အပိုင်း ၉၅
Viewers 13k

Chapter 95


"ကျွန်မက မကောင်းဆိုးဝါးတွေရဲ့ စကားကို နားလည်နိုင်မယ်ထင်တယ်"

ရာဟန် အံ့သြသွားပြီး မျက်လုံးပြူးသွားသည်။ ရိုစီနာ သည် တိရိစ္ဆာန်များ၏ ဘာသာစကားကို နားလည်နိုင်မှန်း သူသိထားသော်လည်း မကောင်းဆိုးဝါးစကားကို နားလည်သည်ဟု ပြောလာတာက ယခု ပထမဆုံးအကြိမ်ဖြစ်သည်။ ရာဟန် ၏ မျက်နှာထားသည် လေးနက်လာရသည်။ အခြားသူဆိုလျှင် သူမ စကားကို မယုံနိုင်သော်လည်း သူကမူ သူမစကားကို အကြွင်းမဲ့ယုံကြည့်မိသည်။

"ကျွန်မက တစ်ကယ်ပဲ မကောင်းဆိုးဝါးနဲ့ စကားပြောနိုင်မလားဆိုတာ သေချာအောင် ကြည့်ကြည့်ချင်တယ်"

“……"

"ပြီးတော့ ကျွန်မလည်း ရှင့်ကို တတ်နိုင်သလောက် ကူညီချင်တာလေ"

သူမ သူ့ကို အမှန်တစ်ကယ် ကူညီချင်ခဲ့သည်။ ရိုးသားသည့် သူမ မျက်လုံးတွေကို ကြည့်လိုက်တော့ ရာဟန် ဘာမှ ထပ်မပြောနိုင်တော့ပေ။

"ဒါပေမယ့် ဒီမကောင်းဆိုးဝါးက ဘာလုပ်မယ်ဆိုတာ ကိုယ်တို့မသိနိုင်ဘူးလေ"

"ကျွန်မ ဘက်က အပြည့်အဝပြင်ဆင်ထားပါ့မယ်လေ..."

“ဒါဆို တစ်ခုတော့ ရှိတယ်”

သူမကို မကောင်းဆိုးဝါးနှင့် မတွေ့ရဘူးဟု မတားမြစ်ဘဲ ရာဟန် က အခြေအနေတစ်ခု သတ်မှတ်လိုက်သည်။ထိုအခြေအနေက သူမနှင့် မကောင်းဆိုးဝါးတို့မှာ ထောင်အပြင်ဘက်မှ တွေ့ရုံသာတွေ့ရမည်ဟု ပြောလိုက်ခြင်းပင်။ ရိုစီနာ ခေါင်းညိတ်သဘောတူလိုက်သည်။ ရာဟန် ကမူ မကျေမနပ်ဖြစ်နေမှန်း သိသာသော်လည်း ဆန့်ကျင်ခြင်းမရှိတော့ပေ။

ကိစ္စတွေ ရှင်းပြီးသည်နှင့် ရိုစီနာသည် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်၏။ လေအေးတစ်ချက် တိုက်ခတ်လာပြီး ပြတင်းပေါက်မှန်တံခါးကို လာထိသည်။သူမ စိတ်ထဲမှာ ဆောင်းနှောင်းပိုင်းတွင်ရှိနေဆဲဖြစ်သော အင်ပါယာနှင့်မတူဘဲ ပူပြင်းသောနေရောင်‌နှင့် အမြဲထိတွေ့နေရသော အာစတေးနီးယား ကို ပြန်အမှတ်ရသွားပြီး အီလီယန်ကို လွမ်းဆွတ်လာရသည်။သူမ အာစတေးနီးယား မှထွက်ခွာခဲ့သည်မှာ နှစ်လရှိပြီဖြစ်သည်။ ကလေးများသည် အချိန်တိုအတွင်း လျင်မြန်စွာ ကြီးပြင်းလာတာကြောင့် သူ ဘယ်လောက်တောင် ထွားလာမည်ကို မှန်းဆကြည့်နေမိသည်။ အာစတေးနီးယား မှ အီလီယန် ကိုခေါ်လျှင်နောက်ထပ်နှစ်လကြာလိမ့်မည် ဖြစ်သည်။

သူမ ငေးမှိုင်နေစဉ် ရာဟန် က ပြောလာသည်။

"ကိုယ် မင်းကို ပြစရာရှိတယ်"

ရာဟန် စကားကြောင့် သူမ သူ့ကို ဇဝေဇဝါ မော့ကြည့်လိုက်မိသည်။ထို့နောက် သူက ထပြီး တံခါးဆီသို့ လျှောက်သွား၍ အစေခံကိုခေါ်ကာ တစ်ခုခုပြောလိုက်သည်။

သူမကို ဘာပြမလို့ပါလိမ့်....

