အပိုင်း ၉၂
Viewers 13k

Chapter 92

ဟေလာ သို့ ထွက်သွားရင်းလူသတ်သမားများ၏ တိုက်ခိုက်ခြင်းခံခဲ့ရသော ရာဟန် သည် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။ ပြတင်းပေါက် မရှိသောကြောင့် အပြင်ဘက်က အခြေအနေကို သိရှိရန် မဖြစ်နိုင်သော်လည်း သူ့ကို ခေါ်ဆောင်လာသော သူရဲကောင်းများ အားလုံး အသတ်ခံလိုက်ရသည်မှာ ရှင်းပေသည်။သူ့မှာ ဘာလက်နက်မှမရှိသဖြင့် ရထားပေါ်တွင်သာ ပိတ်မိနေခဲ့သည်။ ထို့နောက် ရထားတံခါးကို ရိုက်ချိုးပြီး လူသတ်သမားများ ပြေးဝင်လာကြသည်။

“!”

သို့သော် သူတို့ ဓားသည် သူ့ဆီ မရောက်မီ သူတို့သာ လက်ဦးမှုရယူခံလိုက်ကြရသည်။ လုပ်ကြံသတ်ဖြတ်သူများ မထနိုင်ခင်မှာ သူတို့ဆီကို ဓားနှစ်ချောင်း ပြေးဝင်သွားသည်။ တစ်ခဏအတွင်းမှာပင် လူသတ်သမားတို့သည် အော်တောင်မအော်နိုင်တော့ဘဲ သေဆုံးသွားကြရသည်။


"ခေါင်းဆောင်"

ရထားပေါ်သို့ ရုတ်တရက် ရောက်လာသူ ခရေယယ် ဖြစ်သည်။ ငြိမ်သက်စွာ ထိုင်နေသော ရာဟန် က သူ့ကို လှည့်ကြည့်လိုက်သည်။

"နောက်ကျတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပါ"

ခရေယယ် က တောင်းပန်နေပြီး ခေါင်းငုံ့ထားစဉ် ရာဟန် ထိုင်နေရာမှ ဖြည်းညှင်းစွာထလာပြီး ရထားပေါ်မှဆင်းကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ မြို့တော်မှ သူ့ကို ဤနေရာသို့ ပို့ဆောင်ပေးခဲ့သော တော်ဝင်သူရဲကောင်း နှစ်ဦးသည် မြေပြင်ပေါ်မှလဲလျောင်းနေပြီဖြစ်သည်။ သူတို့ဘေးမှာ အနက်ရောင် ၀တ်စုံနှင့် လူသတ်သမားများ၏ အလောင်းတွေကလည်း ပြန့်ကျဲနေတာပင်။‌ အဖွဲ့ခေါင်းဆေင်၏အလောင်းသည် နေရာတွင် မရှိသည်ကို မြင်လိုက်ရသည်။


"‌သူတို့ခေါင်းဆောင်က ဘယ်မှာလဲ"

ထိုစကားကိုကြားလိုက်ရသော ဇီဂရစ်ရာဟန် ၏ မျက်လုံးများသည် အသက်ရှင်ကျန်ရစ်ခဲ့သော လူသတ်သမားအပေါ် ကျရောက်သွားသည်။ ရဲဘော်ရဲဘက်များ ဆုံးရှုံးပြီး တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့သော လူသတ်သမားကို ရယ်ဗင်က ဖမ်းဆီးလိုက်တာ ဖြစ်သည်။

ရယ်ဗင်၊ ခရေယယ် နှင့် အဲဆစ် တို့သည် မြို့တော်မှနေ၍ ရာဟန် ပြည်နှင်ဒဏ်ခံရစဉ် နောက်ယောင်ခံလိုက်လာခဲ့ခြင်းဖြစ်သည်။

ရာဟန် သည် ခရေယယ် ထံမှ ဓားကို ယူပြီး ဒူးထောက်နေသော လူသတ်သမားထံသို့ ချဉ်းကပ်လာကာ လည်ပင်းကို ဓားဖြင့်ထိုးလိုက်သည်။

