အပိုင်း ၁၀၃(final 1)
Viewers 13k

Chapter 103(final-1)

မက်စယ်လာ သည် ရာနီယာ ကို မကူညီသည့်အတွက် မြို့စားမင်းကို အပြစ်တင်သော်လည်း ညနက်သန်းခေါင်ရောက်မှ လုံခြုံစွာသိမ်းထားသော မြို့စားမင်း၏ ပိုက်ဆံများကို တိတ်တဆိတ်ခိုးယူကာ ဖြုန်းတီးပစ်၍ နောက်ဆုံးတွင် သူမကို မောင်းထုတ်လိုက်ရသည်။

“နောက်ဆုံးသိလိုက်ရတာက သူမကအိမ်တစ်အိမ်ဆီမှာ ဝင်ပြီးခိုးတယ်တဲ့....အဲ့ဒါနဲ့ ရိုက်နှက်ခံရပြီး မြို့ပြင်ထုတ်ခံခဲ့ရတာ”

ရိုစီနာ သည် မက်စယ်လာ ၏ နောက်ဆုံးသတင်းကို ကြားပြီးနောက် ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ မက်စယ်လာသည် သူမနှင့် ဆယ်နှစ်ကြာ အတူနေခဲ့သော မိသားစုဝင်တစ်ဦးဖြစ်သည်။ သူတို့၏ ဘုရားသခင်ဆီက အဆုံးအမကို နားထောင်ရင်း ရင်ဘတ်ထဲမှာ အနည်းငယ် နာကျင်စွာ ခံစားရသော်လည်း သိပ်လည်း ဝမ်းမနည်းမိပေ။သူတို့ လုပ်ရပ်က သူတို့ကို ဒဏ်ပေးသွားတာပင်။ သူမ ထိုင်နေရာမှ မတ်တပ်ထလိုက်ရာ မြို့စားမင်းက ဖော်ရွေစွာ ကမ်းလှမ်းလာသည်။

"ကျွန်တော် စံအိမ်တစ်ဝိုက် လိုက်ပြပေးပါ့မယ်"

“ရပါတယ်....ကျွန်မတို့ ဘာသာပဲ ခဏနေမှ အေးအေးဆေးဆေး သွားလိုက်မယ်"

စံအိမ်ကြီးထဲမှ ထွက်လာပြီးနောက် ရိုစီနာ သည် ရာဟန် နှင့် အီလီယန် ကိုတစ်လှည့်စီကြည့်မိသည်။ သူတို့နှစ်ယောက်လုံးသည် အိမ်ကြီးသို့ရောက်ချိန်မှစ၍ တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။ထို့နောက် သုံးယောက်သား တောင်ကုန်းအလယ်မှ သင်္ချိုင်းတစ်ခုဆီ ဦးတည်သွားကြသည်။သူမ၏ ဖခင်ဖြစ်သူကို ဤနေရာတွင် သင်္ဂြိုဟ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ရှိပြီဖြစ်သော်လည်း သင်္ချိုင်းပတ်ပတ်လည် ဧရိယာသည် သန့်ရှင်းနေလျက်။ရာနီယာ နှင့် မက်စယ်လာ တို့ကတော့ သန့်ရှင်းရေးလုပ်မည့်ပုံမပေါ်၊လက်ရှိ မြို့စားမင်းကသာ စီမံထားပုံပေါ်သည်။

ရိုစီနာ သည် အဝတ်အစားများညစ်ပတ်သွားမည်ကို ဂရုမစိုက်ဘဲ အုတ်ဂူရှေ့တွင် ထိုင်ချလိုက်ပြီး ရာဟန် ပေးထားသော နှင်းဆီပန်းစည်းကို မြက်ခင်းပေါ်မှား ချထားလိုက်သည်။

သူမ သင်္ချိုင်းဂူအား ခေတ္တတိတ်ဆိတ်စွာ ကြည့်နေရင်း

"မတွေ့ရတာကြာပြီနော်.... အဖေ”

