အပိုင်း ၉၄
Viewers 13k

Chapter 94

"ရိုစီနာ"

ရိုစီနာ သည် ခါးအောက်ပိုင်း ဆီက နာကျင်မှုကို ခံစားရင်း မျက်မှောင်ကြုတ်လိုက်သည်။ ဒဏ်ရာတွေက မီးလောင်ထားသလို ပူပြင်းလှသည်။

"အား.....ဟား..."

ရိုစီနာ ကို လက်လွှတ်ပြီးနောက် မကောင်းဆိုးဝါးတွေကို မကိုင်တွယ်နိုင်တော့၍ ဇီဂရစ် အသံကုန် အော်ဟစ်လိုက်သည်။အကြောင်းမှာ မကောင်းဆိုးဝါး၏ လက်သည်းချွန်များသည် သူ့ဗိုက်ထဲကို ထိုးဖောက်သွား၍ ဖြစ်သည်။ သူ ဓားကို ချထားလိုက်ပြီး ဗိုက်ကိုဖိထားချိန်မှာ အနီးနားမှာရှိသည့် မကောင်းဆိုးဝါးတွေက ချက်ချင်းဆိုသလို သူ့ဆီ ပြေးဝင်လာကြ၏။ ထို့နောက် မကောင်းဆိုးဝါးများသည် သူ၏ ခြေလက်များကို ကိုက်ဖြတ်ဆုတ်ဖြဲကာ အသားစများကို ပြန့်ကျဲပစ်လိုက်ကြသည်။ထိုအခါ ဘုရင်မ၏ ကြေကွဲဖွယ်အသံက တစ်ခန်းလုံးကို လွှမ်းမိုးသွားတော့သည်။ သို့သော်လည်း ဇီဂရစ် ကို ဘယ်သူမှ မကူညီခဲ့ပေ။ ခဏအကြာတွင် ဇီဂရစ် ၏ အော်သံများ လုံးဝရပ်တန့်သွားတော့သည်။

“…..”

ဇီဂရစ် ၏အဆုံးသတ်ကိုကြည့်ရင်း ခြောက်သွေ့သောမြက်ခင်းပေါ်တွင် လဲကျနေသော ရိုစီနာ သည် ခေါင်းကို ခက်ခက်ခဲခဲ ထောင်ကြည့်လိုက်သည်။ထို့နောက် ခေါင်းက တစ်ဖန်ပြန်ကျသွားပြီး နာကျင်မှုကို ခံစားနေရတော့သည်။ သူမရှေ့တွင် မြင်နေရသော ရာဟန် ၏ မျက်လုံးများသည် နက်ပြာရောင်များဖြစ်သည်။ ပဲ့တင်သံ တောအုပ်ထဲမှာ ရာဟန် ကို ပထမဆုံးတွေ့တုန်းက သူမ မြင်လိုက်ရသည့် မျက်လုံးတွေနှင့် အတူတူပင်။

ထို့နောက် ရာဟန် သည် သူမထံ ချက်ချင်း ချဉ်းကပ်လာကာ သူမကို ပွေ့ဖက်ထားလိုက်သည်။ သူ့မျက်နှာမှာလည်း နာကျင်ကြေကွဲခြင်းများဖြင့် ပြည့်နှက်နေသည်။

"ရာဟန် ရယ်…. ကျွန်မအဆင်ပြေပါတယ်.”

သူမ တိုးတိုးလေး သူစိတ်ချမ်းသာအောင် ပြောလိုက်သည်။သူ ဘယ်လောက်တောင် နာကျင်ခံစားနေရသည်ကို သူမ သိသည်။ သူတို့နှစ်ယောက် တောထဲမှာ ပထမဆုံးတွေ့စဥ်ကလည်း ထိုမျက်လုံးများကြောင့် သူ့ပုံစံက သွက်သွက်ခါ ရူးနေသည့် အရူးတစ်ယောက်လိုပင်။ တစ်ချိန်က အေးဆေးစွာ ပြုမူတတ်ပြီး စကားနည်းသော ရာဟန်က ထိုမျက်လုံးများပေါ်လာလျှင် ရူးသွပ်သွားတတ်သည်။ သူမတို့ဘေးပတ်လည်ရှိ မကောင်းဆိုးဝါးများသည် မလှုပ်မယှက် အေးခဲသွားကြသည်။ စွမ်းအားကြီးမားသော အစွမ်းတစ်ခုကို ခံစားလိုက်ရသဖြင့် မကောင်းဆိုးဝါးများသည် ဇီဂရစ်အနားမှ အလိုလို ဆုတ်ခွာသွားကာ ရာဟန်အနားကို ပြောင်းသွားလိုက်သည်။

