အပိုင်း ၉၃
Viewers 13k

Chapter 93

ပြည်နှင်ဒဏ်ခံရသော အမျိုးသားတစ်ဦး ဤနေရာတွင် ပေါ်လာသဖြင့် ရာဟန် ကို ထောင့်စွန်းသို့ တွန်းပို့လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ရာဟန် သည် သူ့စကားကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိသွားဘဲ မှူးမတ်များကို ရယ်မောကာ လှည့်ပတ်ကြည့်ရှုနေသည်။

"တော်ဝင်နန်းတော်ကို ကျွန်တော်က မကောင်းဆိုးဝါးတစ်ကောင် ဆွဲခေါ်လာတယ်ဆိုပြီးတော့ ပြည်နှင်ဒဏ်ခံခဲ့ရတယ်.... ဒါပေမယ့် ဒီအချိန်မှာ အင်ပါယာကရော လုံခြုံပါ့မလား”

လူတိုင်းက သူ့မေးခွန်းအတွက် ပါးစပ်ပိတ်ထားကြပြီး ဘယ်သူမှ မဖြေနိုင်ပေ။ ရာဟန် သည် ဟေလာသို့ ပြည်နှင်ဒဏ်ခံရပြီးနောက် အင်ပါယာကို နတ်ဆိုးများက တိုက်ခိုက်ခဲ့သည်။ ကျေးလက်ဒေသများတွင် ပျက်စီးမှု ပြင်းထန်ပြီး မြို့တော်ကိုလည်း အကြိမ်ကြိမ် စီးနင်းမှုများကြောင့် ပျက်စီးမှု အများအပြား ရှိခဲ့သည်။ ထို့အပြင်၊ သူတို့ အခိုင်အမာယုံကြည်ခဲ့သော အိမ်ရှေ့စံ ဇီဂရစ် သည် မကောင်းဆိုးဝါးများနှင့် မတိုက်ခိုက်နိုင်ပေ။ မှူးမတ်များ ငြိမ်သက်သွားသည်နှင့် ရာဟန် က ပြုံးလိုက်သည်။

“....ထရိအက် သူရဲကောင်းများ အဖွဲ့ကို ဖျက်သိမ်းလိုက်တာထင်တယ်"

မှူးမတ်များသည် မျက်လုံးပြူးသွားကြသည်။ ယခုအချိန်အထိ အိမ်ရှေ့စံ ဇီဂရစ် သည် ထရိအက် သူရဲကောင်းများ အဖွဲ့ကို မကောင်းဆိုးဝါးများအား အနိုင်ယူရန် ဦးဆောင်ခဲ့ကြောင်း သူတို့ သိရှိထားပြီးဖြစ်သည်။ သို့သော်လည်း ထရိအက် သူရဲကောင်းများ ပြိုကွဲသွားခြင်းကို လူတိုင်း အခုမှကြားသိရခြင်းဖြစ်သည်။

"ပါးစပ်ပိတ်ထား"

ဇီဂရစ် အော်လိုက်၏။ ယခုလောလောဆယ် သူလုပ်ရမှာက ရာဟန် စကားဆက်မပြောဖို့ တားထားရမည်ဖြစ်သည်။သို့သော် ရာဟန် ကတော့ မရပ်ခဲ့ပေ။

"ကျွန်တော်က အိမ်ရှေ့စံကိုယ်စား မကောင်းဆိုးဝါးတွေကို အနိုင်ယူခဲ့တဲ့ ထရိအက် သူရဲကောင်းများ အဖွဲ့ရဲ့ ခေါင်းဆောင်ပါ"

“!”