နွေဦးလေညင်းနှင့်အတူ လေသံတိုးတိုးလေးက လွင့်ပါသွားသည်။ အချိန်အတော်ကြာပြီးနောက်တွင်ပင် ဖခင်ဖြစ်သူ၏ မျက်နှာသည် သူမရှေ့တွင်ရှိသကဲ့သို့ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေဆဲဖြစ်သည်။ ဖခင်ဖြစ်သူကို ပထမဆုံး ဆုံးရှုံးလိုက်ရပြီးနောက် သူမ များစွာနောင်တရခဲ့သည်။ သူအသက်ရှင်နေချိန်မှာ သူမ လိမ်လိမ်မာမာ နေခဲ့ရပေမည်။ပြီးလျှင် သူကသာ သူမအတွက် အရိပ်တစ်ခု၊ကမ္ဘာပေါ်က အကောင်းဆုံး ဖခင်ဖြစ်ကြောင်း ပြောခဲ့သင့်သည်။ ဘယ်လိုပင်ဖြစ်​ဖြစ်​၊ သူသူ့ကိုချစ်ကြောင်း မကြာခင် ပြောပေးသင့်သည်။သို့သော်.....အားလုံး နောက်ကျသွားခဲ့ပြီ။သူမ အဖေကို နှင်းတောထဲမှာ အနွေးဓာတ်တစ်စက်မရှိဘဲ သင်္ဂြိုဟ်ခဲ့သည်။

ရိုစီနာ တစ်ယောက် အဖေဖြစ်သူနှင့် အတူရှိခဲ့သည့် အမှတ်တရတွေကို တစ်ခုပြီးတစ်ခု ပြန်သတိရနေမိသည်။ ငယ်ငယ်တုန်းက အဖေဖြစ်သူက သူမလက်ကိုဆွဲပြီး မင်္ဂလာခန်းမထဲကို ဝင်ပေးချင်သည်ဟု ပြောခဲ့ဖူးသည်။ထိုစဉ်က သူမ လက်ထပ်ဖို့ အတော်လေး လိုသေးသည်ဟု ထင်ပြီး ဂရုမစိုက်ဘဲနေခဲ့သည်။

“သမီး အိမ်ထောင်ပြုဖို့လည်း အရွယ်ရောက်လာခဲ့ပြီး....အခုဆို သမီးမှာ ကလေးတစ်ယောက်တောင် ရနေပြီ"

ရိုစီနာ သည် ကြမ်းတမ်းသော မြက်ခင်းပြင်များကို လက်နှင့်တစ်ချက်ပွတ်သပ်ရင်း…

"သမီး ဘယ်လိုမျိုး လက်ထပ်ခဲ့တာလဲဆိုတာ အဖေ့ကို သိပ်ပြချင်တာပဲ...."

ဖခင်၏လက်ကို ဆုပ်ကိုင်ထားပြီး မင်္ဂလာခန်းမထဲသို့ မဝင်နိုင်ခဲ့သည့်အတွက် သူမ စိတ်မကောင်းဖြစ်မိသည်။

"အဖေနဲ့ ပေးထားတဲ့ ကတိကို မတည်​နိုင်​​ခဲ့ပေမယ့်​ သမီး တစ်သက်လုံး ပျော်ရမည်ဆိုတာကို အဖေ နားလည်ထားပေးပါနော်"

နယ်ချဲ့မိသားစုမှ ထွက်ပြေးခိုင်းသည့် ဖခင်၏ သဘောထားကို သူမလိုက်နာရန် ပျက်ကွက်ခဲ့သည်။သို့သော် သူ၏ နောက်ဆုံးဆန္ဒကို သူမ ဖြည့်ဆည်းနိုင်ခဲ့သည်။

- သမီး အမြဲတမ်း ဘဝမှာ ပျော်ရွှင်ရ‌ပါစေကွယ်...

ရိုစီနာ သည် သင်္ချိုင်းဂူကို အချိန်အတော်ကြာ ငုံ့ကြည့်နေစဉ် နောက်တွင် ရပ်နေသော ရာဟန် က ရှေ့သို့ ထွက်လာပြီး အုတ်ဂူရှေ့တွင် ဒူးထောက်လိုက်သည်။သူ ဘာမှ မပြောဘဲ ခေါင်းငုံ့ထားသည်။ အီလီယန် ကလည်း သူ့အနားမှာ ဒူးထောက်ကာ အုတ်ဂူကို စိုက်ကြည့်နေသည်။ သူတို့ စိတ်ထဲမှာတော့ စကားတွေ ပြောနေကြမည်ထင်သည်။သူမ ချစ်စရာ သားအဖနှစ်ယောက်ကို ကြည့်ပြီး ပြုံးမိသည်။ သူမ အခုအချိန်မှာ အဆုံးမရှိ ပျော်ရွှင်နေသဖြင့် တခြားဘာအရာမှ မလိုအပ်တော့ပေ။