စောင့်ကြည့်နေသော မှူးမတ်များသည် မအော်တော့ဘဲ အသက်ရှုရပ်မတတ် ဖြစ်ကာ ရာဟန် ကို ကြည့်လိုက်ကြသည်။ ရာဟန် သည် လောလောဆယ် မကောင်းဆိုးဝါးများကို ဂရုစိုက်ရန် အချိန်မရှိပေ။ ယခု သူ လိုအပ်သမျှမှာ ရိုစီနာ ကို ကုသပေးနိုင်သော ဆရာဝန်တစ်ဦးကိုသာ ဖြစ်သည်။ထိုစဉ် သူ့အနားကို ဘာမှ မလုပ်ဘဲ ပွဲကို ရပ်ကြည့်နေသူတစ်ဦး လျှောက်လာခဲ့သည်။ အခြားမကောင်းဆိုးဝါးများနှင့်မတူဘဲ၊ သူသည် သူ့လက်ထဲမှာ ဓားတစ်ချောင်းရှိသည်။

- သူမကို အောက်ချလိုက်

သို့သော် ရာဟန် သည် ထိုလူ၏စကားကို နားမလည်နိုင်ခဲ့ပေ။ ကြည့်ရသည်မှာ ထိုသူက သူမကို ခေါ်ဖို့ လာနေပုံပင်။ထိုအခါ စောစောက ရူးချင်သလိုဖြစ်နေသော ရာဟန် စိတ်တိုသွားကာ ကြမ်းပြင်ပေါ်ချထားသော သူ့ဓားကို ကောက်ကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုလူကလည်း သူ့ဆီကို ပြေးလာခဲ့သည်။

ချွင်...

ဓားနှစ်ချောင်း ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ချိန်မှာ ဓားသွားများက မီးပွင့်မတတ်ပင်။ အပြင်းအထန် ထိုးကွက်စင်နေသော ရာဟန် သည် ထိုလူ၏ ဓားကို အမြန်ရိုက်ထုတ်လိုက်ပြီး သူ့ခါးကို ထိုးလိုက်သည်။ထိုအခါ ထိုလူကလည်း သူ့ဓားကို ပိတ်ဆို့ထားလိုက်သည်။ သို့သော်၊ ရာဟန် ၏ လှုပ်ရှားမှုများသည် အရိုင်းဆန်လှသည်။ ပျံသန်းနေသော သားရဲတစ်ကောင်လိုပင် သူ့ခန္ဓာကိုယ်သည် ဘာမှ မတွေးနိုင်မီ ဦးစွာ လှုပ်ရှားသွားတတ်သည်။ သူတို့ လှုပ်ရှားမှုများကို သာမန်လူများ မမြင်နိုင်ပေ။ ဓားချင်းခိုက်မိသံကြောင့်သာ ရန်ဖြစ်နေခြင်းကို သိကြတာဖြစ်သည်။

ရိုစီနာ သည် သူတို့နှစ်ယောက် ရန်ဖြစ်တာကို ကြည့်နေသည်။ ဤအတိုင်းဆိုလျှင် မကောင်းဆိုးဝါးနှင့် ရာဟန်တို့ ဘယ်လိုမှမယှဉ်နိုင်ဘဲ ရာဟန် ရှုံးမည်မှာ သေချာသလောက်ရှိပြီဖြစ်သညိ။ထို့ကြောင့် သူ့ကို ခေါ်ဖို့ ကြိုးစားကြည့်သော်လည်း သူမလည်ချောင်းထဲမှာ သဲတစ်စ ထည့်ထားသလိုမျိုး အသံမထွက်လာပေ။ သူမ အသက်ရှုလိုက်တိုင်း လည်ချောင်းနာသွားရပြီး တဟင်းဟင်းညည်းသံများကသာ တိုးတိုးလေး ထွက်ကျလာသည်။

