အပိုင်း ၁၀၁
Viewers 15k

Chapter 101

ထိုင်ခုံပေါ်တွင် ငြိမ်ငြိမ်ကလေး ထိုင်နေသော ဇီဂရစ် သည် တရားသူကြီးကို တည့်တည့်ကြည့်လိုက်သည်။ တောက်ပသော မျက်လုံးများထဲတွင် မြွေပွေးတစ်ကောင် ရှင်သန်နေသကဲ့သို့ပင်။

"ဟုတ်တော့ ဘာဖြစ်လဲ"

ဇီဂရစ်၏အဖြေကြောင့် မှူးမတ်များသည် ဘုရား တမိသွားရသည်။အစက သူ၏ ရာဇ၀တ်မှုမှာ ချဲ့ကားထားသည့် စွဲချက်အချို့ ရောထွေးနေသည်ဟု ထင်မြင်ကြသည်။သို့သော် အယ်လိုအာ နယ်စားမင်း နှင့်မတူဘဲ ဇီဂရစ် သည် အရာအားလုံးကို ဝန်ခံလိုက်ခြင်းဖြစ်သည်။ တရားသူကြီး အနည်းငယ် စိတ်ရှုပ်သွားပုံရသည်။ ဇီဂရစ် က ဤမျှလွယ်လွယ်နှင့် ဝန်ခံဖို့ မမျှော်လင့်ထားပုံမရချေ။ ချက်ချင်း တရားသူကြီးသည် မျက်နှာကိုအမြန်ပြင်ကာ သူ၏အသုံးအနှုန်းကို လျင်မြန်စွာ အဆုံးအဖြတ်ပေးရန် ပြင်လိုက်၏။

ထို့အခါ ဇီဂရစ် တုန်လှုပ်သွားပြီး ကုလားထိုင်လက်ကိုင်ကို ကိုင်ကာ ထိုင်ခုံမှ ထလိုက်သည်။

“နောက်ထပ် အမှန်တရားတစ်ခုက....မင်းတို့တွေ သိပ်သဘောကျနေကြတဲ့”

ဇီဂရစ် ခေါင်းကို အမြန်လှည့်ကာ ပရိသတ်ကို ကြည့်လိုက်သည်။ လူအုပ်ကြားထဲမှာ သူ့မျက်လုံးတွေက ရိုစီနာ ကို ချက်ချင်းတွေ့လိုက်ရ၏။

" ရိုစီနာအက်စတာရော့"

ဇီဂရစ် ပါးစပ်မှ ရိုစီနာ ၏နာမည်ထွက်လာသောအခါ ရာဟန် သည် ချက်ချင်း သူမ လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။ ရာဟန် သည် အချိန်မရွေးသတ်ပစ်တော့မလို ဇီဂရစ် ကို စိုက်ကြည့်နေ သော်လည်း ဇီဂရစ်က မရပ်ပေ။

"အဲဒီခွေးမက စုန်းမပဲ"

ဇီဂရစ် စကားကြောင့် လူအုပ်ကြီးသည် ရေအေးဖြင့် ဖြန်းလိုက်သလို ရွှဲကနဲ တိတ်ဆိတ်သွားသည်။

"အဲဒီခွေးက မကောင်းဆိုးဝါးကို အင်ပါယာနန်းတော်ဆီ ခေါ်သွားတဲ့သူပဲ"

ထိုစကားကြောင့် ရိုစီနာ သည် ရုတ်တရက် ခေါင်းကို မော့လိုက်သည်။

"အဲဒီမှာ ခွေးစုတ်မ ပေါ်လာတိုင်း ခွေးမကောင်းဆိုးဝါးတစ်ကောင် ပေါ်လာတတ်တယ်....ဒါကြောင့် သူမဟာ မကောင်းဆိုးဝါးတွေကို အမိန့်ပေးထားတဲ့သူပဲ"

"တိတ်တိတ်နေပါ"

တရားသူကြီးက သစ်သားတူနှင့် ခေါက်နေသော်လည်း သူ့ အသံက မရပ်သေး။ ပရိသတ်ရှိ မှူးမတ်များ တစ်ယောက်တစ်ပေါက် ပြောနေစဉ် ရာဟန် သည် ပထမဆုံးအကြိမ် စကားပြောဆိုခဲ့သည်။

"အားလုံးက အရူးစကားကို ယုံကြသလား"
...

