အပိုင်း ၉၉
Viewers 13k

Chapter 99

"မင်းသမီး"

“မင်းသမီး...."

"ကျေးဇူးပြုပြီး ကျွန်တော့်ကိုတွေ့ခွင့်ပြုပါ"

ရိုစီနာ သည် အသံကြားရာဘက်သို့ ခေါင်းလှည့်လိုက်သည်။မျက်နှာကို မမြင်ရသော်လည်း တတိယမင်းသားနန်းတော် အပြင်ဘက်တွင် လူအချို့သည် ပြင်းထန်စွာ အော်ဟစ်နေကြ၏။ သူတို့သည် နန်းတော်သို့ ရက်အတန်ကြာ လာရောက်နေကြသော်လည်း ဝင်ခွင့်မပြုသောကြောင့် အပြင်မှ အော်ခေါ်နေကြသည်။

"ကျေးဇူးပြုပြီး ဘုရင်မ ဖြစ်လာပေးပါ"

ရိုစီနာ သည် ပဲ့တင်ထပ်စွာ ထွက်ပေါ်နေသည့် အသံကို ကြားပြီးနောက် ခေါင်းယမ်းလိုက်သည်။

“ဟား…..”

သက်ပြင်းတစ်ချက် ထွက်ပေါ်လာရသည်။ အခုတော့ သူမဟာ ရာဟန် ထီးနန်းတက်ဖို့ ဆွဲဆောင်နိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်နေကြ၏။ အစည်းအဝေးနေ့တွင် ရာဟန် က သူမ လက်မခံခဲ့၍ သူသည် အိမ်ရှေ့စံဖြစ်လာမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ သို့တိုင် သူတို့က ဆက်ပြီး တောင်းဆိုနေသဖြင့် သူမ စိတ်ရှုပ်နေရသည်။

ထို့အပြင် ရာဟန် အနားမှာ မရှိမှသာ သူတို့ရောက်လာတတ်တာကြောင့် သူမ တစ်ယောက်တည်း ဒုက္ခရောက်ရသည်။သူတို့ကို နှင်ထုတ်ပစ်ချင်သော်လည်း ရာဟန် ကြားသွားပါက စိတ်အနှောင့်အယှက် ဖြစ်သွားမှာစိုးတာကြောင့် ဘာမှ မတုံ့ပြန်ခဲ့ပေ။

"အိမ်ရှေ့စံက သေချာပေါက် တတိယမင်းသားပဲ ဖြစ်ရမယ်"

"တတိယမင်းသားပဲ"

ကြွေးကြော်သံများတောင် ကြားရသည်။ သူမ လက်ဖက်ရည်အေးကို သောက်လိုက်ချိန်မှာ တစ်ယောက်ယောက်က တံခါးကိုလာခေါက်သည်။သူမ တံခါးကို လှမ်းကြည့်လိုက်တော့ တံခါးလက်ကိုင်က ဖြည်းညှင်းစွာ လှည့်လာပြီး အီလီယန် ဝင်လာသည်။

"မေမေ"

ရိုစီနာ ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ ယခုအချိန်က အီလီယန် ကျောင်းဆင်းချိန်ပင်။သူမ မေ့တတ်ရန်ကော။

"ဒီနေ့ အတန်းက ဘယ်လိုလဲ...သားလေး...ခဏနေဦး... အဲဒါဘာကြီးလဲ"

ရိုစီနာ သည် အီလီယန် လက်ထဲတွင်ရှိသော သေတ္တာများကို ကြည့်လိုက်သည်။ တောက်ပြောင်သော သကြားလုံးများမှသည် တောက်ပြောင်သော အရုပ်များအထိ သေချာထုပ်ပိုးထား၏။ ၎င်းတို့သည် ကလေးများ နှစ်သက်မည့်အရာများသာဖြစ်သည်။

“ဟမ်.... အပြင်က ဦးလေးတွေက သားကို ပေးတာ”