ရာဟန် သည် သူ့ဓားကို စောင်းကာ အထက်ကို မြှောက်တင်လိုက်သည်။ နေရောင်က ဓားသွားပေါ်မှ ရောင်ပြန်ဟပ်လာသောအခါ ထိုလူက မျက်လုံးများကို မှိတ်လိုက်သည်။ထို့နောက် ရာဟန် သည် အခွင့်အရေးကို လက်လွတ်မခံဘဲ သူ့ဓားကို ထိုလူ၏ပခုံးထဲအား နက်နက်နဲနဲ ထိုးဖောက်ပစ်လိုက်သည်။ထိုအခါ ထိုလူ၏ လှုပ်ရှားမှုက ခဏရပ်သွားသည်။ ထို့နောက် ရာဟန် သည် ဓားကို တစ်ချက်ချင်း ထိုးနှက်လိုက်ပြီး ထိုလူကို မရပ်မနား အဝေးကို မောင်းထုတ်ပစ်လိုက်သည်။ သူ့မှာ မောပန်းနေချိန်မရဘဲ ကြာလေကြာလေ၊ ပိုမြန်အောင် အပြေးမောင်းထုတ်ရသည်။ ချက်ချင်းပင်၊ ထိုလူသည် ရာဟန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေသော အပြာရောင်စွမ်းအင်ကို မြင်သောအခါ ကြောင်စီစီဖြစ်သွားတော့သည်။

ချွင်....ချင်

ကျယ်လောင်သော အသံနှင့်အတူ ထိုလူကိုင်ဆောင်ထားသော ဓားသည် လှိမ့်ထွက်သွားသည်။ ချက်ချင်းပင်၊ ရာဟန် က သူ့ဓားကို လက်နက်ဆုံးရှုံးသွားသူ၏ လည်ပင်းကို ထိုးချိန်ထားလိုက်သည်။ထိုအခါ သူ့လက်သည်းများက ရာဟန် လက်မောင်းကို ချိန်ရွယ်၍ ကုတ်ခြစ်ပစ်လိုက်သည်။သို့သော် ရာဟန် က အသာဝေ့ရှောင်ကာ သူ့မျက်နှာကို ပိတ်ကန်လိုက်သည်။ အရိုးများ ကွဲသွားသလို ခွပ်ကနဲ အသံနှင့်အတူ ထိုလူ တုန်လှုပ်ချောက်ချားသွားကာ မြက်ခင်းပြင်ပေါ်တွင် နာကျင်စွာ ပြေးလွှားနေလေသည်။ ထို့နောက် ရာဟန် သူ့နောက်ကို အပြေးလိုက်ကာ ဓားကိုမြှောက်ပြီး သူ့ခေါင်းကို ဖြတ်မည့်အချိန်၌....

"ရာဟန်!"

သူ့ကို သော့ခတ်ပစ်လိုက်သော အသံသည် နောက်ဆုံးတွင် ထွက်ပေါ်လာသည်။ မည်သို့ပင်ဆိုစေ၊ သူ့လှုပ်ရှားမှုအားလုံးကို မေ့သွားပြီး သူမကို တစ်ချက်လှည့်ကြည့်လိုက်သည်။ အသက်ကို ခက်ခဲစွာရှူနေရသော ရိုစီနာ သည် အတင်းအားယူပြီး ငုတ်တုတ်ထထိုင်နေ၏။ရာဟန်၏ နက်ပြာရောင်မျက်လုံးများသည် စူးကနဲ သူမဆီကို လွင့်ပျံလာသည်။

"ရပ်… ရပ်လိုက်ပါ"

ထို့နောက် သူမက သူ့ဆီကို လျှောက်လာနေသည်။ သူမ လက်ကလေးက သူ့လက်မောင်းဆီ လာကိုင်ထားချိန်အထိ သူ ဘာကိုမှ မလှုပ်နိုင်ခဲ့ပေ။ အသက်ရှုရတာတောင် ခက်ခဲနေရသော်လည်း သူမ သူ့ဆီကို အားတင်းပြီး လာခြင်းဖြစ်သည်။

"ကျွန်မ သူ့စကားကို နားလည်တယ်...သူကဒုက္ခပေးမယ့် မဟုတ်ပါဘူး..."

ရိုစီနာ အသံကို အစွမ်းကုန် ညှစ်ထုတ်ပြီး သွေးထွက်နေသော သူ့လက်ကို လာထိထားလိုက်သည်။သူတို့အသားချင်း ထိလာသောအခါ ရာဟန် တုန်လှုပ်သွားရသည်။ ပျော့ပျောင်းပြီး နွေးထွေးသော စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတာကို ခံစားလို့ရနေသည်။

ရိုစီနာ။ပွေ့ဖက်လိုက်ရာ မလှုပ်မယှက်ရပ်နေသော ရာဟန် သည် သူ့ဓားကို ချင်ချင်း လွှတ်ချပစ်လိုက်၍ ပြန်ပြီး ဖက်ထားလေသည်။