မှူးမတ်များ၏ အသံများ ပျောက်သွားသည်နှင့်အမျှ ရာဟန် သည် အေးစက်စက်ပြုံးလိုက်သည်။

"... ရိုစီနာ"

ရိုစီနာ သည် ရာဟန် ကို ခဏလောက်ကြည့်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။ လူတိုင်း၏ မျက်လုံးများကို သူမ စိုက်ကြည့်ပြီးနောက် ဇီဂရစ် ကို တည့်တည့်ကြည့်ရင်း ပြောခဲ့သည်။

"ကျွန်မကို ဘာလို့ စုန်းမလို့ ခေါ်တာလဲ"

သူမ အနည်းငယ်ပြုံးကာ စကားဆက်ပြောခဲ့သည်။

"ကျွန်မကသာ စုန်းမဆိုရင် ရှင့်ကို ချက်ချင်း သတ်ပစ်ခဲ့တယ်"

ထိုအခါ ဇီဂရစ် ၏ မျက်နှာ ရှုံ့တွနေသည်ကို တွေ့လိုက်ရသည်။ တုန်လှုပ်နေသော သူ့နှုတ်ခမ်းများသည် အထပ်ထပ် ပွင့်ကာ ပိတ်သွားပြန်သည်။

"ဟုတ်​တယ်​.... ဒါ ဟုတ်တယ်"

“အိမ်ရှေ့စံက အရူးစကားတွေ လျှောက်ပြောနေတာ…ငါ ထင်ထားတဲ့အတိုင်းပါလား”

“မင်းသမီးက စုန်းမဆိုရင် အလကား အိမ်ရှေ့စံ အသစ်က သူမကို ယုံကြည်ပါ့မလား"

များမကြာမီ မှူးမတ်များသည် ဇီဂရစ်၏ စကားများကို အဓိပ္ပါယ်မဲ့စကားဟု သဘောထားလာကြသည်။ နောက်ဆုံး ညည်းညူသံများ ရပ်တန့်သွားသောအခါ ဇီဂရစ် တုန်လှုပ်သွားရသည်။ တစ်ခဏချင်းမှာပဲ စောင့်နေကြသည် ထရိအက် သူရဲကောင်းတွေ ထွက်လာသည်။

“အ…”

အသက်မရှူနိုင်တော့သလို ဖြစ်သွား၍ ဇီဂရစ် ထိုမျှသာ အသံထွက်နိုင်တော့သည်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ငြိမ်သက်သွားသောအခါ တရားသူကြီးက သက်ပြင်းချလိုက်ပြီး ဆက်ပြောလာသည်။

“မငြိမ်မသက်မှုတွေရှိပေမယ့် နောက်တစ်ကြိမ် ရုံးတင်စစ်ဆေးတော့မယ်”

တရားသူကြီးက စားပွဲပေါ်က စာရွက်ကို ပုတ်ပြီး ပြောလိုက်ပြန်သည်။

“… အခုစွပ်စွဲချက်တွေအားလုံးအတွက် အပြစ်ရှိကြောင်း ဝန်ခံထားပြီး ဖြစ်သွားတဲ့အတွက် အိမ်ရှေ့စံ ဇီဂရစ်ဟာဘက် ဟာ ဒီနေ့ကစပြီး သူ့ရဲ့ဘွဲ့ရာထူးကို စွန့်လွှတ်ရတော့မှာပါ”

မူလက တရားသူကြီးသည် တော်ဝင်မိသားစုဝင်တစ်ယောက်ကို ရာထူးချရန် အခွင့်အာဏာမရှိသော်လည်း တော်ဝင်ကောင်စီက ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် ဖြစ်သွားနိုင်သည်။

“ဒါ့အပြင် စွဲချက်အားလုံးက ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပါတဲ့အတွက် သင့်ကို သေဒဏ်ပေးလိုက်ပါတယ်...."

