Chapter 100
တော်ဝင်နန်းတော်၏ ထောင့်စွန်းရှိ အုတ်ဂူသည် အမှောင်နှင့် ပြည့်နေသည်။ အရင်တုန်းက စစ်သုံ့ပန်းတွေကို ချုပ်နှောင်ထားသည့် အကျဉ်းထောင်ဖြစ်ပြီး ယခုလည်း မကောင်းဆိုးဝါးတွေကို သိမ်းဆည်းထားကြသည်။ နက်ရှိုင်းလွန်းသဖြင့် မီးရောင်တစ်ချက်မျှပင် မဝင်နိုင်သလို၊ စိုစွတ်လွန်းသဖြင့် အနံ့ဆိုးများက အလွယ်တကူ ပျောက်မသွားပေ။ အကျဉ်းထောင်၏ အနက်ရှိုင်းဆုံးနေရာမှ ပြင်းထန်သော အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ တိရိစ္ဆာန်တစ်ကောင်၏ အော်ဟစ်သံလိုမျိုးလည်း ကြားရသည်။ ညစ်ပတ်သောကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ဇီဂရစ် သည် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို လှုပ်ဖို့ကြိုးစားသော်လည်း နာကျင်သည့်အတွက် အော်ဟစ်သံတစ်ခုသာ ထွက်လာခဲ့သည်။
သူ့တစ်ကိုယ်လုံး ချွေးတွေ နှင့် အေးစက်နေခဲ့သည်။ ထို့နောက်တွင် သူ့ခြေလက်များ ပျောက်ဆုံးနေကြောင်းကို နောက်ပိုင်းတွင် သိရှိလာခဲ့သည်။ ဇီဂရစ် တုန်ရီနေသော မျက်လုံးများဖြင့် ဗလာဖြစ်နေသော ခြေလက်များကို ငုံ့ကြည့်နေသည်။
"အား"
မယုံနိုင်သူ ဇီဂရစ် အော်ဟစ်လိုက်သည်။ သူ့အိပ်မက်ဆိုးမှ နိုးထရန် မျက်နှာကို အထပ်ထပ်အခါခါ ဟိုဘက်လွှဲ၊ဒီဘက်ယမ်းကြည့်သည်။ သို့သော်၊ နာကျင်မှုကလွဲ၍ ဘာမှ မပြောင်းလဲခဲ့ပေ။ ထိုအချိန်တွင် ဇီဂရစ် သဘောပေါက်သွားသည်။သေသွားပြီဟုသာ ထင်ခဲ့သည့် ရာဟန် က သူ့ကို အနိုင်ယူခဲ့တာပင်။
“အိုး…”
ဇီဂရစ် သူ့ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်ချလိုက်သည်။ရိုစီနာ ကိုသာ ရနိုင်လျှင် အရာအားလုံး ပြေလည်သွားလိမ့်မည်ဟု သူထင်ခဲ့သည်။ မကောင်းဆိုးဝါးများနှင့် ရာဟန် သည်လည်း တိုးလာသော သူ့စွမ်းရည်ကို သံသယဖြစ်မည်မဟုတ်ပေ။ သို့သော်ငြား၊ ဤရလဒ်ကို သူ မမျှော်လင့်ထားခဲ့။
ဇီဂရစ်သည် သူ ရှုံးနိမ့်ရခြင်းအကြောင်းရင်းကို လက်မခံနိုင်သေးချေ။ ရာဟန် နှင့် သူသည် နတ်ဘုရား၏ တန်ခိုးကို အမွေဆက်ခံသည်က အတူတူပင်ဖြစ်သည်။ သို့သော် နတ်ဘုရားသည် တရားမ၀င်ကလေး ရာဟန် ကိုတော့ ဘာကြောင့် ထိုသို့ တန်ခိုးတော်မျိုး ပေးရသည်ကို သူ နားမလည်နိုင်။
