Chapter 96
ထို့နောက် တစ်ဖန် ရိုစီနာ စိတ်ထဲမှာ သက်သေမပြနိုင်သော ယူဆချက်တစ်ခု ထွက်ပေါ်လာသည်။ အချိန်အတော်ကြာ ပြီဖြစ်သော နတ်ဘုရား၏ တန်ခိုးတော်သည် အမှန်တစ်ကယ် မကောင်းဆိုးဝါး၏ တန်ခိုးဖြစ်နေရင်ကော။
သူမ အိပ်မက်ထဲမှာ မြင်လိုက်ရသည့်ကောင်လေးက တစ်ကယ်တော့ နတ်ဘုရားမဟုတ်ဘဲ ယခု သူမမျက်စိရှေ့ကလူလို လူသားအသွင်ဆောင်ထားသော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ခဲ့လျှင်....
ထို့ကြောင့်၊ သူမနှင့် ရာဟန်၏ ကလေး အီလီယန် သည် ပြီးပြည့်စုံသော စွမ်းအားများဖြင့် မွေးဖွားလာပြီး ဘုရင်အသစ်ဟု တင်စားခံရခြင်းဖြစ်ပါက....
ထိုအကြောင်းကို သူမတွေးနေစဉ် သူမ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။
"ရိုစီနာ"
ရာဟန် သည် ရိုစီနာ ကို အရေးတကြီး ခေါ်လိုက်သည်။ထိုအခါမှ သူမလည်း သူ့ကို သတိထားမိပြီး ခေါင်းခါလိုက်သည်။
"ကျွန်မ အဆင်ပြေပါတယ်"
“….သူက ဘာပြောသလဲဟင်”
သူမ ပြန်ဖြေမည့်အစား တိတ်ဆိတ်သွားရ၏။ ဤထင်မြင်ချက်သည် ယူဆချက်တစ်ခုမျှသာ ရှိသေးသည်။ သို့သော် ပထမဘုရင်မင်းမြတ်သည် အမှန်တစ်ကယ် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ခဲ့လျှင် တော်ဝင်မိသားစုအားလုံးသည် မကောင်းဆိုးဝါး၏ သားမြေးများဖြစ်ကြသည်။ထိုအခါ အင်ပါယာ၏ ဘုန်းကျက်သရေမှာ ဆုံးခန်းတိုင်သွားတော့မည်ဖြစ်၏။နောက်ပိုင်းတွင် နတ်ဘုရားများ တည်ထောင်သည့်နိုင်ငံဟု လူသိများသည့် ဟာဘက် အင်ပါယာ တစ်ခုလုံး လုံးဝတုန်လှုပ်စေမည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။
“……”
ထိုလူက ရာဟန် ကို လှည့်ကြည့်လိုက်ပြီး ခဏကြာတော့ ခံစားချက်တစ်ခုခုက သူ့မျက်နှာပေါ် ပျံ့လွင့်လာရသည်။ မကျေမချမ်း ဒေါသရိပ်အငွေများပင်။ ရာဟန် လက်ထဲ၌ကျဆုံးခဲ့သော သူ့လူများကို သတိရသွားပုံရသည်။ ထို့နောက် သူက ရာဟန် ဆီမှ သူ့အကြည့်ကို ဖယ်လိုက်ပြီး ရိုစီနာ ကို တိုးတိုးပြောလိုက်သည်။
- ငါတို့နဲ့အတူလာနေပါလား....