"မင်းကိုဘယ်သူခိုင်းတာလဲ"

"…ငါ့ကိုသတ်ပစ်လိုက်"

လူသတ်သမားသည် တုန်လှုပ်သောအသံကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားဟန်ဆောင်လိုက်သည်။ သူ့လုပ်ဖော်ကိုင်ဖက်တွေ အသတ်ခံရပြီးကတည်းက သူ့အဆုံးသတ်ကလည်း မထူးတော့ပြီဟု သူမျှော်လင့်ထားပုံရသည်။ ရာဟန် သည် လူသတ်သမား၏ မျက်နှာကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ်"

“…”

လူသတ်သမား ခေါင်းယမ်းလိုက်သည်။ရာဟန် သူ့ကို တစ်ချက် စိုက်ကြည့်ပေးလိုက်ရာ လူသတ်သမားသည် သူ့အပြာရောင်မျက်လုံးများထဲက ခြိမ်းခြောက်သလို ခံစားချက်ကို ခံစားမိပြီး အလိုလို တုန်လှုပ်သွားခဲ့သည်။ သားကောင်ရှေ့မှာ ပစ်ချခံရလိုက်သည့် တိရိစ္ဆာန်လေးတစ်ကောင် ဖြစ်သွားသလို ခံစားရ၏။ သူ့မျက်လုံးများက ခါတိုင်းလိုပင် ဖြစ်သော်လည်း သေလုမျောပါး ကြောက်စိတ်ဝင်နေသော သူ့အနေဖြင့် အခြားသူများထက် ပို၍ သတိထားရပေမည်။

"ဒါပေမယ့် အခြေအနေတစ်ခု ရှိတယ်"

လူသတ်သမားသည် 'အခြေအနေ' ဟူသော စကားကြောင့် စိတ်ရှုပ်သွားသည်။ဤသည်ကို မျက်စိလျင်သည့် ရာဟန် ကလည်း တွေ့လိုက်ပါ၏။

"မင်းရဲ့ သခင်ဆီပြန်သွားပြီး မင်းငါ့ကိုလုပ်ကြံဖို့အောင်မြင်သွားပြီလို့ သူတို့ကိုပြောပေးရမယ်"

သခင်ကို လှည့်စားရမည်ဆို၍ လူသတ်သမား မျက်လုံးပြူးသွားသည်။ ရာဟန် က အရာအားလုံးကို သိနေသလို သူ့နှုတ်ခမ်းထောင့်တွေကို မြှောက်လိုက်ပြီး ဆက်ပြောသည်။

"မင်းရဲ့ မစ်ရှင်က ဘယ်လိုပဲဖြစ်ဖြစ် မအောင်မြင်ဘူးဆိုရင် မင်းသေမှာပဲလေ"

အမှန်ပင်။သူ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို သခင်ဖြစ်သူ၊တစ်နည်း အိမ်ရှေ့စံက သိထားပြီးသားဖြစ်၍ မစ်ရှင်မအောင်မြင်ပါက သူ့ဘဝ အဆုံးသတ်ရမည်ဖြစ်၏။ သူ ထွက်ပြေးသွားလျှင်တောင်မှ လွတ်ဖို့မသေချာသော်လည်း မစ်ရှင်အောင်မြင်သည်ဟု လိမ်လည်လိုက်လျှင် ချမ်းသာရာရပေမည်။


"ဒါကို ပြီးအောင် လုပ်ပြီးရင် မင်း သခင်က မင်းကို ကတိပေးထားတဲ့ ပမာဏထက် သုံးဆ ရလိမ့်မယ်"

သုံးဆ....

