အပိုင်း ၈၈
Viewers 13k

Chapter 88


ရာဟန် သတင်းကိုကြားသောအခါ ရိုစီနာ သည်စိတ်ဓာတ်ကျသွားရသည်။ ဘာမှမစားဘဲ အခန်းထဲမှာ ရက်အတော်ကြာအောင် နေနေခဲ့ပြီး သူ သေဆုံးသည်ကို ယခုထိ လက်မခံနိုင်‌ချေ။ပထမတစ်နေ့တွင် အလွန်ငိုကြွေးပြီး နောက်တစ်နေ့တွင် ပြတင်းပေါက်မှ အပြင်ဘက်ကို လွတ်လွတ်လပ်လပ် ငေးကြည့်နေမိသည်။

သူ့ နွေးထွေးမှုနဲ့ သူ့အသံက ကွက်ကွက်ကွင်းကွင်းကြီး စူမ မျက်စိထဲမှာ ထင်ဟပ်နေခဲ့တာ...ဘယ်လိုလုပ် သူသေသွားတာ ဖြစ်နိုင်မှာလဲ....

သူမ မျက်နှာကို စောင်ထဲတွင်နှစ်ထားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အဖိုးတန်လူတစ်ယောက် လောကကြီးထဲက ထွက်သွားတာကြောင့် သူမ ဝမ်းနည်းနေမိသည်။ လောကကြီးမှ တခြား နာကျင်စရာတွေနှင့် ဘာမှ နှိုင်းယှဥ်စရာ မရှိပေ။သူမသည် ရာဟန် သေဆုံးမှုကိုလက်ခံရန်အဆင်သင့်မဖြစ်သေးပေ။နောက်ဆုံးမှ သူတို့နှစ်ယောက်၏ နှလုံးသားတွေ ချိတ်ဆက်မိသွားသော်လည်း သူမနှင့် ပြန်မဆုံနိုင်တော့သည့် နေရာကို သူ ထွက်သွားလေပြီ။

သူမ ငိုထားသည့် စောင်မှာ စိုစွတ်နေပြီး ရက်ကြာနေ‌သည်အထိ မခြောက်သေး။ ရက်အတော်ကြာ ငိုပြီးသည့်တိုင် သူမ၏ မျက်ရည်ဂလင်းများမှာ ပျက်သွားပုံရပြီး မျက်ရည်များက အဆီးအတားမရှိ ဆက်လက် စီးကျလာဆဲပင်။

သူမ သိခဲ့ရင်…ဒါကနောက်ဆုံးအကြိမ်ဖြစ်မယ်ဆိုတာ သူမသိခဲ့ရင်…

သူမ သူ့ကိုချစ်ကြောင်း ထပ်ခါထပ်ခါပြောခဲ့လိမ့်မည်။

နောက်ကျမှ ရသော နောင်တသည် သူမ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် နာကျင်စေသည်။

"မေမေ"

အီလီယန် သည် အခန်းတံခါးရှေ့တွင် ရပ်နေသည်။ သူမ မှုန်ဝါးကာ မျက်ရည်များပြည့်နေသော မြင်ကွင်းမှတဆင့် ကြည့်လိုက်လျှင် ကလေးလေးမှာ သူမ ငိုနေတာကို ကြည့်ပြီး မျက်နှာပျက်သွားမှန်း သိရလေသည်။ထိုအခါမှ သူမ မျက်ရည်များကို သုတ်ပစ်လိုက်ပြီး အငိုရပ်ကာ လက်နှစ်ဖက်ကို ဆန့်ပြီး အီလီယန် ကို ပွေ့ဖက်လိုက်သည်။

"တောင်းပန်ပါတယ်"

စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ အခန်းထဲမှာသာ ငိုနေချိန်ကများသဖြင့် အီလီယန် ကို ဂရုမစိုက်မိခဲ့ပေ။သူမ လက်ထဲတွင်ရှိနေသေးသော အီလီယန် သည် သူမ ပါးပြင်ကို ထိလာသည်။ ထိုအခါ သူမ စိတ်သက်သာရာရသလို ဖြစ်ရသည်။ထို့ကြောင့် သူမ မျက်လုံးမှိတ်ပြီး တိတ်တိတ်လေး တစ်ဖန် ငိုမိပြီး အီလီယန် ကို စိုက်ကြည့်နေမိသည်။ ကလေးလေးမှာ ဘယ်လိုပင်ကြည့်ကြည့် ရာဟန် နှင့်တူနေတာကြောင့် တစ်ဖန် ဖက်ထားလိုက်ပြန်သည်။

သူမလက်ထဲတွင် ရှိနေဆဲဖြစ်သော အီလီယန် သည် သူမ ပုခုံးပေါ်မှာ မျက်နှာလေးတင်ထားပြီး ငြိမ်ကျသွားသည်။ခဏကြာတော့ သူမ ပုခုံးတွေ စိုစွတ်လာရသည်။ အချိန်အတော်ကြာပြီးနောက်မှ ၊အတန်ငယ် ပေါ့ပါးလာပြီး သူမ အီလီယန် ခေါင်းကို ပုတ်ပေးလိုက်သည်။ ကျန်ရစ်ခဲ့သူများသည် မည်သို့ပင်ဖြစ်စေ ရှင်သန်နေကြရမည် ဖြစ်သည်။ သူမ လဲကျသွားပါက၊ အီလီယန် လည်း ကောင်းကောင်း ရပ်တည်နိုင်မှာမဟုတ်ပေ။ဘယ်လိုပင် ဖြစ်ဖြစ်၊ အီလီယန် ကို အဆုံးထိ ဆက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

အီလီယန် ငိုပြီး အိပ်ပျော်သွားခဲ့၍ သူမ ပွေ့ပြီး အခန်းပြင်ထွက်လာခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက်မှလမ်းပြန်လျှောက်ရ၍ အနည်းငယ်မူးဝေသွားသလို ခံစားရသည်။ ထို့နောက် ခဏတာ နံရံကို ခဏမှီထားစဉ် အောက်ထပ်မှ ဆူညံသံတို့ကို ကြားလိုက်ရသည်။ မကြာမီ မျက်နှာ ဖြူဖျော့နေသော မြို့ဝန်မင်းကတော် သည် လှေကားထစ်ပေါ်သို့ အပြေးတက်လာသံကို ကြားရသွားသည်။ အိမ်မှာ အမြဲတမ်း ဂုဏ်သိက္ခာရှိစွာ ပြုမူသည့် ခြေလှမ်းများနှင့် အတော်လေး ကွာခြားလှသည်။

“….ရိုစီနာ”

လှေကားကိုတက်ခဲ့ပြီး မြို့ဝန်မင်းကတော်က သူမကို ခေါ်လိုက်သည်။ သူမသည် စိတ်ရှုပ်နေပုံရပြီး ဘာကိုအရင်ပြောရမည်ကို ကောင်းစွာမဆုံးဖြတ်နိုင်ပုံ မပေါ်ပေ။ ထို့နောက် သူမသည် အရေးကြီးဆုံးအရာကို လှမ်းပြောလိုက်သည်။

"ဟာဘက် အင်ပါယာက တရားဝင်စာတစ်စောင် ရောက်လာတယ်"

တရားဝင်စာ…

"အင်ပါယာက ညီမကို တောင်းနေတာပဲ"

“……!”