ဇီဂရစ် သည် ဒေါသ၊စိတ်ပျက်အားငယ်စိတ် တို့ဖြင့် အော်ဟစ်လိုက်သည်။ သူ့အနားက သံတုံးကို သူ့လက်တစ်ဖက်နှင့် ကိုင်လှုပ်လိုက်ရန် ပြင်သည့်အခါ ပြတ်ပြီးသား ညာဘက်ပုခုံးက အသားစတစ်ချို့ ပြုတ်ကျသွားသည်။ သိပ်မကြာခင်မှာ ခြေသံတွေကြားလိုက်ရသည်။ ထင်းမီးချောင်းဖြင့်လည်း ပတ်ဝန်းကျင်က ထိန်ထိန်လင်းလာသည်။
အလင်းပေါ်လာသောအခါ ကျောက်နံရံပေါ်တွင် အရိပ်ကြီးတစ်ခု ပေါ်လာသည်။ ခြေသံများ ပိုမိုကျယ်လောင်လာလျှင် ဇီဂရစ် ခေါင်းကို မော့လိုက်သည်။ ထောင်အပြင်မှာ လူတစ်ယောက် ရပ်နေသည်။ သူသည် ထရိအက် သူရဲကောင်းတစ်ဦးဖြစ်ကြောင်း သူ ချက်ချင်းသဘောပေါက်လိုက်သည်။
"နိုးပြီလား"
သူက ဇီဂရစ် ကိုမေးသည်။ သူ့စကားက လေးစားမှုရှိသော်လည်း သူ့မျက်လုံးများသည် အရေးမပါသောအရာတစ်ခုကို ကြည့်နေသလိုပင်။ဇီဂရစ် အသံကို ညှစ်လိုက်သော်လည်း ဘာမှ ထွက်မလာပေ။ သူ လန့်ဖျပ်သွားပြီး သူ့လည်ပင်းကို ဖမ်းဆက်ဖို့ ကြိုးစားကြ့ည်သော်လည်း ဝုန်းကနဲ လဲကျသွားသည်။ သူ ကြမ်းပြင်ပေါ် လဲကျသွားချိန်မှာ အပေါ်ကနေ လှောင်ပြောင်သံလေး တစ်ခု ကြားရသည်။ ရှက်စိတ်ကြောင့် မျက်နှာကြီး နီမြန်းနေသော ဇီဂရစ် ဆီသို့ ထိုလူ၏အသံက ရောက်ရှိသွားသည်။
"ရက်အနည်းငယ်အတွင်း ခင်ဗျားကို ရုံးတင်စစ်ဆေးကြတော့မယ်"
ဇီဂရစ် ၏ ခန္ဓာကိုယ်သည် တစ်ပြိုင်နက် တောင့်တင်းလာသည်။ ခေါင်းကို မော့ကြည့်လိုက်တော့ ထိုလူ၏ မျက်လုံးတွေနှင့် ဆုံသွားရ၏။ သူ့မျက်နှာကို ကြည့်ပြီး ဇီဂရစ် တုန်လှုပ်သွားရသည်။ ယခင်တုန်းက ဇီဂရစ်သည် ဘယ်သူ့ကိုမှ ဂရုစိုက်ခဲ့သည်မဟုတ်၊အားလုံးကို သူ့အောက်မှသာ ထားခဲ့သည်။ စော်ကားသလိုခံစားရပြီး ဇီဂရစ် မျက်နှာပျက်သွားခဲ့သည်။
ဇီဂရစ် ၏ အတွေးတွေကို ဖတ်မိသွားသည့် ထိုလူက ပြုံးလိုက်သည်။ ကျောက်တံတိုင်းကြီးများ ကာရံထားသော အကျဉ်းထောင်အတွင်း အုပ်မှိုင်းမှိုင်းအသံတစ်ခု ပဲ့တင်ထပ်လာသည်။ထိုအသဲ ရေပုံးတစ်ပုံး လှိမ့်ဆင်းသွားသည့်အသံပင်။ထိုအခါ ဇီဂရစ်လည်း ရေငတ်သလို ခံစားရ၏။
“ဒါဆို အဲဒီအချိန်အထိ ငြိမ်ငြိမ်နေပါ"
ချက်ချင်း ထိုလူသည် နောင်တရစရာမရှိသလို ထွက်သွားလေသည်။ မီးများ လင်းသွားပြီးနောက် အမှောင်တစ်ဖန် ကျလာသည်။ သူရောက်မလာခင်ကထက် ပတ်ဝန်းကျင်က ပိုမှောင်လာ၏။ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သော ဇီဂရစ် သည် တုန်ရီနေသော သူ့လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
လူတိုင်းရှေ့မှာ တရားစီရင်ဖို့...
