အပိုင်း ၉၁
Viewers 13k

Chapter 91

အနက်ရောင် ၀တ်စုံနှင့် လူတစ်ယောက် သည် ထူထပ်လှသော တောအုပ်ထဲကို မြန်မြန် လျှောက်သွား၏။ သူ့ပတ်ဝန်းကျင်ကလည်း အနက်ရောင် ၀တ်စုံဖြင့် ဖုံးလွှမ်းထားသကဲ့သို့ အမှောင်ထုက လွှမ်းခြုံထားသည်။ တောနက်ကြီးဆီသို့ သွားနေသော ထိုလူသည် ရင်းနှီးနေသော အနံ့ကြောင့် ခဏရပ်လိုက်သည်။ထိုအနံ့ကား မကောင်းဆိုးဝါး၏ အလောင်းမှ ထွက်လာသော အနံ့ပင်။သူ တစ်ချက် လျှောက်ကြည့်လိုက်လျှင် မြေကွက်လပ်နေရာတစ်ခုကို တွေ့ရလေသည်။ပတ်ဝန်းကျင်က သစ်ပင်တွေကို ခုတ်လှဲပြီး ဖန်တီးထားသည့် မြေလွတ်မြေကွက်တစ်ခုဖြစ်သည်။ ပြိုလဲနေသော သစ်ပင်များမှတစ်ဆင့် သွေးစွန်းကွက်များကို ရှင်းရှင်းလင်းလင်းမြင်ရသည်။

သခင်ကို ဆုံးရှုံးသွားသော ဓားရှည်အနည်းငယ်သည် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်နေပြီဟု ညွှန်ပြနေပုံရသည်။ ထိုလူသည် အနည်းငယ် နောက်သို့ လှည့်၍ မလှမ်းမကမ်းတွင် မကောင်းဆိုးဝါးတစ်ကောင်၏ အလောင်းသည် တစ်စစီ ပြန့်ကျဲနေ၏။ သူ့ခန္ဓာကိုယ်မှာ ဖြတ်တောက်ထားခြင်း ခံရပြီး မူလပုံစံကိုပင် မှတ်မိနိုင်ခြင်းမရှိပေ။ တတိယမင်းသား ရာဟန် သာလျှင် ထိုကဲ့သို့သော မကောင်းဆိုးဝါးမျိုးနှင့် ရင်ဆိုင်နိုင်တာဖြစ်သည်။

ဒါပေမယ့် ဒါက….

ထိုလူက မြေကြီးကို ငုံ့ကြည့်လိုက်ရာ ရထားဘီးဖြင့် နင်းမိထားသော မြက်ပင်ကို တွေ့သွားသည်။ ကောင်းကင်တွင် တိမ်တိုက်များ လွင့်ပျံလာပြီး လရောင်သည် ထိုလူ၏ မျက်နှာပေါ်ကို ဖြည်းညှင်းစွာ ဖြာကျလာသည်။ လှပသော်လည်း မာကျောသော မျက်နှာထားရှိသော ဤလူများ သူသည် ထရိအက် သူရဲကောင်းများအဖွဲ့၏ အိုင်းဆက် ပင် ဖြစ်သည်။ ရာဟန် ပြည်နှင်ဒဏ်ခံရပြီးနောက်၊ အိုင်းဆက် လည်း ပျောက်ကွယ်သွားခဲ့သည်။သူခြေရာ လုံးလုံးဖျောက်ပြီး သူ့တာဝန်ကို ထမ်းဆောင်ခဲ့၏။

အိုင်းဆက် ၏တာဝန်မှာ မြို့တော်တွင်နေရန်ဖြစ်ပြီး လက်ရှိအခြေအနေများကို ထောက်လှမ်းရန်ဖြစ်ကာ တစ်ချိန်တည်းတွင် မှူးမတ်များကို စုဆောင်းရမည်ဖြစ်သည်။ မြို့စားမင်းတစ်ဦး၏ ဒုတိယသားအနေဖြင့် သူသည် တော်ဝင်မိသားစုဆန့်ကျင်ရေးဂိုဏ်းကို စိတ်ဝင်စားကြသည့် မှူးမတ်များကို ရှာဖွေရန် သူ့ကိုယ်ပိုင်အဆက်အသွယ်များကို အသုံးပြုခဲ့သည်။ မှူးမတ်အများစုသည် ရှေ့တွင် နာခံကြသော်လည်း နောက်ကွယ်တွင် တော်ဝင်မိသားစုကို မကျေနပ်ကြ။

ယခုတစ်ကြိမ်တွင် ရာဟန် ကွယ်လွန်သွားပြီဟု ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး မကြာမီ မကောင်းဆိုးဝါးများပါ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဇီဂရစ် သည် မကောင်းဆိုးဝါးများကို ကောင်းစွာ ပိတ်ဆို့နိုင်ခြင်း မရှိခဲ့ပေ။ထုံးစံအတိုင်း၊ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကျဆင်းသွားကာ မှူးမတ်များကလည်း အယုံအကြည်ကင်းမဲ့လာသည်။ အထူးသဖြင့်၊ခန်းမက ကိစ္စတွင် ရာဟန် ကျေးဇူးကြောင့် ကယ်တင်ခြင်းခံရသော မှူးမတ်များသည် အိမ်ရှေ့စံပေါ် ပို၍ မကျေမနပ်ဖြစ်လာကြသည်။