ထိုသူ့ စကားကိုကြားတော့ အီလီယန် က ချက်ချင်း သူမ လက်မောင်းကို လှမ်းဆွဲလိုက်၍ သူမ အံ့သြသွားပြီး အီလီယန် ကို ငုံ့ကြည့်လိုက်မိသည်။ အီလီယန် သည် စူးစူးရဲရဲ မျက်လုံးများဖြင့် ထိုလူကို စိုက်ကြည့်နေတာဖြစ်သည်။ထိုအခါမှ အီလီယန် သည်လည်း မကောင်းဆိုးဝါးများ၏ ဘာသာစကားကို နားလည်နိုင်သည်ကို သူမ သတိပြုမိသွားရသည်။သူမ အီလီယန် လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ထိုသူကို ကြည့်လိုက်၏။
"ရှင် ဘာလို့ဒီလိုကမ်းလှမ်းတာလဲ"
- မင်းက ငါတို့လူမျိုးမလို့လေ
"ကျွန်မက လူသားပါ"
ရိုစီနာ ပြတ်ပြတ်သားသားပြောလိုက်သည်။ မကောင်းဆိုးဝါးတစ်ကောင်၏ စွမ်းအားက သူမ ကိုယ်ထဲကို ဖြတ်သန်းစီးဆင်းနေလျှင်တောင် သူမသည် လူသားအဖြစ် ဆက်ရှိနေချင်သည်။
"တောင်းပန်ပါတယ်… ဒါပေမယ့် ကျွန်မ ဒီမှာပဲနေမှာပါ"
မတုန်မလှုပ် သူမ မျက်လုံးများက ထိုလူကို တည့်တည့်စိုက်ကြည့်နေလိုက်လျှင် ထိုသူက နားမလည်ဟန်ဖြင့် ပြန်ကြည့်လာသည်။
"ရှင်တို့ရဲ့မြေကို သိမ်းသွားတဲ့သူတွေကိုယ်စား ကျွန်မ တတ်နိုင်သလောက် လုပ်ချင်တယ်"
– မင်းကလား....ဘာလို့လဲ
“ကျွန်မ ငြိမ်းချမ်းရေးကို လိုချင်လို့"
သူမ ရာဟန် ကို တစ်ချက်ကြည့်လိုက်လျှင် ရာဟန် က နူးညံ့သော အကြည့်ဖြင့် သူမကို ကြည့်နေသည်။ သူ့မျက်နှာကိုတွေ့ရတော့မှ သူမ စိတ်သက်သာရာရသွားမိသည်။ သူမ မည်သို့ပင်ဆုံးဖြတ်ခဲ့သည်ဖြစ်စေ၊သူက သူမဘေးမှာ အမြဲဖေးဖေးမမ ရှိနေမည်သာ။ ထိုကဲ့သို့သော အရေးကြီးသည့်ကိစ္စကို သူမ ထင်သလို မဆုံးဖြတ်နိုင်သောကြောင့် တွေဝေသွားမိသော်လည်း လူသားနှင့် နတ်ဆိုးများကြားက သဘောတူညီမှုတစ်ခု ပြုလုပ်ချင်မိသွားသည်။
"သဘောတူညီချက် တစ်ခုလုပ်ရအောင်"
- သဘောတူညီချက်
“ရှင်နဲ့ ရှင်တို့အမျိုးတွေ နေဖို့ မြေနေရာတစ်ခုကို ကျွန်မ ပြင်ဆင်ပေးမယ်…အဲဒီအစား လူတွေနေထိုင်တဲ့ နေရာတွေကို ဘာမှ မထိခိုက်စေပါနဲ့"
အင်ပါယာသည် ကျယ်ပြန့်လှသောကြောင့် စွန့်ပစ်ထားသော နယ်မြေများစွာ ရှိသည်။ သို့သော် သူက အဖြေမပေးခဲ့ဘဲ အီလီယန် ကိုကြည့်ပြီး ပြောလိုက်သည်။
- ငါတို့ ဘုရင်အသစ်ရဲ့ အလိုကို လိုက်လုပ်မယ်...