ရိုစီနာ တိတ်တဆိတ် စောင့်ဆိုင်းနေချိန်တွင် အဝေးမှ ခြေသံများကို သူမ ကြားလာရသည်။ စင်္ကြံပေါ်မှ ပြေးဆင်းလာသော ခြေသံများက သိသိသာသာပင်။မကြာမီ တစ်ယောက်ယောက်က တံခါးဖွင့်ပြီး ပြေးလာနေ၏။

"မေမေ"

သေချာပေါက် ပြေးလာသူမှာ အီလီယန်ပင်။ ရိုစီနာ သည် အိမ်မက်မက်နေသူလိုပင် မျက်လုံးကို ပွတ်သပ်ကြည့်လိုက်သော်လည်း အမြင်မှားတာမဟုတ်ပေ။ တံခါးပေါက်မှ ဝင်လာသော ကလေးမှာ အီလီယန် ပင်ဖြစ်သည်။

“သားက ဘယ်လိုလုပ်ပြီး…”

ထင်ရှားသည်မှာ၊ အာစတေးနီးယား တွင် အီလီယန် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ အီလီယန် ကို ခေါ်ဆောင်လာပါက တစ်ခုခုဖြစ်သွားလျှင် ဒုက္ခရောက်သွားမှာ စိုး၍ ခေါ်မလာခဲ့ခြင်းပင်။

ဒါပေမယ့် အီလီယန် ဘယ်လိုရောက်လာတာလဲ....

ရိုစီနာ သည် အီလီယန် ၏ ပုခုံးနှင့် မျက်နှာကို အထပ်ထပ် ပွတ်သပ်ကြည့်လိုက်သည်။ သူ၏ နွေးထွေးသော ပါးပြင်နှစ်ဖက်ကို ထိလိုက်သည်နှင့် အီလီယန် က ပြုံးပြပြီး သူမ လက်ကို ဆုပ်ကိုင်လိုက်သည်။

"မေမေနောက်က သား လိုက်လာတာ"

“ဟင်"

ရိုစီနာ က သူမ နားမလည်သော အကြည့်ဖြင့် မေးသည်။

"အီလီယန်....ဘယ်လိုဖြစ်တာလဲ...မေမေ့ကို ပြောစမ်း"

" မေမေ စီးလာတဲ့ သင်္ဘောထဲကို ခိုးဝင်ခဲ့တာလေ"

"ဘယ်လို....."

သူမ လန့်ဖျပ်သွားပြီး အော်မိလျက်သာ ဖြစ်သွားသည်။ သူသည် ဂိုဒေါင်ထဲတွင် ပုန်းခဲ့သလား၊သို့မဟုတ် တခြားတစ်နေရာရာမှာ ပုန်းနေခဲ့သလား ဆိုတာကို သူမ မတွေးတတ်သော်လည်း အချိန်က တစ်လကျော်ကြာခဲ့၏။သူ တစ်ယောက်ထဲ တစ်ခုခု ဖြစ်မသွားနိုင်ဟု ဘယ်သူမှ အာမမခံနိုင်ပေ။ ထို့အပြင် သူမသည် သင်္ဘောပေါ်မှဆင်းသွားတာဖြစ်၍ ဤနေရာသို့ သူ တစ်ယောက်တည်းလာခဲ့တာ ဖြစ်ရမည်။

"တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

အီလီယန် နှင့် တွေ့ဆုံရသည့်အတွက် ပျော်ရွှင်ပြီး ကြည်နူးစရာကောင်းသော်လည်း အကယ်၍ အီလီယန် မတော်တဆဖြစ်ခဲ့ပါက သူမကိုယ်သူမ ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။

အီလီယန် သည် ရိုစီနာကို ကြည့်ပြီး ချက်ချင်း မှုန်ကုပ်ကုပ်ဖြစ်သွားသည်။သို့သော်လည်း သူမ မျက်နှာကြောတင်းနေဆဲပင်။ အကယ်၍ ဤတစ်ကြိမ်လွှတ်ထားလိုက်ပါက နောက်တစ်ခါ ထပ်ဖြစ်လာနိုင်သည်။

“အေးအေးဆေးဆေးနေမယ်လို့ ကတိပေးစမ်း....သား တစ်ခုခုဖြစ်သွားရင် မေမေ…”

