Chapter 89
ထိုကဲ့သို့ အဖြေကို စောင့်ဆိုင်းနေစဉ်တွင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ မြို့တော်၏ အစွန်အဖျားတွင် ကြီးမားသော မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာတာပင် ဖြစ်သည်။ ယခုအချိန်အထိ မြို့တော်တွင် မည်သည့် မကောင်းဆိုးဝါးမှ မပေါ်သေးပေ။ ရာဟန် လက်ချက်ဖြင့် မြို့တော်မှမကောင်းဆိုးဝါးတိုင်းကို တိတ်တဆိတ် သုတ်သင်ထားသောကြောင့်ဖြစ်သည်။
သို့သော်လည်း ယခုတစ်ခါကတော့ လုံးဝခြားနားသည်။ မကြာမီ မြို့တော်မှာ မကောင်းဆိုးဝါးကြီး ပေါ်လာသည်ဆိုသော ကောလဟာလတွေက အင်ပါယာတစ်ခွင်လုံး လျင်မြန်စွာပျံ့နှံ့သွားတော့သည်။မြို့တော်တွင်နေထိုင်ကြသော မှူးမတ်များနှင့် ပြည်သူများသည် ထိတ်လန့်တုန်လှုပ်လာကြပြီး တိုင်တန်းချက်များစွာကိုလည်း လှည့်မကြည့်အားကြတော့ပေ။
ထိုအချိန်မျိုးတွင်၊ ဇီဂရစ် သည် အသာထိုင်ပြီး ကြည့်နေလို့မရတော့ပေ။ ဘားမန်း သည် နယ်ချဲ့အမိန့်ကို ဇီဂရစ် ထံသို့ လွှဲပြောင်းပေးခဲ့သဖြင့် သူကိုယ်တိုင် ဦးစီးကာ သူရဲကောင်းများကို တိုက်ခိုက်ရန် ပို့ဆောင်ခဲ့သော်လည်း ကောင်းစွာ မကိုင်တွယ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ဇီဂရစ်သည် မကောင်းဆိုးဝါးကြီးကို အနိုင်ယူရန် ပျက်ကွက်ခဲ့ပြီး သူ၏ဂုဏ်သတင်းမှာလည်း အောက်ဆုံးသို့ ကျဆင်းသွားခဲ့သည်။ လူတွေက ဇီဂရစ် ၏ အရည်အသွေးနှင့် သူ့အောင်မြင်မှုတွေကို တဖြည်းဖြည်း သံသယဖြစ်စပြုလာကြသည်။ မှူးမတ်အချို့ကည်း ဤအခြေအနေအတွက် တော်ဝင်မိသားစုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
"ချီးပဲ"
ဇီဂရစ် သူ့လက်အိတ်တွေကို ပစ်ပေါက်ပြီး ဆဲဆိုလိုက်သည်။
ရာဟန် သေဆုံးသည်နှင့် တပြိုင်နက် အင်ပါယာတစ်ခုလုံးတွင် မကောင်းဆိုးဝါးများ ပေါ်လာတာဖြစ်သည်။သူ တစ်ချက်စိတ်ညစ်သွားကာ စားပွဲကို လှမ်းကြည့်လိုက်တော့ သူ့အတွက် စာတွေ အများကြီးရောက်နေတာကို တွေ့ရလေသည်။သူသည် နောက်ဆုံးတွင် ဒေါသကို မထိန်းနိုင်ဘဲ စားပွဲပေါ်ရှိ အရာအားလုံးကို ဆွဲဖယ် ပစ်ပေါက်လိုက်တော့သည်။
“ဟူး….”