“….ရိုစီနာ”

ရာဟန် က ငိုတော့မလိုမျက်နှာထားနှင့် သူမကို ခေါ်လေသည်။ယခုမှ သူ့မျက်လုံးများသည် မူလကြည်လင်သောအပြာရောင်သို့ ပြန်လည်ရောက်ရှိသွား၍ သူမ ခပ်ဖျော့ဖျော့ပြုံးပြမိသည်။ဘယ်လိုပင်ဖြစ်ဖြစ်၊သူ ဘာမှမဖြစ်တာကိုပင် ကျေးဇူးတင်ရမည်။ စိတ်သက်သာရာရသွားချိန်မှာ တင်းထားသမျှ စိတ်တို့ ပြေလျော့သွားကာ သူမ ခြေထောက်များ တုန်ခါလာရပြီး အမြင်အာရုံကလည်း မြူများမှိုင်းနေသကဲ့သို့ မှုန်ဝါးနေသည်။ သိသာထင်ရှားသည်က သူမ သွေးများ အလွန်အကျွံထွက်နေခြင်းဖြစ်သည်။ ခဏကြာတော့ သူမ ခေါင်းတွေမူးလာပြီး ပတ်ဝန်းကျင်က အသံများကို မကြားတစ်ချက် ကြားတစ်ချက် ဖြစ်လာ၏။

“ကျွန်မ…. ခဏလောက်အိပ်ဦးမယ်"

ထိုစကား ပြောပြီး သူမ ချက်ချင်း သတိလစ်သွားသည်။

***

နွေးထွေးသော နေရောင်ခြည်သည် သူမနဖူးကို လာထိတွေ့နေသည် ။ စောင်ထူထူနှင့် အုပ်ထားသလိုမျိုး သူမ တစ်ကိုယ်လုံး နွေးထွေးလျက်။တဖျပ်ဖျပ် တောက်လောင်နေသည့် မီးတောက်သံကို သူမ ကြားလိုက်ရသည်။ အသံကို အချိန်အတော်ကြာ နားထောင်ပြီးနောက် ရိုစီနာ ၏ လက်ချောင်းများက ဆတ်ကနဲ လှုပ်ခါလာကြသည်။ ထို့နောက် လေးလံသော မျက်ခွံများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်လျှင် မှုန်ဝါးသော မြင်ကွင်းသည် တဖြည်းဖြည်း ပြန်ကြည်လင်လာပြီး ပတ်ဝန်းကျင် ရှုခင်းများက သူမ မျက်လုံးထဲသို့ ဝင်လာသည်။

မြင့်မားသော အဖြူရောင် မျက်နှာကျက်၊ ငှက်မွှေးကဲ့သို့ ပျော့ပျောင်းသော စောင်ထူထူဖြင့် ဖုံးလွှမ်းထားသည့် ကုတင်နှင် မျက်နှာချင်းဆိုင်တွင်ရှိသော မီးဖိုကြီးကြီးကို ကြည့်ပြီး သူမ ဖြည်းဖြည်းချင်း ထလိုက်သည်။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေ၍ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ထို့နောက် နောက်ကျောကို အသာစမ်းကြည့်ကာမှ ပါးလွှာသော ဂါဝန်ပျော့ပျော့အောက်မှ ပတ်တီးမာမာကို ခံစားလိုက်ရသည်။ အိပ်မက်ရှည်ကြီးကနေ နိုးထလာသလိုပင်။ အရင်က ရာနီယာ အဆိပ်ခတ်ခံရပြီး နိုးလာချိန်နှင့် အတူတူဖြစ်နေသည်။ ကုတင်ပေါ်တွင် သူမ ထိုင်နေရင်း နောက်ဆုံးအမှတ်တရကို ပြန်သတိရသွားသည်။ဤသည်က ရာဟန် ၏ ဈာပနအခမ်းအနားမှာ...

"ရာဟန်..."

ရိုစီနာ စောင်ကို ခွာချလိုက်ပြီး အော်ဟစ်လိုက်သည်။ယခုအချိန်က ရာဟန် မျက်နှာကို သွားကြည့်ရမည့်အချိန်ပင်။ သူအသက်ပြန်ရှင်လာကြောင်းကို အိပ်မက်မဟုတ်ဘဲ တစ်ကယ်ဖြစ်ကြောင်း သူမ သက်သေလိုချင်မိသည်။သူမ အိပ်ရာပေါ်မှ အတင်းကုန်ထကာ ကြမ်းပြင်ပေါ်ကို ယိုင်တိယိုင်နဲ့ လျှောက်လာပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခါ သူမနှင့် ရင်းနှီးနေသူတစ်ဦးသည် ဖွင့်ထားသော တံခါးရှေ့တွင် ရပ်နေတာကို တွေ့ရလေသည်။

"ရိုစီနာ...."

