အပိုင်း ၉၈
Viewers 13k

Chapter 98

ရာဟန် သည် ရထားလုံးဖြင့် ညီလာခံသို့ ရောက်လာသည်။ သူသည် တတိယမင်းသားနန်းတော်တွင် နေနေဆဲဖြစ်သောကြောင့် အခြားနန်းတော်များသို့ သွားလာရန် အဆင်မပြေပေ။

ခရေယယ် နှင့် အဲဆစ် တို့သည် အစည်းအဝေးခန်းမ တံခါးရှေ့တွင် ရပ်နေကြပြီး ဦးညွှတ်ကာ တံခါးကို ကျယ်ကျယ်ဖွင့်ပေးလိုက်သည်။ ရာဟန် က မျက်နှာထားကိုတည်ငြိမ်အောင် ပြင်လိုက်ပြီး အခန်းထဲသို့ ဝင်သွားလိုက်လျှင် ခံ့ညားထည်ဝါသော သူ့ခြေသံများကို ဘယ်သူမဆို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ အစည်းအဝေးခန်းထဲမှာ ထိုင်နေသည့် မှူးမတ်တွေကလည်း စကားကို ချက်ချင်းရပ်လိုက်ကြပြီး ထိုင်နေရာမှထကာ ရာဟန်ကို နှုတ်ဆက်လိုက်ကြသည်။

ရာဟန်က ဘုရင်မင်းမြတ်နှင့် အိမ်ရှေ့စံတို့၏ လစ်လပ်နေသော ထိုင်ခုံများကို တစ်ချက်ကြည့်ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။ ပြီးခဲ့သည့် နောက်ဆုံးအစည်းအဝေးတွင် သူသည် ဘုရင်မင်းမြတ်နှင့် အဝေးဆုံး ထိုင်ခုံမှာထိုင်နေခဲ့သော်လည်း ယခုတစ်ကြိမ်တွင် လစ်လပ်နေသော အိမ်ရှေ့စံ ထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘဲ မှူးမတ်အားလုံးကို သေချာမြင်ရသော နေရာကောင်း ဖြစ်တာကြောင့် ဖြစ်သည်။

သို့သော် သူ့စိတ်ကူးနှင့်ဆန့်ကျင်ဘက်တွင် မှူးမတ်များသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အလုပ်ရှုပ်နေကြသည်။ သူတို့သည် အိမ်ရှေ့စံ၏ ထိုင်ခုံတွင် ရာဟန် ဘာကြောင့် ဝင်ထိုင်ရသလဲဆိုသည်ကို အချင်းချင်း ခန့်မှန်းကြည့်‌နေကြသည်။

ရာဟန် က အေးအေးဆေးဆေး ထိုင်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူ့အကြည့် ပစ်မှတ်က အယ်လိုအာ နယ်စားမင်း ဖြစ်သည်။ သူသည် ဘုရင်မကြီး၏ ဖခင်ဖြစ်ပြီး အိမ်ရှေ့စံ၏ အဘိုးလည်းဖြစ်သည်။ သူသည် ရာဟန် ကို သတ်ရန်စိတ်အားထက်သန်သူဖြစ်ပြီး မျက်ခြည်မပြတ် သတိထားကြည့်နေသူလည်းဖြစ်သည်။ အယ်လိုအာ နယ်စားမင်းသည် အံကိုတင်းတင်းကြိတ်ထားပြီး ရာဟန်ကို စူးစိုက်ကြည့်နေ၏။

ဘုရင်မနှင့် အိမ်ရှေ့စံတို့ အဖမ်းခံထားရ သော်လည်း သူယုံကြည်သည့်အရာတစ်ခုရှိသေးသည်။ ထီးနန်းဆက်ခံမည့်သူက ဇီဂရစ် ဟု ယုံကြည်နေတာဖြစ်သည်။ရှေးရိုးစွဲ မှူးမတ်များကလည်း အယ်လိုအာ နယ်စားမင်း အနီးတွင် ထိုင်၍ ရာဟန် ကို ရှုတ်ချဟန်ဖြင့် စိုက်ကြည့်နေကြသည်။

