Chapter 87
ရာဟန် မျက်လုံးကို မှိတ်ထားလိုက်သည်။ ရိုစီနာ နှင့် လမ်းခွဲခဲ့သည်မှာ တစ်ပတ်မျှသာရှိသေးသော်လည်း သူမကို သတိရနေပြီဖြစ်သည်။ ရက်တွေကြာလာသည်နှင့်အမျှ သူ့နှလုံးသားက သူမ အတွက်ဖြစ်ပေါ်လာသော ခံစားချက်တွေက ပိုနက်နဲလာပြီး လျော့သွားမှာ မဟုတ်ပေ။ အချိန်ရသောအခါ သူမ ပုံတူပန်းချီကို ဆွဲပြီး အသံစာစာနှင့် သူမ ပြုနေကျ အပြုအမူတို့ကို မမေ့စေရန် ကြိုးစားရပေဦးမည်။တစ်ဆက်တည်းပင် သူမကို သတိရသွားသဖြင့် သူ အလိုလိုပြုံးမိသွားရသည်။ယခုအချိန်ဆို သူမသည် တော်ဝင်နန်းတော်မှ ထွက်သွားနိုင်လောက်ပြီ ဖြစ်သည်။
အိုင်းဆက် နှင့် ကာလန် တို့သည် သူမအတွက် သီးသန့်ထည့်ပေးထားသော အစောင့်အကြပ်များဖြစ်၍ ပြဿနာတစ်စုံတစ်ရာမရှိဘဲ ခရီးဆက်နိုင်မည်ဟု မျှော်လင့်ရသည်။ အာစတေးနီးယား သည် အင်ပါယာ၏ တောင်ဘက်ပိုင်းသို့ ဆင်းပြီးနောက် လှေဖြင့်တစ်ဖန်ကူသန်းရသောကြောင့် ဟေလာ နှင့် ဝေးလှသည်။ထိုအကြောင်းကို တွေးရင်း သူ့မျက်နှာပေါ်က အပြုံးသည် ပျောက်ကွယ်သွားရသည်။ ရိုစီနာ နှင့် ပြန်လည်ပေါင်းစည်းရန်အတွက် ကျော်ဖြတ်ရမည့် တောင်တန်းများစွာရှိသည်။ သူကတော့ ထီးနန်းကို စိတ်မဝင်စားဘဲ သူမအား ငြိမ်ငြိမ်းချမ်းချမ်းသာ ထားချင်တာဖြစ်သည်။ဤကိစ္စတွေ အားလုံးပြီးသွားချိန်ကျလျှင် သူမ အနားမှာပဲ တစ်သက်လုံးနေချင်မိလေသည်။
ရာဟန် ၏ ရထားတွဲသည် တောထဲသို့ ဆင်းသွားခဲ့သော်လည်း ငှက်အော်သံ တစ်သံကိုမျှပင် မကြားရ၍ သူ ထိတ်လန့်သွားမိသည်။သို့သော်လည်း အပြင်ကို မမြင်ရသည့်အတွက် ထိုင်ဖို့ကလွဲ၍ တစ်ခြားရွေးစရာမရှိတော့ပေ။
"ဟေး ဟေး… ငါတို့လမ်းမှားနေပြီထင်တယ်"
သူက အလန့်တကြားနှင့် မြင်းစီးသူရဲကောင်းများကို အရပ်ခိုင်းခဲ့သော်လည်း မြင်းခွာသံများသာ ပို၍ ကျယ်လောင်လာသည်။
"အားးးး!!"
