Chapter 102
လမ်းကြားထဲသို့ ဝင်လိုက်သည်နှင့် လမ်းဆုံတစ်ခုကို အထင်းသားမြင်ရသည်။ ခေတ်မီဈေးဆိုင်များ စုပြုံနေသည့် လမ်းတစ်ခုပင်။သားအဖနှစ်ယောက် စတိုးဆိုင်တစ်ဝိုက်ကို စိတ်အားထက်သန်စွာ လိုက်ကြည့်မိကြ၏။ နှစ်ယောက်စလုံးက ဈေးဝယ်ထွက်ရသည်ကို စိတ်မဝင်စားသော်လည်း ရိုစီနာ အတွက် လက်ဆောင်ရှာနေ၍ ကမ္ဘာပေါ်က တခြားအရာတွေထက် ပိုပျော်စရာကောင်းနေသည်။ ပြတင်းပေါက်ဘက်ရှိ မှန်ဘောင်ထဲမှာ ပြထားသော စတိုးဆိုင်တစ်ခုရှေ့တွင် အီလီယန်က ရပ်လိုက်သည်။စတိုးဆိုင်သည် လက်ဝတ်ရတနာဆိုင်တစ်ခုဖြစ်ပြီး အလယ်တွင် ပြသထားသည့် အနီရောင်လည်ဆွဲကလည်း စွဲမက်ဖွယ်ကောင်းလှသည်။ အနီရောင် ရတနာများသည် ကြယ်ပွင့်ပုံဖြစ်နေသည်။ စပျစ်သီးကဲ့သို့ လုံးလုံးဝိုင်းဝိုင်း နားကပ်ကလည်း အတော်လှသည်။
"မေမေနဲ့လိုက်မယ်နော်"
အီလီယန် ပြောလာတော့ ရာဟန်လည်း တစ်ချက်ကြည့်ပြီး သဘောကျသွားသည်။လည်ဆွဲက ရိုစီနာ ၏အနီရောင်ဆံပင်နှင့်လိုက်ဖက်သော အရောင်ဖြစ်သည်။ သူ့စိတ်ထဲမှာ သူမ ဝတ်ဆင်ထားပုံကို မြင်ယောင်ကြည့်ပြီး ပြုံးလိုက်မိသည်။သူမနှင့် ဘယ်အသုံးအဆောင်မဆို လှနေသော်လည်း ဤလည်ဆွဲက သူမနှင့်ဆိုအတော်လိုက်မည်ဟု တွေးမိသည်။
ရာဟန် ချက်ချင်း ဆိုင်ထဲသို့ ဝင်လိုက်လျှင် စတိုးဆိုင်တံခါးပေါ်မှ ခေါင်းလောင်းသံ မြည်လာကာ စာရေးတစ်ဦး ထွက်လာပြီး ပြုံး၍ ကြိုဆိုလိုက်သည်။
“ကြိုဆိုပါတယ်ရှင်”
“ဒီလည်ဆွဲကို ကြည့်ချင်ပါတယ်”
ရာဟန် သည် ပြခန်းထဲက လည်ဆွဲကို ပြလိုက်ရာ စာရေးမလေးက ခေါင်းညိတ်ပြပြီး ဆိုဖာဆီကို အထိုင်ခိုင်းလိုက်၏။
"ကျေးဇူးပြုပြီး ခဏထိုင်ပါဦးနော်"
ထိုစဉ် အခြားစာရေးတစ်ယောက်က လက်ဖက်ရည် အမြန်ပြင်နေစဉ် အီလီယန် နှင့် ရာဟန် တို့သည် ဆိုဖာပေါ်တွင် ထိုင်ကာ ဆိုင်တစ်ဝိုက်ကို ကြည့်လိုက်သည်။ အကြမ်းဖျင်းကြည့်လျှင် ရိုစီနာ နှင့် အဆင်ပြေမည့် ရတနာတွေ အများကြီးရှိနေသည်။သို့သော်၊ အကောင်းဆုံးကတော့ စောစောက လည်ဆွဲပင်။