ရာဟန် က လက်တုံ့ပြန်ဖို့ ကြိုးစားနေသည်မှာ ထင်ရှားပေသည်။
ဇီဂရစ် သူ့ကံကြမ္မာကို ခန့်မှန်းမိပြီး မျက်လုံးမှိတ်ထားလိုက်သည်။ ခဏအကြာတွင် သူ့မျက်လုံးများက ဖြည်းညှင်းစွာပွင့်လာပြီး ပြင်းထန်စွာ တောက်ပလာပြန်သည်။ယခုလိုမျိုး သူတစ်ယောက်တည်း မသေနိုင်ပေ။
ရိုစီနာ နှင့် ထီးနန်းဆက်ခံရန် ဆွေးနွေးပြီးနောက် နောက်တစ်နေ့....
ရာဟန် သည် မြို့တော်ရှိ မှူးမတ်များကို ဆင့်ခေါ်ပြီး ထီးနန်းတက်မည်ဟု သူတို့ရှေ့တွင် ကြေညာခဲ့သည်။ မှူးမတ်များ၏ မျက်နှာများ ရွှင်လန်းနေချိန်တွင် သူ့ဘက်က အခြေအနေများကို သတ်မှတ်ပေးခဲ့သည်။ ရှေးဦးစွာ ရာဇပလ္လင်သည် မျိုးရိုးလိုက်ခြင်းမဟုတ်ဘဲ သင့်လျော်သူတစ်ဦးထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ ဒုတိယအနေနှင့်၊သူ့မိသားစုကို လျစ်လျူမရှုထားချင်တာကြောင့် အလုပ်ချိန်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်မည့်အကြောင်းင်။ အခြေအနေများကိုကြားသိရသော မှူးမတ်များသည် အနည်းငယ် စနိုးစနှောင့်ဖြစ်သွားကြသော်လည်း ရာဟန် က နောက်ပြန်ဆုတ်ခြင်းမရှိတော့ပေ။
"မဟုတ်ရင် ကျွန်တော် ဘယ်တော့မှ ဘုရင်ဖြစ်လာမှာမဟုတ်ဘူး"
သူ မကြိုက်လျှင် နုတ်ထွက်မည်ဟု ပြောသောအခါတွင် မှူးမတ်များသည် အခြေအနေများကို လက်ခံရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
ထို့ကြောင့် ရာဟန် နန်းတက်ရန် ဆုံးဖြတ်ပြီး သုံးရက်အကြာတွင်၊ အိမ်ရှေ့စံနှင့် အယ်လိုအာ နယ်စားမင်း ဖယ်ရှားရန် တရားရုံးချိန်းတစ်ခု ပြုလုပ်ခဲ့ရသည်။
ရိုစီနာ သည် တရားခွင်သို့ တက်ရောက်ရန် အေးဆေးတည်ငြိမ်သော အဝတ်အစားတို့ကို ၀တ်ဆင်ထားသည်။သူမ ၀တ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကို တတ်နိုင်သမျှ ရိုးရိုးသာ ဝတ်ထားပြီး မိတ်ကပ်ကိုလည်း အထူမလိမ်းဘဲ ခပ်ပါးပါးသာ ခြယ်သထား၏။ ရာဟန် သည် သူမကို တရားခွင်သို့ မတက်စေချင်သော်လည်း အိမ်ရှေ့စံက သူ့အပြစ်အတွက် အဖိုးအခပေးသည်ကို သူမ မျက်စိနှင့် မြင်ချင်သည်။
ထို့ကြောင့် ရာဟန်မှာ ဘာမှမတန်နိုင်တော့ဘဲ သူမကို ရုံးချိန်းမတိုင်မှီ သပ်သပ်လာခေါ်ခဲ့၏။ နှစ်ယောက်သား နန်းတော်ထဲမှ ဘေးချင်းကပ်လျက် ရထားလုံးပေါ် တက်လိုက်ကြသည်။ ရိုစီနာ သည် ရထားလုံးပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ရာ အပြင်ဘက် ရှုခင်းသည် သူမနှင့် ရင်းနှီးနေမှန်း သိလိုက်သည်။ ရာဟန် ကိုရုံးတင်စစ်ဆေးတုန်းက ဖြတ်သွားခဲ့သည့် လမ်းအတိုင်းပင်။ ခံစားချက်က အသစ်ဖြစ်သော်လည်း ထူးထူးခြားခြား တည်ငြိမ်နေသည်။ သူမ စိတ်ဆိုးခဲ့တာ မှန်သော်လည်း ဝမ်းတော့သာမနေပေ။ ယခုတော့ ဇီဂရစ် ဟာ သူမ အတွက် အဓိပ္ပါယ်မဲ့သွားခဲ့ပြီ။