သူမ မျက်နှာသည် မည်းမှောင်လာသည်နှင့်အမျှ အီလီယန် က ရာဟန် ၏ ဘောင်းဘီစကို ဆွဲဆုပ်ထားလိုက်၏။

"မေမေ....ဖေဖေက ပြောစရာရှိတယ်တဲ့"

' ဖေဖေ' ဟူသော စကားလုံးကြောင့် အံ့အားသင့်သွားကာ ရာဟန် မှာ အီလီယန် ကို ကြောင်စီစီ ကြည့်လိုက်သည်။ အီလီယန်၏ မျက်လုံးများက အကူအညီတောင်းရန် အချက်ပြနေတာဖြစ်သည်။ဖေဖေ ဟူသော စကားကို နစ်မွန်းနေပြီဖြစ်ပြီးမှ သူ ရုတ်တရက် သတိဝင်လာပြီး ကာကွယ်ပေးရန် ရိုစီနာကို ကြည့်လိုက်လျှင်...

"ရှင်က ဘာများပြောချင်လို့လဲ"

“အဲ..အီလီယန် က သင်္ဘောပေါ်ကနေ ဆင်းပြီးတာနဲ့ ကိုယ် အဆက်အသွယ် လုပ်ထားတဲ့ စတိုးဆိုင်ကို သွားခဲ့တာလေ ....သူ့ကို အိုင်းဆက် ကိုယ်တိုင်မြို့တော်ကို ခေါ်သွားပေးတာ....အဲ့ဒီတော့ ဘာမှ တစ်ကယ် မဖြစ်ခဲ့ပါဘူးကွာ…”

"ဒါဆို ရှင်က သူလုပ်တာ တော်တယ်လို့ ပြောနေတာလား"

“…မဟုတ်ပါဘူးကွာ”

ရိုစီနာ အတွက်ဆိုလျှင် အဆုံးမရှိ အားနည်းသွားတတ်သူက ရာဟန် ဖြစ်သည်။ ရာဟန် ချက်ချင်းပင် သူ့သဘောထားကို ပြောင်းလိုက်ပြီး အီလီယန် ကို ပြောပြလေသည်။

"အီလီယန် ....ဖေဖေ တောင်းပန်ပါတယ်"

ရာဟန် က သူ့ကို ကာကွယ်ပေးမည်မဟုတ်မှန်း သိလိုက်ရတော့ အီလီယန် မျက်ရည်တွေ အဆီးအတားမရှိ စီးကျလာ၏။ သူ့အချစ်ဆုံးအမေဖြစ်သူ စိတ်ဆိုးနေတာကို သူ မမြင်ချင်ပေ။

"....သား မှားသွားပါတယ်"

အီလီယန်၏ ပုခုံးများသည် မျက်ရည်ကျနေတာကြောင့် တသိမ့်သိမ့် တုန်ခါသွားသည်။ သူ့ကို စိုက်ကြည့်နေသော ရိုစီနာ ကလည်း သက်ပြင်းချလိုက်မိသည်။ သူမ နှလုံးသားက ချက်ချင်းပင် ပျော့ပြောင်းလာရပြီး သူ့ကို ဆူပူကြိမ်းမောင်းလို့ မရတော့ပေ။ အာစတေးနီးယား တွင် အီလီယန် တစ်ယောက်တည်း ထားခဲ့မည်ဟု တွေးခဲ့သည်က သူမ အမှားလည်း ဖြစ်သည်။

သူမ အီလီယန် ကို ဖက်ထားလိုက်သည်။ သူမ လက်ထဲတွင် အနွေးဓာတ်ရှိနေသည့် ကိုယ်လုံးသေးသေးလေး ရောက်လာမှ စိတ်သက်သာရာ ရသွားသည်။

“ တော်သေးတာပေါ့”

အီလီယန် လုံခြုံစွာ ရှိနေပြီး ယခုလိုပြန်ပေါင်းစည်းနိုင်ခဲ့သည်က တစ်ကယ်ကို ကံကောင်းတာပင်။ သားအမိနှစ်ဦး ပြန်လည်ဆုံစည်းတာကို စောင့်ကြည့်နေသော ရာဟန် ၏နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်လာသည်။ အရင်တုန်းကတော့ အီလီယန်ကို မနာလိုဖြစ်ခဲ့သော်လည်း အခုချိန်မှာ ထိုသို့မဟုတ်တော့ပြီ။ သူတို့ နှစ်ယောက်ကို ကြည့်လိုက်ရုံနှင့် သူ့ရင်ဘတ်ထဲမှာ ပြည့်နှက်ကျေနပ်သွားသလို ခံစားလိုက်ရသည်။