တစ်နည်းဆိုရသော် အိမ်ရှေ့စံသည် သူမ ရှိနေသည့် နေရာကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်မည်။ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖုံးကွယ်ထားသည်ဟု သူမ ထင်သော်လည်း ခရီးရှည်ကြီးဖြစ်သောကြောင့် လုံး၀ ရာနှုန်းပြည့် မဖုံးကွယ်နိုင်ပေ။ သို့သော်လည်း သူမသာ အာစတေးနီးယား မှာနေမည်ဆိုလျှင် အိမ်ရှေ့စံက ဘာမှလုပ်လို့ရမှာမဟုတ်ပေ။

“နောက်ထပ်သတင်းတစ်ခုရှိသေးတယ်….”

မြို့ဝန်မင်းကတော် တုံ့ဆိုင်းသွား၍ ဖောရောင်နေသော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။

"တတိယမင်းသားရဲ့ တော်ဝင်ဈာပနပွဲကို ကျင်းပမယ်လို့ ပြောထားတယ်"

သူမ ကြားလိုက်သည်နှင့် အသက်ရှူရပ်သွား၏။

တော်ဝင်ဈာပနပွဲဆိုတာ ဘာကို ဆိုလိုတာလဲ....

သူ့ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားသော်လည်း ဈာပန လုပ်မည်ဆိုပါလား…

တော်ဝင်ဈာပနပွဲကို မွန်မြတ်သော မိသားစုဝင်အဖြစ် ယဉ်ကျေးသိမ်မွေ့စွာ ကျင်းပခြင်းသည် မှန်ကန်သော်လည်း အေးသောမြေ၌ မြှုပ်နှံထားသည်ဟု တွေးကာ သူမ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။သူ့မျက်နှာကို နောက်ဆုံးအကြိမ် မြင်သွားချင်မိသည်။ သူ မမှတ်မိနိုင်လျှင်တောင်မှ သူ၏ နောက်ဆုံးပုံပန်းသဏ္ဍာန်ကို နောက်ထပ်တစ်ကြိမ် ကိုင်ကြည့်ချင်မိ၏။

ရိုစီနာ သည် တုန်ရီနေသော နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ သူမကိုယ်သူမ လွန်ဆွဲနေရရင်း မြို့ဝန်မင်းကတော် နှင့် ဖြည်းညှင်းစွာ မျက်လုံးချင်းဆုံသွားသည်။

"ဒါပေမယ့် ရိုစီနာ.... ကေလာ ကိုလေ"

သူမ ချက်ချင်း သတိထားမိလိုက်သည်။ အိမ်ရှေ့စံက ကေလာ ကို ချနင်းပြီး သူမကို အကြပ်ကိုင်ဖို့ ကြိုးစားနေခြင်းဖြစ်ရမည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမ အတွေးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ဤအတိုင်းသာ ဆက်နေမည်ဆိုလျှင် ကေလာ လုံခြုံရေးကို အာမမခံနိုင်ချေ။

“ဘုရင်မင်းမြတ်ကလည်း အင်ပါယာကို ပြန်မဖြေသေးဘူး… ရက်နည်းနည်းကြာပြီးမှ မှူးမတ်တွေကို ခေါ်ပြီး အစည်းအဝေးလုပ်မယ်တဲ့"

ထို့နောက် သူမ အမြန်ဆုံးဖြတ်လိုက်သည်။

"ကျွန်မလည်း အစည်းအဝေးတက်ရမှာပေါ့"

***

အာစတေးနီးယား ဘုရင့်နိုင်ငံသည် မင်းဆက်များကို နှစ်ပေါင်းရာနှင့်ချီ ထိန်းသိမ်းထားခဲ့သည်။ ရှေးရှေးတုန်းက တိုက်ကြီးမှ တစ်စုံတစ်ယောက်သည် နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီး ထိုစဉ်ကတည်းက သူ့မျိုးရိုးသည် ဆက်လက်တည်ရှိဆဲဖြစ်သည်။ ပိတ်ထားသောနိုင်ငံ အာစတေးနီးယား ကို ရှေးဘာသာစကားဖြင့် ‌‌ေကာင်းကင်ဘုံဟု အမည်ပေးခဲ့သည်။အာစတေးနီးယား သည် အခြားနိုင်ငံများနှင့် အလွန်ကွာခြားသည်။ မှူးမတ်များသည် သာမန်လူများ လေးစားသလောက် ပေးလှူကြတာကိုသာ စားသောက်ကြသည်။ တိုင်းသူ​ပြည်​သား​တို့​အ​တွက် ​ရေမြေ​မှာ အလွန်ကောင်း​ပြီး ရွှေနှင့်၊ ငွေနှင့် ပြည့်လျှံအောင် နေ​နိုင်ကြသည်။ အရာခပ်သိမ်း ပေါများသောကြောင့် မှူးမတ်များကလည်း လောဘကြီးရန် မလိုအပ်ပေ။