လူတိုင်းသည် ထိုစကားတစ်ခွန်းကြောင့် အသက်ရှုရပ်မတတ်ဖြစ်သွားကြသည်။ သူတို့အားလုံး အခိုင်အမာ ယုံကြည်ခဲ့သော အမှန်တရား၏ နောက်ကွယ်ကို အပြည့်အဝ ထုတ်ဖော်ပြသခဲ့ပြီး အမှန်တရားကို မီးမောင်းထိုးပေးလိုက်ခြင်းဖြစ်သည်။ ရာဟန် သည် ဧည့်ခံပွဲထဲတွင် အိမ်ရှေ့စံ မကိုင်တွယ်နိုင်သော သတ္တဝါကို အလွယ်တကူ သတ်နိုင်ခဲ့သည်။ ရာဟန် ပြည်နှင်ဒဏ်ခံရသည်နှင့် တစ်ပြိုင်နက် မကောင်းဆိုးဝါးများသည် မမျှော်လင့်ဘဲ နေရာအနှံ့ပေါ်လာကြသည်။ အခြေအနေအားလုံးက ပြီးပြည့်စုံစွာ လိုက်လျောညီထွေဖြစ်နေလျက်။

"ရာဟန် ဟာဘက်"

နှင်းခဲကဲ့သို့ ဖြူဖျော့နေသော ဘုရင်မက လှမ်းအော်လိုက်ပြီး ထိုင်ခုံမှထကာ ရာဟန် ကို တည့်တည့်ကြည့်နေသည်။

"မင်း ဥပဒေကို ချိုးဖောက်ပြီး လိမ်နေတာပဲ....အင်ပါယာကိုကာကွယ်ပေးခဲ့သူက အိမ်ရှေ့စံ ဇီဂရစ်ဟာဘက် ပါ”

သို့သော် ဘုရင်မ စကားဆုံးသည်နှင့် တစ်စုံတစ်ယောက်သည် ထိုင်ခုံမှ မတ်တပ်ရပ်လိုက်သည်။

တစ်ယောက်၊ နှစ်ယောက်...တဖြည်းဖြည်းနှင့် မတ်တတ်ထရပ်သူ ဦးရေ တိုးလာသည်။

ဘုရင်မသည်လည်း အံ့သြနေသည်။ ထို့နောက် မတ်တတ်ထရပ်သူတို့သည် သူတို့အင်္ကျီကိုချက်ချင်း ချွတ်လိုက်ရာ အောက်ခံဝတ်ထားသည့် အနက်ရောင် တူညီဝတ်စုံ ပေါ်လာတော့သည်။ ရင်ဘတ်ပေါ်မှ ရွှေချည်ထိုးသည် ထရိအက် သင်္ကေတဖြစ်နေသည်။ မှူးမတ်များသည် အလန့်တကြား သူတို့ကို ကြည့်နေကြသည်။

ထို့နောက် အိုင်းဆက်က မှူးမတ်များကို....

"ကျွန်တော်တို့ ခေါင်းဆောင်က တတိယမင်းသား ရာဟန်ဟာဘက် ပါ"

"…အို ဘုရားရေ"

မှူးမတ်တွေကြားမှာ တစ်ယောက်ပြီးတစ်ယောက် ညည်းညူသံတွေ ထွက်လာသည်။ အမှန်တရားကို မဖုံးကွယ်နိုင်တော့သည့်အခါ ဇီဂရစ် ထအော်၏။

"သူတို့ကို ဒီကနေ ဆွဲထုတ်လိုက်ကြစမ်း"