ရိုစီနာ ရင်ခွင်ထဲတွင် ရှိနေသော အီလီယန် သည် ခေါင်းကို အနည်းငယ် မော့ကြည့်လာပြီး ရာဟန် နှင့် မျက်လုံးချင်း ဆုံကာ လျှာထုတ်ပြလိုက်သည်။ အရင်ကနှင့် မတူဘဲ စွန့်စွန့်စားစား ကစားနည်းတစ်ခု ကစားလိုက်ရ၍ သူ အတော်ပျော်နေတာဖြစ်သည်။ ထိုအခါ ရာဟန် ကလည်း လိုက်ရယ်လိုက်သည်။

အချိန်ခဏကြာပြီးနောက် ရိုစီနာ သည် ဥယျာဉ်ထဲတွင် လမ်းလျှောက်နိုင်လောက်အောင် ပြန်လည်ကောင်းမွန်လာသည်။ ထိုအချိန်တွင် နန်းတော်အတွင်းနှင့် အပြင်ဘက်တွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ ပထမဦးစွာ တော်ဝင်နန်းတော်အား အကြီးစားပြုပြင်မွမ်းမံမှုများ စတင်ပြုလုပ်ခဲ့သည်။ မကောင်းဆိုးဝါးတွေ ဖြတ်သွားရာ နေရာတွေ အားလုံး ပျက်စီးကုန်ပြီ။ ပြိုကျသည့် အဆောက်အအုံ ၁၀ လုံးကျော်ရှိခဲ့ပြီး ဥယျာဉ်များကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည်။

တတိယမင်းသား ရာဟန် ၏ပုန်ကန်မှုအောင်မြင်သည်နှင့်အမျှဧကရာဇ်၊ နှင့်အိမ်ရှေ့စံ တို့အားလုံးကိုဖမ်းဆီးထိန်းသိမ်းထားကြသည်။ လူသုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားသောကြောင့် တော်ဝင်မိသားစုဝင် အနည်းငယ်သာ ကျန်ရှိတော့သည်။ ဒုတိယမင်းသား ဇီရက်၊ သူ့သားသမီးများနှင့် တတိယမင်းသား ရာဟန် မိသားစုတို့သာ ကျန်ရှိတော့သည်။

ဇီဂရစ် သည် မကြာမီ အိမ်ရှေ့စံရာထူးမှ ဖယ်ရှားခံရတော့မည်ဖြစ်သောကြောင့် ဆက်ခံမည့်အမိန့်ကို လိုက်နာပါက နောက်ထပ် အိမ်ရှေ့စံသည် ဒုတိယမင်းသား ဇီရက် ဖြစ်လာမည်ဖြစ်သည်။ သို့သော် ဒုတိယမင်းသားကို မည်သူမျှ ဘာမှ ကောင်းသည်၊ဆိုးသည် မပြောကြပေ။ ဒုတိယမင်းသားသည် ကျိုးနွံသော၊ ဆိတ်ငြိမ်သော၊ ပညာတတ် တစ်ဦးနှင့်တူသည်။ ကံမကောင်းစွာပဲ၊ လူမှုအသိုင်းအဝိုင်းကို လွှမ်းမိုးခဲ့သော သူ့ဇနီး အာဆီလီယာ သည် တော်ဝင်မိသားစုမှ နှင်ထုတ်ခံခဲ့ရပြီးဖြစ်သည်။

ထို့အပြင် ဒုတိယမင်းသားကို ဖြုတ်ချမည်ဟု ကောလာဟလများ ထွက်ပေါ်နေပြီး တရားမဝင်သားတော် ရာဟန် အာဏာရလာသည်။ ဘုရင်မင်းမြတ်သည် အကျဉ်းချခံခဲ့ရသော်လည်း သူ ကြိုးစားလျှင် အာဏာပြန်ရနိုင်သည်။ သို့သော်လည်း ဘားမန်းကို ဘယ်သူမှ မျက်နှာသာမပေးခဲ့ကြပေ။ ဤတစ်ခေါက် အမှန်တရားအားလုံးကို ထုတ်ဖော်ပြသလိုက်သောအခါ တော်ဝင်မိသားစု၏ ဂုဏ်သတင်းသည် အဝီစိအောက်အဆင့်အထိ ကျဆင်းသွားခဲ့သည်။