အာစတေးနီးယား သည် ပထဝီဝင်အနေအထားအရ ပြီးပြည့်စုံလှပြီး သဘာဝအတိုင်းဖြစ်ပေါ်နေသာ ပင်လယ်ကြီးက ခံတပ်တစ်ခု ဖြစ်နေသည်။ပင်လယ်ပြင်အနီးက မြင့်မားသော ကျွန်းတစ်ဝိုက်တွင် သန္တာကျောက်တန်းများစွာရှိသည်။ ဘယ်သူမဆိုတစ်ဦးသည် အာစတေးနီးယား သို့ မျက်စိမှိတ်လာရောက်လည်ပတ်ပါက၊ သန္တာကျောက်တန်းများကြောင့် လောဘကြီးသွားနိုင်သည်။

သို့သော်၊ အခြားနိုင်ငံများသည် အာစတေးနီးယား ကို သိမ်းပိုက်ရန် စိတ်ကူးကို စွန့်လွှတ်ခဲ့ကြသည်။ဟာဘက် အင်ပါယာပင်လျှင် အကြိမ်ပေါင်းများစွာ ကြိုးစား၍ မအောင်မြင်ခဲ့။ အာစတေးနီးယား သည် ထူးထူးခြားခြား အဖြစ်အပျက် အနည်းငယ်ဖြင့် နိုင်ငံထူထောင်ပြီးကတည်းက ငြိမ်းချမ်းခဲ့သည်။ တစ်ခါတစ်ရံတွင် အစည်းအဝေးများကို စီစဉ်ပေးသော်လည်း ပွဲတော်ကျင်းပမည့်အချိန် သို့မဟုတ် ပြင်ပလူများ၏ ကျူးကျော်ဝင်ရောက်မှုအတွက် မည်ကဲ့သို့ ပြစ်ဒဏ်ပေးမည်....စသည့် ဆွေးနွေးမှုများကိုသာ ပြုလုပ်သည်။

သို့သော် ယနေ့တွင်၊ အာစတေးနီးယား နိုင်ငံတော်တွင် အရေးပေါ်အစည်းအဝေးခေါ်ခဲ့သည်။ အဝေးမှာနေထိုင်သည့် မှူးမတ်တွေတောင် မကြုံစဖူးလေးနက်သော ကိစ္စ ဖြစ်နေတာကြောင့် လာရောက်စုဝေးကြသည်။မှူးမတ်အပေါင်းတို့သည် ရွှေဖြင့် ဆောက်ထားသော နန်းတော်၌ စုဝေးကြ၏။ တစ်ယောက်နှင့်တစ်ယောက် ခေတ္တနှုတ်ဆက်ပြီး တစ်ဖန် နှုတ်ဆိတ်နေကြပြန်သည်။ ခဏကြာတော့ မုတ်ဆိတ်ဖြူရှည်ကြီးနှင့် ဘုရင်မင်းမြတ် ပေါ်လာလျှင် ထိုင်နေကြသော မှူးမတ်တို့သည် တညီတညွတ်တည်း မတ်တတ်ထရပ်လိုက်ကြ၏။

"လူတိုင်း ဒီမှာရှိနေကြတာကိုး"

