အပိုင်း ၉၀
Viewers 15k

Chapter 90

"ကိုယ့်ဘာသာ လျှောက်မယ်"

သူရဲကောင်းသည် သူမအသံထဲမှ ခံစားနိုင်သောအားမာန်ကို ခံစားလိုက်ရသဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။သူမ ဟိုဒီလှမ်းကြည့်လိုက်တော့ သဲဖြူဖြူတွေက မျက်လုံးထဲကို တိုးဝင်လာကြသည်။ လအနည်းငယ်ကြာပြီးနောက်မှ သူမ ပြန်လာဖြစ်ခဲ့သော အင်ပါယာသည် သူမနှင့် မရင်းနှီးသေးသလိုဖြစ်ကာ ရင်းနှီးနေသလိုလည်း ရှိသည်။သူမ နေကို လက်နှင့်ကာထားပြီး ခေါင်းကို မော့လိုက်သည်။ နေရောင်ခြည်သည် သဲဖြူဖြူပေါ်မှ ရောင်ပြန်ဟပ်ကာ သူမ အသားအရည်ပေါ်ကို အရိပ်လာထင်နေ၏။

ဇီဂရစ် သည် သူမနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်သည်။ နေရောင်အောက်တွင် သူ့ရွှေရောင်ဆံပင်များသည် နေမင်းဆီက အပိုင်းအစတစ်ခုကဲ့သို့ တလက်လက် ဖြစ်နေသည်။ သူ ပြုံးနေသော်လည်း သူ့မျက်လုံးထဲမှ အပြာရောင် ရောင်ခြည်တို့က စူးရဲနေ၏လိုပင်။သူ့ကို မြင်မြင်ချင်း သူမ မျက်နှာထား တင်းမာသွားရလေသည်။

"မတွေ့တာကြာပြီနော် ရိုစီနာအက်စတာရော့"

နူးညံ့သည့် အသံနှင့် နှုတ်ခွန်းဆက်သံကို ကြားလိုက်ရသောအခါ သူမ အေးစက်စွာ တုံ့ပြန်လိုက်သည်။

"ကျွန်မ အကြိမ်ကြိမ်ပြောပေမယ့် အရှင့်သားက ကျွန်မနာမည်ကို မှားခေါ်တုန်းပဲ...အရှင့်သား"

ဇီဂရစ် က ရယ်စရာကောင်းသည့် စကားကို ကြားလိုက်ရသလိုမျိုး မျက်ရည်ထွက်လာအောင် ရယ်မောလိုက်သည်။

"မင်းက မင်းကိုယ်မင်း တတိယမင်းသမီးလေးလို့ ပြောနေတာလား"

ရိုစီနာ က မဖြေ။ ရာဟန် ကွယ်လွန်သွားခဲ့လျှင်တောင် သူမသည် သူ၏ တရားဝင်ဇနီးသာ ဖြစ်သည်။ သူမတို့ နှစ်ယောက်ကြားက ဆက်နွယ်မှုကို ဘယ်လိုနည်းနှင့်မှ မဖြတ်ချင်ပေ။

“အင်း....ဘာပဲ ဖြစ်ဖြစ် မင်းက အခု ကိုယ့်လက်ထဲမှာ ရှိတယ်"

သူ့မျက်နှာနှင့် လေသံထဲတွင် လွတ်လပ်နေသည့် ခံစားချက်မျိုးရှိသည်။သူမ ခန့်မှန်းထားသည့်အတိုင်းပင် အီလီယန် အကြောင်းကို တစ်စက်မှတောင် ထည့်မပြောပေ။ တော်ဝင်မြေးတော်အား ပြန်ပေးဆွဲရန် အကြောင်းပြ၍ သူမကို ခေါ်ခြင်းဖြစ်သော်လည်း၊ယခုတော့ သူ့မျက်နှာဖုံးက အမှန်ပင် ကွာကျလာ၏။သူမ ဇီဂရစ် ကို မော့ကြည့်လိုက်သည်။ သူ့ကိုမမြင်ရသည်မှာ ကြာပြီဖြစ်သော်လည်း သူ့စွမ်းအားတွေက ပိုပြီး အားကောင်းလာသလိုပင်။

"ကျွန်မကို ဘာလုပ်ခိုင်းမှာလဲ"