ဘားမန်း ပြန်လာခဲ့လျှင်တောင် သူ့အာဏာစက် အားနည်းသွားမှာဖြစ်၏။ ရာဇပလ္လင်ပေါ်တွင်ထိုင်မည့်သူနှင့် ပတ်သက်၍ အချေအတင်ဖြစ်လာကြ၍ အကြောင်းအရာအသစ်တစ်မျိုး ထွက်ပေါ်လာသည်။ အိမ်ရှေ့စံ၏ လိမ်လည်လှည့်ဖြားမှုများအား ထုတ်ဖော်သောအခါ အာရုံစိုက်မှုအများဆုံးရရှိခဲ့သူက ရာဟန် ဖြစ်သည်။ ဈာပနကို တက်ရောက်လာသော မှူးမတ်များသည် ရာဟန် ၏ ဖျော်ဖြေမှုကို ဂရုတစိုက် ကြည့်ရှုခဲ့ကြ၍ ရာဟန်သည် မည်သူမျှ မငြင်းနိုင်သော တန်ခိုးကြီးမားသူမှန်း သိသွားကြသည်။

ရာဟန် သည် တော်ဝင်မိသားစုရှိ အခြားသူများထက် ထီးနန်းကို ပိုမို လိုက်ဖက်သူဖြစ်၍ နတ်ဘုရား၏ သွေးသားရင်းအဖြစ် မြှောက်စားလိုက်လျှင် အင်ပါယာလည်း အားကောင်းလာမည်ဖြစ်သည်။ ထို့အပြင် ပြည်သူတို့၏ ရာဟန် အပေါ်တုံ့ပြန်မှုသည် အိမ်ရှေ့စံကိုယ်စား အင်ပါယာတစ်ဝိုက်တွင် ခရီးသွားစဉ် မကောင်းဆိုးဝါးများကို သုတ်သင်လိုက်ကတည်းက လက်ဖဝါးကို လှန်လိုက်သလိုမျိုး ပြောင်းလဲသွားခဲ့သည်။

ရုပ်ဆိုးပြီး ရူးသွပ်သည်ဟု လူသိများသော တတိယမင်းသားသည် မကြာမီ အခြားသူများထက် ပိုမို လေးစားခံရဖြောင့်မတ်သော တော်ဝင်မိသားစုဝင် ဖြစ်လာခဲ့သည်။ ဂုဏ်ကျက်သရေ လုံးဝဆုံးရှုံးခဲ့ရသော တော်ဝင်မိသားစုထဲမှာကောင်းမွန်စွာ ကျန်ရှိနေသော ရာဟန် ကို လူအများက ကျေးဇူးတင်နေကြသည်ဟုပြောလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ သို့နှင့်၊ ရာဟန် ၏ကျော်ကြားမှုသည် ထိုနေ့မှစ၍ တဟုန်ထိုးတက်လာသည်။ ရာဟန် ဘက်မှ မှူးမတ်များသည် ချက်ချင်း ဝါဒဖြန့်လိုက်ကြပြီး အသုဘအခမ်းအနားတွင် သူ့ကျေးဇူးကြောင့် အသက်ကယ်ခဲ့သော မှူးမတ်များကလည်း သူ့ကို သဘောကျသွားကြသည်။ထို့ကြောင့် ပြည်သူများသည် ရာဟန် ထီးနန်းတက်ရန်တောင်းဆိုခဲ့သည်။

ယခုအချိန်သည် ထီးနန်းဆက်ခံရေးနှင့် အနာဂတ်နိုင်ငံတော်အရေးကို ဆွေးနွေးရန် အစည်းအဝေးမစမီ တစ်ပတ်အလိုသာ ကျန်တော့သည်။

နံနက်စောစောတွင် ရိုစီနာ သည် တတိယမင်းသား၏ နန်းတော်၌ မင်္ဂလာရှိရှိ နိုးထလာခဲ့သည်။ ယခုအခါ တော်ဝင်နန်းတော်ရှိ လစ်လပ်နန်းတော်များက များပြားနေသော်လည်း သူမတို့သည် တတိယမင်းသား နန်းတော်တွင် နေထိုင်ကြဆဲ ဖြစ်သည်။သူမသည် အီလီယန် နှင့် မနက်စာစားပြီးနောက် လက်ဖက်ရည်တစ်ခွက် ထပ်သောက်ခဲ့သည်။ ရာဟန် ဟာ အရင်တိုင်း လုပ်စရာတွေ အများကြီးရှိနေသဖြင့် သူမ နိုးလာတိုင်း သူ ရှိမနေပေ။

