ ကြိုတင်ပြင်ဆင်ထားသည့် ရထားလုံးတစ်စင်း ပေါ်လာသည်။ ဤရထားလုံး၏ အပြင်ဘက်တွင် သာမန်ရထားတစ်စီးလိုပင် ထင်ထင်ရှားရှားသိပ်မရှိပေ။ ရိုစီနာ နှင့် အီလီယန် တို့လည်း ရထားလုံးပေါ် တက်လိုက်လျှင် ရထားလုံးသည် တိတ်ဆိတ်စွာ ရွေ့လျားလာခဲ့သည်။ အိုင်းဆက် နှင့် ကာလန် တို့ကလည်း မြင်းစီး၍ ရှေ့က တစ်ယောက် ၊နောက်က တစ်ယောက် လိုက်ပါလာကြ၏။ တိမ်စိုင်များသည် ဖြည်းဖြည်းချင်း လွင့်လာပြီး ရထားပေါ်သို့ လရောင်များ လင်းလက်လာသည်။ အမှောင်ထုထဲမှ ထွက်လာသော ရထားလုံးသည် တော်ဝင်နန်းတော်မှ လုံးဝ လွတ်မြောက်သွားသောအခါ အသော့နှင်လိုက်တော့သည်။
ထို့ကြောင့် ရိုစီနာ တို့သားအမိသည် ရထားပေါ်တွင် စီးလာရသည်မှာ သိပ်ဇိမ်မရှိသော်လည်း ရထားလုံးက နှယ်နှယ်ရရတော့ မဟုတ်ပေ။အပြင်ပန်းသဏ္ဌာန်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ရထား၏အတွင်းပိုင်းသည် ကြီးမားကျယ်ဝန်းပြီး အထက်တန်းဆန်သည်။ ထိုင်ခုံများအစား၊ ကုတင်ကြီးတစ်ခုသည် ရထားလုံးအတွင်းပိုင်းတစ်ဝက်အထထိ နေရာယူထားပြီး လိုအပ်သည့် ပစ္စည်းများ အစုံအလင် ပါလာလေသည်။ ထို့အပြင် သူမတို့ အနည်းငယ်ပင်ပန်းလာလျှင် စားစရာသောက်စရာများ စားနိုင်မည်ဖြစ်သည်။ ရထားလုံးသည် စစ်ဆေးရေးဂိတ်ကို ရှောင်ဖို့ အဝေးကြီးကနေ ကွေ့ပတ်သွားရသည်။ အနည်းဆုံး တစ်ကြိမ်ခန့် ဓားပြအဖွဲ့နှင့်ထိပ်တိုက်တွေ့ဖို့ အလားအလာ ရှိသော်လည်း လမ်းတစ်လျှောက်မှာ တိတ်ဆိတ်နေခဲ့သည်။ ရာဟန် သည် ဓားပြများကို အချိန်မီ ရိုက်နှက်ဆုံးမထားပြီး လမ်းရှင်းခဲ့ကြောင်းကိုတော့ ရိုစီနာ တစ်ယောက် မသိခဲ့ရှာပေ။
***
ရိုစီနာ မြို့တော်မှ ထွက်ခွာပြီးချိန်အထိ တတိယ မင်းသားနန်းတော်သည် ပြင်ပလူများ ဝင်ရောက်မှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားဆဲဖြစ်သည်။ ရာဟန် ထွက်သွားကတည်းက အိမ်ရှေ့စံသည် အစေခံအချို့ကို တတိယမင်းသားနန်းတော်ဆီ အကြိမ်ကြိမ် ပို့ခဲ့သော်လည်း ပြန်ပို့ခံခဲ့ရသည်။ ထို့နောက် နောက်ဆုံးနည်းလမ်းအဖြစ် ဆရာဝန်တစ်ဦးကို စေလွှတ်ခဲ့သည်။ အကြောင်းမှာ တတိယမင်းသား နန်းတော်မှ ကူးစက်ရောဂါသည် တော်ဝင်နန်းတော်အထိပါ ကူးစက်လာနိုင်ကြောင်း သတင်းပေးလာ၍ ဖြစ်သည်။ ရောဂါလက္ခဏာများကို စစ်ဆေးရန် အကြောင်းပြ လိုက်ရာ ကပ်ရောဂါ ဖြစ်သွားမှာစိုး၍ ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။ နောက်ဆုံးတော့ နန်းတော်ထဲမှာ ကျန်ခဲ့သည့် အစေခံတွေခမျာ တံခါးဖွင့်ပေးလိုက်ရ၏။ အိမ်ရှေ့စံ စေလွှတ်လိုက်သော ဆရာဝန်သည် နန်းတော်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။ သိပ်မကြာခင်မှာပဲ ဆရာဝန်က ပြန်ပြောလာ၏။
"တတိယမင်းသား နန်းတော်က ဘယ်သူမှ မရှိနေပါဘူး"