ထိုအခါ နေရာအနှံ့ တန်းစီနေကြသော တော်ဝင် သူရဲကောင်းများသည် တညီတညွတ်တည်း လှုပ်ရှားလိုက်ကြသည်။ တဖြည်းဖြည်း သူတို့ ထိုင်ခုံအနီးသို့ ချဉ်းကပ်လာစဉ် ထရိအက် သူရဲကောင်းများသည် ဓားရှည်များကို တညီတညွတ်တည်း ဆွဲထုတ်လိက်ကြ၏။မကြာမီ ဈာပနခန်းမကြီးမှာ ကမောက်ကမ ဖြစ်သွားရသည်။ ဓားရှည်အချင်းချင်း ပြင်းထန်စွာ တိုက်မိသံ တချွင်ချွင်များ၊အော်ဟစ်သံများက ဈာပနခန်းမကို လွှမ်းခြုံသွား‌လေသည်။‌ တော်ဝင်သူရဲကောင်း အရေအတွက်သည် ထရိအက် သူရဲကောင်းများထက် များစွာ သာလွန်သည်။ သို့သော်၊ ထရိအက် သူရဲကောင်းများသည် စာခြောက်ရုပ်များနှင့် တိုက်ခိုက်နေရသလိုပင် အလွယ်တကူ အနိုင်တိုက်လျက်ရှိသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း စစ်မတိုက်ဖူးသော တော်ဝင်သူရဲကောင်းများသည် တိုက်ပွဲတွင် သိသိသသာ အားနည်းနေခဲ့သည်။ ထရိအက် သူရဲကောင်းများ၏ ဓားစွမ်းကို အင်ပါယာ သူရဲကောင်းများ ပထမဆုံးအကြိမ် မြင်ဖူးတာပင်။ ထရိအက် သူရဲကောင်းများ၏ ဓားပညာမှာ အလှကို ဦးစားပေးသော ရိုးရာဓားပညာနှင့် မတူဘဲ၊ တိုက်ပွဲနှင့်လိုက်ဖက်ကာ လျင်မြန်ပြီး အားကောင်းနေသည်။

အိုင်းဆက် နှင့် ခရေယယ် တို့နှစ်ယောက်က သူရဲကောင်းများကို အနိုင်ယူရန် ပူးပေါင်းခဲ့ကြသည်။

ရယ်ဗင် သည် သားရဲတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားတတ်သူဖြစ်ပြီး ကိုယ်ခံပညာဖြင့် အဓိက တိုက်ခိုက်သူဖြစ်သည်။ ရယ်‌ဗင်သည်သူ့‌ဘေးနားက သူရဲကောင်းတစ်ဦးကို တစ်ပတ်လည်ကန်ချက်ဖြင့်ဗိုက်ကို ကန်ထုတ်လိုက်သည်။ထိုအခါ သူရဲကောင်း၏ ခန္ဓာကိုယ်သည် လွင့်ထွက်သွားပြီး သပ်သပ်ရပ်ရပ် ချထားသော ကုလားထိုင်များပေါ်ပို ထပ်ကျသွားတော့သည်။ ဓားခုတ်သံများနှင့် ချွန်ထက်သော အရာတို့ ခြစ်မိသံများ ထပ်မံကြားရပြန်သည်။

သူတို့ဘေးက တိုက်နေသော အိုင်းဆက်သည် ရန်သူဓားကို တွန်းလိုက်ပြီး သူ့ဓားကို ညာဘက်သို့ ဖြတ်ကနဲ ဆွဲထုတ်ကာ တော်ဝင်တပ်မှူးကြီး၏ လက်မောင်းကို ဖြတ်ပစ်လိုက်သည်။

"အား"

တော်ဝင်တပ်မှူးကြီးက အားကနဲ စူးရဲစွာ အော်ဟစ်ပြီး သွေးတွေက မြက်ခင်းပြင်ပေါ်မှာ ဖျန်းကနဲ ထသွားတော့သည်။ထို့နောက် ထရိအက် သူရဲကောင်းများသည် ရှေ့သို့ တိုးလာနိုင်သွားသော်လည်း အိမ်ရှေ့စံ နံဘေးမှ သူရဲကောင်း အရေအတွက်သည် များပြားလှသောကြောင့် အလွယ်တကူ တိုက်မရပေ။

"သူ့ကို အရင်သတ်လိုက်စမ်း"

ဇီဂရစ် ၏ကြွေးကြော်သံအဆုံးတွင်၊ တော်ဝင်သူရဲကောင်းများသည် ရာဟန် ကိုချက်ချင်းတိုက်ခိုက်ဖို့ အပြေးလာကြသည်။ သို့သော်လည်း၊သူတို့ဓားကို ရာဟန် က ပုတ်ထုတ်ကာ သူ့ဓားနှင့် ခုတ်ထစ်ပစ်လိုက်သည်။ သူ့ဓားဖျားက သူတို့ကိုယ်ပေါ်မှာ ရှောင်မရအောင် ပျံဝဲလာခဲ့သည်။