……

ယခု သူတို့ ကလေးကို စည်းရုံးဖို့တောင် ကြိုးစားနေကြပြီ။

သူမ သက်ပြင်းချလိုက်မိသည်။

“……”

အီလီယန် သည် မှူးမတ်များထံမှ ရရှိသော လက်ဆောင်အားလုံးကို ကြမ်းပြင်ပေါ်တွင် တင်လိုက်သည်။ သူ မတော်တဆ ရသွားခဲ့တာ‌ဖြစ်၍ အမေဖြစ်သူက မျက်နှာမကောင်းနေသဖြင့် လိုချင်စိတ်လည်း မရှိတော့။အစကတည်းကသာ သိလျှင် သူ ယူတောင်ယူလာခဲ့မှာမဟုတ်။ ခဏကြာတော့ အသံ‌တွေ ရပ်သွားသည်။ ခါတိုင်းဆိုလျှင်၊ရာဟန် နန်းတော်သို့ ပြန်ရောက်လာမှသာ ရပ်ပစ်ခဲ့ကြသည်။ ရာဟန် လာ၊မလာ သိဖို့ သူမ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်စဥ် ခေါက်သံ ထပ်ကြားလိုက်ရသည်။

"မင်းသမီး.... မြို့ဝန်မင်း ဂျာဂန် ရောက်နေပါတယ်"

အစေခံ အယ်လာ စကားကြောင့် သူမ ကြောင်အသွားသည်။

"မြို့ဝန်မင်း ဂျာဂန် ဆိုပါလား"

သူသည် အီဘယ်လာ ၏ဖခင်ဖြစ်သည်။ အရင်က သူမနှင့် သီးသန့်တွေ့ဆုံဆွေးနွေးဖူးသည်။ဘာ့ကြောင့် မြို့ဝန်မင်း က သူမဆီ လာလည်တာလဲ ဆိုသည်ကို တွေးတောနေမိသည်။

"သူ့ကို ဝင်ခွင့်ပြုလိုက်ပါကွယ်.... အီလီယန် ခဏနေရင် မေမေ သားရဲ့အခန်းထဲကို မုန့်ယူလာခဲ့မယ်"

"ဟုတ်ကဲ့"

ရိုစီနာ က သူ့ဆံပင်တွေကို ပွတ်ပေးလိုက်သည်။ အီလီယန် အခန်းထဲက ထွက်သွားပြီး သိပ်မကြာခင်မှာ တံခါးပွင့်လာသည်။ ရိုစီနာ ဝင်လာသူ၏ မျက်နှာကို ကြည့်လိုက်သည်။

"မတွေ့ရတာကြာပြီနော်"

"ဟုတ်ပါရဲ့...ကြာသွားပြီ... ကျေးဇူးပြုပြီး ဒီမှာထိုင်ပါရှင်"

ထိုအခါ မြို့ဝန်မင်းဂျာဂန် သည် သူမနှင့် မျက်နှာချင်းဆိုင်က ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ဆိုဖာသည် ပျော့ပျောင်းလွန်းသဖြင့် သူ့တစ်ကိုယ်လုံး နစ်မြုပ်သွားသလိုပင်။ ထို့နောက် သူမ သည် မြို့ဝန်မင်း ရှေ့မှာ လက်ဖက်ရည်ခွက်ကို ချထားလိုက်သည်။ နူးညံ့သောနှင်းဆီရနံ့က သူ့နှာခေါင်းဖျားကို ဖြန်းခနဲ ဖြန်းခနဲ လာရိုက်ခတ်၏။

“လက်ဖက်ရည်က အနံ့လေး သင်းနေတာပဲ”

"တစ်ကယ်လား.... မနှစ်က ပထမဆုံးပွင့်တဲ့ နှင်းဆီခြောက်တွေနဲ့ လုပ်ထားလို့ ထင်တယ်"

ရိုစီနာ တိုးတိုးလေးတစ်ချက်ရယ်လိုက်သည်။ ရာဟန် က သူမအတွက် ရွေးချယ်ပေးသော နှင်းဆီပန်းများဖြင့် ပြုလုပ်ထားသောကြောင့် သူမအတွက် အထူးစပါယ်ရှယ် တန်ဖိုးရှိလှသည်။