လွန်ခဲ့သောလအနည်းငယ်က အယ်လိုအာ နယ်စားမင်းနှင့် ဘုရင်မင်းမြတ်သည် ရာဟန် ကို ဤနေရာတွင် အရှက်ခွဲခဲ့သည်။ မနေ့ကလို ထင်ရသော်လည်း လအနည်းငယ်ကြာသွားပြီဖြစ်၍ အခြေအနေတွေ ပြန်ပြောင်းသွားလေပြီ။ ရာဟန် ထိုင်ပြီး သိပ်မကြာခင်မှာပဲ ဒုတိယမင်းသား ဇီရက် ပေါ်လာသည်။ သူသည် မျက်မှန်အဝိုင်းကို စမတ်ကျကျ ၀တ်ဆင်ထားပြီး တည်ကြည်သော မျက်နှာထားရှိကာ တော်ဝင်မိသားစုထဲမှာ ရိုးရှင်းစွာ နေထိုင်သူဖြစ်သည်။

ထိုကဲ့သို့သော နေရာများသို့ သူ မကြာခဏ ထွက်မလာတတ်သော်လည်း ယနေ့တော့ အပြင်ထွက်လာသည်။ဇီရက် ကိုမြင်သည်နှင့် အယ်လိုအာ နယ်စားမင်း စိတ်သက်သာရာရသွားသည်။ ဒုတိယမင်းသား ဇီရက် သည် သူ့ကို ကယ်တင်မည့်တစ်ခုတည်းသော အသက်ကယ်ကြိုးဖြစ်သည်။ စောစောက မင်တက်မိနေကြသော မှူးမတ်တို့သည် ရာဟန်ကို တစ်ဖန်ပြန်ကြည့်လိုက်ရာ သားရဲတစ်ကောင်လို စုးရဲပြီး သတ္တိရှိနေပုံကြောင့် လန့်ဖျပ်သွားကြသည်။

အစည်းအဝေးခန်းမကြီးထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ယခင်ကဆိုလျှင် အစည်းအဝေး အစီအစဉ်ကို အမြဲဆွဲဆောင်ခဲ့သူက ဘုရင်မင်းမြတ်ဖြစ်သည်။ သို့သော်လည်း ဘုရင်မင်းမြတ်မရှိသဖြင့် အစည်းအဝေးကို ဦးဆောင်မည့်သူအား မဆုံးဖြတ်ရသေးပေ။ ရာဟန် သည် မှူးမတ်များ အချင်းချင်း စိုက်ကြည့်နေသည်ကို စိတ်ထဲက ရယ်ချင်ပက်ကျိဖြစ်သွားရသည်။ သူနှင့် အယ်လိုအာ နယ်စားမင်းတို့အနက် ဘယ်သူ့ဘက်က ရပ်တည်မှ ချမ်းသာရာရမည်ဟု သူတို့ အတော် တွေးနေကြပုံပင်။ထို့နောက် တိတ်ဆိတ်သော ခန်းမထဲတွင် သူ့အသံက လေးနက်စွာ ပျံ့လွင့်လာသည်။

" အိမ်ရှေ့စံရဲ့တရားခွင်ကို လာမယ့် ဆယ့်ငါးရက်အတွင်း ကျင်းပပါမယ်"

ထိုအချိန်တွင်၊ အယ်လိုအာ နယ်စားမင်း၏ မျက်နှာသည် တင်းမာလာရသည်။တရားခွင်၏ ၏ ရလဒ်သည် မမြင်ရသေးသော်လည်း ထင်ရှားနေပြီဖြစ်သည်။ အိမ်ရှေ့စံ ဇီဂရစ် သည် ယခုအချိန်အထိ ပြည်သူများကို လှည့်ဖြားခဲ့ပြီး နန်းတော်ထဲသို့ မကောင်းဆိုးဝါးကြီးကို ခေါ်ိလာမှုအတွက် အလျော်ပေးရမည်ဖြစ်သည်။အားလုံး အလုပ်ရှုပ်နေချိန်မှာ တစ်ယောက်ယောက်က သူ့လက်ကို မြှောက်လိုက်သည် ။

"အရှင့်သား…ကျွန်တော် တစ်ခုပြောလို့ရမလား"