တစ်စုံတစ်ယောက်၏ အော်ဟစ်သံသည် တောအုပ်ထဲတွင် ပဲ့တင်ထပ်သွားသလိုပင်။ ထို့နောက် သတ္တုများ အချင်းချင်း ထိမှန်သော အသံသည် မြေကြီးကိုပါ တုန်ခါသွားစေ တော့သည်။ သို့သော်၊ ရာဟန် ဘာမှမတတ်နိုင်ခဲ့ပေ။ ထို့အပြင် ရထားကို အပြင်ဘက်ကသာ ဖွင့်၍ရရန် ဒီဇိုင်းထုတ်ထားတာဖြစ်သည်။ ခဏကြာလျှင်၊ ရုန်းရင်းဆန်ခတ် အသံများ ရပ်တန့်သွားကာ ကြောက်မက်ဖွယ်ရာအတိ တိတ်ဆိတ်သွားခဲ့ပြီး သော့ဖွင့်သံကို သူ ကြားလိုက်ရသည်။ ထို့နောက် ရထားတံခါးပွင့်လာပြီး အနက်ရောင်မျက်နှာဖုံးများ ဝတ်ဆင်ထားသော အမျိုးသားများကို သူ မြင်လိုက်ရသည်။ ထို့နောက် တစ်ပြိုင်နက် သူတို့သည် ဓားများကို ထုတ်ကာ ရာဟန့်ဆီကို ပြေးလာကြလေတော့သည်။
***
အာစတေးနီးယား သို့ရောက်သောအခါ၊ မြို့ဝန်မင်း နှင့် မြို့ဝန်မင်းကတော် တို့သည် ရိုစီနာ ကိုကြိုဆိုကြသည်။ သူမ၏ မူလနေအိမ်သည် အချိန်အတော်ကြာအောင် လူသူကင်းမဲ့နေ၍ သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်သောကြောင့် သူမသည် မြို့ဝန်မင်း ၏ အိမ်တွင်နေရန်သာ ဆုံးဖြတ်ထားခဲ့သည်။ မြို့ဝန်မင်းကတော် အယ်လီဆာ သည် သူမနှင့် အချိန်အတော်ကြာပြီးမှ အတူပြန်ဆုံတွေ့ရသည့်အတွက် စိတ်လှုပ်ရှားနေသည်။သူမအတွက် သမီးဖြစ်သူ ကေလာ ထွက်သွားပြီးနောက် ရိုစီနာ ပြန်ရောက်လာ၍ အတော်ဝမ်းသာနေ၏။
ထို့နောက် သူမတို့အတွက် ကြိုဆိုပွဲလေးတစ်ခု လုပ်ပေးခဲ့ပြီး အိုင်းဆက် နှင့် ကာလန် တို့သည်လည်း အာစတေးနီးယား ထုံးစံ၊ဓလေ့ ဘာသာစကားတို့ကို အတော်အတန် တတ်ကျွမ်းလာကြလေပြီ။
အာစတေးနီးယား သို့ သူမ ပြန်ရောက်သည်မှာ တစ်ပတ်ရှိပြီဖြစ်သည်။အစက သူမ အာစတေးနီးယား ကို အတော်လွမ်းဆွတ်ပြီး ပြန်လာချင်ခဲ့သော်လည်း ယခုတော့ အထီးကျန်ဆန်နေရသည်။ အချိန်တွေကြာလာသည်နှင့်အမျှ သူမ ရာဟန် ကို ပိုပိုသတိရလာသည်။ သူမ ငေးမိငေးရာ အပြင်ဘက်ကို ကြည့်နေမိစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။
ရိုစီနာ သည် ထိုင်ခုံကနေ ထရပ်ပြီး အပြင်ကလူကို ဝင်လာဖို့ ပြောလိုက်သည်။သူမဆီကို အလည်လာသူမှာ မြို့ဝန်မင်းကတော် ကလွဲ၍ တခြားသူ မဟုတ်ပေ။
"မင်းသမီး"
"...အဲဒီလိုမခေါ်ဖို့ပြောထားရဲ့သားနဲ့..အစ်မကလည်း"
ရိုစီနာ က သူမကို စိတ်မသက်မသာ အမူအရာဖြင့် ကြည့်လိုက်သည်။ သူမ သည် ယခင်က မြို့ဝန်မင်းတို့အိမ်မှာ အလုပ်လုပ်ရသူ ကျူရှင်ဆရာမတစ်ဦးဖြစ်ခဲ့သော်လည်း ယခုအခါ သူမသည် တော်ဝင်မင်းသား၏ ဇနီးဖြစ်သည်။ တတိယမင်းသားသည် မည်မျှပင် အားနည်းနေပါစေ၊တိုင်းတစ်ပါးမှာဖြစ်၍ သူမ ရာထူးကိုလျစ်လျူရှု၍ မရပေ။သို့သော် ရိုစီနာ အတွက်မူ အာစတေးနီးယား မှာနေစဉ်တစ်လျှောက်လုံးတွင် သူမ၏ အဆင့်အတန်းကို အမြဲ ဂရုစိုက်မနေချင်ပေ။ အထူးသဖြင့် အချိန်အတော်ကြာအောင် သိခဲ့ရသူမြို့ဝန်မင်းကတော်ကို ဟိတ်ဟန်လုပ်၍ မနေချင်ပေ။
"အဆင်မပြေတာရှိလား..."