"မင်း ကောင်းကောင်း မသိဘူးလား"

သူမ ဘာမှပြန်မပြောသည့်အခါ ဇီဂရစ် က တည်ငြိမ်စွာပြောခဲ့၏။

“ တော်ဝင်ဈာပနပွဲကို တစ်ပတ်အတွင်း ကျင်းပမှာ”

သူမ မျက်လုံးပြူးသွားသည်။ ရာဟန် ၏ ဈာပနကို ကျင်းပမည်ကို သူမသိထားသော်လည်း အချိန် အတိအကျကို သူမ မသိရပေ။သူမ နှုတ်ခမ်းအတွင်းပိုင်းကို အနည်းငယ် ကိုက်ထားလိုက်သည်။ သူမသည် ရာဟန် ကို နောက်ဆုံးအကြိမ်အဖြစ် ပန်းတစ်ပွင့်ပေးချင်သော်လည်း သူမ တက်ရောက်နိုင်မှာ မဟုတ်ပေ။ မြို့တော်ကို မရောက်ခင်ပဲ သူမ ဤနေရာကနေ ထွက်သွားရမှာပင်။

“အဲဒါဆို နန်းတော်ဆီ ပြန်သွားပြီးမှပဲ ဆက်လုပ်ကြတာပေါ့နော်"

ဇီဂရစ် က လက်ကို ဝှေ့ယမ်းပြလိုက်သောအခါ အတွင်း၌ ရပ်ထားသည့် ရထားလုံးတစ်စင်းသည် ချဉ်းကပ်လာသည်။

"တက်ပါ"

ရိုစီနာ သည် စကားတစ်ခွန်းမှ မပြောဘဲ ရထားပေါ်တက်စဉ် ဇီဂရစ် လည်း လိုက်တက်ရန် ကြိုးစားခဲ့သည်။ ဤသည်ကိုမြင်တော့ သူမ ပြတ်ပြတ်သားသားပြောလိုက်သည်။

"ကျွန်မက ခင်ပွန်းသည်ရှိတဲ့ အမျိုးသမီးပါ"

ဆိုလိုတာက သူမဟာ အပြင်လူနှင့်အတူ ရထားတစ်စီးတည်း တွဲမစီးနိုင်ဘူးဟု ဆိုလိုက်တာပင်။သူမစကားကြောင့် ဇီဂရစ် မျက်မှောင်ကြုတ်လိုက်သော်လည်း ပြဿနာတက်မှာစိုးတာကြောင့် ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်၏။လက်ရှိအချိန်မှာတော့ သူမ လုပ်ချင်တာကို လုပ်ခွင့်ပေးမည်ဆိုသည့် သဘောထားကိုသာ ကျင့်သုံးရပေမည်။

မြို့တော်သို့ ပြန်ရောက်သောအခါမှ၊သူကြိုက်သလို ပြုမူခွင့်ရှိသည်။ ရထားတံခါးကို ပိတ်လိုက်သည်နှင့် အပြင်ဘက်မှ သော့ခတ်သံ ချောက်ကနဲကို ကြားလိုက်ရလျှင် သူမလည်း အောင့်ထားသော အသက်ကို ရှူထုတ်လိုက်မိလေသည်။ထို့နောက် ကန့်လန့်ကာများကို လိပ်တင်ကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။ ရထား တစ်ဖက်တစ်ချက်စီတွင် သူရဲကောင်းရှစ်ဦး ရပ်နေကြသည်။ လုံခြုံရေးက တင်းကျပ်လွန်းတာကြောင့် သူမကို လွတ်မြောက်ဖို့ အခွင့်အရေးလေး တစ်ခုတောင် မပေးထားပေ။

ခဏအကြာတွင် ရထားတွဲသည် တလှုပ်လှုပ်နှင့် စတင်ရွေ့လျားလာတော့သည်။ သူမ ကုလားထိုင်ပေါ် ပြန်လှဲချလိုက်ရင်း တုန်ခါနေသော နှလုံးခုန်သံကို နားထောင်နေမိ၏။ သူရဲကောင်းများသည် ယခုအချိန်ကစပြီး သင်္ဘောပေါ်မှ ဆင်းကာ သူမတို့ ရထားတွဲကို လျှို့ဝှက်စွာ လိုက်ကြရမည်ဖြစ်သည်။သူမ မျှော်မှန်းထားသည့်အတိုင်း အိမ်ရှေ့စံကို ခေါ်ဆောင်လာသော သူရဲကောင်းများသည် အယောက် ၃၀ ခန့်သာ ရှိသည်။ထို့နောက် သူမသည် ရထားလုံးပေါ်ရှိ လက်ကိုင်ပုဝါတစ်ထည်ကို ပြတင်းပေါက်နားတွင်အသာ ချိတ်ထားလိုက်သည်။