နန်းတက်ပွဲနေ့မှာ တော်ဝင်နန်းတော်တစ်ခုလုံးကို အရုဏ်တက်ချိန်မှစ၍ မီးထွန်းထားသည်။

ရိုစီနာ သည် ခါတိုင်းထက်စော၍ ထကာ အရုဏ်တက်ချိန်တွင် ရေချိုးလိုက်သည်။ မြောက်ဘက်တောင်တန်းများမှ ရေခဲရေများဖြင့် ပြည့်နှက်နေသည့် ရေချိုးကန်သည် နှင်းဆီပွင့်ချပ်များ ပြည့်နှက်‌နေသည်။သူမကို အစေခံသုံးယောက်ပေါင်း၍ ရေချိုးပေးကြခြင်းဖြစ်သည်။ ထို့နောက် အာချလာရာ ကျွန်းများမှ လေယာဉ်ဖြင့် တင်ဆောင်လာသော အလွန်နုနယ်သည့် ပုလဲများနှင့် ရွှေများကို သူမ ခန္ဓာကိုယ်ပေါ်တွင် လိမ်းပေးခဲ့သည်။ ချက်ချင်း ဖြူစင်သွားသော အသားအရေကို ကြည့်လိုက်တော့ များလွန်းသွားသလားဟုတောင် တွေးမိသည်။ သို့သော် ဤသည်က နန်းတက်သည့်အခါ လုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်နေတာကြောင့် သူမ ဆက်တော့မပြောပေ။

သူမ အရေပြားပေါ်ရှိ အမှုန့်အားလုံးကို ပန်းရနံ့ဆီဖြင့် အရည်ပျော်ပြီးနောက် ရိုစီနာ မှန်တင်ခုံရှေ့တွင် ထိုင်လိုက်သည်။ ထို့နောက် ဂုဏ်အသရေရှိသော အစေခံဖြစ်လာသည့် အယ်လာနှင့် အခြားအစေခံငါးဦးတို့သည် သူမကို အင်ပါယာတွင် အလှဆုံးအမျိုးသမီးဖြစ်အောင် ကြိုးစားပေးကြသည်။ အချိန်အတော်ကြာ မိတ်ကပ်လိမ်းနေပြီးလျှင် သူမ ဆံပင်တွေကို ချောချောမွေ့မွေ့ဖြစ်အောင် ဆီလိမ်းပေးကြ၏။ နှစ်ဖက်လုံးရှိ ဆံပင်များကို ကောက်ပြီး ချထားပေးသည်။အလှပြင်ခြင်းများ ပြီးသွားသောအခါတွင် လက်ဝတ်ရတနာ မျိုးစုံကို သူမရှေ့တွင် ပြသထားသည်။

ရိုစီနာ သည် အနီရောင် ကျောက်မျက်ရတနာများပါသည့် ဆွဲကြိုးနှင့် နားကပ်ကို ရွေးချယ်ရန် တွန့်ဆုတ်မနေပေ။ဤသည်က ရာဟန် နှင့် အီလီယန် ထံမှလက်ဆောင် ဖြစ်သည်။ လည်ဆွဲကို လည်ပင်းတွင် ဝတ်လိုက်သောအခါ သူမ ကျေနပ်စွာ ပြုံးလိုက်မိသည်။ လည်ဆွဲနှင့် အနီရောင်နားကပ်ကို ဝတ်ဆင်ထားပြီးလျှင် သူမ ထိုင်ခုံမှ ထလိုက်သည်။ ထို့နောက် ဝတ်စုံဝတ်ရန် လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်သည်။

အတွန့်အထပ်လေးများပါသော ၀တ်စုံသည် မဟာဆန်စွာ သူမ ကိုယ်ပေါ်မှာ နေရာယူထားလေသည်။ အဖြူရောင်ပေါ်မှာ၊ ရွှေချည်များ ထိုးထားသော ၀တ်စုံသည် ခါတိုင်းထက်ပို၍ အရောင်အသွေးစုံလင်လှသည်။ နောက်ဆုံး အယ်လာက သူမ ပုခုံးပေါ်မှာ နီညိုရောင် ဝတ်ရုံရှည်ကြီးကို ချိတ်ထားပေးလိုက်သည်။ ပြင်ဆင်မှုအားလုံး ပြီးသွားသောအခါတွင် နေမင်းကြီးသည် ကောင်းကင်တွင် မြင့်မားစွာ ထွန်းလင်းနေ၏။