သူ အသက်ပြင်းပြင်းရှူလိုက်ချိန်မှာ တံခါးခေါက်သံကြားလိုက်ရ၍ သူ တံခါးကို လှမ်းကြည့်လိုက်သည်။
"အရှင်မင်းကြီး.... အာစတေးနီးယား ဆီက စာတစ်စောင် ရလာပါတယ်"
ဇီဂရစ် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး တံခါးကို ကျယ်ကျယ်ဖွင့်ပေးလိုက်သည်။ထို့နောက် ထိုလူ့လက်ထဲမှ စာကို လုယူလိုက်ပြီး ရွှေရောင်စာအိတ်ကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်တော့သည်။ စာထဲက အကြောင်းအရာများသည် ရှည်လျားစွာ ရေးထားခြင်းဖြစ်သည်။ ၎င်းသည် သူ မှန်းထားသည့်အတိုင်း ဟီလစ် ၏ သမီးငယ်လေးကို ရိုစီနာ နှင့် လဲလှယ်ရန် တောင်းဆိုချက်ဖြစ်သည်။
***
ရိုစီနာ သည် အင်ပါယာသို့ ပြန်သွားရန် ပြင်ဆင်ခဲ့သည်။ ဘုရင်မင်းမြတ်နှင့် အခြားမှူးမတ်များက စိုးရိမ်ကြောင်း ပြောပြခဲ့သော်လည်း သူမ စိတ်က မပြောင်းလဲခဲ့ပေ။ သူမ အိမ်ရှေ့စံကို မကြောက်၍ မဟုတ်။အင်ပါယာကို ပြန်ရောက်ရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်သလို၊ကေလာကိုလည်း ထည့်တွက်ရသေးသည်။ ကေလာ ကိုသာ လစ်လျူရှုထားလိုက်လျှင် သူမ တစ်သက်လုံး နောင်တရနေလိမ့်မည်။ သူမ ညီလာခံခန်းမထဲကို မ၀င်ခင်မှာ အများကြီး စဉ်းစားခဲ့သည်။
ပထမတော့ အိမ်ရှေ့စံက ကေလာ ကို လွှတ်မပေးသည့်ကိစ္စကို စဉ်းစားမိသည်။ အိမ်ရှေ့စံက ရွှေသော့ကလေး ကေလာ ကို လွယ်လွယ်နှင့် ပြန်လွှတ်ပေးမည်မဟုတ်မှန်း သေချာ၏။ထို့ကြောင့် သူမ ပြန်လာလျှင် ကေလာကို လွှတ်ပေးပါမည်ဖြစ်ကြောင်း ကတိတောင်းခိုင်းရသည်။ နောက်တစ်ချက်မှာ အင်ပါယာကို အကြောင်းပြန်ရန် အခြေအနေများကို ထည့်တွက်ခဲ့ရသည်။အာစတေးနီးယား ဘက်မှ စစ်သားများကို ခေါ်ယူမည်ဖြစ်ပြီး ဓားစာခံများနှင့် လဲလှယ်ရန် အာစတေးနီးယား တိုင်းပြည် အကြီးအကဲများမှ ဆုံးဖြတ်ခဲ့သည်။ တစ်ကယ်တော့ ပြဿနာက ထိုနောက်ပိုင်းမှာ ပိုကြီးမားလာမှာပင်။
ကေလာ သည် အာစတေးနီးယား သို့ ဘေးကင်းစွာ ပြန်လာခဲ့ပါက သူမကို အင်ပါယာက ဖမ်းဆီးသွားမည်ဖြစ်သည်။သူမ တစ်ချိန်က အင်ပါယာမှ လွတ်မြောက်လာခဲ့တာဖြစ်သည်။ထို့ကြောင့် ပထမတစ်ခေါက်က အတွေ့အကြုံတို့ကြောင့် ချောချောမောမော ရောက်လာနိုင်ခဲ့သည်။ထို့ကြောင့် အိမ်ရှေ့စံကို ဆန့်ကျင်သည့် နည်းလမ်းက နောက်တစ်ခါ ထပ်သုံး၍ အလုပ်မဖြစ်တော့ပေ။ အင်ပါယာထံမှ နောက်တစ်ကြိမ် လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်လောက်တော့။ထို့ကြောင့် သူမ အာစတေးနီးယား သို့ တစ်ဖန်ပြန်သွားနိုင်မည့် အစီအစဉ်တစ်ခုပြုလုပ်ရန် ရက်ပေါင်းများစွာ စဉ်းစားခဲ့ပြီးနောက် နည်းလမ်းတစ်ခု ထွက်လာခဲ့သည်။