ဤသည်က အားလုံး အမျှော်လင့်ဆုံး ရလဒ်ဖြစ်သော်လည်း အပျော်ထက် ယူကျုံးမရဖြစ်ဟန်က အထင်းသားပေါ်လွင်နေကြ၏။ တော်လှန်ပုန်ကန်မှုတွင် ပါဝင်သူများသည် ကွပ်မျက်ခံရလေ့ရှိသော်လည်း အိမ်ရှေ့စံ တစ်ပါးသေဒဏ်ပေးခံရခြင်းသည် အင်ပါယာသမိုင်းတွင် ပထမဆုံးဖြစ်သည်။ ဤအဖြစ်အပျက်သည် သမိုင်းတွင် အထင်ကရ ဖြစ်သွားတော့မည်။

"သေဒဏ်မစီရင်ခင် အင်ပါယာရဲ့စည်းကမ်းကို ဖောက်ဖျက်သူအဖြစ် အားလုံးမြင်ရအောင် ရင်ပြင်မှာ ချိတ်ဆွဲထားရမယ်"

တရားသူကြီး စီရင်ချက်ချပြီးနောက်တွင် သစ်သားတူဖြင့် သုံးကြိမ်ရိုက်သည်။ အသံဆုံးသွားသည်နှင့် ပရိသတ်ထဲတွင် ထိုင်နေသောလူတစ်ယောက် ထကာ အသံကုန် အော်ဟစ်လိုက်လေ၏။

“အိမ်ရှေ့စံကို သေဒဏ်ချမှတ်လိုက်ပါပြီ"

တရားခွင်ရလဒ်ကြောင့် အပြင်မှာ စောင့်ဆိုင်းနေသူတွေ အားလုံး တခဲနက် အော်သံပေးလိုက်ကြသည်။ အော်သံများက ကောင်းကင်ယံတွင် ပဲ့တင်ထပ်ကာ အဆောက်အဦးတစ်ခုလုံးကိုပါ တုန်လှုပ်စေခဲ့သည်။

တစ်ချို့က မျက်ရည်ကျကာ ၎င်းတို့၏ မိသားစုဝင်များကို ပွေ့ဖက်ထားကြသည်။ အင်ပါယာမိသားစုသည် ကောင်းကောင်း အထောက်အပံ့မပေးခဲ့သောကြောင့် သူတို့ မိသားစုဝင်များကို မကောင်းဆိုးဝါးများကြောင့် ဆုံးရှုံးခဲ့ရသူများလည်း ရှိနေသည်။

ရိုစီနာ သည်လည်း ပျော်ရွှင်မှုကို မျှဝေခံစားရင်း မျက်လုံးမှိတ်ကာ လေးလေးနက်နက် အသက်ရှူသွင်းလိုက်သည်။ အရာအားလုံးပြီးသွားခဲ့ပြီ။ သူမ နောင်တကင်းကင်းနှင့် ခါးသီးသောကိစ္စများကို အမြစ်ပြတ်ဖယ်ရှားနိုင်ခဲ့သည်။ ရာဟန် က သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း...

"အခုချိန်ထိ ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ ရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ်"

တိုးတိုးလေး ပြောလိုက်သံကြောင့် သူမ ငိုချင်လာသလို ခံစားရသည်။ယခုလိုဖြစ်လာမည့်နေ့ကို သူမ စောင့်မျှော်နေခဲ့တာပင်။ ရာဟန် နှင့် လမ်းခွဲပြီးနောက် အခက်အခဲမျိုးစုံကို ဖြတ်သန်းခဲ့ရသည်ကို သူမ သတိရသွားမိသည်။

သူမ ရာဟန် ကို ပွေ့ဖက်လိုက်လေတော့သည်။ ယခု ကျန်တာအားလုံးက သူမတို့ အတူတူပျော်ဖို့သာ ရှိတော့သည်လေ။