အိုင်းဆက်သည် မှူးမတ်များ ဦးဆောင်သော တော်ဝင်မိသားစုဆန့်ကျင်ရေး လျှို့ဝှက်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ထို့နောက် ရာဟန် ဘက်ပါနေသော မှူးမတ်များကို သူ့ဘက်ပါအောင် ဆွဲဆောင်ခဲ့သည်။တဖြည်းဖြည်း သူတို့ဆီမှ အယုံအကြည်များလာပြီး အင်အားတောင့်တင်းလာသောအခါ သူရဲကောင်းများကို ထောက်ပံ့ရန်ဟူသော ကတိတစ်ခု သူတို့ထံမှရခဲ့သည်။

မြို့တော်တွင် အာဏာတိုးလာစဉ် အိမ်ရှေ့စံသည် ရိုစီနာ ကိုရှာရင်း ဒေါသထွက်၍သာ အချိန်ကုန်နေတာ ဖြစ်သည်။ သူ အတန်ကြာလိုက်ဖမ်းပြီးနောက် ရိုစီနာ သည် အာစတေးနီးယား သို့ ပြန်သွားကြောင်း သိလိုက်ရသည်။ ထို့နောက် အိမ်ရှေ့စံသည် အာစတေးနီးယား ထံသို့ တရားဝင်စာတစ်စောင် ပေးပို့ခဲ့ပြီး ဘုရင်မင်းမြတ်မိသားစုမှ ပေါက်ဖွားလာသော သူလျှိုတစ်ဦးမှတစ်ဆင့် အိုင်းဆက်သည်လည်း ထိုစာပါအကြောင်းအရာများကို သိရှိခဲ့ရသည်။ ရိုစီနာ ကို အာစတေးနီးယား မှ မြို့ဝန်မင်း ၏ သမီးငယ်နှင့် လဲလှယ်မည့်အကြောင်းဖြစ်သည်။ တရားဝင်စာစောင်တွင် ရေးထားသော ရက်စွဲအတိုင်း အိုင်းဆက်သည် အင်ပါယာ တောင်ဘက်ပိုင်းသို့ ဆင်းလာခဲ့သည်။ ရိုစီနာ ကို ဤနေရာကနေ ကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြသော်လည်း လမ်းမှာ အဆင်မပြေမှုတစ်ခု ရှိခဲ့၏။

အိုင်းဆက်သည် သက်မရှိုက်ကာ ဆံပင်များကို ပွတ်သပ်လိုက်သည်။ မြင့်မားသော ponytail ပုံစံသူ့ဆံပင်များက လေတိုးနေ၍ လှုပ်ခါနေ၏။

“အိမ်ရှေ့စံက မကောင်းဆိုးဝါးကို သတ်လိုက်တာလား…”

ရိုစီနာ နှင့် အိမ်ရှေ့‌စံတို့ တွေ့မည့်သတင်းကိုကြားတော့ သူ အလျင်စလို ပြေးသွားသော်လည်း ခြေတစ်လှမ်းနောက်ကျခဲ့ရသည်။ ရထားဘီး ခြေရာကို လိုက်ရှာနေလျှင် အတော် ခြေရာခံဖို့ ခက်သည်။ ဤနေရာကနေ ရထားကိုမှ ဖြတ်မတိုက်နိုင်ခဲ့လျှင် အကျိုးမရှိတော့ပေ။

"သူ့ဆီ သတင်းပို့ရမယ်"

အခင်းဖြစ်ပွားရာကို ကြည့်ရှုနေသော သူရဲကောင်းတစ်ဦးသည် အိုင်းဆက်ထံသို့ ချဉ်းကပ်လာသည်။

"ရူဘယ် ဆီက သတင်းရထားပါတယ်"

ရူဘယ် သည် တောင်ဘက်စွန်း ကမ်းရိုးတန်းမြို့၌ တည်ရှိသော ဆိုင်တစ်ဆိုင်ဖြစ်သည်။ အိုင်းဆက်၏ အဆက်အသွယ်များကို တွေ့ဆုံရာနေရာလည်းဖြစ်သည်။

"ဘာဖြစ်တာလဲ"

"ကလေးတစ်ယောက်က သူ့ကို ခေါ်ထားပါလို့ ပြောတယ်တဲ့......"

"ကလေးတစ်ယောက်...."

ခဏလောက် စဉ်းစားပြီးနောက် အိုင်းဆက် မျက်လုံးပြူးရချေတော့သည်။

"ဟမ်....ဒီက‌လေးက..."