လူသတ်သမား သူ့နှုတ်ခမ်းတွေကို လျှာနှင့်တစ်ချက်သပ်လိုက်သည်။ရာဟန် ၏ ရည်ရွယ်ချက်အမှန်ကို သူ နားမလည်နိုင်ခဲ့ပေ။ ရာဟန် အသတ်ခံရကြောင်း အထောက်အထားမရှိလျှင် သူ့သခင်ကလည်း ယုံမှာမဟုတ်။

ရာဟန် က သူတွေးထားပြီးသားဖြစ်သလိုပင် သူ့ဓားကို မြှောက်လိုက်၍ လူသတ်သမား မျက်လုံးကို အတင်းစုံမှိတ်ထားမိသည်။ သို့သော်၊ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့်အရာက လုပ်ကြံသတ်ဖြတ်သူ၏ ဦးခေါင်းမဟုတ်ဘဲ ရာဟန် ၏ ရွှေရောင်ဆံပင်များပင်။ထို့နောက် ရာဟန် က လူသတ်သမားအား သူ့ဆံပင်ကို ပေးလိုက်သည်။

“ဒါဆို ရပြီ"

လူသတ်သမားသည် ရာဟန် ကို အံ့ဩသော အမူအရာဖြင့် ကြည့်လိုက်သည်။ ဤကဲ့သို့ သက်သေသာဓကများသာရှိလျှင် ဘယ်သူ့ကိုမဆို လှည့်စားရန် လွယ်ကူသည်။သူ့မှာလည်း အခြားရွေးချယ်စရာမရှိမှန်း သိသဖြင့် ဆံပင်ကို လှမ်းယူလိုက်ပြီး ထရပ်လိုက်ပြီး ချက်ချင်းထွက်သွားလျှင် ရယ်ဗင် သည် လူသတ်သမားနောက်ကို တိတ်တဆိတ်လိုက်သွားခဲ့လေသည်။

ရယ်ဗင် သည် လူသတ်သမား၏ ကတိအတိုင်း လုပ်၊မလုပ်ကို စောင့်ကြည့်နေမည်ဖြစ်သည်။

“…”

ရာဟန် ခဏလောက်စဉ်းစားလိုက်သည်။ လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးခဲ့သူမှာ အိမ်ရှေ့စံ ဖြစ်ကြောင်း ထင်ရှားသည်။ သေဒဏ်ပေးခံရပါက အခြားသူများထံမှ အိမ်ရှေ့စံအား ဝေဖန်ပြစ်တင်ခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်တာကြောင့် သူ့ကို ပြည်နှင်ဒဏ်ပေးရန် ဟန်ဆောင်ခိုင်းကာ ထိုနေရာတွင် ကိုင်တွယ်ဖြေရှင်းရရန် စီစဉ်ထားပုံရ၏။ ရာဟန် ကလည်း ဤအခွင့်အရေးကို ယူပြီး နောက်ပြန်လှည့်ဖို့ စီစဉ်နေတာပင်။

“ဒီအတိုင်းပဲ သဲလွန်စတွေကို ဖယ်ရှားပြီး ငါ ပျောက်သွားအောင် လုပ်ရမယ်"

ယနေ့မှစ၍ ရာဟန် သည် ဤနေရာတွင် သေသွားပြီဖြစ်သည်။ လုပ်ကြံသူသည် သူသေသွားကြောင်း သက်သေအထောက်အထားများ လွှဲပေးလျှင်‌ သိပ်လည်း စောင့်ကြည့်ကြမှာမဟုတ်ပေ။ထိုအခါ သူသည် ဟေလာ မှာ ပုန်းအောင်းပြီး သူ့ အာဏာစက်ကို တိုးမြှင့်ဖို့ ပိုလွယ်ကူလာပါလိမ့်မည်။

ခြေတစ်လှမ်း စမလှမ်းမီ ရာဟန် သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မည်းမှောင်နေသော ကောင်းကင်ထက်တွင် အဖြူရောင်လရောင် ပေါ်လာချိန်လည်း ဖြစ်သည်။

“ရိုစီနာ…”