လက်မြှေက်သူမှာ မြို့ဝန်မင်း ဂျာဂန် ဖြစ်သည်။ သူသည် အင်ပါယာ အနောက်ဘက်ခြမ်းတစ်ခွင်မှာ ဩဇာညောင်းသူလည်း ဖြစ်သလို ရိုစီနာ နှင့်ရင်းနှီးသော အီဘယ်လာ ၏ ဖခင်အဖြစ် လူသိများသည်။ သူကလည်း ရာဟန် တော်လှန်ပုန်ကန်သည့် အခါမှာ နောက်ကနေ တိတ်တဆိတ် ကူညီခဲ့သူပင်။

“တတိယမင်းသား....ဘုရင်မင်းမြတ်ဟာ မှူးမတ်များရဲ့ အသက်ကိုသာမကဘဲ ပြည်သူအားလုံးရဲ့ အသက်ကိုလည်း အကာအကွယ်ပေးခဲ့ပါတယ်"

မြို့ဝန်မင်း ၏ အသံသည် နူးညံ့သော်လည်း ပြတ်သားပြီး အားကောင်းသည်။ မြို့ဝန်မင်း ဂျဂန် သည် ကြားနေဝါဒ ဖြစ်သည်ကို မှူးမတ်များက သိထားသောကြောင့် သူ မည်သို့ဆုံးဖြတ်မည်ကို စိတ်ဝင်စားနေကြသည်။

"ဒါကြောင့် အရှင့်သားကပဲ ထီးနန်းကို သိမ်းပိုက်သင့်ပြီထင်တယ်"

မြို့ဝန်မင်း မှ ရာဟန် ကို ပွင့်ပွင့်လင်းလင်း ထောက်ခံလာသောအခါ အယ်လိုအာ နယ်စားမင်း၏ လူများသည် ချက်ချင်း ဆူပုပ်သွားကြ၏။ သူ့စကားအဆုံးသတ်လိုက်သည်နှင့် ရာဟန် ကိုထောက်ခံသော မှူးမတ်တစ်ဦးကလည်း ပြောလာသည်။

“အဲဒါပဲ ကောင်းမယ် ထင်ပါတယ်

"…နတ်ဘုရားရဲ့ တန်ခိုးကို အမွေဆက်ခံတဲ့ တတိယမင်းသားကသာ နန်းတက်ရမှာပါ"

အထက်တန်း မှူးမတ်ကြီးနှစ်ဦး၏ မှတ်ချက်ကြောင့် ကြားနေသူများပင် တုန်လှုပ်သွားကြသည်။ သို့သော်လည်း ရာဟန် က ဘာမှထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

"ဒါပေမယ့် အရင်တုန်းက အမိန့်ကို လိုက်နာရမယ်"

အယ်လိုအာ နယ်စားမင်းက ချက်ချင်းဝင်လာသည်။ သူ့မှာ ပြောပိုင်ခွင့် မရှိသော်လည်း စကားကို အတင်းလုပြောနေတော့သည်။

“ဘုရင်မင်းမြတ် အခြေအနေကောင်းနေသေးရင် သူချမှတ်ထားတဲ့ ထီးနန်းဆက်ခံမယ့်အမိန့်ကို ကျွန်တော်တို့ ဘယ်လိုလုပ် လျစ်လျူရှုလို့ ရမှာလဲ...ပြီးတော့ ရာဟန် ကိုယ်ထဲက သွေးက ...”

အယ်လိုအာ နယ်စားမင်းက ကျယ်ကျယ်လောင်လောင်ပြောနေရင်း စကားက တစ်ပိုင်းတစ်စနှင့်ရပ်သွားသည်။ သူ့စိတ်ထဲမှ သိမ်းထားသင့်သည့် စကားတို့ကို သူ ပြောမိလေပြီ။ ရာဟန် သည်တရားမ၀င်သော သားတော်ဖြစ်၍ အိမ်ရှေ့စံမဖြစ်နိုင်ဟု သူအခိုင်အမာ ပြောချင်တာပင်။

"ကျွန်တော့် အသွေးအသားက...."