"ဆရာ အိုင်းဆက်"

သူရဲကောင်းက လန့်သွားသော သူ့ပုံစံကို ကြည့်ပြီး အလန့်တကြား ခေါ်လိုက်သော်လည်း သူ ပြန်မဖြေမိ။သေချာပေါက် အီလီယန် သည် စတိုးဆိုင်သို့ လာသည့် ကလေးပင် ဖြစ်လေတော့သည်။

ရိုစီနာ သတိပြန်ရလာသော် ရထားပေါ်ရောက်နေပြီဖြစ်သည်။ ဇီဂရစ် သည် နောက်တစ်ကြိမ် အမှားထပ်မဖြစ်အောင် အလွယ်တကူ ခြုံခိုတိုက်ခိုက်နိုင်သော နေရာအားလုံးကို ရှောင်ရှားခဲ့သည်။ထို့နောက် သူမသည် ပြတင်းပေါက်မပါသော ရထားလုံးထဲမှာ အကျဉ်းချခံထားရပြီး မြို့တော်သို့ ရောက်ရှိလာခဲ့သည်။ ထိုအတောအတွင်း ဇီဂရစ်သည် ခွန်အားပိုမိုရရှိရန် သူမကို ထိလိုက်၊ကိုင်လိုက် လုပ်တတ်သည်။ သို့သော်၊သူမကတော့ ခါးခါးသီးဖြစ်နေရကာ သူ့ကို အမြဲရန်စောင်တတ်၏။

သူမကို သူရဲကောင်းများက လက်နှစ်ဖက်ဖြင့် အတင်းချုပ်ထားကာ ရထားပေါ်မှ ချလာပေးသည်။ထို့နောက် သူမကို အိမ်ရှေ့စံနန်းတော်၏ အနက်ရှိုင်းဆုံးအခန်းထဲသို့ တွန်းပို့ခဲ့သည်။ ပြတင်းပေါက်များအားလုံးကို သံတုံးများဖြင့် ပိတ်ဆို့ထားတာဖြစ်ပြီး အောက်ခြေမှ မ,တင်ကာ ဖွင့်ရသည့် တံခါးမှာလည်း အတွင်းမှဖွင့်၍မရပေ။ သူမသည် တံခါးကိုတဘုန်းဘုန်းထုပြီး ရက်အတော်ကြာ အော်ဟစ်ခဲ့သော်လည်း မည်သူမျှ ပြန်မဖြေခဲ့ပေ။ စားချိန်ရောက်သောအခါ ထမင်းဗူးများကိုသာ တိတ်တဆိတ် တွန်းထည့် ပေးကြလိုက်သည်။

ဇိမ်ခံပရိဘောဂတွေနှင့် ပြည့်နေသည့် အခန်းကြီးတစ်ခုဖြစ်သော်လည်း သူမ အတွက်တော့ ထောင်တစ်ခုပင်။ဘယ်သူနှင့်မှလည်း တွေ့လို့မရတာကြောင့် သူမစိတ်ထဲ ရူးသွပ်သွားသလိုပင် ခံစားရသည်။သူမ အာရုံပျံ့လွင့်လာတိုင်း အီလီယန် အကြောင်းကိုသာ တွေးနေမိသည်။ သူမသည် အီလီယန် အတွက် ဤနေရာမှ လွတ်မြောက်ပြီး အာစတေးနီးယား သို့ ပြန်သွားရတာဖြစ်သည်။ သို့သော် မူလအစီအစဉ်အားလုံး ပျက်သွားခဲ့ပြီး သူမကို ကူညီမည့်သူ မရှိတော့ပေ။ သူမ စိတ်ပျက်နေရကာ မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်သည်။

"ငါ ကိုယ်တိုင် စဉ်းစားရမယ်"

သို့သော် မျှော်လင့်ချက်မရှိ၍၊ စိတ်ဓာတ်ကျရုံသာ။ သူမ ဤနေရာ ကနေ ထွက်သွားဖို့ တစ်ခုခု လုပ်သင့်သည်။ထိုစဉ် အပြင်ဘက်မှ သော့ဖွင့်သံကို ကြားလိုက်ရသည်။ ထို့နောက် တံခါးဖွင့်လိုက်သည်နှင့် ဇီဂရစ် သည် အထဲကို ဝင်လာနေလေသည်။

ရိုစီနာ ကိုယ်ကလေး တောင့်တင်းသွားရပြီး အတွင်းထဲကို ပြန်ဝင်သွားလိုက်သည်။ ရက်အနည်းငယ်ကြာပြီးနောက်မှ တစ်ခါသာ ပေါ်လာသော ဇီဂရစ် သည် တံခါးရှေ့တွင် ရပ်ကာ သူမကို တည့်တည့်ကြည့်နေသည်။

"မင်း ထမင်း မစားတာကြာပြီလို့ ကိုယ် ကြားတယ်"

“….”