တာဝန် ပြီးဆုံးပြီးနောက် သူမလည်း လုံးဝစိတ်အေးလက်အေးနှင့် မျက်လုံးကိုမှိတ်ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကေလာ အဆင်ပြေနေကြောင်းကို တွေ့လိုက်ရ၍ သူမ အတော်လေး စိတ်ချမ်းသာမိသည်။ သူမ တစ်ချက်ဝမ်းနည်းမိသည်က အင်ပါယာကို လှည့်စားလိုက်သည့်ကိစ္စအား ကေလာ ကို မပြောထားရ သေးတာပင်။ သူမသာ အင်ပါယာအကြောင်း မပြောလျှင် ကေလာလည်း တော်ဝင်အကယ်ဒမီကို တက်ဖို့ တွေးမှာ မဟုတ်ပေ။

သို့သော်လည်း ဖြစ်ပျက်ခဲ့ပြီးသား ကိစ္စ ဖြစ်နေတာကြောင့် ထည့်တွက်စရာမလိုတာ့သလို၊ကေလာ တစ်ယောက် အာစတေးနီးယားကို ပြန်နိုင်ခဲ့သည့်အတွက် ကံကောင်းတာပင်။ အခုကျန်နေသေးသည့် ကိစ္စက သူမ ဘေးကင်းစွာ ပြန်လာဖို့ပင် ဖြစ်၏။

ရထားက မြို့ထဲကို အမြန်ဝင်သွားသည်။ ရထားသည် ဇိမ်ခံရထားလုံးမျိုးဖြစ်ပြီး လိုက်ပါပို့ဆောင်သည့် သူရဲကောင်းအရေအတွက်မှာ အယောက် 30 ဖြစ်သောကြောင့် လူအများက အာရုံစိုက်လာကြသည်။ သူမ စိုးရိမ်တကြီးနှင့် ဘေးဘီကိုလှည့်ကြည့်လိုက်သည်။ လမ်းမကြီးကိုဖြတ်ပြီး တောထဲကိုဝင်သွားရမည်ဖြစ်သည်။ သူမ ကြောက်ရွံ့နေပြီး တုန်လှုပ်နေပါက တစ်သက်လုံး မရုန်းထွက်နိုင်ခြေ မြင့်မားသည်။

နေဝင်စပြုလာသည်နှင့်အမျှ အပြင်ဘက်ရှုခင်းသည် သစ်ပင်ရိပ်များဖြင့် ပြည့်နှက်လာရပြီး အဆောက်အဦးများစွာကိုလည်း သိပ်မမြင်ရတော့ချေ။ နောက်ဆုံးတွင် မြို့ထဲမှထွက်၍ တောထဲသို့ ဝင်သွားခဲ့ပုံရသည်။ ရိုစီနာ သည် ကျေးငှက်တွေ၏ အသံကို တိတ်တဆိတ် နားထောင်နေမိသည်။ငှက်ကလေးတွေက အာစတေးနီးယား ဘက်တော်သားများသည် သူမတို့ ရထားလုံးနောက်ကနေ လိုက်နေသည်ဟု ပြောနေတာဖြစ်သည်။ ထို့နောက် သိပ်မကြာမီ ငှက်အော်သံတို့ လုံးဝရပ်တန့်သွားရပြီး ရထားလုံးကလေးသည် တဒုန်းဒုန်းအသံနှင့် ပြင်းထန်စွာ တုန်ခါသွားကာ အပြင်မှ အသံများကပါ ရောထွေးလာသည်။

"ဒါ ခြုံခိုတိုက်တာပဲ"