ထိုအခါ သူမ စကားကိုကန့်ကွက်ရန်ရည်ရွယ်ချက်မရှိသော အီလီယန် သည် အသာခေါင်းညိတ်ပြလိုက်သည်။
" မေမေရဲ့ဆန္ဒက သား ဆန္ဒပါ"
ထိုအခါ သူက မဆိုင်းမတွ သဘောတူလိုက်သည်။
-ကောင်းပြီ....ငါတို့ ရှင်ဘုရင်အလိုတော်ရှိရင် ငါတို့လူမျိုးကပဲ လူသားတွေကို ယုံကြည်ပစ်လိုက်မယ်…
ညည်းညူသလို ဆိုလိုက်သံကြောင့် ရိုစီနာ သည် အီလီယန် ကို ကိုင်ထားသည့် သူမ လက်ကို အနည်းငယ် တင်းကျပ်စွာ ဆုပ်ထားမိသည်။
စကားစမြည်ပြောပြီးနောက် ရိုစီနာ၊ ရာဟန် နှင့် အီလီယန် တို့သည် အခန်းထဲမှ ထွက်သွားခဲ့ကြသည်။
ရိုစီနာ သည် စင်္ကြံမှထွက်လာပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်သည်။
"မင်းတို့ ဘာတွေပြောနေတာလဲဆိုတာ ကိုယ် မေးလို့ရမလား"
ထိုအခါ သူမကလည်း ထိုလူနှင့် သူပြောခဲ့သော စကားများကို ဖြည်းညှင်းစွာ ပြန်ပြောပြလိုက်သည်။ ပထမဘုရင်မင်းမြတ်သည် အမှန်တစ်ကယ်တွင် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နိုင်ပြီး ယခု မကောင်းဆိုးဝါးများသည် လူသားတို့ ခိုးယူထားသောမြေကို ရှာဖွေရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမနှင့် ရာဟန် တို့သည် မကောင်းဆိုးဝါး၏ တန်ခိုးကို အမွေဆက်ခံခဲ့ကြသဖြင့် မွေးလာသော အီလီယန် ကို သူတို့ ဘုရင်အသစ်ဟု ခေါ်ဆိုခဲ့တာ ဖြစ်လာနိုင်သည်။
"မကောင်းဆိုးဝါးတွေကို မတိုက်ခိုက်တော့ဘဲ အတူနေကြဖို့ ဟုတ်လား"
"ဟုတ်တယ်....ရှင် အန္တရာယ်ဖြစ်တာကို ကျွန်မ မမြင်ချင်ဘူး"
မကောင်းဆိုးဝါးများပေါ်လာပါက ရာဟန် သည် ထပ်မံစူးစမ်းလေ့လာရန် လိုအပ်လာမည်ဖြစ်သည်။ နောက်ပိုင်း၊သူသည် ဤမြေပေါ်တွင် ရှင်သန်ရန်၊ မိမိချစ်ရသူများကို ကာကွယ်ရန် တိုက်ပွဲဝင်ရမည်။ သို့သော် သူမကသာ သဘောတူညီမှုရယူပြီး ငြိမ်းချမ်းရေးယူခဲ့မည်ဆိုလျှင် သူ စစ်တိုက်စရာမလိုတော့ချေ။ ယခု၊သူမ စိတ်ထဲက အစီအစဉ်သည် ဘာမှ အတိအကျ မဆုံးဖြတ်ရသေးပေ။ သို့တိုင် သူမ ကြိုးစားအားထုတ်လျှင် အသီးအပွင့်များ သေချာပေါက် ထွက်လာမည်ဖြစ်သည်။
“… အဲဒါကို ဆွေးနွေးဖို့ အချိန်ယူတာ ပိုကောင်းမယ်နော်"
ရာဟန် က အပြုသဘောဆောင်သည့် အဖြေကို ပေးလိုက်၏။ သူသည် မကောင်းဆိုးဝါးများ၏ ကတိစကားကို လုံးလုံး မယုံကြည်နိုင်သောကြောင့် တစ်ခြား ဖြေရှင်းနည်းမျိုး လိုအပ်ပေသည်။ ထိုအခါ ရိုစီနာ ကလည်း အနည်းငယ် သက်သာရာ ရသွားပြီး အီလီယန် ၏ ပါးပြင်နုနုကို ပွတ်သပ်လိုက်သည်။ အီလီယန် ကလည်း သူမကို ပြုံးပြသည့်အခိုက်ဝယ် ထိုလူပြောခဲ့သည့် စကားကို မှတ်မိသွားရသည်။
သူတို့ရဲ့ဘုရင်အသစ်...