"ဦးလေးက ဒီကိုဘာအတွက်လာတာလဲ"

သူမ လက်ဖက်ရည်ခွက်ကို ကိုင်ထားကာ မေးလိုက်လျှင် မြို့ဝန်မင်းဂျာဂန်၏ နှုတ်ခမ်းများ တစ်ချက်တွန့်သွားသည်။သူမ ခေါင်းငုံ့ထားပြီး သူဘာပြောချင်သလဲ ဆိုတာကို တွေးမိသည်။ ခဏအကြာတွင်၊ မြို့ဝန်မင်းက....

"မင်းသမီး ဘုရင်မ ရာထူးကို ဆက်ခံမှရမယ်"

ရိုစီနာ ဘာမှပြန်မပြောမိ။ အိမ်ရှေ့ မင်းသမီးမဟုတ်ဘဲ၊ ဘုရင်မ။

သူမ အသံတိတ်သွားသောအခါ မြို့ဝန်မင်း က ထပ်ပြောပြန်သည်။

"အခု ဘုရင်မဖြစ်လာနိုင်တဲ့သူက တတိယမင်းသမီးပါပဲ"

"ဘုရင်မ အသက်ရှင်နေသေးတာကို ဘာဖြစ်လို့လဲ"

သူမ ချက်ချင်း ဘုရင်မ ထာရှာ ကို သတိရမိသည်။ဈာပနပွဲနေ့ကတည်းက ဘုရင်မကို မတွေ့ခဲ့ရပေ။ ဇီဂရစ် သေပြီဟု ထင်ကာ မြေအောက်တွင် အကျဉ်းချခံနေရလျက်နှင့်၊သူမ ရူးသွပ်စွာ အော်ဟစ်နေခဲ့သည်။ သို့သော် ရာထူးမှ မနုတ်ထွက်ရသေးသောကြောင့် ထာရှာ သည် ဘုရင်မဖြစ်ဆဲဖြစ်သည်။ လစ်လပ်နေရာများတွင် တစ်ယောက်ယောက်ကို ခန့်အပ်ရမည် ဖြစ်သော်လည်း ထိုကိစ္စကို ဆွေးနွေးရန် အနည်းငယ်စောနေသေးသည်။ ထို့အပြင် ဘုရင်မ ရာထူးသည် သူမအတွက် လေးလံလွန်းလှသည်။

"မင်းသမီး"

မြို့ဝန်မင်းဂျာဂန် က သူမကို ဖြောင်းဖြရန်ပြင်လိုက်စဉ်မှာပင် သူမ သဘောပေါက်ခဲ့ပြီး ငြင်းပစ်လိုက်သည်။

"ကျေးဇူးပြုပြီး တစ်ခြားတစ်ယောက်ယောက်ကိုရှာပါလား"

“အို… တော်ဝင်နန်းတော်မှာ ကျန်တဲ့လူတွေက နန်းတွင်းသူလေးတွေ၊ တတိယမင်းသားနဲ့ မင်းသမီးပဲ ကျန်တော့တာ”

မြို့ဝန်မင်း ပြောသည့်အတိုင်း ကျန်တော်ဝင်မိသားစုမှာ တတိယမင်းသားမိသားစုသာ ရှိတော့ဖြစ်သည်။ အာဆီလီယာ ကို နှင်ထုတ်ခဲ့ပြီး ဒုတိယမင်းသား ဇီရက် သည်လည်း သားသမီးများနှင့်အတူ တော်ဝင်နန်းတော်မှ ခိုးထွက်သွားခဲ့သည်။ ဤကျယ်ပြောလှသော ရဲတိုက်ကြီးသည် တတိယမင်းသားမိသားစုသာ နေထိုင်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။သို့သော်လည်း ရိုစီနာ သည် ကမ်းလှမ်းမှုကို လက်မခံချင်ခဲ့ပေ။ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် နောက်ထပ် အနစ်နာခံမှုတွေကို သူမ မလုပ်ချင်တော့။