ရာဟန် က သူမ နာမည်ကို ရေရွတ်လိုက်မိသည်။ သူမ ဆီပြန်သွားဖို့ လနှင့်၊နှစ်တွေကြာချင်ကြာသွားနိုင်သည်။ ယခုအချိန်ဆိုလျှင် ရိုစီနာ နှင့် အီလီယန် တို့သည် အာစတေးနီးယား သို့သွားနေမည်ဖြစ်သည်။ထိုကိစ္စကို သူ အစောကတည်းက ဝီရိယရှိရှိ ပြင်ဆင်ထားပြီး၊ အိုင်းဆက် နှင့် ကာလန် တို့ကို တာဝန်ပေးအပ်ထား၍ သူမတို့ ကြီးကြီးမားမား ပြဿနာမရှိဘဲ အာစတေးနီးယားကို ရောက်သွားမည်ဖြစ်သည်။

ခရေယယ် လမ်းမှပြန်လာသောအခါ ရာဟန် သည်ချက်ချင်းထွက်ခွာသွားသည်။ သူ ဟေလာကို ထွက်သွားရာလမ်းမှာ ရောက်ရှိနေကြောင်း ရိုစီနာ ဆီကို သတင်းပို့ဖို့ သူ့လက်ပါးစေများအား ခိုင်းလိုက်သည်။ သူ မသေကြောင်း အမှန်တရားကို သူမအား ပြောပြရပေမည်။ သူမသည် အာစတေးနီးယား လှေပေါ် မတက်ရသေးသောကြောင့် ထိုသတင်းကို ကောင်းကောင်းကြားနိုင်မည်ဖြစ်သည်။

သူတို့ ဟေလာ ကိုရောက်ချိန်မှာ ရာဟန် ကွယ်လွန်သွားပြီဆိုသည့် ကောလာဟလတွေဟာ အင်ပါယာတစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီ။ထိုအချိန်မှာ ရာဟန် သည် ဟေလာ တွင်ပုန်ကန်ရန်ကြံစည်ထားခဲ့သည်။ အချိန်အတော်ကြာကတည်းက ဟေလာ၏ အုပ်ချုပ်သူအားလုံးမှာ သူ့လက်အောက်မှာ ရှိနေခဲ့တာဖြစ်သည်။ မြောက်ပိုင်းပြည်နယ်များမှ ပြည်သူများကလည်း စည်းစည်းလုံးလုံးဖြင့် လှုပ်ရှားခဲ့ကြပြီး စစ်သည်ထောင်ပေါင်းများစွာကို အချိန်တိုအတွင်း စုဆောင်းနိုင်ခဲ့ကြသည်။ဤသည်ကလည်း တော်ဝင်မိသားစုသည် နယ်နိမိတ် ဒေသများကို စိတ်ဝင်စားမှုမရှိဘဲ ဘယ်လိုနေနေ ပစ်ထားတာကြောင့်လည်း ဖြစ်နိုင်သည်။သို့သော်၊ ပုန်ကန်မှုအောင်မြင်ခဲ့လျှင်ပင် အဓိက ဒေသများမှာ သူ့ဘက်မှာ ရှိမနေ၍ အားနည်းသွားမည်ဖြစ်သည်။

ယင်းအစား အယ်လိုအာ နယ်စားမင်းက ပြဿနာဖြစ်လာနိုင်၏။ထို့ကြောင့် နိုင်ငံတော်ပုန်ကန်မှုအတွက် အကြောင်းပြချက်ရှာရင်း မြို့တော်မှ မှူးမတ်များကို စုရန် အိုင်းဆက် နှင့် ကာလန် တို့ကို အမိန့်ပေးပြီးသားပင်။

ထိုအချိန်တွင် မြို့တော်၌ မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာသည်။ ရာဟန် သည် ထိုနေ့ကပင် ဟေလာ ၏ အုပ်ချုပ်သူ ဒီဏိ ထံမှ မကောင်းဆိုးဝါးသည် တောင်ဘက်သို့ ရွေ့လျားနေကြောင်း အစီရင်ခံစာကို လက်ခံရရှိခဲ့သည်။ မကောင်းဆိုးဝါးကြီးသည် မြို့တော်ကို တိုက်ခိုက်ခဲ့ပုံရသည်။ သူ ပျောက်သွားသောအခါတွင် တစ်ကယ်ပဲ မကောင်းဆိုးဝါးကြီးကို ကိုင်တွယ်ဖြေရှင်းမည့်သူမရှိခဲ့ပေ။