" မေ့လဲသွားရင် ဘယ်လိုလုပ်မလဲ"

သူမကို စိတ်ပူနေသလိုမျိုး ကြင်နာစွာပြောသော်လည်း သူ့မျက်လုံးများက အေးစက်နေသည်။ အဖိုးတန်သောအရာတစ်ခုမှာ ခြစ်ရာတစ်ခု စွန်းထင်းသွားမှာကို စိုးရွံ့ခြင်းသာ။ သူမ မစားရသေးသော အစားအစာများကို တစ်ချက်ကြည့်လိုက်သည်။

"စားသင့်တယ် မဟုတ်ဘူးလား.... တော်ဝင်ဈာပနပွဲကို တက်ဖို့ဆိုရင်"

ရိုစီနာ သည် တော်ဝင် ဈာပနပွဲ ဟူသော စကားကြောင့် တုန်လှုပ်သွားသည်။ ဤသည်ကို ဇီဂရစ်ကလည်း သ‌ဘောပေါက်သွားပြီး အလွန်တည်ငြိမ်သည့် မျက်နှာထားနှင့် ဆက်ပြောလေသည်။

“တစ်ပတ်အတွင်း သူ့ရဲ့ဈာပနကို ကျင်းပမှာ.... အဲဒီအခါ မင်းဟာ တတိယ မင်းသမီးအဖြစ် တက်ရောက်သင့်တယ် မဟုတ်လား”

သူမ ဇီဂရစ် ကို အံ့သြစွာ ကြည့်လိုက်သည်။တော်ဝင်ဈာပနပွဲ ရှိမည်ကို သူမ သိသော်လည်း သူမကို ဖိတ်ကြားမည်ဟု မမျှော်လင့်ထားပေ။ သူမ သူ့ကိုကြည့်ရင်း သူဘာတွေဖြစ်နေတာလဲဟု တွေးမိနေရ၏။

ထို့နောက် ဇီဂရစ် က ညစာအကြောင်းပြောနေသလိုပဲ အေးအေးဆေးဆေးပဲ ပြောလိုက်၏။

“ဈာပနပွဲပြီးတာနဲ့ ကွာရှင်းပြတ်စဲတဲ့ကိစ္စကို အမှုဖွင့်စစ်ဆေးဦးမှာ"

ကွာရှင်းပြတ်စဲခြင်း အမှုမှာ ဘယ်သူ့ကိစ္စမှန်း သိသာပေသည်။ မြို့စားမင်း အက်စတာရော့ သည် သေဆုံးသွားခဲ့သော ရာနီယာ နှင့် ကွာရှင်းပြတ်စဲရန် လျှောက်ထားခဲ့ပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထုံးတမ်းစဉ်လာတစ်ခုရှိသောကြောင့် သူမတို့ နှစ်ယောက် အကြားက ကွာရှင်းမှုစစ်ဆေးမှုသည်လည်း ချောမွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

"ရှင် ဖြစ်စေချင်တာတွေ ဘယ်တော့မှ မဖြစ်ရဘူး"

ရိုစီနာ အေးစက်စွာ ပြောလိုက်လျှင် ဇီဂရစ် မျက်နှာပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး သူမရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူမ လက်ကို အတင်းဆွဲပြီး အော်ဟစ်လိုက်သည်။

"မင်းတစ်သက်လုံး ဒီလိုပိတ်လှောင်ထားခံချင်တာ မဟုတ်လား"

သူ နောက်နေတာ မဟုတ်မှန်း သူမ သိသော်လည်း သူမ တစ်စက်တောင် တုန်လှုပ်ဟန်မပြမိပေ။ ထို့နောက် ဇီဂရစ် သည် သူမ လက်ကောက်ဝတ်ကို ကိုင်ထားပြီး နားထဲကို တိုးတိုးလေးပြောလိုက်သည်။

"ကျေးဇူးပြုပြီး မင်း ရွေးချယ်လိုက်ပါ"

ထို့နောက် သူမ လက်ကောက်ဝတ်ကို လွှတ်လိုက်ပြီး အခန်းထဲက ထွက်သွားလေတော့သည်။ သူမ လက်ဆီက ပူပြင်းသော အနီရောင် အမှတ်အသားတစ်ခုက သူမကို သူ ခုနက အတင်း ဆုပ်ကိုင်ထားခဲ့ကြောင်း ပြသနေသည်။ သူမ ကိုယ်လက်ဖဝါးကိုယ် တစ်ချက် ကြည့်ကာ လက်သီး ဆုပ်ထားလိုက်မိသည်။ဘယ်လိုဖြစ်ဖြစ်၊ ဇီဂရစ် သည် သူမကို ကြောက်အောင် ခြောက်နိုင်စွမ်းမရှိချေ။အကြောင်းမှာ သူမ အတွက် အီလီယန် အနားတွင်နေထိုင်ရခြင်းထက် ပို၍ အဖိုးတန်သော အရာမရှိတာကြောင့်ပင်။ အီလီယန် လည်း ဤနေရာမှ မရှိနေ၍ ကလေးအတွက် စိုးရိမ်စရာလည်း မလိုတော့ပေ။သူမ မျက်လုံးမှိတ်ထားပြီး စဉ်းစားနေမိသည်။ ရက်အနည်းငယ်ကြာပြီးနောက် တော်ဝင်ဈာပနပွဲနေ့ရောက်မှသာ သူမ ဤအခန်းထဲမှ ထွက်သွားနိုင်မည်ဖြစ်သည်။ဤသည်က သူမ လွတ်မြောက်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်၏။