သူ့ကို မြင်မြင်ချက်း သူမ လဲကျသွားတာကြောင့် ရာဟန်က အော်လိုက်ကာ အနားကပ်လာပြီး သူမကို ဆွဲထူလိုက်သည်။ နူးညံ့သော အသက်ရှုသံနှင့် ရင်းနှီးသော ကိုယ်သင်းရနံ့သည် နေရောင်ခြည် နွေးနွေးလေးလိုပင် သူမကို ဖုံးအုပ်ထားသည်။ အချိန်အတော်ကြာပြီးနောက်မှာပင် သူမ ဤရင်ခွင်က အစစ်အမှန်ဖြစ်ကြောင်း သတိရနေမိသည်။ နှလုံးခုန်သံက သူမ ရင်ဘတ်ထဲ တဒုန်းဒုန်း ထွက်ပေါ်လာသည်။

တုန်တုန်ယင်ယင်ဖြစ်နေသော လက်တစ်စုံက သူမ ခန္ဓာကိုယ်ပေါ်သို့ ပြေးဆင်းသွားသည်။ သူမ သည်လည်း ဂရုစိုက်မှုနှင့် နူးညံ့သော အထိအတွေ့တို့ကြောင့် မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်ကာ ပြန်ဖွင့်လိုက်သည်။ အပြာရောင်မျက်လုံးများက သူမကို စူးရဲစွာ စိုက်ကြည့်နေသည်။ထိုအခါ သူမ သူ့ပါးပြင်ကို ပွတ်သပ်ကြည့်လိုက်သည်။ ဤနွေးထွေးမှုဟာ သူမအတွက် လုံး၀ရှိနေသည်ဟု ခံစားရလာသည့်အခါ ရင်ထဲမှာ ကြည်နူးမှုအဟုန်တို့က စီးဆင်းနေလျက်။

"ရှင်သေသွားပြီထင်နေတာ"

တုန်ရီနေသော အသံကြောင့် ရာဟန် ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်း ကိုယ့်စာကို မရဘူးလား"

"ရှင် ကျွန်မကို ဆက်သွယ်ခဲ့တာလား"

ရိုစီနာ က သူမ လုံးဝမသိကြောင်း ပြောလာသောအခါ ရာဟန် မျက်မှောင်ကြုတ်လိုက်ပြီး သူမကို ပြန်ဖက်ထားလိုက်သည်။

"ကိုယ် တောင်းပန်ပါတယ်....မင်းသတင်းရလိမ့်မယ်လို့ပဲ ကိုယ် ထင်ထားတာ"

ရာဟန် သည် စိတ်ရင်းမှန်ဖြင့် သူ့ကိုခွင့်လွှတ်ရန် တောင်းဆိုလိုက်သည်။ သူ သေဆုံးသည့်ကိစ္စဟာ လိမ်လည်ထားခြင်းဖြစ်ကြောင်း သူမကို အကြောင်းကြားဖို့ ဆက်သွယ်စာတစ်စောင် ပေးပို့ခဲ့သည်။ သို့သော်လည်း ရိုစီနာ သည် အာစတေးနီးယား သို့ အနည်းငယ်စောပြီး ထွက်သွားသောကြောင့် သတင်းက မရောက်သွား‌ပေ။

အဖြစ်အပျက်များအားလုံးကို ကြားပြီးနောက် သူမ ကိုယ်ကလေးသည် လုံးဝကို ပြေလျော့သွားခဲ့သည်။သူမ ထင်ထားသည်က သူ အသက်မရှိတော့ဘူးဆိုတာပင်။ထို့ကြောင့် သူ့ကို လက်လွှတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သူမသည် အီလီယန် အတွက်ကိုသာ တွေးပြီး သူ့ကို သူမ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းမြှုပ်နှံရန်သာ အလွန်ကြိုးစားခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူမ ရာဟန် ကို မမေ့နိုင်ခဲ့ပေ။ သူ သေသွားကြောင်းက အမှန်ဖြစ်သော်လည်း ဘယ်လိုမှလက်ခံပေး၍မရဖြစ်နေသည်။ရာဟန်က သူမကို အကြာကြီး ဖက်ထားရာမှ လွှတ်ကာ ပွေ့ချီပြီး ကုတင်ပေါ်ချထားပေးလိုက်သည်။ ထို့နောက် သူက ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး သူမကို သေချာစိမ်ပြေ‌နပြေ ကြည့်နေတော့သည်။ လအနည်းငယ်ကြာသည်အထိ သူ တစ်ခါမှ မတွေ့ရသေးသော သူမ မျက်နှာကလေး။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရုံနှင့် သူတို့ နှလုံးသားတွေ တဒိန်းဒိန်း ဆောင့်ခုန်လာကြသည်။ တိုးလာသော နှလုံးခုန်သံသည် တဖြည်းဖြည်း သူတို့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားရသည်။ထို့နောက် သူမလက်ကောက်ဝတ်ကို အသာအယာဆွဲကိုင်လိုက်ပြီး လက်ဖမိုးအား သူ့နှုတ်ခမ်းနှင့်ဖိကပ်နမ်းလိုက်သည်။