သူမသည် အီလီယန် ကို သာမန်ကလေးတစ်ယောက်အဖြစ်သာ ပြုစုပျိုးထောင်ချင်သည်။ သူမ၏ စိုးရိမ်စိတ်ကို သားအဖနှစ်ယောက်လုံး မသိအောင် ဖုံးကွယ်ရန် ရုန်းကန်နေရပြီးမှ ပုံမှန်အတိုင်း ပြောလိုက်သည်။
"ဒီနေ့ နေ့လည်ကျရင် အတန်းရှိတယ်မဟုတ်လား"
သူမ စကားကြောင့် အီလီယန် ၏ ပုခုံးများ ကိုင်းသွားကာ မျှော်လင့်ချက်မရှိတော့ပုံပေါက်သွားသည်။
"အတန်းပြီးရင် မေမေနဲ့ လမ်းလျှောက်ထွက်ရအောင်"
"အဲဒါ ကောင်းသားပဲ"
ညှိုးနွမ်းနေသော ပန်းပွင့်ကဲ့သို့ ဖျော့တော့နေသော အီလီယန် သည် ချက်ချင်းပင် လန်းဆန်းသွားသည်။
***
ရိုစီနာသည် ထိုင်နေရာမှထကာ ရာဟန်ကို မော့ကြည့်လိုက်၏။
"ဒီနေ့ အချိန်ရလား"
"ရတယ်လေ"
တစ်ကယ်တော့ သူ့မှာ လုပ်စရာတွေ အများကြီးရှိသော်လည်း ရိုစီနာ ကို ဘယ်လိုခွန်အားမျိုးနှင့် ငြင်းဆန်လို့ရပါမည်လဲ။ထို့ကြောင့် ကျန်အလုပ်များကို မနက်ဖြန်အထိ ရွှေ့ဆိုင်းထားမည်ဟု တွေးလိုက်သည်။ သုံးယောက်သား နန်းတော်မှ ထွက်လာပြီး ဖြည်းညှင်းစွာ လမ်းလျှောက်လာကြသည်။ ဆောင်းနှောင်းပိုင်းနှင့် နွေဦးပေါက်ရာသီကြားတွင် မြက်ခြောက်တို့သည် အဝတ်ဟောင်းများကို ချွတ်ကာ စိမ်းလန်းသော အသွင်သို့ တဖြည်းဖြည်း ပြောင်းလဲလာကြသည်။ နူးညံ့သော နေရောင်အောက်တွင် လမ်းလျှောက်နေရ၍ သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။ ရာဟန် တို့သားအဖကလည်း ကြည်နူးရိပ်တို့ စွန်းထင်းဟန်ဖြင့် ပြုံးတုံ့တုံ့လုပ်နေကြသည်တတိယမင်းသား နန်းတော်ဆီသို့ ဖြည်းညှင်းစွာလျှောက်လာရင်း သူမ မြင်လိုက်ရသည့် ပထမဆုံးသော အဆောက်အဦးသည် အာရုံကို ဖမ်းစားထားလိုက်သည် ။ ရွှေရောင်အမိုးပါသော အဆောက်အအုံသည် အလွန် ထူးခြားလှသည်။ ၎င်းကိုနေထိုင်ရန် မဟုတ်ဘဲ အလှဆင်ရန်သာ ရည်ရွယ်၍ တည်ဆောက်ထားပုံရသည်။
"အဲဒီနေရာက ဘာကြီးလဲဟင်"
ရာဟန် က ခေါင်းမော့ပြီး သူမ လက်ညှိုးထိုးပြနေသည့် အဆောက်အဦးကို ကြည့်လိုက်၏။
“တော်ဝင်မိသားစုရဲ့ ပုံတူရုပ်တုတွေနဲ့ သမိုင်းဝင်စာအုပ်တွေကို သိမ်းဆည်းထားရာနေရာလေ”
အင်ပါယာ တည်ထောင်ပြီးနောက် မှတ်တမ်းများအားလုံး ထိုနေရာတွင် ရှိနေသည်။ သူမ အဆောက်အဦးကို ခဏလောက်ကြည့်နေပြီးမှ....