ထို့နောက် အားတင်းပြီး အရင်က မထိတောင်မထိဖူးသော အစားအစာကို စားကြည့်လိုက်သည်။ ထိုအချိန်အထိ သူမသည် ကိုယ်ခံအား မြှင့်တင်ရန် လိုအပ်ပေသည်။

**

အနက်ရောင်အလံများသည် အင်ပါယာတစ်ခုလုံး လေထဲတွင် လွင့်ပျံနေသည်။ မြို့ဝန်မင်း ၊ ရာထူးကြီးသူ သို့မဟုတ် တော်ဝင်မိသားစု ကွယ်လွန်မှသာ ဤအလံကို လွှင့်တင်ထားခြင်းဖြစ်သည်။ အလံကို လွှင့်ထူလိုက်သည်နှင့် အောက်မေ့ဖွယ် လူသားမှာ တတိယမင်းသား ရာဟန် ဖြစ်သည်။ ဝမ်းနည်းခြင်းကာလသည် တစ်လဖြစ်ပြီး မည်သူမှ ပါတီပွဲလည်းမလုပ်ရသလိုအရက်သေစာလည်း မသောက်စားရပေ။ ဇီဂရစ် သည် ရာဟန် သေဆုံးခြင်းအကြောင်းကို အင်ပါယာရှိလူအားလုံးကို သိစေလိုသည်။

ထို့ကြောင့် ရာဟန် သေဆုံးသွားတာကို မယုံကြည်နိုင်ဖြစ်နေသူအားလုံး၏ မျှော်လင့်ချက်များကို ဤအခမ်းအနားက ချေမှုန်းပစ်နိုင်လိမ့်မည်ဟု သူထင်ထားခဲ့သည်။ ရာဟန် သည် ပြည်နှင်ဒဏ်ပေးရန်အတွက် ထွက်ပြေးရန်ကြိုးစားစဉ် သေဆုံးသွားတာဖြစ်ကြောင်း အများ သိစေလိုသည်။ ဂုဏ်အသရေပျက်စေသော ကွယ်လွန်ခြင်းဖြစ်သော်လည်း အိမ်ရှေ့စံသည် သက်ညှာမှုရှိပြီး တော်ဝင်ဈာပနပွဲကို ချီးမြှင့်ခဲ့တာကြောင့် သူ့ဂုဏ်သတင်းကို အတိုင်းအတာတစ်ခုအထိ တိုးတက်စေမည် ဖြစ်၏။

ရာဟန် ၏ဈာပနပွဲနေ့တွင် ရိုစီနာ သည် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အနက်ရောင်ချည်လက်အိတ်ကို ၀တ်ဆင်ထားကာ မျက်နှာကိုလည်း အနက်ရောင်မျက်နှာဖုံးဖြင့် အုပ်ထားသော်လည်း ဝမ်းနည်းနေဟန်က အထင်းသား မြင်နေရသည်။စိတ်ဆင်းရဲနေရတာကြာင့် ကိုယ်အလေးချိန် ကျသွား၍ သူမပုံစံက ပိုအားနည်းပုံပေါက်နေသည်။အားလုံးအဆင်သင့်ဖြစ်ပြီးသည့်အခါ အစေခံတွေ ပြန်ထွက်သွားပြီး သူရဲကောင်းနှစ်ယောက် ဝင်လာသည်။သူတို့ကို ဇီဂရစ် လွှတ်ထားတာဖြစ်သည်။ထို့နောက် သူမသည် သူရဲကောင်းများနှင့်အတူ အခန်းထဲမှ ထွက်လာခဲ့သည်။

“……”

စင်္ကြံအောက်ကို လျှောက်လာရင်း တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကို သူမ ခံစားလိုက်ရသည်။ အိမ်ရှေ့စံ နန်းတော်သည် လူမနေသလို တိတ်ဆိတ်နေပုံက အတော်ဆန်းလှသည်။ သူရဲကောင်းများ၏ လမ်းညွှန်မှုဖြင့် သူမ ရထားပေါ်သို့ တက်လာခဲ့သည်။ တံခါးပိတ်သွားလျှင် သူမ ပတ်ပတ်လည်ကို အမြန်ကြည့်လိုက်လျှင် သူရဲကောင်းနှစ်ဦးအပြင် နောက်ထပ် အစောင့်အကြပ်များလည်း အတူလိုက်မည်ဖြစ်ကြောင်း တွေ့လိုက်ရသည်။သူမ အသက်ပြင်းပြင်းရှူလိုက်သည်။ အလျင်စလို ပြုမူလျှင် မှားသွားတတ်သည်။ခဏအကြာ သူမသည် ဈာပနပွဲသို့ ရောက်လာတော့သည်။ ဆောင်းရာသီဖြစ်၍ ပြုပြင်ထိန်းသိမ်းမှု မရှိသောကြောင့် မြက်ခြောက်များကသာ မြင်ကွင်းထဲမှလွှမ်းမိုးနေခဲ့သည်