တစ်ခဏချင်း အံ့အားသင့်ဖွယ်မြင်းများအော်သံနှင့် ဓားခုတ်သံများ ပဲ့တင်ထပ်လာပြန်သည်။ပတ်ဝန်းကျင်က မှောင်နေပြီး ရုတ်တရက် တိုက်ခိုက်လာတာကြောင့် ကောင်းကောင်း မတိုက်နိုင်ခဲ့ပေ။ထိုစဉ် ရထားတံခါးမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ သတ္တုအပိုင်းအစကို ဖယ်ရှားလိုက်သလိုပင်။ သူမ တစ်ချက်လန့်သွားကာ အတွင်းထဲကို ကျုံ့ဝင်လိုက်သည်နှင့် တံခါးက ကျယ်လောင်သော အသံနှင့်အတူ ပွင့်သွားသည်။

"မင်းသမီး"

တစ်စုံတစ်ယောက်သည် ပွင့်နေသော တံခါးအနားကို ရောက်လာရာ သူမ ထိုသူ၏ အင်္ကျီလက်မောင်းပေါ်က ကြယ်သီးပုံကို တစ်ချက်ကြည့်လိုက်မှ အာစတေးနီးယား သူရဲကောင်းမှန်း သဘောပေါက်သွားရသည်။ထို့နောက် သူမ ချက်ချင်းထကာ ရထားပေါ်မှ ခုန်ချပြီး ပြေးသွားလိုက်သည်။ သူမ အပြင်ကိုလည်း ရောက်လျှင် ရှုပ်ယှက်ခတ်နေကြသည့် ပတ်ဝန်းကျင်ကို စိုက်ကြည့်မိ၏။ အာစတေးနီးယား ဘက်မှ တပ်သားများနှင့် တော်ဝင်သူရဲကောင်းများသည် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ။သို့သော်လည်း အာစတေးနီးယား က စစ်ရေးအရ သာလွန်နေသည်။ တစ်ချိန်တည်းမှာပင် အာစတေးနီးယား သူရဲကောင်းများသည် သူမ လွတ်လာသည်ကို မြင်သွားကြပြီး တိုက်နေကြ ပြိုင်ဖက်များကို အနိုင်ယူကာ သူမဆီသို့ ပြေးလာကြသည်။

"ရိုစီနာ အက်စတာရော့"

သူမအား လှမ်းခေါ်နေသည့် အသံကြီးကို အဝေးကနေ ကြားနေရ၍ နောက်ပြန်လှည့်ကြည့်လိုက်မိသည်။ ဇီဂရစ် သည် လက်ထဲတွင် ဓားတစ်လက်ဖြင့် သူမဆီ ပြေးလာသည်ကို တွေ့လိုက်ရသည်။ နှောင့်နှေးနေဖို့ အချိန်မရှိတော့ပေ။

"ကျေးဇူးပြုပြီး မင်းသမီး မြင်းပေါ် အမြန်တက်ပါ"

တော်ဝင်သူရဲကောင်းများနှင့် တိုက်နေဆဲဖြစ်သော အာစတေးနီးယား သူရဲကောင်းတစ်ဦးက မြင်းကို မေးဆတ်ပြရင်းသတိပေးလိုက်သည်။ ထိုအခါ သူမလည်း မြင်းပေါ်တက်ရန် ဂါဝန်စကို ပင့်မလိုက်ချိန်မှာ ကျယ်လောင်သော ဆူညံသံနှင့်အတူ အိမ်ရှေ့စံ တစ်ယောက် မြင်းဖြင့် ဒုန်းစိုင်းပြေးလာနေသည်ကို တွေ့ရလေသည်။သူမလည်း အံ့ဩသွားရသလို သူရဲကောင်းတွေလည်း မင်တက်သွားကြ၏။

"ကျွန်တော့်လက်ကို ဆွဲ"

ထို့နောက် မြင်းစီးသူရဲကောင်းက သူ့လက်ကို ဆန့်တန်းလိုက်ခါမှ ရိုစီနာ အသိစိတ်ပြန်ကပ်လာပြီး မြင်းပေါ်တက်ဖို့ ထိုသူ့လက်ကို ဆုပ်ကိုင်ဖို့ ကြိုးစားမိသည်။

"ဟိတ်....မင်းက ဘယ်သွားမလို့လဲ"