တရားရုံးရှေ့သို့ ရောက်ရှိလာသောအခါ လူအများက သူမတို့အနားကို စုဝေးလာကြသည်။ အများစုမှာ သာမန်ပြည်သူများ ဖြစ်ကြသော်လည်း ရုံးချိန်းရလဒ်ကို သိချင်သောကြောင့် အလုပ်ဖျက်ကာ လာကြခြင်းဖြစ်သည်။ ရိုစီနာ နှင့် ရာဟန် တို့ ရထားပေါ်မှ ဆင်းလာစဉ် ကျယ်လောင်သော အော်ဟစ်သံများက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
"ဘုရင်မင်းမြတ်....ဘုရင်မကြီး"
ရိုစီနာ အံ့အားသင့်စွာ သူတို့ကို လှည့်ကြည့်လိုက်မိသည်။
ဘုရင်မင်းမြတ်နှင့် ဘုရင်မဆိုတာ ဘာကိုဆိုလိုတာလဲ....
တတိယမင်းသားနှင့် မင်းသမီးသည် ဘုရင်မင်းမြတ်နှင့် ဘုရင်မအသစ်ဖြစ်လာမည်ကို လူတိုင်းက အကြွင်းမဲ့ယုံကြည်နေကြသည်။ ရာဟန် အပေါ် လူအများ၏ ခံယူချက်သဘောထားက အများကြီး ပြောင်းလဲသွားကြောင်း သူမ ကြားသိထားသော်လည်း ဤမျှထိ အားပေးကြလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
ရိုစီနာ နှင့် ရာဟန် တို့သည် လူအုပ်ကြီး၏ အားပေးသံများကြားမှ အဆောက်အဦးထဲသို့ ၀င်သွားကြသည်။ ရိုစီနာ သည် စင်္ကြံမှဆင်းကာ တရားခွင်တံခါးရှေ့တွင် ရပ်နေရင်း အတွေးမျိုးစုံက သူမစိတ်ထဲမှာ ပြည့်လျှံသွားရသည်။ ထို့နောက် ရာဟန် က သူမ လက်ကို ကိုင်ထားလိုက်သည်။ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော လက်တစ်ဖက်သည် ပကတိ နွေးထွေးလျက်ရှိသည်။ နှစ်ယောက်သား တရားခွင်ထဲကို ဘေးချင်းကပ်လျက် ဝင်လာကြလျှင် ထိုင်နေသူများက ချက်ချင်းထလိုက်ကြသည်။
ထို့နောက် နှစ်ယောက်သား ဂုဏ်ယူဝံ့ကြွားစွာ လမ်းလျှောက်လာပြီး ထိုင်နေလိုက်သည်။ သူမတို့ ထိုင်ပြီးပြီးချင်း အနောက်တံခါးကို အလုံပိတ်သွားပြီး တရားသူကြီးလည်း ဝင်လာသည်။ တရားသူကြီးမှာ ရာဟန် ကို ရုံးတင်ခဲ့သည့် တရားသူကြီးပင် ဖြစ်သည်။ပရိသတ်နှင့် တရားသူကြီးများသည် အတူတူပင်ဖြစ်သော်လည်း တရားလိုနှင့် တရားခံသည် ပြောင်းလဲသွားခဲ့သည်။ တရားသူကြီး ဒတ်စတင် ထိုင်ချလိုက်သောအခါ တရားခွင်ရှိလူတိုင်း တိတ်ဆိတ်သွားကြသည်။ လူတစ်ယောက်ကလွဲ၍။
"လွှတ်စမ်း...ငါဘယ်သူလဲဆိုတာ မင်းတို့ မသိဘူးလား"