သူရဲကောင်းတွေ ရာဟန်ဆီကို အပြေးဝင်သွားချိန်မှာ လက်ထောက်တပ်မှူး အဲဆစ် က သူ့ကို ကာကွယ်ပေးထားလိုက်သည်။သူတို့နှစ်ဦး၏ ဓားရှည်များသည် လေထဲသို့ တဝှီးဝှီး ဖြတ်လိုက်တိုင်း အလောင်းများက နှစ်ယောက်သား ခြေရင်းတွင် ပြန့်ကျဲလာရသည်။ ရာဟန် သည် ပုရွက်ဆိတ်များကဲ့သို့ စုရုံးနေသော တော်ဝင်သူရဲကောင်းများနှင့် တိုက်ခိုက်နေရင်း အရဲတင်းပြီး ရှေ့သို့ တိုးသွားခဲ့သည်။သူ့ရည်ရွယ်ချက်က ရိုစီနာ ကို ကယ်ထုတ်ဖို့ပင်။ဤသည်ကို သဘောပေါက်သွားသည့် ဇီဂရစ် က သူ့ခါးမှာချိတ်ထားသော ဓားကို ချက်ချင်းဆွဲထုတ်လိုက်သည်။ ရူးသွပ်မှုတွေ အပြည့်ရှိနေသည့် သူ့အကြည့်များကလည်း ရာဟန် ဆီကို ဦးတည်သွားတော့သည်။

"လာ....ငါ မင်းကို ဒီနေ့ သတ်ပြမယ်"

သို့သော် ရာဟန် နှင့် ထိပ်တိုက်တွေ့ဆုံနိုင်ရန် မဖြစ်နိုင်မှန်း ဇီဂရစ် သိနေသည်။ထို့ကြောင့် စင်ပေါ်မှ ချက်ချင်း ခုန်ဆင်းသွားပြီး ရိုစီနာ ဆီကို ပြေးသွားလိုက်သည်။ နောက်တန်းမှာထိုင်နေကြသည့် မှူးမတ်တွေလို အလွယ်တကူ ပြေးမရသည့် ရှေ့ဆုံးတန်းမှာထိုင်နေသူ ရိုစီနာ မှာ ချက်ချင်းထွက်မပြေးနိုင်ပေ။

"အဲဒီ ခွေးမကိုဖမ်းကြစမ်း"

"ရိုစီနာ"

စူးရှသော သတ္တုသံများကြားတွင် မိုးခြိမ်းသံလို စူးရှရှ အသံကျယ်တစ်ခု ရောထွေးနေသည်။

ဇီဂရစ် နှင့် ရာဟန် တို့သည် ရိုစီနာ ဆီသို့ တစ်ပြိုင်နက် ပြေးလိုက်ကြသည်။ သို့သော်၊ ဇီဂရစ် နေရာက ရိုစီနာ နှင့် ပို၍ နီးကပ်နေတာဖြစ်သည်။ သူမကို ဇီဂရစ် ဖမ်းမိခါနီးမှာပင် ရိုစီနာ က အော်ပြောလိုက်သည်။

"ကျွန်မကို ကယ်ပါ"

ရိုစီနာ အစွမ်းကုန် အော်ဟစ်လိုက်လျှင် လေထဲမှာ ပျံဝဲနေသည့် ငှက်ကလေးတွေ တညီတညွတ်တည်း ပျံသန်းသွားကြပြီး ဇီဂရစ်၏ ခန္ဓာကိုယ်ကို နှုတ်သီးနှင့် ခြေသည်းများဖြင့် စတင်တိုက်ခိုက်လာကြသည်။ ရုတ်တရတ် တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ဇီဂရစ် လန့်သွားကာ သူ့ဓားကို အမှတ်တမဲ့ လွှတ်ချလိုက်သည်။

"ဒီကောင်တွေ"

ထိုအခါ ရိုစီနာ သည် ရာဟန် ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားတော့သည်။