"အထဲကို ဝင်ကြည့်လို့ရမလား"
"အင်း....မင်းသဘော"
အရင်ကနှင့်မတူတော့၍ ယခု ရာဟန် ကို တားမယ့်သူမရှိတော့ပေ။
သို့နှင့်၊ သုံးယောက်သား ပန်းခြံကိုဖြတ်ကူးပြီး အဆောက်အဦးထဲသို့ ဝင်သွားကြသည်။ အချိန်အတော်ကြာအောင် စွန့်ပစ်ထားသည့် နေရာဖြစ်သောကြောင့် စင်္ကြံလမ်းသည် တိတ်ဆိတ်ခြင်းနေသည်။ ရိုစီနာ သည် စင်္ကြံတွင် တန်းစီနေသော ရုပ်ထုများကို အနုစိတ်ကြည့်လာသည်။တစ်ကယ့်လူကို စံနမူနာယူထားသကဲ့သို့ မျက်နှာအမူအရာနှင့် အရေးအကြောင်းများက အသက်ဝင်နေကြ၏။စင်္ကြံလမ်းအတိုင်း ဆက်လျှောက်လာရင်း မိုးပြာရောင် ကတ္တီပါအစနှင့် အလှဆင်ထားသည့် တံခါးကို မြင်လိုက်ရသည်။ထို့နောက် အခန်းတံခါးဖွင့်လိုက်လျှင် ကော်ဇောနီခင်းထားသည့် လျှောက်လမ်းတစ်ခုကို တွေ့ရသည်။တန်ဖိုးကြီး ရုပ်ပုံဘောင်များကို ရွှေရောင်သုတ်ထားကာ နံရံတွင် ချိတ်ဆွဲထားသည်။
ရိုစီနာ သည် ကော်ဇောနီပေါ်တွင် လမ်းလျှောက်နေစဉ် မင်းဆက်များနှင့် ရှေ့ယခင် ဘုရင်များ၏ ပုံတူများရှိရာ နံရံကို သေချာ ကြည့်လိုက်သည်။ အရှေ့ဘက်တွင် လက်ရှိဘုရင်မင်းမြတ် ဘားမန်း နှင့် ဘုရင်မ ထာရှာ တို့၏ပုံများဖြစ်ပြီး သူတို့ ဘေးဘက်တွင် ယခင် ဘုရင်မင်းမြတ်နှင့် သူ့ဇနီးသည်၏ ပုံများဖြစ်သည်။
ရိုစီနာ တစ်ယောက်ချင်းစီကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။ ရှည်လျားသော သမိုင်းကြောင်းကြောင့် ဘုရင်မင်းမြတ်နှင့် ဘုရင်မအရေအတွက်မှာ အလွန်များလှသည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးမှ သူမ ရပ်လိုက်သည်။
“……”
နံရံအပေါ်ပိုင်းတွင် ချိတ်ဆွဲထားသော ဧရာမပုံတူပန်းချီကားသည် သူမ စိတ်ကိုဖမ်းစားထား၏။ တောက်ပသောရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးများနှင့် အပြုံးမပျက်သောလူသည် သူမ အိပ်မက်ထဲတွင်ပေါ်လာသောကောင်လေးဖြစ်သည်။သူက သရဖူကို ၀တ်ဆင်ထားသောကြောင့် ကြီးကျယ်သူ၏ ခမ်းနားပြီး ကျက်သရေနှင့် ဂုဏ်သိက္ခာကို ခံစားရစေသည်။
"သူက ပထမ ဘုရင်မင်းမြတ်လေ"