"ကျေးဇူးပါရှင်....သိပ်ကို အဆင်ပြေပါတယ်"
"တော်သေးတာပေါ့။
သူမက ကြင်နာစွာပြုံးပြသော မြို့ဝန်မင်းကတော် ကို စိုက်ကြည့်နေမိသည်။ သူမကိုကြည့်နေရင်းက ကေလာ ကို တွေးလိုက်မိသည်။ တစ်ကယ်တော့ ကေလာ ကို သူမနှင့်အတူ ခေါ်လာချင်သော်လည်း သူမ အဆိပ်ကြောင့် အိပ်ရာပေါ် လဲနေချိန်မှာ ကေလာသည် အကယ်ဒမီကို ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ကံကောင်းထောက်မစွာပင်၊ အကယ်ဒမီသည် တော်ဝင်မိသားစု၏ သြဇာလွှမ်းမိုးမှုနည်းသော နေရာတစ်ခုဖြစ်သည်။
"အိုး...ဒါနဲ့ ညီမကို သတင်းတွေ အများကြီး ပေးစရာရှိတယ်"
အယ်လီဆာ သည် သိထားသမျှ အကြောင်းအရာကို ချက်ချင်းပြောပြလိုက်သည်။ သူမသည် အင်ပါယာမှ သတင်းများကို ပြောပြရန် ရိုစီနာ ဆီ တကူးတက လာတာလည်းဖြစ်၏။
"ပထမအချက်က ဘုရင်မင်းမြတ်အကြောင်း"
အယ်လီဆာသည် အင်ပါယာအတွင်း ဖြစ်ပျက်ခဲ့သမျှ ကိစ္စအများစုကို ပြောပြသောအခါတွင် ဒုတိယ မင်းသမီးနှင့် သူမ ကြားတွင် ကျန်ရှိနေသည့် ကိစ္စ အကြွင်းအကျန်များကို သိရှိခဲ့ရသည်။
ရိုစီနာ သည် အယ်လီဆာ စကားကို တိတ်ဆိတ်စွာ နားထောင် နေမိသည်။ ဒုတိယမင်းသမီး အာဆီလီယာ သည် သူမကို အဆိပ်ခတ်ရန် သွေးထိုးပြီး ကြံစည်ခဲ့တာကြောင်း ရာထူးစည်းစိမ်အားလုံးကို ဖယ်ရှားခံခဲ့ရသည်။ အခြေအနေတွေ ရှင်းသွားတော့ သူမ ဖက်က ရာထူးကြီး မိန်းကလေးများလည်း သူမအနားကို မကပ်ကြတော့ပေ။ နောက်ဆုံးတွင်၊ အာဆီလီယာ သည် တော်ဝင်မြေးမြစ်များ၏မိခင်အဖြစ် အခွင့်အရေးများဆုံးရှုံးခဲ့ရပြီး မိဘများထံပြန်ခဲ့ရသည်။
ဤအပြစ်ဒဏ်သည် သူမ၏ ဘဝတစ်လျှောက်လုံး လူ့အဖွဲ့အစည်းထဲတွင် မျက်နှာမပြနိုင်တော့အောင် ပြင်းထန်လှပေသည်။ သူမ၏ အပြင်းထန်ဆုံး ပြစ်ဒဏ်လည်း ဖြစ်ခဲ့သည်။ တော်ဝင်နန်းတော်ကနေ နှင်ထုတ်ခံရသည့် နေ့မှာ အာဆီလီယာ သည် ဘုရင်မကို အထပ်ထက် ကျိန်ဆဲခဲ့ကြောင်း ကောလဟာလတွေကလည်း ရှိခဲ့သည်။ သို့သော် ဘုရင်မက သူမကို အဖက်တောင်မလုပ်ပေ။
ထို့နောက် ရိုစီနာ တော်ဝင်နန်းတော်မှ မလွတ်မြောက်မီ ရာနီယာ ကို ကွပ်မျက်ခဲ့တာဟု ဆိုသည်။ရာနီယာ ကွပ်မျက်ခံရပြီးနောက် သူမ၏ ခင်ပွန်း မြို့စားမင်းအက်စတာရော့ နှင့် မက်စယ်လာ အကြား ဆက်ဆံရေးမှာ အကန့်အသတ်မရှိ တင်းမာလာခဲ့သည်။ မက်စယ်လာ က ရာနီယာ တရားရုံးမှာ အမှုရင်ဆိုင်ရစဉ်က ဘာမှ ခုခံမကာကွယ်ပေးသောကြောင့် မြို့စားမင်းအက်စတာရော့ ကို အပြစ်တင်ခဲ့သည်။