"ရိုစီနာ"

လူအုပ်ကြားထဲမှာ ပြေးလွှားနေသော ရာဟန် သည် သူမကို ဖမ်းထားရန် သူ့လက်ကို ကမ်းထားလိုက်သည်။

နှစ်ယောက်သား ထိတွေ့ခါနီးအချိန်မှာ.... သူ့လက်ကို အနောက်က လက်တစ်ဖက်မှ ပုတ်ထုတ်လိုက်ပြီး ရိုစီနာ၏ လက်ကောက်ဝတ်ကို ချက်ချင်း ဆုပ်ကိုင်လိုက်၏။ ထိုလက်ပိုင်ရှင်က ဇီဂရစ်ဖြစ်ပြီး သူမကို အမိဖမ်းပြီး အနောက်နေ ဖမ်းချုပ်ထားလိုက်တာဖြစ်သည်။

"ဒါက ငါ့ရဲ့အောင်ပွဲပဲ ....ရာဟန်ဟာဘက် ရဲ့"

ဇီဂရစ် ဝမ်းသာအားရ ပြုံးလိုက်ပြီး သူ့ရင်ခွင်ထဲတွင် မငြိမ်မသက်ဖြစ်နေသော ရိုစီနာကို ထိန်းနေ၏။

ဘုန်း....

ရုတ်တရက် အားလုံးတုန်လှုပ်သွားကြပြီး ဇီဂရစ် လည်း လန့်ဖျပ်သွားကာ သူမကို လွှတ်ပေးလိုက်မိလျှင် သူမ မြေကြီးပေါ်သို့ ပြုတ်ကျသွားရသည်။တိုက်ပွဲဝင်နေကြသော သူရဲကောင်းများပင် ချက်ချင်း ရပ်ပစ်လိုက်ကြသည်။ မြေပြင်သည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားကာ မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီးကလည်း မြည်ဟည်းလျက်ရှိသည်။မှူးမတ်များ၏ အော်ဟစ်သံများကလည်း ကျယ်လောင်လာပြီး သူရဲကောင်းများသည် အသံ၏ ဦးတည်ရာဆီသို့ လှည့်သွားကြသည်။

ဒဏ်ရာရနေသူများမှာလည်း ဒဏ်ရာကို ဂရုမစိုက်နိုင်အားဘဲ အသံလာရာဘက်ကို ကြည့်လိုက်ကြ၏။အသံမြည်ရခြင်းမှာ အဝေးမှ မြင်နေရသော အထပ်မြင့် အဆောက်အအုံကြီး ပြိုကျသွားခြင်းဖြစ်သည်။ဖုန်မှုန့်တွေကို လေပြင်းက မှုတ်ထုတ်လိုက်ပြီး မြူခိုးတွေလို ဖုန်လုံးတွေက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ ဖုန်များကြောင့် မျက်လုံးမဖွင့်နိုင်ဖြစ်နေသည့် ကြားမှပင် သူတို့အားလူံ အတင်းအားယူပြီး မျက်လုံးကို ပြန်ဖွင့်လိုက်ကြလျှင် ဖုန်မှုန့်တွေ တဖြည်းဖြည်း ဖယ်ခွာလာပြီး ပုံသဏ္ဍာန်တွေ ပေါ်လာရ၏။ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများသည် စစ်တပ်တစ်ခုကဲ့သို့ တန်းစီထားတာဖြစ်သည်။ သေချာသည်က မကောင်းဆိုးဝါးများ သူတို့ကို လာရောက်တိုက်ခိုက်ကြတာပင်။ ထိုအချိန်မှာ လူအများကလည်း အံ့အားသင့်သွားကာ အော်ပင်မအော်နိုင်တော့ပေ။ မကောင်းဆိုးဝါးများ ရုတ်တရက်ပေါ်လာသောအခါ အားလုံး အေးခဲသွားပြီး အသက်ရှုမဝတော့ပေ။