နှစ်ဘက် စေ့စပ်ညှိနှိုင်းမည့် အချိန်းအချက် နေရာသည် အင်ပါယာ၏ တောင်ဘက်အကျဆုံးနေရာဖြစ်သောကြောင့် အိမ်ရှေ့စံသည် စစ်သားများစွာကို ခေါ်လာလျှင် ခရီးသေချာပေါက်ပန်ပြီး ဒဏ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် အစောင့်အကြပ်အနည်းငယ်သာ ခေါ်လာနိုင်ပြီး သူမကို ခေါ်ထုတ်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် ၊အာစတေးနီးယား စစ်သည်များသည် သူမ တက်သွားသည့်ရထားကို သိမ်းပိုက်လိုက်ပါက မြို့တော်သို့မရောက်မီ ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည်။ တစ်ကယ်တော့ သူမသည် ရာဟန် ၏ နောက်ဆုံးအချိန်ကို ကြည့်ချင်ခဲ့တာပင်။သို့သော် ဈာပနကို တက်ရောက်ပြီးနောက်ဆို သူမ အင်ပါယာမှ လွတ်မြောက်ရန် မဖြစ်နိုင်သလို အီလီယန်၏ အသက်ကိုလည်း အာမမခံနိုင်ပေ။ အစီအစဥ်ကို ရေးဆွဲပြီးသည်နှင့်၊ မမျှော်လင့်ထားသော ပြောင်းလဲမှုများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
ပြန်မသွားနိုင်ခဲ့ရင်...
ရိုစီနာ ခေါင်းယမ်းလိုက်သည်။ထိုသို့ ဖြစ်လာစရာအကြောင်းမရှိပေ။ အီလီယန် အသက်ရှိနေသရွေ့ သူမ စေချာပေါက် အသက်ရှင်ရပေမည်။သူမသည် အင်ပါယာသို့ ပြန်လာမည့်ကိစ္စကို လျှို့ဝှက်ထားခဲ့သည်။ အင်ပါယာသည် တော်ဝင်မြေးတော်အား ပြန်ပေးဆွဲသည်ဟု အကြောင်းပြ၍ သူမကို ပြန်ပေးပါရန် ပြောထားသော်လည်း အီလီယန် အကြောင်းကို လုံးဝ ပြောထားခြင်းမရှိပေ။ အီလီယန် က သူတို့အတွက် ဘာမှ အဓိပ္ပါယ်ရှိတာလည်း မဟုတ်ပေ။
ထို့ကြောင့် အီလီယန်ကို အာစတေးနီးယားမှာ ထားပစ်ခဲ့မည်ဖြစ်သည်။ထို့ကြောင့် သူ့ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြရန်အတွက် ကလေးကို လိုက်ရှာရတော့သည်။ သို့သော်၊အိမ်ကြီးတစ်ခုလုံးကို ရှာဖွေပြီးနောက်တွင်ပင် သူ့ကို မတွေ့ရပေ။ သူမ အချိန်အတော်ကြာအောင် ရှာနေစဉ် အီလီယန် သည် ဥယျာဉ်ထဲကို ဆော့ကစားဖို့ ထွက်သွားကြောင်း အစေခံထံမှ သူမ ကြားသိရသည်။
"အီလီယန်"
ရိုစီနာ သည် သူ့နာမည်ကို အော်ခေါ်ပြီး ပန်းခြံထဲကို ၀င်သွားလိုက်သည်။ တစ်နှစ်ပတ်လုံး ပူနွေးသည့် ရာသီဥတု ဖြစ်သောကြောင့် ပန်းခြံထဲတွင် ပန်းပင်များက အမြဲပေါက်နေသည်။ ရိုစီနာ သည် သူ့ထက်အရပ်မြင့်သော အပင်များကြားတွင် ဂရုတစိုက် သေချာရှာရသည်။
"ဟုတ်ကဲ့..."