ကျယ်လောင်သော အော်သံနှင့်အတူ အတွင်းထဲမှ တစ်စုံတစ်ယောက်ကို ဆွဲထုတ်လာသည်။ ထို့နောက် အယ်လိုအာ နယ်စားမင်းကို တရားခံ ထိုင်ခုံပေါ်တွင် အတင်းအကျပ် ချထားလိုက်ကြသည်။ယခင်က မမြင်ဖူးသော သူ့ဆံပင်ဖြူတို့မှာ ဘယ်လောက်တောင် စိတ်ဆင်းရဲထားမှန်း ပြောပြနေသယောင်ပင်။ သူ့မျက်နှာက နီရဲနေပြီး အငြိုးတရားတို့က အားကြီးနေ၏။
အယ်လိုအာ နယ်စားမင်း သည် ပတ်ဝန်းကျင်ကို အလျင်စလို ကြည့်လိုက်သည်။ သူ့ဘက်က ထောက်ခံသူအများစုသည် တရားခွင်တွင်မရှိကြ၍ ယခုဆိုလျှင် သူ့ကိုဆန့်ကျင်နေကြပြီဖြစ်သည်။
"ဒါဆို ကျွန်တော် အယ်လိုအာ နယ်စားမင်း ကို အရင်စပြီး စစ်ဆေးပါ့မယ်"
မူလက တရားခွင်မစတင်မီ စွဲချက်အကျဉ်းချုပ်ကို ရွတ်ဆိုရမည် ဖြစ်သော်လည်း ရာဇ၀တ်မှုများ များပြားသောကြောင့် ထိုသို့လုပ်ဆောင်ရန် ခက်ခဲသွားသည်။
"ကျွန်တော် လိမ်လည်စွပ်စွဲခံရတာပါ"
“ဆူညံနေတာပဲ.... တိတ်တိတ်နေပါ"
အယ်လိုအာ နယ်စားမင်း ၏ အော်ဟစ်သံကို တရားသူကြီးက မျက်မှောင်ကြုတ်ပြီး သစ်သားတူဖြင့် နှစ်ချက်ခန့် ထုရိုက်လိုက်သည်။ ထို့နောက် ဆက်လက်၍ ရုန်းရင်းဆန်ခတ်ဖြစ်လျှင် ခုခံကာကွယ်ရန် အခွင့်အရေးမပေးဟု ပြောသောလိုက်အခါ အယ်လိုအာ နယ်စားမင်း ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။
“တရားခံ၊ ဒယ်ဗင်ဆန် အယ်လိုအာ.... အမှန်အတိုင်းသာပြောမယ်လို့ ဘုရားသခင်ကို ကျိန်ဆိုဝံ့သလား"
"ကျိန်ဆိုတာတင်မကဘူး....ဒီ့ထက် ပိုလုပ်နိုင်တယ်",
တရားသူကြီးက သူ့နဖူးကိုသူ ပြန်ရိုက်တော့မလိုပင်။ယခုလိုသာ အရစ်ရှည်နေပါက ယနေ့ရုံးချိန်းသည် ပြီးဆုံးတော့မည်ကို မဟုတ်ပေ။ခဏကြာတော့ တရားသူကြီးက စာရွက်ပေါ်မှာ ရေးထားသည့် စွဲချက်တွေကို ဖတ်လိုက်သည်။
“….ရာဇ၀တ်မှုတွေ များလွန်းတယ်... အမှန်တော့ ကျွန်တော်လည်း မဖတ်ရသေးဘူး”
အယ်လိုအာ နယ်စားမင်း ၏ မြောက်မြားစွာသော အပြစ်များကို သူဖတ်ပြီးတိုင်း နောက်ထပ်စာတမ်းအသစ်အသစ်များ ထပ်ဝင်လာတတ်သည်။ တစ်ပတ်လုံးလုံး တစ်ညလုံး မအိပ်ဘဲဖတ်တာတောင် အဆုံးမသတ်သေးပေ။
"ကျွန်တော် လောလောဆယ် အကျဉ်းချုပ်ပြောပြပါ့မယ်"
တရားသူကြီးသည် စွဲချက်အကျဉ်းချုပ်ကို စတင် ဖတ်ပြလိုက်သည်။အခွန်ရှောင်မှု၊ အလွဲသုံးစားလုပ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ငွေညှစ်မှု၊လိမ်လည်ကြံစည်မှု စသည်ဖြင့်.... သူ့အပြစ်များ ပိုများလာသည်နှင့်အမျှ အယ်လိုအာ နယ်စားမင်း ၏မျက်နှာမှာ တင်းမာလာသည်။ အထူးသဖြင့်၊သူ့ကိုယ်ပိုင်ရွှေတွင်းများကို အခွန်ရှောင်ခြင်း နှင့် တခြားသူများ၏ ရွှေတွင်းများကိုအတင်းအကြပ် သိမ်းယူခြင်းဖြင့် စွပ်စွဲခံရချိန်တွင် သူ ထိုင်ခုံမှ ဆတ်ကနဲထရပ်လိုက်သည်။