သူတို့ လက်ဖက်ရည်သောက်ရင်း စောင့်နေစဉ် ခေါင်းလောင်းသံ ထပ်မြည်လာသည်။
“ကြိုဆိုပါတယ်ရှင်”
ဖောက်သည်အသစ်ဝင်လာသဖြင့် အခြားစာရေးက မြန်မြန်ဆန်ဆန်နှုတ်ဆက်လိုက်သည်။ နှုတ်ခမ်းမွေးနှင့် ဦးထုပ် အကောင်းစားကို ဆောင်းထားသော အမျိုးသားသည် ရတနာများအပြည့်စီထားသော တုတ်ကုတ်တစ်ချောင်းကို ထောက်ကာဝင်လာသည်။ တစ်ကိုယ်လုံးတွင် အသုံးအဆောင်ပစ္စည်းများ အပြည့်ဝတ်ဆင်သည့် အမျိုးသားသည် ဆောင့်ကြွားကြွားဖြစ်နေလေသည်။
“အင်း...ဆိုင်က မဆိုးဘူး.... ငါ သွားတတ်တဲ့ နေရာလောက်တော့ မကောင်းပါဘူး”
ထိုလူသည် စကားကို နှိမ့်ချပြောပြီး ပတ်ဝန်းကျင်ကို အိန္ဒြေမရှိ လျှောက်ကြည့်နေလေသည်။သို့သော် ရာဟန် တို့သည် ဖောက်သည်အသစ်ကို စိတ်မဝင်စားဘဲ လက်ဖက်ရည်ကိုသာ အေးအေးဆေးဆေး သောက်နေကြသည်။ထိုသူက ဆက်ပြီး သူ့လက်စွပ်က ဘယ်လောက်ဈေးကြီးကြောင်း ကြွားလုံးထုတ်နေ၏။
“အဲ....ဆိုင်ရှေ့မှာ ပြထားတဲ့ အနီရောင် လည်ဆွဲကို ငါ ဝယ်ချင်တယ်”
ရာဟန်တို့ သားအဖနှစ်ယောက် တစ်ချိန်တည်း ခေါင်းကို လှည့်လိုက်ကြသည်။ ထိုလူ၏တောင်းဆိုချက်ကြောင်း ဆိုင်ဝန်ထမ်းများသည် ရာဟန်တို့ကို ပဟေဠိမျက်လုံးများဖြင့် အားနာသလို ကြည့်နေကြသည်။
"မင်းတို့ ဘာလို့ဒီလောက် ငါနဲ့ အဝေးမှာရပ်နေတာလဲ....ဒီလည်ဆွဲကို ငါ ကြည့်ချင်တယ်လို့ ပြောနေတယ်လေ"
ထိုလူက စာရေးအား လည်ဆွဲသွားယူရန် တိုက်တွန်းသည်။ စာရေးသည် ဘာလုပ်ရမှန်းမသိဘဲ ရာဟန် နှင့် ထိုလူကို တစ်လှည့်စီသာ ကြည့်နေလေသည်။ လည်ဆွဲကို ယူရန် စာရေးမရောက်လာသောအခါ ထိုသူသည် သူ့ရှေ့တွင် ကျလာသော အရိပ်ကို မျှော်ကြည့်လိုက်သည်။
“…..”