ဤကိစ္စများအားလုံးပြီးသွားသည့်အခါ သူမ အီလီယန် ကိုခေါ်သွားပြီး ရာဟန် နှင့်အတူ အာစတေးနီးယား ကိုသွားဖို့ စီစဉ်နေတာ ဖြစ်သည်။သို့သော် သူမကသာ ဘုရင်မဖြစ်လာရန် ကမ်းလှမ်းချက်ကို ရုတ်တရက်လက်ခံလိုက်လျှင် ဤနေရာမှာ ပိတ်မိနေရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ ရိုစီနာ အသံတိတ်သွားသောအခါ ဂျာဂန် သည် သူ့လက်နှစ်ဖက်ကို စားပွဲပေါ်တင်ထားပြီး ကိုယ်ကို ရှေ့ကိုင်းလိုက်သည်။

“မင်းသမီးကို လာ‌ေပြာရတဲ့ အကြောင်းရင်းက တော်ဝင်မိသားစုကြောင့် မဟုတ်ဘူး”

“……”

"တတိယမင်းသားနဲ့ မင်းရဲ့ဘုရင်မကြီးက အင်ပါယာကို ပြောင်းလဲနိုင်မယ်လို့ ဦးလေး ယုံလို့ပဲ"

မြို့ဝန်မင်းဂျာဂန် စကားသည် လေးနက်မှုအပြည့်ရှိသည်။ ရိုစီနာ ၏ မျက်လုံးများသည် သူ၏ လေးနက်သော အကြည့်များကို သေချာစိုက်ကြည့်မိလေသည်။

"အင်ပါယာက အကျင့်ပျက်လွန်းတယ်"

သူ ပြောတာလည်း မမှားပေ။ မှူးမတ်တို့သည် အကြောင်းအမျိုးမျိုးကြောင့် အကျင့်ပျက်နေကြသည်။သူမ အဖေက လမ်းမှန်ကို ထောက်ပြခဲ့တာတောင် သူတို့က မုန်းတီးပြီး ဘုရင်မင်းမြတ်ကို ကုန်းသွားတိုက်ကြသည်။အထက်ကနေ စည်းကမ်းပျက်သွား၍ အောက်ခြေကလည်း ရှုပ်ထွေးပွေလီသွားသည်။ ခံတပ်စောင့်တပ်သားများနှင့် မြို့စောင့်စစ်သည်များကိုတောင် လာဘ်ငွေအနည်းငယ်ပေး၍ ရနေသည်။

“ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အင်ပါယာကြီး မကြာခင် ပြိုလဲသွားလိမ့်မယ်”

သူမ သူ့ကို လေးလေးနက်နက် ကြည့်နေမိသည်။

“ဦးလေးတို့ရဲ့ သားစဉ်မြေးဆက်တွေရဲ့ အနာဂတ်ကို ဖွင့်ပေးရမယ်...ကလေးတွေအတွက်လေ"

သူမလည်း ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နေသူ ဖြစ်၍ သူ့စကားကို အပြည့်အဝနားလည်သည်။ ကလေးတွေအတွက် အနာဂတ်မှာ လူကြီးတွေ တာဝန်ယူရမည့် ကိစ္စတစ်ခုလည်း ဖြစ်သည်။သို့သော် သူမ အဖြေပေးဖို့ အဆင်သင့်မဖြစ်သေး။ သူမသည် ဤနေရာတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း ကြည်နူးဖွယ်ကောင်းသည့်အရာများထက် နာကျင်စရာများက ပိုများပြားလှသည်။

“မင်းသမီးရဲ့ အဖေက အင်ပါယာကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်.... ဘုရင်မင်းမြတ်က သူ့ကို မုန်းနေပေမယ့်လည်း အဆုံးအထိ အရှုံးမပေးခဲ့ဘူး”