"မင်းသမီး....မြို့ဝန်မင်းကတော် (ဂျာဂန် ရဲ့ ကတော်မဟုတ်၊သူ့ယောက်ျားကလည်း မြို့ဝန်မင်း ဖြစ်၏)လီယွန်နယ် လာပါပြီ"

"တစ်ကယ်လား....သူမကို အထဲကို ခေါ်လာပေးပါကွယ်"

ရိုစီနာ သည် အစေခံ၏ စကားကြောင့် ဝမ်းမြောက်သွားသည်။ မကြာခင်မှာဘဲ အီဘယ်လာ ဟာ အထဲကို ဝင်လာလေသည်။သူမသည် ရိုစီနာ ကိုမြင်ပြီးနောက် ဝမ်းသာကြည်နူးဟန်ဖြင့် အသေအချာ ကြည့်နေ၏။

"အီဘယ်လာ ရေ"

ရိုစီနာ သည် သူမ နာမည်ကို ချစ်ခင်စွာ ခေါ်သောအခါ၊ အီဘယ်လာ လှုပ်ရှားသွားခဲ့သည်။

"...ဘုရင်မ ဒီနေ့ အရမ်းလှနေတာပဲ..."

"ကျေးဇူးတင်ပါတယ်....ညီမရယ်"

အီဘယ်လာ၏ ချီးကျူးစကားများကို သူမ အချိန်အတော်ကြာ ကြားပြီးနောက် သွားရမည့်အချိန်ရောက်ပြီဟု သဘောပေါက်သွားသည်။

"နောက်မှတွေ့မယ်နော်"

ရိုစီနာသည် ပေါ့ပေါ့ပါးပါး လက်ပြနှုတ်ဆက်ပြီး အခန်းထဲက ထွက်သွားလိုက်၏။သူမ ဂါဝန်နှင့် ဝတ်ရုံက ရှည်လျားလွန်းသဖြင့် အဝတ်အစားများကို ကိုင်ဆောင်ရန် အစေခံနှစ်ယောက် လိုအပ်သည်။ အဆောက်အဦးမှ ထွက်လာပြီးနောက် ရိုစီနာ သည် ကျောက်မျက်ရတနာများနှင့် ပန်းများဖြင့် အလှဆင်ထားသော ရွှေရောင်ရထားပေါ်သို့ တက်ကာ ပြတင်းပေါက်မှ အပြင်ဘက်ကို ကြည့်လိုက်သည်။

သူမသည် လည်ပင်းအောက်ပိုင်းကို ပြီးပြည့်စုံစွာ အလှဆင်ထားသော်လည်း ခေါင်းထက်တွင် ဘာတစ်ခုမှ မရှိပေ။ ပုံမှန်အားဖြင့် ဆံပင်မှာ အသုံးအဆောင်ပစ္စည်းများကို ၀တ်ဆင်လေ့ရှိသော်လည်း ယနေ့က ခြွင်းချက်ဖြစ်သည်။ သရဖူဆောင်းမှာဖြစ်၍ တခြားပစ္စည်းများ ရှိ၍မရချေ။သူမ နှလုံးသားက ခုန်ထွက်တော့မလို ခံစားမိသောကြောင့် ရင်ဘတ်ကို ညင်သာစွာ ဖိထားလိုက်သည်။ ယနေ့တွင် သူမသည် ဘုရင်မဖြစ်လာမည်ဖြစ်သည်။ သူမသည် ယာယီ ဘုရင်မ ဖြစ်လျှင်တောင် ရိုစီနာ ဆိုသည့်အမည်ကို သမိုင်းစာအုပ်တွင် ထည့်သွင်းမည်ဖြစ်ပြီး လူတိုင်းအာရုံစိုက်မိသွားမည်ဖြစ်သည်။

သူမ မညာတမ်း ပြောရလျှင် သူမအတွက် ဘုရင်မ ရာထူးသည် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ဖြစ်နေသည်။သို့သော်လည်း သူမ၏ အဖိုးတန်မိသားစုက သူမနှင့် အတူရှိနေတာကြောင့် သူမမကြောက်ခဲ့ပေ။