ရာဟန် ၏ ကိုယ်လုံးကိုယ်ပေါက်ကို မြင်သောအခါ ထိုလူ တုန်လှုပ်သွားသည်။ ရာဟန်၏ အရပ်အမောင်းနှင့် ကျယ်ပြန့်သော ပခုံးများက သူ့ကို ထိတ်လန့်စေသည်လေ။
"ဒီလည်ဆွဲကို ငါဝယ်မယ်"
ရာဟန် က တိုးတိုးလေးပြောလိုက်ရာ သူက စိုက်ကြည့်လိုက်၏။ လက်ရှိတွင် ရာဟန် သည် လက်ဝတ်ရတနာ အနည်းငယ်ကိုသာ ဝတ်ဆင်ထားတာဖြစ်သည်။လူအများက သူ့ကို အာရုံစူးစိုက်လာပါက စကားတွေပြန့်သွားနိုင်တာကြောင့်ပင်။ထိုသူက ရာဟန် ၏ ချမ်းသာကြွယ်ဝမှုကို အဝတ်အစားနှင့် ခန့်မှန်းကြည့်ပြီး ပြုံးလိုက်သည်။
"မင်း တတ်နိုင်တဲ့ ပစ္စည်းမဟုတ်ဘူး ဆိုတာ ရှင်းပါတယ်"
"ဒီလည်ဆွဲဝယ်ဖို့ ငါ တတ်နိုင်တယ်"
ရာဟန် က ပြတ်ပြတ်သားသား ပြန်ပြောလိုက်လျှင် ထိုလူက မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်စွပ်ကို တစ်ချက် လှိမ့်လိုက်ပြီး အပေါ်ဘက်က လက်စွပ်တံဆိပ်ကို ကိုင်ထားလိုက်သည်။
"ဟင်းဟင်း..မင်း မာဗယ် တော့ပ် အကြောင်း ကြားဖူးလား"
ရာဟန် သည် မာဗယ် တော့ပ် ဆိုသည့်အမည်ကို ပြန်စဉ်းစားကြည့်မိရာ နန်းတက်ပွဲအတွက် ကုန်ပစ္စည်းတွေ အမြောက်အမြား ပို့ပေးမည်ဟု ပြောခဲ့သည့် ဆိုင်တစ်ခုဖြစ်နေသည်။မာဗယ် တော့ပ်သည် နိုင်ငံခြားတိုင်းပြည်များနှင့် တက်ကြွစွာ ရောင်းဝယ်ဖောက်ကားကြသည့် အကြီးစား လုပ်ငန်းတစ်ခုဖြစ်သည်။ ရာဟန် က ဘာမှမပြောသည့်အခါ ထိုလူက ပခုံးတွန့်ပြသည်။
“မင်းသိမယ်ထင်တယ်...ငါက အဲဒီက ဒု-ဥက္ကဋ္ဌလေ"
ထိုအချိန်မှပင် ရာဟန် သည် ဤလူကို တစ်ခါက မြင်ဖူးထားကြောင်း သိလိုက်ရသည်။ မာဗယ်ပိုင်ရှင်နှင့် သူ လက်ဆွဲနှုတ်ဆက်သည့် မြင်ကွင်းကို သတိရသွားမိသည်။ ဤလူသည် စီးပွားရေးအရ အမြင်ကောင်းသော်လည်း အထင်သေးတတ်ပုံပင်။ ထိုအချိန်က သူ့ရှေ့မှာ ရိုရိုကျိူးကျိုး နှုတ်ဆက်ခဲ့သော်လည်း ယခုတော့ အထက်စီးက စကားပြောနေလေသည်။ ကုန်ပစ္စည်းကိုလည်း မပို့လာသေးသောကြောင့် သဘောတူညီချက်ကို ဖျက်၍ အခြား လုပ်ငန်းတစ်ခုနှင့် ပြောင်းဆက်သွယ်ရန် သူ စဉ်းစားနေမိသည်။
"ဒါဆို မင်းငါ့ကို ဘာလုပ်စေတာချင်လဲ"
"မင်း စကားက ဘာလဲကွ"
ထိုကဲ့သို့ အဖြေထွက်လာမည်ဟု မမျှော်လင့်ထားသလိုပင် ထိုလူက မျက်မှောင်ကြုတ်လိုက်သည်။ ရာဟန် က သူ့ကို စိုက်ကြည့်ပေးလိုက်မှ ထူးဆန်းသော ဖိအားကြောင့် လန့်သွားသည်။သို့သော် သူက လည်ဆွဲကို အရှုံးမပေးချင်သလို အသံထွက်လာ၏။