“မဟုတ်ဘူး....ရယ်စရာကောင်းလိုက်တာ....ကျွန်တော်က ဒီလိုမျိုးတွေ ဘာကိစ္စလုပ်ရမှာလဲ"
တရားသူကြီးက မျက်မှန်ကို ပင့်လိုက်ပြီး စာရွက်တစ်ရွက်ကိုလှန်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"တောင်းပန်ပါတယ်....ဒါပေမယ့် ခုနက အပြစ်တွေက စာရွက်ဆယ်မျက်နှာမှာ တစ်မျက်နှာပဲ ဖတ်ရသေးပါတယ်"
အယ်လိုအာ နယ်စားမင်း ၏ မျက်နှာသည် ဖြူဖျော့လာရသည်။ သူ၏ တရားခွင်က မျှော်လင့်ထားတာထက် အများကြီး ပိုကြာနေသည်။ တရားသူကြီးက စွဲချက်တွေကို အများကြီးအကျဉ်းချုံးပြီး အဆုံးအဖြတ်ပေးသော်လည်း အတောမသတ်နိုင်သေးပေ။ တရားခွင်အစတွင် အယ်လိုအာ နယ်စားမင်း သည် သူ့အပြစ်များကို ငြင်းဆိုသော်လည်း သက်သေအထောက်အထားများက လယ်ပြင်မှာဆင်သွားသလို ပြတ်ပြတ်သားသား ထွက်ပေါ်လာတော့သည်။ အမှန်တရားရှေ့မှောက်မှာ လိမ္မာပါးနပ်စွာ ဖုံးကွယ်ထားသော မုသားအားလုံး ဘူးပေါ်သလိုပေါ်သွားရလေပြီ။ သူမဟုတ်ကြောင်း အော်ဟစ်နေသော်လည်း သူ့ကို မည်သူမျှ မယုံကြပေ။
“နောက်ဆုံးအနေနဲ့ နိုင်ငံတွင်းကို တရားမဝင် ခေါ်ဆောင်လာတဲ့ နိုင်ငံခြားသားတွေကို ကျွန်ပြုခိုင်းတယ်မဟုတ်လား"
အယ်လိုအာ နယ်စားမင်းသည် စကားပြောရန် ခွန်အားမရှိတော့ပေ။သူ ခေါင်းငုံ့သွားချိန်မှာ တရားသူကြီးက စာရွက်တွေကို ချလိုက်၏။
"ဒယ်ဗင်ဆန် အယ်လိုအာ....အပြစ်အားလုံးရဲ့ အခြေအနေတွေက သိပ်ကို ရှင်းရှင်းလင်းလင်း ဖြစ်နေတဲ့အတွက် ခင်ဗျားရဲ့ရာထူးကို နှုတ်ပယ်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းယူရမယ်"
တရားသူကြီး၏စကားကို အယ်လိုအာ နယ်စားမင်း သည် ခေါင်းကို မော့၍ တုံ့ပြန်လိုက်သည်။ရာထူးဂုဏ်သိမ်များနှင့် စည်စိမ်းအားလုံးဟာ အယ်လိုအာ နယ်စားမင်း အတွက် အရာအားလုံးပင်။ သူ့ရည်မှန်းချက်ကြောင့် တစ်ဦးတည်းသော သမီးတော် ထာရှာ အား မွေးကတည်းက ဘုရင်မအဖြစ် ကြီးပြင်းစေခဲ့သည်။
“မပြီးသေးဘူး”
ဒါ အဆုံးမဟုတ်ဘူးလား....
အယ်လိုအာ နယ်စားမင်း မျက်ခွံများ တဖျပ်ဖျပ်ခတ်လာသည်။
“မိသားစုဝင်တွေကို နိုင်ငံရပ်ခြားကို နှင်ထုတ်မှာဖြစ်ပြီး အယ်လိုအာ နယ်စားမင်း ရဲ့အိမ်ကို သမိုင်းစာအုပ်ထဲကနေ ဖျက်ပစ်မှာ ဖြစ်ပါတယ်...."