လဲကျသွားသော ရိုစီနာ သည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ ကြီးမားသောအသွင်အပြင်ရှိသည့် မကောင်းဆိုးဝါးများသည် တန်းစီနေကြသည်။သို့သော်လည်း ထူးဆန်းသည်က ဒါဇင်နှင့်ချီသည့် မကောင်းဆိုးဝါးတွေ ရှေ့ဆုံးမှာ ရပ်နေသူက လူသားတစ်ယောက်ပင်။ ရိုးရိုးအဝတ်အစား ၀တ်ထားသည့် လူတစ်ယောက်သည် မကောင်းဆိုးဝါးတွေ၏ ခေါင်းဆောင်လိုမျိုး ဝင့်ကြွားစွာ ရပ်လျက်ရှိသည်။ ရိုစီနာ ထိုလူကို သေချာကြည့်လိုက်သည်။ သူမနှင့် မရင်းနှီးသော်လည်း မြင်ဖူးနေသည်။ ထိုလူက သူ့ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ လှည့်ပတ်ကြည့်လိုက်ရင်း သူ့အကြည့်တွေက နောက်ဆုံးမှာ သူမဆီကို ရောက်လာပြီး ပါးစပ်ကို ဟ,ကာ အသံတစ်မျိုး ထုတ်လွှတ်လိုက်သည်။

- ငါက ကူညီဖို့ဒီကို ရောက်လာတာ

ရိုစီနာ မျက်လုံးပြူးသွားသည်။

ကူညီဖို့ သူတို့က ရောက်လာတယ်ဆိုပါလား....

သူမ အမြန် လူတွေဘက်ကို လှည့်ကြည့်လိုက်လျှင် အားလုံးက ကြောက်ရွံ့မှုတွေ ပြည့်နှက်နေသည့် မျက်နှာထားတွေနှင့် တိတ်ဆိတ်နေခဲ့သည်။ သူမကသာ ထိုယောက်ျား၏ စကားကို နားလည်သူ ဖြစ်ပုံရသည်။

- လူသားတွေက အန္တရာယ်ရှိတယ်.... ငါတို့ဆီ လာပါ...

ထိုအခါမှ သူမ ထိုသူ့ကို ဘယ်မှာမြင်ဖူးမှန်း ယခုမှ သိလိုက်သည်။ တော်ဝင်နန်းတော်မှ နောက်ဆုံးအကြိမ် အပြင်သို့ထွက်လည်စဥ်က မြို့တော်မှ လမ်းမတစ်နေရာတွင် သူမတွေ့လိုက်ရသော အမျိုးသားဖြစ်သည်။ မိုးရွာထဲမှာ ရပ်နေသူကို သူမ ပြန်အမှတ်ရသွားတော့သည်။

ဒါ​ပေမယ့်​ ဒီလူကဘာလို့​ရောက်​​လာတာလဲ....

သူက ဘီလူးတွေကို ဦးဆောင်လာသူဖြစ်သည်။

အဲဒီလူကလည်း မကောင်းဆိုးဝါးပဲလား....

ရိုစီနာ ဆက်မတွေးနိုင်တော့။ ထိုလူက သူ့လက်ကို မြှောက်လိုက်ပြီး ဇီဂရစ် နှင့် သူမ ဆီကို ညွှန်ပြလိုက်သည်။ ထို့နောက် သူ့နောက်တွင်ရပ်နေသော မကောင်းဆိုးဝါးများသည် ဇီဂရစ် ဆီကို တစ်ပြိုင်နက် ပြေးလာကြတော့သည်။

"သေစမ်း"