ဘုရင်ကြီးမှာ သနားစရာကောင်းသည့် အဘိုးကြီးတစ်ယောက်လို ဖြစ်နေသည်။ထို့နောက် မှူးမတ်တွေ ပြန်ထိုင်လိုက်လျှင် ဘုရင်ကြီးက စကားစလိုက်သည်။

"ဟာဘက် အင်ပါယာ က တတိယမင်းသမီး ရိုစီနာဟာဘက် ကို ပေးအပ်ဖို့ တရားဝင်စာတစ်စောင် ပေးပို့ခဲ့ပါတယ်"

မှူးမတ်တွေ ခဏလောက် လှုပ်သွားကြသည်။ ဤနေရာတွင် ရိုစီနာ အကြောင်း မသိသော မှူးမတ်အနည်းစု ရှိနေသေးသည်။ ပြင်ပလူများကို အာစတေးနီးယား ပြည်သူ အဖြစ် လက်ခံသည်မှာအနည်းငယ်သာ ရှိတာကြောင့်ဖြစ်သည်။ သူမသည် မြို့ဝန်မင်းဟီလစ် ၏ မိသားစုနှင့် ရင်းနှီးသောဆက်ဆံရေးရှိကြောင်း အများစုက သိကြသည်။ ဘုရင်ကြီး မိန့်တော်မူပြီးသည်နှင့် မှူးမတ်တစ်ဦး က စကားပြောလိုက်သည်။

"သူမက တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်ပေမယ့်လည်း အာစတေးနီးယား နိုင်ငံသားတစ်ဦးပါပဲ"

"မှန်တယ်....သူတို့ရဲ့ တောင်းဆိုချက်တွေကို အရှင်မင်းကြီး အလွယ်တကူ လိုက်လျောဖို့ မလိုပါဘူး"

ဘုရင်မင်းမြတ် နံဘေးမှာ ထိုင်နေသူကလည်း ဝင်ထောက်ခံလိုက်သည်။အာစတေးနီးယား လူမျိုးများသည် အခြားနိုင်ငံများကို မုန်းတီးကြသည်။ တရားဝင်စာဆိုသည်မှာလည်း သူတို့ အမြင်မှာတော့ အကျပ်ကိုင်သည့်အမိန့်ဟု သတ်မှတ်ကြ၏။ ဘုရင်ကြီးသည် မျက်လုံးကို ညင်သာစွာမှိတ်ထားလိုက်သည်။ ရိုစီနာ ကို အင်ပါယာလက်သို့ ပေးအပ်ရန်လည်း ရည်ရွယ်ချက်မရှိပေ။သို့သော်လည်း နောက်ထပ် ပြဿနာတစ်ခု ရှိနေသေးသည်။

"မြို့ဝန်မင်းဟီလစ်…ကေလာ အကြောင်းကိုတရားဝင်စာမှာ ထည့်ရေးထားတယ်"

ထိုအခါ မြို့ဝန်မင်း မျက်လုံးများ တုန်ခါသွားရသည်။ တော်ဝင် အကယ်ဒမီ တွင် ပညာသင်ကြားနေသော ကေလာ သည် ယခုအခါ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရပြီဟု ဆိုခြင်းဖြစ်သည်။ နှစ်နိုင်ငံ ဆက်ဆံရေး ပြိုပျက်သွားပါက ကေလာ ၏ လုံခြုံရေးကို ဘယ်သူမှ အာမမခံနိုင်ပေ။ မြို့ဝန်မင်း နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ထားလိုက်မိသည်။ ကေလာ သည် သူ၏ချစ်စဖွယ် အငယ်ဆုံးသမီးပင်။သူ့သမီးအငယ်ဆုံးအတွက်ဆို ဘာမဆိုလုပ်ပေးမည်ဟု ကျိန်ဆိုဝံ့၏။ ကေလာ သည် တော်ဝင်အကယ်ဒမီကို သွားချင်ခဲ့တာ ဖြစ်သည်။သူမ ဆန္ဒအရ တော်ဝင်အစည်းအဝေး တစ်ခုကျင်းပပြီး အတည်ပြုလိုက်ကြသည်။ ထိုစဉ်ကတည်းက ငြင်းသင့်သော်လည်းနောက်ကျသွားပြီဖြစ်သည်။