လူတိုင်း ရင်မောသွားကြသည်။ယခု ချမှတ်လိုက်သည့် ပြစ်ဒဏ်ဟာ သေဒဏ်ထက် ပိုဆိုးနေ၏။ နယ်စားမင်းအိမ်၏ အနာဂတ်သာမက အတိတ်ကိုလည်း ဖျက်ပစ်မည်ဖြစ်သည်။
"စွပ်စွဲခံရသူ ဒယ်ဗင်ဆန် အယ်လိုအာ ကို မြို့တော်တဝိုက်မှာ မောင်းထုတ်ပြီး နယ်စပ်တစ်နေရာကျရင် ပြည်နှင်ဒဏ်ပေးဖို့လည်း စီရင်ချက်ချမှာ ဖြစ်ပါတယ်"
"ဟင့်အင်း…ရူးနေသလား"
အယ်လိုအာ နယ်စားမင်း အော်ဟစ်လိုက်သည်။ အယူခံဝင်ရန် အလျင်စလို လုပ်ခဲ့သော်လည်း သူရဲကောင်းများက သူ့ကို လာဖမ်းသွားကြလေ၏။ အယ်လိုအာ နယ်စားမင်းကို တရားခွင်မှ ဆွဲထုတ်လိုက်သောအခါ ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်သွားသည်။ ရှေ့ဆုံးခုံတွင်ထိုင်နေသော ရာဟန် ကိုလည်း လူတိုင်းကြည့်နေကြသည်။သို့သော် ရာဟန် ကတော့ သူ့အတွက်မပူဘဲ ရိုစီနာ အတွက်သာစိတ်ပူခဲ့သည်။ သွေးထွက်သံယို ကြောက်မက်ဖွယ်ရာ တရားခွင်နှင့်ဆန်ကျင်ဘက်ဖြစ်စွာ အကြင်နာမျက်ဝန်းတွေက ရိုစီနာကိုသာ ဦးတည်လျက်။
ခေတ္တအနားယူပြီးနောက် အားလုံးပြန်ထိုင်ကြသည်။ သိပ်မကြာခင်မှာ သူရဲကောင်းတွေက ဇီဂရစ် ကို အတွင်းကနေ ဆွဲထုတ်လာကြသည်။ခြေလက်များ ဆုံးရှုံးသွားသော သူ့မျက်နှာသည် သနားစရာကောင်းလောက်အောင် ဖြစ်နေပြီး မှုန်သုန်နေ၏။ ရွှေရောင်တောက်ပြောင်နေသည့် သူ့ဆံပင်တွေက ဖုန်မှုန့်တွေနှင့် ရှုပ်ပွနေပြီး သူ့ဝတ်စုံကလည်း ကောက်ရိုးဖျာလိုပင် ဖွာလန်ကျဲလျက် လှပသောအသွင်အပြင်ကြောင့် ရေပန်းစားခဲ့သော အိမ်ရှေ့စံဟု မယုံနိုင်စရာချည်းပင်။
သူရဲကောင်းများသည် ဇီဂရစ် ကို ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ ကြည့်နေသူတွေကတော့ အသက်တောင် ဝဝမရှူရဲကြတော့။တစ်ချိန်က ဤပရိသတ်ထဲက အများစုသည် ဇီဂရစ် ကို သဘောကျခဲ့ကြသည်။ သမိုင်းတွင် အကြီးမြတ်ဆုံးသော ဘုရင်မင်းမြတ်ဖြစ်လာမည်ဟု ယုံကြည်ထားကြသော အိမ်ရှေ့စံမှာ တရားစွဲခံရမည်ဟု မည်သူမှ မမျှော်လင့်ထားပေ။
"အခုမှစပြီး အိမ်ရှေ့စံ ဇီဂရစ်ဟာဘက်ကို စစ်ဆေးပါတော့မယ်"
တရားသူကြီး၏ စကားတွင် လူတိုင်းက အားလုံး ကြားနိုင်သည်အထိ ပင့်သက်ရှိုက်လိုက်ကြသည်။
ရိုစီနာ သည် ခေါင်းငုံ့ထားသော ဇီဂရစ် ကို ကြည့်လိုက်၏။ အချိန်တွေကုန်သွားသော်လည်း မကောင်းဆိုးဝါးတစ်ကောင်လို ကြောက်စရာကောင်းသည့် သူ့မျက်နှာထားက ပြောင်းမသွားသေးပေ။