ရုံးချိန်းအပြီး ရက်အနည်းငယ်အကြာတွင် စီရင်ချက်ချခဲ့သည်။ အယ်လိုအာ နယ်စားမင်း၏ အိမ်ခြံမြေများအသိမ်းခံခဲ့ရပြီး စစ်ဆေးကြည့်လိုက်ရာ သူ၏ ဘဏ္ဍာတိုက်ထဲမှာ ရွှေငွေများ အပြည့်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူစုဆောင်းထားသည့် အရာတွေ အများကြီးရှိနေ၍ အခွန်ပေးဆောင်ဖို့ များစွာလုံလောက်ပေသည်။ ထို့အပြင်၊ သူ့မိသားစုဝင်များသည် သာမန်လူများအဖြစ် အဆင့်နှိမ့်ချခံရပြီး အယ်လိုအာ နယ်စားမင်းသည် အပြစ်သားတစ်ဦးဖြစ်ကြောင်း အနီရောင်တံဆိပ်နှိပ်ထားလိုက်တော့သည်။

သူရဲကောင်းနှစ်ဦးသည် အယ်လိုအာ နယ်စားမင်းကို ကြိုးဖြင့်ချည်ပြီး မြို့တော်ကို ပတ်ပတ်လည်ပြီး လှည့်ပြလေသည်။သူသည် ရထားလုံးကို အမြဲစီးတတ်၍ လမ်းသိပ်မလျှောက်နိုင်သောကြောင့် သူ့ခြေဖဝါးများ ဖောရောင်သည်အထိ လမ်းလျှောက်ခဲ့ရသည်။ အယ်လိုအာ နယ်စားမင်းကို အပြစ်ပေးနေစဉ် ဇီဂရစ်ကိုလည်း ထောင်မှ ဆွဲထုတ်ထားလိုက်သည်။ သူ့ကို ကြိုးနှင့်ချည်ထားပြီး ရင်ပြင်ကို ခေါ်သွားခဲ့သည်။ တစ်ချိန်က မြို့ရိုးထိပ်မှနေ၍ လူတွေကို ငုံ့ကြည့်ခဲ့သည့် သူ့အတွက်တော့ စိတ်ကူးတောင်မယဉ်နိုင်သည့် သနားစရာကောင်းစဖွယ် အဆုံးသတ်တစ်ခုပင်။ သူ့ကိုလေးစားသည့် ပြည်သူ‌ေတွဟာလည်း ရွံရှာသွားကြသည်။သူ့ဘက်မှ သူရဲကောင်းများသည် ဇီဂရစ်ကို ကာကွယ်ပေးခဲ့သော်လည်း ပြည်သူများ၏ ဒေါသကို မဖြေဖျောက်နိုင်ခဲ့ပေ။

ဇီဂရစ် ကို ရင်ပြင်မှာ ချိတ်ဆွဲပြီး နှစ်ရက်အကြာ....

သူ့ကို ကြိုးဆွဲထားသည့်နေရာတွင် လည်ပင်းမဲ့ ခန္ဓာကိုယ်တစ်ခုသာ ကျန်ရှိတော့သည်။ မြို့တော်တစ်ခွင်လုံးမှာ အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြပြီး ဘယ်နှစ်ခါလောက် လိုက်ရှာနေပါစေ၊သူ့ခေါင်းကို ဘယ်တော့မှ မတွေ့ရတော့ပေ။ ယခုဆို ဇီဂရစ် ၏ ရုပ်အလောင်းကို ဦးခေါင်းမပါဘဲ သင်္ဂြိုဟ်မည်ဖြစ်သည်။