ရာဟန် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး တစ်ချက် ပြုံးလိုက်သည်။

"အရူးတစ်ယောက်ရဲ့သားထက် ပိုသန့်ပါတယ်"

ဘုရင်မသည် အရူးဖြစ်သွားပြီဟု ရွဲ့ ပြေလိုက်တာဖြစ်သည်။ ထိုအခါ ဘုရင်မ၏ဖခင်အရင်းဖြစ်သော အယ်လိုအာ နယ်စားမင်းသည် ချက်ချင်း ဝုန်းကနဲ မတ်တပ်ထရပ်လိုက်သည်။

"ဘယ်လိုပြောလိုက်တာလဲ....မင်းက ဘုရင်မကို စော်ကားလိုက်တာပဲ”

အယ်လိုအာ နယ်စားမင်းက တုံ့ပြန်ခဲ့သော်လည်း ရာဟန် က မတောင်းပန်ခဲ့ပေ။

"မိုက်ရိုင်းတဲ့ နယ်စားမင်းပဲ"

ရာဟန် သည် နယ်စားမင်းကို အေးစက်စွာ ကြည့်နေသည်ကို ကြည့်ပြီး မည်သူမျှ အသက်မရှူနိုင်ကြပေ။ထိုအခါ အယ်လိုအာ နယ်စားမင်းသည် ချက်ချင်း ပြန်ထိုင်လိုက်ပြန်သည်။ထို့နောက် ရာဟန်က အကြည့်လွဲကာ ဒုတိယမင်းသား ဇီရက် ကို စိုက်ကြည့်နေလိုက်သည်။ ယခုအချိန်အထိ စကားတစ်ခွန်းမှ မပြောရသေးသော ဇီရက် ကလည်း သူ့အကြည့်ကို ခံစားပြီး ခေါင်း မော့လိုက်သည်။ ထိုအခါ သူ့စိတ်ထဲမှာ မကြာသေးမီက ရိုစီနာ နှင့်ပြောခဲ့သော စကားဝိုင်းကို အတိုချုံးသတိရသွားတော့သည်။

- ရိုစီနာ....မင်း ဘုရင်မဖြစ်ချင်လား

- ဟင့်အင်း...မဖြစ်ချင်ပါဘူး

ရိုစီနာ က ဘုရင်မ မဖြစ်ချင်ကြောင်း ပြောထား၍ အရာအားလုံးကို သူမဆန္ဒအတိုင်း လုပ်ရမည်ဖြစ်၍ သူ မဆိုင်းမတွပြောလိုက်သည်။

"ဒုတိယမင်းသားကို အိမ်ရှေ့စံအဖြစ် သရဖူဆောင်းစေချင်တယ်"

ရာဟန် ၏ စကားများသည် ညီလာခံခန်းမကို အေးခဲသွားစေခဲ့သည်။

“ဟင် ဘာကိုဆိုလိုတာလဲ…”

ရာဟန် ယခုလို ဆုံးဖြတ်ချက်ချဖို့ မမျှော်လင့်ထားသည့် မှူးမတ်တွေမှာ ဘာကိုမှ ကောင်းကောင်း မပြောတတ်တော့ပေ။ အယ်လိုအာ နယ်စားမင်းနှင့် ဒုတိယမင်းသား ဇီရက် တို့ပင် အံ့အားသင့်သွားရ၏။ထူးထူးခြားခြား ကာယကံရှင် ရာဟန်ကသာလျှင် ပကတိ တည်ငြိမ်သူဖြစ်နေ၏။

"အဲဒါကိုပဲ ကျွန်တော် လောလောဆယ် တွေးနေတာ"

“အရှင့်သား....”