ရိုစီနာ ၏ မျက်လုံးများသည် မျက်ရည်များဖြင့် မှုန်ဝါးသွားသည်။ သူမ အဖေအကြောင်း ကြားတိုင်း နှလုံးသားက နာကျင်လာရသည်။ သူမ အဖေက အင်ပါယာကို ပြောင်းလဲဖို့ အရမ်းကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာတော့ သူ့အဆုံးသတ်က မကောင်းခဲ့ပေ။

"ကျေးဇူးပြုပြီး အင်ပါယာကို မစွန့်လွှတ်ပါနဲ့"

ရိုစီနာ သည် မျက်လုံးကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ခဏအကြာတွင် တင်းတင်းစေ့ထားသော နှုတ်ခမ်းများကို ဖွင့်ဟ,လိုက်သည်။

“…ကျွန်မ စဉ်းစားပါ့မယ်”

"ဆိုလိုတာက…"

"ဒါက ကျွန်မ ဘာသာ ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး...နားလည်ပေးပါရှင်"

သူမ ပြည့်ကျပ်နေသော ခံစားချက်များကို ထိန်းထားနိုင်ခဲ့သည်။

မြို့ဝန်မင်း သည် ရိုစီနာ ကိုဘာမှမပြောဘဲ အသာစိုက်ကြည့်ကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ဧည့်ခန်းမှ ထွက်သွားသည်အထိ သူမ အချိန်အတော်ကြာအောင် ငြိမ်နေခဲ့သည်။

“….ဟူး....ဟူး”

သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။ ယခင်က သူမ ဤမျှလောက် အံ့ဩဖူးခြင်းမရှိသော်ည်း မြို့ဝန်မင်းနှင့်တွေ့မှ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထသွားသည်အထိ အံ့ဩဘနန်းဖြစ်ခဲ့ရသည်။ တစ်ဆက်တည်းပင်၊သူမ ရာဟန် နှင့် ‌အသေအချာ စကားပြောဆိုသင့်သည်ဟု တွေးလိုက်မိတော့သည်။

ရာဟန် သည် ဘုရင်မင်းမြတ်ဆိုသည့် ရားထူးကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ရက်ပေါင်းများစွာ ခံခဲ့ရသည်။ အိမ်ရှေ့စံမလုပ်တော့ဘူးဟု ကြေငြာထားပြီးသားဖြစ်သော်လည်း သူ့ကိုထောက်ခံသည့် မှူးမတ်တွေက လက်မလျှော့ခဲ့ပေ။ထိုအတောအတွင်း မင်းသား ဇီရက် သည် ပျောက်ကွယ်သွားခဲ့ပြီး အယ်လိုအာ နယ်စားမင်းကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့သည်။ နယ်စားမင်းကို ထောက်ခံသည့် မှူးမတ်တွေလည်း လူစုကွဲသွားသည့်အခါ ကြားနေသူတွေကတောင် ရာဟန် ဘက်ကို ပါလာကြ၏။သို့သော်၊ ရာဟန် က သူ့ကို ဆက်နှောက်ယှက်လာလျှင် ဒုတိယမင်းသားလိုပဲ ထွက်ပြေးမည်ဟု ခြိမ်းခြောက်ခဲ့၏။ ထိုအချိန်မှ၊ မှူးမတ်များသည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စပြုလာသော်လည်း ဆက်တိုက် တောင်းဆိုနေကြမြဲပင်။

ထို့အပြင် ရာဟန် သည် တော်ဝင်မိသားစု၏ ထိုင်ခုံအလွတ်များကို တစ်ယောက်တည်း ကိုင်တွယ်ရသည်။ နန်းတော်ထဲမှာ ဘယ်သူမှ မကျန်တော့သောကြောင့် လူအနည်းငယ်၏ ရာထူးကို တစ်ယောက်တည်း ထိန်းထားရသည်။ ရိုစီနာ ကိုတွေ့ဖို့အချိန်မရှိတာကြောင့် စိတ်ဆိုးနေချိန်မှာပင် သတင်းဆိုးတစ်ခုကြားလိုက်ရသည်။