နောက်ဆုံးတွင် အိမ်ရှေ့စံကို ဘုရင်မင်းမြတ်က လုပ်ပိုင်ခွင့်များအားလုံးလွှဲပေးလိုက်သော်လည်း မကောင်းဆိုးဝါးကို ကောင်းစွာ မကိုင်တွယ်နိုင်ခဲ့ပေ။ အိမ်ရှေ့စံကို မျှော်လင့်ချက်ကြီးစွာထားသူများသည် စိတ်ပျက်စပြုလာပြီး သူ့ဂုဏ်သတင်းကလည်း ဆိုးရွားစွာကျဆင်းသွားခဲ့သည်။ ထို့ကြောင့် ရာဟန် စီစဉ်ထားသည့်အတိုင်း အားလုံးဖြစ်သွားတာဖြစ်သည်။သို့သော် ရိုစီနာ အင်ပါယာကို ပြန်သွားသည်က လွဲ၍။

"ကျွန်တော်တို့ ဒုက္ခရောက်ပြီ"

မြို့တော်မှာနေနေသည့် အိုင်းဆက် က သတင်းရထား၍ ရယ်ဗင်၏ရုံးခန်းထဲကို ရေးကြီးသုတ်ပြာ ဝင်လာခဲ့၏။

"အာစတေးနီးယား က ကောင်မလေးကို ကယ်တင်ဖို့ မင်းသမီးက အင်ပါယာကို ပြန်သွားနေပါတယ်...ခေါင်းဆောင်"

ရာဟန် သည် ထိုသတင်းကိုကြားပြီး ဘာကိုမှ တွေးမနေနိုင်ခဲ့ပေ။ ရိုစီနာ သည် အခြားသူများထက် ပိုလုံခြုံသောနေရာတွင်ရှိသင့်သည်။သို့သော် သူမက အင်ပါယာသို့ပြန်သွားနေသည်။ထိုနေ့မှစ၍ ရာဟန် အိပ်မပျော်နိုင်တော့သဖြင့် အရာအားလုံးကို ချန်ထားခဲ့ကာ သူမကို ကယ်တင်ရန် မြို့တော်သို့ သွားချင်ခဲ့သည်။ သူ့မှာ ဆင်ခြင်နိုင်စွမ်းမရှိဘဲ အရင်းစိတ်ဝင်နေချိန်ဖြစ်ပါက ထိုသို့လုပ်မိမှာပင်။သို့ရာတွင်၊သူ သည်းခံနိင်ခဲ့သည်။ ရိုစီနာ နှင့် သူ၏ အနဂါတ်ကို ဘယ်လိုနည်းနှင့်မှ အဆုံးခံ၍မဖြစ်ပေ။

ထို့နောက် ရိုစီနာ ကို ကယ်တင်ရန် အိုင်းဆက် ကို အမိန့်ပေးခဲ့သည်။ သူကိုယ်တိုင် ကယ်ချင်သော်လည်း ဟေလာ မှာ လုပ်စရာတွေ ကျန်သေးသည်။ မကြာမီတွင်၊အိုင်းဆက်က ထိုအစီအစဉ်ကိုလည်း ကျရှုံးသွားကြောင်း သူကြားလိုက်ရသည်။ထို့အပြင် သူမကို ကာကွယ်ပေးလိုသော အိမ်ရှေ့စံ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့်အတွက် ရာဟန် ဒေါသကို မထိန်းနိုင်တော့။ သူ့ပတ်ဝန်းကျင်က လူတွေကသာ တားမထားလျှင် ချက်ချင်းလက်ငင်း တော်ဝင်နန်းတော်ထဲကို ချက်ချင်း ဝင်သွားလိမ့်မှာပင်။သို့သော် ရာဟန် သူ့ကိုယ်သူ အသိကပ်နိုင်ခဲ့ပြီး နောက်ဆုံးပြင်ဆင်မှုတွေကို အပြီးသတ်လုပ်နိုင်ခဲ့သည်။ မှူးမတ်များလည်း စုံလင်ပြီး ဈာပနပွဲနေ့မှာ သူ့အစီအစဉ် စတင်ရန် ရည်ရွယ်ထားသည်။