"ကိုယ် အခုပြန်လာပြီလေ…ကိုယ် မင်းကို အရမ်းလွမ်းတာပဲ..."

ခွဲခွာရသည့် ကာလများအတွင်း ရာဟန် သည် ရိုစီနာ မရှိဘဲ ဖြတ်သန်းလို့မရခဲ့ပေ။ ဟေလာ တွင် နေနေစဉ်မှာ သူ အကြောက်ဆုံးအရာက သူမနှင့် အချိန်ကြာကြာခွဲခွာရတာကိုပင်။ ပထမအကြိမ်ကလည်း သူမ ကိုရှာမတွေ့ခဲ့တာ ခုနစ်နှစ်ကြာသွားခဲ့တာဖြစ်သည်။ အချိန်တွေ အများကြီးကုန်သွားလျှင် ဘာဖြစ်သွားမလဲဟု တွေးနေမိ၏။

ရာဟန် သည် ရိုစီနာ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ဆွဲမော့လိုက်သည်။ သူမ မျက်နှာကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် တဖြည်းဖြည်း သူ့မျက်နှာက နီးကပ်လာသည်။ နောက်ဆုံးမှာတော့ နူးညံ့သည့် အထိအတွေ့က သူမ နှုတ်ခမ်းကို ထိသွားလေသည်။ နွေးထွေးသော အသက်ရှုသံသည် အနည်းငယ်ပွင့်ဟ,နေသော နှုတ်ခမ်းများမှတဆင့် စီးဝင်သွားသည်။ နူးညံ့သော သူ့အနမ်းသည် ဖြူစင်သော်လည်း အနည်းငယ် နာကျင်ရသည်။

ဤအချိန်သည် အိပ်မက်တစ်ခုလိုဖြစ်နေသောကြောင့် ရိုစီနာ မိန်းမောနေရသည်။

စိုစွတ်နေသော နှုတ်ခမ်းများကြားမှ စူးစူးရှရှ အသံတစ်သံကို သူကြားလိုက်ရလျှင် ထိတ်လန့်သွားသည်။ ရာဟန် က ချက်ချင်းဆိုသလို သူ့နှုတ်ခမ်းတွေကို ဖယ်လိုက်ပြီး ရိုစီနာ ကို ကြည့်လိုက်သည်။

"အရမ်းနာသွားလား"

“သိပ်မနာပါဘူး”

ကောင်းမွန်သော ကုသမှုကြောင့် သူမခန္ဓာကိုယ်ကို အလွန်အကျွံ လှုပ်ရှားမိတာကြောင့် နာကျင်မှုကို ခံစားခဲ့ရခြင်း ဖြစ်သည်။သူမ ပြောပြီး နောက်ကျမှ ရှက်သွားသဖြင့် ပါးပြင်များ နီမြန်းလာလျှင် ရာဟန် က သူမ ခေါင်းကို မော့စေလိုက်သည်။ထို့နောက် သူမပါးပြင်ကို လက်ချောင်းများနှင့် ပွတ်သပ်ကျီစယ်နေ၏။

"ဒါနဲ့ ကျွန်မ အအိပ်ပျော်နေတာဘယ်​​လောက်​ကြာပြီလဲ"

"မင်းဖျားနေတာ နှစ်ရက်တောင်ပြည့်သွားပြီ"

မျှော်လင့်ထားသည်ထက် သိပ်မကြာခဲ့ပေ။ သူနှင့် ပြန်တွေ့ဆုံရခြင်းအတွက် အလွန်ပျော်ရွှင်ခဲ့ပြီး သူမ ခဏမေ့ထားခဲ့သော ကိစ္စတစ်ခုခုကြောင့် မျက်နှာပျက်သွားရသည်။