"မင်း လက်လျှော့ဖို့ ပြောနေတာ"
"မလိုဘူး...ဒီလည်ဆွဲကို ငါ အရင်ယူထားတာ....လူကြီးလူကောင်း မဟုတ်ဘူးလား"
ထိုလူသည် စကားမပြောနိုင်တော့ဘဲ မျက်နှာကြီး နီမြန်းကာ နှုတ်ခမ်းများက လှုပ်ယမ်းနေသည်။ သူအနိုင်မရမှန်းသိလိုက်ရတော့ ရာဟန် ဘေးမှာရပ်နေသည့် အီလီယန် ကိုတွေ့လိုက်သည်။ အရုပ်တစ်ရုပ်လို လှပလွန်းသည့် အီလီယန် ကိုတွေ့သောအခါ သူ အံ့သြသွားသည်။
"မင်းရဲ့ ကလေးရှေ့မှာ အရှက်မကွဲခင် ငါ့ကို ပေးတာပိုကောင်းတယ်"
ရာဟန် မတုန်မလှုပ် ဖြစ်နေသောအခါ၊ ထိုလူက လက်ပိုက်ထားသည့်လက်ကို ဖြုတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့လက်ထဲမှ အိတ်ကြီးတစ်လုံးကို ဘုန်းကနဲ စားပွဲပေါ် ပစ်တင်လိုက်သည်။
"လည်ဆွဲအတွက် ငါက ဒီလောက် တတ်နိုင်တယ်ကွ"
ထို့နောက် သူက စာရေးအား လက်ယပ်ခေါ်ကာ ငွေချေရန် အချက်ပြလိုက်သည်။ ချီတုံချတုံဖြစ်နေသော စာရေးမကလည်း အနားတိုးလာကာအိတ်ကို အနည်းငယ် ဖွင့်ပြလိုက်ရာ ရွှေဒင်္ဂါးပြားကြီးများ အပြည့်ရှိနေသည်ကို တွေ့ရလေသည်။ဤပမာဏဟာ လည်ဆွဲဖိုးကို ပေးချေပြီးလျှင်တောင် နားကပ်နှင့် လက်စွပ်တွေ ဝယ်လို့ရပေသည်။သို့သော် ရာဟန် သည်ခပ်တည်တည်ပင် ထိုလူကို ငုံ့ကြည့်နေသည်။
"ဒီလောက်မှ မင်း မပေးနိုင်ရင် ဘေးဖယ်လိုက်တော့"
ထိုလူက အောင်ပွဲခံသလို ပြောလိုက်ပြီးနောက် ရာဟန် သည်လည်း သူ့အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ထိုလူနှင့် စာရေးမလေးတို့မှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ထိုလူ ပေးထားသော အိတ်ကြီးနှင့် နှိုင်းယှဥ်လိုက်လျှင် အတော်ပင် ပေါ့ပါးနေသည်။ ရာဟန် သည် စာရေးမကို မေးငေါ့ပြကာ ဘာစာမှမရေးထားသော စာရွက်တစ်ရွက်ကို စားပွဲပေါ်တင်ပေးလိုက်သည်။
"မင်း လိုချင်တဲ့ ငွေပမာဏကိုရေးလိုက်"
ရာဟန် ပေးသောစာရွက်သည် ဗလာစာရွက်ဖြစ်ကြောင်း ထိုလူက သဘောပေါက်သွားသည်။
"မင်း ရူးနေလား...ဗလာစာရွက်က တော့ ငါ့မှာလည်း ရှိတယ်…”
ဒေါသထွက်နေသော အမျိုးသားသည် ဗလာစာရွက်ကို ငုံ့ကြည့်နေစဉ် ကြောင်စီစီဖြစ်သွားသည်။ ချက်လက်မှတ်၏ အောက်ခြေတွင် ထုတ်ပေးသူ၏ တံဆိပ်မှာ တော်ဝင်မိသားစုကို ကိုယ်စားပြုသော တံဆိပ်ဖြစ်သည်။
“ဟာ...”