ဇီဂရစ်သည် ရိုစီနာ နန်းတော်မှ ထွက်ခွာသွားကြောင်း နောက်ကျမှ သိလိုက်ရတာဖြစ်သည်။ ထို့နောက် သူသည် သူမကိုဖမ်းဆီးရန် သူရဲကောင်းများကို ချက်ချင်းစေလွှတ်ခဲ့ပြီး တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်သည့် အီလီယန် ကို ပြန်ပေးဆွဲမှုဖြင့် တရားစွဲဆိုလိုက်သည်။ သို့သော်လည်း အိမ်ရှေ့စံ၏ သူရဲကောင်းများသည် မြို့တော်တွင် ရိုစီနာ တို့သားအမိကို ရှာဖွေနေချိန်တွင် ရိုစီနာ သည် အာစတေးနီးယား သို့သွားမည့် သင်္ဘောပေါ်ကို ရောက်နှင့်နေပြီဖြစ်သည်။ ရိုစီနာ နှင့် အီလီယန် တို့သည် သင်္ဘောပေါ်တွင် တစ်လကျော်ကြာအောင် အချိန် ကုန်ဆုံးခဲ့ကြသည်။ မိုးအရမ်းရွာသည့် အခါမျိုးမှာ သင်္ဘောက လှိုင်းလုံးကြီးတွေနှင့် တိုက်မိ၍ မှောက်လုနီးပါး ဖြစ်တတ်သော်လည်း ပင်လယ်ထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ဖူးပြီး အတွေ့အကြုံရှိသည့် ကပ္ပတိန်က နိုင်နိုင်နင်းနင်း ဖြတ်ကျော်နိုင်ခဲ့သည်။
တစ်နည်းအားဖြင့် အင်ပါယာ သူရဲကောင်းများသည် အာစတေးနီးယား ၏ ရေတပ်ဖွဲ့များကို အနိုင်မယူနိုင်ခဲ့သည်မှာ သဘာဝကျသည်။အခက်အခဲများစွာ ကြုံပြီးနောက်တွင် တိမ်စိုင်တို့ နည်းပါးသွားကာ ကြီးမားသော ကျွန်းကြီးသည် တဖြည်းဖြည်း အားလုံး၏ မြင်ကွင်းထဲသို့ တိုးဝင်လာခဲ့သည်။ နေရောင်အောက်မှာ ရောင်ပြန်ဟပ်နေသည့် ကျွန်းကြီးဟာ ရွှေတုံးကြီးလိုပင် အဝါရောင်သွေးနေ၏။ ရိုစီနာ သည် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်ကာ ခုန်နေသော နှလုံးသားကို ငြိမ်သက်စေပြီး ကျွန်းကို တိတ်တဆိတ် စိုက်ကြည့်နေမိသည်။
နောက်ဆုံးတွင် သူမ အာစတေးနီးယား ရွှေပြည်သို့ ရောက်လာခဲ့လေပြီ။
သုံးရက်မြောက်သောနေ့၌ ရာဟန် လိုက်ပါလာသော ရထားလုံးသည် မြို့တော်မှ လုံးဝထွက်လာခဲ့သည်။ နောက်တစ်ပတ်အကြာတွင် မြို့ပြရှုခင်းများ ပျောက်ကွယ်သွားကာ တောအုပ်ကြီးတစ်ခုဆီသို့ ရောက်ရှိလာကြသည်။ ရာဟန် သည် ပတ်ဝန်းကျင်မှာကြားရသည့် အသံတွေကတဆင့် အခုတောထဲကို ဝင်လာပြီဟု ကောက်ချက်ချလိုက်၏။ ရာဇ၀တ်ကောင်များကို တင်ဆောင်လေ့ရှိသော ရထားတွင် ပြတင်းပေါက်များ မပါရှိပေ။ ဆောင်းဦးပေါက်ရာသီ ဖြစ်သော်လည်း နွေးထွေးသော မြို့တော်နှင့် မတူဘဲ အင်ပါယာ၏ မြောက်ဘက်သို့ ရွေ့လျားသွားသည်နှင့် အပူချိန် ကျဆင်းသွားတာဖြစ်သည်။ ရထားတစ်စီးဖြင့် ဟေလာ ကိုရောက်ရန် နှစ်လခန့် အချိန်ယူရမည်ဖြစ်၍ ဟိုရောက်သောအခါ ဆောင်းရာသီ ရောက်သွားပေမည်။
အင်ပါယာသည် အလွန်ကြီးမားသောကြောင့် ရာသီဥတုအမျိုးမျိုးရှိသော ဒေသများစွာ ရှိသော်လည်း မြို့တော်၏အပူချိန်သည် ရာသီတိုင်းတွင် သိသိသာသာ ပြောင်းလဲခြင်းမရှိပေ။ ဟေလာ ဒေသကမူ နွေရာသီမှလွဲ၍ တစ်ချိန်လုံးနှင်းကျနေတတ်သည်။ နွေရာသီမှာတောင် နှင်းတွေက တစ်ပတ်လောက်သာ ရပ်ပြီး တစ်ခြားရာသီတွေနှင့် သိပ်မကွာခြားပေ။
Xxxxx