အီလီယန် ၏ အသံငယ်လေးသည် သူမ နားထဲသို့ တိုးဝင်လာသဖြင့် အမြန်ရှာတွေ့သွားတော့သည်။အီလီယန် သည် တစ်ယောက်ယောက်နှင့် စကားပြောနေသော်လည်း သူ့အနားမှာ တစ်ယောက်မှ မရှိပေ။ ငှက်နှင့်ကြောင်ကလွဲ၍။သူမ အံ့အားသင့်ပြီး ကြည့်နေစဉ် ချုံပုတ်မှာနားနေသည့် ငှက်ကလေးက သူ့ကို တစ်ခုခုပြောပြီး သူကလည်း ပြန်ဖြေနေသည်။ ရိုစီနာ သည်လည်း တိရိစ္ဆာန်များ၏ ဘာသာစကားကို နားလည်နိုင်သောကြောင့် သူမ နားထဲပါတိုးဝင်လာရ၏။
အီလီယန် က သားရဲတွေနဲ့ စကားပြောနိုင်သလား....
သူမ မယုံနိုင်ဘဲ ကြောင်စီစီဖြစ်နေ၏။ ယခုအချိန်အထိ အီလီယန် သည် တိရိစ္ဆာန်များနှင့် စကားပြောနိုင်ကြောင်း တစ်ခါမှ သူကိုလာပြောခြင်း မရှိခဲ့သဖြင့် သူမ မသိခဲ့ပေ။ သူမ ဖခင်၏ ရင်းနှီးသောမိတ်ဆွေတစ်ဦးဖြစ်သော မြို့ဝန်မင်း ဂျဂန် ကလည်း ရိုစီနာ နာမည်ကိုအမွေဆက်ခံသူများသာတိရစ္ဆာန်များနှင့်စကားပြောနိုင်သည်ဟုပြောခဲ့သည်။ အီလီယန် က ရိုစီနာ ဆိုသည့်အမည်ကို မှည့်ပေးထားတာမဟုတ်ပေ။
ဒါပေမယ့် ဘယ်လိုဖြစ်ပြီး…
သူမ စိတ်ရှုပ်သွားပြီး စိတ်ထဲက မှန်းဆချက်တစ်ခု ထွက်လာသည်။
“ဟင်….”
အီလီယန် သည် သူမနှင့် ရာဟန် တို့၏ စွမ်းအားများကို အမွေဆက်ခံသော ကလေးဖြစ်နေတာကြောင့်လား....
ရှေးရှေးက နှစ်ခုအဖြစ် ပိုင်းခြားထားသော နတ်ဘုရား၏ တန်ခိုးတော်သည် တစ်ဖန် ပေါင်းစပ်သွားခြင်း ဖြစ်နိုင်သည်။ ရာဟန် ၏ စွမ်းအားသည် အီလီယန် သို့ စီးဆင်းသွားသည်ဟု သူမ တွေးလိုက်မိသည်။
နေရောင်အောက်မှာ တောက်ပြောင်နေသော အီလီယန်၏ ရွှေရောင်ဆံပင်ကို သူမ ငေးကြည့်နေချိန်မှာ ရာဟန် ပုံရိပ်သည် သူမမျက်စိထဲမှာပါ ထင်ဟပ်လာရသည်။သူမ ထပ်ပြီး ငိုချင်သလို ခံစားရတာကြောင့် အသက်ရှုမဝသလို ဖြစ်နေရ၏။ မည်မျှပင် ခက်ခက်ခဲခဲ အားတင်းထားပါစေ၊ သူ့ကို တောင့်တသည့် ခံစားချက် လုံးဝမလျော့ပေ။ သူသေသွားပြီဆိုသည်ကို သတိရတိုင်း သူမ နှလုံးသားက အောင်ထဲအထိ နက်ရှိုင်းစွာ ခံစားရ၏။