ဇီဂရစ် သည် သူမ လက်တစ်ဖက်ကို ဆွဲဖမ်းထားလိုက်၍ သူမ သူရဲကောင်းထံ လက်လှမ်းမမှီတော့ပေ။ထို့နောက် သူမ မြေကြီးပေါ်သို့ လဲကျသွားစဉ် ဇီဂရစ် က သူမအား ငုံ့ကြည့်ကာ မေးလာသည်။

"မင်း ကိုယ့် အနားက​နေ ထွက်သွားလို့ရနိုင်​မယ်​ထင်​လား"

ဇီဂရစ် ၏ မျက်လုံးများသည် ရူးသွပ်မှုဖြင့် တလက်လက်တောက်ပနေသည်။သူမ ထိုမျက်လုံးများကို ကြည့်နေရင်း...

"…ရှင် ရူးနေပြီပဲ"

"မင်းသမီး"

ချက်ချင်းပင် သူမတို့ ဘေးပတ်ပတ်လည်မှာရှိသည့် အာစတေးနီးယား သူရဲကောင်းတွေက ဇီဂရစ် ကို တိုက်ခိုက်ကြလေတော့သည်။ ဇီဂရစ်ကလည်း သူမ အင်္ကျီကို ဆွဲထားသော လက်အား ဖယ်လိုက်ပြီး သူ့ဆီ ပျံဝဲလာနေသည့် ဓားရှည်ကို သူ့ဓားနှင့် ပုတ်ထုတ်လိုက်သည်။သူမ အတွက် နောက်ဆုံးအခွင့်အရေးမှန်း သိလိုက်ရတော့ သူမ အတင်းခုန်ထလိုက်၏။

ထိုအချိန်တွင် ကမ္ဘာမြေကြီးက နှစ်ခြမ်းကွဲထွက်သွားသလိုမျိုး တောအုပ်အတွင်းမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။ သူမကို ကူညီရန် အသင့်ဖြစ်နေကာ တိုက်ပွဲမှာပါ ဝင်တိုက်နေကြသော သူရဲကောင်းများပင် ခြွင်းချက်မရှိ အသံလာရာဘက်ကို ကြည့်လိုက်ကြသည်။ထို့နောက် အမှောင်ထဲတွင် ထူးဆန်းသော အလင်းရောင်နှင့်အတူ ကြီးမားသော အရာတစ်ခုသည် တစ်လှမ်းချင်း သူတို့အနားကို တိုးကပ်လာသည်။ မြေကြီးလှုပ်သံမှာလည်း ထိုအရာ၏ ခြေသံဖြစ်ရမည်။ထိုစဉ် သူတို့အထဲမှ လူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

“ဟာ…မကောင်းဆိုးဝါးကြီး"

“ဟာ...မကောင်းဆိုးဝါးကြီး…”

အရွယ်အစားကြီးမားသော မကောင်းဆိုးဝါးတစ်ကောင်ပင်။ ဤမျှ ကြီမားသော အကောင်မျိုး သူမ တစ်ခါမှ မမြင်ဖူးပေ။ မကောင်းဆိုးဝါး ရုတ်တရက်ပေါ်လာသောအခါ၊နေရာတစ်ဝိုက်တွင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ နက်နဲသော အမှောင်ထုထဲတွင်ပင် မကောင်းဆိုးဝါး၏ မျက်လုံးများသည် မီးတောက်များကဲ့သို့ လင်းလက်နေသည်။ မှောင်နေတော့ မည်မျှကြီးမားသည်ကို သူမ အတိအကျ မသိနိုင်သော်လည်း အဆောက်အဦးကြီးတစ်ခုခန့် ကြီးမားတာကတော့ သေချာသည်။ ချက်ချင်းဆိုသလို တော်ဝင်တပ်များ ဆုတ်ခွာသွားကြသည်။

သူတို့သည် မကောင်းဆိုးဝါးများနှင့် မတိုက်ခိုက်နိုင်ကြောင်းကို မည်သူမဆို ကောင်းကောင်းသိသည်။ အာစတေးနီးယား သူရဲကောင်းများကလည်း ခြေတစ်လှမ်းဆုတ်ကာ မကောင်းဆိုးဝါးများကို သတိထား ကြည့်နေကြသည်။ သို့သော် ၊များနှင့် တစ်ခါမှ တိုက်ပွဲမဝင်ဖူးစလို၊ကြုံလည်းမကြုံးဖူးတာကြောင့် သိပ်မရှောင်ခဲ့ကြပေ။