ရန်ပွဲများ ကြီးမားလာသည်နှင့်အမျှ မြို့စားမင်းအက်စတာရော့ သည် မိသားစုကို အသရေဖျက်မှုဖြင့် ရာနီယာ ကို တရားစွဲပြီး ကွာရှင်းခွင့်တောင်းခဲ့လေသည်။ ယင်းသည် လူသေတစ်ဦးနှင့် ကွာရှင်းပြတ်စဲရန် တောင်းဆိုသည့် အင်ပါယာသမိုင်းတွင် ပထမဆုံးအကြိမ် ကွာရှင်းမှာဖြစ်သည်။ သေဆုံးသွားသော ရာနီယာ ကို နောက်ဆုံးတွင် ကွာရှင်းပြတ်စဲခဲ့သော လက်ရှိ မြို့စားမင်းအက်စတာရော့ ကို တရားသူကြီးကလည်း ထောက်ခံခဲ့သည်။
ထို့နောက် မြို့စားမင်းအက်စတာရော့ သည် မက်စယ်လာ ကို အိမ်ကြီးမှ နှင်ထုတ်ခဲ့သည်။မြို့စားမင်း၏ ယောက္ခမမဟုတ်တော့သော မက်စယ်လာ သည် ယခင် မြို့စားမင်းကတော် ဆိုသည့် အမည်သာရှိပြီး သာမန်လူတစ်ယောက်လိုပင် လေလွင့်သွားတော့သည်။နောက်ပိုင်းတွင် မက်စယ်လာတစ်ယောက် လမ်းမများပေါ်တွင် ကလေကချေ နေထိုင်ရင်း ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တစ်ချိန်က ဂုဏ်သိက္ခာကြီးမားသော မြို့စားမင်းအက်စတာရော့ တို့မိသားစုမှာ မှေးမိန်သွားခဲ့ရလေတော့သည်။ရိုစီနာ ထွက်ပြေးသည့်သတင်းကို နောက်ကျမှသိခဲ့သော အိမ်ရှေ့စံသည် တပ်များ လွှတ်ပြီး သူမကို ရှာဖွေခဲ့၏။ဆုကြေးငွေကြီးကြီးထုတ်၍ လိုက်ရှာခဲ့သော်လည်း ရိုစီနာ သည် အင်ပါယာမှ ထွက်သွားနေပြီဖြစ်သည်။ အိမ်ရှေ့စံသည် သူမ အာစတေးနီးယား သို့ရောက်သွားလိမ့်မည်ဟု တစ်ခါမှ တွေးတောင်တွေးခဲ့ဖူးမှာမဟုတ်ပေ။အခုတော့ သူမ ရာဟန်ကို စောင့်ရမည့်တာဝန်သာရှိတော့သည်။အရာအားလုံးပြေလည်သွားသောအခါ သူမကို ခေါ်မည်ဟုတော့ သူက ကတိပေးထားသည်။
"ရိုစီနာ"
ရိုစီနာ စိုးရိမ်နေတာကို ကြည့်ပြီး မြို့ဝန်မင်းကတော် က လက်ကိုလာကိုင်ထားလိုက်သည်။
"ညီမ ဘာမှမဖြစ်ပါဘူး"
ရိုစီနာ သည် သူမ၏ နှစ်သိမ့်စကားကို လက်ခံပြီး ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ ယခုအချိန်အထိ အာစတေးနီးယား ကသာ သူမအတွက် နောက်ဆုံး အသက်ရှင်ရန် နေရာဟုသာ ထင်မြင်နေခဲ့သည်။ သို့သော် အာစတေးနီးယား သည် အလှည့်အပြောင်းတစ်ခုသာဖြစ်ပြီး သူမ ဘဝအဆုံးသတ်သည် ရာဟန် အနားတွင်ရှိနေရမည်သာ ဖြစ်သည်။
ရာဟန် ပြန်လာဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲ....