အရာအားလုံး စည်းစနစ်တကျ။လည်ပတ်‌နေပြီးနောက် တစ်ပတ်အကြာတွင် ဘုရင်မ ထာရှာ ကွယ်လွန်သွားသည့် ကိစ္စသည် အင်ပါယာတစ်ခွင်လုံးတွင် လူသိများလာခဲ့သည်။ ဇီဂရစ် သေပြီထင်ကာ သူမသည် ပြင်းထန်သော စိတ်ကျရောဂါကို ခံစားခဲ့ရပြီး ရူးသွပ်သွားကာ မိုးလင်းခါးနီးအချိန်မှာ လူမသိသူမသိ နန်းတော်ထဲမှ ထွက်ခွာသွားခဲ့သည်။ ထို့နောက် နောက်တစ်နေ့နံနက်တွင် သူမ အလောင်းကို တော်ဝင်နန်းတော်ရှိ သစ်တောထဲတွင် ကြိုးဆွဲချလျက် တွေ့ရှိခဲ့ရသည်။ အများစုက ဇီဂရစ် သေပြီးနောက်မှ သေဆုံးသွားခြင်းဟု ယူဆကြသည်။ ဘုရင်မအတွက် ဝမ်းနည်းပူဆွေပေးသည့် ဈာပနသည် သုံးရက်သာ ကျင်းပပေးသည်။အခမ်းအနားသည် တရားဝင်မှု မရှိသည့်အပြင် အင်ပါယာ၏ အလံကိုလည်း ကောင်းစွာ မချိတ်ထားကြပေ။ဤသို့ဖြင့် မှူးမတ်များ၊ သာမာန်ပြည်သူများသည် ထာရှာ ကို မေ့သွားကြသည်။

နောက်ဆုံးအချက်က ဘုရင်မင်းမြတ် ဘားမန်း သည် နန်းတော်၏ အနက်ရှိုင်းဆုံးနေရာမှာ အသက်ရှုနေတုန်းပင်။ ရာဟန် သည် ဘားမန်း ကို မသတ်ခဲ့ပေ။ ထိုအစား သေခြင်းထက် ပိုကြောက်စရာကောင်းသည့် အရာတွေကို ပေးထားသည်။ ဘားမန်း ၏အခန်းသို့ ပြတင်းပေါက်ငယ်တစ်ခု ထားပေးလိုက်သည်။ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်လျှင် အရင်က သူနေထိုင်ခဲ့သည့် တော်ဝင်နန်းတော်ကို မြင်နိုင်၏။သူ့အတွက် အဝေးမှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို ကြည့်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

ထိုသို့ တစ်ယောက်တည်း အကျဉ်းချခံထားရသည့် ဘားမန်း ဟာ နောက်ပိုင်းတွင် ဘုရင်မင်းမြတ်အဖြစ် စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့သည်။ သူ့ရာထူးကို ဆုပ်ကိုင်ထားရသည်က ဒုက္ခကလွဲ၍ ဘာမှမဖြစ်မှန်း သူသိနေ၏။ ရာဇပလ္လင် လွတ်သွားသောအခါတွင် မှူးမတ်များသည် ဘုရင်းမင်းမြတ်က အိမ်ရှေ့စံမဟုတ်ဘဲ ရာဟန် ဖြစ်ကြောင်း ဘားမန်းကို ပြောချင်နေကြသည်။သို့သော်၊ဘားမန်းက ထီးနန်းကို တရားဝင် မစွန့်ရသေးတာမို့ သူ ထီးနန်းတက်မည့်ကိစ္စကို ရွှေ့ဆိုင်းထားသေးသည်။

ဤသို့ဖြင့်၊ အချိန်တွေကုန်ပြီး နွေဦးပေါက်လာသည်။နန်းတော်တစ်ခွင်လုံးမှာ အပင်တွေ ပေါက်ဖို့အချိန်တန်လေပြီ။ ပျက်စီးသွားသည့် အဆောက်အဦးတွေကိုလည်း ပြန်လည်မွမ်းမံဖို့ ပြီးလုနီးပါးဖြစ်နေသည်။ ရာဟန် နှင့် ရိုစီနာ တို့၏ နန်းတက်ပွဲသည် တစ်လမျှသာ လိုတော့ပြီး နန်းတွင်းသူများသည်လည်း နန်းတက်ပွဲအတွက် ပြင်ဆင်မှုများနှင့် အလုပ်ရှုပ်နေကြသည်။ ရာဟန် သည် နန်းတက်ပွဲအတွက် လိုအပ်သမျှကို ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးစီမံသည်။