တောထဲကထွက်လာသည့် မကောင်းဆိုးဝါးကြီးက ထူးဆန်းစွာ အော်ဟစ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အသံကြောင့် လူတိုင်း၏ မျက်နှာများသည် ဖြူဖျော့သွားကြသည်။ မကြာခင်မှာ မြေပြင်ကို တုန်ခါသွားစေသည့် ခြေသံတွေနှင့်အတူ မကောင်းဆိုးဝါးသည် သူရဲကောင်းတွေဆီ ပြေးသွားခဲ့၏။ထိုအခါ အာစတေးနီးယား သူရဲကောင်းများသည် ရိုစီနာ ကိုကာကွယ်ရန် ရှေ့တိုးလာခဲ့ပြီး မကောင်းဆိုးဝါးကြီးကို ဓားနှင့် ထိုးခုတ်ပစ်လိုက်ကြ၏။ သို့သော် ချွန်ထက်သောဓားသည် မကောင်းဆိုးဝါး၏အရေပြားကိုပင် မခြစ်နိုင်ပေ။

"ကျား"

အော်ဟစ်သံများ တစ်ခဲနက် ထွက်ပေါ်လာပြီး အာစတေးနီးယား သူရဲကောင်းများသည် သစ်ရွက်များကဲ့သို့ လဲကျနေစဉ် ရိုစီနာ က စူးကနဲ တစ်ချက် အော်ဟစ်လိုက်သည်။ ထိုအသံကြောင့် မကောင်းဆိုးဝါးသည် မလှုပ်မရှားဘဲ ချက်ချင်း ရပ်သွားလေသည်။ နက်ပြာရောင် မျက်လုံးများ လှည့်၍ ရိုစီနာ ဘက်သို့ လှည့်သွားသည်။ မကောင်းဆိုးဝါးနှင့် အကြည့်ချင်းဆုံပြီးနောက် ရိုစီနာ ၏ခန္ဓာကိုယ်သည် တောင့်တင်းလာရသည်။ သူမအနားကို ချဉ်းကပ်လာသော မကောင်းဆိုးဝါးသည် ပါးစပ်ကိုအကျယ်ကြီးဖွင့်လိုက်ရာ အဖြူ‌ေရာင်အခိုးအငွေ့များဖွားကနဲ လွင့်ထွက်လာကြတော့သည်။

- မင်းကိုယ်ထဲမှာ ငါတို့ရဲ့ အစွမ်းတွေကို ငါခံစားလို့ရတယ်…

တဖန် မကောင်းဆိုးဝါး၏ စကားများကို သူမ နားနှင့်ဆတ်ဆတ် ကြားလိုက်ရသည်။

"မင်းသမီး"

အာစတေးနီးယား သူရဲကောင်းတစ်ယောက်သည် မကောင်းဆိုးဝါးကြီးကို ဓားနှင့် ဝင်တိုက်ခိုက်ရင်း အော်ဟစ်လိုက်သည်။ သူ့ဓားချက်က မကောင်းဆိုးဝါးကို ဘာမှမထိခိုက်စေသော်လည်း ခဏတာ အာရုံလွှဲလို့ ဪပေသည်။

“အခု ထွက်ပြေးတော့"

ထိုအခါ ရိုစီနာ ချက်ချင်းပြေးသွားမိသည်။မကောင်းဆိုးဝါးလက်ထဲမှ မလွတ်မြောက်နိုင်လျှင် သူမတို့ဘက်မှ စွန့်လွှတ်အနစ်နာခံမှုသည် အချည်းနှီးဖြစ်သွားလိမ့်မည်။ သူမ မြင်းပေါ်ချက်ချင်းတက်သွားလိုက်ရာ ဇက်ကြိုးကိုင်ထားသည့် သူရဲကောင်းကလည်း မြင်းကို အသော့နှင်ပါတော့သည်။