ရာဟန် ကို ထောက်ခံသူတွေက သူ့ကို အရေးတကြီး လှမ်းခေါ်ကြသော်လည်း ရာဟန် ကတော့ မလှုပ်မယှက်ဖြစ်နေဆဲ။ သူ ဘယ်တော့မှ စိတ်ပြောင်းမည်မဟုတ်ပေ။သူ့အနားမှာ ရပ်နေသည့် မှူးမတ်တွေက အံ့သြသွားပုံဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ရာဟန် သည် အိမ်ရှေ့စံရာထူးကို စွန့်လွှတ်ပါက အခြားသူများအတွက် ကောင်းသော အရာတစ်ခုဖြစ်သည်။အခြားသူများဆိုသည်မှာ ၊ အယ်လိုအာ နယ်စားမင်းနှင့် သူ့ဘက်တော်သားများပင်။

" ဒုတိယမင်းသား…ကျေးဇူးပြုပြီး အတည်ပြုပေးပါ"

အယ်လိုအာ နယ်စားမင်းက ဇီရက် ကို တိုးတိုးလေး တီးတိုးပြောလိုက်သော်လည်း ဇီရက် သည် မလှုပ်မယှက်ဘဲ မျက်လုံးများကို ညင်သာစွာမှိတ်ထားသည်။ သူ့ပတ်ဝန်းကျင်က ဆူညံသံတွေကြောင့် ပထမဆုံး စကားစလိုက်၏။

"တတိယမင်းသား.... ပြောတာကို အစ်ကို နားလည်ပါတယ်"

ဇီရက် တည်ငြိမ်စွာ ဆက်ပြောသည်။

"ဒါပေမယ့် ကမ်းလှမ်းချက်ကို ငြင်းပါရစေ"

"အရှင့်သား"

အယ်လိုအာ နယ်စားမင်း အံ့သြသွားပြီး ဇီရက် ကို အလျင်အမြန် ခေါ်လိုက်တယ်။ သို့သော် သူက အယ်လိုအာ နယ်စားမင်းကို တစ်ချက်မျှပင် မကြည့်ဘဲ ဆက်ပြောသည်။

"ဒါက အစ်ကို့အတွက် အရမ်း တာဝန်ကြီးပါတယ်...မင်းကသာ အစ်ကို့ထက် အများကြီးပိုကောင်း အောင် လုပ်နိုင်မယ်ဆိုတာ သေချာပါတယ်"

လူတွေက အားနည်းသည်ဟု တွက်ထားခြင်းခံရသူ ဇီရက်က တစ်စက်ကလေးမှ တုန်လှုပ်ခြင်းမရှိဘဲ အေးဆေးတည်ငြိမ်စွာ ပြောလေသည်။ သူ စိတ်ထဲမှ ညီဖြစ်သူ ရာဟန်ကို တွေ့ကတည်းက သူသည် တိုင်းပြည်ကိုပဲ့ကိုင်နိုင်မည်ဟု တွက်ဆခဲ့မိတာပင်။ထို့ကြောင့်လည်း သူ ထီးနန်းဆက်ခံမည့်အခွင့်အရေးကို စွန့်လွှတ်လိုက်ခြင်းဖြစ်သည်။

"ကြားရတာစိတ်မကောင်းပါဘူး…အစ်ကိုလည်း ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော်လည်း ထင်ခဲ့တာ"

ရာဟန် က ထပ်ပြောလာတာကြောင့် မှူးမတ်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေသည်။ ယခုအချိန်အထိ ‌မင်းညီမင်းသား ညီအစ်ကိုများသည် ရာဇပလ္လင်ကို သိမ်းပိုက်လိုသောကြောင့် မကြာခဏ သွေးထွက်သံယို တိုက်ပွဲဝင်ခဲ့ကြသော်လည်း ထီးနန်းမလုသည့် ညီအစ်ကိုနှစ်‌ယောက်မှာ ရာဟန် တို့ပင် ရှိလိမ့်မည်။

"ဒါဆို အစ်ကိုက ဘာလုပ်မှာလဲ"

ရာဟန် က ဇီရက် ကိုမေးလိုက်၏။ဇီရက် ကသာ အိမ်ရှေ့စံမဖြစ်လာလျှင် နန်းတော်ထဲက နှင်ထုတ်ခံရနိုင်ခြေရှိသည်။ သို့သော် ဇီရက် သည် အရာအားလုံးကို တွေးထားပြီးသားကဲ့သို့ တည်ငြိမ်စွာပြောလာသည်။

"အစ်ကို ရန်ဒီယာ မှာ အခြေချဖို့ ရည်ရွယ်ထားတယ်...ပြီးတော့ အစ်ကို့ ကလေးတွေကိုလည်း ခေါ်သွားမယ်"

အယ်လိုအာ နယ်စားမင်း၏မျက်နှာသည် သေမင်းလိုပင် ကြောက်စရာကောင်းအောင် သုန်မှုန်နေလျက်။သူ့မြေးတွေကိုသာ ခေါ်ထုတ်သွားပါက သူ့အတွက် အားကိုးစရာ ဘာမှမရှိတော့ပေ။ တတိယမင်းသားတို့ မိသားစုသာလျှင် တော်ဝင်မိသားစုတွင် ရှိနေမည်ဖြစ်သည်။

“…..”