ထို့နောက် သူမသည် အီလီယန် အနားကို မသွားတော့ဘဲ တိတ်တဆိတ်သာ လှည့်ထွက်သွားလိုက်သည်။ ပန်းခြံထဲ လမ်းလျှောက်လာရင်း လေထုက အနည်းငယ် အေးလာကာ ကောင်းကင်ကလည်း လျင်မြန်စွာ အမှောင်ကျလာသည်။ သူမ ပန်းခြံအလယ်တွင် ရပ်နေမိ၏။ သူမစိတ်ကို ရှင်းထုတ်ရန်ကြိုးစားသော်လည်း အတွေးစများဖြင့် ပြည့်နှက်နေသည်။ထို့နောက် သူမအကြည့်ကို ဖြည်းညှင်းစွာ တစ်ဖက် လှည့်လိုက်သည်။ သူမ ငေးကြည့်ရင်း အဆုံးတွင် နှင်းဆီပန်းတစ်ပွင့်ကို တွေ့ရ၏။
ထိုအခါ ရာဟန် နှင့် အတူရှိခဲ့သည့် အမှတ်ရစရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ တစ်ခါတစ်ရံ သူမ မနက်စောစောထပြီး နှင်းဆီပန်းတွေ ခူးဖို့ ဥယျာဉ်ထဲကို ထွက်သွားတတ်သည်။ဒါမှ သူမ နိုးလာသည်နှင့် နှင်းဆီပန်းနံ့တွေ သင်းနေအောင်သာ ဖြစ်သည်။ဤကိစ္စကလေးဟာ သေးငယ်သော်လည်း မနက်တိုင်း သူမရင်ထဲကို လာခံစားရစေသည်။ နှင်းဆီပန်းတွေကို အကြာကြီးကြည့်ပြီးနောက် သူမ ခေါင်းကို လှည့်လိုက်လျှင် စနစ်တကျစီစဉ်ထားသော ပန်းခြံအလယ်တွင် ဖြောင့်တန်းနေသည့် လျှောက်လမ်းကို မြင်နေရသည်။ တစ်ချိန်က သူနှင့် လသာသာညတွင် လမ်းလျှောက်ခဲ့ရသည့်နေ့ကို ရုတ်တရက် သတိရလာပြန်သည်။ ဟိုတုန်းက သူတို့ပြောခဲ့သည့် စကားတွေကလည်း သူမစိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။
- မင်းနာမည်အပြည့်အစုံကို ပြောလို့ရမလား
- ရိုစီနာအက်စတာရော့
-ရှင့်နာမည်ကိုလည်း သိချင်တယ်
- ရာဟန်ဟာဘက် ပါ
သူမတို့ ထိုနေ့က တစ်ယောက်နာမည်ကိုတစ်ယောက် သိလိုက်ရသည့် ပထမဆုံးနေ့လည်းဖြစ်သည်။ ထိုအချိန်မှစ၍ ဖြစ်ပေါ်လာသော အမှတ်ရစရာများသည် သူမ စိတ်ထဲမှာ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
သူနှင့် လက်ထပ်သည့်နေ့၊ မင်္ဂလာဦးည၊မိသားစုအတူတူ ပင်လယ်ကို ခရီးထွက်ခဲ့သည့် အမှတ်တရတွေ၊ ကပွဲခန်းမမှာ အတူတူ တွဲကခဲ့တာတွေ...နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် ခံစားချက်အစစ်အမှန်ကို သိတဲ့နေ့....စသဖြင့် အကုန်နိုင်မခန်းနိုင်တော့ေပ။
“……”
ရိုစီနာ ၏ မျက်လုံးထဲတွင် ရာဟန် ပုံရိပ်များသည် ထင်ယောင်ထင်မှားတစ်ခုလို ဖြစ်ပေါ်လာကြသည်။ လမ်းလျှောက်ထွက်တိုင်း သူမအတွက် သူ့အင်္ကျီကို ချွတ်ပေးခဲ့သူ၊ လွန်ခဲ့သည့် ၇ နှစ်က သူမ ပေးခဲ့သော အ၀တ်အထည်လေးတွေကို တန်ဖိုးထားတတ်သူ၊ သူ မစားနိုင်ရင်တောင်မှ သူမ စိတ်ခုမှာစိုး၍ အချိုမုန့်တွေ စားပေးခဲ့သူ...