ထိုအခါ ဇီဂရစ် မကောင်းဆိုးဝါး ရှေ့မှ လျင်မြန်စွာ ထွက်ပြေးလာပြီး သူမ စီးနင်းလာသော မြင်း၏ ခြေထောက်များကို လက်ထဲမှ ဓားရှည်ဖြင့် ဖြတ်လိုက်သည်။ နာကျင်မှုတွေနှင့် ပြည့်နှက်နေသည့် မြင်းဟည်သံ တစ်ခုထွက်ပေါ်လာပြီး မြင်းက အထိန်းအကွပ်မရှိ ဖြစ်သွား၍ မြင်းစီးနေသော ရိုစီနာ နှင့် သူရဲကောင်းတို့ မြေပြင်ပေါ်သို့ လဲကျသွားစဉ် ဇီဂရစ် သည် ရိုစီနာ ဆံပင်ကို ဆောင့်ဆွဲလိုက်သည်။

"မင်းက ဘယ်သွားမလို့လဲ"

ရိုစီနာ အားကနဲ ညည်းညူရင်း ခေါင်းမှဆံပင်ကို ဆွဲခံထားရတာကြောင့် ဆတ်ကနဲ မော့သွားရသည်။ ဇီဂရစ် ၏ မျက်လုံးများသည် ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည်။သူသည် သူမ ဆံပင်ကိုဆွဲကာ အတင်းဆွဲထုတ်ရန်ကြိုးစားနေသည်။

"ငါ့ကိုလွှတ်စမ်း....လွှတ်"

ရိုစီနာ ၏အော်သံကြောင့် သူရဲကောင်းများနှင့် တိုက်နေသော မကောင်းဆိုးဝါးသည် ဤနေရာသို့ ပြေးလာခဲ့သည်။ မကောင်းဆိုးဝါးက အနားကို ရောက်လာသည်နှင့် ဇီဂရစ် ဓားကို ပြန်ကိုင်ထားလိုက်သည်။ အချိန်ခဏလေးသာ၊ သို့သော်လည်း ရိုစီနာ နှင့် ထိတွေ့မိသည့်အခါ အရင်ကနှင့် ယှဉ်လို့မရသည့် စွမ်းအင်တွေ ပြည့်လျှံနေသလို ခံစားလိုက်ရ၏။ထို့‌နောက် သူ့ဓားကို မကောင်းဆိုးဝါးဆီသို့ ချက်ချင်း လွှဲပေါက်လိုက်လျှင် စောစောက အရာမထင်သော မကောင်းဆိုးဝါး၏ အရေပြားမှာ ပြတ်ရှရာ တစ်ခုထင်သွားရတော့သည်။ သွေးစိမ်းများ စီးကျလာသည်နှင့်အမျှ မကောင်းဆိုးဝါးကြီးခမျာ စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ ဇီဂရစ် ပါ ကြောင်သွားရသည်။သူကိုယ်တိုင်က တစ်စက်မနားဘဲ မကောင်းဆိုးဝါးကို အင်တိုက်အားတိုက် တိုက်ခိုက်သင့်သော်လည်း တစ်ခါမှ တိုက်ပွဲအတွေ့အကြုံမရှိတာကြောင့် နည်းနည်းတော့ လန့်မိသည်။

ထို့နောက် မကောင်းဆိုးဝါးသည် လက်သည်းများဖြင့် ရွယ်ကာ ဇီဂရစ် ကို တိုက်ခိုက်တော့သည်။ ဇီဂရစ်သည် လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း သူ၏ ၀တ်ရုံနှင့် လက်မောင်းပေါ်ရှိ အသားဖတ်တစ်ချို့မှာ တိကနဲ ပြတ်ကျသွားရသည်။ သူ ဒဏ်ရာကို လက်တစ်ဖက်ဖြင့်ဖိထားစဉ် မကောင်းဆိုးဝါးကြီးက လက်သည်းကို ထပ်ပြီး မြှောက်ရွယ်ကာ သူ့ဆီကို ပြေးလာပြန်၏။ဇီဂရစ် ဓားကိုဆွဲကိုင်ပြီး အသင့်ပြင်ထား၍ ဓားနှင့် မကောင်းဆိုးဝါး၏ ဝမ်းဗိုက်ကို ထိုးဖောက်လိုက်တော့သည်။