“အိမ်ရှေ့စံ နိုးလာပြီ”

ရာဟန် သည် စာရွက်စာတမ်းအချို့ကို လက်မှတ်ရေးထိုးပြီးနောက် ဘောပင်ကိုချပြီး ကုလားထိုင်ကို ပြန်ဆွဲလိုက်၏။

"သိပ်ကောင်းတဲ့ သတင်းမဟုတ်ဘူး"

ဇီဂရစ်သည် ထာဝရမနိုးထနိုင်လျှင် ကောင်းမည်ဟုတောင် တွေးမိသည်အထိပင်။

“ဒါ‌ပေမယ့် နောက်ဆုံးတော့ သူ့ကို ရုံးတင်စစ်ဆေးနိုင်ပြီ”

ရက်ချိန်း သတ်မှတ်ထားသော်လည်း ဇီဂရစ် မနိုးသေးသောကြောင့် သတိလစ်နေသူကို တရားစွဲလို့မရဖြစ်ခဲ့သည်။ ရာဟန် စိတ်ထဲမှာ လွန်ခဲ့သော ရက်အနည်းငယ်က သူ တွေ့ခဲ့ရသော ဇီဂရစ် ကို ပြန်အမှတ်ရမိသည်။ ဇီဂရစ်သည် မကောင်းဆိုးဝါးများ ထည့်ထားသော အကျဉ်းခန်းထဲတွင် အကျဉ်းချခံခဲ့ရပြီး သူ၏ ခြေလက်အင်္ဂါများမှာလည်း တဖြုတ်ဖြုတ် ပြတ်ကျသွားခဲ့ရ၏။ သူက အိမ်ရှေ့စံဟု အခြားလူများပင် မမှတ်မိနိုင်လောက်အောင် ပျက်စီးယိုယွင်းနေခဲ့သည်။သို့သော် ရာဟန် မကျေနပ်သေးပေ။ ဇီဂရစ် သည် ရိုစီနာ ၏ အစွမ်းကို သိမ်းပိုက်ရန် မကောင်းသည့် အရာအားလုံး လုပ်ဆောင်ခဲ့သည်။ ရိုစီနာ ခံစားနေရသော ဝေဒနာကို ထည့်သွင်းစဉ်းစားလိုက်ပါက ဇီဂရစ် ၏အဆုံးသတ်သည် ဤထက်ပို၍ သနားစရာကောင်းသောအခြေအနေဖြစ်ရပါမည်။

"အရှင့်သား ရက်အတိအကျသတ်မှတ်ရအောင်လား"

“ညစာစားချိန်ရောက်ပြီပဲ…”

အဲဆစ် သက်ပြင်းတစ်ချက်ချလိုက်ရသည်။ သူက အကြောင်းပြချက်တွေ ပေးလိုက်သော်လည်း ရာဟန် ၏ အိမ်ပြန်ချင်စိတ်ကို တားဆီးလို့မရတော့ပေ။

“ကောင်းပြီ....ကျန်တာတွေကို မနက်ဖြန်မှပဲ ဆက်လုပ်တော့မယ်"

အဲဆစ် လိုချင်သောအဖြေကို ပြောပြီးသောအခါ ရာဟန် ထရပ်ပြီး အင်္ကျီကို အမြန်ဝတ်၍ ရုံးခန်းထဲက ချက်ချင်းထွက်လာခဲ့သည်။ တတိယမင်းသားနန်းတော်ဆီသို့ထွက်လာသော သူ့ခြေလှမ်းများသည် အလွန်ပေါ့ပါးနေသည်။ သူ ရိုစီနာ နှင့် ညစာစားဖို့ စိတ်လှုပ်ရှားနေရသည်လေ။

"ဒါဆို မင်းက ဘယ်လိုလုပ်ချင်တာလဲ"