သို့သော် ယနေ့ နေ့လည်မှာ သူမအတွက် အချိန်ပေးမည်ဟု ကတိပေးထားပြီ ဖြစ်သည်။ ထို့ကြောင့် အီလီယန် နှင့် တစ်မနက်ခင်းလုံး အချိန်ဖြုန်းမည်ဟု တွေးကာ အေးဆေးတည်ငြိမ်သော အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထား၏။ ရာသီဥတုက အေးနေ၍ ရာဟန် ပေးထားသည့် ပုဝါနှင့် သားမွေးအင်္ကျီကိုတောင် ၀တ်ထားရသည်။ သူမသည် အပြင်သိပ်မထွက်ဘဲ နန်းတော်တဝိုက်သာ လမ်းလျှောက်တတ်သော်လည်း ရာဟန် က အမြဲစိုးရိမ်နေခဲ့သည်။

ယနေ့မှ ထူးထူးခြားခြား မှန်ထဲက သူမ ပုံရိပ်ဟာ အရင်ကထက် ပိုတောက်ပနေသည်။တော်ဝင် ဈာပနပွဲနေ့က ကိုယ်အလေးချိန် အများကြီး ကျသွားသည့်အတွက် မေ့လဲကျတော့မလို ပိန်နေခဲ့သည်။ထို့နောက် သူမ ကောင်းကောင်းစားပြီး ရက်အနည်းငယ်ကြာ ကောင်းကောင်းအနားယူလိုက်ရာ အခြေအနေက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ပြင်ဆင်မှုများပြီးသောအခါ သူမ ထရပ်လိုက်လျှင်အီလီယန် သည် ဖွင့်ထားသော တံခါးမှ ဝင်လာလေသည်။

“အီလီယန်…”

ရိုစီနာ သက်ပြင်းချလိုက်လျှင် အီလီယန်က ချက်ချင်း သတိထားမိပြီး စကားစ,လာသည်။

“သားလည်း လိုက်မယ်”

"မရဘူး....သား လိုက်လို့မရဘူး"

သူမ သူ့ကို ပြတ်ပြတ်သားသား ဖြေလိုက်၏။ သူ့ကို ဘယ်လောက်ပဲ ဂရုစိုက်နေပါစေ၊ သူ ဘယ်တော့မှ နားလည်လာမည်မထင်ပေ။အီလီယန် က မကျေမနပ်ဖြစ်သွားဟန်တူသည်။

“သားက ကလေးမဟုတ်တော့ဘူး…”

ကလေးက ကလေးမဟုတ်ဘူးဟု ပြော၍ သူမ နည်းနည်း ရယ်ချင်သွားသည်။ အီလီယန် သည် တိရစ္ဆာန်များနှင့် စကားပြောဆိုနိုင်သည်ကို ရုတ်တရက် သတိရသွားပြီး သူမ အပြုံးက အနည်းငယ်မှန်ဖျော့သွားသည်။

သို့ဆိုလျှင်၊ အီလီယန် လည်း ဘီလူး ဘာသာစကားကို နားလည်နိုင်ပါမည်လား....

ခဏလောက် စဉ်းစားပြီးနောက် အီလီယန် ကို ကြည့်လိုက်သည်။

"ကောင်းပြီး...မေမေ့နောက် လိုက်ချင်ရင် ကောင်းကောင်းနေရမယ်နော်"

"ဟုတ်ကဲ့"

အီလီယန် က ခေါင်းညိတ်ပြောလိုက်လျှင် သူမ သူ့လက်ကိုဆွဲပြီး တတိယမင်းသားနန်းတော်မှ ထွက်လာတော့သည်။

သုံးယောက်သား သွားနေသောနေရာသည် အနီရောင်အမိုးရှိသည့် နန်းတော်တစ်ခုဖြစ်သည်။ အဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့် အနက်ရောင် တူညီဝတ်စုံဝတ် အမျိုးသားများသည် ကျောကို မတ်မတ်ထားပြီး သူမတို့ နှုတ်ဆက်လိုက်ကြသည်။ ရိုစီနာ သူတို့ကို သေချာကြည့်လိုက်မှ သူမနှင့် ရင်းနှီးနေကြသူမှန်း သိသွားရသည်။စင်စစ်၊ ထိုသူတို့မှာ ခရေယယ်၊ အိုင်းဆက် နှင့် ကာလန် တို့ဖြစ်ပြီး သူမနှင့် ဆုံဖူးသူများပင်။ မကြာသေးခင်အချိန်အထိ သူတို့သည် ရာဟန် ငှားရမ်းထားသော လူများဟု သူမ ထင်ထားခဲ့သည်။ သို့သော် သူတို့က ထရိအက် သူရဲကောင်းတွေ ဖြစ်နေ၏။ထိုအခါမှ ကျားရှေ့မှောက်ရက်လဲရသူလို ရာဟန် ဘက်တော်သားရှေ့မှာ လျှို့ဝှက်ထားဖို့ ကိစ္စအချို့ကို ဗြောင်ပြောမိခဲ့မှန်း သဘောပါက်ကာ ရယ်ချင်သွားရတော့သည်။