"ရိုစီနာကို အင်ပါယာလက်ထဲ အပ်ထားရင်တောင် ကေလာ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မလားဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး"

မြို့ဝန်မင်း သည် ကျဆင်းနေသော စိတ်ကို အားတင်းထားပြီး အေးစက်စွာ ပြောလိုက်သည်။ ယခုအချိန်အထိ အင်ပါယာသည် အာစတေးနီးယား နောက်အဆင့်တွင် ရှိနေတာဖြစ်သည်။ ထို့ကြောင့် သူတို့ ထိပ်တိုက်ရင်မဆိုင်ရဲ၍ အကျင့်ပုပ်စွာ ကေလာ ကိုလည်း ပြန်ခွင့်မပြုဘဲ ယုန်နှစ်ကောင်လုံးကို ဖမ်းဖို့ ကြိုးစားပါလိမ့်မည်။

"ကျွန်တော်တို့ ဘယ်လိုတောင်းဆိုမှုမျိုးကိုမှ လိုက်လျောဖို့မသင့်ပါဘူး"

မြို့ဝန်မင်း စကားကြောင့် လူတိုင်း နှုတ်ဆိတ်နေခဲ့သည်။ သူ့ကလေးအား ဓားစာခံအဖြစ် ချုပ်နှောင်ထားတာကြောင့် ယခုလို ပြောထွက်သည်ကို အံ့အားသင့်နေကြခြင်းသာ။

"ဒါဆို ငါတို့က စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေရမယ်"

ဘုရင်မင်းမြတ်သည် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြောဆိုလိုက်သည်။ အင်ပါယာ၏ တော်ဝင်သူရဲကောင်းများက အာစတေးနီးယား ကို လာတိုက်ခိုက်ပါက အာစတေးနီးယားကသာ အနိုင်ရမည်ဟု သူယုံကြည်ထားသည်။ အာစတေးနီးယား ၏ရေတပ်သည် တော်ဝင် သူရဲကောင်းများထက် အဆပေါင်းများစွာသာလွန်သည်။

သို့သော် အာစတေးနီးယား သည် အင်ပါယာကို တိုက်ခိုက်ပါက အောင်ပွဲ သို့မဟုတ် ရှုံးနိမ့်မည်ဟု အာမခံနိုင်မည်မဟုတ်ပေ။ အင်ပါယာသည် အာစတေးနီးယား ထက် မြေပြင်တိုက်ပွဲ ဆင်နွှဲသည့်အခါအသာစီးရမှာ သေချာ၏။ မှေးမှိန်သော စွမ်းအင်တစ်ခုသည် အစည်းအဝေးခန်းထဲကို ဖုံးလွှမ်းသွားရသည်။ ထိုစဉ် တံခါးခေါက်သံကြားရသည်။

"အရှင်မင်းကြီး....ဟာဘက်က တော်ဝင်မင်းသမီး ကြွလာပါတယ်"

ထိုအခါ အခန်းထဲက လူအုပ်ကြီးမှာ ကမောက်ကမ ဖြစ်သွားကြသည်။ ငြိမ်ငြိမ်ထိုင်နေသော ဘုရင်မင်းမြတ်က သူမကို ဝင်ခွင့်ပြုရန် အမိန့်ပေးလိုက်သည်။ သိပ်မကြာခင်မှာပဲ တံခါးပွင့်လာပြီး ရိုစီနာ အထဲကို ဝင်လာခဲ့သည်။ သူမသည် ရက်အနည်းငယ်အတွင်း ပိန်လှီနေပုံရသော်လည်း မှူးမတ်များကြားတွင်ပင် ပြေပြစ်သောကိုယ်ဟန်က ပေါ်လွင်နေသေးသည်။