ရထားလုံးသည် တော်ဝင်နန်းတော်အတွင်းသို့ ဖြည်းညှင်းစွာ ပြေးလှိမ့်လာခဲ့သည်။ ကောင်းကင်ထက်မှာ အဖြူရောင် တိုင်လုံးနှစ်တိုင်ကို မြင်လိုက်ရသည်နှင့် မကြာမီ အဖြူရောင် စကျင်ကျောက်ဖြင့် စီခြယ်ထားသော အဆောက်အဦးကြီးသည် ပို၍ နီးကပ်လာသည်။ အဆောက်အဦး၏ အလယ်ဗဟိုကို ဖောက်ထွင်းပြီး နေရောင်သည် ဖြာကျနေသည်။ ထိုနေရာသည် ယခင် ဘုရင်မင်းမြတ်များ၏ နန်းတက်ပွဲကျင်းပရာနေရာဖြစ်ပြီး ယနေ့တွင် ရိုစီနာသည် သရဖူကို လက်ခံရယူမည့် နေရာဖြစ်သည်။

ယနေ့တွင် အထောက်အထား အာမခံချက်ရှိသူများကိုသာ နန်းတက်ပွဲ အခမ်းအနားတွင် ပါဝင်ခွင့် ပြုထားသည်။ ဝင်ပေါက်မှာ သေချာစစ်ဆေးပြီးမှ ဝင်ခွင့်ပြုခြင်း ဖြစ်သော်လည်း အဆင့်အတန်းကို ကန့်သတ်ထားခြင်း မရှိပေ။ မနက်အရုဏ်တက်ချိန်မှစ၍ နန်းတက်ပွဲကို လာကြည့်ကြသူများနှင့် ပြည့်နှက်နေကြသည်။ နောက်ဆုံးတွင် သူမ လိုက်ပါလာသော ရထားလုံးမှာ ရပ်သွားပြီးတံခါးပွင့်လာ၍ နက်ပြာရောင် ကော်ဇောကို အဆောက်အဦအတွင်းဘက်တွင် ခင်းကျင်းထားသည်။

"ဘုရင်မကြီးပဲ…"

"ဟေး....ဘုရင်မ လာပြီဟေ့"

ရိုစီနာ သည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသော အော်သံများကြောင့် တုန်လှုပ်ခြောက်ခြားသွားသည်။သို့သော် မကြာခင်မှာပဲ သူမ အသိစိတ်ဝင်လာပြီး လက်သီးကို ဆုပ်ထားလိုက်သည်။ အဆောက်အဦးထဲကို ဝင်လိုက်သည်နှင့်၊ တန်ဆာဆင်ထားသည့် အခန်းကျယ်ကြီး တစ်ခုကို တွေ့လိုက်ရ၏။ အဖြူရောင် စကျင်ကျောက်ကြမ်းခင်းကို ရွှေချည်ထိုး အနီရောင် ကော်ဇောများဖြင့် ခင်းကျင်းထားသည်။နေရာတိုင်းတွင် ပန်းများဖြင့် အလှဆင်ထားသောကြောင့် ဤနေရာသည် ပန်းဥယျာဉ်လား သို့မဟုတ် အဆောက်အဦး၏ အတွင်းဘက်လား ခွဲခြားမရတော့ပေ။ အဆောက်အဦး၏ အလယ်ဗဟိုတွင် ကြီးမားသောလှေကားတစ်ခုရှိသည်။ မျက်နှာကျက်ကိုလည်း ဖောက်ထားသောကြောင့် ကျလာသော နေရောင်သည် လှေကားထစ်ကို ထွန်းလင်းထားသည်။

ရိုစီနာသည် အဝင်ဝမှာ ရပ်နေပြီး လှည့်ပတ်ကြည့်လိုက်သည်။ လျှောက်လမ်း နှစ်ဖက်စလုံးတွင် မှူးမတ်များနှင့် ဖိတ်ကြားထားသော နိုင်ငံခြားသံတမန်များ ထိုင်နေကြသည်။ မရေမတွက်နိုင်သော လူအများကြားထဲမှာ သူမကို ဖမ်းစားထားသူ အနည်းငယ် ရှိသည်။ဤသည်က ထရိအက် သူရဲကောင်းများနှင့်အတူရပ်နေသော အီလီယန်ပင် ဖြစ်၏။ ထို့နောက် နောက်တစ်ဘက်တွင်၊ အီဘယ်လာ နှင့် သူမ၏ ခင်ပွန်း ဖြစ်သည်။သူမ မျက်လုံးများကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း အာစတေးနီးယားမှ မြို့ဝန်မင်း ဟီလစ်တို့ အတွဲပင် ဖြစ်သည်။