ထို့နောက် အမြန်ပင် မျက်နှာထားကိုသေချာတည်တံ့အောင် ပြင်ဆင်ပြီး စင်္ကြံပေါ်မှဆင်းကာ အထဲသို့ဝင်သွားခဲ့သည်။ အစေခံက တံခါးကိုဖွင့်ပေးလိုက်​​လျှင် ကျယ်​ဝန်းသည့် အခန်းတစ်​ခန်းကို သူမ​ တွေ့လိုက်​ရသည်​။ ကြမ်းပြင်ပေါ်တွင် ပရိဘောဂအနည်းငယ်နှင့် အနွေး ကြမ်းခင်းများသာ ရှိသည်။ သပ်ရပ်သော အခန်း အလယ်တွင် စားပွဲဝိုင်းတစ်ခုကို ချထားသည်

ရိုစီနာ ဖြည်းဖြည်းချင်း တစ်ခုပြီးတစ်ခု သေချာကြည့်နေရင်း စားပွဲရှေ့မှ လူတစ်ယောက်ကို တွေ့သွားရ၏။သူ့ကို လှုပ်မရအောင် ကြီးမားသော အထိန်းအချုပ်ကိရိယာတစ်မျိုးကို ဝတ်ဆင်ထားပြီး သူ့ခေါင်းကိုငုံ့ထားသည်။ သူမ ဝင်လာချိန်မှာ ထရိအက် သူရဲကောင်းလေးယောက်သည် အခန်း၏ ထောင့်လေးထောင့်မှာ အသင့်နေရာယူထားပြီး ဖြစ်သည်။အစောင့်အကြပ်များကို တစ်စက်မှ လျှော့မချဘဲ သူ့ကို အနီးကပ်စောင့်ကြည့်နေကြသည်။ သိပ်မကြာခင်မှာပင် တံခါးပွင့်လာပြီး ရာဟန် ဝင်လာသည်။

"ရိုစီနာ"

ရာဟန် က ဝင်လာပြီးသည်နှင့် သူမ နဖူးကို နမ်းလိုက်၏။ နှစ်ရှည်လများ ပျောက်ဆုံးသွားသော ချစ်သူထံမှ လက်ဆောင်တစ်ခု တောင်းယူသလိုပင်။ သူမ အနည်းငယ် ရှက်သွားရသည်။ ဤအခန်းထဲတွင်၊ အီလီယန် သာမက ထရိအက် သူရဲကောင်းများလည်း ရှိနေသည်။သို့သော် သူတို့ကလည်း နေ့စဉ်အမျှ တွေ့နေကြသူများဖြစ်၍ ထူးပြီးရှက်နေစရာတော့ မလိုပါချေ။

"ထိုင်"

ရိုစီနာ နှင့် အီလီယန် သည် ရာဟန် နောက်သို့ လိုက်ကာ စားပွဲရှေ့ရှိ ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်လိုက်သည်။ ရိုစီနာ ရှေ့က ခေါင်းငုံ့ထားသည့် အမျိုးသားကို ငုံ့ကြည့်လိုက်၏။ သူမ ဘယ်က စပြောရမလဲဆိုသည်ကို တွေးနေပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။

-သူက ရှင်ဘုရင်အသစ်ပါလား....

ညည်းညူသံတိုးတိုးဖြင့် ရေရွတ်နေရင်း နက်ပြာရောင် မျက်လုံးများက အီလီယန် ကို အသေအချာ စိုက်ကြည့်နေသည်။ မကောင်းဆိုးဝါးက သားဖြစ်သူကို စိုက်ကြည့်နေသောအခါ ရိုစီနာ အံ့သြသွားပြီး အီလီယန် လက်ကို တင်းတင်းကိုင်ထားလိုက်သည်။ သို့သော်လည်း ထိုလူက အီလီယန် ကိုသာ စိုက်ကြည့်နေမြဲဖြစ်သည်။

ဘုရင်အသစ် ဆိုတာ ဘာကိုဆိုလိုတာလဲ...