ရာဟန်က သူမအနားကို တိုးလာပြီးပြောပြသည်။ ရိုစီနာ သည် ပုံတူကို အကြာကြီးကြည့်နေမိသည်။ အိပ်မက်သာ မဟုတ်ခဲ့၊ အလွန်ဟောင်းနွမ်းနေသော အတိတ်၏ အပိုင်းအစတစ်ခုပင်။ရိုစီနာ မိသားစုမှတစ်ဆင့် စွမ်းအားဆင်းသက်လာခြင်းကြောင့် သူမသည် အရင်က အတိတ်ကို အိပ်မက်မက်ခဲ့တာဖြစ်နိုင်သည်။
ခဏကြာတော့ သူမ အကြည့်ကို ဖြည်းညှင်းစွာပြောင်းလိုက်သည်။ မင်းဆက်များ၏ ပုံတူများကို နံဘေးတွင် ချိတ်ဆွဲထားသော်လည်း ပထမဘုရင်မင်းမြတ်၏ ဘေးတစ်ဖက်မှာ အလွတ်ဖြစ်နေသည်။အိပ်မက်ထဲမှာ ကောင်မလေးနှင့် ကောင်လေးတို့ အဆုံးသတ်က မလှပခဲ့ပေ။
ထိုသို့ တွေးပြီး သူမ စိတ်ထဲက ငိုချင်လာရတော့သည်။
"ရှင့်ကိုပြောစရာရှိတယ်"
သူမ ပုံတူမှအဝေးကို လှမ်းကြည့်နေသော ရာဟန် ကို တည့်တည့်ကြည့်နေလိုက်သည်။
"ကျွန်မ ပထမ ဘုရင်မင်းမြတ်အကြောင်း အိပ်မက်မက်ခဲ့တယ်"
ရိုစီနာ သည် သူမ မက်ဖူးသမျှ အိပ်မက်များအကြောင်း ရာဟန် ကို ပြောပြလိုက်သည်။ထိုမျှမကသေး၊ ရိုစီနာ မိသားစု၏လျှို့ဝှက်ချက်လည်း ပါသည်။ အလွန်ရှေးကျသော အတိတ်နှင့် ဤအရာအားလုံး၏ အစ,ဖြစ်သည်။ သူမနှင့် ရာဟန် ကို အစကတည်းက ပြင်းပြင်းထန်ထန် ဆွဲဆောင်ခဲ့သည့် အခိုက်အတန့်ဟုလည်း ဆိုရမည်။ ရာဟန် အံ့သြသွားသော်လည်း တိတ်တဆိတ် နားထောင်နေ၏။ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်၏ ကြေကွဲဖွယ်အဆုံးသတ်အကြောင်းကို သူမ ပြောပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ ရာဟန် နှင့် အီလီယန် ကို အလှည့်ကျကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။
"ကျွန်မတို့ မခွဲဘဲ အမြဲ အတူတူနေရအောင်"
သူ့အဖြကလည်း သူမ ရင်ထဲကလို တစ်ထပ်တည်းပင်။ လမ်းခွဲဖို့ ဘယ်သူမှ မစဉ်းစားကြတော့။သူမ သူ့လို ခေါင်းညိတ်ရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သားအဖနှစ်ယောက်၏ လက်များကို သူမ တစ်ဖက်တစ်ချက်စီ ဆုပ်ကိုင်ထားလိုက်သည်။
လက်နှစ်ဖက်၏ နွေးထွေးမှုကို ခံစားရင်း သုံးယောက်သား အပြန်လမ်းဝယ် လျှောက်လာကြတော့သည်။
***
ဆောင်းရာသီနှောင်းပိုင်းဖြစ်သောကြောင့် နေဝင်သည်နှင့် ညက မြန်မြန် ရောက်လာသည်။ မှောင်မိုက်သောကောင်းကင်သည် ညအခါ၌ ပင်လယ်နှင့်တူပြီး မရေမတွက်နိုင်သောကြယ်များသည် ပုလဲများကဲ့သို့ တောက်ပစွာလင်းလက်နေသည်။ ရိုစီနာ သည် အီလီယန် ကို သိပ်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။