အားလုံးအဆင်သင့်ဖြစ်သည့်နေ့မှာ ရာဟန် က အမိန့်ပေးလိုက်သည်။

"ငါတို့ မြို့တော်ကို သွားမယ်"

ဈာပနခန်းမမှာ စုဝေးကြသည့် မှူးမတ်တွေဟာ ထိတ်လန့်ပြီး မျက်နှာတွေပျက်နေကြသည်။အခေါင်းထဲမှာ ရှိနေရမည့် တတိယမင်းသားက အသက်ရှင်လျက် ပေါ်လာတာပင်။ သက်ရှိလူသား၏ ဈာပနကို ကျင်းပရနေရသည့်အတွက် မှူးမတ်များ အလွန်တုန်လှုပ်သွားရသည်။ တတိယမင်းသား ရာဟန် ကွယ်လွန်ကြောင်း တော်ဝင်မိသားစုမှ ကြေငြာခဲ့သည်မှာ ထင်ရှားသည်။ ပြည်နှင်ဒဏ်ခံရသော သူသည် ထွက်ပြေးသွားစဉ် ချောက်ကမ်းပါးမှ ပြုတ်ကျပြီး သေဆုံးသွားကြောင်း လူတိုင်းသိကြသည်။ ထို့နောက်တွင်၊ တော်ဝင်မိသားစုကလည်း ရာဟန် ၏ အလောင်းကိုပြန်လည်ရယူပြီးအတည်ပြုခဲ့တာဖြစ်သည်။

အဲဒီ့အခေါင်းထဲမှာ ဘာရှိနေတာလဲ....

သို့သော် မှူးမတ်များပင် မကသေး၊ဘုရင်မင်းမြတ်နှင့် ဘုရင်မအပါအဝင် အိမ်ရှေ့စံတို့ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ ဘုရင်မသည် ရာဟန် အသက်ရှင်လိမ့်မည်ဟု တစ်ခါမှ ‌မတွေးခဲ့ဖူးသဖြင့် ယူကျုံးမရဖြစ်ကာ လက်သီးကို တင်းတင်းဆုပ်ထားသည်။ လူတိုင်း၏ အမူအရာသည် မျက်နှာဖုံးကြောင့် ကြည့်ကောင်းကြသော်လည်း အိမ်ရှေ့စံ၏မျက်နှာမှာ သိသိသာသာကို ပျက်ယွင်းနေ၏။ သူက ရာဟန် ကို စိုက်ကြည့်ကာ မျက်မှောင်ကိုလည်း ကြုတ်ထားသည်။

ရာဟန် သည် ရိုစီနာကို စိုက်ကြည့်နေသည်။ ရိုစီနာ မျက်နှာက ဖြူဖျော့နေကာ တုန်တုန်ယင်ယင် ဖြစ်နေလေသည်။

“ရာဟန်….”

ရိုစီနာ နှင့် ရာဟန် သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ အခြေအနေတစ်ခုလုံးက အိပ်မက်တစ်ခုလိုပင်။သေပြီဟု ထင်နေခဲ့သော ရာဟန် သည် အသက်ရှင်နေသေးသည်။ သူ့သေဆုံးမှုကို သူမလက်မခံနိုင်သောကြောင့် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ အိမ်မက်ဆိုးတွေ မက်ခဲ့ရမှန်းမသိတော့။သူမ ရာဟန် ကို အချိန်အတော်ကြာအောင် ကြည့်နေမိသည်။ တခဏချင်း ပျောက်ကွယ်သွားမည့် တံလျှပ်လိုများ ဖြစ်နိုင်မလားဟု တွေးတောရင်း မျက်တောင်ကို ခဏခဏ ခတ်ကြည့်နေမိ၏။