သရဖူအသစ် ဆောင်းခြင်းမှသည် နန်းတက်ပွဲကျင်းပရာနေရာအထိ၊ အလှဆင်ရာတွင် အသုံးပြုသည့် ပန်းအမျိုးအစားများကိုလည်း ဂရုတစိုက်ရွေးချယ်ခဲ့သည်။ အရာအားလုံး ချောမွေ့စွာ လည်ပတ်နေချိန်တွင် ရိုစီနာ မှာလည်း အသက်ရှူမဝလောက်အောင် အလုပ်များနေခဲ့သည်။ တော်ဝင်နန်းတော်၏ အရှင်သခင်မဖြစ်လာသော ရိုစီနာ သည် နန်းတော်၏ သန့်ရှင်းရေးမှစ၍ ပြည်တွင်းရေးရာအားလုံးကို ဂရုစိုက်ရမည်ဖြစ်သည်။ သူမသည် ဘုရင်မ ပညာကို မသင်ကြားဖူးသောကြောင့် စာတွေ့သာ ရှိသည်။

ရာဟန်က အလုပ်မှ သူမကို တွေ့ရအောင် အမြန်ပြန်လာသော်လည်း သူမ အလုပ်များနေ၍ စကားကောင်းကောင်းပင် မပြောနိုင်သည့် နေ့များလည်း ရှိသည်။ထိုအခါမျိုးဆို သူက သူမ ပင်ပန်းနေမှာစိုး၍ စိတ်ပူနေတတ်သည်။ထိုသို့ အကြာကြီး စကားပင်မပြောဖြစ်သည့်အခါတစ်နေ့မှာတော့ သူတို့ အချိန်ဇယားနှင့်ညှိပြီး နေ့လည်စာတစ်ခုခု အတူတူစားဖြစ်ကြသည်

“…ဟင်း”

ရိုစီနာ သက်ပြင်းမောတစ်ချက် ချလိုက်လျင် ရာဟန် စိတ်ပူသွားပြီး ဇွန်းကို ချထားလိုက်သည်။ သူမ သက်ပြင်းချသံက သူ့အတွက် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသလိုပင်။

"ပြဿနာရှိလို့လား"

“ဟင်....ဘာမှမဖြစ်ပါဘူး"

ရိုစီနာ က ခေါင်းခါရင်း ရာဟန်ကိုသာ ကြည့်နေသည်။

"အဲဒါ...ကျွန်မ ပစ္စည်း တစ်ခုသွားယူစရာရှိတယ်"

"ဘာကြီးလဲ"

သူမ ခဏ တုံ့ဆိုင်းသွားပြီးနောက် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

“အစတေးနီးယား က မြို့ဝန်မင်းကတော် အယ်လီဆာ က ကျွန်မကို ချီးကျူးဂုဏ်ပြုဖို့ဆိုပြီး လက်ဆောင်တစ်ခု ပို့လိုက်တယ်… ကျွန်မ ကိုယ်တိုင်သွားယူရမှာပေါ့”

အာစတေးနီးယား သို့ ပို့ရန် သူမ စာများဖလှယ်ခဲ့သည်ကို ယခုအချိန်အထိ သူ့ကိုလျှို့ဝှက်ထားသောကြောင့် ဆက်ပြော၍ မဖြစ်တော့ပေ။

"လူကိုယ်တိုင်သွားရမှာ သေချာလား"

သူမ ခေါင်းညိတ်လိုက်သည်။ လျှို့ဝှက်စစ်ဆင်ရေး တစ်ခုဖြစ်သောကြောင့် ပိုင်ရှင်အား တော်ဝင်နန်းတော်သို့ မခေါ်နိုင်ပေ။ သူမ သို့မဟုတ် သူ့မိသားစုမှမဟုတ်လျှင် အခြားသူများလက်မခံနိုင်သည့် အကြောင်းရင်းတစ်ခုရှိသည်။