နောက်ဆုံးတွင် ရိုစီနာ သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ အားလုံးကအသက်ကို အောင့်ထားရင်း သူမကို ကြည့်နေကြသည်။ ပန်းတွေကြဲထားသည့် ကော်ဇောပေါ်မှာ လမ်းလျှောက်နေရင်း ခဏရပ်ပြီး အဖြူရောင်စကျင်ကျောက်လှေကားကို သူမ ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ လှေကားထစ်တွင် အနက်ရောင်နှင့် အနီရောင် ရောထားသည့် ၀တ်စုံ၀တ်ထားသော လူတစ်ယောက် ရပ်နေ၏။သူ့ကို မြင်တော့ သူမ နှုတ်ခမ်းအတွင်းပိုင်းကို အနည်းငယ်ကိုက်လိုက်မိသည်။ သူ့ ကျောပြင်ကိုကြည့်ရင်း သူမ နှလုံးသားက ပေါက်ကွဲသွားသလို ခံစားရသည်။ အတိတ်က အမှတ်တရတို့သည် တောက်ပနေသော ရာဟန်၏ အနီရောင် ဝတ်ရုံရှည်မှာ ထင်ဟပ်လာသလိုပင်။

ရာဟန် တစ်ဖက်လှည့်လာပြီး သူတို့မျက်လုံးချင်းဆုံလိုက်သည်။ ရိုစီနာ က ရာဟန် ကို ဝမ်းသာအားရပြုံးပြလိုက်သည်။ ရိုစီနာ ပေါ်လာသောအခါတွင် ချက်ချင်းဆိုသလို နန်းတက်ပွဲ စတင်ခဲ့သည်။ ဤနန်းတက်ပွဲ၌ ရာဟန် ကို တတိယမင်းသားအဖြစ် ချီးမြှောက်စဉ်က သရဖူဆောင်းခဲ့သူ ယဇ်ပုရောဟိတ်မင်းပင် ဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းနှင့် အလုပ်သင် ယဇ်ပုရောဟိတ်ငယ်များသည် လှေကားအဆုံးရှိ ယဇ်ပလ္လင်ပေါ်တွင် အတူတကွ ရပ်နေကြ၏။

ရာဟန် သည် ရိုစီနာ ကို မျက်စိတစ်ဖက်မှိတ်ပြပြီးနောက် လှည့်ထွက်သွားသည်။ တိတ်ဆိတ်လွန်းသဖြင့် လှေကားထစ်မှ ဆင်းလာစဉ် ဝတ်ရုံရှည်ကြီး၏ အသံကို သူမ မျက်ဝါးထင်ထင် ကြားလိုက်ရသည်။ နောက်ဆုံးတွင် ရာဟန် သည် လှေကားထိပ်ဆုံးမှာ၊ယဇ်ပလ္လင် အောက်တွင် ရပ်ပြီး ဒူးထောက်ထိုင်လိုက်သည်။ထိုအခါ ကြည်လင်သည့် သူ၏ အပြာရောင်မျက်လုံးတွေကို မြင်လိုက်ရသူ ယဇ်ပုရောဟိတ်မင်းကြီးက ကြေငြာလိုက်၏။

“နတ်ဘုရားရဲ့ သားမြေးများအဖြစ် ထာဝရရပ်တည်နိုင်ပြီး ဟာဘတ်ရဲ့ သရဖူကို အမြဲ ၀တ်ဆင်ကြနိုင်ကြလျက် အဆုံးမရှိ ဘုန်းတန်ခိုးနှင့် အလင်းတန်းများ ရှိပါစေ....ထာဝရမီးလျှံများ အဟုတ်ငြိမ်းအေးပြီး အင်ပါယာကြီး သာယာအောင် ရပ်တည်ပေးနိုင်ကြပါစေ"

ထိုအသံသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ရာဟန် က လက်ကမ်းလိုက်သောအခါ ယဇ်ပုရောဟိတ်သည် ကတ္တီပါနီအ၀တ်စကို သူ့လက်ပေါ်မှာ တင်ထားပေးလိုက်သည်။ ထို့နောက် သူ့ဘေးတွင် ရပ်နေသော အလုပ်သင်တစ်ဦးသည် ကတ္တီပါ အထည်ပေါ်တွင် စိန်တစ်ရာခန့်စီခြယ်ထားသော ဓားတစ်ချောင်းကို တင်ပေးလိုက်သည်။