အပြင်က တဒုန်းဒုန်းအသံများ ကြားလိုက်ချိန်စဉ် သူမတို့နှစ်ယောက်သည် နောက်အကြာင်းတစ်ခုကို ပြောနေကြပြီဖြစ်သည်။ထိုအသံက လှေကားထစ်ပေါ်မှ လူတစ်ယောက် အပြေးအလွှား တက်လာသည့် အသံပင်။ နှစ်ယောက်သား စကားပြော ရပ်လိုက်လျှင် တံခါးလည်း ပွင့်လာသည်။
"သခင်မလေး…ဒုက္ခပဲ"
မြို့ဝန်မင်းကတော် က ချက်ချင်းပင် တံခါးဖွင့်ဝင်လာသော အစေခံအား ရိုင်းစိုင်းသည်ဟု ကြိမ်းေမာင်းလိုက်သည်။ထို့နောက် အမောတကော ရာက်လာပုံက ထူးလွန်းတာကြောင့် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
“အဲ့ဒါ…."
ရိုစီနာကိုကြည့်ရင်း သူမ မျက်လုံးတွေ တုန်ရီလာ၏။
ရိုစီနာ မှာ သူမ မျက်နှာကို တစ်ချက်တည်းကြည့်ပြီး အမူအရာ ပျက်ထွက်သွားရသည်။
အင်ပါယာမှာ တစ်ခုခုဖြစ်ခဲ့လို့လား....
"ပြောလေ"
"ဟာ...ဟာဘက်အင်ပါယာရဲ့ တတိယမင်းသား…သူ့ကို လူဆိုးတွေက ဝိုင်းတိုက်ခိုက်ခဲ့တယ်တဲ့”
သူမ စကားဆုံးသည်နှင့် ရိုစီနာ တစ်ယောက် ထိုင်ခုံကနေ ဝုန်းကနဲ ထရပ်လိုက်သည်။
"ဘာ…"
ရိုစီနာ ၏ အသံသည် မဆုတ်မနစ် တုန်လှုပ်သွားပြီး မယုံနိုင်သော မျက်နှာထားဖြင့် ခေါင်းယမ်းလိုက်သည်။ သို့သော်လည်း သူမ ဆန္ဒကို ဆန့်ကျင်ပြီး ရက်စက်ကြမ်းကြုတ်သော စကားများ ဆက်ပြောလာခဲ့သည်။
“… သိပ်မကြာခင် တော်ဝင်ဈာပနပွဲကြီးကျင်းပမယ်လို့ ပြောတယ်..."
*******
" သူမကို မတွေ့သေးဘူးလား"
ကြမ်းကြမ်းတမ်းတမ်း ပါးရိုက်သံများ အခန်းထဲ လွှမ်းမိုးသွားသည်။ အစီရင်ခံစာ ပေးသူက ခေါင်းငုံ့ပြီး အထပ်ထပ် တောင်းပန်နေရှာသည်။ ထိုအခါ အိမ်ရှေ့စံ ဇီဂရစ် သည် စိတ်မသက်မသာဟန်ဖြင့် ဆံပင်ကို ပင့်တင်လိုက်သည်။ အမိန့်ထုတ်လိုက်သည်က တစ်လကျော်ရှိနေပြီလေ။ တတိယမင်းသားနန်းတော်တွင် ကပ်ရောဂါပျံ့နှံ့နေကြောင်း ကောလာဟလများကို ပထမဆုံးကြားရသောအခါ ရိုစီနာ သည် သူနှင့်မတွေ့ဆုံရန် အကြောင်းပြချက် ပေးသည်ဟု သူထင်ခဲ့သည်။
ရာဟန် သည် ထိုနေရာတွင် မရှိခဲ့တာကြောင့် ရိုစီနာ သည် ထောင်ချောက်ထဲမှ ကြွက်တစ်ကောင်သာဖြစ်သည်။ သူမသည် နောက်ဆုံးတွင် သူ့လက်ထဲက ရေဟု အခိုင်အမာယုံကြည်လျက် သူ့ကိုလက်ခံလာရန် စောင့်မျှော်နေခဲ့သည်။ သို့သော်လည်း သူမည်မျှကြာအောင် စောင့်ခဲ့သည်ဖြစ်စေ၊ တတိယမင်းသားနန်းတော်၏ တံခါးများသည် မပွင့်လာခဲ့ပေ။သူလည်း အချိန်အကြာကြီးမစောင့်နိုင်သောကြောင့် ကပ်ရောဂါပျံ့နှံ့မှုကို တားဆီးရန်အတွက် ဆရာဝန်တစ်ဦးကို စေလွှတ်ခဲ့သည်။