“ဘာဖြစ်တာလဲ…”

ရာဟန် ခဏတိတ်ဆိတ်သွားသည်။ သူ ဘာကိုအရင်ပြောရမှန်း အရင်စဉ်းစားနေပြီးနောက် ခက်ခက်ခဲခဲ ပါးစပ်ကို ဖွင့်ဟ,လိုက်သည်။

“အခုလောလောဆယ်တော့ အိမ်ရှေ့စံ....ဘုရင်မင်းမြတ်နဲ့ ဘုရင်မကို ဖမ်းဆီးထိန်းသိမ်းထားတယ်”

ရိုစီနာ အံ့အားသင့်စွာ ခေါင်းကို မော့လိုက်သည်။ အိမ်ရှေ့စံ ကွယ်လွန်သွားပြီဟု သူမ ထင်ထားသော်လည်း သူ အသက်ရှင်နေပါသေးသည်။

"အိမ်ရှေ့စံက သူ့ခြေလက်တွေ ပြတ်တော့မလိုဖြစ်ခဲ့ပေမယ့် သူ အသက်ရှင်နေသေးတယ်"

ရာဟန် က သူမ အတွေးများကို သတိပြုမိပြီး ထပ်ပြောလိုက်သည်။ အိမ်ရှေ့စံအကြောင်း တွေးလိုက်လျှင် သူမ မျက်နှာက မည်းမှောင်သွားသည်။ ဇီဂရစ် သည် သူမ၏ စွမ်းအားကို အသုံးချရန် ကြိုးစားရုံသာမက မကောင်းဆိုးဝါးရှေ့ကိုလည်း သူမကို တွန်းပို့ခဲ့သူပင်။သူမ ဘာမှပြန်မပြောသည့်အခါ ရာဟန် က သူမလက်တွေကို ညင်သာစွာ ဆုပ်ကိုင်းထားလိုက်သည်။ သူ့အပြုအမူတွေက ဖော်ရွေပြီး သူ့အသံက နူးညံ့မှုအပြည့်နှင့်။

"ကိုယ် သူ့ကိုသတ်ဖို့ မရည်ရွယ်ပါဘူး"

ရာဟန် အတွက်မူ ဇီဂရစ် ကို အသက်ရှင်အောင် ထိန်းထားရသည့် အကြောင်းရင်းတစ်ခုသာ ရှိ၏။သူ့ကို အေးအေးဆေးဆေး ပေးမသေလိုသဖြင့် နာကျင်စွာခံစားရပြီးမှ သေသွားအောင် တမင်နှိပ်စက်ထားခြင်းသာ။ သို့သော် ရာဟန် သည် မှောင်မိုက်သော ထိုအတွေးများကို ရိုစီနာ မသိအောင် ဖုံးကွယ်ထားလိုက်သည်။ သူမအတွက် အားလုံးက ကောင်းသော စကားတွေသာ ဖြစ်စေချင်၏။သူ တစ်ဆက်တည်းပင် ဘုရင်မင်းမြတ်နှင့် ဘုရင်မအကြောင်းကို ခဏမျှ တွေးလိုက်မိသည်။

ဘုရင်မင်းမြတ် ဘားမန်း သည် ဤအခြေအနေတို့မှ လွတ်မြောက်ခဲ့သော်လည်း ထရိအက် သူရဲကောင်းအဖွဲ့မှ ရယ်ဗင် က သူ့ကို ဖမ်းဆီးနိုင်ခဲ့သည်။ တစ်ယောက်တည်း ရှင်သန်ဖို့ သူ့တာဝန်ကို စွန့်လွှတ်ခဲ့သည့် ဘားမန်း အတွက် အများက ဝေဖန်ကြသည်မှာလည်း မကြားချင်အဆုံးပင်။ထို့ကြောင့် ထရိအက် သူရဲကောင်းတွေက ချက်ချင်း သူ့ကို ဖမ်းဆီးလိုက်ကြတာဖြစ်သည်။

ဇီဂရစ် မကောင်းဆိုးဝါးအကိုက်ခံရသောအခါ ဘုရင်မမှာ ဒေါသထွက်သွားသည်။ ဇီဂရစ် ဆုံးသွားပြီဟု သူမ ထင်သွားတာလည်း ဖြစ်နိုင်သည်၊ ထို့ကြောင့် သူမသည် အနက်ရှိုင်းဆုံး မြေအောက် တစ်နေရာတွင် အကျဉ်းချခံနေရသည့်တိုင် သားဖြစ်သူအတွက် အော်ဟစ်ပြီး နာကျင်ခံစားနေရတော့သည်။