ရာဟန် သည် ရိုစီနာ စကားကိုလိုက်နာရန် အမြဲအဆင်သင့်ဖြစ်နေသည်။ ရိုစီနာ စိတ်ပြောင်းသွားပြီး ထီးနန်းကို လိုချင်ပါက၊ ဘားမန်း ကို ယခုချက်ချင်း ကိုင်တွယ်ပြီး သရဖူကို ယူပစ်လို့ရသည်။အဖြေကို စိတ်ရှည်သည်းခံစောင့်ပြီးမှ သူမ ပြောလာ၏။

“ကျွန်မ စဉ်းစားပြီးပြီ… ထီးနန်းကို ဆက်ခံဖို့ ကျွန်မတို့က သင့်တော်မယ်ထင်တယ်"

“……”

“ကျွန်မတို့ ဘယ်လောက်ပဲ လုပ်လုပ်....ရေခဲတောင်ရဲ့ ထိပ်ပိုင်းကိုပဲ သန့်ရှင့်ရေးလုပ်နေသလို နေမှာ…အောက်ခြေမှာလည်း ပြဿနာတွေ ပိုရှိလာမယ်...ကျွန်မတို့ အမှားလုပ်မိသွားရင် အာစတေးနီးယား ကို ပြောင်းဖို့ကိစ္စကလည်း ပြဿနာရှိနိုင်တယ်”

ရိုစီနာ ၏ထင်မြင်ချက်ကိုကြားပြီးနောက် ရာဟန် တိတ်ဆိတ်သွားသည်။ သူ တွေးနေပုံပင်။ရိုစီနာ သူ့ကိုကြည့်ရင်း တည်ငြိမ်စွာ ထပ်ပြောလိုက်ပြန်၏။

“ကျွန်မ ကောင်းကောင်း လုပ်နိုင်ပါ့မလား ဆိုတာကတော့ မသိဘူး....,ဘာလို့လဲ ဆိုတော့ အခုအချိန်အထိ ဘုရင်မ မလုပ်ဖြစ်ဘူး လို့ပဲ ထင်ထားခဲ့တာ"

သူမ ‌ခေါင်းငုံ့ထားပြီး လက်ချောင်းများကို ပွတ်သပ်ပေးသည်။

"ဒါပေမယ့်… ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ ပြောင်းလဲနိုင်မယ်ဆိုရင် ကျွန်မလည်း အဆင်ပြေမယ်ထင်တယ်”

သူမ တစ်နေကုန် တွေးပြီး နိဂုံးချုပ်မိသည်က ဤအဖြေပင် ဖြစ်သည်။သူမ စိတ်ထဲက လိုက်လျောမှု နှင့် အနစ်နာခံမှုလည်း ပါသေးသည်။ သူမသည် ယခုအချိန်အထိ အခြားသူများအတွက် တွေးပြီး စွန့်လွှတ်အနစ်နာခံခဲ့သည်ဆိုလျှင်၊ ယခုအကြိမ်က စေတနာအရင်းခံဖြစ်သည်။ အာစတေးနီးယား သို့ပြန်ရန်အချိန်အနည်းငယ် ကြာမည်ဖြစ်သော်လည်း သူမ နောင်တမရမိပေ။

"ဟုတ်ပါတယ်....ရာဟန်...ရှင့် ထင်မြင်ချက်က ကျွန်မအတွက် အရေးကြီးဆုံးပါပဲ"

ရာဟန် မကြိုက်လျှင် သူမလည်း အတင်းအကြပ်လုပ်ဖို့ ရည်ရွယ်ချက်မရှိ။သူမ ရာဟန် ကို အင်ပါယာနှင့် မှူးမတ်များထက် ပိုတန်ဖိုးထားသည်။ သူမ တစ်သက်တာလုံး သူနှင့်အတူရှိသွားမည် ဖြစ်တာကြောင့် သူ့အတွေးများက ပထမဦးစားပေးပင်။

"ရှင် ဘယ်လိုထင်လဲ"

“ကောင်းပြီလေ...လုပ်ရအောင်"