ဆရာဝန်ပြန်ရောက်သောအခါ တတိယမင်းသားနန်းတော်တွင် မည်သူမျှမရှိဟု ကြားလိုက်ရသည်။ထို့နောက် သူ ချက်ချင်းပင် တတိယမင်းသားနန်းတော်သို့ ဝင်လာခဲ့သည်။ တတိယမင်းသားနန်းတော်သို့ ခြေချသောအခါတွင် ဘယ်သူမှမရှိတော့တာကြောင့် မှိုင်းမှိုင်းကြီး ဖြစ်နေ၏။ အချိန်အတော်ကြာ စွန့်ပစ်ထားသည့် နေရာတစ်ခုလိုမျိုး နွေးထွေးမှု တစ်စုံတစ်ရာ မခံစားရဘဲ၊ သူ ပေးလိုက်သည့် အစေခံများကို ပြန်လာပို့တတ်သည့် အစေခံကိုပင် မတွေ့ခဲ့ရပေ။
ထိုမှသာ ဇီဂရစ် သည် သူ ခြေတစ်လှမ်းနောက်ကျနေပြီဆိုတာကို သိလိုက်ရသည်။ ထူးဆန်းသည်က ရိုစီနာ က အီလီယန် ကိုခေါ်ပြီး ဘယ်လိုမျိုး နန်းတော် ထဲက ထွက်သွားသလဲဆိုတာပင်။နောက်ပိုင်းတွင် သူသည် သူမကို ရှာဖို့အတွက် အကုန်လုပ်ခဲ့သည်။ရိုစီနာ၏ နာမည်နှင့် မျက်နှာပါသော လက်ကမ်းစာစောင်များသည် အင်ပါယာတစ်ခုလုံး မှာ ပြန့်ကျဲနေခဲ့သည်။ သို့သော်လည်း သူ မည်မျှကြာအောင် စောင့်ဆိုင်းနေပါစေ၊ ရိုစီနာ ကို တွေ့ရကြောင်း သတင်းမရှိလာပေ။ အကယ်၍ သူမသည် အင်ပါယာတွင် ရှိနေပါက၊ သူမကို ဖမ်းမိသင့်သည်မှာ သေချာပါသည်။ သူမကို မြင်လိုက်သည်ဟူသော မျက်မြင်သက်သေများ အဘယ်ကြောင့် မပေါ်လာသည်ကို သူ နားမလည်နိုင်တော့ပေ။
"ချီးပဲ"
ဇီဂရစ် သည် ရာဟန်ကို တွေးလိုက်မိ၍ ဆဲရေးလိုက်၏။
"ခွေးစုတ်မ"
ရိုစီနာ ကို ပြန်သတိရသွားပြန်ပြီး တစ်ဖန် ဆဲရေးလိုက်ပြန်သည်။ ယခုအချိန်အထိ သူသည် ရိုစီနာ အား ချိုမြိန်သော အကြံဉာဏ်များ ဆက်တိုက်ပေးခဲ့သည်။အဆင့်မရှိသည့် ရာဟန် ကို စွန့်ပစ်ပြီး သူ့ဆီရောက်လာလျှင် သူမ အရာအားလုံး ပိုင်ဆိုင်ရမည်ဖြစ်သည်။ထို့အပြင် သူမမှာ သွားစရာ အခြားနေရာမရှိ။ ရာဟန် ကလည်း သေပြီဖြစ်သည်။ ဘုရင်မသည် ရာဟန် အား ပြည်နှင်ဒဏ်ပေးစဉ် အချိန်မီ လုပ်ကြံသတ်ဖြတ်သူများကို စေလွှတ်ခဲ့သည်။ သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ၊လက်နက်မပါဘဲ ရထားထဲမှာ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