"ပြီးတော့ မကောင်းဆိုးဝါးတွေကိုကော"

သူမ အမေးကို ရာဟန် သည် ဆက်တွေးမနေဘဲ ပြောလိုက်သည်။

“သူတို့ထဲက အများစုက သေဆုံးသွားပေမယ့် အသက်ရှင်ကျန်ရစ်တဲ့ သတ္တဝါတွေကို ထောင်ထဲမှာ အကျဉ်းချထားပါတယ်"

"ပြီးတော့ အဲ့ဒီလူရောဟင်"

ရာဟန် သည် သူမ ပြောနေသူအကြောင်း ချက်ချင်းနားလည်သွားသည်။ မကောင်းဆိုးဝါးတွေ ရှေ့ဆုံးကလူတစ်ယောက်အကြောင်း သူမ ပြောနေခြင်းသာ။ယခုတောင်မှ ထိုလူဟာ မကောင်းဆိုးဝါးလား၊ လူလားဆိုတာ မပြောနိုင်သေး။ သူသည် မည်သူမည်ဝါပင်ဖြစ်ပါစေ၊သူ့ပုံစံက လူသားတစ်ယောက်လိုပင်။ သို့သော်၊လူသားများနှင့် မဆက်သွယ်နိုင်ဘဲ မကောင်းဆိုးဝါးများက သူ့နောက်သို့ လိုက်နေသောကြောင့် သူ့ကို လူသားလို့ ခေါ်ရမှာလည်း ခပ်ခက်ခက်။

“အိမ်ရှေ့စံကို ချုပ်ထားတဲ့ ထောင်ထဲမှာပဲ သူ့ကို ပိတ်လှောင်ထားတယ်"

သူမ ဘာမှ မပြောနိုင်တော့ဘဲ တစ်ချက်ပြန်တွေးလိုက်မိသည်။သူမကို အကူအညီတောင်းလာသည့် သူ့ပုံကိုလည်း သတိရသွားရသည်။ ထိုလူကရော မကောင်းဆိုးဝါးတွေပါ၊ သူမကို နာကျင်စေမည့် အရိပ်အယောင်တွေ တစ်စက်မှ ထုတ်မပြခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ သူတို့က ကြင်နာဟန်တောင် ပြသနေကြသည်။ သူမ တုံ့ဆိုင်းသွားရသည်။ ထိုလူကို မျက်ကွယ်ပြုထားလျှင် သေသွားလိမ့်မည်ဖြစ်သည်။ သူမတို့ နှစ်ကြိမ်သာ တွေ့ဖူးခြင်းဖြစ်ပြီး သူ့အတွက်လည်း သူမ ရင်ထဲမှာ အထူးခံစားချက်မရှိပေ။သို့သော်၊အခုလောလောဆယ်တော့ သူ့ကို စကားပြောကြည့်ချင်နေသည်။

သူမကို ဘာကြောင့် သူ့ဘက်ကလူလို့ ထင်ရတာလဲ...မကောင်းဆိုးဝါးတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ....

အကြောင်းရင်းကို သိရှိသွားပါက လူသားများနှင့် မကောင်းဆိုးဝါးများကြားက တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဖြစ်သည်။ ထို့အခါ ရာဟန် သည်လည်း မကောင်းဆိုးဝါးများကို ချေမှုန်းရန် စူးစမ်းလေ့လာမှုများ ပြုလုပ်ရန် မလိုအပ်တော့ပေ။

"ရာဟန်"

ရဲရင့်ပြီး နီရဲနေသော မျက်လုံးများက ရာဟန် ကို တည့်တည့်ကြည့်နေသည်။ ရာဟန် သည် သူမမျက်နှာကို ကြည့်ပြီး ခေတ္တ တွေဝေသွားသည်။

"သူနဲ့တွေ့ချင်တယ်"

“အန္တရာယ်များတယ်ကွ”

ရာဟန် က စဉ်းတောင်မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။ ရာဟန် သဘောထားက သူမ မျှော်လင့်ထားသလိုမဟုတ်၍ စိတ်ပျက်မသွားဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။

"ကျွန်မကတော့ မကောင်းဆိုးဝါးတွေရဲ့ စကားကို နားလည်နိုင်မယ်ထင်တယ်"




Xxxxxx