"ရှင် စဉ်းစားဖို့ လိုတယ်မဟုတ်ဘူးလား"

သူမ အတွက်တောင်မှ တစ်နေ့လုံး တွေးပြီး ယခုမှ အဖြေထွက်လာတာပင်။သို့သော် ရာဟန် ကမူ သူမ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ပြန်ပြောခဲ့သည်။

"မင်းရဲ့အတွေးက ငါ့အတွေးပဲ"

ရိုစီနာ ခဏတာ ဆွံ့အ၊သွားရသည်။ သူ သူမအပေါ် ထားသည့် နက်နဲသော ယုံကြည်မှုကို ခံစားလိုက်ရသည်။ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်ကြသူမျှနှင့်လားလားမျှ မတူပေ။

သူမ ကိုယ်တိုင်က ပြောင်းလဲလာသော ဆက်ဆံရေးကြောင့် စိတ်လှုပ်ရှားနေရသည်။သူမ အိပ်ယာခင်းများကို မတွန့်သွားစေဘဲ ညင်ညင်သသာ လှဲချလိုက်ရင်း ...

“ဒါပေမယ့် မှူးမတ်တွေကို အခွင့်အရေးတစ်ခု ပေးထားမယ်"

"ဘယ်လိုမျိုးလဲ"

"သရဖူက မျိုးရိုးလိုက်တာ မဟုတ်ဖို့"

သူမ သည် ယခင်ကတည်းက တစ်နေ့နေ့တွင် မှန်ကန်သော ဘုရင်တစ်ပါးထံ ထီးနန်းအပ်နှင်းရန် များစွာတွေးထားပြီးသားဖြစ်သည်။ သူမနှင့် ရာဟန် နန်းတက်လျှင်တောင် အီလီယန် ကို အမွေဆက်ခံခိုင်းဖို့ ရည်ရွယ်ချက်မရှိပေ။အရည်အချင်းရှိသူတစ်ဦးထံသာ ထီးနန်းစွန့်ပေးလိုသည်။

တစ်ခဏမျှ ငြိမ်သက်နေသော ရာဟန် သည် သူမ လက်ကို လှမ်းကိုင်လိုက်သည်။ သူမ ဆုပ်ကိုင်ထားတဲ့ နွေးထွေးမှုက သူ့လက်ချောင်းတွေကို စိုစွတ်စေတယ်။ ရာဟန် က ထုံးစံအတိုင်း နူးညံ့စွာ ပြုံးပြသည်။

"မင်းလိုချင်တာရှိရင် ပြောနော်...ကိုယ် လုပ်ပေးမယ်"

"ကျေးဇူးတင်ပါတယ်"

ရိုစီနာ ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပျံ့နှံ့သွားသည်။ သူမကို တိတ်တဆိတ်ကြည့်နေခဲ့သော ရာဟန် သည် လှဲအိပ်နေသည့် သူမ ဘေးတွင် ထိုင်နေသည်။ သူ နီရဲနေသော ဆံပင်များကို ဖွပစ်လိုက်သည်။

"ကိုယ့်ကို လည်း အခြေအနေတစ်ခုပေးရမယ်"

“…?”

"မင်းပြောတဲ့ ကိစ္စတွေကို ဂရုစိုက်လုပ်ဖို့ ရှင်းရှင်းလင်းလင်း အချိန်တစ်ခု သတ်မှတ်ပေးစေချင်တယ်.... အခုအချိန်ထက်သာ အလုပ်တွေ များလာရင် မင်းကို မတွေ့ရလို့ သေတော့မယ်ထင်တယ်"

ရိုစီနာ ပါးပြင်များ ပန်းသွေးရောင်တောက်ပလာသည်။ ပြောရတာ ရှက်စရာကောင်းသော်လည်း သူမလည်း ထို့အတူပင်။ပါးပြင် ပန်းသီးဖြစ်သွားသော ရိုစီနာ ကိုကြည့်ရင်း ရာဟန် က ရယ်မောလိုက်သည်။



Xxxxxx