လုပ်ကြံသတ်ဖြတ်သူများသည် မစ်ရှင်အောင်မြင်မှုကို သက်သေပြရန် ရာဟန် ဆံပင်ကို ယူဆောင်လာကြသည်။သူကိုယ်တိုင်က ရာဟန် သေဆုံးသွားသည့်အတွက် ဝမ်းသာမိသည်။မည်မျှပင် အစွမ်းထက်နေပါစေ၊ သေခြင်းတရားက လာရောက်တတ်၏။ထို့နောက် သတင်းဖြန့်ရန် အချိန်ယူစဉ်းစားခဲ့ပြီး မကြာမီ ပြည်နှင်ဒဏ်ပေးခံရသော ရာဟန် သည် ထွက်ပြေးပြီး သေဆုံးလျက်တွေ့ရှိရကြောင်း ကောလဟာလများ ထွက်ပေါ်လာရသည်။မင်းသား၏ အဆုံးသတ်မှ ဆိုးဝါးလှချေ၏။ အပြစ်သားတစ်ယောက်အနေနှင့်ထွက်ပြေးရင်း သေဆုံးသွားသည်က ဖျောက်ဖျက်မရနိုင်သော အမည်းစက်တစ်ခုပင်။ ထို့ကြောင့် ရာဟန်သည် ဇီဂရစ်၏ ဂုဏ်သိက္ခာကို ကျဆင်းစေသူတစ်ဦး ဖြစ်လာတော့သည်။
"အရှင့်သား"
တစ်စုံတစ်ယောက်က အထဲကို ပြေးဝင်လာပြီး ဒူးထောက်ကာ အတိုချုံး နှုတ်ဆက်၍ ချက်ခြင်း သတင်းပို့လာသည်။
“နိုင်ငံတောင်ပိုင်းမှာ တတိယမင်းသမီးကို မြင်တဲ့သက်သေတွေ တွေ့ထားပါတယ်...”
ဇီဂရစ် ပျာယာခတ်သွားသည်။
“သူမက ဆံပင်နီနဲ့ ကလေးတစ်ယောက်ကိုလည်း ခေါ်လာတယ်လို့မျက်မြင်သက်သေတတွေက ပြောကြပါတယ်"
သေချာသည်က ရိုစီနာ နှင့် အီလီယန် ပင်။ အနီရောင်ဆံပင်ရှိသူ မိန်းကလေးမျိုး သူမ တစ်ယောက်သာ ရှိမည်ထင်သည်။
ဇီဂရစ် စိတ်လှုပ်ရှားမှုကြောင့် လက်သီးကို ဆုပ်ထားမိသည်။ နောက်ဆုံးတော့ သူမကို ရှာတွေ့ဖို့ သဲလွန်စလေးတစ်ခုရသွားသလိုပင်။
"ဒါဆို သူတို့ ဘယ်ရောက်သွားတာလဲ"
ဇီဂရစ်၏ ရက်စက်သောအကြည့်ကို ထိုလူက ဦးညွှတ်၍ တုံ့ပြန်လိုက်သည်။
“အဲဒါ… သူတို့ သင်္ဘောနဲ့ ထွက်ခွာသွားပြီလို့ ပြောပေမယ့် အဲ့ဒီ သင်္ဘောက အာစတေးနီးယား ကို သွားမယ့် သင်္ဘောကြီးပါတဲ့”
“….အာစတေးနီးယား”
ဇီဂရစ် မျက်နာကြောတင်းသွား၏။ ထို့ကြောင့် သူမကို သူ ဘယ်နှစ်ခါပဲရှာနေပါစေ၊ သဲလွန်စတောင် ရှာမတွေ့ခဲ့ခြင်းဖြစ်မည်။သူ တစ်စက္ကန့်မျှ ရင်ထဲမှာဆို့ကြပ်သွားရလေ၏။အာစတေးနီးယားသည် အင်ပါယာ၏ ဒေသအစိတ်အပိုင်း မဟုတ်သောကြောင့် သူ့စိတ်ကြိုက် အမိန့်ပေးမရပေ။ထို့အပြင် အာစတေးနီးယား ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သော်လည်း အာစတေးနီးယား နှင့် အင်ပါယာကြား ဆက်ဆံရေးမှာ မကောင်းမွန်သဖြင့် သိပ်မဖြစ်နိုင်ပေ။
"တော်ဝင်မင်းသားလေးကို ပြန်ပေးဆွဲသူကို ပြန်ပို့ပေးပါလို့ အာစတေးနီးယား ကို တရားဝင်စာတစ်စောင် ပို့လိုက်ကြ"