"နတ်ဘုရားတန်ခိုးကို ဖန်ဆင်းပေးတဲ့ဓား ဖြစ်ပါတယ်"

ရာဟန် ဓားကို လှမ်းကိုင်လိုက်သောအခါ နှင်းဆီပန်း ကိုင်ထားသောအလုပ်သင်တစ်ယောက် ရှေ့သို့ တိုးလာသည်။

“နတ်ဘုရားကို ကိုယ်စားပြုတဲ့ နှင်းဆီပန်း ဖြစ်ပါတယ်”

နောက်ဆုံးတွင်၊ တောက်ပသောရွှေသရဖူကို ရာဟန် ခေါင်းပေါ်တွင်တင်ထားပေးလိုက်တော့သည်။

"နတ်ဘုရားရဲ့ ဘုန်းကျက်အသရေကိုထောက်ကူပေးမယ့် သရဖူ ဖြစ်ပါတယ်"

သရဖူကို သူ့ခေါင်းပေါ် တင်လိုက်သည်နှင့် အသက်ရှူသံ မကြားရသည့် ခန်းမထဲတွင် အော်သံတစ်ခု ထွက်ပေါ်လာသည်။

"ဝေးးဟေး!"

အတွင်းမှ စတင်လာသော အသံသည် အပြင်အထိ ပျံ့နှံ့သွားပြီး ကောင်းကင်နှင့် မြေကြီးကိုပါ တုန်လှုပ်စေတော့သည်။ အသံများကို နားထောင်နေရင်း ရာဟန်က လှေကားအောက်ခြေမှာရပ်နေသည့် ရိုစီနာ နှင့် မျက်လုံးချင်းဆုံမိသည့်အခါ ကတ္တီပါအထည်ကိုရော၊ဓားကိုပါ ချလိုက်ပြီး လက်ကမ်းပေးလိုက်သည်။ ထိုအခါ ရိုစီနာ သည် လှေကားကို တစ်လှမ်းချင်း တက်လာခဲ့ရာ ဂါဝန်ရှည်သည် လှေကားပေါ်မှ လွင့်ပျံလာသည်။ နောက်ဆုံးတော့ သူမ ရာဟန် ရှေ့မှာ ရပ်လိုက်သည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ခဏလောက် မျက်လုံးချင်းကြည့်လိုက်သည်။ သူတို့၏ အကြည့်များသည် အချိန်များ ရပ်တန့်သွားသလို နက်နက်ရှိုင်းရှိုင်း အကြာကြီး နစ်ဝင်သွားခဲ့သည်။ထို့နောက် ရိုစီနာ က ဒူးကွေးပြီး ခေါင်းကို ငုံ့လိုက်လျှင် ရာဟန် သည် ဘုရင်မသရဖူကို ကောက်ယူလိုက်သည်။ နောက်ဆုံးတွင် ရိုစီနာ ခေါင်းပေါ်တွင် တောက်ပသောသရဖူတစ်ခု ရောက်ရှိသွားတော့သည်။ တစ်ချိန်တည်းမှာပင် အရပ်ရပ်မှ ကျယ်လောင်သော အော်သံများ ထွက်ပေါ်လာသည်။

***

နန်းတက်ပွဲအပြီး ရိုစီနာ၊ ရာဟန် နှင့် အီလီယန် တို့သည် ရထားလုံးပေါ်တက်သွားခဲ့သည်။ယခုအခါ နန်းတက်ပွဲ အထိမ်းအမှတ်ပွဲကို မြို့တော်အနှံ့ ပြုလုပ်ကျင်းပကြမည် ဖြစ်သည်။ လက်ဝတ်ရတနာများ၊ပန်းများဖြင့် အလှဆင်ထားသည့် အမိုးဖွင့် ရထားလုံးတစ်စီး ဖြစ်သည်။ ထရိအက် သင်္ကေတ ယူနီဖောင်းဝတ်ထားသော သူရဲကောင်းများသည် ရထားလုံးကို စောင့်ကြပ်ပြီး တော်ဝင်စစ်သည်များသည် ရထားလုံးနောက်တွင် တန်းစီလိုက်လာကြသည်။ ရထားလုံးကလေးသည် တော်ဝင်နန်းတော်နှင့် လမ်းမကြီးတစ်လျှောက် ဖြည်းညှင်းစွာ နှင်လာသည်။ ပြည်သူအများအပြားသည် ရထားဖြတ်သန်းသွားသည့် လမ်းတိုင်းတွင် ပန်းများ ကျဲပက်ကြသည်။ တစ်ချို့က ငိုယိုပြီး အင်ပါယာကို ကိုယ်စားပြု အလံတွေကို ဝှေ့ယမ်းနေကြသည်။ ရိုစီနာ မှာ ရထားလုံးပေါ် စီးနင်းလာရင်း ခေါင်းပေါ်က သရဖူ ပြုတ်ကျမှာကို စိုးရိမ်နေသည်။ သူမတို့ ကြားတွင် ထိုင်နေသော အီလီယန် သည် ရထားလုံးပေါ်မှ နေ၍ ပြည်သူများကို ကြည့်လိုက်သည်။