ရိုစီနာ သည် ရင်ဘတ်အောင့်လာတာကြောင့် မျက်နှာကို လက်ဖဝါးဖြင့်အုပ်ထားမိသည်။ ထွက်လာသည့် မျက်ရည်တွေက ပိုပိုပြိီး များများလာသည်။ သူ့ကို လွှတ်ဖို့ အချိန်တန်ပြီ ဖြစ်သည်။
ငိုဖို့ မျက်ရည်မကျန်တော့ဘူးဟု သူမထင်ထားသော်လည်း မျက်ရည်တွေက ပါးပြင်ပေါ် စီးကျလာပြီး မေးစေ့ဖျားအထိ ကျဆင်းသွားခဲ့သည်။သူမ တိတ်တိတ်လေး ငိုပြီး မျက်ရည်တွေကို သုတ်လိုက်သည်။ သူမ ရာဟန် ကို အရမ်းလွမ်းနေမိသည်။ သူ့ကိုသာ ပြန်တွေ့မည်ဆိုလျှင် ဘာမဆို စွန့်လွှတ်နိုင်သလို ခံစားရသည်။သို့သော် သူက မရှိတော့ပေ။ သူမ စိတ်ညစ်ညစ်နှင့် ထိုင်ချလိုက်ပြီး မျက်နှာကို ဒူးပေါ် မှောက်ချထားလိုက်၏။သူမ နှလုံးသားထဲတွင် တစ်ယောက်ယောက်ကို ဤမျှလောက်ထိ သူမ တစ်သက်လုံး အမြစ်တွယ်ထားနိုင်မည် မထင်ပေ။
အချိန်တွေကုန်သွားပြီး ရိုစီနာ အင်ပါယာကို ပြန်သွားရမည့်နေ့ ရောက်လာသည်။ သူမ အီလီယန် ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ခဲ့သည်။ ခါတိုင်းနှင့်မတူဘဲ၊ အီလီယန် က သူမအား အလျင်စလိုမလုပ်ရန်နှင့် ဂုဏ်သိက္ခာရှိစွာ အေးအေးဆေးဆေး သွားလာလှုပ်ရှားရန်သာ ပြောခဲ့သည်။ အီလီယန် နှင့် အချိန်အတော်ကြာ စကားပြောပြီးနောက် သူမ သင်္ဘောပေါ်သို့ တက်ခဲ့သည်။ သူမ စီးမည့်သင်္ဘောသည် သာမန်သင်္ဘောများထက် ပိုကြီးပြီး ခိုင်ခန့်သောကြောင့် သင်္ဘောသားများသာမက အာစတေးနီးယား မှ စစ်သည်များကိုပါ တင်၍ရပေသည်။
သူမသည် သင်္ဘောပေါ်တက်ပြီး အင်ပါယာသို့သွားစဉ် လမ်းတစ်လျှောက် ရင်တုန်ပန်းတုန် ဖြစ်နေရသည်။ လွတ်မြောက်အောင် သေမတတ်ကြိုးစားခဲ့ရသည့် နေရာကို ပြန်သွားရလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။... သူမတွင် အစီအစဉ်တစ်ခုရှိသော်လည်း တစ်စုံတစ်ခု မှားယွင်းသွားပါက အာစတေးနီးယား သို့ ပြန်နိုင်တော့မှာမဟုတ်၍ ကောင်းကောင်းအိပ်မပျော်နိုင်ပေ။
ရိုစီနာ သည် နေ့ရက်တိုင်းကို တိတ်တဆိတ် စိုးရိမ်ပူပန်နေချိန်တွင် သင်္ဘောသားများကြားတွင် ကောလဟာလများ ပျံ့နှံ့လာခဲ့သည်။ ညတိုင်း သင်္ဘောပေါ်တွင် ကလေးတစ်ယောက် အသံကို ကြားရသည်ဟူ၍ပင်။ ရွက်လွှင့်နေရင်း မကြာခဏဆိုသလို ကောလဟာလတွေက တစ်မျိုးပြီးတစ်မျိုး ထွက်ပေါ်နေတာကြောင့် လူတိုင်းက သိပ်လည်း ဂရုမစိုက်ကြပါပေ။ အလှည့်အပြောင်းများစွာဖြင့် အချိန်တွေ ကုန်ဆုံးသွားသည်မှာ တစ်လကျော်သွားပြီဖြစ်သည်။