ရာဟန် သည် စားပွဲကို လက်သည်းများဖြင့် တတောက်တောက် ခေါက် လိုက်သည်။ ရာဟန် နှုတ်ဆိတ်နေသောအခါတွင် မှူးမတ်များသည် သူ့ဆုံးဖြတ်ချက်အတွက် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။

“ဒီလိုဖြစ်လာတာကို အခုချိန်မှာ ဘယ်လိုမှ မတတ်နိုင်ပါဘူး.... ဆွေမျိုးတွေဘက်ကနေ အိမ်ရှေ့စံအသစ်ရှာဖို့ကလွဲလို့ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိတော့ဘူး”

"…ဘယ်လို"

အားလုံး လန့်သွားပြီး ပြန်မေးလာသော်လည်း ရာဟန် က နောက်ပြန်မဆုတ်ဘဲ ပြုံးပြလိုက်၏။

"ကိုယ့်ဘာသာပဲ အရည်အချင်းရှိတဲ့သူကို ရှာကြပါ"

***

ဇီရက် နှင့် ရာဟန် နှစ်ဦးစလုံးသည် သူတို့၏ ထီးနန်းဆက်ခံခွင့်ကို စွန့်လွှတ်မည်ဖြစ်ကြောင်း ကြေငြာချက်က အင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အယ်လိုအာ နယ်စားမင်းကို ထောက်ခံသူတွေ၊ ရာဟန် ကို ထောက်ခံသူတွေ၊ ဘက်မလိုက်ဘဲ ကြားနေသူ‌ တွေ စသည်ဖြင့်၊ဂိုဏ်းကွဲသွားကြသူများမှာလည်း ရှက်ရွံ့နေကြသည်။အကြောင်းမှာ သူတို့သည် ဇီရက် နှင့် ရာဟန် တို့က ထီးနန်းဆက်ခံမည်ဟု အခိုင်အမာ ယုံကြည်ထားသောကြောင့်ဖြစ်သည်။

မှူးမတ်များသည် မကြုံစဖူးကိစ္စနှင့် ပတ်သက်၍ သူနိုင်ကိုယ်နိုင် ငြင်းခုံကြသည်။ မှူးမတ်အများစုက နှစ်ယောက်ထဲက တစ်ယောက်ကို အိမ်ရှေ့စံအဖြစ် အတင်းအကျပ် ဖြစ်လာစေလိုသည်။ဆွေးမျိုးနီးစပ်များမှ တူတော်များထဲမှာလည်း သင့်လျော်သောလူမရှိပေ။ ထိုနေ့မှစပြီး ရာဟန် ကို ထောက်ပံ့ပေးကြသူများသည် ကြံရာမရဖြစ်ကုန်ကြသည်။

အစပိုင်းက၊ ရာဟန် သည် ပုန်ကန်မည်ဟု ပြောသော်လည်း ထီးနန်းတက်မည်ဟုလည်း ဘယ်တုန်းကမှ ကြေငြာတာမဟုတ်ပေ။ ရာဟန် မတုန်မလှုပ်ဖြစ်နေချိန်မှာ အယ်လိုအာ နယ်စားမင်းနှင့်ထောက်ခံသူတွေက ဇီရက် ကို စည်းရုံးဖို့ အလုပ်ရှုပ်နေကြသည်။ ထို့နောက် သိပ်မကြာမီ ဇီရက် သည် တော်ဝင်နန်းတော်ထဲမှ သူ့သားသမီးများနှင့်အတူ ရုတ်တရက် ထွက်ခွာသွားခဲ့သည်။