ထိုအခါ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ကြီးသည် သွေးစိမ်းများ တသွင်သွင် ထွက်လာကာ လဲကျသွားတော့သည်။ ဇီဂရစ် သည် မကောင်းဆိုးဝါးကောင်ကို နောက်ဆုံးအနိုင်ယူလိုက်နိုင်ပြီဖြစ်သည်။ ချပ်ဝတ်တန်ဆာကဲ့သို့ မာကျောသော မကောင်းဆိုးဝါး၏ ကိုယ်ခန္ဓာသည် ယခုအခါ တို့ဟူးကဲ့သို့ ပျော့ပျောင်းသွားခဲ့သည်။ ဇီဂရစ် ဓားကို ကိုင်ထားပြီး ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးကာ မကောင်းဆိုးဝါးကို ငုံ့ကြည့်နေလိုက်သည်။

ထိုအချိန်မှာ တစ်ကိုယ်လုံး သွေးထွက်နေသော မကောင်းဆိုးဝါးသည် ရိုစီနာ ထံသို့ လက်လှမ်းထားကာ...

- မင်း... ပြေးတော့...

သို့သော် မကောင်းဆိုးဝါးသည် ဆက်မပြောနိုင်တော့ပေ။အကြောင်းမှာ ဇီဂရစ် က သူ့ဓားဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ ထပ်မံထိုးဖောက်လိုက်ခြင်းကြောင့်ဖြစ်သည်။

ဇီဂရစ် ဓားကို ဆွဲထုတ်ရင်း ပြုံးလိုက်သည်။ အမှောင်ထဲမှာတောင် သူ့အပြုံးက တောက်ပနေလျက်ပင်။ ထို့နောက် ထွက်ပြေးရန် ပြင်နေသော ရိုစီနာ အနားကို တိုးလာကာ သူ့ရင်ခွင်ထဲသို့ ကြမ်းတမ်းစွာ ဆွဲခေါ်သွားသည်။ ရိုစီနာ သူ့ကို အားအင်အပြည့်နှင့် တွန်းထုတ်သော်လည်း သူ့ခန္ဓာကိုယ်က ကျောက်တုံးလို မာကျောလှသည်။သူမနှင့် ပိုနီးလာလေလေ၊ သူ့အစွမ်းက အားကောင်းလေလေပင်။ သူမ ရှေ့မှာဆို သူ့စွမ်းအားကို ဖုံးကွယ်ထားသည့် ရာဟန် နှင့် မတူဘဲ သူမကို ထုတ်ဖော်ပြသဖို့ စိတ်အားထက်သန်သူတစ်ယောက်ပင်။သူမ အစွမ်းကုန် ခုခံနေစဉ် ဇီဂရစ် သည် သူမ၏ ဂုတ်ပိုးကို တစ်ချက်ဆောင့်ရိုက်လိုက်ရာ သူမ ပျော့ခွေကာ သတိလစ်သွားတော့သည်။

အာစတေးနီးယား သူရဲကောင်းများသည် အိမ်ရှေ့စံကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း တော်ဝင်တပ်များ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရသည်။ သူတို့မှာ မကောင်းဆိုးဝါးကြီးကို အပြေးအလွှားတိုက်မိ၍ ဒဏ်ရာရသွားတာကြောင့် တော်ဝင်သူရဲကောင်းတွေနှင့်တောင် မယှဉ်နိုင်တော့။

ဇီဂရစ် သည် ရိုစီနာ ကို ရထားလုံးများဆီသို့ လျှောက်သွားသည်။ တောထဲတွင် ဓားခုတ်သံများနှင့် အော်ဟစ်သံများမှာ ခဏကြာပြီးနောက် တိတ်ဆိတ်သွားရသည်။ ဇီဂရစ်သည် ရထားပေါ်တက်ပြီး ရိုစီနာ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမကို ခဏလောက် မျက်စိမှိတ်ထားလိုက်ချိန်မှာ ထွက်ပြေးဖို့ ကြိုးစားခဲ့သည်မို့ အခုချိန်မှာတော့ သူ့ဘေးမှာထားပြီး စောင့်ကြည့်ရမည်။ထို့နောက် သူမ အနီရောင်ဆံပင်ကို ပွတ်သပ်လိုက်ပြီး ရထားလုံးမောင်းသမားကို အမိန့်ပေးလိုက်၏။

"သွားကြရအောင်"

သူပြောပြီးသည်နှင့် ရထားလုံးကလည်း လှိမ့်ထွက်လာတော့သည်။

***