"ဘုရင်မင်းမြတ်.... ဘုရင်မကြီး”

ရိုစီနာသည် အော်ဟစ် နေသူများကိုလက်ပြနှုတ်ဆက်လိုက်၏။သူမသည် ဘုရင်မ တစ်ပါး၏ ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်များကို နှစ်လကြာ ပညာသင်ကြားခဲ့သော်လည်း ယခုမူ အားလုံးကို မေ့သွားခဲ့ပြီဖြစ်သည်။ လက်ခုပ်သံများနှင့်အတူ၊ တောက်ပနေသော confetti မှုန့်များသည် နေရာတိုင်းတွင် ပြည့်နှက်နေသည်။ ရထားဖြတ်သွားသော လမ်းမှာ တိမ်များကို ဖြတ်ကူးနေရသလိုပင်။ အချိန်အတော်ကြာအောင် အားပေးသံများ ထွက်ပေါ်လာပြီး နေသာသော ကောင်းကင်ကြီးသည် တဖြည်းဖြည်း မည်းမှောင်စပြုလာသည်။

“ကြည့်”

လူတစ်​​ယောက်​ ​အော်​သံကြောင့် အားလုံးက ​ကောင်းကင်​ကြီးကို တစ်​ပြိုင်​နက်​ ​မော့ကြည့်​လိုက်​ကြသည်​။စောစောက မည်းမှောင်သွားသော ကောင်းကင်ကြီးမှာ တိမ်မည်းများမဟုတ်ပေ၊မင်္ဂလာအတိတ်နိမိတ် လာဂိုးနီးယား ငှက်အုပ်ကြီးပင်ဖြစ်သည်။ စတင်တည်ထောင်ခြင်း ပွဲတော်တုန်းကလည်း ပေါ်ထွက်ခဲ့ပြီး ယခု နန်းတက်ပွဲ အခမ်းအနားတွင်လည်း ပေါ်ထွက်လာခဲ့ပြန်သည်။ထို့နောက် အလင်းက ‌ပြန်ထွန်းလာပြီး အုပ်စုဖွဲ့ပျံသန်းသော လာဂိုးနီးယားငှက်များသည် ရထားလုံးကလေးကို ဝိုင်းပတ်ထားလေတော့သည်။ထို့နော် ရထားလုံးမှာ အလှဆင်ထားသော ပန်းခက်များကို ကိုက်ချီကာ လူအုပ်ကြီးထဲမှာ ပန်းမိုးရွာပေးလိုက်တော့သည်။

ချက်ချင်း လူအုပ်ကြီးထံမှ အာမေဋိတ်သံတွေ ထွက်လာရသည်။ လာဂိုးနီးယား မိုးရွာချနေသည့် ပန်းတွေကို မြင်ရတာ ဂုဏ်ယူစရာ ကောင်း၏။

လူတိုင်း အလုပ်များနေချိန်တွင် ရာဟန် နှင့် အီလီယန် တို့သည် ရိုစီနာ ကို တစ်ချိန်တည်း ကြည့်လိုက်ကြသည်။ ရိုစီနာ သည် ပုခုံးတွန့်ပြကာ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

"ကျွန်မ စွမ်းအားကို သုံးခဲ့တာလေ"

"ဝါး...မေမေက အရမ်းတော်တာပဲ"

"မင်း အရမ်းတော်တာပဲ"

ရာဟန် နှင့် အီလီယန် တို့က တစ်ချိန်တည်းတွင် သူမအား ချီးကျူးခဲ့ကြသည်။ သားအဖနှစ်ယောက်က အတူတူ ပြောလိုက်တာကြောင့် သူမ သဘော ကျကာ ရယ်လိုက်မိလေသည်။

***






Xxxxx