ထိုသို့ပြောပြီးသည်နှင့် ဇီဂရစ် ရင်ထဲပေါ့သွားသလိုပင်။ နောက်ဆုံးတော့ သူ သူမကို ရှာတွေ့ခဲ့ပြီ။သို့သော် သူမက သူစိတ်ကူးထားသည်ထက် ဝေးလံသည့် နေရာမှာ ရှိနေခဲ့တာပင်။ အကယ်၍သာ သူသည် စစ်ပွဲတစ်ခုစတင်ပြီး သူမအား အတင်းခေါ်ဆောင်သွားမှ ရမည်ဖြစ်သည်။ သို့သော် အာစတေးနီးယား သည် အင်ပါယာကို အကြိမ်ကြိမ် အနိုင်ယူခဲ့သည်။သူတို့ဘက်ကသာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ စစ်ပွဲကိုဆင်နွှဲပါက ထပ်ခါတလဲလဲ ရှုံးနိမ့်ခြင်းသာ ဖြစ်လိမ့်မည်။ အာစတေးနီးယား ကလည်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိလျှင် ဟူသည် အတွေးတွေးလိုက်သောအခါ ဇီဂရစ် သည် အကြံတစ်မျိုး သုံးရပြန်တော့သည်။
"ဒါနဲ့..မြို့ဝန်မင်း ရဲ့သမီးက အာစတေးနီးယား ကလာတာလို့ မင်းပြောခဲ့တယ်မဟုတ်လား"
"ဟုတ်ပါတယ်...သူက အကယ်ဒမီမှာ ကျောင်းတက်နေတာပါ”
အာစတေးနီးယား က ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက၊ ထိုကလေးမကို အသုံးပြုရန် နည်းလမ်းရှိနေသေးသည်။သူ ထိုသို့ တွေးထားသော်လည်း စိတ်မချမ်းသာသေးပေ။ အချိန်အတော်ကြာ အတွေးပျောက်နေသော ဇီဂရစ် သည် မော့ကြည့်လိုက်သည်။
“အင်း...ငါ့အစ်ကိုကြီး သေသွားပြီဆိုတော့ နိုင်ငံတော် ဈာပနကို လုပ်သင့်တာပဲ”
ထိုအခါ ခေါင်းကို ငုံ့ထားသူများသည် သူ့စကားကြောင့် ဖြည်းညှင်းစွာ မော့ကြည့်လာကြသည်။ သူတို့ ဇီဂရစ် ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်တော့ပေ။ ဇီဂရစ် သည် ကုလားထိုင်ပေါ်သို့ အေးအေးလူလူ ပြန်ထိုင်ကာ စားပွဲခုံကို လက်ညှိုးဖြင့် ပုတ်လိုက်သည်။
"တတိယမင်းသားရဲ့ ဈာပနအတွက်ပြင်ဆင်ကြ"
"နားလည်ပါပြီ…အရှင့်သား"
ခစားနေသူများလည်း အမိန့်ကိုရပြီးနောက် အကြောင်းပြချက်မမေးဘဲ ချက်ခြင်း ထွက်ခွာသွားကြသည်။ ဇီဂရစ် က သူ့လက်ချောင်းကို သူ့စားပွဲပေါ်မှာ မပုတ်တော့ဘဲ ရပ်ထားလိုက်သည်။ ခင်ပွန်းဖြစ်သူ ရာဟန် ကွယ်လွန်ကြောင်း ကောလာဟလကို ဖြန့်ပြီး နိုင်ငံတော် ဈာပနအတွက် ပြင်ဆင်ပါက သူမကိုယ်တိုင် ဤနေရာသို့ လာမည်ဖြစ်သည်။
ရိုစီနာ သည် အင်ပါယာနယ်မြေထဲသို့ ဝင်ရောက်လာချိန်မှာ၊သူကိုယ်တိုင် အပြည့်အဝ အခွင့်အာဏာရရှိသည့်နေ့ ဖြစ်လိမ့်မည်။ ထိုမျှလောက် ကြိုတင်စီစဉ်ထားပြီ ဖြစ်သောကြောင့် ဇီဂရစ် သည် အမဲလိုက်ခါနီး မုဆိုးတစ်ယောက်လို တိရစ္ဆာန်တစ်ကောင်လို ပြုံးပြလိုက်သည်။ အခု သူလုပ်ရမှာက ရိုစီနာ ပေါ်လာဖို့ စောင့်ရမှာဖြစ်သည်။
***