ဇီဂရစ် သည် ကျယ်လောင်စွာ ဆဲရေးပြီး လဲကျနေသော ရိုစီနာ ကို ဆွဲထူလိုက်သည်။သူ မှန်းထားသမျှ အကုန်လွဲနေရတာချည်းပင်။ ရာဟန် နှင့် တိုက်ခိုက်ရတာကိုက အတော် ခက်ခဲနေပြီ ဖြစ်သော်လည်း ယခု တစ်ဖန် မကောင်းဆိုးဝါးတွေနှင့်လည်း တိုက်ခိုက်ရပြန်သည်။ ရိုစီနာ ကို အာစတေးနီးယား မှ ခေါ်လာသောအခါက သူ့ကို တိုက်ခိုက်ခဲ့သည့် မကောင်းဆိုးဝါးကြီးကို သတိရသွားသည်။ ထိုအချိန်သည် ဤအခြေအနေနှင့် ဆင်တူသည်ဟု ထင်ရသော်လည်း ယခု မကောင်းဆိုးဝါးအရေအတွက်ကို ကြည့်ရုံဖြင့်ပင် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။ ဆက်လက်တိုက်ပွဲဝင်နေသော သူရဲကောင်းများကလည်း ကိုယ်ဟန်အနေအထားကို တည့်မတ်လိုက်ကြသည်။ ယခုအချိန်သည် လူသားများနှင့် တိုက်ရမည့် အချိန်မဟုတ်တော့ပေ။

ဇီဂရစ် သည် ရိုစီနာ ၏ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ကိုင်ထပြီး ဓားကိုလည်း ကိုင်ထားလိုက်၏။ ရိုစီနာ ၏ အရေပြားကို ပွတ်သပ်နေစဉ် သူ့မျက်လုံးများသည် အပြာရောင်အလင်းတန်းများ တောက်ပနေရပြီး စွမ်းအားများ ပြည့်လျှံနေသည်။အစွမ်း အားလုံးကို ထိန်းဖို့ မဖြစ်နိုင်လောက်အောင် အစွမ်းထက်လာသလိုပင်။ ထို့နောက် ဇီဂရစ် သည် သူ့ဆီ ပြေးလာနေသော မကောင်းဆိုးဝါးကို အမြန်ခုတ်သတ်လိုက်သည်။

"အား...."

တိုက်နေစဉ်အတွင်း ဇီဂရစ်က သူမ လက်ကောက်ဝတ်ကို ဖျစ်ညှစ်ထားတာကြောင့် နာကျင်လာရ၏။သူ့ကို တွန်းထုတ်ဖို့ ကြိုးစား‌သော်လည်း သူ့ကိုယ်က ကျောက်တုံးလို မာကျောပြီး မလှုပ်မရှားလာပေ။

"ရိုစီနာ......"

ရာဟန် သည် ရိုစီနာ ဆီသို့ အစွမ်းကုန် ပြေးသွားခဲ့သော်လည်း မကြာမီ သူရဲကောင်းများ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရသည်။ တော်ဝင်သူရဲကောင်းများသည် ဇစ်ဂရစ်ကို ဝိုင်းရံထားသည်။ သို့သော် ယခင်က မကောင်းဆိုးဝါးများနှင့် မတိုက်ဖူးသော သူရဲကောင်းများသည် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးများ ရှေ့တွင် အနည်းငယ် ခိုကိုးရာမဲ့ ဖြစ်နေကြသည်။ သူရဲကောင်းများ၏ ရုပ်အလောင်းများသည် စုတ်ပြတ် ကြေမွသွားကာ တဖြုတ်ဖြုတ် သေသွားလျက် ရှိသည်။ ကျယ်လောင်သောအော်သံနှင့်အတူ မကောင်းဆိုးဝါးက ခြေဖြင့် ကန်ထုတ်ခံရသည့် အလောင်းပေါင်း အရေအတွက်ကို မမှတ်မိနိုင်သည်အထိ အသတ်ခံ‌ရသောအခါ ကျန်နေသူများ တုန်လှုပ်စပြုလာသည်။

ဇီဂရစ် သည် ရိုစီနာ လက်ကောက်ဝတ်ကို တစ်စက်ကလေးမှမလွှတ်ဘဲ သူ့ထံပြေးလာနေသော မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်‌နေသည်။ယခုတော့ ရိုစီနာ နှင့် သူစွမ်းအားတို့ချိတ်ဆက်မိသွား၍ မကောင်းဆိုးဝါးတွေကို အလွယ်တကူ ဖြတ်တောက်နိုင်ခဲ့သည်။ သို့သော်၊အရေအတွက်မှာ အဓိပ္ပါယ်မဲ့စွာ များပြားနေပြီး တိုက်ပွဲမျာမဝင်ဖူး၍ သူ့ဓားစွမ်းကို သိပ်အားမရချေ။

“အိုး....အိုး….”