မြက်ခင်းပြင်ပေါ်တွင် ဝမ်းနည်းပူဆွေးသူများ ထိုင်ရန် ထိုင်ခုံတန်းများ ရှိပြီး ဆန့်ကျင်ဘက် ပလက်ဖောင်းပေါ်တွင် နှင်းဆီဖြူဖြူများ ဖြန့်ခင်းပေးထားသည်။ နှင်းပန်းများဖြင့် အလှဆင်ထားသော ရွှေခေါင်းတလားသည် အထီးကျန်နေသလိုပင်။

အခေါင်းထဲတွင် ရာဟန် လဲလျောင်းနေမည်ကို သူမ တွေးမိသောအခါတွင် သူမ နှလုံးသားတစ်ခုလုံး ပေါက်ကွဲသွားတော့မလိုပင်။သူမ ချက်ချင်း ဤနေရာကနေ ထွက်ပြေးချင်သော်လည်း သည်းခံဖို့ကလွဲ၍ ရွေးစရာမရှိတော့။ မျက်ရည်များ ကျလာ၍ လက်ကိုင်ပုဝါနှင့်သာ တို့သုတ်လိုက်သည်။ မိုးတွေရွာနေပုံရသည့် တိမ်မည်းတွေက ကောင်းကင်ထက်ဝယ် လျင်မြန်စွာ ဖြတ်ကျော်သွားသည်။ ​နေ​ရောင်​ခြည်​​လေး​တွေ​တောင်​ မရှိသောနေ့တစ်နေ့ဖြစ်ပြီး ပတ်​ဝန်းကျင်​မှာလည်း အုံ့မှိုင်း​နေ​သည်​။ ထိုင်ခုံအများစုကို နေရာယူထားပြီးဖြစ်သည်။ အနက်ရောင်၀တ်ဆင်ထားသော မှူးမတ်များသည် အစောကြီးကတည်းက ရောက်နှင့်နေကြသည်။

ရာဟန် သေဆုံးမှုကို စိတ်ရင်းမှန်ဖြင့် ညည်းတွားနေသူများ ရှိသော်လည်း အများစုမှာ တော်ဝင်မိသားစု၏ ကျေးကျွန်များဖြစ်သောကြောင့် ဝမ်းနည်းစကား ပြောရန်ဝန်လေးသူများဖြစ်သည်။ တော်ဝင်မိသားစုထံမှ တစ်ဖက်သတ် အသိပေးချက်ကို မကျေမနပ်ဖြစ်နေကြသော်လည်း ဘယ်သူမှ ထုတ်ဖော်ပြောဆိုခြင်းမရှိကြ။ ရိုစီနာ သည် တစ်ဖက်တစ်ချက်စီတွင် မှူးမတ်များနှင့်အတူ မှူးမတ်များကို ကျော်ဖြတ်ခဲ့သည်။ မှူးမတ်များသည် တည်တည်ကြည်ကြည် လျှောက်သွားနေသည့် သူမကို ကြည့်ကာ ညည်းညူလိုက်ကြသည်။

'ခင်ပွန်းသည် ဆုံးသွားတာကို ဘယ်လိုလုပ် တည်ငြိမ်နေနိုင်ရတာလဲ'

လူအများက ကျိန်ဆဲကြသည်မှာ အဆန်းမဟုတ်ပေ။

ရိုစီနာ သည် ကောလာဟလများနှင့် စွပ်စွဲချက်များစွာကို ဂရုမစိုက်ဘဲ ရှေ့ခုံတွင် ဝင်ထိုင်လိုက်သည်။သူမ ထိုင်ပြီး သိပ်မကြာခင်မှာပင် ရွှေရထားလုံးက ရပ်သွား၏။ ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့သည် အနက်ရောင် ဝတ်စုံတို့ကို ဝတ်ဆင်လာပြီး ရထားပေါ်မှဆင်းလာတော့သည်။ သူတို့သည် ရိုစီနာ ဆီသို့ လျှောက်သွားပြီး သူမ ဘေးတွင် ဝင်ထိုင်လိုက်သည်။ ရိုစီနာ ကလည်း တစ်ဖက်လှည့်လိုက်ရာ ဘုရင်မနှင့် မျက်လုံးချင်းဆုံသွားရသည်။ ဘုရင်မသည် ခါတိုင်းကဲ့သို့ ဘယ်လို အမူအရာမျိုးကိုမှ မပြဘဲ တည်ငြိမ်နေသည်။