ထိုလူ အံ့သြကြီး ကြမ်းပြင်ပေါ်သို့ ဘိုင်းကနဲ လဲကျသွားသည်။ ဘဏ်များမှ ချက်လက်မှတ်များမဟုတ်သည့် တော်ဝင် ချက်လက်မှတ်များကို တော်ဝင်မိသားစုကသာ အသုံးပြုနိုင်သည်။ ယခု တော်ဝင်နန်းတော်တွင် ကျန်ခဲ့သော တစ်ဦးတည်းသော မိသားစုဝင်များမှာ တတိယမင်းသား ဇနီးမောင်နှံနှင့် တော်ဝင်မြေးတော်တို့ဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် ထိုင်နေသော လူသည် တုန်လှုပ်ကာ ခေါင်းကို မော့ကြည့်လိုက်သည်။ ရွှေရောင်တောက်တောက်ဆံပင်နှင့် ဦးထုပ်အောက်တွင် ဝှက်ထားသော အပြာရောင်မျက်လုံးများက ထိုလူကို ထင်ရှားပေါ်လွင်စေသည်။ ဤအရာအားလုံးသည် တော်ဝင်မိသားစု၏ သင်္ကေတဖြစ်သည်။ အဲဒီလူက ခုချိန်ထိ သူပြောခဲ့တာတွေကို ပြန်သတိရပြီး ခေါင်းကို ကြမ်းပြင်နှင့် ထိလုမတတ် ဦးညွှတ်လိုက်၏။
“ခွင့်လွှတ်ပါ…”
ထိုလူသည် မာနကို စွန့်ပယ်ပြီး ခွင့်လွှတ်မှုကို တောင်းစပြုလာသည်။ ရာဟန် သည် ဘယ်လိုအရိပ်အယောင်မှ မပြဘဲ ထိုလူကို ကြည့်လိုက်သည်။
"မင်း ငါ့အချိန်တွေကို ဖြုန်းနေတာပဲ...မြန်မြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်"
ထိုစကားတစ်ခွန်းတည်းနှင့်တင်၊ ထိုလူ အံ့ဩသွားပြီး ဆိုင်ထဲက အမြန်ထွက်သွားတော့သည်။တစ်ခဏချင်းမှာပဲ စတိုးဆိုင် တစ်ခုလုံး တိတ်ဆိတ်သွားပြီး စာရေးတွေမှာလည်း မျက်နှာက ဖြူဖျော့နေကာ ရာဟန် နှင် အီလီယန် ကို ကြည့်လိုက်သည်။ သို့သော် ရာဟန် က ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာမေးလိုက်သည်။
"လည်ဆွဲကို ဘယ်တော့မှ ကြည့်ရမှာလဲ"
လန့်ဖျပ်သွားသော စာရေးက ပြခန်းထဲမှ ချက်ချင်းယူလိုက်သည်။ ထို့နောက် နှစ်ယောက်သား ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ကာ လည်ဆွဲကို စစ်ဆေးကြည့်သည်။ ပထမတစ်ချက်က ပတ္တမြားဟု ထင်ထားသော်လည်း အနီးကပ်ကြည့်လိုက်တော့ ဘဲဥပုံသဏ္ဍာန်ရှိ အနီရောင်စိန်တစ်လုံးပင်။ သူတို့နှစ်ဦးသည် ကျောက်မျက်ရတနာအကဲဖြတ်သူများအဖြစ် ခဏ စိတ်ထဲက ဈာန်ဝင်သွားကာ ရိုစီနာသည် လည်ဆွဲကို ၀တ်ဆင်ထားသလို စိတ်ကူးမိကြသည်။ ထင်ထားသည့်အတိုင်း သူမနှင့် ပြီးပြည့်စုံနေ၏။
အီလီယန် က အခြားပစ္စည်းတစ်ခုကို ခေတ္တကြည့်ရှုနေစဉ်၊ ရာဟန် က ပြခန်းကို တစ်ချက်ကြည့်လိုက်သည်။ လည်ဆွဲကဲ့သို့ လက်ဝတ်ရတနာများပါသော ခါးပတ်သေးသေးလေးကို သူ တွေ့လိုက်ရသည်။ ဓားအစွပ်အဖြစ် သုံးရန်လည်း သင့်လျော်သည်။ အီလီယန် သည် အခြားအရာတစ်ခုခုကို နစ်မွန်းနေချိန်တွင် ရာဟန် ခါးပတ်ကို ကောက်ကိုင်လိုက်သည်။ထို့နောက် ငွေအားလုံး ပေးချေပြီးနောက် အီလီယန် အား ခေါ်လိုက်သည်။
"သွားကြရအောင်...သားရေ"
ပြီးလျှင်၊နှစ်ယောက်သား ဆိုင်မှ ထွက်လာခဲ့သည်။ အီလီယန် က ရှေ့မှ လျှောက်သွားနေစဉ် နောက်တွင်ရပ်နေသော ရာဟန် ခြေလှမ်းကို ရပ်လိုက်သည်။
"အီလီယန်"
"?"