သူမ သူပြောခဲ့တာတွေကို ဘာမှ နားမလည်ပေ။သူမ ခဏလောက်စဉ်းစားပြီးနောက် စကားစလိုက်၏။

"ရှင် ကျွန်မ စကားကိုနားလည်တယ်မဟုတ်လား"

သူမ၏ မေးခွန်းကို ထိုလူက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်၍ သူမ နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်မိသည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ သူက တစ်ကယ်အမှန်ကိုသာ ပြောနေခြင်းပင်။

"ကျွန်မကို ကူညီဖို့ လာတယ်လို့ ရှင် ဘာလို့ ပြောခဲ့တာလဲ"

-....မင်းအကူအညီတောင်းလို့လေ

သူမ မျက်လုံးပြူးသွားရ၏။ ထိုစဉ်က သူမ အကူအညီ တောင်းခဲ့သည်မှာ တိရစ္ဆာန်တွေကိုသာ ဖြစ်သည်။

ဒါနဲ့ပဲ ဒီကို လာခဲ့တာလား....

သို့သော် ကောင်းကင်မှ မကောင်းဆိုးဝါးများ ပြုတ်ကျလာတာမဖြစ်နိုင်ပေ။သူက တော်ဝင်နန်းတော်ကို ရည်ရွယ်ချက်တစ်ခုခုနှင့် ကျူးကျော်ဖို့ လာခဲ့သည်မှာ ထင်ရှားနေ၏။

"မေးခွန်းပြောင်းမယ်… ရှင် ဘာလို့ တော်ဝင်နန်းတော်ကို လာတာလဲ"

သူ့မူလရည်ရွယ်ချက်ကို သူမ အတော်သိချင်နေပြီဖြစ်သည်။ထို့နောက် အဝေးကို ငေးကြည့်နေသော အပြာရောင်မျက်လုံးများက သူမဘက်ကို ဖြည်းဖြည်းချင်း လှည့်လာကြသည်။

- အခိုးခံရတဲ့ မြေကို ပြန်ယူဖို့...

အခိုးခံရသောမြေ....

သူမ မျက်မှောင်တစ်ချက်ကြုတ်လိုက်စဉ် သူ့စကားကို ဆက်ပြောလာ၏။

- အစတုန်းကတော့ ဒါက ငါတို့မြေ.... ရှေးရှေးတုန်းက လူသားတွေဟာ ဒီမြေကို သိမ်းပိုက်ပြီး ငါတို့ကို မောင်းထုတ်ခဲ့တယ်....

အဝေးကအတိတ်ကို ပြန်သတိရသွားသလိုလို သူ့ပုံစံက လွမ်းဆွတ်သွားပုံပေါ်သည်။ထို့နောက် သူ့လက်ကို စားပွဲပေါ်တင်လိုက်ရာ ရာဟန် နှင့် အခြား သူရဲကောင်းများသည် ဓားများကို သူ့လက်ပေါ်တွင် တင်ထားလိုက်ကြသည်။

- ငါက လူသားတွေရဲ့ ဘုရင်ဆီကနေ ငါတို့ မြေကို ရှာဖို့ လာခဲ့တာ

ရိုစီနာ ဘာမှ ပြန်မပြောနိုင်ဖြစ်သွားရသည်။သူ ပြောခဲ့သည့်အတိတ်က အတော့်ကို ကြာနေပြီဖြစ်ကြောင်း ရှင်းလှသည်။

- ငါတို့ရဲ့ ဘုရင်က အရင်တုန်းက လူသားတို့ဘက်ကနေ ရပ်တည်ခဲ့တယ်...ဒါပေမယ့် သူ သစ္စာဖောက်ခံရတယ်

ထိုသူ၏ ပြတ်ပြတ်သားသား စကားကြောင့် သူမနှလုံးသားသည် တုန်ခါလာရသည်။ယခင်က အကြောင်းရင်းကို သူမ မသိခဲ့သော်လည်း တစ်ခုခုကြောင့် သူမ ရင်ကို သေနတ်ဖြင့်ပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုလူက လေထဲကို အတန်ကြာငေးနေပြီးမှ သူမနှင့် ရာဟန် ကို ဖြည်းညှင်းစွာ စိုက်ကြည့်လာသည်။

- မင်းရင်ထဲက ငါတို့ရဲ့ စွမ်းအားတွေကို ငါခံစားနိုင်တယ်.... ပြီးတော့ အဲဒီကောင်လေးမှာလည်းရှိနေတယ်

သူတို့နှစ်ယောက်ကို အဝေးမှ လှမ်းကြည့်နေသော လူသည် အီလီယန် ဘက်သို့ လှည့်သွားသည်။

- သူ့မှာ ပြီးပြည့်စုံတဲ့ စွမ်းအားရှိတာပဲ....သူက ငါတို့ရဲ့ ဘုရင်အသစ် ဖြစ်ရမယ့်လူ...


Xxxxx