"ဒါဆို ကိုယ် သွားပေးမယ် "

"ဒါပေမယ့် ရှင့်မှာ အလုပ်များနေတယ်လေ"

"ရပါတယ်…ဘာလို့လဲဆိုတော့ မနက်ဖြန်က ကိုယ့်ရဲ့ အားလပ်ရက်ပဲ"

တစ်ကယ်တော့ မနက်ဖြန်မှာ သူအလုပ်များနေမည်ဆိုတာ ရှင်းနေသော်လည်း ရိုစီနာ အတွက်ဆိုလျှင် သူ့အမြဲအားပေးနိုင်သည်။ အပြင်ထွက်သည့်အခါ သူမအတွက် လက်ဆောင်တစ်ခုခု ဝယ်ဖို့တောင် တွေးနေမိသေးသည်။

"ကျေးဇူးတင်ပါတယ်"

ရိုစီနာ သည် ရာဟန် ကို အမှန်တစ်ကယ် အားနာနေသည့် မျက်နှာဖြင့် ကြည့်နေသည်။ နွေးထွေးသောလေထုထဲတွင်၊ သူတို့နှစ်ယောက်ကို စောင့်ကြည့်နေသော အီလီယန် သည် စကားစလာ၏။

"သားလည်းလိုက်မယ်"

နှစ်ယောက်သား မျက်လုံးများက အီလီယန် ကို ချက်ချင်း စိုက်ကြည့်လာသည်။ အီလီယန် သည် ရိုစီနာ နှင့် ရာဟန် ကို လှည့်ကြည့်ပြီး ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

"သားလည်း မေမေ့ကို ကူညီချင်တယ်"

“သားကလား….”

“အာ... အီလီယန် နဲ့ အပြင်ထွက်ရတာလည်း တစ်မျိုး ကောင်းပါတယ်”

ရာဟန်က သားအဖနှစ်ယောက် အရင်က တစ်ခါမှ အပြင်မထွက်ဖူးသလိုမျိုး စိတ်လှုပ်ရှားဟန်ဖြင့် ပြုံးပြောလိုက်သည်။ သူမကို သားအဖ နှစ်ယောက်ပေါင်းပြီး မျှော်လင့်ချက်တွေနှင့် ကြည့်နေချိန်မှာ သူတို့ကို စိတ်မပျက်စေချင်ပေ။

နောက်နေ့မနက်မှာ ရာဟန် သည် မနက်အလုပ်တွေ ပြီးသွားချိန်၌ အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။

ရိုစီနာ သည် ယနေ့ နံနက်စောစောကတည်းက ဘုရင်မ နန်းတော်သို့ ထွက်သွားသောကြောင့် သူမကို နှုတ်ဆက်စကားပင် မပြောခဲ့ရပေ။

"ဖေဖေ သွားတော့မှာမဟုတ်လား"

အီလီယန်က ရာဟန်ကို ချစ်စဖွယ် မေးလိုက်သည်။

သူတို့ သားအဖနှစ်ယောက်၏ ဆက်ဆံရေးမှာ အရင်ကထက် အများကြီး ပိုကောင်းလာခဲ့သည်။ အီလီယန် ဟာ ချစ်ဖို့ကောင်းသည်ဟု သူ တွေးမိချိန်တွေ ရှိသော်လည်း ကလေးက အရွယ်နှင့်မလိုက်အောင် အကျင့်ပုပ်ခဲ့သည်။ အထူးသဖြင့် ရိုစီနာနှင့် ပတ်သက်ပြီး ငြင်းခုံကြသည့်အခါဆို သူ့ကို ကြည့်မရတော့ပေ။

"သွားကြရအောင်"

ရာဟန် က အီလီယန် ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဖေဖေ သားကို ပွေ့ရမလား"

"ဟာ...သားက ကလေးမဟုတ်တော့ပါဘူး"

ရာဟန် သည် ထိတ်လန့်ဟန်ဖြင့် ပြောလာသော သူ့ကို ကြည့်ပြီး တစ်ချက် ပြုံးလိုက်သည်။

သူက ခုနစ်နှစ်ပဲရှိသေးတယ်.... ကလေးမဟုတ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ...