"ကျွန်မ အာစတေးနီးယား ဘုရင်ကို နှုတ်ဆက်ပါတယ်"

ရိုစီနာ သည် ဘုရင်ကြီးကို လေးလေးစားစား နှုတ်ဆက်လိုက်သည်။

"ဒီအစည်းအဝေးက ကျွန်မရဲ့ သဘောထားနဲ့ သက်ဆိုင်တယ်လို့ ကြားတော့ ကျွန်မ ဒီကို လာခဲ့တာပါ"

သူမ၏ အသံသည် နူးညံ့သော်လည်း အားကောင်းသည်။

"မင်းနဲ့ပတ်သတ်တာဟုတ်ပါတယ်...မခေါ်ခဲ့မိတာ ငါ့အပြစ်ပါပဲ"

ဘုရင်မင်းမြတ်က လွတ်နေသည့် ထိုင်ခုံကို လက်ညှိုးထိုးပြပြီး ထိုင်ခိုင်းလိုက်သည်။ ရိုစီနာ ထိုင်နေစဉ် တိတ်ဆိတ်မှုက အခန်းတွင်း ပျံဝဲလာသည်။အားလုံး တိတ်​ဆိတ်​သွား​တော့ ဘုရင်မင်းမြတ်က စကားဆိုလိုက်သည်။

"အင်ပါယာက တရားဝင်စာတစ်စောင် ရောက်လာတယ်....တော်ဝင်မိသားစုရဲ့မြေးကို ပြန်ပေးဆွဲခဲ့တဲ့ ရာဇ၀တ်သားကို ပို့ဆောင်ပေးဖို့ တောင်းဆိုထားတယ်"

ရိုစီနာ မကျေမနပ်ဖြစ်သွားရသည်။

"ဒါပေမယ့် မင်းကို မလွှတ်ပေးဖို့ ငါတို့ ဆုံးဖြတ်ထားတာ"

“….”

"အခု မင်းက အာစတေးနီးယား ပြည်သူ ထဲက တစ်ယောက်ပါ..."

ဤသည်ကား မှူးမတ်တို့၏ အကြံဖြစ်၏။တစ်ခုတည်းသော ဆုံးဖြတ်ချက်သည်လည်း အတော်ပင်ကြီးမားလှသည်။ချက်ကျလက်ကျဆိုရသော်၊ အာစတေးနီးယား သည် ရိုစီနာ ကို အဆုံးထိ ကာကွယ်ရန် အကြောင်းပြချက်မရှိပေ။ မြင့်မြတ်သော မိန်းမပျိုလေး ကေလာ ကို ဓားစာခံအဖြစ် ချုပ်နှောင်ထားလျှင် ပို၍ပင် သူမကို ပစ်ပယ်ထား၍ ရပေသည်။

ရိုစီနာ သည် ဘုရင်နှင့် အခြားသော မှူးမတ်များကို တစ်လှည့်စီ ကြည့်လိုက်သည်။

"ပထမအနေနဲ့....မှူးမတ်တွေရော၊အရှင်မင်းကြီးရဲ့ စေတနာကိုရော ကျွန်မ တန်းဖိုးထားပြီး အရမ်းလည်း ကျေးဇူးတင်ပါတယ်…ဒါပေမယ့် ကျွန်မ အင်ပါယာကို သွားပါမယ်"

အားလုံး မျက်လုံးပြူးသွားကာ သူမ စကားကြောင့် လန့်သွားသည်။ ရိုစီနာ သည် စိတ်တည်ငြိမ်မှု မပျက်ဘဲ အေးအေးဆေးဆေးနှင့်။