သူ့နာမည်ကို ခေါ်လိုက်သောအခါ၊ အီလီယန် ထူးဆန်းသလို ခံစားလိုက်ရသည်။ရာဟန်က သူ့နာမည်ကို ခေါ်ခဲလှသည်။ ထို့နောက် ရာဟန် က သူ့ကို စက္ကူအိတ်သေးသေးလေး ထုတ်ပေးလာသည်။
အီလီယန် စက္ကူအိတ်ကို ဖွင့်လိုက်တော့ လှပစွာထုပ်ပိုးထားသည့် ခါးပတ်တစ်ခု ကို တွေ့ရလေသည်။
"အခုချိန်ထိ သားကို ဂရုမစိုက်ခဲ့မိလို့ တောင်းပန်ပါတယ်"
ရာဟန် က အီလီယန် မြင်ရအောင် ခေါင်းကို ငုံ့ကာ ပြောလိုက်သည်။သူ့အဖေဖြစ်သူဆီက လက်ဆောင်ရခဲ့တာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း အရင်တစ်ခေါက်ကနှင့် အဓိပ္ပါယ်မတူပေ။
"နောက်တစ်ခါ ပိုကောင်းတဲ့ ပစ္စည်း တစ်ခုခု ကို သွားဝယ်ကြမယ်"
သူတို့နှစ်ယောက်ဟာ အနာဂတ်မှာ အတူရှိနေတော့မှာမို့ အီလီယန် အတွက် ပိုကောင်းအောင် လုပ်ချင်မိသည်။
အီလီယန် က စက္ကူအိတ်ကိုကိုင်ထားပြီး ခေါင်းညိတ်လိုက်သည်။ ရာဟန် က ထိုအပြုံးကို သတိမထားမိဘဲ ပြုံးလိုက်သည်၊ အီလီယန် ရှက်နေပြီး၊ သူ့နှုတ်ခမ်းကို ကိုက်ထားပုံက သူ့မျက်လုံးထဲမှာ ချစ်စရာကောင်းနေသည်။
သို့နှင့်၊သားအဖ နှစ်ယောက် လျှောက်လာကြသည်။ လည်ဆွဲနှင့် နားကပ်တွေ ဝယ်ပြီးသည်နှင့် တခြားဆိုင်တစ်ခုမှာ သူတို့အတွက်လိုက်ဖက်သော ဦးထုပ်များကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် နှစ်ယောက်လုံး ချိတ်ထားသော ဦးထုပ်များကို တစ်လှည့်၊ တစ်ယောက်ကို တစ်ယောက်လည်း ကြည့်မိကြသည်။ထို့နောက် စတိုးဆိုင်တံခါးကို ဖွင့်ပြီး အထဲကို တိုးဝင်သွားလိုက်၏။ ထို့ကြောင့် ရာဟန် နှင့် အီလီယန် သည် အပြင်ထွက်ပြီး ဈေးဝယ်ထွက်နေစဉ် အလာတုန်းက ရည်ရွယ်ချက်ကို ခဏတာ မေ့သွားခဲ့သည်။
***
အချိန်တွေကုန်လွန်ပြီး နန်းတက်ပွဲမစခင် တစ်ရက်အလိုမှာ…
ရိုစီနာ သည် ပြီးခဲ့သည့် အဖြစ်အပျက်ကို တစ်ခုပြီးတစ်ခု တွေးမိသည်။ ခက်ခဲသည့်အချိန်တွေဖြစ်သော်လည် အခုပြန်တွေးကြည့်တော့ အမှတ်တရတွေဖြစ်ခဲ့သည်။ မနက်ခင်းမှာ လုပ်ရိုးလုပ်စဉ်အချို့ ပြီးသည့်အခါ ရိုစီနာ ပြတင်းပေါက်ကနေ လှမ်းကြည့်မိသည်။