သို့သော် ရာဟန် သည် သူမကို မလှုပ်မယှက်သာ ကြည့်နေသည်။ ရွှေချည်မျှင်များကဲ့သို့ တောက်ပြောင်နေသော ဆံပင်များ၊သူမကို ဖမ်းစားထားသည့် အပြာရောင် မျက်လုံးများနှင့် စူးရှသော သူ့အကြည့်များ။ သူသည် သူမ မှတ်မိနေသည့် ရာဟန် အစစ်ပင်။

ရာဟန် စိတ်ထဲမှာတော့ သူမကို အရူးအမူ ပွေ့ဖက်ချင်စိတ်အား အတင်းအားတင်းပြီး ထိန်းနေရတာဖြစ်သည်။သို့သော်လည်း သူမဆီကို တည့်တည့်မသွားဘဲ မျက်လုံးကို ဖြည်းညှင်းစွာမှိတ်ချလိုက်ပြီး စိတ်ကို တင်းထားလိုက်သည်။ထို့နောက် မျက်လုံးပြန်ဖွင့်ပြီး အိမ်ရှေ့စံကို တည့်တည့်ကြည့်လိုက်သည်။

"လူတစ်ယောက်လုံး သက်ရှိထင်ရှားရှိ‌ နေသားနဲ့ အသုဘအခမ်းအနားကျင်းပနေပါလား ...မင်းမှာ ဒီလိုအကျင့်ဆိုးတွေရှိမှန်း ငါမသိခဲ့ဘူး"

ဇဝေဇဝါဖြစ်ပြီး တီးတိုးပြောဆိုနေသူများသည် ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။ ရာဟန် ပြောသည့်အတိုင်း သက်ရှိလူသားတစ်ဦးကို ဈာပန ကျင်းပပေးခြင်းသည် အင်ပါယာသမိုင်းတွင် ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။ သက်ရှိလူသားကို သေပြီဟု သတ်မှတ်ခြင်းသည် စော်ကားမှုကြီးတစ်ခုပင်။သည့်ထက် ကြီးကြီးမားမား အမှားအယွင်းကိစ္စတွေ မရှိနိုင်ပေ။ မှူးမတ်များက အာရုံစူးစိုက်လာသည်နှင့် ဇီဂရစ် သည် သူ့အပြောအဆိုကို ပြုပြင်လိုက်သည်။ ဤအခြေအနေတွင် သူဘာလုပ်ရမည်ကို သူစဉ်းစားနေသည်မှာ ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။

"... မင်းသေသွားပြီလို့ ငါက ထင်ခဲ့တာ"

ထို့နောက် မျက်နှာဖုံးကိုစွပ်ပြီး အသံကို လျှော့လိုက်သည်။

"မင်းအသက်ရှင်နေတာ ငါ ဝမ်းသာပါတယ်"

“ငါက အမှန်တရားကို ထုတ်ဖော်ဖို့ ရောက်နေတာ”

ဘုရင်မင်းမြတ်၊ ဘုရင်မနှင့် အယ်လိုအာ နယ်စားမင်းတို့သည် မျက်နှာထား တင်းမာသွားကြ၏။ ထို့နောက် ဇီဂရစ် က ရာဟန် စကားကို အမြန်ဖြတ်ပြောလိုက်သည်။

“မင်းက အပြစ်သားဆိုတာကို မေ့သွားပုံပဲ”

ဇီဂရစ် သည် ငြိမ်သက်ဟန်ဆောင်သော်လည်း သူ့မျက်လုံးများက စိုးရိမ်နေရသည်။

"ဟေလာ မှာ ပြည်နှင်ဒဏ်သင့်တဲ့ အပြစ်သားတစ်ယောက်ရှိတယ်.... ဒါကြောင့် မင်းရဲ့အပြစ်အကြောင်းကို ငါစုံစမ်းမေးမြန်းမယ်"