"ကျွန်မ မြို့ဝန်မင်း ဟီလစ် ရဲ့ သမီးငယ်လေး ကေလာကို ပြန်ခေါ်ခဲ့ပါ့မယ်"

***

ဟာဘက် အင်ပါယာ တစ်လျှောက်လုံးတွင် မကောင်းဆိုးဝါးများ ပေါ်လာခဲ့သည်။ ရာဟန် သည် မကောင်းဆိုးဝါးအများစုကို ခုနစ်နှစ်ကြာ ထိန်းထားခဲ့သောကြောင့် သူ မရှိလည်း အဆင်ပြေမည်ဟု အများက ထင်ထားခဲ့သော်လည်း တွက်ချက်မှုမှာ လွဲမှားနေခဲ့သည်။ ထို့အပြင် မကောင်းဆိုးဝါးများသည် အခွင့်အရေးကို ရယူပြီး ယခင်ကထက် ပိုမိုမြန်ဆန်စွာ အရဲကိုးပြီး ကျူးကျော်လာကြ၏။ ခြံအပြင်ဘက်ရှိ ပစ္စည်းများနောက်တွင် ပုန်းအောင်းနေကာ ကျူးကျော်ကြသည်။ ကောင်းစွာလေ့ကျင့်ထားသော သူရဲကောင်းများကို စေလွှတ်လိုက်သည့်တိုင် ဆောင်းဦးအရွက်များကဲ့သို့ ပင် တဖြုတ်ဖြုတ် အသတ်ခံခဲ့ကြရသည်။

တော်ဝင်နန်းတော်၌ မေတ္တာရပ်ခံသည့် စာချွန်များ တဖွဲဖွဲရောက်ရှိ‌လာကြသည်။သို့သော် တော်ဝင်မိသားစုသည် မကောင်းဆိုးဝါးများကို ချေမှုန်းရန် တောင်းဆိုသည့် တိုင်ကြားမှုများကို လစ်လျူရှုထားသလိုဖြစ်နေ၏။ သူတို့သည် တော်ဝင် သွေးသားဆွေမျိုးများအားလုံးကို စုစည်းကာ တိုက်ခိုက်ရန် စေလွှတ်လိုက်သော်လည်း တိုးပွားလာသော မကောင်းဆိုးဝါးကောင်များကို ကိုင်တွယ်ရန် မလုံလောက်ကြချေ။

ထို့ကြောင့် ဇီဂရစ် သည် ရာဟန် ဦးဆောင်သော ထရိအက် သူရဲကောင်းများကို စေလွှတ်သင့်သည်ဟု တွေးလိုက်မိသည်။သို့သော် သဲလွန်စတောင်မတွေ့ရတော့ချေ။ ရာဟန် ကို ပြည်နှင်ဒဏ်ပေးကတည်းက ထရိအက် သူရဲကောင်းများအားလုံး မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားခဲ့တာဖြစ်သည်။ ရာဟန် တစ်ယောက် လစ်လပ်နေခြင်း၏ ဆုံးရှုံးမှုက ကြီးမားလှသည်။နောက်ပိုင်းတွင် ဇီဂရစ် သည် ဒေသခံခေါင်းဆောင်များက အစောင့်များစေလွတ်ပေးရန် တောင်းဆိုသည့် စာချွန်များကိုလည်း လုံးလုံး မျက်ကွယ်ပြုလိုက်တော့သည်။ ရိုစီနာ မရှိလျှင် သူသည် ထိုဘီလူးများစွာကို မကိုင်တွယ်နိုင်ပေ။ အကယ်၍ သူသာ အရဲကိုးပြီး သွားတိုက်ပါက ပြီးခဲ့သည့် အခေါက်ကဲ့သို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားနိုင်သည်။ ထို့ကြောင့် အာစတေးနီးယား ထံမှ အဖြေကိုသာ သူ ထိုင်စောင့်နေရတော့သည်။