သို့သော် မကြာမီ နှုတ်ခမ်းထောင့်များက ညွတ်ကွေးကာ အနည်းငယ်ပြုံးယောင်သန်းချင်လာသည်။ ရိုစီနာ သည် လက်ထဲက လက်ကိုင်ပုဝါကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သိပ်မကြာခင်မှာ အိမ်ရှေ့စံ ဇီဂရစ် ရောက်လာ၏။ သူ၏ သူရဲကောင်းများက အနက်ရောင် ဝတ်လာပြီး သူက အနက်ရောင်နှင့်အနီးစပ်ကြား ဝတ်စုံကို ဝတ်လာခြင်းပင်။သူ ရှေ့ကို လျှောက်လာပြီး ရိုစီနာ ဘေးမှာ ဝင်ထိုင်လိုက်သည်။သေချာမသိပါက၊ ရိုစီနာ သည် အိမ်ရှေ့စံမင်းသမီးဖြစ်လာသကဲ့သို့ပင်။

"ရိုဆီနာ"

ဇီဂရစ် က ပြုံးပြီး သူမကို စကားစပြောသော်လည်း သူမ ချက်ချင်း ဆတ်ကနဲ မတ်တပ်ထရပ်ပစ်လိုက်သောအခါ ဇီဂရစ် မျက်မှောင်ကြုတ်သွားသည်။သူမ သူ့အလိုအတိုင်း ဘယ်တော့မှ လိုက်နေမှာမဟုတ်ပေ။သူမ အသာထိုင်နေသော်လည်း ဝိုင်းကြည့်နေသည့် မျက်လုံးတွေ အများကြီးပင်။အဆုံးတွင် ဇီဂရစ် သည် အစေခံတစ်ယောက်အား ခေါ်ကာ သူ့ထိုင်ခုံကို ရွှေ့ခိုင်းလိုက်ရသည်။ ထိုအခါမှ သူမလည်း ပြန်ထိုင်လိုက်၏။ အားလုံးထိုင်ပြီးကြသောအခါ အောက်မေ့ဖွယ် ဂီတတစ်မျိုးကို ညင်သာစွာ တီးမှုတ်လာကြသည်။

ဈာပန၏ ပထမဆုံး အစီအစဉ်မှာ တော်ဝင်မိသားစုက လွမ်းသူ့ပန်းခွေချခြင်း ဖြစ်သည်။ ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့သည် ထိုင်ခုံမှထကာ ခေါင်းတလားချထားသည့် စင်မြင့်ဆီသို့ လျှောက်သွားကြသည်။ ခေါင်းတလားပေါ်တွင် အဖြူရောင် လီလီပန်းစည်းကို တင်ထားလိုက်ကြသည်။ ခံစားချက်များစွာမရှိဘဲ ခြောက်ကပ်ကပ်နှင့်ပင် ဒုတိယ အကြိမ်တွင် အိမ်ရှေ့စံသည် ခေါင်းတလားရှေ့တွင် သွားရပ်နေလေသည်။ သူသည် ခေါင်းတလားကို အချိန်အတော်ကြာအောင်ငုံ့ကြည့်သည်။ တခြားသူတွေကတော့ သူ့ကျောပြင်ကို ကြည့်နေတာကြောင့် သူ ဘယ်လိုဖြစ်နေမှန်း သိကြမည်မထင်ပေ။ အာဆီလီယာ နှင့်ကွာရှင်းထားသော ဒုတိယမင်းသားသည် နေမကောင်းဖြစ်နေပြီး မတက်နိုင်သောကြောင့် သူမ အလှည့်ရောက်လာသည်။

ရိုစီနာ သည် အနက်ရောင် ဂါဝန်ကို အသာမကိုင်ပြီး စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။ သွေ့ခြောက်သော မြက်ခင်းပြင်ပေါ်တွင် နင်းရသည့် ခံစားချက်ကလည်း သူမ အတွက် အိမ်မက်တစ်ခုလိုပင်။သူမ ခေါင်းတလားရှေ့တွင် အကြာကြီး ရပ်နေခဲ့သည်။

ရာဟန်….

ပန်းတွေ ထားပေးဖို့ တွေးမိသော်လည်း တစ်ကယ့်လက်တွေ့မှာ ထိုသို့ လုပ်ပေးချင်စိတ်မရှိချေ ။သူ့အတွက် ပန်းများ ထားပေးလိုက်လျှင် သူမ သူ့ကို လက်လွှတ်နိုင်မည် မထင်တာကြောင့်ပင်။ အချိန်အတော်ကြာအောင် တိတ်တဆိတ် မတ်တပ်ရပ်နေပြီးမှ အနည်းငယ်တုန်ရီနေသော လက်များဖြင့် အလန်းဆုံးနှင့် အလှပဆုံး လီလီပန်းတစ်ပွင့်ကို ကောက်ယူလိုက်သည်။ လက်အိတ်အနက်ရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အဖြူရောင် လီလီ ပန်းကလေးကို ခေါင်းတလား၏ အလယ်တွင် ထားလိုက်သည်။ ထို့နောက် ရိုစီနာ သည် နောက်သို့ ဖြည်းညှင်းစွာ ပြန်ဆုတ်ပြီး ခေါင်းတလားကို နှုတ်ခမ်းနှင့် ဖိကပ်ထားလိုက်သည်။