ကြမ်းတမ်းသော ရေစီးကြောင်းမှ ထွက်လာသော သင်္ဘောကြီးသည် လှိုင်းလုံးများပေါ်တွင်လည်း ချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ သင်္ဘောပဲ့ထိန်းသည် သံလိုက်အိမ်မြှောင်ကို ကြည့်ကာ ရွက်တိုင်ပေါ်တက်သွားလျှင် အဝေးကြည့်မှန်ပြောင်းဖြင့် တစ်စုံတစ်ရာကို မြင်ပြီး လှမ်းအော်သည်။
"ဟိုမှာ ကုန်းမြေကို မြင်ရပြီ"
ထိုစကားကြောင့် ဆူညံနေသော သင်္ဘောသားတို့ ငြိမ်သက်သွားကြသည်။ နောက်ဆုံးတော့ သူတို့ လိုရာခရီးကို ရောက်ကြပြီဖြစ်သော်လည်း သူတို့ ပခုံးပေါ်တင်ထားရသည့် လေးလံလှသောတာဝန်တွေကြောင့် စိတ်လှုပ်ရှား မနေကြချေ။ သင်္ဘောထဲမှာ တည်းခိုနေသော ရိုစီနာ သည် သင်္ဘောဆိုက်ရောက်ချိန်၌ ကုန်းပတ်ဆီသို့ ထွက်လာခဲ့သည်။ အာစတေးနီးယား ပင်လယ်ပြင်နှင့်မတူဘဲ၊ အင်ပါယာနှင့်နီးကပ်လာသည်နှင့်အမျှ ပင်လယ်သည် မြစိမ်းရောင် ဖြစ်သွားသည်။ တဖြည်းဖြည်းနှင့် မြေထုကို မြင်လာရသည်။အင်ပါယာသည်လည်း အာစတေးနီးယား နှင့် ယှဉ်နိုင်လောက်အောင် ကျယ်ပြောလှသည်။
သူမ ငေးကြည့်နေရင်း ရင်ဘတ်ထဲက ဒရမ်သံလို တဒုန်းဒုန်းဖြစ်နေသည့် ရင်ခုန်သံကို ကြားလိုက်ရသည်။ သင်္ဘောကြီးသည် ရေစီးကြောင်းကို လျင်မြန်စွာဖြတ်ကူးပြီး ဆိပ်ကမ်းသို့ ဦးတည်သွားခဲ့သည်။ မြေကြီးအနားကို တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ အစက်လေးတစ်စက်လို သေးငယ်သည့်အရာတို့သည် ကောက်ကြောင်းတစ်ခုအဖြစ် စတင်မြင်ခွင့်ရလာသည်။ဤသည်ကား တော်ဝင်မိသားစုကို ကိုယ်စားပြုသော အလံများဖြင့် သံချပ်ကာတပ်ထားသော သူရဲကောင်းများ ရပ်နေပုံပင် ဖြစ်သည်။
သူရဲကောင်းများ၏ ရှေ့တန်းမှ လူတစ်ယောက်သည် ရိုစီနာ မျက်လုံးထဲသို့ ထင်းကနဲရောက်ရှိလာသည်။ အိမ်ရှေ့စံဇစ်ဂရစ်ပင်။ သူသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းကို ချီထား၏။ကုန်းပတ်ပေါ်မှာ ရပ်နေသည့် သူမကို တွေ့တွေ့ချင်း နှုတ်ခမ်းကို ကွေးညွတ်သွားအောင် ပြုံးလိုက်သည်။ အချိန်အတော်ကြာအောင် စောင့်မျှော်နေသည့် အရာတစ်ခုကို သူတွေ့လိုက်ရသလိုပင်။ ရိုစီနာ လက်သီးကိုဆုပ်ထားပြီး သူ့ကို တည့်တည့်ပြန်စိုက်ကြည့်နေလိုက်သည်။
သင်္ဘောသည် ဆိပ်ကမ်းသို့ မသွားဘဲ ကမ်းစပ်အနီး၌သာ ရပ်သွားလျှင် ကုန်းပတ်ပေါ်တွင် ရပ်နေသော သူမ ဖြည်းညှင်းစွာ ဆင်းလာသည်။သူမ တောင်းဆိုထားသည်မှာ ကုန်းပေါ်မှာမဟုတ်ဘဲ ပင်လယ်ပြင်တွင်သာ ဓားစာခံများကို လဲလှယ်ရန်ဖြစ်သည်။ သင်္ဘောသားတစ်ဦးနှင့် အာစတေးနီးယား သူရဲကောင်းတစ်ဦးတို့သည် လှေငယ်တစ်စင်းပေါ် ကို အရင်ဦးဆုံး အတူဆင်းသွားလိုက်ကြသည်။ ထို့နောက် သူမ ဂါဝန်ကို အသာမကာ လှေပေါ်သို့ တက်လိုက်သည်နှင့် လှေငယ်သည် ရှေ့သို့ တရွေ့ရွေ့ သွားပြီး အိမ်ရှေ့စံ နံဘေးမှ ဖြတ်သန်းသွားလေသည်။ သူတို့ ရှေ့က လှေငယ်တွင်လည်း လှေလှော်သမား၊ သူရဲကောင်းတစ်ဦးနှင့် ကေလာတို့ ရပ်နေကြသည်။