သတင်းကြားတော့ အယ်လိုအာ နယ်စားမင်း မှာ ရှော့ခ်တောင် ရသွားသည်။ ဘုရင်မနှင့် အိမ်ရှေ့စံ အာဏာဆုံးရှုံးပြီးသည့်တိုင် ဝမ်းနည်းပူဆွေးခြင်းမရှိသော အယ်လိုအာ နယ်စားမင်းသည် သူ၏နောက်ဆုံးဖဲချပ်ကြီး ပျောက်သွားတာကြောင့် မရှူနိုင်မကယ်နိုင်ဖြစ်နေရှာ၏။ သို့သော်လည်း သူ၏ ကံဆိုးမှုက မပြီးဆုံးသေးပေ။အကြောင်းမှာ အယ်လိုအာ နယ်စားမင်း နှင့် ဇီဂရစ် တို့အား ရာဟန်က တရားစွဲလိုက်ခြင်းကြောင့်ဖြစ်သည်။ သူ၏ရာဇ၀တ်မှုမှာ စာရွက်ပေါ်တွင် သေချာမမေးမြန်းဘဲ လူသေကြောင်း အတည်ပြုကာ ဈာပနပွဲ ဖန်တီးလိုက်ခြင်းပင်။

အယ်လိုအာ နယ်စားမင်း သည် ရုံးတင်စစ်ဆေးသည့်နေ့အထိ သူကိုယ်တိုင်တောင် မသိရှာသော ရာဇ၀တ်မှုကြောင့် ထိန်းသိမ်းခံခဲ့ရသည်။

ကောင်းသောနေ့တစ်နေ့ဝယ်...

တတိယမင်းသားနန်းတော်ရှိ နံနက်ခင်းသည် ရာဟန် အပြင်ထွက်ခွာသွားခြင်းနှင့်အတူ စတင်ခဲ့သည်။ ရိုစီနာ သည် မကောင်းဆိုးဝါးကြောင့် ဒဏ်ရာရထားချိန်ကတည်းက တတိယမင်းသားနန်းတော်သို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝင်ခွင့်မပြုပေ။ ယခုအခါ သူမသည် လုံးဝပျောက်ကင်းလုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း ဧည့်သည် အနည်းငယ်သာ ခွင့်ပြုထားသည်။ ရိုစီနာ နှင့် အတွေ့ချင်ဆုံးသူက အီဘယ်လာ ပင်။

သို့သော်၊ အီဘယ်လာ အတွက် ဤအချိန်က အလုပ်အများဆုံးအချိန်ဖြစ်သည်။ ရိုစီနာ ၏ အကောင်းဆုံးသူငယ်ချင်းနှင့် အရင်းနှီးဆုံးပုဂ္ဂိုလ် အီဘယ်လာ အနေနှင့် သူမသည် ပိုရာထူးကြီးပြီး အဆက်အသွယ်ကောင်းများအား စည်းရုံးရေး ဆင်နေရတာကြောင့်ပင်။ထိုအကြောင်းကိုသာ ရိုစီနာ သိလျှင် အတော် အားနာနေမှာက အမှန်ပင်။

ရိုစီနာ သည် မနက်စောစောထပြီး ဧည့်ခန်းထဲမှာ လက်ဖက်ရည်သောက်နေသည်။ အသစ်ပြန်လည်မွမ်းမံပြင်ဆင်ထားသော တတိယမင်းသားနန်းတော်သည် ယခင်ကထက် ပိုမို ခမ်းနားလာသည်။ ဈေးကြီးသော်လည်း ထိုင်၍အဆင်မပြေသည့် ကုလားထိုင်များကို ဖယ်ရှားပြီး ပျော့ပျောင်းသော ဆိုဖာနှင့် ကော်ဇောများကို ခင်းကျင်းထားသည်။ ဧည့်ခန်းသည် ရိုစီနာ လက်ဖက်ရည်သောက်ရန် နေရာဖြစ်သောကြောင့် သူမ အကြိုက်အတိုင်းသာ အလှဆင်ထားသည်။

သူမ လက်ဖက်ရည်ခွက်ကို ချထားလိုက်စဥ် သူမ နားထဲသို့ စကားသံအချို့ ဝင်လာသည်။


Xxxxx