" အခုရော နောင်ရော… ရှင့်အပေါ်ထားတဲ့ ကျွန်မ အချစ်တွေက ပြောင်းလဲမှာ မဟုတ်ပါဘူး”

ခေါင်းတလားပေါ်မှ အသံတိုးတိုးလေး တစ်ခုဖြတ်သန်းသွားသည်။အတော်ကြာ မခွာနိုင်ဖြစ်ပြီး ခံစားချက်တွေကို မျိုသိပ်ထားသော်လည်း မျက်ရည်တွေ စီးကျနေပြီဆိုတာ သူမ မသိသေးပေ။သူမ နှုတ်ဆက်ပြီးနောက် ဇီဂရစ် သည်လည်း စင်မြင့်ရှေ့ကို ပြန်ရောက်လာ၏။ သူသည် တော်ဝင်မိသားစုလည်း ဖြစ်သလို၊ရာဟန်၏ အစ်ကိုလည်း ဖြစ်၍ ဤအခမ်းအနားတွင် တာဝန်ယူရမည်ဖြစ်သည်။ သူမ သူ့ကို မုန်းတီးစွာ ကြည့်နေမိသည်။

ဇီဂရစ်သည် စင်မြင့်ရှေ့မှာရပ်နေပြီး မျက်နှာဖုံးတပ်ထားသည့် ဝမ်းနည်းနေပုံမျက်နှာထားနှင့် စာရွက်ကိုဖွင့်လိုက်ပြီး ဝမ်းနည်းဟန်ဖြင့် စာသားတို့ကို ရွတ်​ဖတ်လိုက်သည်။ ဘာမှမသိသူတွေကမူ သူတကယ်ချစ်သည့် ညီလေးတစ်ယောက် ဆုံးရှုံးသွား၍ ဝမ်းနည်းနေသည်ဟု ထင်ကြပေလိမ့်မည်။ဤမျှအထိ ဇီဂရစ်က ယုတ်မာသူပင်။ အသုံးမဝင်သော၊ ရှည်လျားသော ဂုဏ်ကျေးဇူးများ၊အောက်မေ့တမ်းတဖွယ် စာသားများကို ဖတ်ပြီးနောက် သူက နောက်ဆုံးစာကြောင်းကို ဖတ်လိုက်သည်။

"ဘုရားသခင်ဆီမှာ ထာဝရအနားယူနိုင်ပါစေ"

သြဝါဒစာ စာတမ်းကို သူပိတ်လိုက်သည့် အခိုက်အတန့်မှာပင် ကုလားထိုင်ကို နောက်ပြန်တွန်းလိုက်သံကြောင့် အားလုံး လှည့်ကြည့်လိုက်ကြသည်။

ဦးထုပ်ခပ်ကြီးကြီး ဆောင်းထားသော အမျိုးသားသည် ထိုင်ခုံမှ ဖြည်းညှင်းစွာ ထလာသည်။ ထိုလူ၏ ရုတ်တရတ် လုပ်ရပ်ကြောင့် လူတိုင်း စိတ်ရှုပ်နေကြသော်လည်း စူးစမ်းလိုဟန်တို့ အထင်းသားပင်။

"သူ့ကို လိမ်လည်ပြီး စွပ်စွဲကြမှတော့ ဒီလူက ဘယ်လိုလုပ် အေးအေးချမ်းချမ်း အနားယူနိုင်မှာလဲ"

ထိုလူ၏ ငြိမ်သက်သောအသံသည် ပတ်ဝန်းကျင်ရှိ လူအားလုံးကို အေးခဲသွားစေသည်။

“……”

ဇီဂရစ်သည် ဂုဏ်ယူဝင့်ကြွားနေရင်း မျက်နှာထားက ချက်ချင်း တောင့်တင်းသွားသည်။ ထိုသူ၏ မျက်နှာကို မမြင်ရသော်လည်း သူ့အသံက ရင်းနှီးနေသည်။ဇီဂရစ် နည်းနည်းကြာမှ အသိဝင်လာပြီး ထိုလူကို ဆွဲထုတ်ရန် သူ့တပ်သားများကို အမိန့်ပေးခဲ့သည်။ သို့သော်လည်း ထိုလူက အမြန်ပင် သူ့ဦးထုပ်ကို ချွတ်ပြီး လွှင့်ပစ်လိုက်၏။ထိုအခါ နေမင်းကို အုပ်ကာထားသော တိမ်မည်းများလွင့်ထွက်သွားပြီး နေရောင်က သူ၏ ရွှေရောင်ဆံနွယ်တွေပေါ်မှာ ထွန်းလင်းတောက်ပနေတော့သည်။

"မတွေ့ရတာကြာပြီနော်....အိမ်ရှေ့စံ”

၎င်းမှာ တတိယမင်းသား ရာဟန်ဟာဘက် ဖြစ်ပေတော့သည်။