သို့သော်၊ ဘာမှ ထပ်မပြောတော့ဘဲ အီလီယန် နောက်ကို လိုက်သွားခဲ့သည်။

သားအဖနှစ်ယောက် ရထားလုံးဖြင့် တော်ဝင်နန်းတော်မှ ထွက်ကာ မြို့တော်ရှိ လမ်းကြားတစ်ခုထဲကို ဆင်းလာခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးက သိသိသာသာ ဆံပင်ရွှေရောင်တွေမို့ ဦးထုပ်နက် ဆောင်းပြီး အနက်ရောင် အင်္ကျီရှည်ကို ၀တ်ထားကြရသည်။ မြင်သူတိုင်း သူတို့ကို သားအဖမှန်း သိကြပေမည်။နှစ်ယောက်သား လမ်းကြားထဲမှ ထွက်ကာ လမ်းမပေါ် လျှောက်လာခဲ့သည်။

"ဒီရက်ပိုင်း အင်ပါယာကတော့ အခြေအနေ ပိုကောင်းလာမယ်ထင်တယ်"

“ကျွန်တော်လည်း နန်းတက်ပွဲကို မျှော်နေမိတာ....ဘုရင်သစ်ကို ကြည့်ရမှာ သိပ်ကို ဂုဏ်ယူစရာပါပဲ”

လမ်းပေါ်လျှောက်လာသူတွေဟာ တော်ဝင်မိသားစုအကြောင်းကို ပြောကြသည်။ ဤရက်ပိုင်းတွင် ရာဟန် နှင့် ရိုစီနာ ၏ ကျော်ကြားမှုသည် ကောင်းကင်ယံသို့ ထိမှန်သွားပြီး လူများက အချိန်တိုင်း တော်ဝင်မိသားစုအကြောင်း ပြောဆိုနေကြသည်။ ယခင်ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့သည် အိမ်ရှေ့စံကသာ နတ်ဆိုးများကို အနိုင်ယူခဲ့ကြောင်း ဟန်ဆောင်၍ အင်ပါယာလူများကို လှည့်စားခဲ့သော လူဆိုးများဖြစ်ပြီး အချိန်အတော်ကြာပြီးမှ ရာဟန် နှင့် ရိုစီနာ တို့ကို လုပ်ကြံခဲ့ကြောင်း ကောလာဟလများ ပျံ့နှံ့ခဲ့သည်။

ထို့ကြောင့် အားလုံးက နန်းတက်ပွဲကို ဝမ်းပန်းတသာ စောင့်မျှော်နေကြသည်။ ရာဟန် နှင့် အီလီယန် တို့သည် ရိုစီနာ ရေးဆွဲထားသော မြေပုံကြမ်းအတိုင်း ကြည့်ကာ လမ်းသွားလမ်းလာများ၏ စကားကို နားထောင်ရင်း ဘာမှမထူးခြားသလိုမျိုး လျှောက်သွားကြသည်။ သို့သော် ကောင်းစွာရေးဆွဲထားသော မြေပုံမဟုတ်သောကြောင့် လမ်းရှာတွေ့ဖို့က ခက်ခဲသည်။

"ဒီလမ်းလား"

"မဟုတ်ဘူး...ဒီမှာ..."

လမ်းသစ်က နှစ်ခုပေါ်လာ၍ နှစ်ယောက်သား တစ်ချိန်တည်း ကြည့်လိုက်ကြသည်။

" ဖေဖေတို့ ဒီထဲ ဝင်ရမှာလား"

ရာဟန် က မေးလိုက်လျှင် အီလီယန် ခေါင်းညိတ်လိုက်သည်။



Xxxxx