ထိုစဉ်၊မကောင်းဆိုးဝါးတစ်ကောင်၏ ချွန်ထက်သည့် ခြေသည်းတွေက သူ့ပခုံးကို ဖောက်ထွင်း ဝင်ရောက်သွား၏။ သူ့အသားစက ပြုတ်ကျပြီး သူ့ပခုံးတွေက သွေးတွေရွှဲနေရသည်။ နာကျင်ကိုက်ခဲမှုတစ်ခု အရှိန်အဟုန်ဖြင့် ဝင်လာပြီး အတန်ကြာမှ ကြောက်စိတ်ဝင်လာသည်။ သူသည် ရိုစီနာ လက်ကို ကိုင်ထား၍ လုံလောက်သော ခွန်အားရှိသည်။ အားလုံးပြင်ဆင်ထားသော်လည်း သူ့အနာဂတ်က ဘာမှ မမြင်ရတော့ချေ။

ဇီဂရစ် က နှုတ်ခမ်းကိုကိုက်ထားပြီး ဓားတစ်ချောင်းအား မကောင်းဆိုးဝါး၏ ဗိုက်ထဲသို့ အတင်းအားစိုက် ထိုးလိုက်သည်။ရာဟန် လို ပြင်းထန်သော စွမ်းအားရှိလျှင် မကောင်းဆိုးဝါးများနှင့် အလွယ်တကူ ရင်ဆိုင်နိုင်မည်ဟု သူထင်ခဲ့သည်။ သို့ရာတွင်၊ သူ့ဘက်က အားနည်းချက်မှာ နတ်ဘုရား၏ တန်ခိုးတော်မဟုတ်ဘဲ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံပင်။ဤနှစ်ချက်က သူတို့နှစ်ယောက်ကို ကွဲပြားစေသည့်အချက်ဖြစ်သည်။

ထိုစဥ်ကြီးမားသော မကောင်းဆိုးဝါးတစ်ကောင်သည် ဇီဂရစ် ဆီသို့ ခုန်ဆင်းလာသည်။ ဇီဂရစ် စိတ်ထဲကလည်း ထိုနတ်ဆိုးကို မကိုင်တွယ်နိုင်ကြောင်း အလိုလိုသဘောပေါက်သွားသည်။ ထို့နောက် မကောင်းဆိုးဝါးက သူ့ကို နင်းခြေရန် ခြေထောက်မြှောက်လာလျှင် လျှပ်တပြက်အတွင်း ရိုစီနာ ကို မကောင်းဆိုးဝါးရှေ့သို့ တွန်ပို့လိုက်သည်။ အရာအားလုံးက တခဏအတွင်း ဖြစ်ပျက်သွားတာဖြစ်သည်။ မကောင်းဆိုးဝါးသည် သူမကို မမြင်လိုက်တာကြောင့် သူ့ခြေသည်းများသည် သူမ၏ ခါးအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်သွားခဲ့ပြီဖြစ်သည်။ ထိုအခါ သူမ၏ အနက်ရောင်ဝတ်စုံသည် စုတ်ပြဲသွားပြီး သွေးစက်များက လေထဲတွင် ပြန့်ကျဲသွားရသည်။ တစ်ချိန်တည်းမှာပင် သူမ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာရသည်။

အနီးတစ်ဝိုက်ရှိ မြင်ကွင်းများသည် သူမ အမြင်အာရုံထဲသို့ ရောက်ရှိလာရသည်။ သူမမျက်လုံးထဲကို ပထမဆုံးဝင်လာသည်ကတော့ ရာဟန် ပင်ဖြစ်သည်။

"ရိုစီနာ...."

Xxxxx