ဇီဂရစ် သည် နတ်ဘုရား၏တန်ခိုးကိုရယူရန်အတွက် သူမ နှင့် ပရောပရည်လုပ်ခဲ့ပြီး ကိစ္စများ ပြေလည်သွားသောအခါတွင်ပင် သူမအား ခြိမ်းခြောက်ခဲ့သည်။ နောက်ဆုံးအနေနှင့် သူ ရှင်သန်ဖို့အတွက် သူမကို မကောင်းဆိုးဝါးရှေ့မှာ ပစ်ချလိုက်သေးသည်။ ထိုအကြောင်းကို တွေးမိတော့ သူမ၏ လက်ချောင်းများ အနည်းငယ် တုန်ခါသွားရသည်။
သူမ ဘေးတွင်ထိုင်နေသော ရာဟန် သည် သူမ လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။ သူ့လက်ကို ဆုပ်ကိုင်လိုက်တော့မှ အတုန်ပျောက်သွားရသည်။ ထိုအချိန်ကလိုမဟုတ်ဘဲ ရာဟန် သည် သူမအနားတွင် ရှိနေသဖြင့် သူမ စိတ်ချမ်းသာမိသည်။
“တရားခံ ဇီဂရစ် ဟာဘက်....အမှန်တရားကိုသာ ဖြေပါ့မယ်လို့ ဘုရားသခင်ထံမှာ ကျိန်ဆိုဝံ့သလား”
တရားသူကြီး၏ မေးခွန်းအတွက် ခေါင်းငုံ့ထားသော ဇီဂရစ် သည် ခေါင်းမော့လာသည်။သူ့မျက်လုံးပြာတွေ မှာ ရူးသွပ်မှုတွေအပြည့် ရှိနေသည်။ သူ့မျက်လုံးတွေကို ကြည့်ပြီး တရားသူကြီးက တုန်လှုပ်သွားကာ သူ့ရှေ့က စာတမ်းကို ဖတ်လိုက်သည်။
"တည်ထောင်ခြင်းအခမ်းအနားမှာ သင်ဟာ မကောင်းဆိုးဝါးတစ်ကောင်ကို ခိုးထည့်ထားပြီး လူတွေကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တယ်....ပြီးတော့ တတိယမင်းသား ရာဟန်ဟာဘက် ကို အပြစ်တင်လိုက်တယ်....ဒါအမှန်လား"
ထို့နောက် ဇီဂရစ် သည် ခေါင်းငုံ့ထားလျက်နှင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ့ပုခုံးတွေပါ လှုပ်ခါနေပြီး ကြောက်မက်ဖွယ်ရယ်သံက ပရိသတ်များကို တုန်လှုပ်သွားစေသည်။ ဆက်မပြောမီ တရားသူကြီးက ဇီဂရစ် ကို မကျေနပ်သည့်အမူအရာဖြင့် စိုက်ကြည့်နေလေသည်။
"တတိယမင်းသား ရာဟန်ဟာဘက် က ဟေလာ ကို ပြည်နှင်ဒဏ်ခံရတုန်းက လူလွှတ်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ သင်လှုံ့ဆော်ခဲ့တယ်ဆိုတာ အမှန်လား"
တဖြည်းဖြည်းနှင့် အမှန်တရားက ထွက်လာ၏။ မှူးမတ်တွေ သိခဲ့သည်က ရေခဲတောင်၏ အစွန်အဖျားကလေးပင်။ ဇီဂရစ် သည် အာဏာကို ထိန်းသိမ်းရန်အတွက် ရနိုင်သမျှကို အသုံးချခဲ့သည်။ သူ့ပြစ်မှုများသည် အယ်လိုအာ နယ်စားမင်းလောက် မများပြားသော်လည်း အားလုံးက ရာဇ၀တ်မှုဖြစ်သည်။ စွဲချက်တင်ပြီးနောက် တရားသူကြီးက ထပ်မံမေးမြန်းသည်။
"ဒီအပြစ်တွေအားလုံးကို ဝန်ခံနေတာလား"
Xxxxx