လှေငယ်သည် ရေပြင်ကို ဖြည်းညှင်းစွာ ဖြတ်ကျော်လာရာ ငြိမ်သက်နေသော ရေမျက်နှာပြင်သည် ကွဲထွက်သွားပြီး အဖြူရောင် ရေမြှုပ်များ ပြန့်ကျဲနေရသည်။ ချီတက်လာသော လှေနှစ်စင်းသည် နောက်ဆုံးတွင် အတူတကွ ပေါင်းဆုံမိသွားသည်။ ထိုအခါ လှေကို ရပ်လိုက်ကြပြီး ဓားစာခံနှစ်ယောက်ကို အစောင့်များက အသီးသီးဖမ်းကိုင်ထားလိုက်ကြသည်။ ကေလာ နှင့် ရိုစီနာ တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေမိကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကေလာ၏ ဖောင်းကားနေသည့် ပါးပြင်တွေက အနည်းငယ် ပိန်ကျသွားရှာသည်။
သူမကိုတွေ့လိုက်ရသောအခါ ကေလာ ၏ မျက်လုံးကြီးများမှာ မျက်ရည်များ ပြည့်လျှံသွားရသည်။ရိုစီနာ သည် သူမကြောင့် အင်ပါယာသို့ ပြန်လာခဲ့ရခြင်းအပေါ် ကိုယ့်ကိုယ်ကို အပြစ်မြင်နေပုံရသည်။ ဘယ်လိုခံစားချက်မျိုးမှ ရှိမနေသည့် ရိုစီနာ က ကေလာ ကို ပြုံးပြပြီး အရာအားလုံး အဆင်ပြေကြောင်း ပြော၍ နှစ်သိမ့်ပေးလိုက်သည်။
ထို့နောက် ရိုစီနာ သည် ကေလာ၏ လှေဘက်ကို ကူးလာတော့သည်။ကေလာက သူမကို စကားပြောချင်နေပုံဖြင့် ခေတ္တရပ်လိုက်သော်လည်း သူမကို ဖမ်းကိုင်ထားသော သူရဲကောင်းကနောက်ပြန်တွန်းလိုက်သောအခါတွင် သူမသည် အာစတေးနီးယား ဘက်က လှေပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။ထို့နောက် ဓားစာခံနှစ်ဦးကို တစ်ပြိုင်နက် လဲလှယ်လိုက်သောအခါ အိမ်ရှေ့စံက လှေသမားအား လှေလှော်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။စကားစမြည်ပြောဖို့တောင် အချိန်မပေးတော့။
ထို့နောက် ရိုစီနာ ကို တင်ဆောင်လာသော လှေငယ်သည် အင်ပါယာဘက်မှ ကုန်းပေါ်သို့ ဆန်တက်သွားသည်။ ကေလာ၏ အော်ဟစ်သံကို နောက်ကနေ ကြားလိုက်ရသော်လည်း ကေလာ စိတ်တည်ငြိမ်သွားအောင် ဘာမှ မစွမ်းဆောင်နိုင်ခဲ့ပေ။ သိပ်မကြာခင်မှာ၊ သူမတို့ လှေငယ်ဟာ ကုန်းပေါ်ကို ရောက်လာခဲ့ပါသည်။
သူမ မတ်တပ်ထရပ်လိုက်လျှင် အနောက်က သူရဲကောင်းက သူမကို ဖမ်းဆွဲထားပြီး အတင်းဆင်းခိုင်းဖို့ကြိုးစားနေ၍ သူမ အေးစက်စက် ပြောလိုက်သည်။
Xxxxx