“အာ”
သူမ အိပ်ခန်းထဲသို့ ဝင်လာလျှင် ကုတင်ပေါ်တွင် ထိုင်နေသည့် ရာဟန်ကို တွေ့လိုက်ရသည်။ ယနေ့လည်း သူ နောက်ကျမှာဖြစ်၍ သူမ တစ်ယောက်တည်း အိပ်ရတော့မည်ဟု ထင်ထားသော်လည်း သူ ပြန်ရောက်နေပြီ ဖြစ်သည်။
"ရှင် ရောက်နေတာလား"
ရာဟန် က မတ်တပ်ထရပ်ပြီး ရှေ့သို့ လျှောက်လာ၍ သူမ လက်ကောက်ဝတ်ကို သူ့ဘက်သို့ ဆွဲယူလိုက်သည်။ ထို့နောက် သူမကို ရင်ခွင်ထဲ ဖက်ထားကာ ရေရွတ်သလိုလေး ညည်းညူလိုက်၏။
"တစ်နေ့လုံး မင်းကိုလွမ်းနေလို့ သေရတော့မယ် ထင်တယ်"
ထိုစကားကြောင့် သူမ နားရွက်များ အနီရောင်ပြောင်းသွားသည်။ သူတို့နှစ်ယောက်သား၊ ယနေ့နံနက်ကလည်း မနက်စာ အတူတူစားခဲ့ကြတာဖြစ်သည်။ပြီးမှ သူ့အလုပ်ကိစ္စများ ရှိရာကို ထွက်သွားခြင်းပင်။သူမတို့ ခွဲခါရသည်မှာ နာရီပိုင်းမျှသာ ဖြစ်သော်လည်း သူမလည်း သူ့လို တစ်နေကုန် သူ့အကြောင်းပဲ တွေးနေမိသည်။
"ကျွန်မလည်း ရှင်ကို လွမ်းတယ်"
ရိုစီနာ ၏ ရိုးသားသော အဖြေသည် ရာဟန် အား ပြုံးစေခဲ့သည်။သူမ သူ့မျက်ဝန်းတွေကို မော့ကြည့်လိုက်တော့ ဂါဝန်အောက်ဆီက နှလုံးခုန်သွားသံ တဒိုန်းဒိန်းကို အထင်းသားကြားနေရသည်။သူမ သူ့ဆံပင်တွေကို လက်ဖြင့် တစ်ချက်နှစ်ချက် ပွတ်သပ်လိုက်သည်။ တိတ်ဆိတ်ပြီး မှောင်မည်းနေသည့် အိပ်ခန်းထဲမှာတောင် သူ့ဆံပင်တွေက တောက်ပြောင်နေ၏။ ရာဟန် က ခွေးလေးတစ်ကောင်လို မျက်လုံးမှိတ်ထားပြီး သူမ အထိအတွေ့ကို ကြည်ဖြူစွာ ခံယူနေ၏။ထို့နောက် သူ့ပါးကို ပုတ်ပြလိုက်တာကြောင့် သူမ ခြေဖျားထောက်ကာ သူ့ပါးကို နမ်းလိုက်ရလေသည်။ နှစ်ယောက်သား အချိန်အတော်ကြာ ဖက်ပြီးမှသာ လူချင်းခွဲလိုက်ကြသည်။ ထို့နောက် ရာဟန်က နေရာမှထကာ သေတ္တာအရှည်ကြီးတစ်လုံးကို ယူလိုက်သည်။
"အဲဒါဘာလဲ"
"သစ်သီးဝိုင်လေ"
သူမ စိတ်ဝင်တစားဖြစ်လာရာ ရာဟန် က သေတ္တာမှာချိတ်ထားသည် ဖဲကြိုးကို ဖြည်လိုက်ရာ နီညိုရောင်သွေးရှိသည့် ဖန်ပုလင်း တစ်လုံး ပေါ်လာသည်။
"ဒါက စပျစ်သီးနဲ့ လုပ်ထားတာလား..."