နေက ကောင်းကင်ထက်မှာ မြင့်တက်နေပြီ။
“အချိန်ကျနေပြီ…”
ယနေ့ ရာဟန် နှင့် အတူသွားရမည့်နေရာတစ်ခုရှိသည်။သူမ မတ်တပ်ရပ်လိုက်သည်နှင့် အိပ်ခန်းတံခါးပွင့်လာပြီး နှင်းဆီပန်းများ လက်တစ်ဆုပ်စာခန့် ကိုင်ထားသည့် ရာဟန် ရောက်လာသည်။
"အဆင်သင့်ဖြစ်ပြီလား"
သူမ ခေါင်းညိတ်လိုက်ရာ ရာဟန် က သူ့လက်ကို ကမ်းပေးလာသည်။
ထို့နောက် နှစ်ယောက်အတူ အိပ်ခန်းထဲမှ ထွက်လာပြီး အီလီယန် ကို ဝင်ခေါ်ပြီးလျှင် ရှေ့တွင် အဆင်သင့်ဖြစ်နေသော ရထားလုံးပေါ်သို့တက်လာခဲ့သည်။ ရထားလုံးသည် လူရှုပ်သောလမ်းမများပေါ်တွင် ပြေးသွားကာ မြို့တော်မှ ထွက်ခွာသွားခဲ့သည်။ နေဝင်ချိန်မှာ ရထားလုံးလည်း တစ်ပြိုင်နက် ရပ်သွားသည်။
ရိုစီနာ သည် ကန့်လန့်ကာတွေကို ဆွဲယူပြီး ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်သည်။ ဟောင်းနွမ်းသော်လည်း ကြီးမားသော အဆောက်အဦးတစ်ခုက သူမကို ဖမ်းစားလိုက်သည်။ ၎င်းသည် မြို့စားမင်းအက်စတာရော့ ၏ စံအိမ်ပင်ဖြစ်သည်။ ထို့နောက် သူမ ရထားလုံးပေါ်မှဆင်းကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဤအိမ်ကြီးဟာ လွန်ခဲ့သည့် တစ်နှစ်က သူမ ရောက်လာစဉ်ကနှင့် အတော်လေး ကွာခြားသည်။
ရောင်စုံသစ်ပင်များသာမက များပြားလှသော သစ်ပင်ပန်းမန်များသည် ဥယျာဉ်ထဲမှာ ပြည့်နှက်နေကြသည်။ စံအိမ်ကြီးကိုလည်း သေသေသပ်သပ် ဆေးခြယ်ထားပြီး မလိုအပ်သည့် အသုံးအဆောင် ပစ္စည်းများကိုလည်း ထုတ်ပစ်လိုက်၍ သေသေသပ်သပ်နှင့် လက်တွေ့ဆန်လှသည်။ ရိုစီနာ သည် ဥယျာဉ်ကို ကြည့်နေစဉ် အိမ်ကြီးထဲမှ တစ်ယောက်ယောက် ထွက်လာသည်။
"သခင်မလေး"
ရိုစီနာ ကိုခေါ်သူက မြို့စားမင်းအက်စတာရော့ ဆီမှာ တာဝန်ထမ်းခဲ့ဖူးသူ ဆံပင်ဖြူဖြူနှင့် အဘိုးအိုပင်။ထို့နောက် သူက အံဩတကြီး သူမဆီကို လျှောက်လာနေတော့သည်။ ထိုကဲ့သို့ အဘိုးကြီး၏ နောက်မှာ လူတစ်ယောက် လိုက်လာသည်။ချက်ချင်း နတ်ဘုရားဝတ်ပြုပွဲက သူမှန်း သူမ သတိထားမိသွားသည်။
“တွေ့ရတာ ဂုဏ်ယူပါတယ်....ကျွန်တော်က မြို့စားမင်းအက်စတာရော့ ပါ"
ရာနီယာ ၏ခင်ပွန်းဟောင်း မြို့စားမင်းအက်စတာရော့ က သူမအား ယဉ်ကျေးစွာ နှုတ်ဆက်လေသည်။ ရိုစီနာ သည် မြို့စားမင်းကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာက သာမန်ဖြစ်သော်လည်း သပ်သပ်ရပ်ရပ် ဝတ်စားထား၍ သန့်ပြန့်နေကာ သူ့မျက်လုံးကလည်း ဉာဏ်ရှိမည့်ပုံပင် ။သူမ သူ့အကြောင်း ကောလာဟလတွေ ကြားထားသည်။ မြို့စားမင်းအက်စတာရော့ သည် သူ့နယ်မြေက ပြည်သူများကို ကောင်းမွန်စွာ စောင့်ရှောက်ပြီး ရေပန်းစားသူလည်း ဖြစ်သည်။ သူ့မျက်နှာကို ကြည့်လိုက်သည်နှင့် သူ့စရိုက်ကို အကြမ်းဖျင်းမြင်နေရသည်။
သူမတို့ အိမ်ကြီးထဲသို့ ဝင်သွားကြစဉ် မြို့စားမင်းအက်စတာရော့ က သူမအား စကားပြောသည်။ ယခင်မြို့စားမင်း ဤစံအိမ်ကြီးကို ဘယ်လိုစိတ်ကူးမျိုးနှင့် တည်ဆောက်ထားသလဲဟု မေးလာသည်။သူ့အမေးကြောင့် ကွယ်လွန်သွားပြီဖြစ်သည့် ဖခင်ကို သူမ သတိရသွားမိသည်။ဆက်ပြီး မြို့စားမင်း နှင့် စကားပြောနေစဉ်တွင် ရာနီယာ နှင့် မက်စယ်လာ တို့ အကြောင်းက အလိုလိုရောက်လာသည်။
မြို့စားမင်းအက်စတာရော့ ကလည်း မျက်နှာလေး အနည်းငယ် နွမ်းလျလျက်ရှိကာ ရာနီယာ နှင့် ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့သည်။ အချစ်မပါဘဲ သူမကိုလက်ထပ်ခဲ့သော်လည်း အတတ်နိုင်ဆုံး သူမကို ချစ်ဖို့ သူ ကြိုးစားခဲ့သည်။ သို့သော်လည်း ရာနီယာ သည် အိမ်ထောင်ကျပြီးသည့်တိုင် အခြားအမျိုးသားများနှင့် ပရောပရီလုပ်နေတတ်သည်။ထိုအတွက် မြို့စားမင်းက သူမကို မကျေနပ်နိုင်ဖြစ်ကာ သူတို့နှစ်ယောက်၏ ဆက်ဆံရေးက လုံးလုံးပျက်သွားခဲ့သည်။ ရာနီယာ သေဒဏ်ချမှတ်ခံရသောအခါတွင် သူတို့ နှစ်ယောက်၏ ဆက်ဆံရေးသည် ပို၍ ကပ်ဆိုးသဖွယ် ဆိုးရွားလာ၍ မြို့စားမင်း၏ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ကွာရှင်းရန် တောင်းဆိုခဲ့သည်။
Xxxxxxx