"စပျစ်သီးမဟုတ်ဘူး....ရက်စ်ဘယ်ရီ နဲ့ လုပ်ထားတာ"
ရက်စ်ဘယ်ရီသီးနဲ့ ဝိုင်လုပ်ကြသလား...
"သောက်ကြည့်ချင်လား"
“အင်း”
သူမ ဝမ်းသာအားရ သဘောတူပြီးနောက် ရာဟန်က အပြင်ဘက်ကို ခဏထွက်သွား၍ ပန်းကန်ပြားနှစ်ချပ်ယူကာ ပြန်လာသည်။ပန်းကန်ပြားထဲမှာ သူမအကြိုက်ဆုံး သရေစာများနှင့် စတုရန်းပုံချိစ်တုံးများကို တွေ့ရသည်။ ထို့နောက် သူက ဖန်ခွက်ထဲသို့ သစ်သီးဝိုင်များ လောင်းထည့်လိုက်လျှင် ဝိုင်၏ မွှေးရနံ့က အခန်းထဲကို ပျံ့နှံ့သွားရ၏။ ပြီးလျှင် ရိုစီနာ ကလည်း ဖန်ခွက်ကိုယူ၍ အနံ့ခံကြည့်ပြီး တစ်ငုံသောက်ကြည့်လိုက်သည်။
"အရသာရှိတယ်နော်"
သူမ မျက်လုံးကလေး ပြူးပြီး ပြောလိုက်လျှင် ရာဟန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူမ အံ့အားသင့်နေပုံက ယုန်တစ်ကောင်လိုပင် အပြစ်ကင်းပြီး ချစ်စဖွယ် ဖြစ်နေသည်။
“ကျွန်မ သောက်နေကျ ဝိုင်တွေထက် ပိုချိုတယ်နော်”
သူမ ပြောသလိုပင်၊အမှန်တစ်ကယ်လည်း ဝိုင်က အခါးဘက်ထက် ပိုချိုနေသည်။ ရာဟန် သည် အချိုများကို မနှစ်သက်သော်လည်း သစ်သီးဖျော်ရည်က ခြွင်းချက်ဖြစ်သည်။
နှစ်ယောက်သား စားပွဲရှေ့တွင် ထိုင်ကာ ဝိုင်ကို အရသာခံ သောက်နေကြသည်။ ရာဟန်က ဒုတိယမြောက်ဖန်ခွက်အလွတ်ကိုချထားလိုက်ပြီး...
“အစည်းအဝေးကို ရက်နည်းနည်းကြာရင် လုပ်ရမယ်"
'အစည်းအဝေး' ဟူသော စကားလုံးကြောင့် ရိုစီနာ ၏ ပခုံးများ လှုပ်ယမ်းသွားသည်။ အင်ပါယာမှ မှူးမတ်များအားလုံး ဤအစည်းအဝေးအတွက် စုဝေးကြလိမ့်မည်။ ဘားမန်း ဟာ အခုထိ အထိန်းသိမ်းခံနေရဆဲဖြစ်ပြီး လူအများ၏ သဘောထားက သိပ်မကောင်းသည့်အတွက် သူ အာဏာရယူဖို့ မဖြစ်နိုင်တော့ပေ။ အစည်းအဝေးတွင် အိမ်ရှေ့စံရာထူးမှ ဇီဂရစ်ကို ရုပ်သိမ်းပြီး ထီးနန်းတက်မည့်သူအား ဆွေးနွေးမည်ဖြစ်သည်။
ရာဟန် သည် သူ့လက်ချောင်းထိပ်များကို ဖန်ခွက်နှင့် တတောက်တောက် ခေါက်လိုက်ပြီး ရိုစီနာ ကို ကြည့်လိုက်သည်။
"ရိုစီနာ… မင်း ဘုရင်မ ဖြစ်ချင်လားဟင်"
Xxxxxx